အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) - ညဉ့်နက်သန်းခေါင်ဝယ် လူဟောင်းနှင့် ဆုံတွေ့ခြင်း (၂)
ပျန်းချန်က ချူချင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
"ငါတို့ကြားထဲမှာ ဒီလို အားနာစရာ မလိုပါဘူး..."
သူနှင့်ချူထျန်းမှာ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြပြီး ချူထျန်းသည် သူ၏ညီငယ်လေးကို အလွန်တရာ လွမ်းနေခဲ့၏။ သူနှင့် ဂိုဏ်းတူအစ်ကိုကြီးတို့ အပြင်သို့ ထွက်သည့်အချိန်တိုင်းတွင် ချူထျန်းက ညီငယ်လေးကို ကူညီရှာဖွေပေးရန် အမြဲတောင်းဆိုလေ့ရှိသည်။
ချူထျန်းက ချူချင်းအတွက် ဆွဲပေးထားသော ပုံတူပန်းချီကားများကို အမြဲမြင်တွေ့ခဲ့ရသောကြောင့်ပင် ပျန်းချန်သည် သူ၏ပုံရိပ်ကို စွဲထင်နေခြင်း ဖြစ်ပေသည်။
ပန်းချီကားထဲမှ အသက်တစ်ဆယ့်နှစ်နှစ်အရွယ် ချူချင်း၏ပုံရိပ်မျှဖြင့်ပင် ယခုလက်ရှိ ချူချင်းနှင့် ချိတ်ဆက်ကာ မှတ်မိနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် သူသည် ချူချင်း၏သရုပ်မှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားခဲ့ခြင်းပင်။
ချူချင်းက ခေါင်းညိတ်ပြလိုက်ပြီး အားလုံးနှင့်အတူ တည်းခိုခန်းသို့ပြန်ရန် ပြင်လိုက်စဉ် လူအုပ်ကြီးထဲ၌ ထူးဆန်းသော လူတစ်စု ထပ်မံပေါ်ထွက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။
ဤလူစုမှာ အလွန်ထူးခြားလှ၏။ သူတို့၏ မျက်နှာထားများမှာ အေးစက်နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်နေကာ မျက်နှာဖုံးများစွပ်ထားကြသည်။
အချို့က ကျောတွင် ခေါင်းတလားများကို ပိုးထားကြပြီး အချို့ကမူ ခါးတွင် ဖျာကြမ်းများကို ချိတ်ဆွဲထားကြ၏။
သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သိုင်းသမားများဖြစ်စေ၊ သာမန်လူထုဖြစ်စေ အားလုံးက တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ကွင်းသွားကြလေသည်။
"သုဘရာဇာတွေပဲ..."
ပျန်းချန်၏မျက်ဝန်းအိမ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားရ၏။
မော့တူရှင်း၏မျက်နှာထက်တွင်လည်း လေးနက်တည်ကြည်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ရှင်တောက်မြို့ ပရမ်းပတာတွေ ဖြစ်နေပြီပဲ... သုဘရာဇာတွေတောင် သတင်းကြားလို့ လှုပ်ရှားလာကြပြီ..."
"ထျန်းရှာရီဖင်ညီလာခံ ကျင်းပဖို့ နှစ်ရက်ပဲ လိုတော့တယ်..."
"အဲဒီနေ့ကျရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲဆိုတာ မတွေးတတ်တော့ဘူး..."
