← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) ဝေါ့ဟူတောင်ကို ရှင်းလင်းခြင်း

"ရှန်းဖျင် ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ မင်းကို ငါ ဆက်မဖုံးကွယ်တော့ပါဘူး လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ချင်းထျန်းဂိုဏ်းက မွေးရာပါအဆင့် သံတမန်တစ်ယောက် ဝေါ့ဟူတောင်ကို ကိုယ်တိုင်ရောက်လာပြီး ဂိုဏ်းချုပ်ကြီးကို ဝိညာဉ်စစ်သူကြီး နေရာပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်…..မွေးရာပါအဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာသုံးခုကိုလည်း စရန်အနေနဲ့ ပေးခဲ့တယ် ဂိုဏ်းချုပ်ကြီးသာ မွေးရာပါအဆင့်ကို တက်လှမ်းနိုင်ရင် နောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ ဝေါ့ဟူတောင်က ယန်ဂူ နဲ့ ချင်းကျန်း ခရိုင်နှစ်ခုလုံးကို ပိုင်ဆိုင်ရမယ်လို့ ပြောခဲ့တယ်….အဲဒါကြောင့် ဂိုဏ်းချုပ်ကြီးက အဲဒီသံတမန်ကို သဘောတူလိုက်ပြီးတော့"

ဆရာလျန်က အရာအားလုံးကို ဝူရှန်းဖျင်ထံ အကုန်အစင် ပြောပြလိုက်သည်။ နတ်လေးမြား တစ်လက်တည်းဖြင့် သွေးကြောပွင့်အဆင့် သိုင်းသမားတစ်ယောက်ကို တားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ မွေးရာပါအဆင့် သိုင်းသမားတစ်ယောက်သာ ရှိနေမည်ဆိုပါက စိတ်အေးရမည် ဖြစ်သည်။

"ဒါ ဒါက"

ဝူရှန်းဖျင်၏ မျက်နှာတွင် အလွန်ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာသည်။ ဖခင်ဖြစ်သူနှင့် ဦးလေးနှစ်ယောက်က ဤမျှ အန္တရာယ်များသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤသည်က ဝေါ့ဟူတောင်အတွက် အခွင့်အရေးထက် အန္တရာယ်က ပိုများနေပေသည်။

ယခင်က ပြည်နယ်သုံးခုတွင် ဖြစ်ပွားခဲ့သော ကြီးမားလှသည့် ပုန်ကန်မှုကြီးကိုပင် အစိုးရက နှိမ်နင်းနိုင်ခဲ့သည် မဟုတ်ပါလော။ ဝိညာဉ်စစ်သူကြီး နေရာပေးလျှင်တောင်မှ ဘာမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

"ဂိုဏ်းချုပ်ကြီး သဘောတူလိုက်ရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးတယ်"

ဆရာလျန်က ခဏတာ တွန့်ဆုတ်နေပြီးနောက် ဆက်ပြောလိုက်သည်။

"ဘာလဲ"

"အဲဒီ သံတမန် ပြောတာက ချင်းထျန်းဂိုဏ်းမှာ လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်ရှိတယ်တဲ့ ဂိုဏ်းချုပ်ကြီးသာ ဝိညာဉ်စစ်သူကြီး ဖြစ်လာရင် လူတစ်ယောက်ကို ထောက်ခံပေးခွင့် ရမယ် ဒုတိယဂိုဏ်းချုပ် ဒါမှမဟုတ် တတိယဂိုဏ်းချုပ်ကို ချင်းထျန်းဂိုဏ်းဆီ လွှတ်ပြီး ခန္ဓာကိုယ်ကို သန့်စင်စေရင် မွေးရာပါအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရလိမ့်မယ်လို့ ပြောခဲ့တယ်"

ဤသည်က ဝူရှောက်လင်ကို အန္တရာယ်ကြားမှ ချင်းထျန်းဂိုဏ်းထံ ခိုလှုံရန် ဆုံးဖြတ်စေခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။

"တကယ်လား"

ဝူရှန်းဖျင်က သံသယဝင်နေသည့်ဟန်ဖြင့် မေးလိုက်သည်။

မွေးရာပါအဆင့်သို့ တက်လှမ်းရန် မွေးရာပါဝိညာဉ်စွမ်းအင် လိုအပ်ပြီး သွေးကြောပွင့် အထွတ်အထိပ်အဆင့် သိုင်းသမား မည်မျှကို ပိတ်လှောင်ထားခဲ့သနည်း။ အကယ်၍ ချင်းထျန်းဂိုဏ်းတွင်သာ မွေးရာပါအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိပါက ဝေါ့ဟူတောင်ကို ဘာကြောင့် ဆွဲဆောင်နေမည်နည်း။

အကယ်၍ မွေးရာပါအဆင့် သိုင်းသမား အများအပြားသာ ရှိခဲ့ပါက ချင်းထျန်းဂိုဏ်း၏ ယခင်ပုန်ကန်မှုကလည်း ရှုံးနိမ့်ခဲ့မည် မဟုတ်ပေ။ သူက အလိုအလျောက်ပင် သိပ်မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။

