← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) ရာထူးတိုးခြင်း တစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်လှမ်းခြင်း

"ကျန်းချဲ့ လေလွင့်နေတာ ကြာပြီ တကယ့် ခေါင်းဆောင်ကောင်းနဲ့ မတွေ့ခဲ့ရတာကိုပဲ ဝမ်းနည်းမိပါတယ် အခု တပ်မှူးချုပ်နဲ့ တွေ့ရတာ ဘဝဆက်တိုင်း ကံကောင်းမှုပါပဲ တပ်မှူးချုပ်ရဲ့ ဖိတ်ခေါ်မှုကို ကျန်းချဲ့က ဘယ်လိုလုပ် မနာခံဘဲ နေရဲပါ့မလဲ"

ကျန်းချဲ့က လေးနက်သော မျက်နှာထားဖြင့် စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည်။

"အို ဒါဆို မင်းကို ဘာရာထူး ပေးမလဲ ဆိုတာကိုတောင် မမေးတော့ဘူးလား"

ချီဆန်းကျားက မေးအောက်ရှိ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲကာ အရှေ့ရှိ ကျန်းချဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အရာရာကို တပ်မှူးချုပ် စီစဉ်တဲ့အတိုင်းပဲ လက်ခံပါတယ်"

ချီမိသားစု၏ ကြီးမားသော အဆက်အသွယ်များကို အရင် မပြောဘဲထားဦး ချီဆန်းကျား၏ စွမ်းအား နှင့် ရာထူး အာဏာ တစ်ခုတည်းကပင် သူ အားကိုးရန် ထိုက်တန်ပေသည်။ ရာထူးနှင့် ပတ်သက်၍မူ သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် အနည်းဆုံးတော့ တပ်ရင်း တစ်ခု၏ တပ်မှူးတော့ ဖြစ်ရမည်။

ဘာများ ထပ်မေးစရာ လိုသေးလို့လဲ။

ချီဆန်းကျားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့၏ သဘောထားက သူ့ကို အလွန် ကျေနပ်စေခဲ့သည်။ စုံစမ်းသိရှိထားသော အချက်အလက်များမှ ပြောသကဲ့သို့ မောက်မာပြီး ရမ်းကားသည့် ပုံစံမျိုး လုံးဝ မဟုတ်ပေ။

ကျန်းချဲ့၏ အခြေအနေ အချို့ကို သူ သေချာ စုံစမ်းထားပြီး သူ၏ စရိုက်က ဘယ်လိုမျိုးလဲ ဆိုသည်ကို အကြမ်းဖျင်း သိရှိထားသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျေးဇူးရှိလျှင် ဆပ်ပြီး ရန်ငြိုးရှိလျှင် ကလဲ့စားချေတတ်သူ ဖြစ်သည်။

သူ့ကို ပစ်မှတ်ထားခဲ့သော ဂိုပုယီ ကို သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး သူ့ကို ရန်စခဲ့သော ရေကြောင်း ကုန်သွယ်ရေးဂိုဏ်းကို စစ်သည်များ ခေါ်ဆောင်ကာ အမြစ်ပြတ် ရှင်းလင်းခဲ့သည်။ သို့သော် သူ့ကို ကူညီခဲ့ဖူးသော လျိုကျစ်ကိုမူ အလွန် လေးစားစွာ ဆက်ဆံပြီး နောက်ပိုင်းတွင် ယန်ဂူခရိုင်ဝန် ကိုပင် အပြတ်အသတ် ရင်ဆိုင်ကာ ကျူးရှန်း အတွက် ကလဲ့စားချေပေးရန် စစ်သည်များ ထုတ်ခဲ့သည်။

