အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) - ကံစပ်သူအား ရတနာဓား လက်ဆောင်ပေးခြင်း (၁)
လူသူကင်းမဲ့ရာ သုသာန်။
ထိုနေရာတွင် အစာရှာဖွေနေသော တောခွေးတစ်ကောင်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီးနောက် မျက်နှာဖုံးပေါ်တွင် 'ပြဇာတ်'ဟူသော စာလုံးရေးထွင်းထားသည့် အမျိုးသားသည် မြေကြီးများကို လက်ဝါးဖြင့် တစ်ချက်ချင်းစီ ဖယ်ရှားနေလေ၏။
"တောက်... ကတ်သီးကတ်သတ်နိုင်လိုက်တာ..."
"တကယ်ကို စိတ်ပျက်ဖို့ကောင်းလွန်းတယ်..."
"ပြဇာတ်ကြီးတောင် စင်မတင်ရသေးဘူး... ကပြမဲ့သူက သေသွားပြီ..."
"မင်းတို့တွေ နှစ်သစ်ကူးပွဲတော်တွေကျရင် နောက်ပိုင်း ပြဇာတ်တွေ ကြည့်ချင်ကြသေးရဲ့လား..."
"ဒါပေမဲ့လည်း ဒီကမဲ့လူက တကယ်ကို အသုံးမကျတာပဲ... နတ်သိုင်းကို ရပြီးတာတောင် ကောင်းကောင်းမွန်မွန် မကျင့်ကြံဘူး..."
"အခုတော့ ကောင်းလှချည်ရဲ့ဆိုတဲ့ လျှို့ဝှက်ကျမ်းစာလည်း ပျောက်သွားပြီ... လူလည်း သေသွားပြီ..."
သူသည် တတွတ်တွတ် ရေရွတ်ရင်း မြေကြီးများကို ဖယ်ရှားလိုက်ရာ ဖျာကြမ်းဖြင့် ပတ်ထားသော တုန်ရှင်းကျီ၏ရုပ်အလောင်း ပေါ်ထွက်လာလေ၏။
သူသည် တုန်ရှင်းကျီ၏ရုပ်အလောင်းနှင့် လည်ပင်းပေါ်ရှိ ဒဏ်ရာများကို ကြည့်ရှုနေမိသည်။
ထိုအမျိုးသားသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ရယ်မောလိုက်ပြန်၏။
"ဒါပေမဲ့လည်း... လူ့ဘဝဆိုတာ ပြဇာတ်တစ်ခုလိုပဲလေ... ဘာက ရာနှုန်းပြည့် သေချာနေမှာမို့လို့လဲ..."
"မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်မှုတွေအားလုံးက ပြဇာတ်တွေချည်းပဲ..."
"ကပြသူရဲ့ စိတ်ကူးတစ်ခုကြောင့် သီချင်းစာသား နှစ်ကြောင်းလောက် ပိုဆိုမိတာကလည်း သဘာဝကျပါတယ်..."
"နှမြောစရာကောင်းတာက မင်း လူရွေးမှားသွားတာပဲ..."
"မင်းမှာ ဘာကိစ္စရှိလို့ သူ့ကိုသွားပြီး ရန်စရတာလဲ..."
ထိုသို့ပြောဆိုနေစဉ်အတွင်း သူသည် လက်ဝါးကို ရုတ်တရက်ဆန့်ထုတ်လိုက်ရာ အတွင်းအားမျှင်တန်းများသည် သူ၏လက်ဝါးပြင်မှ အပ်ချည်ကြိုးများကဲ့သို့ စီးဆင်းထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် တုန်ရှင်းကျီ၏ရုပ်အလောင်းသည်လည်း တုန်ရီလာချေသည်။
ရုပ်အလောင်းအတွင်းရှိ တစ်စုံတစ်ခုက ထိုသူ၏အတွင်းအားကို ခံစားမိပြီး တုံ့ပြန်မှု ဖြစ်ပေါ်လာသည့်အလားပင်။
တစ်ခဏအတွင်း ထိုသူ၏အတွင်းအားများသည် တုန်ရှင်းကျီ၏ရုပ်အလောင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။
ထိုအခါ တုန်ရှင်းကျီ၏ ပိတ်ထားသည်မှာ ကြာပြီဖြစ်သော မျက်လုံးများသည် ရုတ်တရက် ပွင့်ဟလာသည်ကို တွေ့လိုက်ရသည်။
မျက်ဝန်းတစ်စုံတွင် မည်သည့်အသက်ဓာတ်မျှ ရှိမနေဘဲ လူသေအလောင်းတစ်ခုအဖြစ်သာ ရှိနေဆဲဖြစ်သော်လည်း ထိုသူက ညင်သာစွာ ပြောဆိုလိုက်၏။
"ထ... ထစမ်း... ထစမ်း..."
