အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) ခွန်အား အပြည့်ဖြင့် ပြန်လာခြင်း
သတင်း တစ်ပုဒ်ကြောင့် သခင်မကြီးကျူး တစ်ယောက် စိတ်အေးလက်အေး မနေနိုင်တော့သလို ယန်ဂူခရိုင် အတွင်းရှိ အင်အားစုများ အားလုံးလည်း အလွန် ထိတ်လန့်သွားကြပြီး ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းကြီး တစ်ခု ကျရောက်လာတော့မည်ဟု ခံစားနေကြရသည်။
အကယ်၍ ခရိုင်တပ်မှူးချုပ် တစ်ယောက် တကယ်ပဲ အသတ်ခံလိုက်ရပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များက သေချာပေါက် သေးငယ်မည် မဟုတ်ပေ။ ယခုခေတ်အခါတွင် နေရာအနှံ့အပြား၌ ဓားပြများ သောင်းကျန်းနေပြီး အခြေအနေများ မတည်မငြိမ် ဖြစ်နေသော်လည်း အခြေခံ အကျဆုံးသော လုံခြုံရေးတော့ ရှိနေသေးသည် မဟုတ်ပါလော။
ဤသည်က လူတိုင်း၏ တူညီသော အမြင် တစ်ခု ဖြစ်နေပေသည်။
အစိုးရ လိုချင်သော လုံခြုံရေး ဆိုသည်မှာ အသေးအမွှား ပြဿနာများကို ဂရုမစိုက်သော်လည်း ယခုအခါ ခရိုင် အတွင်း ဝင်ရောက် သောင်းကျန်းရုံသာမက ခရိုင်တပ်မှူးချုပ်ကိုပါ လုပ်ကြံ သတ်ဖြတ်ခြင်းက ပုန်ကန်ခြင်းနှင့် ဘာမှ မကွာတော့ပေ။ အကယ်၍ ခရိုင်ရုံးတော် ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိပါက နောက်ပိုင်းတွင် အခြား ခရိုင်များတွင်လည်း အလားတူ ကိစ္စမျိုးတွေ အဆက်မပြတ် ဖြစ်ပေါ်လာမည်မှာ သေချာလှပေသည်။
ဤအခြေအနေတွင် အစိုးရိမ်ရဆုံး နှင့် အပူပန်ရဆုံး သူမှာ ကျူးမိသားစုဝင်များသာ မဟုတ်ဘဲ ယန်ဂူခရိုင် ခရိုင်ဝန် ကျောက်မင်ချန် ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာက သူ အုပ်ချုပ်နေသော နယ်မြေ ဖြစ်သောကြောင့်ပင်။
ယခင်က တပ်မှူးချုပ်ဟောင်းကို အတင်း ဖိအားပေးပြီး ထွက်သွားစေခဲ့ပြီး ယခု တပ်မှူးချုပ် အသစ် ကလည်း ထပ်မံ သေဆုံးသွားခဲ့ရာ အထက်လူကြီးများက ဘယ်လို ထင်ကြမည်နည်း။
သူ၏ နောက်ခံ ကလည်း ဤကဲ့သို့သော ပြဿနာကြီးများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။
အပေါ့ဆုံး အပြစ်ပေးမှု ကတော့ ရာထူးမှ ပြောင်းရွှေ့ခံရမည် ဖြစ်ပြီး အကယ်၍ အထက်လူကြီးများက သူ နှင့် ဝေါ့ဟူတောင် တို့ ပူးပေါင်းနေသည်ဟု ထင်မြင်သွားပါက သူ၏ အဆုံးသတ်က သေချာပေါက် သေလမ်းသာ ရှိပေမည်။
ထို့ကြောင့် ဤသတင်းကို ကြားသိလိုက်ရသောအခါ သူလည်း အလွန် စိုးရိမ် ပူပန်စွာဖြင့် တပ်မှူးချုပ်ကျူး၏ သဲလွန်စကို အမြန်ဆုံး ရှာဖွေရန် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝေါ့ဟူတောင်မှ လူများကို ဆက်သွယ်ကာ အတည်ပြုရန် ကြိုးစားလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူ ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ ဆက်သွယ်မှုက လုံးဝ အကြောင်းပြန်ခြင်း မခံရပေ။
ဆရာလျန်က ဂိုဏ်းချုပ်ကြီး တပ်မှူးချုပ်ကျူးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ သေချာပေါက် မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရရှိသွားပြီဟု ထင်မှတ်နေပြီး သူတို့၏ ရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်သဖြင့် အစိုးရ၏ အမျက်ဒေါသကို ရှောင်ရှားရန် အမြန်ဆုံး ထွက်ပြေးသင့်သည်ဟု ယူဆထားသောကြောင့်ပင်။
