အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) မင်းရဲ့ ဇနီးနဲ့ သမီးကို ငါ ဂရုစိုက်ပေးပါ့မယ်... မင်း ဘာမှ မပူပါနဲ့...
အကယ်၍ တပ်မှူးချုပ်ကျူး နှင့် ဝူရှောက်လင် တို့ မတိုက်ခိုက်ရသေးမီ အချိန်ကသာ ဆိုလျှင် တပ်မှူးချုပ်ကျူး ၏ စွမ်းအား၊ အတွေ့အကြုံများနှင့် ကျန်းချဲ့သာ သေရေးရှင်ရေး တိုက်ခိုက်ရမည် ဆိုပါက အနိုင်အရှုံးကို အတိအကျ ပြောရန် ခက်ခဲပေလိမ့်မည်။
သို့သော် ယခုအခါ...
သေရေးရှင်ရေး တိုက်ပွဲ တစ်ခုကို ဖြတ်သန်းပြီးနောက် ကျန်းချဲ့၏ ချုံခိုတိုက်ခိုက်မှုကိုပါ ခံလိုက်ရပြီး ဘယ်ဘက် လက်မောင်းတွင်ပါ တူရွင်း တစ်ချက် အထုခံလိုက်ရသဖြင့် ဝူရှောက်လင် မှာ အခြေအနေ အလွန် ဆိုးရွားနေပြီ ဖြစ်သည်။ အချိန် အနည်းငယ် ထပ်ဆွဲလိုက်မည် ဆိုပါက သူတို့ နှစ်ယောက် ကြားမှ ကွာဟချက်က ပိုမို ကြီးမားလာမည် ဖြစ်သည်။
ဝူရှောက်လင် က အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အမည်းရောင် သန်းနေသော အစိမ်းရောင် မိစ္ဆာစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာကာ လက်သီး တစ်ချက် ခြေထောက် တစ်ချက်တိုင်းတွင် ကြီးမားသော အားများ ပါဝင်နေပြီး ကျန်းချဲ့ကို နောက်ဆုံး အချိန်တွင် အပြတ်ရှင်းရန် ကြိုးစားနေပေသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က သူတို့ နှစ်ယောက် တိုက်ခိုက်ခဲ့စဉ်က ကျန်းချဲ့သည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ဘဲ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူ အနည်းငယ် ယုံကြည်မှု ရှိနေသေးသည်။
သို့သော် တိုက်ခိုက်ကြည့်သော အခါမှသာ ကျန်းချဲ့၏ စွမ်းအားက ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားကြောင်း ဝူရှောက်လင် သဘောပေါက်သွားခဲ့သည်။ အမည်းရောင် မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ကျန်းချဲ့က သူနှင့် ရင်ဆိုင်ရာတွင် လုံးဝ အရေးနိမ့်ခြင်း မရှိပေ။
ကျန်းချဲ့၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အမည်းရောင် မိစ္ဆာစွမ်းအင်များက ပိုမို နက်ရှိုင်းလာကာ ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း ကို အသုံးပြုပြီး သတ်ဖြတ်ရန် တစ်ခုတည်းကိုသာ သိသော လူသေကောင် တစ်ကောင်လို ရူးသွပ်စွာ တိုက်ခိုက်နေပေသည်။
"သတ် သတ် သတ်"
ခေါင်းထဲတွင် လူသတ်လိုစိတ်များသာ ပြည့်နှက်နေပြီး ယခုအချိန်တွင် ကျန်းချဲ့၏ ခေါင်းထဲ၌ အတွေး တစ်ခုတည်းသာ ရှိနေပေသည်။ ၎င်းမှာ ဤခက်ခဲသော ပြိုင်ဘက် ဖြစ်သည့် ဝူရှောက်လင် ကို လုံးဝ အပြတ်ရှင်းရန်ပင် ဖြစ်သည်။
ဤသို့ ဆိုလျှင် နောက်ပိုင်း ဝေါ့ဟူတောင် ကို သွားရောက် ရှင်းလင်းမည့် အချိန်တွင် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
ဆုန့်ကျိ ပြောပြချက် အရ ဝေါ့ဟူတောင် တစ်ခုလုံးတွင် သွေးကြောပွင့် အဆင့် သိုင်းသမား သုံးယောက်သာ ရှိကြောင်း သူ ကောင်းစွာ သိရှိထားပြီး ကျန်ရှိနေသော ဓားပြများကို သူ လုံးဝ ဂရုမစိုက်ပေ။
"ဘန်း"
"ဘန်း"
သူတို့ နှစ်ယောက်၏ တိုက်ပွဲက ပိုမို ပြင်းထန်လာပြီး နောက်ဆုံးတွင် လက်နက်များ အားလုံး လွတ်ကျသွားကာ လက်သီးချင်း ယှဉ်တိုက်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဤအခြေအနေက ကျန်းချဲ့ အတွက် ပိုမို အကျိုးရှိပေသည်။
အဘယ်ကြောင့်ဆိုသော် ဝူရှောက်လင် ၏ ပခုံးနှင့် လက်မောင်း တို့တွင် ဒဏ်ရာများ ရရှိထားသဖြင့် အားကုန် သုံးရန် ခက်ခဲနေသောကြောင့်ပင်။
"ဝုန်း"
နောက်ဆုံးတွင် ကျန်းချဲ့က အလွန် ထင်ရှားသော အားနည်းချက် တစ်ခုကို ရှာတွေ့သွားပြီး ဝူရှောက်လင် ၏ ညာဘက် လက်မောင်းကို ဖယ်ရှားကာ အရှိန်ပြင်းပြင်းဖြင့် ထိုးနှက်လိုက်ရာ ဝူရှောက်လင် က လက်မြှောက်ကာ ကာကွယ်ရန်သာ တတ်နိုင်တော့သည်။
ပေါက်ကွဲသံ တစ်ခုနှင့်အတူ...