တုန်ရှင်းကျီ၏ ရုပ်အလောင်းသည် အမှန်တကယ်ပင် စကားနားထောင်လှပြီး ဖျာကြမ်းပေါ်မှ တိုက်ရိုက်ထထိုင်လိုက်လေသည်။
ထိုသူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ နေရာဖယ်ပေးလိုက်ရာ တုန်ရှင်းကျီသည်လည်း ထိုင်နေရာမှ မတ်တတ်ရပ်အနေအထားသို့ ပြောင်းလဲလိုက်၏။
ထို့နောက် သင်္ချိုင်းမြေပုံပေါ်မှ ခြေတစ်လှမ်း လှမ်းထွက်လာခဲ့သည်။
"နည်းနည်းလောက် လှုပ်ရှားကြည့်စမ်း..."
ထိုသူက ညင်သာစွာ ပြောလိုက်၏။
တုန်ရှင်းကျီသည် ချက်ချင်းပင် လက်နှစ်ဖက်ကိုလှုပ်ရှားကာ လည်ပင်းကိုဘယ်ညာလှည့်လိုက်လေသည်။
သို့သော် သူ၏လည်ပင်းတွင် ဒဏ်ရာရှိနေသဖြင့် ထိုသို့လှည့်လိုက်သောအခါ အသားစများ လန်ထွက်သွားပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုသူသည် ဤမြင်ကွင်းကိုမြင်သောအခါ အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
ထို့နောက် သူသည် ခရီးဆောင်အိတ်ထဲမှ အပ်နှင့်ချည်ကြိုးကို ထုတ်ယူလိုက်သည်။
ပြီးနောက် တုန်ရှင်းကျီ၏ဒဏ်ရာကို စတင်ချုပ်လုပ်ပေးလေတော့သည်။
တုန်ရှင်းကျီသည် ရုပ်သေးရုပ်တစ်ခုကဲ့သို့ပင် ထိုသူပြုသမျှကို ငြိမ်ခံနေရှာ၏။
အတန်ကြာပြီးနောက် ဒဏ်ရာကို သူက ကောင်းမွန်စွာပြန်လည်ချုပ်ပေးလိုက်ပြီ ဖြစ်သည်။
သူသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး လက်ညှိုးကို အနည်းငယ်ကွေးညွှတ်လိုက်၏။
"လှုပ်ရှားစမ်း..."
တုန်ရှင်းကျီ၏ခန္ဓာကိုယ်သည် လှုပ်ခါသွားပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်လေသည်။ ထို့နောက် သူ၏ပုံရိပ်သည် လေထဲသို့ ပျံတက်သွားပြီး လက်သီးသိုင်းတစ်စုံကို အားသွန်ခွန်စိုက် ထုတ်ဖော်ပြသလေတော့၏။
ဤလက်သီးသိုင်း၏အရှိန်အဝါမှာ အလွန်ထူးခြားလှပြီး ပတ်ဝန်းကျင်ရှိ သဲဖုန်များနှင့် ကျောက်ခဲများကိုပင် လွင့်စင်သွားစေသည်။
မျက်နှာဖုံးပေါ်တွင် 'ပြဇာတ်'ဟူသော စာလုံးပါရှိသည့် အမျိုးသားသည် အခြားသူတစ်ဦး၏သင်္ချိုင်းမြေပုံပေါ်တွင် သက်တောင့်သက်သာထိုင်ကာ တိတ်တဆိတ် ကြည့်ရှုခံစားနေလေ၏။
လက်သီးသိုင်း ပြီးဆုံးသွားသောအခါမှ သူသည် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကြိုးဆွဲပြဇာတ်... ရုပ်သေးသံစဉ်... လှုပ်ရှားတာလည်း ထိတ်လန့်စရာ... အိပ်စက်နားခိုတာလည်း ထိတ်လန့်စရာ..."
