← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) - ဘေးဒုက္ခ၏အစပြုရာ (၁)

‘သူ ဘယ်အချိန်က ရောက်နေတာပါလိမ့်…’

တုဟန်ယန်သည် မယုံကြည်နိုင်ဟန်ဖြင့် ချူချင်းကို ကြည့်လိုက်မိ၏။

ချင်းရှီးရွာတွင် ရှိစဉ်ကပင် ဤသခင်လေးသုံးသည် အခြားသူများနှင့် မတူဘဲ ထူးခြားဆန်းကြယ်ကြောင်း သူမ သတိပြုမိခဲ့ပြီးဖြစ်၏။

လွန့်ရှန်ဓားကို ကိုင်ဆောင်ထားသော ပန်းပဲဆရာလေးနှင့် ရင်ဆိုင်ရစဉ်က သူသည် အကြိမ်ရေအနည်းငယ်သာ တိုက်ခိုက်ခဲ့သော်လည်း သူ့လက်ချက်တစ်ချက်တည်းဖြင့်ပင် တိုက်ပွဲ၏အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ခဲ့လေသည်။

ထို့ကြောင့် တုဟန်ယန်အနေဖြင့် သူ့ကို အထင်မကြီးဘဲ မနေနိုင်ခဲ့ချေ။

ယနေ့ညတွင် သူပေါ်လာပုံမှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လှပေ၏။

သူမကိုယ်တိုင် မရိပ်မိခဲ့ရုံသာမက တုန်ရှင်းကျီ၏လက်သည်လည်း ချူချင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် တုန်ယင်သွားခဲ့ရာ တုန်ရှင်းကျီသည်လည်း ချူချင်း မည်သည့်အချိန်တွင် ရောက်ရှိလာသည်ကို လုံးဝမရိပ်မိခဲ့ကြောင်း ထင်ရှားလှပေ၏။

"မင်းပဲ..."

တုန်ရှင်းကျီ၏အသံမှာ အက်ရှရှဖြစ်သွားပြီးနောက် ဖိနှိပ်ထားသော ရယ်မောသံတစ်ခုလည်း ထွက်ပေါ်လာလေသည်။

"ကောင်းတယ်... ကောင်းတယ်... တုဟန်ယန်ထက် မင်းလို မာနထောင်လွှားနေတဲ့ ကျန်းဟူလောကက လူငယ်လေးတွေက ပိုပြီးတော့စက်ဆုပ်ဖို့ကောင်းတယ်..."

ထိုသို့ပြောပြီးနောက် သူသည် လက်ကိုဝှေ့ယမ်းကာ တုဟန်ယန်၏သွေးကြောကို ပိတ်ဆို့လိုက်ပြီး ဘေးသို့ ပစ်ပေါက်လိုက်လေ၏။

ယန်ယွီမျှော်စင်မှတပည့်များသည် တုဟန်ယန်ကို အပြေးအလွှား သွားရောက်ဖမ်းယူလိုက်ကြပြီး သွေးကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် ကြိုးစားကြသော်လည်း တုန်ရှင်းကျီ၏ သွေးကြောပိတ်ဆို့နည်းမှာ အလွန်ထူးခြားဆန်းကြယ်နေသဖြင့် သူတို့မှာ ချက်ချင်းဖြေလျှော့နိုင်ခြင်း မရှိကြချေ။

တုန်ရှင်းကျီသည် စကားတစ်ခွန်းကို ချန်ထားခဲ့၏။

'ဘေးမှာပဲ စောင့်နေကြစမ်း... ငါ ဒီကောင်လေးကို အရင်ရှင်းပြီးမှ မင်းတို့ကို လာနှိမ်နင်းမယ်...'

