← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း (၈၃) မွေးရာပါ အဆင့် ယဇ်ပူဇော်မှု

[ယဇ်ပူဇော်မည့် ရည်မှန်းချက် - မွေးရာပါ အဆင့်သို့ တက်လှမ်းရန်]

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများ တောက်ပလာပြီး အဆက်မပြတ် လင်းလက်နေကာ အချိန်အနည်းငယ် ကြာပြီးနောက် စာသားငယ်လေး တစ်ခု ထွက်ပေါ်လာခဲ့သည်။

[ယဇ်ပူဇော်မည့် တန်ဖိုး - မွေးရာပါ ဝိညာဉ်စွမ်းအင် တစ်ခု အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း တစ်တုံး ယွမ်ပုံဆောင်ခဲ ခြောက်တုံး နှလုံးသား ရှင်းလင်းရေး လျှို့ဝှက် အရည် ဆယ်စက် ပူဇော်မည်လား]

ကျန်းချဲ့ မျက်လုံး ဖွင့်လိုက်ပြီး သူ၏ မျက်နှာထားက လေးနက်သွားခဲ့သည်။

မွေးရာပါ အဆင့်သို့ တက်လှမ်းရန် ပေးဆပ်ရမည့် တန်ဖိုးက တကယ်ကို မလွယ်ကူလှပေ။ ကံကောင်းစွာဖြင့် အရေးအကြီးဆုံး ဖြစ်သော မွေးရာပါ ဝိညာဉ်စွမ်းအင်က ယခု သူ၏ မျက်စိရှေ့တွင် ရှိနေပေသည်။ ကျန်ရှိနေသော ယဇ်ပူဇော်စရာ ပစ္စည်းများ အတွက်မူ သေချာ အစီအစဉ်ဆွဲရန် လိုအပ်သေးသည်ဟု သူ ခံစားလိုက်ရသည်။

ထိုအတွေးများက ခဏတာမျှသာ ဖြတ်ပြေးသွားပြီးနောက် ကျန်းချဲ့က စိတ်ထဲမှ အမိန့်ပေးလိုက်ရာ အက်ကွဲကြောင်း ထဲတွင် ပုန်းအောင်းနေသော မွေးရာပါ ဝိညာဉ်စွမ်းအင် ပုံဆောင်ခဲလေးက အနီရောင် အလင်းတန်း တစ်ခုနှင့်အတူ ကျောက်တိုင် နေရာလွတ် အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

ကျန်းချဲ့၏ စိတ်အာရုံက နေရာလွတ် အတွင်းသို့ ရောက်ရှိသွားချိန်တွင် ထိုရွှေရောင် ငါးကြင်းလေးမှာ နေရာမှာတင် ရပ်တန့်သွားသကဲ့သို့ လုံးဝ လှုပ်ရှား၍ မရတော့ဘဲ ပျောက်ကွယ်သွားမည့် အရိပ်အယောင်လည်း လုံးဝ မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါမှသာ သူ လုံးဝ စိတ်အေးသွားတော့သည်။

"မင်း ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

လျိုကျစ်က ကျန်းချဲ့၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မျက်နှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"တစ်ခုခု ပြဿနာ ဖြစ်လို့လား"

"ဒီနေ့ မင်းက အနောက်မြို့နယ် စစ်စခန်း တံခါးဝမှာ သွေးကြောပွင့် အဆင့် စွမ်းအားကို ထုတ်ပြလိုက်တာက တပ်မှူးချုပ်ကျူး ကို သတိဝင်သွားစေပြီ အခု သူက မင်းအပေါ် လူသတ်လိုစိတ် ပေါ်နေလောက်ပြီ မင်းရဲ့ သဲလွန်စကိုလည်း လိုက်ရှာနေတယ်"

လျိုကျစ်က ယနေ့ ကျန်းချဲ့ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို တစ်ခုမကျန် အသေးစိတ် ပြောပြလိုက်သည်။

တပ်မှူးချုပ်ကျူး နှင့် ဝူရှောက်လင် တို့၏ တိုက်ပွဲ အပါအဝင် ဖြစ်သည်။

ကျန်းချဲ့က ခေါင်း အနည်းငယ် ညိတ်လိုက်ပြီး စားပွဲကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်နေလိုက်သည်။

'ငါ ထင်ထားတဲ့ အတိုင်းပဲ'

ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သူ ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။

တစ်ခုတည်းသော အံ့ဩစရာမှာ တပ်မှူးချုပ်ကျူး ၏ စွမ်းအားက ဝူရှောက်လင် ကို အနည်းငယ်သာ အရေးနိမ့်ပြီး ရင်ပေါင်တန်း တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။ ယခင်က တပ်မှူးချုပ်ကျူး ၏ စွမ်းအားက ဟော့ရှောက်စန်း တို့နှင့် သိပ်မကွာခြားလှဘူးဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။

'တပ်မှူးချုပ်ကျူး ကို အရှင်ထားလို့ မရတော့ဘူး'

မျက်နှာချင်းဆိုင် အဆင်မပြေ ဖြစ်သွားပြီ ဖြစ်သလို ကျန်းချဲ့က သွေးကြောပွင့် အဆင့် စွမ်းအားကိုလည်း ဖော်ပြလိုက်ပြီ ဖြစ်ရာ ယခု တပ်မှူးချုပ်ကျူး မည်မျှ ဒေါသထွက်နေမည်ကို မှန်းဆ၍ ရနိုင်ပေသည်။ ထို့အပြင် ဝေါ့ဟူတောင် ၏ ချုံခိုတိုက်ခိုက်မှု ပါ ထပ်မံ ပေါင်းထည့်လိုက်ရာ နှစ်ဖက်စလုံး၏ သည်းခံနိုင်စွမ်းက ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကောင်းစွာ သိနိုင်ပေသည်။