"အမှန်လား အလွဲလား ဆိုတာတော့ ငါလည်း မသိဘူး ဒါပေမဲ့ အဲဒီသံတမန်က ဒီလိုမျိုး ကတိပေးခဲ့တာတော့ သေချာတယ်"

ဆရာလျန်က သိုင်းပညာနှင့် ပတ်သက်၍ ဘာမှနားမလည်သဖြင့် ဤအချက်၏ အရေးကြီးပုံကို လုံးဝ မသိရှိပေ။ သို့သော် ထိုသံတမန်က ဝူရှောက်လင်ကို သေချာပေါက် ဆွဲဆောင်နိုင်ခဲ့သည်။

"အဲဒီသံတမန် အခု ဘယ်မှာလဲ"

ဝူရှန်းဖျင်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆရာလျန်၏ အကြံပြုချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ဤသို့မှသာ လုံးဝ စိတ်အေးရမည် ဖြစ်သည်။ မဟုတ်ပါက သွေးကြောပွင့်အဆင့်ရှိသော ကျန်းချဲ့ကို ရင်ဆိုင်ရာတွင် ဝေါ့ဟူတောင်က တကယ်ပင် ပျက်စီးသွားမည့် အန္တရာယ် ရှိနေပေသည်။

"ချင်းကျန်းခရိုင်ထဲမှာ ရှိတယ်"

"အချိန်မီနိုင်ပါ့မလား"

"ငါ ကိုယ်တိုင် အခုချက်ချင်း သွားရှာမယ် လုံးဝ အမှားအယွင်း အဖြစ်ခံလို့ မရဘူး ရှန်းဖျင် မင်းက ဝေါ့ဟူတောင်မှာ ကျန်ခဲ့ပြီး မနက်ဖြန်ကျရင် သေချာ သတိထားပါ အကယ်လို့ ကျန်းချဲ့ကို မယှဉ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ပါ အတင်းအကျပ် မတိုက်ခိုက်ပါနဲ့" ဟု ဆရာလျန်က သေချာမှာကြားလိုက်သည်။

"ဦးလေးလျန် စိတ်ချပါ ကျွန်တော် နားလည်ပါတယ်"

ကျန်းချဲ့က တပ်စခန်းအတွင်း ပုန်းအောင်းနေသော သစ္စာဖောက် ဟူအန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယန်ရှန်းထံသို့ သတင်းမှား ပို့ခိုင်းခဲ့ခြင်းမှာ ကြိုတင်ကာကွယ်မှု တစ်ခုအနေဖြင့်သာ ဖြစ်ပြီး သူကိုယ်တိုင်ကတော့ မူလအစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

မိုးလင်းစအချိန်တွင် အနောက်မြို့နယ်တပ်စခန်းမှ အကောင်းစားစစ်သည်များကို စုစည်းလိုက်သည်။ သူတို့နှင့်အတူ ယန်ဂူခရိုင် လက်နက်ကိုင်တပ်ဖွဲ့မှ စစ်သည်များလည်း ပါဝင်ပြီး လျိုကျစ်ကလည်း လိုက်ပါလာခဲ့သည်။ ဖုန်းတပ်ဖွဲ့မှ စစ်သည်များနှင့် ပေါင်းလိုက်ပါက စုစုပေါင်း စစ်သည် ရှစ်ရာခန့် ရှိပြီး နံနက်စောစောတွင် စတင် ထွက်ခွာခဲ့ကြသည်။ အရှိန်ပြင်းပြင်း ချီတက်မှုဖြင့် နေ့လယ်ခန့်တွင် ဝေါ့ဟူတောင်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

ကျန်းချဲ့၏ လှုပ်ရှားမှုများက ယန်ဂူခရိုင် တစ်ခုလုံး၏ အာရုံကို ဖမ်းစားထားပေသည်။ ယမန်နေ့က သူ ခရိုင်ရုံးတော်တွင် ပြဿနာရှာကာ ကျောက်မင်ချန်၏ နာမည်ကို တိုက်ရိုက်ခေါ်ဝေါ်ပြီး ခွန်အားအပြည့်ဖြင့် ပြန်လည်ရောက်ရှိလာကာ ဓားပြနှိမ်နင်းမည်ဟု ကြေညာပြီးကတည်းက လူအများစုက အခြေအနေများ ပြောင်းလဲတော့မည်ကို ခန့်မှန်းမိနေကြသည်။

ကျန်းချဲ့ အနိုင်ရပါက ယန်ဂူခရိုင်၏ အကြီးမားဆုံးသော အင်အားစုတစ်ခု ဖြစ်လာမည် ဖြစ်ပြီး အကယ်၍ ကျန်းချဲ့ ရှုံးနိမ့်သွားပါက ယန်ဂူခရိုင်ရှိ အခြားအင်အားစုများက ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနှင့် ပိုင်ယောင်ဆေးဆိုင်တို့၏ နယ်မြေများကို အခွင့်ကောင်းယူကာ ဝင်ရောက် သိမ်းပိုက်ကြမည် ဖြစ်သည်။