ဤကဲ့သို့သော စိတ်နေစိတ်ထားက သူ၏ အကြိုက်နှင့် အလွန် ကိုက်ညီပေသည်။

ကျန်းချဲ့ မသိရှိခဲ့သည်မှာ ကျောက်မင်ချန်ကို ပြန်ပြောခဲ့ခြင်းက တားမြစ်ချက်ကို ချိုးဖောက်မိခဲ့ခြင်း မှန်သော်လည်း အကြောင်းရင်း ရှိနေပြီး 'ကျူးရှန်းကို ကလဲ့စားချေပေးရန်' အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရာ ချီဆန်းကျား အနေဖြင့် သူ့ကို ပိုမို အထင်ကြီးသွားစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော လက်အောက်ငယ်သား မျိုးကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။

ချီဆန်းကျားက မတ်တတ်ရပ်ကာ စားပွဲပေါ်မှ ဆင်းလာပြီး ခါးညွှတ်နေသော ကျန်းချဲ့ကို ထူမကာ ပြုံးလျက် ပြောလိုက်သည်။

"မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ် ပထမ တစ်ခုက လက်နက်ကိုင် စစ်တပ်စခန်းထဲကို ပြောင်းလာပြီး တပ်ရင်း တစ်ခုကို အုပ်ချုပ်ဖို့ ငါ့ကို ကူညီပေးပါ ဒုတိယ တစ်ခုကတော့ တခြား နေရာကို သွားပြီး ငါ့ကိုယ်စား နယ်မြေ တစ်ခုကို အုပ်ချုပ်ပြီး အာဏာယူဖို့ပဲ"

ဒီလောက်ဆို ရွေးစရာ လိုသေးလို့လား။

သေချာပေါက် တခြား နေရာကို သွားဖို့ပဲ ရွေးရမှာပေါ့။

ကျန်းချဲ့က အလွန် ကောင်းမွန်သော သဘောထားကို ပြသနေသော်လည်း အခြားသူ တစ်ယောက်၏ အောက်တွင် အမြဲတမ်း နေချင်မည် မဟုတ်ပေ။ ထို့အပြင် ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေရန် လိုအပ်နေသေးရာ လက်နက်ကိုင် စစ်တပ်စခန်းတွင် နေပါက သူ့ကို အဟန့်အတား ဖြစ်စေရုံသာ ရှိပေမည်။

အကယ်၍ ကျန်းချဲ့ တွင် ရွှေလက်ချောင်း (ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်) ၏ အကူအညီ မရှိပါက သူ၏ အနီးနားတွင် နေ၍ အလုပ်အကျွေး ပြုကောင်း ပြုပေမည်။

သို့သော် ရွှေလက်ချောင်း၏ အကူအညီ မပါဘဲ ကျန်းချဲ့ က လအနည်းငယ် အတွင်း အဆင့်သုံးဆင့် ချက်ချင်း ခုန်တက်ပြီး လက်နက်ကိုင် စစ်တပ်စခန်းသို့ ရောက်ရှိကာ အဆင့်ငါး တပ်မှူးချုပ်၏ စည်းရုံးမှုကို ဘယ်လိုလုပ်ပြီး ခံရနိုင်မည်နည်း။

သို့သော် ရင်ထဲတွင် ဤသို့ တွေးနေသော်လည်း တိုက်ရိုက် ပြောထွက်၍ မရပေ။ မဟုတ်ပါက ချီဆန်းကျား ကို အနေရခက်စေမည် ဖြစ်ရာ အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဘေးရှိ ချီဟွမ် ကို ကြည့်ကာ ပြောလိုက်သည်။

"တပ်မှူးချုပ်ရဲ့ အနီးနားမှာ နေပြီး နေ့တိုင်း သွန်သင်ဆုံးမမှုတွေကို ခံယူရတာက လက်အောက်ငယ်သားရဲ့ ကံကောင်းမှု ဖြစ်သင့်ပါတယ် ဒါပေမဲ့ အစ်ကိုချီက တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ် ရှိပြီး အခက်အခဲတွေကို မကြောက်ဘဲ နယ်စပ်ကို သွားပြီး ရန်သူတွေကို သတ်ဖြတ်ချင်နေတာလေ