အနိုင်အရှုံးကို အပြီးတိုင် ဆုံးဖြတ်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

သူ့ကို ရှာတွေ့ပါက ခိုယွမ်ရှန်း ကို ရှာတွေ့မည် ဖြစ်ပြီး ထိုမှတစ်ဆင့် မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရရှိမည် ဖြစ်သည်။

သူက အဓိက သော့ချက် ဖြစ်နေပေသည်။

"ယန်ဂူခရိုင်မှာ ဆက်နေဖို့က မဖြစ်နိုင်တော့ဘူး အခု ချက်ချင်း ထွက်သွားပြီး တပ်မှူးချီ ဆီကို သွားခိုလှုံတာ အကောင်းဆုံးပဲလို့ ငါ ထင်တယ်"

ဤသည်မှာ လက်ရှိ အချိန်တွင် ကျန်းချဲ့ အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်မည်ဟု လျိုကျစ်က ထင်မြင်နေပေသည်။

အတင်းအကျပ် ရင်ဆိုင်ခြင်းက မိုက်မဲရာ ကျပြီး ထွက်ပြေးခြင်းကသာ အကောင်းဆုံး အကြံအစည် ဖြစ်သည်။

သေချာသည်မှာ ဤသည်က ကျန်းချဲ့ကို သူ အထင်မကြီး၍ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် ယခု ကျန်းချဲ့ ပြသလိုက်သော စွမ်းအားများ အရ ဆိုလျှင် ကြီးပြင်းလာပြီဟု ဆိုနိုင်ပြီး အနာဂတ်တွင် တပ်မှူးချုပ်ကျူး တို့ကို ကျော်လွန်သွားရန်မှာ အချိန် ပြဿနာ တစ်ခုသာ ဖြစ်ပေသည်။

နေရာ တစ်ခုတွင် ပုန်းအောင်းကာ အချိန် အတန်ကြာအောင် စောင့်ဆိုင်းနေရန်သာ လိုအပ်ပေသည်။

သို့သော် ဤအရာက ကျန်းချဲ့၏ အကြံအစည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

ယခုအခါ သူက သွေးကြောပွင့် အဆင့်သို့ စတင် ဝင်ရောက်ကာစ မဟုတ်တော့ဘဲ အစစ်အမှန် သွေးကြောပွင့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ဝေါ့ဟူတောင်၏ ဒုတိယ ခေါင်းဆောင်ကို စက္ကန့် အနည်းငယ် အတွင်း သတ်ဖြတ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တပ်မှူးချုပ်ကျူး နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်ရန်မှာ လုံးဝ ပြဿနာ မရှိတော့ပေ။

ထို့ကြောင့် ကျန်းချဲ့၏ ယခု လက်ရှိ အစီအစဉ်မှာ 'ဝက်' သတ်ရန် ပင် ဖြစ်သည်။

နှစ်သစ်ကူး ရောက်ပြီ ဝက်တွေလည်း ဝနေပြီ ဆိုတော့ နှစ်သစ်ကို ကောင်းကောင်း ဖြတ်သန်းဖို့ ဝက်သတ်ဖို့ အချိန်တန်ပြီလေ။

သူတို့ ကြားမှ အငြိုးအာဃာတ များကိုလည်း အဆုံးသတ်ရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

"ဘာ မင်းက တပ်မှူးချုပ်ကျူး ကို ချုံခိုတိုက်ခိုက်ချင်တာလား"

ကျန်းချဲ့ ပြောလိုက်သော စကားကို ကြားသောအခါ လျိုကျစ်က အလွန် အံ့ဩ ထိတ်လန့်သွားပြီး ကျန်းချဲ့၏ ဤအတွေးက အရမ်း အန္တရာယ် များလွန်းသည်ဟု ခံစားလိုက်ရသည်။

"တပ်မှူးချုပ်ကျူး ရဲ့ စွမ်းအားကို ထည့်မပြောရင်တောင် သူ့ရဲ့ ရာထူး အဆင့်အတန်း အရ သူ့ကို သတ်လိုက်ရင် ပုန်ကန်တာနဲ့ ဘာမှ မကွာတော့ဘူး မင်းကများ"

လျိုကျစ်က ကျန်းချဲ့၏ အကျိုးအပြစ်များကို ခွဲခြမ်းစိတ်ဖြာ ပြကာ အလျင်အမြန် တားဆီးလိုက်သည်။ ကျန်းချဲ့၏ ဤအတွေးကို ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

"အဲဒီ အချိန်ကျရင် အပြစ်ခံယူပေးမယ့်သူ ရှိလာပါလိမ့်မယ်"

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။

ဝေါ့ဟူတောင် က အကောင်းဆုံး အပြစ်ခံယူပေးမည့်သူ ပင် ဖြစ်သည်။ ယနေ့ အကြောင်းရင်းများ ရှိနေပြီ ဖြစ်ရာ နောက်ပိုင်းတွင် ထပ်မံ ချုံခိုတိုက်ခိုက်မည် ဆိုပါကလည်း သဘာဝကျသော ကိစ္စ တစ်ခုသာ ဖြစ်သည်။ အချုပ်ပြောရလျှင် ဤအပြစ်ကို...