တတိယနေ့တွင် လျိုကျစ်၏ သွယ်ဝိုက်သော လမ်းညွှန်မှုဖြင့် ရှာဖွေနေသော စစ်သည်များက နောက်ဆုံးတွင် ယွီဟယ်မြစ်ဝ၌ တပ်မှူးချုပ်ကျူး၏ အလောင်းကို ရှာတွေ့သွားခဲ့ကြသည်။
တပ်မှူးချုပ်ကျူး၏ အေးစက်နေသော အလောင်းကို မြင်လိုက်ရသောအခါ လျိုကျစ်၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ခေါင်းကို မြေကြီးနှင့် ထိပြီး ငိုကြွေးကာ ပြောလိုက်သည်။
"သခင်ကြီး ကျွန်တော် နောက်ကျသွားတယ်"
သို့သော် မည်သူမျှ သတိမထားမိချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။
"ပတ်ဝန်းကျင်မှာ သဲလွန်စတွေ ရှိမရှိ သေချာ ရှာကြစမ်း"
လျိုကျစ်က ခေါင်းမော့ကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
တပ်မှူးချုပ်ကျူး နှင့် ဝူရှောက်လင် တို့ နှစ်ယောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများက အလွန် ကြီးမားပြီး ခြေရာလက်ရာ များစွာ ကျန်ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က နောက်ပိုင်းတွင် တိုက်ပွဲ နေရာကို ပြန်လည် ပြင်ဆင်ပြီး သူ၏ သဲလွန်စများကို ဖျောက်ဖျက်ထားခဲ့သောကြောင့်ပင်။
မကြာမီမှာပင် အတွေ့အကြုံ ရင့်ကျက်သော စစ်သည် တစ်ယောက်က လျိုကျစ် ထံသို့ လာရောက် သတင်းပို့လိုက်သည်။
"တပ်မှူး သခင်ကြီး နဲ့ တိုက်ခိုက်ခဲ့တဲ့သူက ခွန်အား အရမ်း ကြီးပြီး လေးလံတဲ့ လက်နက်ကို အသုံးပြုထားတာ သေချာပါတယ် ဓားကြီး ဖြစ်ဖို့ များပါတယ် သခင်ကြီး ရဲ့ ကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေ တွေ့ရပါတယ်"
လျိုကျစ်က လက်ကာပြကာ သူ၏ စကားကို တားလိုက်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ဝေါ့ဟူတောင် ဝူရှောက်လင် သခင်ကြီး ကျွန်တော် သေချာပေါက် ခရိုင်ရုံးတော် ကို သတင်းပို့ပြီး သခင်ကြီး အတွက် တရားမျှတမှု ရအောင် တောင်းဆိုပေးပါ့မယ်"
အဖြူရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသော တပ်မှူးချုပ်ကျူး၏ အလောင်းကို ယန်ဂူခရိုင် မြို့ထဲသို့ သယ်ဆောင်လာသော အခါ ခရိုင် တစ်ခုလုံးရှိ အင်အားစုများ အားလုံး အလွန် အံ့ဩ ထိတ်လန့်သွားကြသည်။
တပ်မှူးချုပ်ကျူး တကယ်ပဲ သေသွားပြီ...
ခရိုင်တပ်မှူးချုပ် တစ်ယောက် အဆင့်ခုနစ် အရာရှိ တစ်ယောက် ခရိုင် အတွင်းတွင် ခရိုင်ဝန် ကျောက်မင်ချန် နှင့် တန်းတူ ရာထူး ရှိသူ တစ်ယောက်က တကယ်ပဲ ဝေါ့ဟူတောင် မှ လူများ၏ ချုံခိုတိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ဆိုတာ တကယ်ကို ယုံနိုင်စရာ မရှိပေ။
ရွှီဆန်းအာ နှင့် ကန်းတာပြောင် တို့၏ တမင်တကာ သတင်းလွှင့်မှုများကြောင့် ဤသတင်းက အလွန် လျင်မြန်စွာ ပြန့်နှံ့သွားပြီး လုံးဝ အတည်ပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားကာ မည်သူ့ကိုမျှ ငြင်းဆိုခွင့် မပေးတော့ပေ။