လက်အောက်ငယ်သား အနေနဲ့ အစ်ကိုချီ ကို မမီဘူး ဆိုတာ သိပေမဲ့ တပ်မှူးချုပ် အတွက် စိတ်ပူပန်မှုတွေကို ဖြေရှင်းပေးချင်ပါတယ်"

စကားကို တစ်ဝက်သာ ပြောလိုက်ပြီး ချီဆန်းကျား က သူ၏ ဆိုလိုရင်းကို နားလည်မည်ဟု ကျန်းချဲ့ ယုံကြည်ပေသည်။

ဘေးတွင် ရှိနေသော ချီဟွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ သဘောကျသော ကျန်းချဲ့၏ အရည်အချင်းက ဤကဲ့သို့ ခေါင်းမာပြီး မီးကဲ့သို့ ပြင်းထန်သော အလုပ်လုပ်ပုံမျိုးပင် ဖြစ်သည်။ ဖခင်ဖြစ်သူ၏ အနီးနားတွင် နေပါက သူ၏ အရည်အချင်းများကို နစ်မြုပ်သွားစေလိမ့်မည်။

ချီဆန်းကျားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး စဉ်းစားခန်း ဝင်သွားကာ စစ်တဲ အတွင်း၌ အကြိမ်ကြိမ် လမ်းလျှောက်ရင်း ကျန်းချဲ့ကို မည်သို့ စီစဉ်ပေးရမည်နည်း ဆိုသည်ကို စဉ်းစားနေပေသည်။

မွေးရာပါအဆင့်၊ မောက်မာပြီး ခေါင်းမာတယ်၊ အလုပ်လုပ်တာ သွက်လက်တယ်၊ အရမ်း ရက်စက်တယ်၊

ဤသည်မှာ ကျန်းချဲ့ကို နားလည်ပြီးနောက် သူ၏ ရင်ထဲတွင် သတ်မှတ်ထားသော အကဲဖြတ်ချက်များပင် ဖြစ်သည်။

အကယ်၍ ကျန်းချဲ့က သွေးကြောပွင့် အဆင့်သာ ရှိသေးပါက ဖုန်းတပ်ဖွဲ့ တပ်မှူး ကဲ့သို့ ရာထူးမျိုး ပေးလိုက်ခြင်းက အလွန် သင့်တော်ပြီး ချီဟွမ် ၏ နေရာတွင် အစားထိုး ဝင်ရောက်ခိုင်းရန် အဆင်ပြေပေမည်။ သို့သော် မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်ကို သာမန် တပ်မှူး တစ်ယောက် အဖြစ် ခန့်အပ်ခြင်းက အလွန် နှမြောစရာ ကောင်းလွန်းလှပေသည်။

ရုတ်တရက် ချီဆန်းကျား၏ ရင်ထဲတွင် အကြံတစ်ခု ရသွားပြီး ကျန်းချဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့လက်ထဲမှာ အဆင့်ခြောက် တပ်မှူးကြီး နေရာ လွတ်နေတယ် မင်း သွားချင်လား"

"လက်အောက်ငယ်သား သွားချင်ပါတယ်"

အဆင့်ခြောက်။

အဆင့်ခြောက်။

အဆင့်ကိုး တပ်မှူး ဘဝမှ အဆင့်ခြောက် တပ်မှူးကြီး ရာထူးသို့ တက်လှမ်းခြင်းက တစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်လှမ်းခြင်းဟု ရဲရဲဝင့်ဝင့် ခေါ်ဆိုနိုင်ပြီး ကျူးရှန်း နှင့် ကျောက်မင်ချန် တို့ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

မူလက သူ၏ အစီအစဉ်တွင် တပ်မှူး နေရာ တစ်ခု ရရှိရုံဖြင့် ကျေနပ်နေပြီ ဖြစ်ပြီး နောက်ပိုင်း ကိစ္စများကို တဖြည်းဖြည်းချင်း ဖြေရှင်းသွားရန် ရည်ရွယ်ထားသော်လည်း ချီဆန်းကျား က ဤမျှ ရက်ရောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် နောက်ပိုင်းတွင် ဤ အဆင့်ခြောက် နေရာက သိပ်ပြီး ရိုးရှင်းမည် မဟုတ်ကြောင်း ကျန်းချဲ့ သတိပြုမိလိုက်သည်။