အားလုံးက ဆက်မကြည့်တော့ဘဲ လှည့်၍ တည်းခိုခန်းသို့ ပြန်လာခဲ့ကြတော့သည်။
ဤနေ့တွင် ချူချင်းသည် အပြင်မထွက်ဘဲ အခန်းထဲ၌သာ အနားယူနေခဲ့၏။ သို့မဟုတ် သိုင်းပညာကို လေ့ကျင့်နေပြီး တစ်ခါတစ်ရံတွင် ပျန်းချန်၊ မော့တူရှင်းနှင့် ဝမ်ရိုတို့ထံ သွားရောက်ကာ စကားစမြည် ပြောဆိုတတ်လေသည်။
ထို့ကြောင့်ပင် အမျိုးမျိုးသော သတင်းစကားများမှာ သူ၏နားထဲသို့ အမြဲမပြတ် ရောက်ရှိလာခဲ့၏။
မြို့ထဲတွင် လူမျိုးစုံ၊ အလွှာစုံ ရှိနေသဖြင့် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်ပွားခြင်း သို့မဟုတ် လမ်းမထက်တွင် လူသတ်မှုဖြစ်ပွားခြင်းများမှာ နေ့စဉ်နှင့်အမျှ ရှိနေချေသည်။
သုဘရာဇာများ မြို့ထဲသို့ ဝင်ရောက်လာသော လမ်းခရီးသည်လည်း ချောမွေ့ခြင်းမရှိခဲ့ပေ။
လူအများအပြားက သူတို့ကို ကပ်ဘေးသဖွယ် ရှောင်ရှားလိုကြပြီး မြို့ပြင်မောင်းထုတ်ရန် ကြိုးပမ်းကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ပေါ်လာခြင်းသည် များပြားလှသော သေကျေပျက်စီးမှုများနှင့် သွေးချောင်းစီးမည့် ဘေးဆိုးများကို သယ်ဆောင်လာတတ်သောကြောင့်ပင်။
သုဘရာဇာများမှာမူ ဤအရာများကို ဂရုမစိုက်ကြချေ။
အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်တိုင် သုဘရာဇာများသည် ကျန်းဟူလောက၏ ပဋိပက္ခများတွင် မပါဝင်ကြသော်လည်း သူတို့ထဲ၌ အားနည်းသူတစ်ဦးမျှ မရှိသဖြင့် သိုင်းသမားများမှာ သူတို့ကို မည်သို့မျှ မတတ်နိုင်ကြချေ။
နောက်ဆုံးတွင် သိုင်းသမားများက ပူးပေါင်းကာ ရှင်တောက်အန်းအား ကြားဝင်စွက်ဖက်ပေးရန်နှင့် သုဘရာဇာများကို ရှင်တောက်မြို့ပြင်သို့ မောင်းထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ရှင်တောက်အန်းမှ လူများက 'ထျန်းရှာရီဖင်ညီလာခံသည် အရပ်မျက်နှာအသီးသီးမှ ဧည့်သည်တော်များကို ကြိုဆိုသည်'ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်လိုက်လေသည်။
သူတို့က မည်သူပင်ဖြစ်စေ ရှင်တောက်မြို့သို့ ရောက်ရှိလာပါက ဤကြီးကျယ်သော ပွဲတော်သို့ တက်ရောက်နိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့၏။
ထို့ကြောင့်ပင် ဤကိစ္စမှာ နောက်ဆုံး၌ အလိုအလျောက်ပင် ပြီးဆုံးသွားရတော့သည်။
တစ်နေ့တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။
မှောင်ရီပျိုးစပြုလာသောအခါ ချူချင်းသည် အခန်းထဲ၌ တရားထိုင်နေလေသည်။
ရုတ်တရက် လမ်းမထက်မှ လေခွင်းသံများနှင့်အတူ တိုက်ခိုက်သံများကို ကြားလိုက်ရ၏။
ချူချင်းသည် မူလက ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးမရှိသော်လည်း ထိုတိုက်ခိုက်သံများထဲမှ တစ်စုံတစ်ဦး၏အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"မင်းနဲ့ ငါတို့ကြားမှာ အရင်ကလည်း ရန်ငြိုးမရှိဘူး... အခုလည်း အာဃာတမရှိဘဲနဲ့ ဘာလို့ ဒီလောက်အထိ အတင်းလိုက်သတ်နေရတာလဲ..."