အလောင်းကို ခရိုင်ရုံးတော်သို့ သယ်ဆောင်သွားပြီးနောက် အရာရှိများ အားလုံး စုဝေးရောက်ရှိလာကြသည်။
ကျူးအိမ်တော်တွင် သခင်မကြီးကျူးက ဤဆိုးရွားလှသော သတင်းကို ကြားသိလိုက်ရသောအခါ နေရာမှာတင် မေ့လဲသွားခဲ့ပြီး ဘေးတွင် ရှိနေသော ကျူးချင်ချင်လည်း အလွန် ဝမ်းနည်း ပူဆွေးစွာဖြင့် မိခင် ဖြစ်သူကို အလျင်အမြန် နှိုးကာ အစောင့် အနည်းငယ် နှင့်အတူ ခရိုင်ရုံးတော်သို့ ချက်ချင်း လိုက်သွားတော့သည်။
ခရိုင်ရုံးတော် အစည်းအဝေး ခန်းမ အတွင်းတွင်။
ယန်ဂူခရိုင် အတွင်းရှိ အရာရှိ အားလုံး နီးပါး စုဝေး ရောက်ရှိနေကြသည်။ ဂိုပုရန် လျိုကျစ် ယန်ရှန်း လုကွမ် ဖမ်းဆီးရေးမှူးချန် နှင့် နာမည်ကြီး အရာရှိ အားလုံး ဤနေရာတွင် ရှိနေကြသည်။
သူတို့ အားလုံး၏ အကြည့်များက မြေကြီးပေါ်ရှိ တပ်မှူးချုပ်ကျူး၏ အလောင်း အပေါ်တွင်သာ ရှိနေကြသည်။
ကျောက်မင်ချန်က မျက်နှာကို တည်ထားပြီး နောက်ပြန် လက်ပိုက်ကာ လက်များက အနည်းငယ် တုန်ယင်နေပြီး ရင်ထဲတွင် အလွန် ထိတ်လန့် ကြောက်ရွံ့နေပေသည်။
လျိုကျစ်က မျက်နှာ အပြည့် ဝမ်းနည်း ပူဆွေးနေပြီး မျက်ရည်များပင် ကျဆင်းနေပေသည်။
ဂိုပုရန်က မြေကြီးပေါ်ရှိ အလောင်းကို ကြည့်ပြီး မျက်နှာ အမူအရာ လုံးဝ မပြောင်းလဲပေ။
တပ်မှူးချုပ်ကျူးက သူ့ကို တကယ် တန်ဖိုးထားခဲ့သော်လည်း ထိုတန်ဖိုးထားမှု၏ နောက်ကွယ်တွင် သူက အသုံးဝင်သော သူ တစ်ယောက် ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။ ထို့အပြင် သူ၏ ညီကို သတ်ဖြတ်ပြီး သူ့ကို သွယ်ဝိုက်သော နည်းဖြင့် ဖိနှိပ်ခဲ့သဖြင့် သူတို့ နှစ်ယောက် ကြားတွင် အပြင်ပန်း မှာသာ အဆင်ပြေနေပြီး အတွင်းစိတ်တွင်မူ အက်ကြောင်းများ ကြီးမားစွာ ရှိနေပြီ ဖြစ်သည်။
တပ်မှူးချုပ်ကျူး သေဆုံးသွားခြင်းက သူ့ကို ဝမ်းနည်းစေမည် မဟုတ်သလို ဝမ်းသာစေမည် လည်း မဟုတ်ပေ။
သူ အနည်းငယ် တွေဝေနေမိသည်...
''တပ်မှူးချုပ်ကျူးက တကယ်ပဲ ဒီလို လွယ်လွယ်နဲ့ သေသွားပြီလား ဝေါ့ဟူတောင်က ဓားပြ တွေရဲ့ ရဲတင်းမှုက တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်''
သံသယ ဝင်စရာ ဆိုလို့ သူ ယခု အချိန်တွင် သိပ်ပြီး မစဉ်းစားမိသေးပေ။
"တပ်မှူးချုပ်ကျူး သေဆုံးသွားတဲ့ အတွက် ငါလည်း အရမ်း ဝမ်းနည်း"
"သခင်ကြီး"
"အဖေ"
ကျောက်မင်ချန်၏ စကား မဆုံးသေးမီမှာပင် အပြင်ဘက်မှ ငိုသံ နှစ်သံ ထွက်ပေါ်လာပြီး စိုးရိမ် ပူပန်နေသော အမျိုးသမီး နှစ်ယောက် ပြေးဝင်လာကာ မြေကြီးပေါ်တွင် ဒူးထောက်ပြီး အဖြူရောင် ပိတ်စကို အလျင်အမြန် ဆွဲလှန်လိုက်ကြသည်။
ထို့နောက် ကျူးချင်ချင် နှင့် သခင်မကြီးကျူး တို့၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှုများ ပိုမို ကြီးမားလာခဲ့သည်။
"အဖေ"
ကျူးချင်ချင်၏ ကောင်းကင်ကြီး ပြိုကျသွားခဲ့ပြီ။
ယခင်က သူမ ဆိုးသွမ်းချင်တိုင်း ဆိုးပြီး မာနကြီးနိုင်ခဲ့သည်မှာ တပ်မှူးချုပ်ကျူး၏ အလိုလိုက်မှု ကြောင့်ပင် ဖြစ်သည်။ နောက်ပိုင်းတွင် တပ်မှူးချုပ်ကျူးက သူမကို တစ်ကြိမ် ဆုံးမခဲ့သော်လည်း သူမ၏ မူလ အကျင့်စရိုက်များက ပြောင်းလဲသွားခြင်း မရှိပေ။