ဝေါ့ဟူတောင် က မထမ်းချင်လည်း ထမ်းရမည် ထမ်းချင်လည်း ထမ်းရမည်သာ ဖြစ်သည်။

"ဒါပေမဲ့ တပ်မှူးချုပ်ကျူး ရဲ့ စွမ်းအားက"

"သူ့ကို သတ်နိုင်တဲ့သူ သေချာပေါက် ရှိပါတယ်"

ကျန်းချဲ့က တစ်ဖက်လူကို ကြီးမားသော အံ့ဩစရာ တစ်ခု ပေးရန် ဆုံးဖြတ်ထားလိုက်သည်။

သူ၏ ကိုယ်ပေါ်ရှိ ရတနာကို လိုချင်တပ်မက်နေသည် ဆိုတော့ တပ်မှူးချုပ်ကျူး တွင် ဤမျှ ကောင်းမွန်သော ဝါးမြိုနိုင်စွမ်း ရှိမရှိ စမ်းသပ်ကြည့်ရမည် ပေါ့။

"မင်း ဘယ်နေရာမှာ လှုပ်ရှားဖို့ ပြင်ထားလဲ"

လျိုကျစ်က အချိန်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေပြီး ကျန်းချဲ့ကို တားဆီး၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် ဆက်လက် မတားဆီးတော့ဘဲ ကျန်းချဲ့၏ အကြံအစည်များက ဘာလဲ ဆိုတာကိုသာ မေးလိုက်တော့သည်။

သူက ကျန်းချဲ့ကို ထောက်ခံခဲ့သည်များ အရမ်း များလွန်းနေပြီ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း အလွန် ကြီးမားနေပြီ ဖြစ်သည်။ အကယ်၍ ကျန်းချဲ့သာ ရှုံးနိမ့်သွားပါက ယခင်က လောင်းကြေးထပ်ခဲ့သမျှ အားလုံး အလကား ဖြစ်သွားမည် ဖြစ်ရာ သူ ကိုယ်တိုင်လည်း တတ်နိုင်သမျှ ကူညီပေးရမည် ဖြစ်သည်။

'စွန့်စားကြည့်တာပေါ့…’

"တပ်မှူးချုပ်ကျူး က မွေးရာပါ ဝိညာဉ်စွမ်းအင်ကို အလောတကြီး လိုချင်နေတာ မဟုတ်ဘူးလား အဲဒီ ပစ္စည်းကိုပဲ ငါးစာ အဖြစ် သုံးမယ် ရွှီဆန်းအာ ကို ဟန်ဆောင် သစ္စာဖောက်ခိုင်းပြီး ဆရာ့က တစ်ဆင့် တပ်မှူးချုပ်ကျူး ဆီကို ခေါ်သွားကာ ခိုယွမ်ရှန်း ကို ကိုယ်တိုင် ချပြလိုက်မယ်"

"ကျွန်တော် ကတော့ ယွီဟယ်မြစ်ဝ ကနေ ချုံခိုနေပြီး တပ်မှူးချုပ်ကျူး ငါးစာဟပ်လာမယ့် အချိန်ကို အေးအေးဆေးဆေး စောင့်နေမယ်"

အရင်းအနှီး မပေးရဲဘဲ အမြတ် ကြီးကြီး မရနိုင်ပေ။ ယခုအခါ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ယူဆောင်သွားပြီ ဖြစ်ရာ ယွီဟယ်မြစ်ဝ ၏ ဤလျှို့ဝှက်ချက်ကလည်း တန်ဖိုး မရှိတော့ပေ။ ၎င်းကို တပ်မှူးချုပ်ကျူး ကို ချုံခိုတိုက်ခိုက်ရန် အသုံးပြုပြီး သူ၏ သင်္ချိုင်းမြေ အဖြစ် ဖန်တီးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"တပ်မှူးချုပ်ကျူး ကို သေချာပေါက် သတ်နိုင်မယ်လို့ တကယ် သေချာရဲ့လား"

လျိုကျစ်က ယခုအချိန်တွင် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်ပြီး အမှားအယွင်း တစ်ခုခု ဖြစ်မည်ကို ကြောက်ရွံ့နေပေသည်။

ယခင်က ဆိုလျှင် ယနေ့လို အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ အခြေခံ အားဖြင့် သူက ကျန်းချဲ့၏ အလားအလာကို အထင်ကြီးရုံ သက်သက်သာ ဖြစ်ပြီး ဤမျှလောက် အထိ နက်ရှိုင်းစွာ ပါဝင် ပတ်သက်ရန် မစဉ်းစားခဲ့ဖူးပေ။

"သေချာတယ်"

"ကောင်းပြီ ငါ မင်းကို ကူညီမယ်"

လျိုကျစ်က အချိန်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဆရာ့ကို မေးစရာ နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်"

ကျန်းချဲ့က ဆက်ပြောလိုက်သည်။

"ဘာလဲ"

"ဆရာ့ အိမ်တော်မှာများ"

ဤတစ်ကြိမ်တွင် ကျန်းချဲ့က ယဇ်ပူဇော်စရာ ပစ္စည်းများနှင့် ပတ်သက်၍ လျိုကျစ်ကို တိုက်ရိုက် မမေးမြန်းတော့ပေ။ တစ်ခါ နှစ်ခါ ဆိုလျှင် ရသော်လည်း ထိုထက် ပိုများလာပါက လူများကို သံသယ ဝင်စေရန် လွယ်ကူသဖြင့် သူ သတိထားရမည် ဖြစ်သည်။