ထို့နောက် သူသည် ခြေဖျားကို အသာအယာထောက်ကာ လေပေါ်သို့ ပျံတက်သွားလေသည်။

သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် အဆက်မပြတ် လှုပ်ရှားပြောင်းလဲနေ၏။

သူသည် ချူချင်း၏အနီးသို့ ချဉ်းကပ်မိသည်နှင့်တစ်ပြိုင်နက် ဘယ်ဘက်အခြမ်းတွင် ရုတ်တရက် ပေါ်လာချေသည်။

သူသည် လက်ကိုဆန့်ထုတ်ကာ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ သူ၏လက်ဝါးလှိုင်းကြောင့် လှုပ်ခတ်သွားရ၏။

ထိုလက်ဝါးလှိုင်းမှာ တစ်ခါတစ်ရံ ပုံရိပ်ပျောက်ကွယ်သွားပြီး...

တစ်ခါတစ်ရံတွင်မူ ပိုမိုပြင်းထန်လာကာ...

တစ်ခါတစ်ရံတွင်လည်း စည်းစနစ်မရှိဘဲ ရှုပ်ထွေးသွားပြန်သည်။

လက်ဝါးသိုင်း၏ ပြောင်းလဲမှုများမှာ ရိုးရှင်းလှသော်လည်း အတွင်းအားကို အသုံးပြုပုံမှာမူ အလွန်ဆန်းကြယ်လှပေ၏။

"သခင်လေးသုံး... သတိထားပါ..."

တုဟန်ယန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ အော်ဟစ်သတိပေးလိုက်မိ၏။

သို့သော် နောက်တစ်စက္ကန့်တွင် တိတ်ဆိတ်လှသော ညအမှောင်ထုထဲ၌ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်သန်းသွားလေသည်။

လူရိပ်နှစ်ခုမှာ တစ်ပြိုင်နက်တည်း ကွဲကွာသွားကြပြီး တစ်ဦးမှာ လမ်းမကြီး၏ဘယ်ဘက်သို့ ရောက်ရှိသွားကာ အခြားတစ်ဦးမှာမူ ညာဘက်သို့ ရောက်ရှိသွား၏။

ချူချင်းသည် ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး ဓားသွားကို ဦးခေါင်းထက်တွင် အသာအယာဝှေ့ယမ်းနေကာ ဓားချီများကို စုစည်းနေဟန် တူပေသည်။

ဓားသွားထက်မှ အေးစိမ့်သော အငွေ့အသက်များ ဖြာထွက်နေပြီး ရေခဲပွင့်လေးများအဖြစ်သို့ပင် အသွင်ပြောင်းလဲနေချေသည်။

သို့သော် ထိုရေခဲပွင့်လေးများပေါ်တွင် သွေးများစွန်းထင်နေသဖြင့် ဓားမျက်နှာပြင်ပေါ်၌ ဆီးနှင်းပွင့်များအကြား ရဲရဲနီနေသော နှင်းဆီပန်းပွင့်များ ပွင့်လန်းနေသကဲ့သို့ ထင်မှတ်ရ၏။

တုဟန်ယန်၏စိတ်နှလုံးမှာ တုန်လှုပ်သွားရပြီး တုန်ရှင်းကျီကို လှမ်းကြည့်လိုက်မိ၏။

သူ၏ပခုံးပေါ်တွင် သွေးရာတစ်ခု ထင်ကျန်နေပြီး သွေးစက်များမှာ လက်ချောင်းများတစ်လျှောက် တောက်တောက်ကျနေသည်ကို မြင်လိုက်ရပေသည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် သူသည် ဒဏ်ရာရရှိသွားခဲ့ပြီ။

"အရမ်းအစွမ်းထက်တဲ့ ဓားသိုင်းပဲ..."