သူမ ကိုယ်တိုင်လည်း ဤအချက်ကို သိရှိထားသော်လည်း သူမ၏ အမြင်တွင် ဖခင် ဖြစ်သူက ခရိုင်တပ်မှူးချုပ် တစ်ယောက် ဖြစ်ပြီး အစ်ကို ဖြစ်သူကလည်း ဂိုဏ်းကြီး တစ်ခုမှ တပည့် တစ်ယောက် ဖြစ်ရာ ကျန်းချဲ့က သူမကို လက်မခံလျှင်တောင်မှ သူမ၏ ဆန္ဒများကို ဖြည့်ဆည်းပေးမည့် ခင်ပွန်း တစ်ယောက်ကို ရှာဖွေရန်မှာ လုံးဝ ပြဿနာ မရှိဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအခါ ဖခင် ဖြစ်သူ သေဆုံးသွားခဲ့ပြီ။
သခင်မကြီးကျူးကမူ နေရာမှာတင် မှင်တက်သွားပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းနေပေသည်။
သူမ နှင့် တပ်မှူးချုပ်ကျူး တို့ သိကျွမ်းလာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိပြီ ဖြစ်ပြီး အသက် ဆယ်ကျော်သက် အရွယ် ကတည်းက သူ့ကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ အရမ်းကြီး မရှိလျှင်တောင်မှ အပြန်အလှန် လေးစားမှုများ ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ကျန်းချဲ့ နှင့် အချို့သော ကိစ္စများ ဖြစ်ပွားခဲ့သော်လည်း...
ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ် ကောင်းသည့် ခံစားချက်ကို သူမ အလွန် လွမ်းဆွတ်နေမိသော်လည်း တပ်မှူးချုပ်ကျူးကို သစ္စာဖောက်မည့် အတွေးမျိုး လုံးဝ မရှိခဲ့ပေ။ သူမ၏ အဆင့်အတန်း အရ ထိုကဲ့သို့သော လုပ်ရပ်များက မသင့်တော်ကြောင်း ကောင်းစွာ သိရှိထားပြီး ကျန်းချဲ့ နှင့် နှစ်ကြိမ်မျှသာ ဇနီးမောင်နှံ အဖြစ် နေထိုင်ပြီး ဤကိစ္စကို အဆုံးသတ်ရန်ပင် စဉ်းစားခဲ့ဖူးသည်။
နှစ်ပေါင်းများစွာ ဇနီးမောင်နှံ သံယောဇဉ်များက ရှိနေဆဲပင် ဖြစ်သည်။
တဖြည်းဖြည်း နှင့် သခင်မကြီးကျူးက တိုးတိုးလေး ငိုကြွေးလာပြီး တပ်မှူးချုပ်ကျူး၏ သေဆုံးမှု အတွက် ဝမ်းနည်းသလို ကျူးမိသားစု၏ အနာဂတ် အတွက်လည်း စိုးရိမ် ပူပန်လာကာ သူမ ကိုယ်တိုင်၏ ရှေ့ဆက်ရမည့် လမ်း အတွက်လည်း စိတ်ပူလာခဲ့သည်။
''ငါ ဘယ်သူ့ကို အားကိုးရမလဲ နောက်ဆုံးတော့ ငါလည်း အင်အား မရှိတဲ့ သာမန် အမျိုးသမီး တစ်ယောက် သက်သက်ပဲလေ''
"ဦးလေးလျို ဦးလေးဂို ငါ့အဖေ ငါ့အဖေ ကို ဘယ်သူ သတ်တာလဲ"
ကျူးချင်ချင်က ရုတ်တရက် ခေါင်းမော့လာပြီး အရှေ့ဆုံးတွင် ရပ်နေသော လူနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
သူမက လျိုကျစ် နှင့် ဂိုပုရန် တို့ကို မှတ်မိသည်။ ယခင်က အပြင်ပန်း တွင်သာ တပ်မှူးလျို၊ တပ်မှူးဂို ဟု ခေါ်ဆိုခဲ့သော်လည်း တိတ်တဆိတ် တွင်မူ သူတို့၏ နာမည်များကို တိုက်ရိုက် ခေါ်ဆိုခဲ့သည်။ သို့သော် ယခု ဖခင် ဖြစ်သူ သေဆုံးသွားပြီ ဖြစ်ရာ သူမလည်း အနည်းငယ် ရင့်ကျက်လာပြီး ဆက်ဆံရေး ပိုမို ရင်းနှီးလာစေရန် အလိုအလျောက် ပြောင်းလဲ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
မျက်လုံးများထဲတွင်လည်း အမုန်းတရားများ ပြည့်နှက်နေပေသည်။
ဂိုပုရန်က ပါးစပ် ဟလိုက်သော်လည်း ဘာမှ မပြောဘဲ လျိုကျစ် ဘက်သို့ လှည့်ကြည့်လိုက်သည်။