သူ ငှားရမ်း ဖတ်ရှုလိုသည်မှာ လျိုကျစ်၏ လက်ထဲတွင် ရှိသော မွေးရာပါ အဆင့်နှင့် ပတ်သက်သည့် စာအုပ်အချို့နှင့် ရတနာ အမျိုးမျိုး အကြောင်း ရှင်းလင်းချက်များပင် ဖြစ်သည်။ လျိုကျစ်၏ လက်ထဲတွင် ငယ်ရွယ်စဉ်ကတည်းက စုဆောင်းလာခဲ့သော အရာများ ရှိနေသဖြင့် ကျန်းချဲ့၏ မေးခွန်းများကို အကြိမ်ကြိမ် ဖြေကြားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း နှင့် ပိုင်ယောင်ဆေးဆိုင် တို့မှ စာအုပ်အချို့ကိုပါ ပေါင်းထည့်လိုက်သော အခါမှသာ ယဇ်ပူဇော်စရာ ပစ္စည်းများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သူ အပြည့်အစုံ ရှာဖွေ တွေ့ရှိသွားခြင်း ဖြစ်သည်။

အထူးသဖြင့် ပိုင်ယောင်ဆေးဆိုင်၏ ဝိညာဉ် ရတနာ မှတ်တမ်း စာအုပ်က သူ့ကို အများကြီး အကူအညီ ဖြစ်စေခဲ့သည်။

ထိုအခါမှသာ ယွမ်ပုံဆောင်ခဲ ဆိုသည်မှာ သတ္တုတွင်း များထဲတွင် အလွန် ပြင်းထန်စွာ စုစည်း သိပ်သည်းနေသော ကောင်းကင်နှင့် မြေကြီး၏ မူလ စွမ်းအင်များ ဖြစ်ပြီး အလွန် ကြီးမားသော အင်အားများ ပါဝင်နေကြောင်း သူ သိရှိသွားခဲ့သည်။ မွေးရာပါ အဆင့် အောက်ရှိ သိုင်းသမားများ အတွက်မူ ၎င်းက လုံးဝ အသုံးမဝင်သလောက်ပင် ဖြစ်သည်။

သို့သော် မွေးရာပါ အဆင့်သို့ တက်လှမ်းပြီးပါက လေ့ကျင့်ရာတွင် အကူအညီ ဖြစ်စေရန် ယွမ်ပုံဆောင်ခဲ များကို လိုအပ်ပေသည်။ ထိုသို့ အသုံးပြုခြင်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ မူလ စွမ်းအင်များကို ပိုမို ထိရောက်စွာ ရှူသွင်း ရှူထုတ် လုပ်နိုင်ပြီး စွမ်းအား အဖြစ် ပြောင်းလဲနိုင်သဖြင့် အတုံးတိုင်းက အလွန် အဖိုးတန်လှပေသည်။

သာမန် ရွှေငွေများဖြင့် လဲလှယ်၍ ရနိုင်သော အရာ မဟုတ်ပေ။

နှလုံးသား ရှင်းလင်းရေး လျှို့ဝှက် အရည် ကတော့ သွေးကြောများကို ကာကွယ်ပေးသော ရတနာ တစ်ပါး ဖြစ်ပြီး သိုင်းပညာရှင်များ မွေးရာပါ အဆင့်သို့ တက်လှမ်းရာတွင် မဖြစ်မနေ ပြင်ဆင်ထားရမည့် အထောက်အကူပြု ဝိညာဉ် ရတနာ တစ်ပါး ဖြစ်သည်။ မဟုတ်ပါက ကြမ်းတမ်းလှသော မွေးရာပါ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာပါက သွေးကြောများကို စုတ်ပြဲသွားစေနိုင်ပြီး တစ်ကြိမ် စုတ်ပြဲသွားပါက ပြန်လည် ကုစားရန် အလွန် ခက်ခဲလှပေသည်။

၎င်း၏ တန်ဖိုးကလည်း အလွန် မြင့်မားလှပေသည်။

နောက်ဆုံး ယဇ်ပူဇော်စရာ ပစ္စည်း ဖြစ်သော အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း အကြောင်းကို စုံစမ်း တွေ့ရှိချိန်တွင်မူ ကျန်းချဲ့က အချိန်အနည်းငယ် ကြာအောင် မှင်တက်သွားခဲ့သည်။

၎င်း၏ အသုံးဝင်မှုမှာ သိုင်းပညာရှင်များကို အမြဲတမ်း အသိအာရုံ ကြည်လင်နေစေရန် လုပ်ဆောင်ပေးနိုင်ပြီး မွေးရာပါ အဆင့်သို့ တက်လှမ်းရာတွင် အသုံးဝင်ရုံသာမက လေ့ကျင့်ရာတွင်လည်း အလွန် အသုံးဝင်လှပေသည်။ အထူးသဖြင့် မိစ္ဆာ ကျင့်စဉ်များကို လေ့ကျင့်ရာတွင် ပိုမို အသုံးဝင်ပေသည်။