တုဟန်ယန်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြရ၏။

သူတို့သည် တုန်ရှင်းကျီနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးသဖြင့် တုန်ရှင်းကျီ၏သိုင်းပညာ မည်မျှမြင့်မားကြောင်း ကောင်းစွာ သိရှိထားကြပေသည်။

ချင်းရှီးရွာတွင်ရှိစဉ်က တုန်ရှင်းကျီသည် တုဟန်ယန်နှင့် ယှဉ်ပြိုင်ရန်ပင် မစွမ်းသာခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် တုဟန်ယန်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့ပြီ။

သော့ခတ်မြူခိုးအင်းကွက်ဖြင့်ပင် သူ့ကို မတားဆီးနိုင်ခဲ့ချေ။

သို့သော် ထိုမျှအစွမ်းထက်လှသော တုန်ရှင်းကျီသည် ချူချင်း၏ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

'သူ့ကို လျှော့တွက်မိနေတုန်းပဲ...'

တုဟန်ယန်သည် ခါးသီးစွာပြုံးလိုက်မိ၏။ သူမသည် ချူချင်း၏သိုင်းပညာကို စိတ်ထဲတွင် အမြဲမြှင့်တင်တွေးတောခဲ့သော်လည်း သူမ တွေးတောခဲ့သမျှမှာ လုံလောက်မှုမရှိခဲ့ကြောင်း သိရှိခဲ့ရပေသည်။

ချူချင်းသည် သူမ ထင်မှတ်ထားသည်ထက် ပိုမိုထူးချွန်နေခဲ့၏။

တုန်ရှင်းကျီသည် မိမိပခုံးပေါ်ရှိ ဒဏ်ရာကိုကြည့်ကာ မျက်နှာပျက်သွားလေသည်။

"မဖြစ်နိုင်တာ..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါကျင့်ထားတဲ့ သိုင်းပညာက... အရမ်းမြင့်မြတ်ပြီးတော့ လောကမှာ ပထမတန်းစား နတ်သိုင်းကျမ်းစာပဲ..."

"ငါ့ကို အချိန်တိုလေးအတွင်းမှာပဲ အသွင်သစ် ပြောင်းလဲစေခဲ့တာ..."

"ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး သူ့ရဲ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ရတာလဲ..."

သူ၏စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေပြီး ယုံကြည်ရန်ငြင်းဆန်နေမိ၏။

သို့သော် သူသည် ချူချင်းကို ထပ်မံကြည့်လိုက်မိသောအခါ 'ကျိုရွှမ်နတ်သိုင်း'ကြောင့် ရရှိထားသော ယုံကြည်မှုများမှာ ရုတ်တရက် ပျောက်ကွယ်သွားရလေသည်။

သူသည် မူလကပင် သတ္တိရှိသူတစ်ဦး မဟုတ်ချေ။

သူ၏ဘဝတွင် အဆိုးရွားဆုံး လုပ်ဆောင်ခဲ့ဖူးသည့်အရာမှာ တုန်ယွိပိုင်၏ခန္ဓာကိုယ်ကို အသုံးချကာ 'ကျိုရွှမ်နတ်သိုင်း'ကို ခိုးယူခဲ့ခြင်းပင် ဖြစ်၏။

လွန်ခဲ့သော ရက်အနည်းငယ်မှာ သူ၏ဘဝတွင် အပျော်ရွှင်ဆုံးနေ့ရက်များ ဖြစ်ခဲ့ပြီး အတွင်းအားမှာ တစ်ညတည်းဖြင့် သိသိသာသာ တိုးတက်လာကာ တစ်ကိုယ်လုံး အသွင်သစ် ပြောင်းလဲသွားခဲ့ရသည်။

ကျန်းဟူလောကတွင် လှည့်လည်ကာ လောက၌ ပြိုင်ဘက်ကင်း ဖြစ်လာမည့်အိပ်မက်မှာ သာမန်အိပ်မက်တစ်ခု မဟုတ်တော့ဟု သူ ထင်မှတ်ခဲ့ပေသည်။

သို့သော် ယခုအခါတွင်မူ ချူချင်း၏ဓားချက်တစ်ချက်သည် ထိုအိပ်မက်ကို အစအနမကျန် ဖျက်ဆီးပစ်လိုက်ချေပြီ။

