← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) မွေးရာပါအဆင့် သိုင်းသမားကို သတ်ဖြတ်ခြင်း

ကျန်းချဲ့က အတွေးတစ်ချက် ဝင်လာသည်နှင့် လုံးဝ တွန့်ဆုတ်မနေဘဲ အတင်းအကျပ် ယဇ်ပူဇော်ရန် စတင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က တစ်ချက် တုန်ခါသွားခဲ့သည်။

ထို့နောက် ကျောက်တိုင်ပေါ်ရှိ ယဇ်ပူဇော်ရမည့် တန်ဖိုးများက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

[ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - မွေးရာပါ အဆင့်သို့ တက်လှမ်းရန်။]

[ယဇ်ပူဇော်ရမည့် တန်ဖိုး - မွေးရာပါ ဝိညာဉ်စွမ်းအင် တစ်ခု အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း တစ်တုံး ယွမ်ပုံဆောင်ခဲ လေးတုံး နှလုံးသားရှင်းလင်းရေး လျှို့ဝှက်အရည် ဆယ်စက် သက်တမ်း သုံးနှစ် လျော့ကျမည် ပူဇော်မည်လား]

အတင်းအကျပ် ယဇ်ပူဇော်ခြင်းက တကယ်ပဲ ဖြစ်နိုင်ပေသည်။

သို့သော် ပေးဆပ်ရမည့် တန်ဖိုးက အနည်းငယ် ကြီးမားနေပေသည်။

ယွမ်ပုံဆောင်ခဲ နှစ်တုံးသာ လိုအပ်သော်လည်း ကျန်းချဲ့က သက်တမ်း သုံးနှစ်ဖြင့် အစားထိုး ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။

ဤသည်က တန်သလား မတန်ဘူးလား ဆိုသည်ကို ကျန်းချဲ့ သေချာ မသိပေ။

သို့သော် ယခုအချိန်တွင် သူ့၌ ရွေးချယ်စရာ လမ်းမရှိတော့ပေ။

[ပူဇော်မည်]

နောက်တစ်စက္ကန့်တွင်။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများက အဆက်မပြတ် တောက်ပလာပြီး ကျောက်တိုင်ထဲမှ အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ကျောက်တိုင် နေရာလွတ်ထဲရှိ ယွမ်ပုံဆောင်ခဲများ လျှို့ဝှက်အရည်များ အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်းနှင့် မွေးရာပါ ဝိညာဉ်စွမ်းအင် တို့ကို အကုန်လုံး မျိုချပစ်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအင်များ အတင်းအကျပ် စုပ်ယူခံလိုက်ရကြောင်း ခံစားလိုက်ရသည်။

နဖူးပေါ်ရှိ ဆံပင်များထဲတွင် ဆံပင်ဖြူ တစ်ချောင်း ထပ်တိုးလာခဲ့ပြီး ယဇ်ပူဇော်စရာ ပစ္စည်းများ ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ဆူပွက်လာပြီး သူ၏ ခေါင်းပေါ်တွင် လေဝဲကြီး တစ်ခုအဖြစ် စုစည်းကာ ခန္ဓာကိုယ် အတွင်းသို့ ဖြည်းညင်းစွာ စီးဝင်လာခဲ့သည်။ မကြာမီမှာပင် ကျန်းချဲ့၏ အရေပြားများ ချက်ချင်း နီရဲလာပြီး ကြီးမားသော အပူလှိုင်းများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ရေကန်နက်ကြီးကို အဆက်မပြတ် လှုပ်ခတ်သွားစေပြီး ရေလှိုင်းများ ထနေစေခဲ့သည်။

"ဘန်း"

လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံး စုတ်ပြဲသွားခဲ့သည်။

ကြွက်သားများ အမြှောင်းလိုက် ထွက်နေသော ကျစ်လစ် တောင့်တင်းသည့် ခန္ဓာကိုယ် ပေါ်ထွက်လာပြီး ချောမွေ့သော ကောက်ကြောင်းများက စွမ်းအား၏ အလှတရားကို အပြည့်အဝ ဖော်ပြနေပေသည်။

သွေးချီများ ပွက်ပွက်ဆူလာပြီး အတွင်းအားများ တုန်ယင်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ကျန်းချဲ့၏ ခြေလက် ကိုယ်အင်္ဂါများရှိ သွေးကြောပေါက်များမှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စတင် စီးဝင်လာပြီး သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။

ရိုင်းစိုင်း ကြမ်းတမ်းလွန်းလှသည်။

နာကျင်လွန်းလှသည်။

စုတ်ပြဲသွားသကဲ့သို့ ခံစားရသည်။

ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ဆည်ကျိုးကျလာသော ရေလွှမ်းမိုးမှုကြီး ကဲ့သို့ ကျန်းချဲ့၏ သွေးကြောများကို တစ်ကြိမ်ပြီး တစ်ကြိမ် အဆက်မပြတ် ဖြတ်သန်း စီးဆင်းနေပြီး ခန္ဓာကိုယ် အတွင်း၌ အတင်းအကျပ် ဝင်တိုက်နေကာ အေးစိမ့်သော ခံစားချက်များလည်း ပျံ့နှံ့နေပေသည်။