ဝူရှောက်လင် ၏ ဘယ်ဘက် လက်မောင်းက ချက်ချင်း ကျိုးသွားပြီး အလွန် ထူးဆန်းသော ပုံစံဖြင့် နောက်သို့ လန်ကျသွားခဲ့သည်။
"အား"
ဤမျှ ပြင်းထန်သော နာကျင်မှုကို စိတ်ဓာတ် ခိုင်မာသော ဝူရှောက်လင် ပင်လျှင် သည်းမခံနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ သွားကြိတ်ပြီး ကျန်းချဲ့၏ တိုက်ခိုက်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် အခွင့်အရေး ရတုန်း ဘယ်လိုလုပ်ပြီး ကျန်းချဲ့က လွှတ်ပေးမည်နည်း။
ဝူရှောက်လင် ၏ ဘယ်ဘက် လက်မောင်းကို ချိုးပြီးနောက် ကျန်းချဲ့က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ် အတွင်းရှိ သွေးချီများ ပွက်ပွက်ဆူလာကာ သူ၏ လူသတ်လိုစိတ်နှင့် ခွန်အားများကို အစွမ်းကုန် အသုံးပြုပြီး ဝူရှောက်လင် ၏ အရိုးများကို တစ်စစီ ရိုက်ချိုးပစ်လိုက်သည်။
"ဘန်း"
နောက်ဆုံး အချက် အနေဖြင့် ကျန်းချဲ့က ဝူရှောက်လင် ၏ ဘယ်ဘက် ရင်ဘတ်ကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးက လေထဲသို့ မြောက်တက်သွားပြီး ပေအတော်များများ အထိ လွင့်စင်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ဖုန်မှုန့်များ ကင်းစင်သွားသော အခါ ဝူရှောက်လင် က မြေကြီးပေါ်တွင် ဒူးထောက်နေပြီး ညာဘက် လက်မောင်းဖြင့် ထရပ်ရန် ကြိုးစားနေသော်လည်း လုံးဝ အားမရှိတော့ဘဲ ခန္ဓာကိုယ် အတွင်း စုဆောင်းထားသော အတွင်းအားများ အားလုံးလည်း ကုန်ခမ်းသွားပြီ ဖြစ်သည်။
သတ်ဖြတ်ရန် အသင့် ဖြစ်နေသော သိုးငယ်လေး တစ်ကောင်လို ဖြစ်နေပေသည်။
မျက်လုံးထဲရှိ အနီရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ကျန်းချဲ့က ဝူရှောက်လင် ၏ အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားကာ သူ့ကို ခြေထောက်ဖြင့် နင်းထားပြီး အပေါ်စီးမှ နေ၍ အေးစက်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝူ နောက်တစ်ခါ ပြန်ဆုံကြပြန်ပြီနော်"
"မင်း တကယ် ရက်စက်တာပဲ ငါတို့ ညီအစ်ကို သုံးယောက်စလုံး မင်းလက်ထဲမှာ သေရမယ်လို့ မထင်ထားဘူး အဟွတ် အဟွတ် အဟွတ်"
ဝူရှောက်လင် ၏ စကားသံများက တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။
ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်ကျနေပေသည်။
ကျန်းချဲ့၏ စောစောက အစွမ်းကုန် တိုက်ခိုက်မှုများက သူ၏ ကိုယ်တွင်း အင်္ဂါများကို လုံးဝ ပျက်စီးသွားစေခဲ့ပြီး သွေးကြောများ အားလုံး ပွင့်နေကာ ခန္ဓာကိုယ် အတွင်းတွင် အတွင်းအား အနည်းငယ် လှည့်ပတ်နေသေးသဖြင့်သာ သူ အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။
"လူတွေက ချမ်းသာဖို့ အတွက် အသက်စွန့်ကြတယ် ငှက်တွေက စားစရာ အတွက် အသက်စွန့်ကြတယ် မင်းတို့က မွေးရာပါ ဝိညာဉ်စွမ်းအင် ကို လိုချင်နေမှတော့ ဒီနေ့လို ဖြစ်လာမယ် ဆိုတာကို ကြိုသိထားသင့်တယ်"
"မင်း ငါက တပ်မှူးချုပ်ကျူး ရဲ့ နောက်ယောင်ခံ လိုက်လာမယ် ဆိုတာကို ကြိုတွက်ထားတာလား"
"မင်း ဘာထင်လဲ"
ကျန်းချဲ့က ပြုံးကာ မေးလိုက်သည်။