ချူချင်းသည် ဓားကို အသာအယာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဓားသွားကို မြေပြင်သို့စောင်းငဲ့ကာ တုန်ရှင်းကျီထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။

တိတ်ဆိတ်လှသော လမ်းမကြီးပေါ်တွင် ထိုခြေသံများမှာ ပိုမိုကျယ်လောင်လာပြီး ခြေလှမ်းတိုင်းမှာ တုန်ရှင်းကျီ၏နှလုံးသားပေါ်သို့ နင်းခြေလိုက်သကဲ့သို့ ခံစားရပေသည်။

သူ၏သတ္တိအားလုံးမှာ ခြေနင်းခံဖြစ်သွားရပြီး ကြောက်ရွံ့မှုများမှာလည်း ရုတ်တရက် ထွက်ပေါ်လာလေသည်။

‘မဖြစ်ဘူး…’

‘သူ့ကို အနားမကပ်စေနဲ့... သေလိမ့်မယ်…’

ထိုအတွေးမှာ စိတ်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ခြေလှမ်းများကို မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့ တစ်လံခန့်ဆုတ်ခွာသွားမိ၏။

သူ ခေါင်းပြန်မော့ကြည့်လိုက်သောအခါ ချူချင်း၏ခန္ဓာကိုယ်မှာ ရှေ့သို့ ရုတ်တရက် ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူချင်းသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။

"မကောင်းတော့ဘူး... ပြေးမှ..."

တုန်ရှင်းကျီသည် ချူချင်းနှင့် အသက်လုတိုက်ခိုက်ရန် အလိုမရှိချေ။

သူ့တွင် 'ကျိုရွှမ်နတ်သိုင်း'ရှိနေသဖြင့် ဤဘဝတွင် အခြားသူများထက် အားနည်းနေမည် မဟုတ်ပေ။

ယခုရှုံးနိမ့်ရခြင်းမှာ သူ၏သိုင်းပညာ မပေါက်မြောက်သေးသောကြောင့်သာ ဖြစ်ပြီး သိုင်းပညာပေါက်မြောက်သွားပါက ဤသခင်လေးသုံးမှာလည်း သူ၏ရှေ့မှောက်တွင် ဖုန်မှုန့်ကဲ့သို့သာ ဖြစ်ပြီး ကြောက်ရွံ့စရာ မလိုတော့ချေ။

နောင်တစ်ချိန်တွင် သူသည် လူအများ၏အထက်တွင် ရပ်တည်ရမည့်သူ ဖြစ်၏။

ဤနေရာတွင် မည်သို့ သေဆုံးနိုင်ပါမည်နည်း။

ထိုသို့ တွေးတောမိသည်နှင့် သူသည် လှည့်၍ ထွက်ပြေးလေတော့သည်။

သို့သော် သူ မေ့လျော့နေခဲ့သည်မှာ တိုက်ပွဲတွင် ကြောက်ရွံ့ခြင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး ရန်သူနှင့် ရင်ဆိုင်ရစဉ် ကျောခိုင်းထွက်ပြေးခြင်းမှာလည်း အန္တရာယ်အရှိဆုံး ဖြစ်ပေသည်။

ယခုအချိန်တွင် သူသည် ထိုတားမြစ်ချက်နှစ်ခုလုံးကို ချိုးဖောက်မိသွားခဲ့ပြီ။

သူ၏ရန်သူမှာ အတွေ့အကြုံမရှိသော ကျန်းဟူလောကမှ လူငယ်လေးတစ်ဦး မဟုတ်ဘဲ လူသတ်ရာတွင် ကျွမ်းကျင်လှသော လူသတ်သမားတစ်ဦး ဖြစ်နေခဲ့၏။

သူ ကျောခိုင်းလိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံးမှာ အဆုံးအဖြတ်ပေးပြီးသား ဖြစ်သွားလေသည်။