စုတ်ပြဲနေသော သွေးကြောများက ပျက်စီးသွားလိုက် ပြန်လည် ကောင်းမွန်လာလိုက် ဖြစ်နေပေသည်။

ဤသည်မှာ နှလုံးသားရှင်းလင်းရေး လျှို့ဝှက်အရည်၏ အစွမ်းသတ္တိများ အလုပ်လုပ်နေခြင်း ဖြစ်ကြောင်း ကျန်းချဲ့ ကောင်းစွာ သဘောပေါက်ပေသည်။

ယခုအချိန်တွင် ကျန်းချဲ့က နှလုံးသားကို ဆွဲဆုတ်ခံရသကဲ့သို့ နာကျင်မှုကို ခံစားနေရပြီး ၎င်းနှင့်အတူ ရှုပ်ထွေးသော စိတ်ခံစားချက်များလည်း ပါဝင်နေသော်လည်း အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း ရှိနေသဖြင့် သူ၏ စိတ်က အမြဲတမ်း ကြည်လင်နေပေသည်။

စွမ်းအင် လေဝဲကြီးက ပိုမို ကြီးမားလာပြီး ရေကန်အောက်ခြေကိုပါ ရေပွေလှိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ကျန်းချဲ့က လေဝဲကြီး၏ အလယ်ဗဟိုတွင် ရှိနေပြီး အမြောက်အမြား စုစည်းလာသော စွမ်းအင်များနှင့် ယွမ်ပုံဆောင်ခဲများ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်များက သူ၏ ခန္ဓာကိုယ် အတွင်းသို့ ရူးသွပ်စွာ စီးဝင်နေကြသည်။

လုံးဝ ရပ်တန့်မည့် အရိပ်အယောင် မရှိဘဲ သူ့ကို အတင်းအကျပ် ဖောက်ခွဲပစ်တော့မည့်ဟန် ပေါ်နေပေသည်။

ယခုမှသာ ကျန်းချဲ့က ကိုယ်တိုင် ကိုယ်ကျ ခံစားရပြီးနောက် မွေးရာပါအဆင့်၏ ခက်ခဲပုံကို သဘောပေါက်သွားခဲ့သည်။ အလွန် တန်ဖိုးကြီးမားသော မွေးရာပါ ဝိညာဉ်စွမ်းအင် အပြင် အခြားသော မွေးရာပါ ရတနာများကိုပါ လွယ်လွယ်ကူကူ မရနိုင်သောကြောင့် မရေမတွက်နိုင်သော သွေးကြောပွင့်အဆင့် သိုင်းသမားများကို တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ရမ်းသန်းပြီး အဆင့်တက်လှမ်းရန် ကြိုးစားမည် ဆိုပါက အောင်မြင်ရန် အလွန် ခက်ခဲလှပေသည်။

ခြေလှမ်းတိုင်းကို အလွန် သတိထားပြီး လျှောက်လှမ်းရမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် သူက ဤအန္တရာယ်များကို အပြည့်အဝ ရှောင်ရှားနိုင်စွမ်း ရှိပေသည်။

စွမ်းအင်များ၏ လှုပ်ရှားမှုက ကျန်းချဲ့ ခန္ဓာကိုယ်အတွင်းရှိ သွေးချီနှင့် အတွင်းအားများကို ပိုမို ရိုင်းစိုင်းသွားစေခဲ့သည်။ အထူးသဖြင့် အတွင်းအားများက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များနှင့် ပေါင်းစပ်သွားသောအခါ ချက်ချင်း ပျက်စီးသွားပြီး လျင်မြန်စွာ မျိုချခံလိုက်ရသည်။

ထို့ကြောင့် ကျန်းချဲ့၏ လက်မောင်း နှစ်ဖက်တွင်လည်း သွေးကြောစိမ်းများ ထောင်ထွက်လာခဲ့သည်။

အနီးကပ် ကြည့်မည် ဆိုပါက ကျန်းချဲ့၏ ကိုယ်ပေါ်တွင် အလင်းတန်းများ တောက်ပနေပြီး ခန္ဓာကိုယ်ကို ဖောက်ထွင်းကြည့်မည် ဆိုပါက လူသတ်ငွေ့များ စိမ့်ဝင်ကာ အမည်းရောင် ဖြစ်နေသော ကျန်းချဲ့၏ အရွတ်နှင့် အရိုးများကိုပင် မြင်တွေ့နိုင်မည် ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျန်းချဲ့ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် အရိုးများကို ရိုင်းစိုင်း ကြမ်းတမ်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက မရေမတွက်နိုင်အောင် ဖြတ်သန်း စီးဆင်းသွားခဲ့ပြီး စုဆောင်းထားသော ကြီးမားသည့် စွမ်းအားများက ကျန်းချဲ့၏ ဒန်ထျန်း အပြင်ဘက်တွင် စုဝေးလာခဲ့သည်။

"ဝုန်း"