"အနိုင်ရတဲ့သူက ဘုရင် ရှုံးတဲ့သူက သူပုန်ပဲ ဒီနေ့ မင်းလက်ထဲမှာ ရှုံးသွားတာ ငါ ဝန်ခံပါတယ် သတ်လိုက်ပါတော့"
ဝူရှောက်လင် က အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကျန်းချဲ့၏ အကြံအစည်များက ဘာလဲ ဆိုတာကို စဉ်းစားရန် လုံးဝ စိတ်မဝင်စားတော့ပေ။
''အရာအားလုံးကို သိသွားရင်ကော ဘာထူးမှာလဲ သူ သေရတော့မှာပဲလေ''
"မင်း ဝေါ့ဟူတောင် မှာ မိသားစုတွေ ရှိသေးတယ် မဟုတ်လား"
ကျန်းချဲ့က ချက်ချင်း မသတ်သေးဘဲ ဆက်လက် မေးမြန်းလိုက်သည်။
"မင်း ဘာလုပ်ချင်တာလဲ"
"ငါ သိချင်တာတွေကို ဖြေမယ် ဆိုရင် မင်းရဲ့ မိသားစုတွေကို ချမ်းသာပေးမယ် မဟုတ်ရင် ငါ ဝေါ့ဟူတောင် ကို လာရှင်းတဲ့ အချိန်ကျရင် မင်းရဲ့ မိသားစုတွေ အကုန်လုံး သေရလိမ့်မယ် မင်း ငါ့စကားကို ယုံမလား မယုံဘူးလား လောင်းကြေးထပ်ကြည့်မလား"
"မင်း ဘာသိချင်တာလဲ"
ဝူရှောက်လင် ၏ တဖြည်းဖြည်း မှေးမှိန်နေသော မျက်လုံးများက ရုတ်တရက် ပြန်လည် တောက်ပလာပြီး ကျန်းချဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းက မွေးရာပါ အဆင့်ကို တက်လှမ်းဖို့ ရည်ရွယ်ထားတယ် ဆိုတော့ မင်းဆီမှာ အကူအညီ ဖြစ်စေမယ့် ရတနာတွေ အများကြီး ရှိနေမှာပဲ အဲဒီ ရတနာတွေကို ဘယ်မှာ ထားလဲ ဆိုတာကို ပြောပြပါ အဲဒါက မင်းရဲ့ မိသားစုတွေ အတွက် အသက်ဖိုးပဲ"
ကျန်းချဲ့က ယခုအခါ အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်းကို ရရှိထားပြီ ဖြစ်သော်လည်း ယွမ်ပုံဆောင်ခဲ ခြောက်တုံး နှင့် နှလုံးသား ရှင်းလင်းရေး လျှို့ဝှက် အရည် တို့က သူ့အတွက် ကြီးမားသော အခက်အခဲ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် သူက မျှော်လင့်ချက် များကို ဝူရှောက်လင် ၏ အပေါ်တွင် ပုံချထားလိုက်သည်။
"မင်း တကယ် အရည်အချင်း ရှိရင် တောင်ပေါ် တက်ပြီး ရှာကြည့်လေ"
ဝူရှောက်လင် ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး ကျန်းချဲ့ကို လှောင်ပြောင် သရော်လိုက်သည့်ဟန် ပေါ်နေပေသည်။
"တကယ် မပြောဘူးလား"
"ငါ ငါ မင်းကို ငရဲပြည် ကနေ စောင့်နေမယ်"
"ရွှပ်"
ဓားတစ်ချက် အကျတွင် ဝူရှောက်လင် ၏ ခေါင်း ပြတ်ကျသွားခဲ့သည်။
ကျန်းချဲ့က တစ်ဖက်လူ၏ ကိုယ်ပေါ်မှ စုတ်ပြဲနေသော ဝတ်ရုံဖြင့် ဓားပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပြသပေ။ ဝူရှောက်လင် ၏ တုံ့ပြန်မှုက သူ ကြိုတင် ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ကျန်းချဲ့ နှင့် သူတို့ ကြားတွင် အသေအကြေ ရန်ငြိုးများ ရှိနေသည် မဟုတ်ပါလော။
အနည်းငယ် အရိုးခံ ရှိသူ တစ်ယောက် အနေဖြင့် ဘာမှ ပြောပြမည် မဟုတ်ပေ။
အကယ်၍ တစ်ဖက်လူက မပြောပြချင်ဘူး ဆိုလျှင်လည်း သူ ဆက်လက် မေးမြန်းရန် စိတ်မရှည်တော့ပေ။
''မပြောပြရင် နေပါစေလေ တောင်ပေါ် တက်ရှင်းတဲ့ အချိန်ကျရင် အလိုလို သိလာမှာပဲ တကယ်လို့ ရှာမတွေ့ရင်တောင် တပ်မှူးချီ ဆီကို အကူအညီ သွားတောင်းရင် မျှော်လင့်ချက် ရှိနိုင်သေးတာပဲ''
