အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) ကိုယ့်အဆင်ပြေသလိုပဲ ခေါ်ကြတာပေါ့
ကျန်းချဲ့က ကျူးရှန်း၏ ကလဲ့စားကို ချေပေးခဲ့သဖြင့် ကျူးရွှိက ကျန်းချဲ့အပေါ် အလွန် ရိုသေလေးစားမှု ရှိနေပြီး စကားပြောတိုင်းလည်း တပ်မှူးကျန်း ဟုသာ ခေါ်ဆိုကာ ဖခင်၏ သူငယ်ချင်း တစ်ယောက် ကဲ့သို့ ဆက်ဆံနေပေသည်။
ထိုသို့ ခေါ်ဆိုရသည်မှာ အနည်းငယ် အနေရခက်သော်လည်း...
ကျေးဇူးတရား ရှိနေသဖြင့် ဤသို့သာ လုပ်ဆောင်ရပေမည်။
သို့သော် ကျန်းချဲ့က ဤကိစ္စကို သိပ်ပြီး ဂရုမစိုက်ဘဲ တိုက်ရိုက် ပြောလိုက်သည်။
"မင်းနဲ့ငါက အသက်အရွယ်တူတူပဲ ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး နောင်ကျရင် မျိုးဆက်ခွဲမနေဘဲ ကိုယ့်အဆင်ပြေသလိုပဲ ခေါ်ကြတာပေါ့ မင်းက ငါ့ကို အစ်ကိုကျန်း လို့ခေါ် ငါက မင်းကို ညီလေးကျူး လို့ ခေါ်မယ် သခင်မကြီးနဲ့ ငါ့ရဲ့ ဆက်ဆံရေးကတော့ သီးသန့်ပဲ ထားလိုက်ပေါ့ ဘယ်လိုလဲ"
"အစ်ကိုကျန်း"
ကျူးရွှိက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့က ပေါင်းသင်းလို့ ရမည့်သူ တစ်ယောက် ဖြစ်ကြောင်း တွေးလိုက်သည်။
ကျေးဇူးသိတတ်ရုံသာမက လူမှုဆက်ဆံရေးကိုလည်း ကောင်းစွာ နားလည်ပေသည်။
မိခင်ဖြစ်သူက အဘယ်ကြောင့် သူနှင့် ရင်းနှီးစွာ ဆက်ဆံလိုသည်ကို နားလည်သွားပေသည်။
သခင်မကြီးကျူးကမူ ပါးစပ်ဟကာ တစ်ခုခု ပြောလိုသည့်ဟန် ရှိနေသော်လည်း...
ဤသို့ ဆက်ဆံလိုက်ပါက မျိုးဆက် အလွန် ကွာဟသွားပေမည်။
သို့သော် ဤသို့သာ လုပ်ဆောင်ရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမနှင့် ကျန်းချဲ့တို့၏ ဆက်ဆံရေးကို အပြင်သို့ ထုတ်ဖော် ပြောဆို၍ မရနိုင်ပေ။ ထို့ကြောင့် သူမ၏ ရင်ထဲရှိ အတွေးများကို ဖိနှိပ်ထားလိုက်ပြီး သူတို့ နှစ်ယောက် ဆက်ဆံလိုသည့်အတိုင်းသာ ခွင့်ပြုထားလိုက်သည်။
အချိန်အနည်းငယ် စကားပြောပြီးနောက် ကျူးရွှိက ကျန်းချဲ့ကို ဧည့်ခန်း အတွင်းသို့ ခေါ်ဆောင်သွားပြီး ဟင်းပွဲ အနည်းငယ် ပြင်ဆင်ခိုင်းကာ သူနှင့်အတူ အရက် အနည်းငယ် သောက်ရန် ပြင်ဆင်လိုက်သည်။
ကျူးရှန်း အတွက်မူ သူ ကိုယ်တိုင် သွားရောက် ကန်တော့ပြီး ဖြစ်သည်။
ခုနစ်ရက် ပြည့်သည်အထိ စောင့်ဆိုင်းပြီးနောက် မြေမြှုပ်ရန်သာ ကျန်ရှိတော့သည်။
ကျန်းချဲ့ ကလည်း လျိုကျစ် ၏ ပါးစပ်မှတစ်ဆင့် ကျူးရွှိ ၏ အကြောင်း အချို့ကို စောစောကတည်းက သိရှိထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဤလူငယ်က ငယ်စဉ်ကတည်းကပင် ကျင့်ကြံရေးတွင် ပါရမီ ထူးချွန်သဖြင့် ကျူးရှန်း က ကျန်းဟိုင်ဂိုဏ်း သို့ ပို့ဆောင်ကာ ကျင့်ကြံစေခဲ့သည်။
ယနေ့အထိ ဆိုလျှင် ရှစ်နှစ် ရှိပြီ ဖြစ်သည်။
ကျူးရှန်း အမြဲတမ်း ဂုဏ်ယူခဲ့ရသည့် ကိစ္စ တစ်ခုပင် ဖြစ်သည်။
စကားစပ်မိသည့် အခါတွင် သူက ယခု လက်ရှိ ထိုက်အန်းဒေသ ၏ အခြေအနေများကို ပိုမို သိရှိလိုကြောင်း ပြောလိုက်သည်။ လျိုကျစ် က အများအပြား သိရှိသော်လည်း ယခင်က သူ၏ အဆင့်အတန်းက နိမ့်ကျလွန်းသဖြင့် အပြည့်အဝ မသိရှိနိုင်ပေ။
သူက ယခုအခါ မွေးရာပါအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ မကြာမီ ထိုက်အန်းဒေသ မှ အင်အားကြီး အဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရမည်မှာ အသေအချာပင် ဖြစ်သည်။