အသံတိုးတိုးလေး တစ်ချက် ထွက်ပေါ်လာသော်လည်း ကျန်းချဲ့အတွက်မူ ကောင်းကင် ပြိုကျပြီး မြေကြီး အက်ကွဲသွားသကဲ့သို့ ဖြစ်နေကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက သူ၏ ဒန်ထျန်း တံခါးဝကို စတင် တိုက်ခိုက်လာတော့သည်။

ဆည်ကျိုးကျလာသော ရေလွှမ်းမိုးမှုကြီးက မြစ်ကမ်းပါးကို တစ်လှိုင်းပြီး တစ်လှိုင်း ရိုက်ခတ်နေသကဲ့သို့ပင်။

“ဝုန်း”

“ဝုန်း”

“ဝုန်း”

နောက်ဆုံးတွင် အချိန်မည်မျှ ကြာသွားသည် မသိ ကျန်းချဲ့၏ ဒန်ထျန်းက အနည်းငယ် ပွင့်ဟသွားပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင် အမျှင်တန်းလေးများက ဒန်ထျန်း အတွင်းသို့ စတင် စီးဝင်လာကာ ကျန်းချဲ့ကို အပြီးတိုင် ဖောက်ခွဲပစ်တော့မည့်ဟန် ပေါ်နေပေသည်။

သို့သော် နောက်တစ်စက္ကန့်တွင်။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ထဲမှ ရွှေရောင် အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီး ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

၎င်းမှာ မွေးရာပါ ဝိညာဉ်စွမ်းအင်မှ ပြောင်းလဲသွားသော အဆီအနှစ်ပင် ဖြစ်သည်။

ဖြတ်သန်းသွားသော နေရာများရှိ သွေးကြောများ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ အားလုံးက ချက်ချင်း ယဉ်ကျေး နူးညံ့သွားကြပြီး မည်သည့် တိုက်ခိုက်မှု စွမ်းရည်မျှ မရှိတော့ပေ။

ရွှေရောင် အလင်းတန်းက အောက်သို့ ဆင်းသက်သွားပြီး ဒန်ထျန်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ကျန်းချဲ့က ရုတ်တရက် စိတ်နှလုံးချင်း ဆက်သွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုရွှေရောင် အလင်းတန်းလေးကို သူ၏ လက်မောင်း ကဲ့သို့ အလိုကျ အသုံးပြုနိုင်မည်ဟု ထင်မှတ်နေမိသည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ကျန်းချဲ့ အတွင်းသို့ ဆက်လက် စီးဝင်နေဆဲ ဖြစ်သော်လည်း ရိုင်းစိုင်း ကြမ်းတမ်းမှု မရှိတော့ပေ။ ယခင်က ဇက်ကြိုးပြတ်နေသော မြင်းရိုင်း သို့မဟုတ် ဆည်ကျိုးကျသော ရေလွှမ်းမိုးမှုကြီး ဟု ဆိုလျှင် ယခုအခါတွင်မူ ယဉ်ကျေးသော သိုးငယ်လေး ကဲ့သို့ ဖြစ်နေပေသည်။

စွမ်းအင်များက သွေးကြောပေါက်များမှတစ်ဆင့် ရွှေရောင် အလင်းတန်းပေါ်သို့ စုဝေးလာကြသည်။

ရွှေရောင် အလင်းတန်း၏ စွမ်းအားကို တဖြည်းဖြည်းချင်း တိုးပွားလာစေသည်။

မွေးရာပါ တာအိုမျိုးစေ့။

ရွှေရောင် အလင်းတန်းများ ပျံ့နှံ့သွားပြီး ယခုအခါ ကျန်းချဲ့၏ သွေးသား၊ အရွတ်၊ အရိုးများနှင့် ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး ယခင်က ဟွမ်မျိုးရိုး အရပ်ပုပု အမျိုးသား၏ တိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများလည်း လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။

သွေးသားများက ထူးဆန်းစွာ ပြောင်းလဲနေပြီး ကျန်းချဲ့၏ အမည်းရောင် အရွတ်နှင့် အရိုးများကလည်း ရွှေရောင် လွှမ်းမိုးသွားကာ ထပ်မံ ပြောင်းလဲသွားပြန်သည်။

အတွင်းမှ အပြင်သို့ အလွန် ထူးဆန်း အံ့ဩဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေပေသည်။

ကြီးမားလှသော အသက်စွမ်းအင်များက ကျန်းချဲ့၏ ခန္ဓာကိုယ်ကို ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ယူဆောင်လာပေးပြီး နဖူးပေါ်တွင် ကျန်းချဲ့ ယခင်က အကြိမ်ကြိမ် ယဇ်ပူဇော်ခဲ့သဖြင့် သက်တမ်း လျော့ကျကာ ဖြူသွားခဲ့သော ဆံပင်များက မျက်စိတစ်မှိတ်အတွင်း အမည်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ဆံပင်အရှည်ကြီးများက ပိုမို တောက်ပလာခဲ့သည်။