လူတိုင်း၏ အကြည့်များကို မြင်သောအခါ လျိုကျစ်က သွားကြိတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဝေါ့ဟူတောင် က ဓားပြခေါင်းဆောင် ဝူရှောက်လင် ပါပဲ"
"ခရိုင်ဝန်မင်း သခင်ကြီး အတွက် ကလဲ့စားချေပေးဖို့ ဓားပြ တွေကို သွားနှိမ်နင်းပေးပါ"
သခင်မကြီးကျူးကလည်း သတိပြန်ဝင်လာပြီး ကျောက်မင်ချန်ကို ကြည့်ကာ တောင်းဆိုလိုက်သည်။
သို့သော် ကျောက်မင်ချန်က လူတိုင်း၏ အကြည့်များ အောက်တွင် ဘာစကားမှ မပြောဘဲ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဝေါ့ဟူတောင်မှ လူများကို လုံးဝ အပြစ်တင်လိုစိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ၏ ရာထူး အဆင့်အတန်း နှင့်လည်း သက်ဆိုင်နေသောကြောင့်ပင်။
"တပ်မှူးချုပ်ကျူး သေဆုံးသွားတာက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး အရမ်း အရေးကြီးတယ် သက်သေ အထောက်အထား အပြည့်အစုံ မရှိဘဲ ဘယ်သူ့ကိုမှ စွပ်စွဲလို့ မရဘူး မဟုတ်ရင် သူများ လှောင်တာ ခံရလိမ့်မယ်"
"ကျွန်တော် လည်း အဲဒီလိုပဲ ထင်ပါတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ် ကမှ ဝေါ့ဟူတောင် က လူတွေ မြို့ထဲကို ဝင်ပြီး ရမ်းကားသွားတာ အခုလို အရေးကြီးတဲ့ အချိန်မှာ သူတို့ လာပြီး လှုပ်ရှားပါ့မလား သံသယ ဝင်စရာ တွေ အရမ်း များလွန်းတယ် သေချာ စုံစမ်းဖို့ လိုတယ်"
ယန်ရှန်းကလည်း ဝင်ပြောလိုက်သည်။
သူလည်း ဝေါ့ဟူတောင် နှင့် အဆက်အသွယ် ရှိသူ ဖြစ်ရာ အစိုးရက ဓားပြများကို နှိမ်နင်းမည်ကို လုံးဝ မလိုလားပေ။
"ကျွန်တော်လည်း ထောက်ခံပါတယ်"
"ကျွန်တော်လည်း ထောက်ခံပါတယ်"
ယန်ရှန်း နှင့် ကျောက်မင်ချန် တို့ စကားပြောပြီးနောက် သူတို့ ဘက်မှ အရာရှိများ အားလုံးက ထောက်ခံလိုက်ကြသည်။ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ကို သူတို့က ဘယ်လိုလုပ်ပြီး ဆန့်ကျင်ရဲမည်နည်း။
တပ်မှူးချုပ်ကျူး တာဝန် ထမ်းဆောင်သည်မှာ တစ်လကျော်သာ ရှိသေးပြီး သူ၏ လူယုံများ အနေဖြင့် လျိုကျစ် နှင့် ဂိုပုရန် ထို့နောက် ကျန်းချဲ့ တို့သာ ရှိပေသည်။
အနည်းဆုံးတော့ အသံ ထွက်လာမှုတွင် သူတို့ကို လုံးဝ မယှဉ်နိုင်ပေ။
"ကျွန်တော် က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာကို သေချာ စစ်ဆေးပြီးပါပြီ သခင်ကြီး ကို တိုက်ခိုက်သွားတဲ့ သူက ခွန်အား အရမ်း ကြီးပြီး ဓားကြီး ကို အသုံးပြုတဲ့ သူပါ ပြီးတော့ ဒီအချက်တွေ က ဝူရှောက်လင် နဲ့ အတိအကျ ကိုက်ညီနေပါတယ်"
လျိုကျစ်က ယခုအချိန်တွင် သူ၏ အစွမ်းအစများကို ဖုံးကွယ် မထားတော့ဘဲ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသလိုက်သည်။
ထို့အပြင် အလွန် ပြတ်သားနေပေသည်။
အခြားသူများ အမြင်တွင် ဤသည်က လျိုကျစ်က တပ်မှူးချုပ်ကျူး အပေါ် သစ္စာရှိမှုကို ပြသနေခြင်းပင် ဖြစ်သည်။
"သက်သေ အထောက်အထား တကယ် ခိုင်လုံရဲ့လား"
ကျောက်မင်ချန်က မျက်လုံးများ မှေးကျဉ်းပြီး အေးစက်သော မျက်နှာထားဖြင့် လျိုကျစ်ကို ဖိအားပေးရန် ကြိုးစားလိုက်သည်။