ကျူးရွှိ ကလည်း လုံးဝ ဖုံးကွယ်မထားဘဲ သူ သိရှိထားသမျှ အခြေအနေများကို ကျန်းချဲ့ ထံသို့ အားလုံး ပြောပြလိုက်သည်။
"အခု ထိုက်အန်းဒေသ အတွင်းမှာ အစိုးရ အဖွဲ့အစည်း အပြင် မွေးရာပါအဆင့် သိုင်းသမား ရှိတဲ့ အဖွဲ့အစည်း ခြောက်ခု ရှိတယ် အဲဒါတွေကတော့ ယွီတောင် က လုမိသားစု ကျန်းဟိုင်ဂိုဏ်း ကျင်းယွမ်ကျောင်းတော် ဖူလုံကျောင်းတော် ဝမ်ရှိုးခြံဝင်း နဲ့ ယောင်ဝမ်တောင်ကြား တို့ပဲ
ဒီ အဖွဲ့အစည်း ခြောက်ခု အတွင်းမှာ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်ထက် မက ရှိကြတယ် ဒါ့အပြင် တခြား အသေးစား မိသားစုတွေနဲ့ သိုင်းလောက အဖွဲ့အစည်း အချို့လည်း ရှိသေးတယ် ဒါပေမဲ့ အဲဒီ အဖွဲ့အစည်း တွေမှာက မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်ပဲ ရှိတာ
ပြီးတော့ အဲဒီလူတွေ အကုန်လုံးက မွေးရာပါ အဆင့် အစပိုင်းပဲ ရှိသေးတယ် ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ကို လုံးဝ မယှဉ်နိုင်ဘူး
ဒီ အဖွဲ့အစည်း ခြောက်ခုကို"
ဤနေရာသို့ ရောက်သောအခါ ကျူးရွှိ ၏ စကားသံက ရုတ်တရက် ရပ်တန့်သွားသော်လည်း ချက်ချင်း ပြန်ဆက်ပြောလိုက်သည်။
"အစိုးရ အဖွဲ့အစည်း တောင်မှ အလွယ်တကူ သွားပြီး ရန်မစရဲဘူး ပုန်ကန်မှုတွေ ဖြစ်လာပြီး ကိစ္စတွေ ကြီးထွားသွားမှာကို စိုးရိမ်လို့လေ"
ကျန်းချဲ့၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့သည်။ ထိုက်အန်းဒေသ အတွင်းတွင် မွေးရာပါအဆင့် သိုင်းသမား အများအပြား ရှိကြောင်း သူ သိထားသော်လည်း ဤမျှလောက် များပြားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ကို မဆိုထားနှင့် အခြား မွေးရာပါအဆင့် သိုင်းသမား ရှိသော အဖွဲ့အစည်း အများအပြား ရှိနေသေးသည်။
သူ တကယ်ကို အံ့ဩသွားမိသည်။
ကြည့်ရသည်မှာ ယခင်က အဆင့်အတန်း နိမ့်ကျလွန်းသဖြင့် ရေတွင်းထဲမှ ဖားသူငယ် ကဲ့သို့ ကောင်းကင်ကို ကြည့်နေမိသကဲ့သို့ ဖြစ်နေပေသည်။
မွေးရာပါအဆင့် က ခရိုင် တစ်ခုကို လွှမ်းမိုးရန် လုံလောက်သော်လည်း ဒေသ တစ်ခုလုံးကို လွှမ်းမိုးရန်မှာမူ အလွန် ခက်ခဲလှပေသည်။
ကျူးရွှိ ကလည်း ကျန်းချဲ့ ၏ အတွေးကို ရိပ်မိပုံ ရကာ ခပ်ဟဟ ရယ်မော၍ ပြောလိုက်သည်။
"ကျွန်တော် အစက သိရတုန်းကလည်း အဲဒီလိုပဲ တွေးခဲ့မိတာ မွေးရာပါအဆင့် ရောက်ရင် ထိုက်အန်းဒေသ တစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီလို့ ထင်ခဲ့တာ အဲဒါက မှန်ပေမဲ့ ဘယ်နေရာမှာ သွားလာနေတာလဲ ဆိုတာကိုလည်း ကြည့်ရသေးတယ်
အကယ်လို့ အသေးစား ဂိုဏ်းလေးတွေ ဆိုရင်တော့ ဘာမှ စိတ်ပူစရာ မလိုဘူး ဒါပေမဲ့ ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ကို သွားပြီး ရန်စမိရင်တော့ လုံးဝ မလွယ်ဘူး အဲဒီ အဖွဲ့အစည်း ခြောက်ခုနဲ့ တန်းတူ ရပ်တည်နိုင်တဲ့ မွေးရာပါ အဆင့်မြင့် အဖွဲ့အစည်း တွေလောက်မှပဲ ရမှာ"
"ညီလေးကျူး ပြောတာလည်း မှန်ပါတယ် ထိုက်အန်းဒေသ က ဧရိယာ ကျယ်ဝန်းပြီး မိုင်ထောင်ချီ ရှိတာဆိုတော့ ဒီလောက်များပြားတဲ့ မွေးရာပါအဆင့် သိုင်းသမားတွေကို လက်ခံနိုင်စွမ်း ရှိတာပေါ့"