မျက်လုံး အစုံက ပိုမို တောက်ပလာပြီး မျက်နှာပေါ်ရှိ ကောက်ကြောင်းများက ပိုမို ထင်ရှားလာကာ မျက်နှာသွင်ပြင်က ပိုမို ကျစ်လစ်လာပြီး ခြေလက်များက ပိုမို ညီညွတ်မျှတ လာခဲ့သည်။

မွေးရာပါအဆင့်သို့ တက်လှမ်းလိုက်သဖြင့် ကျန်းချဲ့ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်နေပြီး ကဏ္ဍစုံတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပေသည်။

ယခင်က ကျန်းချဲ့၏ ရုပ်ရည်က သာမန်သာ ဖြစ်ပြီး မျက်လုံးများ နက်ရှိုင်းသည်မှလွဲ၍ အခြား အားသာချက် မရှိဘူးဟု ဆိုလျှင် ယခုအခါတွင်မူ မတူညီတော့ပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏ ထူးခြားမှုကို မြင်တွေ့နိုင်ပေသည်။

ရုပ်ရည် သန့်ပြန့်ပြီး ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းနေပေသည်။

တစ်ကိုယ်လုံးတွင် ကြီးမားလှသော အရှိန်အဝါများ ပြည့်နှက်နေပေသည်။

မွေးရာပါအဆင့်….မွေးရာပါအဆင့်….

သာမန် လူသားဘဝမှ လွတ်မြောက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

သက်တမ်းကို နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ် အထိ တိုးမြှင့်နိုင်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အတုမရှိသော စွမ်းအားများ ထွက်ပေါ်လာနိုင်ပေသည်။

ဤသည်မှာ မရေမတွက်နိုင်သော သိုင်းသမားများ အိပ်မက်မက်နေသည့် မွေးရာပါအဆင့်ပင် ဖြစ်ပေသည်။

မျက်လုံးများကို ဖွင့်လိုက်ရာ ကျန်းချဲ့၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး ခေါင်းမော့လိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ငွေ့များ စတင် စုစည်းလာတော့သည်။

ပြန်လည် တိုက်ခိုက်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

ရေကန်နက် အပေါ်ဘက်တွင်။

ယခုအချိန်တွင် သံတမန်ဟွမ်က အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အလွန် ထိတ်လန့်နေပေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ အရှေ့တွင် ပေသုံးဆယ်ကျော် အကျယ်ရှိသော ကြီးမားသည့် လေဝဲကြီး တစ်ခု စုစည်းနေသောကြောင့်ပင်။

ရိုင်းစိုင်း ကြမ်းတမ်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ယခုအခါ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ဆယ်စက္ကန့်ကျော်က သူက ကျန်းချဲ့၏ လှည့်စားမှုကို ခံရပြီး ဒေါသထွက်ကာ သူ့ကို ရေကန်ထဲသို့ ရိုက်ချလိုက်ပြီးနောက် အတွင်းသို့ ဝင်ရောက်ကာ သူ့ကို သတ်ဖြတ်ပြီး နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းရန် ပြင်ဆင်နေခဲ့သည်။

သို့သော် သူ မလှုပ်ရှားရသေးမီမှာပင် ထူးခြားမှုကို သတိပြုမိလိုက်သည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက လေဝဲ တစ်ခု အဖြစ် စတင် စုစည်းလာခဲ့သည်။

ဤသည်က ဘာကို ဆိုလိုသနည်း ဆိုသည်ကို သာမန် လူများက မသိနိုင်သော်လည်း...

ကိုယ်တိုင် ကိုယ်ကျ ခံစားဖူးသော သူကမူ အကောင်းဆုံး သိရှိနေပေသည်။

ဤသည်မှာ မွေးရာပါအဆင့်သို့ တက်လှမ်းနေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခန္ဓာကိုယ် အတွင်းသို့ ဆွဲသွင်းနေခြင်းပင် ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ထိုစဉ်က သူသည် ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ဖြင့် အဆင့်တက်လှမ်းခဲ့ပြီး သေလုမျောပါး ကြိုးစားခဲ့ရကာ ဆယ်ပေခန့် အရွယ်အစားရှိသော စွမ်းအင် လေဝဲ ကိုသာ စုစည်းနိုင်ခဲ့သော်လည်း ယခုအခါ သူ၏ လေဝဲထက် အဆပေါင်းများစွာ ပိုမို ကြီးမားနေခြင်းပင် ဖြစ်သည်။

'ကျန်းချဲ့က မွေးရာပါအဆင့်ကို တက်လှမ်းနေတာလား'

သူ၏ ရင်ထဲတွင် ဤအတွေးက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

သို့သော် ထိုအတွေးကို ချက်ချင်း ပြန်ဖျောက်လိုက်သည်။

မည်သို့ပင် ဆိုစေကာမူ သူ၏ အသိတွင် မွေးရာပါအဆင့်သို့ တက်လှမ်းရန် ပထမဆုံး လိုအပ်သည်မှာ စိတ်ငြိမ်သက်မှု ဖြစ်ပြီး စွမ်းအင် ပြည့်ဝသော နေရာ တစ်ခုကို ရှာဖွေ၍ တံခါးပိတ် ကျင့်ကြံကာ မိမိ၏ ခန္ဓာကိုယ် အခြေအနေကို အမြင့်ဆုံးသို့ အဆင့်ဆင့် မြှင့်တင်ရမည် ဖြစ်သည်။