ဂုဏ်သတင်း ကြီးမားသော ခရိုင် တပ်မှူးချုပ် တစ်ယောက် အနေဖြင့် သူတို့၏ နောက်ခံက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ချီမိသားစု တွင် မွေးရာပါ အဆင့် သိုင်းပညာရှင် တစ်ယောက်ထက် မက ရှိနေကြောင်းကို လျိုကျစ် ပြောပြချက် အရ သူ ကောင်းစွာ သိရှိထားပေသည်။
သို့သော် မတတ်သာသည့် အဆုံးမှသာ ဤရွေးချယ်မှုကို သူ ပြုလုပ်မည် ဖြစ်သည်။
အားနည်းသူက ရတနာ ပိုင်ဆိုင်ထားခြင်းက အပြစ် တစ်ခု ဖြစ်သည်။
နောက်ခံ မရှိ အင်အား မရှိသော သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်က အလွန် တန်ဖိုးကြီးမားသော မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားခြင်းက ပြဿနာ တစ်ခု ဖြစ်ပြီး လူများ၏ လိုချင်တပ်မက်မှုကို ဆွဲဆောင်နိုင်ပါက ကျန်းချဲ့ ရင်ဆိုင်ရမည့် ပြိုင်ဘက်များက သာမန် သွေးကြောပွင့် အဆင့် သိုင်းသမားများ မဟုတ်တော့ပေ။
တပ်မှူးချုပ်ကျူး လိုမျိုး မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက် လူအများအပြားကို လိုက်ရှာခိုင်းမည့် အစား သတင်း မပေါက်ကြားစေရန် မိသားစုဝင်များကိုပင် မသိစေဘဲ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည် မဟုတ်ပါလော။
အင်အားကြီးမားသော ပြိုင်ဘက်များ ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့်ပင် ဖြစ်သည်။
ကျန်းချဲ့၏ ချုံခိုတိုက်ခိုက်မှုက တကယ်ကို ပြီးပြည့်စုံလှပေသည်။ အကယ်၍ စက္ကန့် အနည်းငယ်မျှ စောပြီး သူ ချုံခိုနေသည်ကို သိရှိသွားပါက တပ်မှူးချုပ်ကျူး နှင့် ဝူရှောက်လင် တို့က ဦးနှောက် အနည်းငယ် ရှိရုံဖြင့် သေချာပေါက် ထွက်ပြေးသွားကြမည် ဖြစ်သည်။
သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်၏ လှုပ်ရှားမှု မြန်ဆန်မှုက စက္ကန့်အနည်းငယ် အတွင်းမှာပင် ပေအတော်များများ ရောက်ရှိသွားနိုင်ပေသည်။
အကယ်၍ စက္ကန့် အနည်းငယ်မျှ နောက်ကျသွားပါက ဝူရှောက်လင် က တပ်မှူးချုပ်ကျူး ကို သတ်ဖြတ်ပြီးနောက် သူ၏ အားနည်းချက် များကို ဖုံးကွယ်သွားနိုင်မည် ဖြစ်ပြီး ကျန်းချဲ့ ရေထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝူရှောက်လင် က ချက်ချင်း တုံ့ပြန်နိုင်မည် ဖြစ်သည်။
ထိုသို့ ဆိုလျှင် သေချာပေါက် ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
သို့သော် ယခုအခါ တပ်မှူးချုပ်ကျူး က ကျန်းချဲ့၏ တူရွင်း တစ်ချက်ဖြင့် မြေကြီးပေါ်တွင် လဲကျနေပြီး ဝူရှောက်လင် ကလည်း သူ၏ လက်ထဲတွင် အချိန် အနည်းငယ်မျှသာ ခံနိုင်ခဲ့ပေသည်။
ဤတစ်ကြိမ် ရလဒ်က တကယ်ကို ပြီးပြည့်စုံလှပေသည်။
မူလက သူ၏ ပစ်မှတ်မှာ တပ်မှူးချုပ်ကျူး တစ်ယောက်တည်းသာ ဖြစ်ပြီး သူ့ကို သတ်ဖြတ်လိုက်ပါက နောက်ပိုင်း ပြဿနာများ အားလုံး ရှင်းလင်းသွားမည် ဖြစ်သော်လည်း ဝူရှောက်လင် ၏ ရုတ်တရက် ပေါ်လာမှုက သူ့အတွက် မထင်မှတ်ထားသော အကျိုးအမြတ် တစ်ခု ဖြစ်သွားခဲ့သည်။
ကျန်းချဲ့က တပ်မှူးချုပ်ကျူး ကို သတ်ဖြတ်လိုက်ပါက သဲလွန်စများ ကျန်ရစ်ခဲ့မည်လား။
သေချာပေါက် မကျန်ခဲ့ပါဘူး...