အထင်ရှားဆုံး သွင်ပြင်လက္ခဏာမှာ အဆိပ်ငွေ့နှင့် မေ့ဆေးငွေ့ အမျိုးမျိုးကို လုံးဝ ဂရုစိုက်စရာ မလိုခြင်းပင် ဖြစ်သည်။ အကယ်၍ အဆိပ်ငွေ့ သို့မဟုတ် အဆိပ်ဆေး များကို ကျောက်စိမ်းက အာရုံခံမိပါက ချက်ချင်းပင် ပုံမှန် မဟုတ်သော အေးစက်မှု အဖြစ်သို့ ပြောင်းလဲသွားတတ်ပေသည်။

ဤရှင်းလင်းချက်များက ကျန်းချဲ့ကို ထိုညက မြင်ကွင်း တစ်ချက်အား ရုတ်တရက် ပြန်လည် သတိရသွားစေခဲ့သည်။

သခင်မကြီးကျူး ၏ လည်ပင်းတွင် ဆွဲထားသော အရာက... အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်းများ ဖြစ်နေမလား။

သူ ကိုင်တွယ် ကစားကြည့်ချိန်က အလွန် အေးမြသော ခံစားမှုကို ရရှိခဲ့ပြီး စိတ်နှလုံး ကြည်လင်သွားစေခဲ့သည်။ သာမန် အဆင့်မြင့် ကျောက်စိမ်း တစ်တုံးဟုသာ သူ ထင်မှတ်ထားခဲ့သော်လည်း ယခု ပြန်တွေးကြည့်သောအခါ... ရှာရခက်သော အရာကို အလွယ်တကူ ရရှိလိုက်သကဲ့သို့ ပင် ဖြစ်နေပေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲမှ သံသယ တစ်ခုကိုလည်း ဖြေရှင်းပေးနိုင်ခဲ့သည်။ သူ ကြိုတင် ပြင်ဆင်သွားခဲ့သော မေ့ဆေးငွေ့များက ဘာကြောင့် လုံးဝ အသုံးမဝင်ခဲ့သနည်း ဆိုသည်ကို အံ့ဩနေခဲ့ရာ... အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း ကြောင့် ဖြစ်နေသည်ကိုး...

ထို့ကြောင့် သူက တပ်မှူးချုပ် အိမ်တော်သို့ နောက်ထပ် တစ်ခေါက် ထပ်သွားရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ယန်ဂူ ခရိုင်ရုံးတော်။

ယမန်နေ့က တိုက်ပွဲ အပြီးတွင် တပ်မှူးချုပ်ကျူး က အိမ်သို့ လုံးဝ မပြန်တော့ဘဲ ခရိုင်ရုံးတော် အတွင်းတွင်သာ အမြဲတမ်း နေထိုင်နေခဲ့သည်။ သို့သော် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဆယ်နာရီကျော် ကြာမြင့်သွားသော်လည်း ကျန်းချဲ့ကမူ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

လွှတ်လိုက်သော စစ်သည်များ အားလုံးက ကျန်းချဲ့ ပျောက်ဆုံးသွားပြီး သေဆုံးသွားလောက်ပြီ ဖြစ်ကြောင်း ပြန်လည် သတင်းပို့ကြပေသည်။

ဤသည်က သူ့ကို အလွန် ဒေါသထွက်စေခဲ့သည်။ ကျန်းချဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းက အရေးမကြီးသော်လည်း သူ၏ ကိုယ်ပေါ်ရှိ အရာများနှင့် လျှို့ဝှက်ချက် များကမူ အလွန် အရေးကြီးလှပေသည်။ သူ သေသွားပါက ထူးဆန်းသော ရတနာက ဘယ်လို လုပ်မလဲ... ခိုယွမ်ရှန်း ကရော ဘယ်လို လုပ်မလဲ...

သေမည် ဆိုလျှင်တောင်မှ သူ၏ လက်ထဲတွင်သာ သေရမည် ဖြစ်သည်။

ထို့ကြောင့် သူက ခရိုင် အတွင်းရှိ စစ်သည် အင်အား တစ်ဝက်ခန့်ကို ပတ်ဝန်းကျင်တွင် လှည့်လည် ရှာဖွေရန် လွှတ်ထားခဲ့ပြီး ဖြစ်သည်။

ရှင်လျှင် လူကို မြင်ရမည် သေလျှင် အလောင်းကို မြင်ရမည် ဖြစ်သည်။

သေချာသည်မှာ အပြင်ပန်းတွင်မူ သူက ထိုသို့ အမိန့်ပေးမည် မဟုတ်ဘဲ စိုးရိမ်ပူပန် သည် ဟူသော အမည်ခံဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အတွင်းရေးကို မသိရှိသူများက ကျန်းချဲ့မှာ သူ၏ လူယုံ တစ်ယောက် ဖြစ်ကြောင်း တကယ်ပင် ယုံကြည်သွားကြပေသည်။

"သခင်ကြီး တပ်မှူးလျို လာရောက် တွေ့ဆုံခွင့် တောင်းနေပါတယ်"

တံခါးဝတွင် အစောင့် တစ်ယောက်က သတင်းပို့လိုက်သည်။

"သူ့ကို ဝင်လာခဲ့ခိုင်းလိုက်"

တပ်မှူးချုပ်ကျူး က ခပ်အုပ်အုပ် အသံဖြင့် တုံ့ပြန်လိုက်သည်။

"ကျွန်တော် သခင်ကြီးကို ဂါရဝပြုပါတယ်"

"ဘာကိစ္စလဲ"

တပ်မှူးချုပ်ကျူး က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"သခင်ကြီးကို သတင်းပို့ပါတယ် ကျွန်တော် ခိုယွမ်ရှန်း ရဲ့ သဲလွန်စကို ရှာတွေ့သွားပါပြီ"