ထို့နောက် အဆင့်ဆင့် ပြင်ဆင်ပြီးမှသာ အဆင့်တက်လှမ်းနိုင်မည် ဖြစ်သည်။

ကြာမြင့်ချိန်မှာလည်း အနည်းဆုံး တစ်ဝက် သို့မဟုတ် တစ်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။

သို့သော် ယခုအခါ ကျန်းချဲ့ ရေထဲသို့ ကျသွားချိန်မှ စွမ်းအင်များ စုစည်းလာချိန်အထိ ဆယ်စက္ကန့်ကျော်သာ ကြာမြင့်သေးသည်။

'ရေကန်ထဲမှာ တစ်ယောက်ယောက် တိုက်တိုက်ဆိုင်ဆိုင် တံခါးပိတ် ကျင့်ကြံနေတာများလား'

'ဒါပေမဲ့ မဖြစ်နိုင်ပါဘူး ဒီနေရာက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေ အရမ်း နည်းပါးပြီး အဆင့်တက်လှမ်းဖို့ သင့်တော်တဲ့ နေရာ မဟုတ်ဘူး'

သံတမန်ဟွမ်က ခေါင်းစားနေပြီး အဆက်မပြတ် ခန့်မှန်းနေကာ ရေထဲသို့ ဝင်ရောက် စစ်ဆေးလိုသော်လည်း တစ်ခုခု အမှားအယွင်း ဖြစ်မည်ကို ကြောက်ရွံ့နေပြီး ရေကန်အောက်ခြေတွင် ထူးဆန်းသော သားရဲများ ရှိနေပါက မည်သို့ လုပ်မည်နည်း ဟု တွေးနေမိသည်။

ဘယ်လို လုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို သူ စဉ်းစားနေစဉ်မှာပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ စုစည်းထားသော လေဝဲကြီးက ပိုမို ကြီးမားလာပြီး တစ်ချိန်တည်းမှာပင် ရေကန်ထဲမှ ကြီးမားလှသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရေများ လှိမ့်တက်လာပြီး ဝေဝါးဝါး မြင်လိုက်ရသည်မှာ ရေကန်အောက်ခြေမှ ရွှေရောင် အလင်းတန်း တစ်ခုက ရေနဂါး လူးလွန့်နေသကဲ့သို့ တိုက်ရိုက် အပေါ်သို့ တက်လာခြင်းပင် ဖြစ်သည်။

'ဒုက္ခပဲ'

သံတမန်ဟွမ်၏ ရင်ထဲတွင် မကောင်းကြောင်း တိတ်တဆိတ် ရေရွတ်လိုက်ပြီး ယခုအချိန်တွင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကျန်းချဲ့၏ အသက်ကို သတ်ရန်ပင် မပြင်ဆင်တော့ဘဲ လုံးဝ တွန့်ဆုတ်မနေဘဲ နောက်ပြန်လှည့်ကာ ထွက်ပြေးတော့သည်။

ရေကန်အောက်ခြေရှိ အရာ၏ အရှိန်အဝါက သူ့ထက် အများကြီး သာလွန်နေပေသည်။

အကယ်၍ တိုက်ခိုက်မိပါက သူ သေချာပေါက် ရှုံးနိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက အတုအယောင် မွေးရာပါအဆင့်သာ ဖြစ်ပြီး မွေးရာပါ ဝိညာဉ်စွမ်းအင်ဖြင့် စုစည်းထားသော တာအိုမျိုးစေ့ မဟုတ်သဖြင့် သက်တမ်းကို မတိုးစေနိုင်ရုံသာမက စွမ်းအားကလည်း တကယ့် မွေးရာပါအဆင့် သိုင်းသမားထက် အများကြီး နိမ့်ကျနေသောကြောင့်ပင်။

မွေးရာပါအဆင့် အောက်ရှိ သူများကို ရင်ဆိုင်ရာတွင် သူက အပြည့်အဝ အသာစီး ရသော်လည်း တကယ့် မွေးရာပါအဆင့် သိုင်းသမား အရှေ့တွင်မူ သူက တစ်ချက်လေးပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သို့သော် သူ ထွက်ပြေးချင်သော်လည်း ကျန်းချဲ့က သူ့ကို ခွင့်ပြုမည်လား။

ယခင်က တစ်ဖက်လူက သူ့ကို မိုင်အတော်များများအထိ လိုက်လံ သတ်ဖြတ်ခဲ့ပြီး အပေါ်စီးမှ ဆက်ဆံကာ သူ့ကို ဒူးထောက် အညံ့ခံစေပြီး အဖေအဖြစ် အသိအမှတ်ပြုခိုင်းခဲ့သည့်အပြင် ချင်းထျန်း ဝိညာဉ်တံဆိပ် ခတ်နှိပ်ကာ သူ့ကို ကျေးကျွန် ပြုလုပ်ရန် ကြိုးစားခဲ့သည်။