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လက်ရှိ အခြေအနေကို အလွယ်တကူ လက်ခံလိုက်သည်။
ယွဲ့ဒေသ တစ်ခုလုံးတွင် ကြည့်မည် ဆိုလျှင် ထိုက်အန်းဒေသ က ထိပ်တန်း ဒေသကြီး တစ်ခု ဖြစ်ရာ ဤကဲ့သို့သော သိုင်းသမားများ ရှိနေခြင်းက အံ့ဩစရာ မဟုတ်ပေ။ သူ၏ လက်ရှိ အင်အား အရ ဆိုလျှင် ထိပ်တန်း အဆင့်ဟု မခေါ်ဆိုနိုင်သော်လည်း ပထမတန်းစား အဆင့်တွင်တော့ သေချာပေါက် ရှိနေပေသည်။
အနည်းဆုံးတော့ သာမန် မွေးရာပါအဆင့် သိုင်းသမား များက သူ့ကို အကြောင်းမဲ့ လာရောက် ရန်စမည် မဟုတ်ပေ။
"လောကကြီး က အဲဒီလိုပါပဲ စွမ်းအားကြီးတဲ့ သူတွေ အများကြီး ပေါ်ထွက်လာတာမို့ ကျွန်တော်တို့က ပိုပြီး ကြိုးစားကြရမှာပေါ့"
ကျူးရွှိ က သက်ပြင်း တစ်ချက် ချလိုက်သည်။
သူ အိမ်သို့ မကြာခဏ ပြန်မလာခြင်း၏ အဓိက အကြောင်းရင်းမှာ ကျန်းဟိုင်ဂိုဏ်း ၏ စည်းကမ်း တင်းကျပ်မှု ကြောင့် ဖြစ်သလို သူကိုယ်တိုင် ကလည်း အမြဲတမ်း တိုးတက်လိုစိတ် ရှိနေပြီး တစ်နေ့တွင် ထိုက်အန်းဒေသ အတွင်း၌ နာမည်ကြီးသော သူ တစ်ယောက် ဖြစ်လာရန် မျှော်လင့်နေသောကြောင့် ဖြစ်သည်။
"အဲဒီ အဖွဲ့အစည်း တွေက ဘယ်နေရာတွေမှာ အခြေစိုက်ထားကြတာလဲ"
ကျန်းချဲ့က သူ၏ သိချင်စိတ်ကို မေးမြန်းလိုက်သည်။
အခြား နေရာများကို ကျန်းချဲ့ မသိသော်လည်း အနည်းဆုံး ချင်းကျန်း နှင့် ယန်ဂူ ခရိုင် နှစ်ခု အတွင်း၌ အပြင်ပန်းတွင် မွေးရာပါအဆင့် သိုင်းသမား လုံးဝ မရှိပေ။
"ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ထဲမှာ ကျန်းဟိုင်ဂိုဏ်း ဖူလုံကျောင်းတော် က ထိုက်အန်းဒေသ ရဲ့ အရှေ့မြောက်ဘက် မှာ အကြမ်းဖျင်း ရှိပြီး ကျင်းယွမ်ကျောင်းတော် ဝမ်ရှိုးခြံဝင်း စတဲ့ အဖွဲ့အစည်း တွေက အနောက်မြောက်ဘက် မှာ ရှိတယ် ကျန်တဲ့ အဖွဲ့အစည်း တွေကလည်း အဲဒီအနီးအနားမှာပဲ ဖြန့်ကျက်ထားကြတာ
အဖွဲ့အစည်း အနည်းငယ် လောက်ပဲ တခြား အဖွဲ့အစည်း တွေနဲ့ အကျိုးအမြတ် လုယူရတာကို ကြောက်ပြီး တခြား နေရာတွေမှာ သွားနေကြတာ"
"အဲဒီ အဖွဲ့အစည်း ကြီးတွေ အခြေစိုက်တဲ့ နေရာတွေမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး ရှိနေလို့လား"
ကျန်းချဲ့က ဤဖြစ်နိုင်ခြေကို ချက်ချင်း တွေးမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကျူးရွှိ ၏ ပြောပြချက် အရ ဆိုလျှင် ထိုက်အန်းဒေသ အတွင်းရှိ မွေးရာပါအဆင့် အဖွဲ့အစည်း အများစုက အရှေ့မြောက် နှင့် အနောက်မြောက် နေရာများတွင် စုစည်းနေကြသည်။ ဤမျှများပြားသော အဖွဲ့အစည်းများ ဤနေရာတွင် စုစည်းနေခြင်းက သေချာပေါက် အကျိုးအမြတ် တစ်ခုခု ရှိနေသောကြောင့်ပင်။
"အစ်ကိုကျန်း က တကယ်ကို ဉာဏ်ကောင်းတာပဲ မှန်ပါတယ် အဲဒီ အဖွဲ့အစည်း ကြီးတွေ အခြေစိုက်တဲ့ နေရာက ထိုက်အန်းဒေသ ရဲ့ ဗဟိုချက်မ နေရာတွေပဲ ဝမ်ယွဲ့ရေကန် ထိုက်ဆန်း တောင်တန်း ကျင်းဆန်း တောင်ကြား တွေ အကုန်လုံး အဲဒီ နယ်မြေထဲမှာ ရှိတာ"
ကျန်းချဲ့ က ထိုအခါမှသာ ထိုက်အန်းဒေသ ၏ အခြေအနေကို အပြည့်အဝ နားလည်သွားပြီး ယန်ဂူခရိုင် ကဲ့သို့သော နေရာများတွင် မွေးရာပါအဆင့် သိုင်းသမား များ အဘယ်ကြောင့် အလွန် ရှားပါးရသနည်း ဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ ထိုနေရာများတွင် လူဦးရေ များပြားသော်လည်း...