“နောက်ဆုံးတော့လည်း စောစောစီးစီး သေသွားခဲ့ရတာပဲ..."
"မဟုတ်ရင်တော့ သုံးလလောက် ပြုစုပျိုးထောင်လိုက်ရုံနဲ့ ဒီလိုတစ်ဝက်တစ်ပျက် အခြေအနေထက် အများကြီး ပိုကောင်းလာမှာ..."
ပြောဆိုနေစဉ်အတွင်း သူသည် အဝတ်အစားတစ်စုံကို ထုတ်ယူကာ တုန်ရှင်းကျီအား ကိုယ်တိုင်ဝတ်ဆင်ပေးလိုက်၏။
အနက်ရောင်ဝတ်ရုံရှည်ကြီးဖြင့် တုန်ရှင်းကျီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။
ထို့နောက် သူသည် အတွင်းအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
ညအမှောင်ထုကို အမှီပြု၍ ကြည့်ရှုလိုက်ရာ ၎င်းမှာ အခြားသံပေချပ်တစ်ခု ဖြစ်နေပြန်သည်။
"သံပေချပ်တစ်ခု ပျက်စီးသွားရုံနဲ့ ငါ့မှာ တခြားနည်းလမ်းမရှိတော့ဘူးလို့ ထင်နေတာလား..."
"ဒီလိုအရာမျိုးကို ငါ့ဆီမှာ လိုချင်သလောက် ရှိတယ်..."
"ဒါပေမဲ့လည်း အဲဒီကောင်လေးက အရမ်းကို သတိကြီးလွန်းတယ်..."
"ဒီတစ်ခေါက်တော့ ငါတောင် သူ့အနားကို အရမ်းမကပ်ရဲဘူး... မဟုတ်ရင် သူရိပ်မိသွားနိုင်တယ်..."
"အဲဒါဆိုရင် ငါ့ရဲ့အစီအစဉ်ကောင်းကြီး ပျက်စီးသွားလိမ့်မယ်..."
"ဟဲဟဲ... မင်းက ဒီအရာကို ဇာတ်လမ်းထဲမှာ မပြန့်နှံ့စေချင်ဘူးပေါ့... ငါကတော့ တစ်လောကလုံး ဒါကိုလုယူချင်အောင် လုပ်ပြမယ်..."
"မင်း ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
သူသည် ထိုသံပေချပ်ကို တုန်ရှင်းကျီ၏အတွင်းအိတ်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝတ်ရုံစများ လွင့်ပျံသွားစဉ်အတွင်း ညင်သာစွာ သီဆိုလိုက်လေ၏။
"ပရိသတ်အပေါင်းတို့... ပြဇာတ်ကောင်းကြီး စတင်ပါပြီ..."
သူက ရှေ့မှဦးဆောင်ပြီး တုန်ရှင်းကျီက နောက်မှလိုက်ကာ သုသာန်ကုန်းပြင်မှ တစ်လှမ်းချင်း လှမ်းထွက်သွားကြပြီး တစ်ခဏအတွင်း ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြလေတော့သည်။
နောက်ထပ်ကုန်လွန်သွားသော နှစ်ရက်တာကာလသည် အလွန်ပင် အေးချမ်းဆိတ်ငြိမ်လှပေသည်။
သို့သော် ဤအေးချမ်းဆိတ်ငြိမ်မှုမှာ ချူချင်းဘက်တွင်သာ အဓိကဖြစ်၏။
ဤနှစ်ရက်အတွင်း သူသည် တည်းခိုခန်းပြင်ပသို့ လုံးဝမထွက်ဘဲ တည်းခိုခန်းထဲ၌သာ သိုင်းပညာများကို လေ့ကျင့်ကာ မိမိတတ်မြောက်ထားသော ပညာရပ်များကို ပိုမိုကျွမ်းကျင်အောင် ပြုလုပ်နေခဲ့သည်။
ရှင်တောက်မြို့သည်ကား ယခင်အတိုင်းပင် ဆူညံပွက်လောရိုက်နေဆဲဖြစ်ပြီး ရံဖန်ရံခါတွင် သိုင်းပညာရှင်အသစ်များ ရောက်ရှိလာကာ ပိုမိုစည်ကားလာစေသည်။