ယခုအခါ အဆင့်တက်လှမ်း အောင်မြင်သွားပြီး မွေးရာပါ စွမ်းအားကို ရရှိထားပြီ ဖြစ်သည်။

သေချာပေါက် သူ့ကို ခြေဖဝါးအောက်တွင် နင်းထားရမည် ဖြစ်သည်။

ယခုအခါ တိုက်ခိုက်သူနှင့် ခံစစ်သမား အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သည်။

"ဘန်း"

ရေကန်မှ ရေများ ပေါက်ကွဲထွက်သွားပြီး လူရိပ်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ရေထဲမှ ထွက်ပေါ်လာကာ လေထဲတွင် ရပ်တန့်သွားသည်။ ကျန်းချဲ့၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ဘယ်ဘက် အရှေ့ဘက်သို့ လှည့်ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ထွက်ပြေးချင်တာလား"

"အိပ်မက်သာ မက်နေလိုက်"

အမည်းရောင် ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး ကျန်းချဲ့၏ အမြန်နှုန်းက အလွန် မြန်ဆန်လှသည်။ အစပိုင်းတွင် ပထမဆုံးအကြိမ် လေထဲတွင် ပျံသန်းရသဖြင့် အနည်းငယ် ယိမ်းယိုင်နေသော်လည်း လျင်မြန်စွာ ပြန်လည် ထိန်းညှိနိုင်ခဲ့ပြီး မိမိ၏ စွမ်းအားနှင့် အသားကျသွားခဲ့သည်။

သံတမန်ဟွမ်က အသက်လု ထွက်ပြေးနေသော်လည်း သူ၏ မွေးရာပါ အတွင်းအားက ကျန်းချဲ့ကို မယှဉ်နိုင်သဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက အလွန် နှေးကွေးနေပုံ ရပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျန်းချဲ့က သူ့ကို မီသွားခဲ့သည်။

လက်ကို မြှောက်လိုက်ရာ စွမ်းအင်များ စုစည်းလာပြီး ကျန်းချဲ့က တိုက်ရိုက် ထိုးနှက်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် စုစည်းသွားပြီး အန္တရာယ်ရှိသော အရှိန်အဝါများကြောင့် သံတမန်ဟွမ်၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားကာ ရုတ်တရက် နောက်ပြန်လှည့်ပြီး လက်ဝါး တစ်ချက် ရိုက်ချလိုက်သည်။

“ဝုန်း”

စွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး ဂယက်လှိုင်းများ လွင့်စဉ်သွားခဲ့သည်။

သံတမန်ဟွမ်က အဆက်မပြတ် တိုက်ခိုက်ပြီး အရှေ့သို့ ထိုးနှက်လိုက်သော်လည်း ဖုန်မှုန့်များ ကင်းစင်သွားချိန်တွင် လုံးဝ လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။

သူ၏ ရင်ထဲတွင် အံ့ဩ ထိတ်လန့်နေချိန်မှာပင် နားထဲသို့ ရင်းနှီးသော အသံတိုးတိုးလေး တစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"သံတမန်ဟွမ် ငါ ဒီမှာ ရှိတယ်"

'ဒုက္ခပဲ'

သံတမန်ဟွမ်၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာပြီး အလျင်စလို ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူ အတွင်းအားများကို မထုတ်ယူနိုင်မီမှာပင် ပြင်းထန်သော စွမ်းအားကြီး တစ်ခုက မျက်စိတစ်မှိတ်အတွင်း သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

“ဝုန်း”

ကျန်းချဲ့၏ တစ်ချက်တည်းသော တိုက်ခိုက်မှု အောက်တွင် အတွင်းအားများ ပေါက်ကွဲထွက်သွားပြီး သံတမန်ဟွမ်ကို လေထဲမှ မြေကြီးပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားစေကာ ပြင်းထန်စွာ ကျရောက်သွားပြီး ပါးစပ်မှ သွေး တစ်ပွက် အန်ထုတ်လိုက်ရကာ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

ခေါင်းမော့ကြည့်လိုက်ရာ လေထဲတွင် အမည်းရောင် ရွှေရောင် အလင်းတန်းများ ဝိုင်းရံနေသော လူရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ ချက်ချင်း မှေးကျဉ်းသွားခဲ့သည်။

'ကျန်းချဲ့'

'တကယ်ကြီး ကျန်းချဲ့ ဖြစ်နေတာလား'

'စွမ်းအင် လေဝဲကြီးကို စုစည်းပြီး မွေးရာပါအဆင့်ကို တက်လှမ်းသွားတဲ့သူက တကယ်ကြီး သူ ဖြစ်နေတာလား'

သူက ဤအရာအားလုံးကို လုံးဝ မယုံကြည်ချင်သော်လည်း အမှန်တရားက သူ၏ အရှေ့တွင် ရှိနေပေသည်။