ပထမ အချက် အနေဖြင့် ကျန်းချဲ့က ပျောက်ဆုံးနေသူ တစ်ယောက် ဖြစ်ပြီး လိုက်လံ ဖမ်းဆီးခံနေရသူ တစ်ယောက် ဖြစ်သဖြင့် လူအများစုက သူ သေဆုံးသွားပြီဟု ထင်မှတ်ထားကြရာ တပ်မှူးချုပ်ကျူး ၏ သေဆုံးမှုနှင့် သူ့ကို ဆက်စပ် တွေးတောရန် အလွန် ခက်ခဲလှပေသည်။
ဒုတိယ အချက် အနေဖြင့် အပြစ်ခံယူပေးမည့်သူ ရှိနေပြီ ဖြစ်သည်။ တပ်မှူးချုပ်ကျူး နှင့် ဝူရှောက်လင် တို့၏ တိုက်ပွဲက အလွန် ကြီးမားသော သဲလွန်စများ ချန်ရစ်ခဲ့ပြီး ယခင်က ဝူရှောက်လင် ယန်ဂူခရိုင် အတွင်း ဝင်ရောက် ချုံခိုတိုက်ခိုက်မှုများကိုပါ ထည့်သွင်း စဉ်းစားလိုက်ပါက သူက အသင့်တော်ဆုံး တရားခံပင် ဖြစ်သည်။
တတိယ အချက် အနေဖြင့် ပတ်ဝန်းကျင်တွင် လူသူ ကင်းမဲ့နေပြီး ဆယ်မိုင် အတွင်း လူသူ လှုပ်ရှားမှု အရိပ်အယောင် လုံးဝ မရှိသဖြင့် တပ်မှူးချုပ်ကျူး ကို ကျန်းချဲ့ သတ်ဖြတ်လိုက်ကြောင်း မည်သူကမှ သက်သေပြနိုင်မည် မဟုတ်သလို သက်သေ အထောက်အထား လည်း ရှိမည် မဟုတ်ပေ။
ကျန်းချဲ့က တပ်မှူးချုပ်ကျူး ကို ယွီဟယ်မြစ်ဝ သို့ လှည့်စား ခေါ်ဆောင်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သူ့ကို တိတ်ဆိတ်စွာ လုပ်ကြံပြီး အပြစ် အားလုံးကို ဝေါ့ဟူတောင် အပေါ် ပုံချရန်ပင် ဖြစ်သည်။
အပြင်ပန်းတွင်မူ ကျန်းချဲ့က တပ်မှူးချုပ်ကျူး ၏ လူယုံ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်မှာ ငြင်း၍ မရနိုင်သော အမှန်တရား တစ်ခု ဖြစ်သည်။
အချုပ်ပြောရလျှင် တပ်မှူးချုပ်ကျူး ကို ဝူရှောက်လင် က သတ်သွားတာ သူ ကျန်းချဲ့ နဲ့ ဘာဆိုင်လို့လဲ...
"အဟွတ် အဟွတ် အဟွတ်"
တစ်ကိုယ်လုံး အရိုးများ ကျိုးကြေနေပြီး ပြင်းထန်သော နာကျင်မှုများကြောင့် သတိလစ်နေသော တပ်မှူးချုပ်ကျူး က တဖြည်းဖြည်း သတိပြန်ရလာခဲ့ပြီး မျက်လုံး ဖွင့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်က ဝေဝါးနေမှုမှ တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီး ယခင် အခြေအနေ များကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
ဝူရှောက်လင် နှင့် တိုက်ခိုက်ပြီးနောက် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အရေးနိမ့်သွားသဖြင့် မတတ်သာသည့် အဆုံး ယွီဟယ်မြစ် အတွင်းသို့ ခုန်ချပြီး ထွက်ပြေးရန် ကြိုးစားခဲ့ရာ ရုတ်တရက် လူရိပ် တစ်ခုက သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
ထို့နောက် သူ လုံးဝ သတိလစ်သွားခဲ့သည်။
''အခု ဘာတွေ ဖြစ်နေတာလဲ''
သူ အစွမ်းကုန် ကြိုးစားပြီး ခေါင်းကို အနည်းငယ် မော့ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ ရင်းနှီးနေသော လူရိပ် တစ်ခုက သူ၏ အရှေ့တွင် ရပ်နေပြီး ပြုံးကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ခရိုင် တပ်မှူးချုပ်ကြီး အရမ်း မြန်မြန် သတိရလာတာပဲ တကယ့် သွေးကြောပွင့် အဆင့် သိုင်းသမား ပီသပါတယ်"
"ကျန်း ကျန်းချဲ့"
တပ်မှူးချုပ်ကျူး ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကာ ယခု အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့သည်။ ကျန်းချဲ့က နောက်ဆုံးတွင် ဝင်ရောက် ချုံခိုတိုက်ခိုက်ခဲ့သူ ဖြစ်ပြီး...