သို့သော် သခင်မကြီးကျူးကမူ အခြေအနေများကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။
ကျောက်မင်ချန်က လုံးဝ လှုပ်ရှားလိုစိတ် မရှိသည်မှာ သေချာလှပေသည်။
''လူသေသွားပြီ ဆိုတော့ အလေးမထားတော့ဘူးပဲ သခင်ကြီး သေသွားတာနဲ့ ချက်ချင်းပဲ ဖိနှိပ်မှုတွေ စလာပြီ နောက်ပိုင်း ကျရင်ရော ကျူးမိသားစု ရဲ့ ချမ်းသာ ကြွယ်ဝမှု တွေ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အရာတွေ အားလုံးကို ဒီလူတွေက ဝိုင်းပြီး ခွဲဝေ ယူကြတော့မှာလား''
ထိုအချိန်တွင် သူမ၏ ခေါင်းထဲ၌ ကျန်းချဲ့၏ အရိပ်အယောင်က ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။
ယခုအချိန်တွင် ဤအခြေအနေများကို ရင်ဆိုင်နိုင်ရန် သူ တစ်ယောက်တည်းသာ လိုအပ်သည်ဟု ခံစားနေရသည်။
ဤကဲ့သို့သော ငြင်းခုံမှုများက ကျူးချင်ချင်ကိုလည်း ဇဝေဇဝါ ဖြစ်သွားစေခဲ့ပြီး မကြာမီမှာပင် သူမလည်း သဘောပေါက်သွားကာ အသံကျယ်ကြီးဖြင့် ပြန်လည် ချေပလိုသော်လည်း ဘာစကားမှ ပြောမထွက်တော့ပေ။
သူမတွင် ဆိုးသွမ်း မိုက်မဲခွင့် လုံးဝ မရှိတော့ပေ။
"ဒါဆို တပ်မှူးချုပ်ကျူး က ဒီအတိုင်းပဲ အကြောင်းမဲ့ သေသွားရတော့မှာလား ကျွန်တော် လုံးဝ လက်မခံနိုင်ဘူး အကယ်လို့ ခရိုင်ဝန် ကသာ ဒီကိစ္စကို သေချာ မစစ်ဆေးပေးဘူး ဆိုရင် ကျွန်တော် ကိုယ်တိုင် ခရိုင်ရုံးတော် ကို သွားပြီး တိုင်တန်းရလိမ့်မယ်"
လျိုကျစ်က ကျောက်မင်ချန် နှင့် အတင်းအကျပ် ရင်ဆိုင်နေပေသည်။
ဘေးတွင် ရှိနေသော ဂိုပုရန်ကမူ အလွန် အံ့ဩနေမိသည်။
သူ၏ အမြင်တွင် လျိုကျစ်က အမြဲတမ်း လူကောင်း တစ်ယောက် ဖြစ်ပြီး အလယ်အလတ် လမ်းကြောင်းကိုသာ ရွေးချယ်တတ်သူ ဖြစ်သည်။ ကျန်းချဲ့ ပြဿနာ တွင်သာ သူ့ကို အတင်းအကျပ် ဆန့်ကျင်ခဲ့ပြီး ယခင်က တပ်စခန်း တွင် ဤသို့ မဟုတ်ခဲ့ပေ။
''သူက ဆက်ပြီး အသက်ရှင်ချင်စိတ် မရှိတော့ဘူးလား''
ကျောက်မင်ချန်က သူတို့၏ အထက်လူကြီး ဖြစ်ကြောင်း သိထားရမည်။
အဆင့်ကိုး တပ်မှူး တစ်ယောက်က အဆင့်ခုနစ် အရာရှိ တစ်ယောက်ကို အတင်းအကျပ် ရင်ဆိုင်နေခြင်းက အဆုံးသတ် မည်သို့ ဖြစ်မည်ကို ရှင်းလင်းစွာ သိနိုင်ပေသည်။
အထူးသဖြင့် ယခုအခါ တပ်မှူးချုပ်ကျူး သေဆုံးသွားပြီ ဖြစ်ရာ ကျောက်မင်ချန် နှင့် ပြဿနာ ဖြစ်ပါက မည်သူကမှ သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်သဖြင့် ဤသို့ ပြုလုပ်ခြင်းက အလွန် မိုက်မဲလှပေသည်။
''ဒါမှမဟုတ် သူက တစ်ခုခုကို အားကိုးနေလို့လား''
ထို့နောက် သူက ချက်ချင်းပင် ကျန်းချဲ့ကို သတိရသွားခဲ့သည်။
ကျန်းချဲ့ ပျောက်ဆုံးသွားပြီးနောက် ကျန်းချဲ့ မသေသေးကြောင်း သူ အမြဲတမ်း သံသယ ဝင်နေခဲ့သည်။ မဟုတ်ပါက ယခင်က လျိုကျစ်ကို ထိုစကားများ ပြောခဲ့မည် မဟုတ်ပေ။
"မိုက်ရိုင်းလိုက်တာ လျိုကျစ် မင်းက အဆင့်ကိုး တပ်မှူးလေး တစ်ယောက် နဲ့ ခရိုင်ဝန် ကို လာပြီး ဆန့်ကျင်ရဲတယ်ပေါ့"
ယန်ရှန်းက ချက်ချင်း အော်ဟစ် မေးမြန်းလိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ လျိုကျစ်ကို စိုက်ကြည့်နေပေသည်။