ယန်ရှန်းက ကျန်းချဲ့ စစ်သည်များ ဦးဆောင်၍ ထွက်ခွာသွားကြောင်းကို သိရှိရချိန်တွင် နာရီဝက်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ သူက အလွန်အံ့ဩ ဒေါသထွက်သွားပြီး ကျန်းချဲ့၏ လှည့်စားခြင်းကို ခံလိုက်ရကြောင်း သဘောပေါက်သွားကာ လူယုံတစ်ယောက်ကို ချက်ချင်း လွှတ်၍ ဝေါ့ဟူတောင်ပေါ်သို့ သတင်းပို့ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ၏လူ မြို့ပြင်သို့ ထွက်သွားသည်နှင့် တပြိုင်နက် ကြိုတင် ချုံခိုနေသော ရွှီဆန်းအာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

"တပ်မှူး ဒီနေရာက ဝေါ့ဟူတောင်ပါ ဓားပြစခန်းက တောင်ခါးပန်းမှာ ရှိပါတယ် တောင်ပေါ်တက်ဖို့ လမ်းသုံးလမ်း ရှိပြီး လမ်းဝတိုင်းမှာ ဂိတ်တံခါးတွေ ရှိပါတယ် ဒီနှစ်တွေအတွင်း အစိုးရစစ်တပ်တွေ လာရောက် နှိမ်နင်းခဲ့ပေမဲ့ ဒီအရေးကြီးတဲ့ ဂိတ်သုံးခုကို အားပြုပြီး အမြဲတမ်း အနိုင်ရခဲ့တာပါ"

သံချပ်ကာ ဝတ်ဆင်ထားသော ဆုန့်ကျိက ကျန်းချဲ့ လက်အောက်ရှိ တပ်စခန်း အရာရှိငယ် တစ်ယောက်အဖြစ် အသွင်ပြောင်းထားပြီး လမ်းခရီးတစ်လျှောက်လုံး ခရီးဆက်နေသည့်အပြင် ဂိတ်သုံးခု၏ အနေအထားများကိုလည်း ကျန်းချဲ့အား ရှင်းပြနေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ကိုယ့်လူကို ကိုယ်တိုင်ကသာ အသိဆုံး ဖြစ်သောကြောင့်ပင်။ ဤတစ်ကြိမ် ကျန်းချဲ့ ဖန်တီးလိုက်သော ဂယက်က မသေးငယ်သော်လည်း ဝေါ့ဟူတောင်ကို အောင်မြင်စွာ နှိမ်နင်းနိုင်မည်လား ဆိုသည်မှာ အဖြေမသေချာသေးပေ။ အလွန် သတိထားရန် လိုအပ်သည်။

"ဘယ်ဂိတ်က အနီးဆုံးလဲ" ကျန်းချဲ့က မြင်းဇက်ကြိုးကို ဆွဲကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဘယ်ဘက်ပါ"

"ဒီလမ်းကပဲ သွားမယ်" ကျန်းချဲ့က ချက်ချင်း အမိန့်ပေးလိုက်သည်။

အကယ်၍ ဆုန့်ကျိ၏ သတင်းသာ မှန်ကန်ပါက ယခုအခါ ဝေါ့ဟူတောင် တစ်ခုလုံးတွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက် မရှိတော့သဖြင့် သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့်ပင် အတင်းအကျပ် ဖောက်ထွက်နိုင်မည် ဖြစ်သည်။ အကယ်၍ ရှိခဲ့လျှင်တောင်မှ ဝေါ့ဟူတောင်ပေါ်တွင် သွေးကြောပွင့် အထွတ်အထိပ်အဆင့် ရှိသူ ရှိလိမ့်မည်ဟု ကျန်းချဲ့ မထင်မှတ်ထားပေ။

ဝူရှောက်လင် သေဆုံးသွားသည့် အချိန်မှစ၍ ဝေါ့ဟူတောင်၏ အဆုံးသတ်က သတ်မှတ်ပြီးသား ဖြစ်သွားပြီဟု ပြော၍ ရပေသည်။

ကျန်းချဲ့၏ အမိန့်အရ စစ်သည်ရှစ်ရာက ဆုန့်ကျိ၏ ဦးဆောင်မှုဖြင့် ဘယ်ဘက်ဂိတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြတော့သည်။

ထိုအချိန်တွင် ဝူရှန်းဖျင်က လေးနက်သော မျက်နှာထားဖြင့် ဓားပြစခန်း၏ တံတိုင်းပေါ်တွင် ရပ်နေပြီး ကျန်းချဲ့တို့ လာရောက် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း လက်အောက်ငယ်သားများ၏ သတင်းပို့ချက်ကို နားထောင်နေသည်။ ကျန်းချဲ့က ဤမျှမြန်မြန် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယန်ရှန်း၏ သတင်းကို အမှန်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းကျတော့ တစ်ဖက်လူ၏ လှည့်ကွက်သာ ဖြစ်နေခဲ့သည်။