ပြင်းထန်ပြီး တောက်ပလှသော ဓားအလင်းတန်းမှာ ညလေညင်းထဲတွင် ဖြတ်သန်းသွားပြီး ရဲရဲနီသောသွေးများမှာ လေထဲသို့ ပန်းထွက်ကာ လမ်းမပေါ်သို့ ကျဆင်းသွား၏။

ဘယ်ဘက်ခါးမှ ညာဘက်ပခုံးအထိ ရှည်လျားသော ဓားဒဏ်ရာတစ်ခုမှာ တုန်ရှင်းကျီ၏ခန္ဓာကိုယ်အထက်ပိုင်းကို ဖြတ်သန်းသွားခဲ့ပြီ။

ရေခဲကဲ့သို့ အေးစိမ့်လှသော အတွင်းအားများမှာ ဓားသွားနှင့်အတူ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏သွေးကြောအားလုံးသို့ ပျံ့နှံ့သွားလေသည်။

သူ၏ခန္ဓာကိုယ်မှာ ခေတ္တမျှ တောင့်တင်းသွားပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားရ၏။

သူသည် ပြန်လည်ထူမတ်ရန် ကြိုးစားသော်လည်း ကျောပြင်ပေါ်သို့ ကြီးမားလှသော အားလှိုင်းတစ်ခု ကျရောက်လာပြီး ချူချင်း၏ခြေထောက်ဖြင့် နင်းခြေခြင်း ခံလိုက်ရပေသည်။

"မ... မဖြစ်နိုင်ဘူး..."

တုန်ရှင်းကျီသည် ရုန်းကန်နေဆဲ ဖြစ်သော်လည်း ချူချင်း၏ခြေထောက်မှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှပေ၏။

သူ၏အတွင်းအားနှင့် အသက်ရှူသံများကို ပိတ်ဆို့ထားသဖြင့် သူ၏အရိုးများ ကျိုးကြေသွားသော အသံကိုသာ ကြားလိုက်ရပြီး နောက်ဆုံးတွင် လုံးဝ အားအင်ကုန်ခမ်းသွားရလေသည်။

ထိုအချိန်တွင် ချူချင်းသည် ခြေထောက်ကို ဖယ်ရှားလိုက်ပြီး မျက်မှောင်ကြုတ်ကာ တုန်ရှင်းကျီကို ကြည့်လိုက်၏။

"မင်း ချင်းရှီးရွာမှာတုန်းက ဘာကို ရှာတွေ့ခဲ့တာလဲ..."

ဤစကားကြောင့် တုန်ရှင်းကျီသည် သတိအနည်းငယ် ပြန်လည်ရရှိလာပြီး သူ၏ရင်ဘတ်ကို အလိုအလျောက်အုပ်ကိုင်ရန် ကြိုးစားလိုက်မိသည်။

သို့သော် ချူချင်းသည် တုန်ရှင်းကျီကို ခြေထောက်ဖြင့်ကန်ကာ ပက်လက်လှန်လိုက်ပြီး ဓားဖြင့်ဖြတ်လိုက်ရာ တုန်ရှင်းကျီ၏ရင်ဘတ်မှ အဝတ်အစားများ ပြဲထွက်သွားပြီး အတွင်းရှိ ပစ္စည်းများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွား၏။

ထိုအထဲတွင် အာရုံအဖမ်းစားနိုင်ဆုံးအရာမှာ သံပေချပ်တစ်ခုပင် ဖြစ်ပေသည်။

ချူချင်းသည် လက်ချောင်းများကို အသာအယာကွေးညွတ်ကာ လေဟာနယ်ကို ဆွဲယူလိုက်ရာ ထိုသံပေချပ်မှာ သူ၏လက်ဖဝါးထဲသို့ ရောက်ရှိလာခဲ့ပြီ။

ညအမှောင်ထုကို အမှီပြု၍ ကြည့်ရှုရင်း ချူချင်းသည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်မိ၏။

All Chapters