ထွက်ရှိလာသော အရင်းအမြစ်များက အလွန် နည်းပါးလွန်းသဖြင့် ဤကဲ့သို့သော အင်အားကြီး အဖွဲ့အစည်း များကို မဆွဲဆောင်နိုင်ခြင်း ဖြစ်ပေသည်။
"ညီလေးကျူး ရဲ့ အသိအမြင် တွေက တကယ်ကို ထူးခြားပြောင်မြောက်တာပဲ ကျန်းဟိုင်ဂိုဏ်း ထဲမှာလည်း အဆင့်အတန်း အတော်လေး မြင့်မယ် ထင်တယ်"
ကျန်းချဲ့က အကြောင်းအရာ ပြောင်းကာ သွယ်ဝိုက်၍ မေးမြန်းလိုက်သည်။
ကျူးရွှိ က လက်ဝှေ့ယမ်းကာ နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော် က သာမန် အမာခံ တပည့် တစ်ယောက် ပါပဲ လွန်ခဲ့တဲ့ တစ်လကမှ စာကြည့်တိုက် မှူး ရဲ့ တပည့် အဖြစ် လက်ခံခံရတာ အဆင့်အတန်း မြင့်တယ်လို့ လုံးဝ မပြောနိုင်ပါဘူး
ဒါပေမဲ့ အစ်ကိုကျန်း အနေနဲ့ အခက်အခဲ တစ်ခုခု ကြုံလာရင် ကျွန်တော့်ကို လာရှာပါ အကူအညီ နည်းနည်းပါးပါးတော့ ပေးနိုင်ပါလိမ့်မယ်"
ဤစကားက နှိမ့်ချထားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တော့ မာန အနည်းငယ် ပါဝင်နေပေသည်။
ထိပ်တန်း အဖွဲ့အစည်း တစ်ခု၏ အမာခံ တပည့် တစ်ယောက် ဖြစ်ပြီး စာကြည့်တိုက် မှူး ၏ တပည့် အဖြစ်ပါ လက်ခံခံရခြင်း က ဤကဲ့သို့သော အဆင့်အတန်း နှင့် နောက်ခံက အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ သူ၏ ဖခင် ကျူးရှန်း ပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။
ထို့ကြောင့် သူက ကျန်းချဲ့ အခက်အခဲ ကြုံပါက သူ့ထံ စာပို့ရန် ရဲရဲဝင့်ဝင့် ပြောဆိုရဲခြင်း ဖြစ်သည်။
မူလက ကျူးရွှိ က နှစ်သစ်ကူး အချိန်တွင် ဤသတင်းကို မိဘများထံ ပြောပြပြီး ဝမ်းသာစေရန် ရည်ရွယ်ထားသော်လည်း အထက်မှ အမိန့်ပေးသဖြင့် တာဝန် တစ်ခုကို သွားရောက် ထမ်းဆောင်ခဲ့ရပြီး လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
ထို့နောက် မိခင်ဖြစ်သူ၏ အရေးပေါ် စာကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းချဲ့ ၏ အာရုံစိုက်မှုက တစ်ဖက်လူ၏ 'စာကြည့်တိုက်' ဆိုသည့် စကားလုံး အပေါ်သို့ ရောက်ရှိသွားခဲ့သည်။ မျက်လုံးများ လှုပ်ရှားသွားပြီး သူက ယခုအခါ မွေးရာပါအဆင့် ကျင့်ကြံရန် ကျင့်စဉ် တစ်ခု လိုအပ်နေရာ ဤသည်က...
အခွင့်အရေး တစ်ခု ဖြစ်လာနိုင်ပေသည်။
"အမှန်အတိုင်း ပြောရရင် အခု ငါ့မှာ တောင်းဆိုစရာ ကိစ္စလေး တစ်ခု ရှိနေတယ်"
"အစ်ကိုကျန်း တိုက်ရိုက်သာ ပြောပါ"
ကျူးရွှိ ၏ အမြင်တွင် ကျန်းချဲ့ ၏ စွမ်းအားက အလွန်ဆုံး သွေးကြောပွင့် အဆင့်တွင်သာ ရှိမည် ဖြစ်ရာ ဘယ်လို အခက်အခဲမျိုး ကြုံနေပါစေ သူ ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး တစ်ဖက်လူ၏ ကျေးဇူးကိုလည်း ပြန်လည် ဆပ်ပြီးသား ဖြစ်သွားမည်ဟု တွေးလိုက်သည်။
"ငါ့မှာ မွေးရာပါအဆင့် ကျင့်ကြံဖို့ ကျင့်စဉ်တွေ လိုအပ်နေတယ် မပြည့်စုံရင်တောင် ရတယ် အကယ်လို့ ညီလေးကျူး က ကူညီပေးနိုင်မယ် ဆိုရင် ငါ အများကြီး ကျေးဇူးတင်မှာပါ"
သူ၏ စွမ်းအားကို ကျူးရွှိ က သေချာ မသိနိုင်ပေ။
သို့သော် ကျူးရွှိ ၏ စွမ်းအားကိုမူ သူ အလွန် ရှင်းလင်းစွာ သိရှိနေပေသည်။ ယခု လက်ရှိ အချိန်တွင် အများဆုံး သွေးကြောပွင့် အဆင့် အစပိုင်းသာ ရှိသေးပြီး အမာခံ တပည့် တစ်ယောက် ဖြစ်လျှင်တောင်မှ ကျန်းဟိုင်ဂိုဏ်း ၏ အဓိက ကျင့်စဉ်များကို ထိတွေ့ခွင့် ရမည် မဟုတ်ပေ။
သို့သော် သူ့တွင် ရွှေလက်ချောင်း (ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်) ရှိနေပေသည်။