ဤသို့ဆိုလျှင် ဝေါ့ဟူတောင်အတွက် အန္တရာယ် ရှိသွားပြီ ဖြစ်သည်။ ယမန်နေ့ညက ဆရာလျန် ညတွင်းချင်း တောင်ပေါ်မှ ဆင်းသွားသော်လည်း ချင်းထျန်းဂိုဏ်း၏ သံတမန်ကို အချိန်မီ ပင့်ဆောင်နိုင်မည်လား ဆိုသည်ကို မသိရသေးပေ။ ယခုအခါ အရာအားလုံးကို သူကသာ တာဝန်ယူရတော့မည် ဖြစ်သည်။

သူက ဝေါ့ဟူတောင်ရှေ့ရှိ ဂိတ်သုံးခုစလုံးကို စွန့်လွှတ်လိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး စစ်သည်များကို ဓားပြစခန်း အလယ်ဗဟိုတွင် စုစည်းကာ ကျန်းချဲ့နှင့် သေရေးရှင်ရေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သွေးကြောပွင့်အဆင့် သိုင်းသမားတစ်ယောက်၏ လျင်မြန်သော လှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင် တူညီသော အဆင့်ရှိသူ မရှိပါက သာမန် သိုင်းသမားများ အနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ဂိတ်အချို့မှာ ကျဉ်းမြောင်းပြီး သွားလာရန် ခက်ခဲသဖြင့် မြင်းစီးတပ်သားများ လုံးဝ ဖြန့်ကြက်၍ မရနိုင်ဘဲ အရှိန်ယူ တိုက်ခိုက်ရန် ခက်ခဲလှပေသည်။

အမှန်က နတ်လေးမြားဖြင့် အလစ်အငိုက် တိုက်ခိုက်ခြင်းအပြင် ဝူရှန်းဖျင် အများဆုံး အားကိုးနေသည်မှာ ဖခင်ဖြစ်သူ ကိုယ်တိုင် လေ့ကျင့်ပေးထားသော အကောင်းစား မြင်းစီးတပ်သား ခုနစ်ဆယ်ပင် ဖြစ်သည်။ သံချပ်ကာအပါးကို ဝတ်ဆင်ထားပြီး လေပြင်းကဲ့သို့ လျင်မြန်ကြပေသည်။

ပူးပေါင်း တိုက်ခိုက်မည်ဆိုပါက ကျန်းချဲ့ကို သတ်ဖြတ်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။ သေချာသည်မှာ သူကလည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။

"နတ်လေးမြားကို အခုချက်ချင်း သယ်လာခဲ့ဖို့ အမိန့်ပေးလိုက် ပြီးရင် အမှောင်ထဲမှာ ပုန်းကွယ်ထားပြီး အခွင့်အရေး ရတာနဲ့ ချက်ချင်း လှုပ်ရှားမယ်"

"ဟုတ်ကဲ့ပါ"

ဝူရှန်းဖျင်က ခုခံခြင်း မပြုသောကြောင့် ကျန်းချဲ့တို့ လူစု လမ်းဆုံဂိတ်သုံးခုသို့ ရောက်ရှိချိန်တွင် လူသူကင်းမဲ့နေပြီ ဖြစ်သည်။ ဤမြင်ကွင်းက ကျန်းချဲ့၏ ရင်ထဲတွင် အနည်းငယ် သတိထားမိသွားစေသည်။

သို့သော် သူက ခြေလှမ်းများကို ရပ်တန့်မသွားဘဲ တောင်ခါးပန်းရှိ ပင်မစခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ မိနစ်နှစ်ဆယ်ခန့် အကြာတွင် စစ်သည်ရှစ်ရာက ရောက်ရှိသွားကြပြီး လက်နက် အပြည့်အစုံ ကိုင်ဆောင်ကာ တိုက်ခိုက်မည့်ဟန် ပြင်ထားကြသည်။ အဝေးမှ ကြည့်မည်ဆိုပါက ငြိမ်သက်နေချိန်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာပြီး လှုပ်ရှားလိုက်ပါက ကောင်းကင်ကြီး ပြိုကျလာမည့် အရှိန်အဝါမျိုး ရှိနေပေသည်။

ဓားပြစခန်း၏ တံတိုင်းပေါ်တွင် ရပ်နေသော ဝူရှန်းဖျင်က အရှေ့ဆုံးရှိ စစ်သည်ရာချီကို အဝေးမှ ကြည့်ကာ မျက်နှာ အလွန်လေးနက်နေပေသည်။ ယခင်က လာရောက် နှိမ်နင်းမှုများတွင် ဤကဲ့သို့သော အခင်းအကျင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ သူက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"တပ်မှူးကျန်းချဲ့ ဘယ်မှာလဲ ထွက်တွေ့လို့ ရမလား"