"ဘယ်တုန်းကမှ အပြစ် မပေးဘူးလို့ ငါ ပြောခဲ့လို့လဲ တပ်မှူးချုပ်ကျူး သေဆုံးသွားတဲ့ အတွက် ငါလည်း အရမ်း ဝမ်းနည်းပြီး ဒေါသထွက်နေတာပဲ မင်း ဒီနေရာမှာ လာပြီး ရမ်းကားစရာ မလိုဘူး ဒီကိစ္စကို ငါ ကိုယ်တိုင် ခရိုင်ရုံးတော် ကို သတင်းပို့မယ် ဒါပေမဲ့ အဓိက အရေးကြီးဆုံးက အမှန်တရား ကို အရင် သိအောင် လုပ်ရမယ်"
ကျောက်မင်ချန်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။
သူက ရက်အနည်းငယ်ခန့် အချိန်ဆွဲပြီး ဝေါ့ဟူတောင် မှ လူများ၏ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းကာ ခရိုင်ရုံးတော် သို့ သတင်းပို့ရန် အကြောင်းပြချက် တစ်ခု ရှာဖွေမည် ဖြစ်သည်။ သူ၏ ရာထူး အဆင့်အတန်းကို ကာကွယ်နိုင်ရန် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရန် အသင့် ရှိနေပေသည်။
"လျိုကျစ် မင်းက စိတ်လွတ်နေပြီ ထင်တယ် အိမ်ပြန်ပြီး ရက်အနည်းငယ်လောက် နားလိုက်ဦး"
ကျောက်မင်ချန်က လက်တစ်ချက် ဝှေ့ယမ်းကာ လျိုကျစ်ကို ယာယီ ရာထူးမှ ရပ်နားရန် အမိန့်ပေးလိုက်သည်။
"ကျွန်တော် လက်မခံနိုင်ဘူး"
လျိုကျစ်က ချက်ချင်း အသံကျယ်ကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
ခရိုင်ရုံးတော် အတွင်းတွင် အလွန် ရှုပ်ထွေးနေပြီး ဆူညံသံများ နှင့် စွပ်စွဲမှုများ အားလုံးက လျိုကျစ် အပေါ်သို့ ကျရောက်နေကာ သခင်မကြီးကျူး လည်း ဤအရာများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး သူမ၏ ရင်ထဲတွင် အလွန် ဝမ်းနည်း ပူဆွေးနေမိသည်။
''တကယ်ကို အားကိုးစရာ လူတစ်ယောက် လိုအပ်နေပြီ''
လျိုကျစ်၏ အော်ဟစ်သံများက ကျောက်မင်ချန် နှင့် အခြားသူများကို ပိုမို ဒေါသထွက်စေခဲ့ပြီး လျိုကျစ်ကို အတင်းအကျပ် ဖမ်းဆီးကာ အိမ်သို့ ပြန်ပို့ရန် နှင့် ရက်အနည်းငယ်ခန့် အစောင့် ချထားရန် အမိန့်ပေးလိုက်သည်။
ထို့နောက် ကျောက်မင်ချန်က လက်ယမ်းကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"တပ်မှူးချုပ်ကျူး သေဆုံးသွားတဲ့ ကိစ္စကို ငါ လုံးဝ အလွတ်မပေးဘူး တပ်မှူးဂို ဖမ်းဆီးရေးမှူးချန်"
"ကျွန်တော် ရှိပါတယ်"
"ကျွန်တော် ရှိပါတယ်"
သူတို့ နှစ်ယောက်က အရှေ့သို့ တစ်လှမ်း တိုးကာ အရိုအသေပေးလိုက်ကြသည်။
"တပ်မှူးချုပ်ကျူး ကို သတ်သွားတဲ့ တရားခံ ကို ရှာဖွေ ဖမ်းဆီးဖို့ တာဝန် ကို မင်းတို့ နှစ်ယောက် ကို ပေးလိုက်မယ် သုံးရက် အတွင်း ငါ့ကို အဖြေ လာပေးရမယ် ကြားလား"
ကျောက်မင်ချန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး"
"ဟုတ်ကဲ့ပါ သခင်ကြီး"
"ကဲ အားလုံး ပြန်ကြတော့"
ကျောက်မင်ချန်က လက်ယမ်းကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
စစ်သည် အနည်းငယ်က လျိုကျစ်ကို ဖမ်းဆီးပြီး အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားနေစဉ် လူတိုင်းက လှည့်ထွက်သွားရန် ပြင်နေချိန်တွင် ရုတ်တရက် အပြင်ဘက်မှ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သည် အများအပြား ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ယခုအခါ သူတို့က ခရိုင်ရုံးတော် တစ်ခုလုံးကို ဝိုင်းရံထားကြပြီ ဖြစ်သည်။