ဝမ်ရိုသည်လည်း နေ့စဉ်နေ့တိုင်း သူမ၏ ဂိုဏ်းတူအစ်ကိုနှစ်ဦးနှင့်အတူ အပြင်သို့ ထွက်လည်လေ့ရှိ၏။
ထို့နောက် ပြန်လာသောအခါ သူမ မြင်တွေ့ခဲ့ရသမျှကို ချူချင်းအား ပြန်လည်ပြောပြတတ်သည်။
သူမ၏ လုံ့လဝီရိယရှိမှုကြောင့် ချူချင်းသည် ရှင်တောက်မြို့၏ အခြေအနေအရပ်ရပ်ကို အသေးစိတ် သိရှိနိုင်ခဲ့ပေသည်။
ယခုအခါ ရှင်တောက်မြို့ပတ်ဝန်းကျင်တွင် လော့ချန်အိမ်တော်နှင့် ထျန်းဝူမြို့တို့မှလွဲ၍ အခြားသော အင်အားစုကြီးငယ်အားလုံးနီးပါး စုစည်းမိနေကြပြီ ဖြစ်သည်။
၎င်းတို့အနက် အထင်ရှားဆုံးမှာ ထိန်းထောင်းဂေဟာ၊ ဖေးယွန်းတောင်ကြားနှင့် ရိချီမဟာမိတ်ဟူသော အင်အားစုသုံးခုပင်။
အကြောင်းမှာ ထိုအင်အားစုသုံးခုသည် ရှင်တောက်အန်းဂိုဏ်းထက် အင်အားနည်းပါးခြင်း မရှိသောကြောင့်ပင်။
ထို့ပြင် အခြားသော အင်အားစုငယ်များစွာလည်း ရောက်ရှိလာကြသည်။
ထိုလူများသည် ထျန်းရှာရီဖင်ညီလာခံ မစတင်မီကပင် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ကြလေသည်။
သို့သော်လည်း ပွဲကြီးပွဲကောင်း မစတင်သေးသဖြင့် ယခုအချိန်တွင် အချင်းချင်း အနည်းငယ်စမ်းသပ်ရုံမျှသာ ရှိသေး၏။
ပဋိပက္ခများစွာ ရှိနေသော်လည်း အသက်အန္တရာယ် ထိခိုက်စေလောက်သည့် အခြေအနေမျိုး မရှိသဖြင့် အားလုံးမှာ အေးအေးဆေးဆေးပင် ရှိနေကြသေးသည်။
ချောင်ချိုးဖူထံမှလည်း ဤရက်ပိုင်းအတွင်း မည်သည့်သတင်းမျှ ထွက်ပေါ်မလာခဲ့ပေ။ သူမြို့ထဲသို့ ဝင်ရောက်လာသည့်နေ့က ရုန်းရင်းဆန်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူအများရှေ့တွင် တစ်ခါမျှ ပြန်လည်ပေါ်ထွက်မလာတော့သည့်အလားပင်။
ပုထီကျောင်းတော်မှ ညီအစ်မနှစ်ယောက်လည်း ရှိနေသေးသည်။
သူတို့မှာ နျန့်အန်းနှင့် နျန့်ရှင်းတို့ပင်ဖြစ်သည်။
ထိုမိန်းကလေးနှစ်ဦးသည် အခြားသူများကို သူတို့အား ကိုးကွယ်ခိုင်းရန် အလွန်စိတ်အားထက်သန်နေကြပြီး ယခုအခါ ရှင်တောက်မြို့တွင် လူမျိုးစုံရောနှောနေသဖြင့် သူတို့၏ အင်အားစုကို ချဲ့ထွင်ရန် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။
သို့သော်လည်း ဤနှစ်ရက်အတွင်း သူတို့ထံမှ မည်သည့်လှုပ်ရှားသံမျှ မကြားရချေ။
သူတို့ကြံစည်နေကြသည်ကို မည်သူမျှ မသိနိုင်ပေ။
သူတို့နှင့် နှိုင်းယှဉ်ပါက ယန်ယွီမျှော်စင်သည် ပိုမိုလှုပ်ရှားမှုရှိပြီး တုဟန်ယန်သည် သူမ၏ဂိုဏ်းတူညီမငယ်များကို ဦးဆောင်ကာ ရှင်တောက်မြို့၏ နေရာအနှံ့အပြားတွင် ပေါ်လာတတ်ပြီး ဖူယွန်းတည်းခိုခန်းရှိ ချူချင်းထံသို့လည်း တစ်ခေါက်လာရောက်လည်ပတ်ခဲ့သေးသည်။