ကျန်းချဲ့က စီးနင်းထားသော မြင်းနက်ကို အရှိန်မြှင့်ကာ ဓားပြစခန်း၏ အပြင်ဘက် ပေအတော်အလှမ်းဝေးသော နေရာသို့ ဖြည်းညင်းစွာ သွားလိုက်ပြီး ခေါင်းမော့ကာ တံတိုင်းပေါ်ရှိ လှုပ်ရှားနေသော လူရိပ်များကို ကြည့်လိုက်သည်။

"ငါ ဒီမှာ ရှိတယ်"

"တပ်မှူးကျန်းရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ တံငါသည် ဘဝကနေ လအနည်းငယ်အတွင်းမှာ အခြေအနေပြောင်းသွားပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနဲ့ ပိုင်ယောင်ဆေးဆိုင်တို့ကို ဖျက်ဆီးပစ်နိုင်ခဲ့လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ ရှန်းဖျင် အနေနဲ့ အရမ်း လေးစားမိပါတယ် ဒီနေ့ တပ်မှူးကျန်း က စစ်သည်တွေ ခေါ်လာပေမဲ့ နှစ်ဦးနှစ်ဖက် အထိအခိုက် အကျအဆုံး ဖြစ်မယ့် တိုက်ပွဲမျိုး မဖြစ်ချင်ပါဘူး တပ်မှူးကျန်းသာ ဆုတ်ခွာပေးမယ်ဆိုရင် ရှန်းဖျင် ကိုယ်တိုင် တောင်းပန်ပါ့မယ်"

ဝူရှန်းဖျင်က ကျန်းချဲ့၏ အတိတ်က ကိစ္စရပ်များကို တကယ်ပင် လေးစားမိသည်။ မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူသာဆိုလျှင် ယခု ကျန်းချဲ့ ရရှိထားသော အောင်မြင်မှုမျိုးကို လုံးဝ ရရှိနိုင်မည် မဟုတ်ပေ။ သို့သော် နှစ်ဖက်စလုံးတွင် ပြေလည်၍ မရနိုင်သော သွေးကြွေးများ ရှိနေပြီ ဖြစ်ရာ ယခုကဲ့သို့ ပြောဆိုနေခြင်းမှာ အချိန်ပိုရရန် တမင်တကာ ဆွဲထားခြင်းသာ ဖြစ်ပြီး သံတမန် ရောက်လာချိန်ကို စောင့်ဆိုင်းကာ အားလုံးကို အပြတ်ရှင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ဝေါ့ဟူတောင်က အစိုးရကို ပုန်ကန်ပြီး ယန်ဂူခရိုင်ကို သောင်းကျန်းခဲ့တယ် ခရိုင်ရုံးတော်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အပြစ်တွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး မင်းက တောင်ပေါ်က ညီအစ်ကိုတွေ အတွက် စဉ်းစားပေးတယ်ဆိုရင် အခုချက်ချင်း အပြင်ထွက်ပြီး အပြစ်ဝန်ခံသင့်တယ် မဟုတ်ရင် ငါတို့ စခန်းကို ဖောက်ဝင်နိုင်တဲ့အခါ ပြန်လည် ခုခံတဲ့ သူတိုင်းကို သတ်ပစ်မယ်"

ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ အတွင်းအား၏ ပံ့ပိုးမှုဖြင့် သူ၏ အသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားခဲ့သည်။

"ဒီလိုဆိုတော့ ဒီနေ့ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူးပေါ့" ဝူရှန်းဖျင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မဟုတ်ရင် မင်းက ဘယ်လို ထင်နေလို့လဲ"

ဘယ်လို အဆင့်အတန်းမျိုးကများ သူ့ကို လာပြီး စည်းကမ်းချက်တွေ တောင်းဆိုရဲတာလဲ။ သူ၏ဖခင် ဝူရှောက်လင် ပြန်လည် ရှင်သန်လာမှသာ ဖြစ်နိုင်မည်။

"ဒါဆိုရင်လည်း ငါတို့ ဝေါ့ဟူတောင်က တပ်မှူးကျန်းရဲ့ စွမ်းရည်ကို မြည်းစမ်းကြည့်ရတာပေါ့"

စကားဆုံးသည်နှင့် တပြိုင်နက် ဓားပြစခန်း၏ တံတိုင်းပေါ်တွင် ပုန်းကွယ်နေသော ဓားပြ ဒါဇင်ပေါင်းများစွာက ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။ လေးကြိုးကို တင်ကာ မြားတစ်သုတ်ကို ကျန်းချဲ့ဆီသို့ အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ သွေးချီများ ပွက်ပွက်ဆူလာပြီး ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာကာ သူ၏ လက်ဝါးနှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်လိုက်သည်နှင့် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။ အနီးသို့ ရောက်လာသော မြားတံများ အားလုံးကို အမှုန့်ဖြစ်အောင် ရိုက်ချိုးပစ်လိုက်သည်။