လူတိုင်းက အလွန် အံ့ဩ ထိတ်လန့်သွားပြီး ကျောက်မင်ချန်ကို အလျင်အမြန် လှမ်းခေါ်လိုက်ကြသည်။
လူတိုင်းက အပြင်သို့ ထွက်လာကြရာ ကျောက်မင်ချန်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
"မင်းတို့က ဘယ်တပ်ဖွဲ့ ကလဲ ခရိုင်ရုံးတော် ကို လာဝိုင်းရဲတယ်ပေါ့ ဘယ်လို အပြစ်ပေးခံရမလဲ ဆိုတာကို သိရဲ့လား"
"ဒီခရိုင်ရုံးတော် က ခင်ဗျား တစ်ယောက်တည်း စကားကိုပဲ နားထောင်ရမှာလား ဘယ်သူ့ကို အပြစ်ပေးချင်ရင် ပေးလို့ ရနေတာလား ကျောက်မင်ချန် ခင်ဗျား က တကယ်ကို အာဏာ ပြတတ်တာပဲ"
ခရိုင်ရုံးတော်၏ တံခါးဝတွင် အမည်းရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းချဲ့က လူတိုင်း၏ အရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤနေရာတွင် ရှိနေသူ အားလုံး အလွန် အံ့ဩ ထိတ်လန့်သွားကြသည်။
လျိုကျစ်၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီး သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
ဂိုပုရန်၏ ရင်ထဲတွင် အလွန် ကြောက်ရွံ့ ထိတ်လန့်သွားပြီး ကျန်းချဲ့က တကယ်ပဲ မသေသေးဘူး ဆိုတာကို အတည်ပြုလိုက်သည်။
သခင်မကြီးကျူးကမူ အားကိုးစရာ လူတစ်ယောက် ရရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ယခုအချိန်တွင် သူမ၏ မျက်လုံးထဲ၌ ကျန်းချဲ့ တစ်ယောက်တည်းသာ ရှိနေကာ လုံးဝ မျက်စိ မလွှဲနိုင်တော့ပေ။
မကြာမီမှာပင် သူမက ဘေးတွင် ရှိနေသော သမီး ဖြစ်သူကလည်း ကျန်းချဲ့ကို မှင်တက်စွာ ကြည့်နေပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်ကို သတိထားမိလိုက်သည်။
ပျောက်ဆုံးနေသည်မှာ ရက်အနည်းငယ် ကြာပြီ ဖြစ်သော ကျန်းချဲ့က ယခု ဤနေရာတွင် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
"မိုက်ရိုင်းလိုက်တာ ရဲတင်းလှတဲ့ ကျန်းချဲ့ ခရိုင်ဝန် ရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့ မင်းက ပုန်ကန်ချင်နေတာလား"
ကျောက်မင်ချန်၏ လက်အောက်မှ အရှေ့ဆုံးတွင် ရပ်နေသော တပ်မှူး တစ်ယောက်က ချက်ချင်း အော်ဟစ် မေးမြန်းလိုက်ပြီး ကျန်းချဲ့က ထပ်မံ ရိုင်းစိုင်းသော စကားများ ပြောဆိုပါက ချက်ချင်း ဓားထုတ်မည့်ဟန် ပြနေပေသည်။
သို့သော် သူ၏ သစ္စာရှိမှုကို ပြသရန် အချိန်ပင် မရလိုက်ဘဲ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းရောင် မိစ္ဆာစွမ်းအင် တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ထိုတပ်မှူးကို လွှင့်စင်သွားစေကာ ဘေးရှိ တံခါးရွက် ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"မင်းက ဘာကောင်မို့လို့ ငါ့ကို လာမေးခွန်းထုတ်နေတာလဲ"
ကျန်းချဲ့၏ မျက်လုံးများက အေးစက်နေပြီး အဆင့်တူ တပ်မှူး တစ်ယောက်ကို လုံးဝ အဖတ်မလုပ်ပေ။
ကျန်းချဲ့က ဤမျှလောက် အထိ ရဲတင်းပြီး ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
"ကျန်းချဲ့ မင်း ပုန်ကန်ချင်နေတာလား”