သူ ထင်သည့်အတိုင်းပင် ချီဆန်းကျား က ဆက်ပြောလာခဲ့သည်။

"ဒါပေမဲ့ ဒီနေရာက လုပ်ရတာ မလွယ်ဘူး ထိုက်ဆန်း စောင့်ကြပ်ရေး တာဝန်ပဲ ဒေသရဲ့ အနောက်မြောက်ဘက်မှာ ရှိတယ် အရင် တပ်မှူးကြီး တွေကလည်း အဲဒီက သိုင်းလောက အင်အားစုတွေနဲ့ ဆက်ဆံရေးကို သေချာ မဖြေရှင်းနိုင်ခဲ့ဘူး

မင်း သေချာ စဉ်းစားဦး အကယ်လို့ မသွားချင်ရင်လည်း တပ်မှူးချုပ် နားလည်ပေးနိုင်ပါတယ်"

'ထိုက်ဆန်း စောင့်ကြပ်ရေး'

ကျန်းချဲ့က ယခင်က ကျူးရွှိ ရှင်းပြခဲ့သော ထိုက်အန်းဒေသ ၏ အခြေအနေများကို ချက်ချင်း သတိရသွားပြီး ဤနေရာက ထိုက်အန်းဒေသ ၏ ဗဟိုချက်မ နေရာ ဖြစ်ကာ သိုင်းလောက အင်အားစု အသီးသီးက အကျိုးအမြတ် လုယက်နေသော နေရာပင် ဖြစ်သည်။

တကယ်ကို လုပ်ရခက်တဲ့ နေရာပဲ။

"ညီ​လေး ကျန်း ထိုက်ဆန်း တောင်တန်း အနီးအနားက အခြေအနေတွေနဲ့ သိုင်းလောက အဖွဲ့အစည်း ခြောက်ခု ကို မင်း သိမှာပါနော်"

ချီဟွမ်က အလျင်အမြန် သတိပေးလိုက်ပြီး ကျန်းချဲ့ က အခြေအနေကို မသိဘဲ ချက်ချင်း လက်ခံလိုက်မည်ကို ကြောက်ရွံ့နေပေသည်။

အဲဒီနေရာက ကောင်းတဲ့ နေရာ မဟုတ်ဘူး အကယ်လို့ ကျန်းချဲ့က အခြေအနေကို မထိန်းချုပ်နိုင်ရင် ခြေလှမ်းတိုင်း ခက်ခဲလိမ့်မယ် တစ်ချိန်တည်းမှာပဲ သူ့အဖေကလည်း သူ့အပေါ် အကဲဖြတ်ချက် ကျဆင်းသွားလိမ့်မယ်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်နေသည့်ဟန် ပြလိုက်သည်။

ဤနေရာက သူ့အတွက် အကျိုးအပြစ် နှစ်မျိုးစလုံး ရှိနေသည်။ အပြစ်မှာ ယခုအခါ ကျန်းချဲ့၏ စွမ်းအားက အနည်းငယ် အားနည်းနေသေးရာ အစပိုင်း ရောက်ရောက်ချင်း အခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်သော်လည်း အကျိုးအမြတ်က ပိုမို ကြီးမားလှပေသည်။

ထိုနေရာတွင် ထိုက်အန်းဒေသ ၏ ကျင့်ကြံရေး အရင်းအမြစ် အများအပြား စုစည်းနေပြီး အကယ်၍ သူသာ ထိန်းချုပ်နိုင်မည် ဆိုပါက...