"ဝုန်း"

ဓားပြစခန်း၏ တံခါးကြီးက လျင်မြန်စွာ ပွင့်သွားပြီး စခန်းအတွင်းမှ အကောင်းစား မြင်းစီးတပ်သား ဒါဇင်ပေါင်းများစွာက ချက်ချင်း အော်ဟစ်ကာ ထွက်လာကြပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော မြင်းခွာသံများနှင့်အတူ ကျန်းချဲ့ဆီသို့ ပြေးဝင်လာကြသည်။ မြင်းစီးတပ်သားများ လှုပ်ရှားလာသည့် အချိန်မှာပင် ဒုတိယအကြိမ် မြားမိုးကလည်း အချိန်ကိုက်ပင် ထပ်မံ ကျဆင်းလာခဲ့သည်။

"သတ်"

ကျန်းချဲ့က အေးစက်စက် ရယ်မောလိုက်ပြီး အမိန့်ပေးလိုက်ရာ သူ၏ အနောက်ဘက်ရှိ စစ်သည် ရာချီက အမိန့်ကို နာခံကာ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ရုတ်တရက် ထွက်ပေါ်လာသော မြင်းစီးတပ်သားများဆီသို့ မျက်နှာချင်းဆိုင် ပြေးဝင်သွားကြတော့သည်။

ဆုန့်ကျိ ရှိနေသဖြင့် ကျန်းချဲ့က တစ်ဖက်လူ၏ မြင်းစီးတပ်သားများကို ကြိုတင် မကာကွယ်ဘဲ နေမည်လား။ ထို့အပြင် တစ်ဖက်လူက အလွန် ရိုးအလွန်းနေပေသည်။ သွေးကြောပွင့်အဆင့် သိုင်းသမားက လေထဲတွင် လွင့်ပျံနိုင်သည်ကို မသိဘူးလား။

ခေါင်းဆောင်ကို အရင်ဖမ်းရမည်။ ဝူရှန်းဖျင်ကို ဖမ်းမိလိုက်သည်နှင့် ဝေါ့ဟူတောင် တစ်ခုလုံးက ခုခံနိုင်စွမ်းနှင့် ယုံကြည်မှုများ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ထို့ကြောင့် မြင်းစီးတပ်သားများ စခန်းထဲမှ ထွက်လာပြီး သူ့ဆီသို့ ပြေးဝင်လာသည့် အချိန်မှာပင် ကျန်းချဲ့က မြင်းကျောပေါ်ကို ခြေထောက်ဖြင့် နင်းကာ အပေါ်သို့ ခုန်တက်လိုက်ရာ ပေအတော်များများအထိ မြင့်တက်သွားပြီး ဝူရှန်းဖျင်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ဤသည်က ဝူရှန်းဖျင် စောင့်ဆိုင်းနေသော အချိန်အခါကောင်းပင် ဖြစ်ပေသည်။

နတ်လေးမြား၏ စွမ်းအားက ကြီးမားသော်လည်း လေးလံပြီး လှုပ်ရှားမှု မမြန်ဆန်ပေ။ အကယ်၍ ကြိုတင် သတိထားနေပါက ပစ်မှတ်ကို ထိရန် အလွန် ခက်ခဲလှသည်။ နတ်လေးမြား အမြောက်အမြားဖြင့် တစ်ပြိုင်နက်တည်း ပစ်ခတ်ခြင်း မဟုတ်ပါက လေထဲတွင် ရှိနေချိန်က ပိုမို လွယ်ကူလှပေသည်။ သွေးကြောပွင့်အဆင့် သိုင်းသမားက အားပြုပြီး ပေအတော်များများအထိ ခုန်တက်နိုင်သော်လည်း လေထဲတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေရန် ခက်ခဲပြီး ခုန်တက်နေစဉ်အတွင်း ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲရန် ပို၍ပင် ခက်ခဲလှပေသည်။ မြားတစ်စင်း ပစ်လိုက်သည်နှင့် ထိမှန်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာနေပေသည်။

"ဘန်း"

မိုးကြိုးပစ်သံကဲ့သို့ပင် တံတိုင်း၏ ဘယ်ဘက်ခြမ်းတွင် ပုန်းကွယ်နေသော နတ်လေးမြားကို အားကုန် ဆွဲလိုက်ရာ ကြီးမားသော အသံကြီး ထွက်ပေါ်လာပြီးနောက် မြားတံသုံးစင်း မဟုတ် လှံရှည်များဟုပင် ခေါ်ဆိုနိုင်သော နတ်မြားများက လေထဲတွင် ရှိနေသော ကျန်းချဲ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာတော့သည်။

'ဒုက္ခပဲ'