လျိုကျစ်၏ စကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တပ်မှူးချုပ်ကျူး ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး လျိုကျစ်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အလွန် အံ့ဩစွာဖြင့် အတည်ပြု မေးမြန်းလိုက်သည်။

"မင်း ခိုယွမ်ရှန်း ကို ရှာတွေ့သွားပြီလား"

"ကျွန်တော် မဟုတ်ပါဘူး တကယ်တော့ ကျန်းချဲ့ ပျောက်ဆုံးသွားတယ် ဆိုတဲ့ သတင်းကို ကြားပြီးတော့ ကျန်းချဲ့ရဲ့ လူယုံက ကျွန်တော့်ဆီကို ကိုယ်တိုင် လာရှာတာပါ ကျွန်တော် အတင်းအကျပ် မေးမြန်းကြည့်တော့ သူက ခိုယွမ်ရှန်း ရဲ့ သဲလွန်စကို သိတယ် ဆိုတာကို ပြောပြပါတယ်"

"တကယ်လား"

တပ်မှူးချုပ်ကျူး က ထိုင်၍ မရတော့ဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

အံ့ဩ ဝမ်းသာစရာ ကိစ္စက ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဒါ တကယ်ကို ကောင်းကင်ဘုံက ကူညီတာပဲ...

ကျန်းချဲ့ သေဆုံးသွားသော်လည်း ခိုယွမ်ရှန်း ကို ရှာတွေ့သွားခြင်းက ဤရက်ပိုင်း အတွင်း သူ ကြားခဲ့ရသော အကောင်းဆုံး သတင်းပင် ဖြစ်သည်။

"ရွှီဆန်းအာ အခု အပြင်မှာ ရောက်နေပါတယ်"

"မြန်မြန် သူ့ကို မြန်မြန် ဝင်လာခဲ့ခိုင်းလိုက်"

"ကျွန်တော် ကျွန်တော် သခင်ကြီးကို ဂါရဝပြုပါတယ်"

ရွှီဆန်းအာ က လက်ထဲတွင် ဆေးတံကို ကိုင်ထားပြီး သူ၏ လက်မောင်းများက အနည်းငယ် တုန်ယင်နေကာ မြင်မြင်ချင်းမှာပင် ဒူးထောက် ခေါင်းငုံ့လိုက်ပြီး ကြောက်ရွံ့ တုန်လှုပ်နေသည့် ပုံစံကို အပြည့်အဝ ပီပြင်စွာ ဖော်ပြနေပေသည်။

"ခိုယွမ်ရှန်း ဘယ်မှာလဲ ဆိုတာကို မင်း သိလား"

တပ်မှူးချုပ်ကျူး က မျက်နှာကို တည်ထားပြီး အရှိန်အဝါ အပြည့်ဖြင့် ဤလူကို လေ့လာ ကြည့်ရှုရန် ပြင်လိုက်သည်။

"သိ သိပါတယ် တပ်မှူးကျန်း က ကျွန်တော့်ကို အဲဒီ ခို သားအဖ နှစ်ယောက်ကို ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ရဲ့ ရေအောက် အချုပ်ခန်းထဲမှာ လျှို့ဝှက်စွာ ဖမ်းထားခိုင်းတာပါ ကျွန်တော် ကိုယ်တိုင် စောင့်ကြည့်နေတာပါ"

ရွှီဆန်းအာ က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"မင်းက ဘာလို့ ကျန်းချဲ့ကို သစ္စာဖောက်ရတာလဲ"

"သစ္စာ သစ္စာဖောက်တာလား"

ရွှီဆန်းအာ က ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် အံ့ဩ ထိတ်လန့်သွားသည့် အမူအရာများ ပြည့်နှက်နေကာ တပ်မှူးချုပ်ကျူး ၏ အဓိပ္ပာယ်ကို နားမလည်သည့်ပုံ ပေါက်နေပေသည်။ သူ၏ ဟန်ဆောင်မှုက အလွန် သဘာဝကျပြီး အပြစ်အနာအဆာ လုံးဝ မတွေ့ရပေ။

"သခင်ကြီး ဒီလူက ချမ်းသာကြွယ်ဝမှုကို လိုချင်လို့ မဟုတ်ပါဘူး ကျန်းချဲ့ ပျောက်ဆုံးသွားတာကို သိပြီးတော့ ကျန်းချဲ့ကို ကယ်တင်ပေးဖို့ နည်းလမ်းရှာပေးဖို့ ကျွန်တော့်ဆီကို လာတောင်းဆိုတာပါ"

လျိုကျစ်က ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် ရှင်းပြလိုက်သည်။

မူလ အစီအစဉ်မှာ ရွှီဆန်းအာ ကို သစ္စာဖောက် အဖြစ် ဟန်ဆောင်ရန် ဖြစ်သော်လည်း ကျန်းချဲ့က ရွှီဆန်းအာ နှင့် တွေ့ဆုံ တိုင်ပင်ပြီးနောက် ဤသို့ ပြုလုပ်ခြင်းက လူများကို သံသယ ဝင်စေနိုင်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ လက်ရှိ အချိန်တွင် တပ်မှူးချုပ်ကျူး က ကျန်းချဲ့ကို တကယ် သတ်ချင်နေသည်ကို သိရှိသူ သိပ်မများလှပေ။