ထိုက်အန်းဒေသ ၏ ထက်ဝက်ကို သွယ်ဝိုက်၍ ထိန်းချုပ်လိုက်နိုင်ခြင်းပင် ဖြစ်သည်။

ချီဆန်းကျား ကလည်း ပြုံးစစဖြင့် ကျန်းချဲ့ကို စိုက်ကြည့်နေပေသည်။

တစ်ချက်လေး တွေးတောပြီးနောက် ကျန်းချဲ့က လုံးဝ တွန့်ဆုတ်မနေဘဲ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"လက်အောက်ငယ်သား သွားချင်ပါတယ်"

ချီဆန်းကျား က သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့ပြီး ပထမ တစ်ခုကို ငြင်းပယ်ခဲ့ပြီး ဖြစ်ရာ ဒုတိယ တစ်ခုကို သဘောတူပြီးမှ ထပ်မံ ငြင်းပယ်မည် ဆိုပါက အလွန် အနေရခက်သွားပေမည်။ သူက အားနည်းသော ဘက်တွင် ရှိနေသဖြင့် ရွေးချယ်ပိုင်ခွင့် မရှိပေ။

"မင်း သေချာ စဉ်းစားဦးနော် ဒီနေရာက ထိုင်ရတာ မလွယ်ဘူး"

ချီဆန်းကျားက ကျန်းချဲ့၏ ပခုံးကို ပုတ်ကာ အလွန် ကျေနပ်စွာ ပြုံးလျက် ပြောလိုက်သည်။

"လက်အောက်ငယ်သား အမြင်မှာတော့ ဘာ သိုင်းလောက အဖွဲ့အစည်း ခြောက်ခု လဲ အစိုးရ အရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး လက်အောက်ငယ်သား စိုးရိမ်တာ တစ်ခုတည်းက လက်အောက်ငယ်သား ပြဿနာ ကြီးသွားရင် တပ်မှူးချုပ် ဖြေရှင်းပေးဖို့ ခက်ခဲသွားမှာကိုပါပဲ"

တပ်မှူးကြီး အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ကျန်းချဲ့က နောက်ဆက်တွဲ အကျိုးဆက်များကို သေချာပေါက် စဉ်းစားရမည် ဖြစ်သည်။

အကယ်၍ ပဋိပက္ခများ ဖြစ်ပေါ်လာပါက သူ၏ စရိုက်အရ လုံးဝ သည်းခံနေမည် မဟုတ်ပေ။

ယန်ဂူခရိုင် အတွင်း၌ ကဲ့သို့ပင် ခရိုင်တပ်မှူးချုပ် မဖြစ်ချင်သော တပ်မှူးသည် တပ်မှူးကောင်း မဟုတ်ပေ။

ယခုလည်း ထိုနည်းတူစွာပင် ထိုက်အန်းဒေသ ကို ထိန်းချုပ်ရန် မစဉ်းစားခြင်းက သူ၏ စရိုက်နှင့် လုံးဝ မကိုက်ညီပေ။

"မင်း စိတ်ချလက်ချ သာ လုပ်ပါ ဘာ ပြဿနာ ဖြစ်ဖြစ် ငါ တာဝန်ယူ ဖြေရှင်းပေးမယ် ဒီနှစ်တွေ အတွင်းမှာ ဒီ သိုင်းလောက အဖွဲ့အစည်းတွေ လုပ်ရပ်က အရမ်း လွန်ကဲနေပြီ သူတို့ကို သတိပေးရမယ့် အချိန် ရောက်ပြီ

ဒါပေမဲ့ တစ်ချက်တော့ မှတ်ထား သူတို့ကို ပုန်ကန်အောင်တော့ မဖိအားပေးနဲ့ မဟုတ်ရင် ကိစ္စတွေ ကြီးသွားရင် အထက်လူကြီးတွေ မြင်ရတာ အဆင်မပြေဘူး"

"ဒါဆို အကယ်လို့ လက်အောက်ငယ်သား က ပုန်ကန်မှုတွေကို နှိမ်နင်းလိုက်နိုင်ရင်ရော"

ကျန်းချဲ့က ခေါင်းမော့ကာ မေးလိုက်သည်။

"ဟားဟားဟား ဒါဆိုရင်တော့ တကယ့် ကြီးမားတဲ့ စစ်ရေး အောင်မြင်မှု တစ်ခု ဖြစ်သွားမှာပေါ့"