ကြီးမားသော အသံကြီး ထွက်ပေါ်လာသည့် အချိန်မှာပင် ကျန်းချဲ့၏ ရင်ထဲတွင် တင်းကျပ်သွားပြီး ဝေါ့ဟူတောင်ပေါ်တွင် လျှို့ဝှက်ထားသော နည်းလမ်းများ ရှိနေသေးကြောင်း သိလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လှံရှည်များနှင့် တူသော မြားကြီးသုံးစင်း အရှိန်ပြင်းပြင်းဖြင့် လာနေသည်ကို မြင်လိုက်ရသည်။

"ဟား"

ကျန်းချဲ့က အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ခါးတွင်ချိတ်ထားသော ချီရှင်းဓားကို လျင်မြန်စွာ ဆွဲထုတ်ကာ အရှေ့သို့ တစ်ချက် ခုတ်ချလိုက်ရာ ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နတ်မြား သုံးစင်းပေါ်သို့ ကျရောက်သွားကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် နတ်လေးမြား၏ စွမ်းအားက အလွန် ကြီးမားလွန်းလှသဖြင့် ကျန်းချဲ့၏ ဓားချက်က နတ်မြား နှစ်စင်းကိုသာ လမ်းကြောင်းလွှဲသွားစေနိုင်ခဲ့ပြီး ကျန်ရှိနေသော မြားတစ်စင်းက သူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် လာနေဆဲပင်။

ယခုအချိန်တွင် လေထဲ၌ အချိန်တိုအတွင်း ရပ်တန့်နိုင်ပြီး နေရာပြောင်းရွှေ့နိုင်စွမ်း ရှိသော ကျန်းချဲ့ပင်လျှင် ဒုတိယ ဓားချက်ကို ထပ်မံ ခုတ်ချရန် အချိန်မမီတော့ပေ။ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ကျန်းချဲ့က လက်ထဲရှိ ဓားကို တိုက်ရိုက် လွှင့်ပစ်လိုက်သည်။ လက်သီးကို ဖြန့်ကာ လက်ဝါးအဖြစ် ပြောင်းလဲလိုက်ပြီး မိစ္ဆာစွမ်းအင်များကို အသုံးပြုကာ အရှေ့သို့ တွန်းထုတ်လိုက်သည်။

'ပျက်စမ်း'

"ဝုန်း"

ကြီးမားသော စွမ်းအားက ကျန်းချဲ့၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး မြေကြီးပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားကာ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။

တံတိုင်းပေါ်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသော ဝူရှန်းဖျင်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ပေါ်ထွက်လာပြီး လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ ထိသွားပြီပဲ။

လျိုကျစ် ကန်းတာပြောင် တန်ယန် နှင့် အခြားသူများ အားလုံး၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားကြပြီး မျက်နှာများ ပျက်သွားကြသည်။ ဝေါ့ဟူတောင်မှာ နတ်လေးမြား ရှိနေတယ်ပေါ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထို့နောက် သူတို့ အားလုံးက ဘေးနားရှိ ပြိုင်ဘက်များကို ဂရုမစိုက်တော့ဘဲ မြင်းကို အရှိန်တင်ကာ ကယ်ဆယ်ရန် အလျင်အမြန် ထွက်သွားကြတော့သည်။ ထိုအထဲတွင် ဆုန့်ကျိက အစိုးရိမ်ဆုံး ဖြစ်နေပေသည်။

သူက ဝေါ့ဟူတောင်ကို သစ္စာဖောက်ပြီး ကျန်းချဲ့ထံ ခိုလှုံခဲ့ပြီ ဖြစ်ရာ ယခု ကျန်းချဲ့သာ ရှုံးနိမ့် သေဆုံးသွားပါက သူ၏ အဆုံးသတ်က အလွန် ဆိုးရွားသွားမည် ဖြစ်ပြီး ကျန်းချဲ့၏ လူယုံများကလည်း သူက တမင်တကာ ဖုံးကွယ်ထားသည်ဟု ထင်မှတ်ကြမည် ဖြစ်သည်။ သို့သော် ဝေါ့ဟူတောင်ပေါ်တွင် ဤကဲ့သို့သော ကြောက်မက်ဖွယ် လက်နက် ရှိနေကြောင်း သူလည်း မသိခဲ့ပေ။

ထို့နောက် ကျန်းချဲ့ကို မည်သည့် အခွင့်အရေးမှ မပေးရန်နှင့် ရင်ထဲရှိ သံသယများကို ဖယ်ရှားပစ်ရန် ဝူရှန်းဖျင်က ထပ်မံ အမိန့်ပေးလိုက်ရာ နတ်မြား သုံးစင်းကို လေးထဲသို့ ထပ်မံ ထည့်သွင်းလိုက်ကြသည်။ ကျန်းချဲ့ကို နောက်ထပ် တိုက်ခိုက်မှု တစ်ခု ထပ်မံ ပြုလုပ်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် မြားများ မပစ်ရသေးမီ ဖုန်မှုန့်များ မကင်းစင်သေးမီမှာပင် ဖုန်မှုန့်များကြားမှ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြေကြီးပေါ်မှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းချဲ့က မြေကြီးကို အားပြုပြီး အပေါ်သို့ ခုန်တက်လိုက်ကာ ဤတစ်ကြိမ်တွင် သူက လေထဲ၌ ရပ်တန့်မနေတော့ဘဲ တံတိုင်းပေါ်ရှိ အချွန်အတက်များကို အားပြုကာ အလွန် လျင်မြန်သော အရှိန်ဖြင့် အပေါ်သို့ တက်သွားတော့သည်။