ဤအသံသည် နားထဲသို့ ရောက်ရှိလာသည်နှင့် ချူချင်းသည် ချက်ချင်းပင် မည်သူဖြစ်ကြောင်း ခွဲခြားသိရှိသွား၏။
သူသည် ချက်ချင်းပင် ပြတင်းပေါက်နားသို့သွားကာ အက်ကွဲကြောင်းလေးတစ်ခု ဖွင့်၍ ကြည့်လိုက်ရာ လမ်းမထက်တွင် လှုပ်ရှားနေသော လူရိပ်များကို မြင်တွေ့လိုက်ရပြီး အားလုံးမှာ မိန်းကလေးများ ဖြစ်ကြပေသည်။
လူတစ်ဦးသည် ထိုမိန်းကလေးများ၏ အလယ်တွင် လျင်မြန်စွာ လှုပ်ရှားရင်း တိုက်ခိုက်နေပြီး အင်းကွက်ထဲ၌ ဘယ်ပြန်ညာပြန် ထိုးဖောက်နေကာ သူ၏လှုပ်ရှားမှုတိုင်းတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေ၏။
ထိုမိန်းကလေးများသည် အင်းကွက်အကူအညီ ရှိနေသော်လည်း လက်ရှိတွင်မူ ခုခံရန် အလွန်ပင်ပန်းနေကြချေသည်။
ချူချင်းသည် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားရ၏။
ဤမိန်းကလေးတစ်စုမှာ အခြားသူမဟုတ်ဘဲ တုဟန်ယန် ဦးဆောင်သော ယန်ယွီမျှော်စင်မှ တပည့်များ ဖြစ်ကြပေသည်။
ဤအချက်သည် ချူချင်းကိုအံ့ဩစေရန် မလုံလောက်သေးပေ။ သူ့ကို အမှန်တကယ် အံ့ဩသွားစေသည့်အရာမှာ သူတို့နှင့် တိုက်ခိုက်နေသူမှာ တုန်ရှင်းကျီ ဖြစ်နေခြင်းပင်။
သို့သော် ယခုအခါ သူ၏ပုံပန်းသဏ္ဌာန်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် လုံးဝ ကွဲပြားခြားနားနေချေသည်။
သူ၏မျက်နှာထက်တွင် မောက်မာရိုင်းစိုင်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး မျက်ခုံးနှစ်ခုကြားတွင် တစ်ဝက်ခန့် ရှည်လျားသော ခရမ်းရောင်အလင်းတန်းတစ်ခု ရှိနေကာ တတိယမျက်လုံးတစ်လုံးသဖွယ် ထောင်လိုက်တည်ရှိနေ၏။
သူ၏လက်သည်းချက် သို့မဟုတ် လက်ဝါးရိုက်ချက်တိုင်းသည် အလွန်တရာ ပြင်းထန်လှပေသည်။
သူသည် ချင်းရှီးရွာတွင် ရှိစဉ်ကထက် များစွာ သာလွန်နေချေပြီ။
"ရက်နည်းနည်းအတွင်း ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ..."
ချူချင်းသည် တအံ့တဩ ဖြစ်သွားရ၏။ ထိုစဉ်က ချင်းရှီးရွာ၏လျှို့ဝှက်ခန်းထဲတွင် တုန်ရှင်းကျီနှင့် တုန်ယွိပိုင်တို့သည် တစ်စုံတစ်ခုကို ရရှိသွားခဲ့သည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် ဤကျန်းဟူလောကတွင် မည်သည့်အရာက လူတစ်ဦးအား အချိန်တိုလေးအတွင်း ဤမျှအထိ ပြောင်းလဲသွားစေနိုင်သနည်း။
သူသည် အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။
"အတင်းလိုက်သတ်နေတယ် ဟုတ်လား..."
တုန်ရှင်းကျီ၏ ထူးဆန်းသောအသံသည် ထွက်ပေါ်လာပြီးနောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အတွင်းအားလှိုင်းတစ်ခုသည် အရပ်မျက်နှာအသီးသီးသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားလေသည်။
ယန်ယွီမျှော်စင်မှ တပည့်များမှာ ဤပြင်းထန်သော အားလှိုင်းကြောင့် ခြေလှမ်းမခိုင်ဖြစ်ကာ နောက်သို့ ဆုတ်ခွာသွားကြရ၏။
တုန်ရှင်းကျီသည် မတ်တတ်ရပ်လျက် မောက်မာစွာ ပြောလိုက်လေသည်။
"အဲဒီနေ့က ချင်းရှီးရွာမှာ မင်းတို့အားလုံး ငါ့ကို အထင်သေးခဲ့ကြတယ်..."
"ငါတုန်ရှင်းကျီက အဲဒါကိုမသိဘူးလို့ ထင်နေကြတာလား..."
"အခု ငါ့သိုင်းပညာက အောင်မြင်မှုရနေပြီဆိုတော့ မင်းတို့ကို ငါ့အစွမ်းကို ပြရတာပေါ့..."