ထို့ကြောင့် အကြံကို အကြံဖြင့် ပြန်လည် အသုံးချကာ သစ္စာဖောက်ရန် မလိုဘဲ ရွှီဆန်းအာ ကို ကိုယ်တိုင် လာရောက် ရှာဖွေစေပြီး ကျန်းချဲ့ကို ကယ်တင်ပေးရန် အကူအညီ တောင်းဆိုစေခြင်းက ပိုမို သဘာဝကျပေလိမ့်မည်။

နောက်ဆုံးတွင် ကျန်းချဲ့က သေချာ စဉ်းစားပြီးနောက် ရွှီဆန်းအာ ၏ အကြံပြုချက်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။

တပ်မှူးချုပ်ကျူး ၏ မျက်လုံးများထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ စောစောက ရွှီဆန်းအာ ၏ ရည်ရွယ်ချက်ကို သူ တကယ်ပင် အနည်းငယ် သံသယ ဝင်နေခဲ့သည်။ လူယုံ ဆိုသည်မှာ အလွန် ယုံကြည်ရသော သူမျိုး ဖြစ်သည် မဟုတ်ပါလော။

ကျန်းချဲ့ ပျောက်ဆုံးသွားသည်ကို ကြားပြီး တစ်ရက် နှစ်ရက် အတွင်းမှာပင် စိတ်မထိန်းနိုင်ဘဲ ကိုယ်တိုင် သစ္စာဖောက်လာမည် ဆိုသည်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

"မင်း စိတ်ချပါ ကျန်းချဲ့က ငါ အရမ်း တန်ဖိုးထားတဲ့ မျိုးဆက်သစ် တစ်ယောက်ပါ သူ့ကို ငါ့ရဲ့ သားမက် အဖြစ်တောင် သတ်မှတ်ချင်နေတာ စောစောက မင်းကို စမ်းသပ်ကြည့်ရုံလေးပါ"

တပ်မှူးချုပ်ကျူး က ပြုံးကာ စကားလှည့်လိုက်သည်။

"ကျွန်တော် ကျွန်တော် သိပါတယ် အဲဒါကြောင့်မလို့ တပ်မှူးလျို ကို လာရှာတာပါ"

ရွှီဆန်းအာ က ထစ်အ ထစ်အ ဖြင့် ခေါင်းညိတ်လိုက်သည်။

"သစ္စာစောင့်သိတယ် မင်းက တကယ် မဆိုးဘူး ကျန်းချဲ့ အေးအေးဆေးဆေး ပြန်လာတဲ့ အချိန်ကျရင် မင်းကို နေရာကောင်း ပေးဖို့ ငါ သေချာပေါက် ပြောပေးမယ် ကဲ အခု ချက်ချင်း ငါ့ကို ခိုယွမ်ရှန်း ဆီ ခေါ်သွား"

တပ်မှူးချုပ်ကျူး က တိုက်ရိုက် ပြောလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့"

"ဝုန်း"

အေးစက်နေသော မြစ်ရေ တစ်ပုံးက ခိုယွမ်ရှန်း ၏ ကိုယ်ပေါ်သို့ လောင်းချခံလိုက်ရပြီး ပြင်းထန်သော အေးစက်မှုကြောင့် သူက ချက်ချင်း သတိပြန်ရလာခဲ့သည်။ မျက်လုံး ဖွင့်ကြည့်လိုက်ရာ တပ်မှူးချုပ်ကျူး၊ လျိုကျစ် နှင့် အခြားသူများက သူ့ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"တပ်မှူးချုပ်ကျူး"

"ဂိုဏ်းချုပ်ခို မင်းက ငါ့ကို အမြဲတမ်း တွေ့ချင်နေတယ် ဆို"

"အဲဒါက အရင်တုန်းက ကိစ္စပါ"

ခိုယွမ်ရှန်း က သွားကြိတ်ကာ ပြန်ဖြေလိုက်သည်။ ယခင်က သူက အင်အားစု အသီးသီး၏ ပဋိပက္ခများတွင် မပါဝင်လိုသဖြင့် တပ်မှူးချုပ်ကျူး နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ရလဒ် အနေဖြင့် ကျန်းချဲ့၏ အသုံးချခြင်းကို ခံလိုက်ရပြီး အရင်းအမြစ်များကို အလကား ဖြုန်းတီးပစ်လိုက်ရခြင်းသာ ဖြစ်သည်။

"မင်းဆီမှာ မွေးရာပါ ဝိညာဉ်စွမ်းအင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် ရှိနေတယ် ဆိုတာကို ငါ သိတယ် ပြောပြရင် မင်း အသက်ကို ချမ်းသာပေးမယ်"

တပ်မှူးချုပ်ကျူး က စကားများများ ပြောမနေဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်သည်။

"ကျန်းချဲ့ ရော သူ ကတိပေးထားတယ် ငါ သူ့ကို ပြောပြလိုက်ရင် ချင်းလေးကို လွှတ်ပေးမယ် ဆိုပြီးတော့"

တပ်မှူးချုပ်ကျူး ၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ်များ ဖြတ်ပြေးသွားခဲ့သည်။ ကျန်းချဲ့က မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို စောစောကတည်းက သိထားခဲ့သည်မှာ သေချာလှပေသည်။ သို့သော် သူက သိပ်ပြီး အလောတကြီး မဖြစ်မိပေ။ ကျန်းချဲ့၏ စွမ်းအားက သိသာထင်ရှားစွာ အဆင့် တစ်ခု လိုအပ်နေသေးသည်။