အကယ်၍ ကျန်းချဲ့ကို အနီးကပ် လေ့လာကြည့်မည်ဆိုပါက ယခုအချိန်တွင် သူ၏ အခြေအနေက သိပ်မကောင်းကြောင်း သိရှိနိုင်ပေသည်။ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများ တောက်ပနေပြီး ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် သိုင်းကို ဖွင့်ထားကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ လက်မောင်း နှစ်ဖက်ပေါ်ရှိ အင်္ကျီလက်များ အားလုံး စုတ်ပြဲနေပြီး လက်ဖဝါး နှစ်ဖက်မှလည်း သွေးများ ထွက်နေပေသည်။

အရေးကြီးသော အချိန်တွင် မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်လိုက်သော်လည်း နတ်မြား၏ ကြီးမားသော တွန်းကန်အားကို လုံးဝ မဖျက်ဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် လုံးဝ တွန့်ဆုတ်မနေဘဲ ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် သိုင်းကို ချက်ချင်း ဖွင့်လိုက်ခြင်း ဖြစ်သည်။ အရေးကြီးသော အချိန်တွင် အရှိန်လျော့သွားသော နတ်မြားကို ကြီးမားသော ခွန်အားဖြင့် အတင်းအကျပ် ဖမ်းဆုပ်ကာ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ကျန်းချဲ့၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုက ဝူရှန်းဖျင်ကို လုံးဝ ကြိုတင် မခန့်မှန်းနိုင်အောင် ဖြစ်သွားစေခဲ့သည်။ သူက ချက်ချင်း မြားပစ်ရန် အမိန့်ပေးခဲ့သော်လည်း ကြိုတင် သတိထားနေသော ကျန်းချဲ့၏ အရှိန်က အရမ်း မြန်လွန်းနေပြီး အဆက်မပြတ် အားပြုကာ ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲနေသဖြင့် နတ်မြားများကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချဲ့က မြေကြီးပေါ်မှနေ၍ တံတိုင်းပေါ်သို့ ရောက်ရှိသွားပြီး ဝူရှန်းဖျင်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

'ဒုက္ခပဲ'

ဝူရှန်းဖျင်၏ မျက်နှာတွင် အလွန်ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာပြီး နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်သည်။ သူ၏ ဘေးနားရှိ ဝေါ့ဟူတောင်မှ ခေါင်းဆောင်ငယ် အချို့ကလည်း လက်နက်များကိုင်ဆောင်ကာ ကျန်းချဲ့ဆီသို့ ပြေးဝင်လာကြသော်လည်း သူတို့၏ ထိုစွမ်းအားလေးဖြင့် ကျန်းချဲ့ကို တားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။

လက်သီးတစ်ချက် ထိုးလိုက်ရာ ခေါင်းဆောင်ငယ် တစ်ယောက် ချက်ချင်း အရိုးများ ကျိုးကြေသွားပြီး တံတိုင်းပေါ်မှ လွင့်ကျသွားခဲ့သည်။ နောက်ပြန် လက်ဝါးတစ်ချက် ရိုက်လိုက်ရာ ဓားပြ အတော်များများ နောက်သို့ လွင့်စဉ်သွားကြသည်။

ယခုအချိန်တွင် ကျန်းချဲ့က နတ်ဘုရား လာတားလျှင် နတ်ဘုရားကို သတ်ပြီး ဗုဒ္ဓ လာတားလျှင် ဗုဒ္ဓကို သတ်မည့် လူသတ်နတ်ဆိုး တစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ့ကို လာရောက် တားဆီးသူ အားလုံးက သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခံနိုင်ကြပေ။ စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျန်းချဲ့က ဝူရှန်းဖျင်၏ အရှေ့သို့ ရောက်ရှိသွားခဲ့သည်။

"သတ်"

ဝူရှန်းဖျင်၏ မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သွားကြိတ်ကာ ကျန်းချဲ့ဆီသို့ လက်သီးတစ်ချက် ထိုးလိုက်သည်။

သို့သော် ကျန်းချဲ့က လက်လှမ်းကာ ထိုလက်သီးကို ဖမ်းဆုပ်လိုက်ပြီးနောက် အခြား လက်တစ်ဖက်ကို လက်ဝါးအဖြစ် ပြောင်းလဲကာ ဝူရှန်းဖျင်၏ လည်ပင်းကို တိုက်ရိုက် ညှစ်ထားလိုက်သည်။

အနိုင်အရှုံး ပေါ်သွားခဲ့ပြီ။ အရာအားလုံး အဆုံးသတ်သွားပြီ ဖြစ်သည်။

All Chapters