မပြည့်စုံသော ကျင့်စဉ် များကိုလည်း ပြန်လည် ဖြည့်စွက်နိုင်စွမ်း ရှိပေသည်။
ကျူးရွှိ က စာကြည့်တိုက် မှူး ၏ တပည့် အဖြစ် လက်ခံခံထားရသည် ဖြစ်ရာ ကျင့်စဉ် အချို့ကို ထိတွေ့ခွင့် ရနိုင်မည်မှာ သေချာလှပေသည်။
"ဒီ"
ကျူးရွှိ ၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာ ပေါ်လာပြီး အနည်းငယ် ခက်ခဲနေဟန် ရှိပေသည်။
ကျန်းချဲ့ ၏ တောင်းဆိုမှုက တကယ်ကို လုပ်ဆောင်ရန် ခက်ခဲလှပေသည်။
ကျန်းဟိုင်ဂိုဏ်း အတွင်းတွင် သူ၏ အဆင့်အတန်း နှင့် စွမ်းအားက ရွယ်တူများ ကြားတွင် ထင်ရှားသော်လည်း မွေးရာပါအဆင့် ကျင့်စဉ်များကို ထိတွေ့ခွင့် ရရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤအရာများက သူ၏ ဆရာ ထိန်းချုပ်ထားသော အရာများ ဖြစ်သည်။
ကျန်းဟိုင်ဂိုဏ်း ၏ အခြေခံ အုတ်မြစ်များ ဖြစ်သည်။
မပြည့်စုံသော ကျင့်စဉ် များ ဆိုလျှင်တော့ အခွင့်အရေး အနည်းငယ် ရှိနိုင်ပေသည်။
သို့သော် သူက သတိပေး စကား ဆိုလိုက်သည်။
"အစ်ကိုကျန်း မပြည့်စုံတဲ့ မွေးရာပါအဆင့် ကျင့်စဉ်တွေကို ကျွန်တော် ရအောင် လုပ်ပေးနိုင်ပါတယ် ဒါပေမဲ့ အစ်ကိုကျန်း ကို တစ်ခုတော့ သတိပေးချင်တယ် အရမ်း အလောတကြီး မလုပ်ပါနဲ့ မွေးရာပါအဆင့် ကို တက်လှမ်းပြီးမှ မွေးရာပါအဆင့် ကျင့်စဉ်တွေကို ရှာရင်လည်း မနောက်ကျပါဘူး
အဲဒါတွေကို ရမ်းသန်း လေ့ကျင့်လို့ မရဘူးနော် မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက် တွေကို မှန်းဆလို့ ရမှာ မဟုတ်ဘူး"
ကျန်းချဲ့က ပြုံးလိုက်ပြီး လက်ကို မြှောက်လိုက်ရာ ရွှေရောင် အလင်းတန်း တစ်ခု တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ရွှေရောင် အလင်းတန်းဆီသို့ စုဝေးလာကြသည်။ လုံးဝ တွန့်ဆုတ်မနေဘဲ သူ၏ မွေးရာပါအဆင့် စွမ်းအားကို ထုတ်ပြလိုက်သည်။
ကျေးဇူးတရား တစ်ခုတည်းဖြင့် မလုံလောက်ပါက စွမ်းအားဖြင့်ပါ ပေါင်းထည့်လိုက်မည်။
သူ၏ ပြသမှုက ကျူးရွှိ ကို အံ့ဩသွားစေပြီး ချက်ချင်း မတ်တတ်ရပ်ကာ ကျန်းချဲ့ ကို အလွန် ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်ရင်း ပါးစပ်ဟကာ မေးလိုက်သည်။
"အစ်ကိုကျန်း ခင်ဗျား ခင်ဗျားက မွေးရာပါအဆင့် လား"
သူ၏ ဗဟုသုတ အရ မွေးရာပါအဆင့် သိုင်းသမား များနှင့် မထိတွေ့ဖူးသည် မဟုတ်ရာ ကျန်းချဲ့ က သူ၏ စွမ်းအားကို ထုတ်ပြလိုက်သည့် မျက်စိတစ်မှိတ် အတွင်းမှာပင် ထို လှုပ်ရှားမှုများက ဤအချက်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
"မှန်တယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကံကောင်းလို့ အဆင့်တက်လှမ်းနိုင်ခဲ့တာပါ ယန်ဂူခရိုင်မှာတော့ ဒါက လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး ညီလေးကျူး က အခုမှ ရောက်လာတာ ဆိုတော့ မသိသေးတာ နေမှာပါ"
ကျန်းချဲ့ ၏ ဤစကားက ကျူးရွှိ ၏ ရင်ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ သူ တကယ်ပင် အခြေအနေကို နားလည်ရန် အချိန်မရခဲ့ဘဲ ကျန်းချဲ့ ကို တွေ့ဆုံခဲ့ရခြင်း ဖြစ်ပြီး ကျန်းချဲ့ က မွေးရာပါအဆင့်သို့ ရောက်ရှိနေပြီ ဆိုသည်ကို လုံးဝ မသိရှိခဲ့ပေ။
ရင်ထဲရှိ အံ့ဩ ထိတ်လန့်မှုများကို ဖိနှိပ်ကာ ကျူးရွှိ က မနေနိုင်ဘဲ ပြောလိုက်သည်။