ယခင်က အပေါ်စီးမှ နေကာ လှောင်ပြောင် သရော်ခဲ့သော သူက ယခုအခါတွင်မူ တစ်ဖက်လူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှု အောက်တွင် လုံးဝ ရှုံးနိမ့်သွားပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့သဖြင့် သူ၏ ရင်ထဲတွင် စိုးရိမ် ပူပန်မှုများ ပြည့်နှက်နေပြီး လက်မောင်းများပင် တုန်ယင်နေပေသည်။

"မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် အချိန်တို အတွင်းမှာ အဆင့်တက်လှမ်းနိုင်တာလဲ"

သူက အမှန်တရားကို သိလိုသဖြင့် တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်သည်။

ကျန်းချဲ့က မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ဘယ်က ရလာသလဲ ဆိုသည်ကို အရင် မပြောဘဲ ထားဦး၊ အကယ်၍ တစ်ဖက်လူက ကိုယ်တိုင် သယ်ဆောင်လာလျှင်တောင်မှ ဆယ်စက္ကန့်ကျော် အချိန်တို အတွင်းမှာ သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက် ဘဝမှ မွေးရာပါ အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်သည် ဆိုသည်မှာ သူ၏ အသိဉာဏ်ကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

'သူက အရင်ကတည်းက မွေးရာပါအဆင့် ဖြစ်နေပြီး ငါ့ကို လှောင်ပြောင်ဖို့ တမင် ဖုံးကွယ်ထားတာများလား'

သို့သော် ယခင်က ဖြစ်ပျက်ခဲ့သော အခြေအနေ အမျိုးမျိုးကို ပြန်လည် စဉ်းစားကြည့်ရာ သိပ်ပြီး မမှန်ကန်ပုံ ရပေသည်။

"သေမယ့်သူ တစ်ယောက်က အများကြီး သိဖို့ မလိုဘူး"

ကျန်းချဲ့က ဤလူနှင့် အများကြီး ရှင်းပြလိုစိတ် မရှိပေ။

'သူက တန်လို့လား'

ယခုအချိန်အထိ တစ်ချက်တည်းဖြင့် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေပြီးမှသာ ကျန်းချဲ့က ယခင်က သံသယများကို သဘောပေါက်သွားခဲ့သည်။

ဤအရပ်ပုပု အမျိုးသားက တကယ့် မွေးရာပါအဆင့် အစစ်အမှန် မဟုတ်ဘဲ မည်သည့် နည်းလမ်းကို အသုံးပြုကာ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ခိုးယူထားခြင်းသာ ဖြစ်သည်။

မဟုတ်ပါက သူက ယခုမှ အဆင့်တက်လှမ်းခါစ ဖြစ်ပြီး ဓားသိုင်း၊ လက်သီးသိုင်း စသည့် နည်းလမ်းများ အားလုံး အားနည်းနေချိန်တွင် ဤမျှ မြန်မြန်ဆန်ဆန် အနိုင်အရှုံး ပေါ်သွားမည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ ဤလူက တကယ့် မွေးရာပါ စွမ်းအား အစစ်အမှန်သာ ရှိခဲ့ပါက သူက ယခင်က ရေကန်နက်ထဲသို့ ထွက်ပြေးပြီး အဆင့်တက်လှမ်းရန် လုံးဝ အခွင့်အရေး ရမည် မဟုတ်ပေ။

'အတုအယောင် မွေးရာပါအဆင့် သက်သက်ပါပဲ'

"ငါ ငါက ချင်းထျန်းဂိုဏ်းရဲ့ သံတမန်ပဲ မင်း ငါ့ကို သတ်လို့ မရဘူး ငါ့ကို သတ်လိုက်ရင် အဲဒီနောက်ပိုင်း မင်းက လိုက်လံ ဖမ်းဆီး သတ်ဖြတ်တာကို ခံရပြီး ငါတို့ ဂိုဏ်းနဲ့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ရန်သူတွေ ဖြစ်သွားလိမ့်မယ်"

သံတမန်ဟွမ်က ကျန်းချဲ့ကို နောက်ဆုတ်သွားစေရန် ရည်ရွယ်ပြီး အလျင်အမြန် ခြိမ်းခြောက်လိုက်သည်။

"မင်းသာ ငါ့ကို လွှတ်ပေးမယ် ဆိုရင် ဒီနေ့ ကိစ္စက ငါ့အမှားလို့ပဲ သတ်မှတ်လိုက်မယ် ငါ့ကိုယ်ပေါ်က ပစ္စည်းတွေ အကုန်လုံး မင်းကို ပေးမယ် ဘယ်လိုလဲ"

သူက ယခုအချိန်တွင် အသက်ရှင်သန်ချင်ရုံ သက်သက်သာ ဖြစ်သည်။ ကြီးမားသော တန်ဖိုးများကို ပေးဆပ်ပြီးမှသာ မွေးရာပါအဆင့်သို့ တက်လှမ်းနိုင်မည့် နေရာ တစ်ခုကို ရရှိခဲ့ကာ အသက်စွန့်ပြီးမှ မွေးရာပါအဆင့် သံတမန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူ ခံစားရသည်မှာ မလုံလောက်သေးပေ၊ အများကြီး လိုအပ်နေသေးသည်။