မွေးရာပါ ကျောက်စိမ်းတုံး မရှိဘဲနှင့် တစ်ဖက်လူက မွေးရာပါ ဝိညာဉ်စွမ်းအင် ဘယ်မှာ ရှိနေသည်ကို သိလျှင်တောင်မှ ဘာမှ လုပ်၍ မရဘဲ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။

'အခွင့်အရေး ရှိနေသေးတယ်…’

"ကျန်းချဲ့ က ဝေါ့ဟူတောင်က လူတွေရဲ့ ချုံခိုတိုက်ခိုက်မှု ခံရပြီး အခု ပျောက်ဆုံးနေပြီ"

"ချင်း ချင်းလေး ရော"

ခိုယွမ်ရှန်း ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အလျင်အမြန် မေးလိုက်သည်။

တပ်မှူးချုပ်ကျူး က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှီဆန်းအာ က ခိုချင်းကို လျင်မြန်စွာ ခေါ်ဆောင်လာခဲ့ပြီး သူ့ကို ညွှန်ပြကာ ပြောလိုက်သည်။

"မင်း သိထားတဲ့ အရာတွေကို ငါ့ကို ပြောပြရင် မင်းတို့ သားအဖ နှစ်ယောက်လုံး အသက်ရှင်နိုင်မယ် မဟုတ်ရင်တော့ ဒီနေ့ နှစ်ယောက်လုံး သေရမယ်"

"အိပ်မက်သာ မက်နေလိုက် ချင်းလေးကို အရင် လွှတ်ပေးမှ မင်းကို ပြောပြမယ်"

"မင်းက ငါနဲ့ ဈေးဆစ်ပိုင်ခွင့် မရှိဘူး"

တပ်မှူးချုပ်ကျူး က အေးစက်စက် နှာမှုတ်လိုက်သည်။ ကျန်းချဲ့ပင်လျှင် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို အတင်းအကျပ် မေးမြန်းနိုင်ခဲ့သည် ဆိုခြင်းက ခိုချင်းမှာ ခိုယွမ်ရှန်း ၏ အားနည်းချက် ဖြစ်ကြောင်း သက်သေပြနေပေသည်။

"မင်း"

ခိုယွမ်ရှန်း က ခြိမ်းခြောက် စကား ပြောလိုသော်လည်း အသံက ရုတ်တရက် တန့်သွားပြီး ခေါင်းငုံ့သွားခဲ့သည်။ သူက စဥ့်တီတုံးပေါ်က အသားလို ဖြစ်နေပြီး ယခုအချိန်တွင် အကျဉ်းချခံထားရသဖြင့် ဈေးဆစ်ရန် လုံးဝ အရည်အချင်း မရှိကြောင်း သဘောပေါက်သွားခဲ့သည်။

"ပြောစမ်း"

ယခုအချိန်တွင် တပ်မှူးချုပ် အိမ်တော် အတွင်း၌...

ကျန်းချဲ့က နေ့ခင်းကြောင်တောင် အချိန်တွင် နောက်တစ်ကြိမ် ခိုးဝင်လာခဲ့သည်။ သူက အချိန်ကို သေချာ တွက်ချက်ထားခဲ့ပြီး ယခုအချိန်တွင် တပ်မှူးချုပ်ကျူး အိမ်ပြန်လာရန် လုံးဝ မဖြစ်နိုင်ကြောင်း သိရှိထားသည်။ ထို့အပြင် သူ၏ စွမ်းအားဖြင့် ဆိုလျှင် တပ်မှူးချုပ် အိမ်တော်ရှိ မည်သူကမျှ သူ့ကို တွေ့ရှိနိုင်မည် မဟုတ်ပေ။

အိပ်ခန်း အတွင်းတွင်...

အဖြူရောင် ရေနွေးငွေ့များက အခန်း တစ်ခုလုံးတွင် ပြည့်နှက်နေပြီး သခင်မကြီးကျူး က ရေချိုးစည်ပိုင်း အတွင်းတွင် သူမ၏ ကိုယ်ပေါ်ရှိ 'အညစ်အကြေး' များကို ဆေးကြောနေပေသည်။ အရေပြားများ နီရဲလာသည် အထိ ဆက်လက် ဆေးကြောနေဆဲ ဖြစ်သည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် သူမက သန့်ရှင်းစင်ကြယ်သော ခန္ဓာကိုယ် ရှိနေဆဲ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် လှည့်စားလိုခြင်းပင် ဖြစ်သည်။

'တပ်မှူးချုပ်ကျူး အပေါ် တောင်းပန်စရာ ကိစ္စ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး အဲဒါက မတော်တဆမှု တစ်ခု သက်သက်ပဲ မတော်တဆမှု ဆိုတာက ကိုယ်တိုင် ပေးတာလို့ မသတ်မှတ်နိုင်ပါဘူး'

"အဲဒီညက တကယ်ပဲ သတိမထားမိလိုက်ဘူး သခင်မကြီးက အရမ်း ဖြူဝင်းတာပဲ"

ရုတ်တရက် ရင်းနှီးနေသော အသံ တစ်သံက နားထဲသို့ ဝင်ရောက်လာပြီး သခင်မကြီးကျူး ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားကာ ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ အလျင်အမြန် ချိတ်ဆွဲထားသော အဝတ်အစားများကို ယူကာ ခန္ဓာကိုယ် အရှေ့တွင် ကာကွယ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

'တကယ်ပဲ အဲဒီ သူခိုး ထပ်ရောက်လာပြန်ပြီ'

All Chapters