"အစ်ကိုကျန်း အခုမှ အသက် နှစ်ဆယ် ဝန်းကျင်ပဲ ရှိဦးမှာ မဟုတ်လား မွေးရာပါအဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီ ဆိုတော့ ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ထဲမှာတောင် အစ်ကိုကျန်း နဲ့ ယှဉ်နိုင်တဲ့သူ ရှားပါလိမ့်မယ် တကယ်ကို တကယ်ကို လေးစားစရာ ကောင်းတာပဲ"
"ညီလေးကျူး က မြှောက်ပြောနေပါပြီ ငါလည်း ကံကောင်းလို့ မွေးရာပါ ဝိညာဉ်စွမ်းအင် ကို ရှာတွေ့သွားတာပါ"
"အစ်ကိုကျန်း ရဲ့ စွမ်းအားနဲ့ဆိုရင် အစိုးရ အဖွဲ့အစည်းကနေ မွေးရာပါအဆင့် ကျင့်စဉ်ကို ရအောင် ယူဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်လောက်ဘူး ဘာဖြစ်လို့ ကျွန်တော့်ဆီက လာတောင်းရတာလဲ ဒီ မပြည့်စုံတဲ့ ကျင့်စဉ်တွေက လေ့ကျင့်လို့ မရဘူးလေ
အန္တရာယ် အရမ်း များတယ် ကျွန်တော် တကယ် အကြံမပေးချင်ဘူး"
ကျူးရွှိ က အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် သူ၏ အကြံပြုချက် နှင့် သံသယများကို ပြောပြလိုက်သည်။
"ညီလေးကျူး အထင်လွဲနေပြီ ထင်တယ် ငါ မပြည့်စုံတဲ့ ကျင့်စဉ်တွေကို ရှာနေတာက လေ့ကျင့်ဖို့ မဟုတ်ပါဘူး ငါက ပုံမှန်ဆို ကျင့်စဉ် အမျိုးမျိုးကို လေ့လာရတာ သဘောကျတယ် လိုအပ်ချက်တွေကို ရှာဖွေပြီး အကောင်းဆုံး အချက်တွေကို ယူကာ အဆိုးတွေကို ပယ်ထုတ်ပစ်ချင်လို့ပါ
အချိန် အနည်းငယ် စုဆောင်းပြီးရင် နောင်တစ်ချိန်မှာ ကိုယ်နဲ့ အသင့်တော်ဆုံး ကျင့်စဉ် တစ်ခုကို ကိုယ်တိုင် တီထွင်ချင်လို့ပါ"
ကျန်းချဲ့က ပြုံးကာ ရှင်းပြလိုက်သည်။
"အစ်ကိုကျန်း က တကယ်ကို ကောင်းကင်က ပေးတဲ့ ပါရမီရှင်ပဲ ကောင်းပြီ ဒီကိစ္စကို ကျွန်တော် ကူညီပါ့မယ် ပြန်ရောက်ရင် သေချာ စီစဉ်ပြီး မပြည့်စုံတဲ့ ကျင့်စဉ်တွေရဲ့ လက်ရေးစာမူ တွေကို အစ်ကိုကျန်း ဆီ ပို့ပေးလိုက်ပါ့မယ်"
"ကျေးဇူးတင်ပါတယ် ညီလေးကျူး"
တစ်နာရီကျော်ခန့် စကားပြောပြီးနောက် ကျန်းချဲ့က နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ဤတစ်ခေါက် ခရီးစဉ်က တကယ်ကို အကျိုးအမြတ် များလှသည်ဟု ခံစားရသည်။ သခင်မကြီးကျူး ကို စည်းရုံးနိုင်ခဲ့ရုံသာမက ကျူးရွှိ ထံမှလည်း သတင်း အချက်အလက် အများအပြား ရရှိခဲ့ပေသည်။
ယခုအချိန်တွင် သူက ထိုက်အန်းဒေသ ၏ အခြေအနေ အချို့ကို ရှင်းလင်းစွာ သိရှိနားလည်သွားပြီ ဖြစ်သည်။
ယခင်ကကဲ့သို့ ဘာမှ မသိဘဲ နေမည် မဟုတ်တော့ပေ။
ကျူးရွှိ နှင့် သခင်မကြီးကျူး တို့က ကျန်းချဲ့ ကို အိမ်အပြင်ဘက် အထိ ကိုယ်တိုင် လိုက်ပို့ခဲ့ကြပြီး ကျန်းချဲ့ အဝေးသို့ ထွက်သွားပြီးမှသာ သခင်မကြီးကျူး က ကျူးရွှိ နှင့် ကျန်းချဲ့ တို့ စကားပြောခဲ့သော ကိစ္စများကို မေးမြန်းလိုက်သည်။
ကျူးရွှိ ကလည်း အများကြီး ဖုံးကွယ်မထားဘဲ အများစုကို မိခင်ဖြစ်သူထံ ပြောပြလိုက်သည်။
"ကျန်းချဲ့ က တို့မိသားစု အပေါ် ကျေးဇူး ရှိတယ် မင်း ကူညီနိုင်ရင် တတ်နိုင်သလောက် အများကြီး ကူညီပေးလိုက်ပါ အဲဒါမှ နောင်ကျရင် အမေ တပ်မှူးကျန်း နဲ့ ဆက်ဆံရတာ ပိုလွယ်ကူမှာ"
သခင်မကြီးကျူး က အကြံပေးလိုက်သည်။
သူမ နှင့် ကျန်းချဲ့ တို့၏ ဆက်ဆံရေးကို အများသိအောင် မပြောနိုင်သော်လည်း တကယ် အမှန်တကယ် ရှိနေခြင်းပင် ဖြစ်သည်။
ကျန်းချဲ့ ပိုမို တိုးတက်လာမည်ကို သူမ မျှော်လင့်သလို သူမ၏ သားသမီးများကလည်း ကျန်းချဲ့ နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိမည်ကို သူမ မျှော်လင့်ပေသည်။