သူ လုံးဝ မသေချင်သေးပေ။

"မိုက်မဲလိုက်တာ မင်းကို သတ်လိုက်ရင်လည်း မင်းကိုယ်ပေါ်က ပစ္စည်းတွေက ငါ့ဟာပဲလေ"

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး အရှေ့ရှိ အရပ်ပုပု အမျိုးသားက အနည်းငယ် ရိုးအလွန်းနေသည်ဟု ခံစားလိုက်ရသည်။

'ဒါက ကလေးကစားနေတာလား ဒါက သေရေးရှင်ရေး တိုက်ခိုက်နေတာလေ'

ထို့အပြင် အကယ်၍ ဤအရပ်ပုပု အမျိုးသားက သူ၏ လျင်မြန်စွာ မွေးရာပါအဆင့်သို့ တက်လှမ်းခဲ့သော သတင်းကို ဖြန့်ဝေလိုက်ပါက ဘယ်လို လုပ်မည်နည်း။

'သတ်ပစ်မှပဲ အားလုံး ပြီးပြတ်သွားမှာ'

"မင်း ငါ့ကို သတ်လို့ မရဘူး ချင်းထျန်းဂိုဏ်းက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"

သံတမန်ဟွမ်က အပြင်ပန်းတွင် ကြောက်မက်ဖွယ် ကောင်းသော်လည်း အတွင်း၌ ကြောက်ရွံ့နေသော ဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။

"လူမိုက် အခြေအနေကို သေချာ မကြည့်တတ်ဘူးပဲ"

ချင်းထျန်းဂိုဏ်း၏ ခြိမ်းခြောက်မှုကို ကျန်းချဲ့က အသက်အန္တရာယ် ပေးနိုင်သည့် ကြီးမားသော ကိစ္စ တစ်ခုအဖြစ် လုံးဝ သတ်မှတ်မည် မဟုတ်ပေ။

ချင်းထျန်းဂိုဏ်းတွင် လူများစွာ ရှိရာ လူတစ်ယောက် သေဆုံးသွားရုံဖြင့် ဘယ်လိုလုပ်ပြီး အဆက်မပြတ် ကလဲ့စားချေနေမည်နည်း။

အကယ်၍ တကယ်ပဲ ဤမျှ အင်အားကြီးမားပါက ပုန်ကန်မှု ရှုံးနိမ့်ပြီး အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုကို ခံရမည် မဟုတ်ပေ။

ထို့အပြင် ကျန်းချဲ့တွင် ယခုအခါ စွမ်းအား လုံလောက်နေပြီ ဖြစ်သော်လည်း အတွေ့အကြုံနှင့် စွမ်းဆောင်ရည် အချို့ လိုအပ်နေသေးသည်။ မဟုတ်ပါက ရာထူးတိုးရန် ခက်ခဲလှသည်။ သို့သော် ချင်းထျန်းဂိုဏ်း၏ မွေးရာပါအဆင့် သံတမန် တစ်ယောက်ကို သတ်ဖြတ်ပြီး ဝေါ့ဟူတောင်ကို သိမ်းသွင်းကာ ပုန်ကန်ရန် ကြံစည်နေသော တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို ဖျက်ဆီးပစ်နိုင်ပါက...

၎င်းက စွမ်းဆောင်ရည် မှတ်တမ်းတွင် ကြီးမားသော အမှတ်တစ်ခု အဖြစ် ရေးသားနိုင်မည် ဖြစ်သည်။

ငွေကြေးများဖြင့် လမ်းခင်းနိုင်ပါက ရာထူးတိုးရန်မှာ အချိန်ပြဿနာသာ ဖြစ်တော့သည်။

ထို့နောက် ကျန်းချဲ့က ဆက်လက် စကားများမနေတော့ဘဲ မွေးရာပါအဆင့် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အရာများကို တစ်ဖက်လူထံမှ လုံးဝ မမေးမြန်းတော့ပေ။ တစ်ဖက်လူ ပြောသည်ကိုလည်း သူ ယုံကြည်မည် မဟုတ်ပေ။

တစ်ဖက်လူကို ဤအချက်ဖြင့် ခြိမ်းခြောက်ခွင့် ပေးမည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့နောက် ကျန်းချဲ့က လက်ကို မြှောက်လိုက်ရာ စွမ်းအင်များ စုစည်းလာပြီး ဟွမ်မျိုးရိုး အရပ်ပုပု အမျိုးသား၏ ဆုတ်လမ်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ လက်ထဲမှ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူ၏ လည်ပင်းကို တိုက်ရိုက် ဖြတ်သန်းသွားတော့သည်။

နောက်တစ်စက္ကန့်တွင် တစ်ဖက်လူ၏ ခေါင်းက မြေကြီးပေါ်သို့ ကျသွားပြီး အသက်ငွေ့ လုံးဝ ပျောက်ကွယ်သွားတော့သည်။

All Chapters