''ဝူရှောက်လင် ကော သူ့လက်ထဲမှာ သေသွားပြီလား''
ထိုအတွေးများ ဖြတ်ပြေးသွားပြီးနောက် တပ်မှူးချုပ်ကျူး ၏ မျက်လုံးများက အလွန် လျင်မြန်စွာ ပြောင်းလဲသွားပြီး အလျင်အမြန် ဝမ်းသာ သည့်ဟန် ပြုကာ ပြောလိုက်သည်။
"ကျန်းချဲ့ မင်း အသက်ရှင်နေသေးတာပဲ အရမ်း ကောင်းတာပဲ ငါ တကယ်ကို စိတ်အေးသွားပြီ မင်းက ငါ အရမ်း တန်ဖိုးထားတဲ့ မျိုးဆက်သစ် တစ်ယောက်ပါ နောက်ကျရင် ငါ့ကို ပြုစုစောင့်ရှောက်ဖို့ မင်းကိုပဲ အားကိုးရတော့မှာ ဒါနဲ့ မင်းကို လိုက်သတ်တဲ့ ဝေါ့ဟူတောင် က ခေါင်းဆောင် ကော မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"
တပ်မှူးချုပ်ကျူး က မသိချင်ယောင် ဆောင်ပြီး မေးခွန်းများ ဆက်တိုက် မေးလိုက်သော်လည်း ကျန်းချဲ့ ကမူ ဘာမှ ပြန်မဖြေခဲ့ပေ။
"ခရိုင် တပ်မှူးချုပ်ကြီး က ကျွန်တော့်ကို တကယ် တန်ဖိုးထားတာလား"
ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးများက လုံးဝ မပြောင်းလဲသော်လည်း ရင်ထဲတွင်မူ တပ်မှူးချုပ်ကျူး ၏ လျင်မြန်သော တုံ့ပြန်မှုကို ချီးကျူးနေမိသည်။ ယခင်က သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက်များ ရှိခဲ့သည်ကို လုံးဝ မမှတ်မိတော့သလို သူ့ကို မြေတောင် မြှောက်ပေးမည့် အထက်လူကြီး တစ်ယောက် အဖြစ် ဟန်ဆောင်နေပေသည်။
"ဒါ ဒါပေါ့ ငါက ချင်ချင် ကိုတောင် မင်းနဲ့ လက်ဆက်ပေးဖို့ စဉ်းစားထားတာလေ နောက်ကျရင် ငါ့ရဲ့ ရာထူး နေရာကိုလည်း မင်းကိုပဲ လွှဲပေးမှာ"
တပ်မှူးချုပ်ကျူး ၏ မျက်နှာပေါ်တွင် အပြုံး အချို့ ပေါ်ထွက်လာခဲ့သည်။
"ဒါဆိုရင်တော့ သိပ်မဖြစ်နိုင်ဘူး ထင်တယ်"
ကျန်းချဲ့က ခေါင်းယမ်းလိုက်သည်။
အကယ်၍ တပ်မှူးချုပ်ကျူး ကသာ သူ၏ ကိုယ်ပေါ်ရှိ ထူးဆန်းသော ရတနာကို မလိုချင်ဘဲ သူ့အပေါ် လူသတ်လိုစိတ် မရှိခဲ့ပါက ကျန်းချဲ့ အနေဖြင့် သူ့ကို တကယ် သတ်ချင်မည် မဟုတ်ပေ။
သို့သော် အကျိုးအမြတ် များက လူကို လောဘ တက်စေသည်မှာ ရှောင်လွှဲ၍ မရနိုင်သော အမှန်တရား တစ်ခု ဖြစ်သည်။
"ဘာ ဘာဖြစ်လို့လဲ မင်း မင်းက ချင်ချင် ကို သဘောမကျလို့လား ရပါတယ် ရပါတယ် ငါ မင်းကို မွေးစားသား အဖြစ် အသိအမှတ်ပြုပြီး ငါ့ရဲ့ ပညာတွေ အားလုံး မင်းကို သင်ပေးလို့ ရပါတယ်"
တပ်မှူးချုပ်ကျူး က ဆက်ပြောလိုက်သည်။
အချုပ်ပြောရလျှင် အရာအားလုံးက ကျန်းချဲ့၏ သဘောအတိုင်းသာ ဖြစ်ပြီး အသက်ရှင်ခွင့် ရရန် တစ်ခုတည်းသာ လိုအပ်ပေသည်။
ကျန်းချဲ့က အပေါ်စီးမှ နေ၍ သူ့ကို တစ်ချက် စိုက်ကြည့်ပြီးနောက် ခပ်ဟဟ ရယ်မောလိုက်သည်။