ဤလူသည် သုံးနှစ်အရွယ် ကလေးငယ်မဟုတ်ဘဲ သူ၏အတွေးအခေါ်များမှာ အဘယ်ကြောင့် ဤမျှအထိ ကလေးကလားဆန်နေရသနည်း။
ထို့ပြင် ထိုစဉ်က ချင်းရှီးရွာတွင်ရှိစဉ်က တုဟန်ယန်၊ ချောင်ချိုးဖူနှင့် ချူချင်းတို့သည် တုန်ရှင်းကျီနှင့် တုန်ယွိပိုင်တို့ကို အရေးမလုပ်ခဲ့ကြသော်လည်း ဤသည်မှာ တုန်ယွိပိုင်က ရန်စခဲ့သောကြောင့် မဟုတ်ပါလော။
ထိုသို့ဖြစ်ခဲ့လျှင်ပင် ချူချင်းသည် သူတို့ကို အမှန်တကယ် လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။
သူသည် အမြဲယဉ်ကျေးပျူငှာစွာသာ ဆက်ဆံခဲ့၏။
ယခုအခါတွင်မူ အဘယ်ကြောင့် သူတစ်ပါးအား အစွမ်းပြလိုနေရသနည်း။
တုဟန်ယန်သည်လည်း အလွန်ဒေါသထွက်နေရ၏။ သူမသည် ရှင်တောက်မြို့ပြင်တွင် တုန်ရှင်းကျီနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ခြင်း ဖြစ်ပေသည်။
ချင်းရှီးရွာတွင် တစ်ကြိမ်ဆုံတွေ့ဖူးသည့် ရင်းနှီးမှုကြောင့်လည်းကောင်း၊ ထိုစဉ်က တုန်ရှင်းကျီသည် အလျင်အမြန် ထွက်ခွာသွားခဲ့သော်လည်း ယခုတစ်ဖန် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရသဖြင့်လည်းကောင်း သူမသည် ရှေ့သို့သွားကာ စကားပြောရန် ကြံရွယ်ခဲ့သည်။
သို့သော် စကားအနည်းငယ်မျှ ပြောပြီးသည်နှင့် တုန်ရှင်းကျီသည် သူတို့ကို ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တုဟန်ယန်သည် မူလက သူ့ကို မကြောက်ရွံ့သော်လည်း တိုက်ခိုက်ပြီးနောက်တွင်မူ သူမသည် သူ၏ပြိုင်ဘက် မဟုတ်ကြောင်း သိရှိသွားခဲ့ရသည်။
အစီအရင်ကိုအသုံးပြု၍ ခုခံခဲ့လျှင်ပင် အရေးနိမ့်နေခဲ့ရ၏။
တုန်ရှင်းကျီသည် သူတို့ကို အသက်ဘေးအန္တရာယ် ပေးလိုနေသည်ကို မြင်သောအခါ တုဟန်ယန်သည် ဂိုဏ်းတူညီမများကို ခေါ်ဆောင်ကာ ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။
သူတို့သည် ရှင်တောက်မြို့အထိ ထွက်ပြေးခဲ့ကြသော်လည်း တုန်ရှင်းကျီ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြန်သည်။
ထို့ကြောင့်ပင် သူမက အဘယ်ကြောင့် ဤမျှအထိ လိုက်လံသတ်ဖြတ်နေရသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်၏။
သို့သော် ရလဒ်မှာမူ ဤမျှသာလော။
"ရှင် တကယ်ပဲ... အဓိပ္ပာယ်မရှိလိုက်တာ..."
တုဟန်ယန်က ဒေါသတကြီး ပြောလိုက်သည်။
"ရှင်က ငါတို့ယန်ယွီမျှော်စင်ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား..."
"မဟုတ်လို့လား..."
တုန်ရှင်းကျီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ခြေလှမ်းများမှာ ရုတ်တရက် ပြောင်းလဲသွားကာ လူရိပ်များမှာ ဝေဝါးသွားပြီးနောက် တုဟန်ယန်၏ရှေ့မှောက်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့၏။
သူက လက်ကိုဆန့်ထုတ်ကာ ဖမ်းဆွဲလိုက်စဉ် တုဟန်ယန်က လက်ညှိုးဖြင့် ထိုးနှက်လိုက်သည်။
သူမ၏လက်ညှိုးချက်သည် တုန်ရှင်းကျီ၏လက်ဝါးပြင်ထက်သို့ ကျရောက်သွားသော်လည်း စွမ်းအားများမှာ ပင်လယ်ထဲသို့ ရွှံ့ရုပ်ကျသွားသကဲ့သို့ ပျောက်ကွယ်သွားပြီး ပြောင်းပြန်ဖမ်းဆွဲမှုအောက်တွင် သူမ၏လက်ကောက်ဝတ်မှာ အဖမ်းခံလိုက်ရကာ ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေသည်။
"ဂိုဏ်းတူအစ်မကြီး..."