ထိုသို့ဖြင့် သူမသည် မော့တူရှင်း၊ ပျန်းချန်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သွားခဲ့လေသည်။
ပျန်းချန်သည်လည်း ဤနှစ်ရက်အတွင်း ချူချင်းထံသို့ တစ်ဦးတည်းလာရောက်တွေ့ဆုံခဲ့၏။
သူတို့နှစ်ဦးသည် အသေးစိတ် မဆွေးနွေးခဲ့ကြသော်လည်း အပြန်အလှန် နားလည်မှုရှိစွာ စကားပြောဆိုခဲ့ကြပြီး နောက်ဆုံးတွင် ပျန်းချန်က ချူချင်းအား ပြောပြခဲ့သည်။
ချူဖန်နှင့် သူသည် ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြပြီး ချူဖန်ကို သူ၏ညီအရင်းကဲ့သို့ အမြဲသဘောထားခဲ့သဖြင့် မည်သည့်အကူအညီမဆို လိုအပ်ပါက အားမနာတမ်း ပြောဆိုနိုင်ကြောင်းပင်။
ချူချင်းသည် ဤစေတနာကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ပျန်းချန်အပေါ် အလွန်ပင် ကျေးဇူးတင်မိလေသည်။
သို့သော်လည်း ပျန်းချန်၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည့်အလား သူခံစားမိပြီး ရံဖန်ရံခါတွင် ပျန်းချန်၏မျက်ခုံးတန်းများအကြားမှ ညှိုးငယ်မှုအချို့ကို မြင်တွေ့ရတတ်သည်။
သို့သော်လည်း မရင်းနှီးသေးဘဲ အသေးစိတ် မေးမြန်းရန် မသင့်တော်သဖြင့် သူဆက်မစုံစမ်းတော့ပေ။
ဤသို့ဖြင့် နှစ်ရက်တာကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့လေပြီ။
ထျန်းရှာရီဖင်ညီလာခံကြီး တရားဝင် စတင်ပါပြီ။
ချူချင်းသည် ထိုနေ့တွင် အလွန်စောစီးစွာ နိုးထလာခဲ့ပြီး မျက်နှာသစ်သန့်စင်ပြီးနောက် ညဝတ်အနက်ရောင်ဝတ်စုံကို အတွင်းမှဝတ်ဆင်ကာ အပြင်ဘက်မှ အပြာရောင်ဝတ်စုံကို ထပ်မံဝတ်ဆင်လိုက်၏။
သူသည် မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်များကို အသင့်ပြင်ဆင်ကာ အဖြူရောင်မျက်နှာဖုံးကိုလည်း သေချာစွာ ဝှက်သိမ်းထားလိုက်သည်။
ကျောပြင်တွင် ချင်းယဲ့ဓားကို လွယ်ပိုးကာ ခါးတွင်လည်း ဓားတစ်စင်းကို ချိတ်ဆွဲထားလိုက်၏။
အားလုံးအသင့်ဖြစ်ပြီဟု ယူဆမိသောအခါမှ သူသည် အခန်းပြင်ပသို့ လှမ်းထွက်ခဲ့လေသည်။
ပထမထပ်ဧည့်ခန်းတွင် တစ်ခဏမျှ စောင့်ဆိုင်းပြီးနောက် ဝမ်ရိုနှင့် အခြားသူများသည်လည်း ဆင်းလာကြ၏။
အားလုံးစုစည်းမိပြီး နံနက်စာစားသောက်ပြီးနောက် တည်းခိုခန်းပြင်ပသို့ ထွက်ခွာကာ ရှင်တောက်အန်းဂိုဏ်းဆီသို့ ဦးတည်သွားကြလေတော့သည်။