"သား နားလည်ပါတယ် အမေ စိတ်ချပါ"
ကျူးရွှိ က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
အခြား တစ်ဖက်တွင် ကျန်းချဲ့က အကြောင်းအရာ များကို စဉ်းစားရင်း အနောက်မြို့နယ် တပ်စခန်းသို့ ပြန်လာခဲ့သည်။ ချီဟွမ် ထံသို့ ငွေများ သွားပို့ရန် စဉ်းစားနေပြီး ကတိကို ဖြည့်ဆည်းရန် သာမက ချီမိသားစု၏ အင်အားကို အသုံးပြု၍ ခရိုင်ရုံးတော်မှ ဖိအားများကို ခုခံရန်လည်း ဖြစ်သည်။
ကျန်းချဲ့ အတွက် တစ်ခုတည်းသော တွန့်ဆုတ်စရာမှာ သူ၏ ကျင့်ကြံရေးက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ကို အားကိုးနေရခြင်း ဖြစ်သည်။ ယခင်က သွေးကြောပွင့် အဆင့်တွင် အဆင်ပြေသော်လည်း ယခု မွေးရာပါအဆင့် ယဇ်ပူဇော်စရာ ပစ္စည်းများ အတွက်မူ ချင်းကျန်း နှင့် ယန်ဂူ နှစ်နေရာတည်းကို အားကိုးနေပါက လုံလောက်မည် မဟုတ်ပေ။
ထျန်းယာဂိုဏ်း ကလည်း အခုမှ စတင် တည်ထောင်ခါစ ဖြစ်သဖြင့် သူ့ကို အများကြီး ကူညီပေးနိုင်မည် မဟုတ်ပေ။
နောင်တွင် ထိုက်အန်းဒေသ ရှိ အင်အားစုများ နှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
"တပ်မှူး ဂိုပုရန် ရောက်နေပါတယ် ထမင်းချိုင့် တစ်ခုလည်း ယူလာပြီး တပ်မှူး ပြန်အလာကို စောင့်ချင်တယ် လို့ ပြောပါတယ်"
တပ်စခန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် လူတစ်ယောက်က အရှေ့သို့ လာရောက်ကာ ဤသတင်းကို သတင်းပို့လိုက်သည်။
"သူ ဘယ်မှာလဲ"
"လက်အောက်ငယ်သားက သူ့ကို ဧည့်ခန်းမ ဆီ ခေါ်သွားလိုက်ပါတယ်"
"ငါ သိပြီ မင်း အရင် သွားတော့"
ကျန်းချဲ့က လက်ဝှေ့ယမ်းလိုက်သည်။
ဂိုပုရန် နှင့် ပတ်သက်၍ အစပိုင်းတွင် ကျန်းချဲ့က သူ့ကို သေရေးရှင်ရေး ရန်သူ တစ်ယောက် အဖြစ် တကယ် သတ်မှတ်ခဲ့ဖူးသော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းချဲ့၏ ကျင့်ကြံမှု အဆင့်က ပိုမို လျင်မြန်စွာ တိုးတက်လာသဖြင့် တစ်ဖက်လူကို သူ၏ မျက်လုံးထဲတွင် လုံးဝ ထည့်မထားတော့ပေ။
ယခင်က အလုပ်များလွန်းသဖြင့် ရင်ဆိုင်ရန် အချိန်မရခဲ့ခြင်းသာ ဖြစ်သည်။
ယခု လက်ရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် ကျောက်မင်ချန် ကို တစ်ဖက်လူအား ရှင်းလင်းရန် အမိန့်ပေးခဲ့သော်လည်း တစ်ဖက်လူက အလွန် သိတတ်စွာဖြင့် အလိုအလျောက် ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျန်းချဲ့ ဧည့်ခန်းမ အတွင်းသို့ ဝင်သွားသောအခါ ဂိုပုရန် က ပူနွေးနေသော ကြက်ကင် တစ်ကောင်ကို ကိုက်စားနေပြီး မျက်နှာပေါ်တွင်လည်း မျက်ရည်များ စီးကျနေပေသည်။
ကျန်းချဲ့၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
'ဒါ ဘာဇာတ်လမ်း လာခင်းနေတာလဲ'
"မင်း ယူလာတဲ့ ပစ္စည်းတွေက ငါ့ဆီ လာပေးပြီး မင်းကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ဖို့လို့ ထင်နေတာလား"
ကျန်းချဲ့က ကုလားထိုင် တစ်လုံးကို ဆွဲထုတ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ဝင်ထိုင်လိုက်သည်။
ဂိုပုရန် က အသား တစ်လုတ်ကို မျိုချလိုက်ပြီး မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"ဒီပစ္စည်းတွေက အခု တပ်မှူး ရဲ့ မျက်လုံးထဲမှာ အဖတ်လုပ်ခံရဦးမှာမို့လို့လား"
"ပစ္စည်းက ရတယ် ဒါပေမဲ့ မင်း ယူလာတဲ့ ပစ္စည်းတွေက မရဘူး ပြောပါ ဒီကို လာတာ ဘာကိစ္စ ရှိလို့လဲ"