"သွားရအောင် ခရိုင်ရုံးတော် ကို ပြန်ကြမယ် ငါ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်နေပြီ အမြန်ဆုံး ပြန်လည် ကုသဖို့ လိုတယ်"
တပ်မှူးချုပ်ကျူး က ဘာမှ မဖြစ်ခဲ့သလိုမျိုး ကျန်းချဲ့ကို အမိန့်ပေးရန် ကြိုးစားလိုက်သည်။
အမှန်တကယ်တော့ ယခုအချိန်တွင် တပ်မှူးချုပ်ကျူး ၏ ရင်ထဲ၌ အရာအားလုံးကို ရှင်းလင်းစွာ နားလည်နေပြီ ဖြစ်သည်။
သူ နှင့် ဝူရှောက်လင် တို့၏ တိုက်ပွဲ မတော်တဆ ရောက်လာသော ခိုယွမ်ရှန်း နှင့် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်း များက ဤအရာ အားလုံးက ကျန်းချဲ့ နောက်ကွယ်မှ ဖန်တီးထားခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
သူက တစ်သက်လုံး လင်းယုန်ငှက်ကို အမဲလိုက်လာခဲ့ပြီး နောက်ဆုံးမှာတော့ စာကလေးဆီကနေ အကွက်ပြန်ချခံလိုက်ရသည်။
လျိုကျစ် က သူ့ကို သစ္စာဖောက်သွားပြီ ဖြစ်သလို ရွှီ ဆိုသော လူကလည်း ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
သို့သော် သူက နောက်ဆုံး အနေဖြင့် ကြိုးစားကြည့်ရန် ဆုံးဖြတ်ထားပြီး အသက်ရှင်ခွင့် ရရန် မည်သည့် အရာကိုမဆို ဆွေးနွေး ညှိနှိုင်းရန် အသင့် ရှိနေပေသည်။
"တပ်မှူးချုပ်ကျူး ငရဲပြည်သွားဖို့ အချိန်တန်ပြီ"
ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တပ်မှူးချုပ်ကျူး ၏ နာမည်ကို တိုက်ရိုက် ခေါ်လိုက်သည်။
"တ တကယ်ပဲ ငါ့ကို အသက်ချမ်းသာ မပေးနိုင်ဘူးလား"
တပ်မှူးချုပ်ကျူး က တိတ်ဆိတ်စွာဖြင့် တောင်းပန်လိုက်သည်။
ယခု အခြေအနေက ပြောင်းလဲသွားပြီး ကျန်းချဲ့က သူ၏ အသက်ကို ထိန်းချုပ်ထားပြီ ဖြစ်သည်။
"မင်း မသေသရွေ့ ငါ စိတ်အေးရမှာ မဟုတ်ဘူး"
"ငါက ချင်ချင် ကို မင်းရဲ့ မယားငယ် အဖြစ် ပေးစားမယ် ပြီးတော့ ငါ့ရဲ့ အဆက်အသွယ် အားလုံးကို သုံးပြီး မင်း ရာထူး တက်ဖို့ အစွမ်းကုန် ကူညီပေးမယ် အကယ်လို့ မင်း ငါ့ကို မယုံဘူး ဆိုရင် အဆိပ်ခတ်ထားလို့ ရတယ် တခြား နည်းလမ်းတွေ သုံးထားလို့ ရတယ် ငါ့ကို သတ်လိုက်ရင် မင်းအတွက် ဘာအကျိုးမှ မရှိပါဘူး ငါ့ကို အသက်ရှင်ခွင့် ပေးထားရင် မင်းကို အစွမ်းကုန် ကူညီပေးနိုင်တယ်"
တပ်မှူးချုပ်ကျူး က ဆက်လက် လက်မလျှော့သေးသည်ကို မြင်သောအခါ ကျန်းချဲ့က သခင်မကြီးကျူး ၏ ကျောက်စိမ်းလေးကို ထုတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ လုံးဝ မဖြစ်နိုင်တော့ဘူး မဟုတ်ရင် မင်းရဲ့ ဇနီး နဲ့ သမီး က လူတစ်ယောက်တည်းကို အတူတူ လင်တော်ရသလို ဖြစ်သွားမှာပေါ့"
"ဒါ ဒါက မင်း ဘယ်က ရလာတာလဲ"
တပ်မှူးချုပ်ကျူး က ထိုကျောက်စိမ်းလေးကို သေချာ မြင်လိုက်ရသောအခါ မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဒါပေါ့ မင်းရဲ့ ဇနီးက ငါ့ကို ကိုယ်တိုင် ပေးလိုက်တာလေ"