"ဂိုဏ်းတူအစ်မကြီးကို လွှတ်ပေး..."
ယန်ယွီမျှော်စင်မှတပည့်များမှာ ချက်ချင်းပင် အလွန်ဒေါသထွက်သွားကြ၏။
တုန်ရှင်းကျီသည် တုဟန်ယန်၏လည်ပင်းကို ညှစ်ထားရင်း သူမ၏ဆံနွယ်များကြားသို့ တိုးကပ်ကာ အနံ့ကို ပြင်းပြင်းရှူလိုက်လေသည်။
"အရမ်းမွှေးတာပဲ... မင်းက တကယ်ကို လှပတာပဲ... ငါ့တူက ဘယ်နေရာမဆို ညံ့ဖျင်းပေမဲ့ မိန်းကလေးရွေးတဲ့ နေရာမှာတော့ မျက်စိစူးရှသားပဲ..."
"ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းလို လှပတဲ့မိန်းကလေးက သူ့လက်ထဲကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ..."
"တုဟန်ယန်... ငါတို့ ကတိတစ်ခုလုပ်ကြရင် ဘယ်လိုလဲ..."
"ဒီနေ့ ငါ ယန်ယွီမျှော်စင်က တခြားလူတွေကို လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ မင်းကတော့ ငါနဲ့အတူ လိုက်ခဲ့ရမယ်..."
"ပေါက်ကရတွေ..."
"အဓိပ္ပာယ်မရှိတာ... ငါတို့ ဂိုဏ်းတူအစ်မကြီးကို လွှတ်ပေး... ရှင်နဲ့ ငါတို့ သေချာပေါက် တိုက်ခိုက်ရဦးမယ်..."
"ဂိုဏ်းတူအစ်မကြီး... သူ့ကို သဘောမတူပါနဲ့... သူ့လို ဖားသူငယ်က ရွှေငန်းသား စားချင်နေတာ..."
တုဟန်ယန်သည် သူ၏လက်ထဲတွင် အဖမ်းခံထားရစဉ် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာ ပိတ်ဆို့ခံထားရသဖြင့် ဤလူသည် ယခင်က တိုက်ခိုက်စဉ်အတွင်း သူ၏အစွမ်းအစများကို ဝှက်ကွယ်ထားခဲ့ကြောင်း သိရှိသွားတော့သည်။
သူမကိုယ်တိုင်ပင် သူ၏ပြိုင်ဘက် မဟုတ်သဖြင့် ဤဂိုဏ်းတူညီမများသာ ဇွတ်တိုးတိုက်ခိုက်ပါက ယနေ့တွင် သေဆုံးရုံမှတစ်ပါး အခြားမရှိပေ။
လက်ရှိအခြေအနေတွင် အကောင်းဆုံးနည်းလမ်းမှာ တုန်ရှင်းကျီကို ထိန်းသိမ်းထားရန်သာ ဖြစ်၏။
ဂိုဏ်းတူညီမများ ဘေးကင်းရာသို့ ရောက်ရှိသွားပြီးနောက်မှသာ သူနှင့် အသက်ပေးတိုက်ခိုက်ရပေလိမ့်မည်။
ထိုသို့တွေးတောရင်း သူမက ဟန်ဆောင်ကာ သဘောတူရန် ပြင်လိုက်စဉ် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ဘယ်လောက်မှတောင်မကြာသေးတာကို စီနီယာတုန်က လူကို တကယ်ပဲ အံ့ဩသွားစေတာပဲ..."
"ယန်ယွီမျှော်စင်ရဲ့ ဂိုဏ်းတူအစ်မကြီးကိုတောင် ခေါ်သွားဖို့ ကြံစည်နေပြီဆိုတော့... နောက်တစ်ဆင့်က ဘာလုပ်ဖို့လဲ..."
"ကောင်းကင်ပေါ် ပျံတက်မလို့လား..."
အားလုံးက ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ရာ အပြာရောင်ဝတ်ဓားသမားတစ်ဦးသည် အလံတိုင်ထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆံနွယ်များ လေထဲတွင် လွင့်ပျံနေသည်ကို မြင်တွေ့လိုက်ရလေသည်။
တုဟန်ယန်က အံ့ဩတကြီး မော့ကြည့်လိုက်၏။
"သခင်လေးသုံး…”