ကျန်းချဲ့က တစ်ဖက်လူနှင့် စကားများများ မပြောလိုဘဲ လာရင်း ကိစ္စကို တိုက်ရိုက် မေးလိုက်သည်။
"ငယ်ငယ်တုန်းက အိမ်က အရမ်း ဆင်းရဲတော့ ကျွန်တော်နဲ့ ပုယီ က တစ်နှစ်နေလို့ တစ်ခါတောင် အသား မစားရဘူး တစ်ခါတုန်းက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် မြို့ထဲ သွားပြီး ပစ္စည်းတွေ သွားရောင်းတော့ စားသောက်ဆိုင် တံခါးဝမှာ မြေကြီးပေါ် ပစ်ချထားတဲ့ ကြက်ကင် တစ်ကောင်ကို တွေ့ခဲ့တယ်
ကျွန်တော် က အဲဒါကို တိတ်တဆိတ် ကောက်ယူပြီး သူ့ကို ခေါ်ကာ အိမ်ပြန်ပြေးခဲ့တယ် အဲဒီတုန်းက သူက အသက်ငယ်သေးတော့ ကျွန်တော့်ကို မနိုင်ဘူး ကြက်ကင် အများစုက ကျွန်တော့် ပါးစပ်ထဲ ဝင်သွားခဲ့တယ် အဲဒီတုန်းက ကျွန်တော် သူ့ကို ပြောခဲ့တယ် နောင်ကျရင် သူ့ကို နေ့တိုင်း ကြက်ကင် စားရအောင် လုပ်ပေးမယ် လို့
နောက်တော့ ကျွန်တော် အဲဒီလို လုပ်ပေးနိုင်ခဲ့တယ် သူကလည်း မျက်စိမရှိဘဲ ခင်ဗျားကို သွားရန်စမိတော့ အခုတော့ သေသွားပြီလေ"
"ပြီးတော့ရော"
"ပုယီ သေသွားပြီးတဲ့ နောက်ပိုင်း ကျွန်တော် ခင်ဗျားကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ် ကျူးရှန်း ရဲ့ မိသားစုကို လုယက်ဖို့ သတင်းပေးခဲ့တာလည်း ကျွန်တော်ပဲ ခိုယွမ်ရှန်း ခင်ဗျားကို လုပ်ကြံတာလည်း ကျွန်တော့် အကြောင်းရင်းတွေ ပါတယ် နောက်ပိုင်း ချန်မင်ယာ လည်း အတူတူပဲ
ကျွန်တော် အများကြီး လုပ်ခဲ့တယ် ညီလေး ငရဲပြည်မှာ အေးအေးချမ်းချမ်း ရှိစေချင်လို့ပါ နှမြောစရာ ကောင်းတာက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကွာဟချက်က ပိုပို ကြီးလာတယ် ကြီးလွန်းလို့ အခု ကျွန်တော် ကိုယ်တိုင်တောင် မျှော်လင့်ချက် မရှိတော့လို့ အသေခံဖို့ ရောက်လာခဲ့တာပါ
ကျွန်တော် လာသည်ဖြစ်စေ မလာသည်ဖြစ်စေ အဆုံးသတ်က သတ်မှတ်ပြီးသား ဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ ကျွန်တော် လာခဲ့တယ် တပ်မှူး အနေနဲ့ သဘောထားကြီးကြီး ထားပြီး ကျွန်တော့် အမေအိုကြီး ကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ် သူက မျက်လုံးလည်း ကန်းနေပြီ ခြေထောက်လည်း ကျိုးနေပြီ သေဖို့ နှစ်အနည်းငယ်ပဲ လိုတော့တာပါ ခင်ဗျားကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး"
ကျန်းချဲ့က အေးစက်စက် ရယ်မောလိုက်ပြီး ဂိုပုရန် က အနည်းငယ် ရိုးအလွန်းသည်ဟု ခံစားလိုက်ရသည်။
"ဘာဖြစ်လို့လဲ မင်းက ဒီမှာ စိတ်ပျက်စရာ ကိစ္စတွေ လာပြောပြရုံနဲ့ မင်းကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးရမှာလား မင်းက ငါ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တာလေ အကယ်လို့ ငါသာ အင်အား မကြီးလာခဲ့ဘူးဆိုရင် မင်းကကော သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးမှာလား"
နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်လိုက်ပြီး ဂိုပုရန် က ခေါင်းမော့ကာ ပြုံးလိုက်သည်။
"အပေးအယူ တစ်ခု လုပ်ရအောင် ခင်ဗျား ယန်ရှန်း ကို အမြင်မကြည်တာ ကြာပြီဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ သူ့ရဲ့ အဆင့်အတန်း က ဒီမှာ ရှိနေတော့ သူ့ကို သတ်ဖို့ မလွယ်ဘူး သူ့ မိသားစု တစ်ခုလုံးကို သတ်ဖို့ဆို ပိုတောင် မလွယ်သေးတယ် ကျွန်တော် သူ့မိသားစု တစ်ခုလုံးကို သတ်ပေးမယ်
ကျွန်တော့် အမေအိုကြီး ကို အသက်ချမ်းသာပေးပါ ရမလား”