ကျန်းချဲ့က ပြုံးကာ ပြောလိုက်သည်။
"မ မဖြစ်နိုင်ဘူး မင်း လိမ်နေတာ"
တပ်မှူးချုပ်ကျူး က ယခု အချိန်မှသာ စိုးရိမ် ပူပန်မှု နှင့် ဒေါသထွက်မှု များကို အပြည့်အဝ ဖော်ပြလာပြီး ကျန်းချဲ့ကို အော်ဟစ်ကာ ဤအရာများ အားလုံးကို လုံးဝ မယုံကြည်ကြောင်း ပြသလိုက်သည်။
သို့သော် သူ၏ ရင်ထဲတွင်မူ အလွန် နာကျင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤကျောက်စိမ်းလေးကို သူ၏ ဇနီးသည်က အမြဲတမ်း ကိုယ်ပေါ်တွင် ဆွဲထားပြီး လုံးဝ အကွာမခံခဲ့သောကြောင့်ပင်။
ခေါင်းထဲတွင် ယခင်က အခြေအနေ များကို အလိုလို ပြန်လည် မြင်ယောင်လာခဲ့သည်။
ရှုပ်ပွနေသော အိပ်ခန်း၊ နေရာအနှံ့ ပြန့်ကျဲနေသော ရေများ...
ကျောက်စိမ်းလေး ဘယ်မှာ ထားခဲ့မှန်း မသိဘူး ဆိုသော သခင်မကြီးကျူး...
ထို့အပြင် တံခါးဝတွင် ရှိနေသော အစိမ်းရောင် အပင်လေး...
ဤအရာများ အားလုံးက အမှန်တရား တစ်ခုကို ညွှန်ပြနေပြီး သူ၏ ဇနီးသည် နှင့် ကျန်းချဲ့ တို့ တိတ်တဆိတ် ဖောက်ပြန်ခဲ့ကြကြောင်း သေချာလှပေသည်။
တပ်မှူးချုပ်ကျူး ၏ ရင်ထဲတွင် အလွန် ခံစားရ ခက်နေပြီး အခြေအနေများက ဘာကြောင့် ဤသို့ ဖြစ်သွားရသနည်း။ အမြဲတမ်း အိမ်ထောင်ရှင်မကောင်း တစ်ယောက် ဖြစ်ခဲ့သော ဇနီးသည် က ဘာကြောင့် သူ့ကို သစ္စာဖောက်ရသနည်း။
''ဘာတွေ ဖြစ်သွားတာလဲ''
"တပ်မှူးချုပ်ကြီး စိတ်ဖြောင့်ဖြောင့်သာ သွားပါ မင်းရဲ့ ကလဲ့စားကို ငါ သေချာပေါက် ချေပေးပါ့မယ် မင်းအတွက် ဝေါ့ဟူတောင် ကို ရှင်းပေးပြီး မင်းရဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးပါ့မယ်"
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး ပုံမှန် အတိုင်းသာ ပြောလိုက်သည်။
"အား အား အား ကျန်းချဲ့ မင်း သေရွာမှာတောင် နေရာကောင်း ရမှာ မဟုတ်ဘူး"
တပ်မှူးချုပ်ကျူး ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေပြီး ဒေါသ အလွန် ထွက်နေသော်လည်း တစ်ကိုယ်လုံးတွင် ပါးစပ် တစ်ခုတည်းသာ လှုပ်ရှား၍ ရတော့သည်။
"အော် ပြီးတော့ နောက်တစ်ခု ရှိသေးတယ် တပ်မှူးချုပ်ကြီး ငရဲပြည် ရောက်ရင်လည်း စိတ်အေးအေးသာ နေပါ"
"မင်းရဲ့ ဇနီးနဲ့ သမီးကို ငါ ဂရုစိုက်ပေးပါ့မယ် မင်း ဘာမှ မပူပါနဲ့"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့က တပ်မှူးချုပ်ကျူး ကို ဆက်လက် စကားပြောခွင့် မပေးတော့ဘဲ လက်မြှောက်ကာ တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
ယန်ဂူခရိုင် တပ်မှူးချုပ်ကြီး တပ်မှူးချုပ်ကျူး သေဆုံးသွားခဲ့ပြီ…