"လက်အောက်ငယ်သား နားလည်ပါပြီ"

ကျန်းချဲ့ ကလည်း လိုက်လံ ရယ်မောလိုက်သည်။

ချီဆန်းကျား ၏ ဆိုလိုရင်းက အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။

ပြဿနာ ကြီးသွားလည်း ကိစ္စမရှိဘူး ဒါပေမဲ့ ပြဿနာကို ဖြေရှင်းနိုင်ရမယ်။

သူသာ အဖွဲ့အစည်း အားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်နိုင်ပါက ချီဆန်းကျား၏ အကျိုးစီးပွားနှင့် လုံးဝ ကိုက်ညီသွားပေမည်။

"မင်းက အခုမှ မွေးရာပါအဆင့် ကို ရောက်ခါစ ဆိုတော့ နားမလည်တာ ရှိရင် အချိန်မရွေး မေးလို့ ရတယ် ဒီနေ့ တပ်မှူးချုပ် က မင်းရဲ့ ကျင့်ကြံရေးကို လမ်းပြပေးဖို့ တစ်ရက် အချိန်ပေးထားတယ်"

ကျန်းချဲ့ က ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး တာဝန်ကို ယူရန် သဘောတူလိုက်သဖြင့် ချီဆန်းကျား အတွက်လည်း ခေါင်းခဲစရာ တစ်ခု ရှင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခင် တပ်မှူးကြီး က အခြား ဒေသသို့ ပြောင်းရွှေ့သွားမည်မှာ သေချာနေပြီ ဖြစ်သောကြောင့်ပင်။

သူ၏ လက်အောက်ရှိ အခြား မွေးရာပါအဆင့် သိုင်းသမား အချို့မှာလည်း အရေးကြီးသော ရာထူးများတွင် ရှိနေကြသည် သို့မဟုတ် ဤကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် ဆန္ဒမရှိကြဘဲ သိုင်းလောက အဖွဲ့အစည်းများနှင့် ရန်မဖြစ်လိုကြပေ။

သို့သော် မွေးရာပါအဆင့် စွမ်းအား မရှိဘဲနှင့် ထိုနေရာတွင် တာဝန် ယူရန် အရည်အချင်း မရှိပေ။

သူ ကိုယ်တိုင် သွားရမယ်လို့တော့ မပြောနဲ့နော်။

ကျန်းချဲ့၏ ယခင်က လုပ်ဆောင်ချက်များကို ကြည့်မည်ဆိုပါက သူ တကယ်ပင် ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကျန်းချဲ့ အနေဖြင့် အဖွဲ့အစည်းများကို ဖိနှိပ်နိုင်ပြီး စစ်ရေး အောင်မြင်မှုများ ရရှိရန် သူ မတောင်းဆိုပေ။ လောလောဆယ် အချိန်အတိုင်းအတာ တစ်ခုအထိ သူ့ကို ပြဿနာ မရှာရန်သာ မျှော်လင့်ပေသည်။

သူ အားလပ်ချိန် ရသွားပြီးနောက် ကျန်းချဲ့က ထိုနေရာတွင် ကောင်းစွာ မနေနိုင်ပါကလည်း သူ့ကို အပြစ်တင်မည် မဟုတ်ဘဲ လက်နက်ကိုင် စစ်တပ်စခန်း သို့ ပြန်လည် ခေါ်ဆောင်မည် ဖြစ်သည်။

ထို့ကြောင့် ယနေ့ ချီဆန်းကျား၏ စိတ်ခံစားချက်က အလွန် ကောင်းမွန်နေပေသည်။

ချီဆန်းကျား၏ စကားက ကျန်းချဲ့ကိုလည်း အလွန် ဝမ်းသာသွားစေခဲ့သည်။

သူက မွေးရာပါအဆင့် ကို အခုမှ ရောက်ခါစ ဆိုတော့ ဘာမှ နားမလည်ဘူး။

လျိုကျစ် ၏ အသိပညာများက သူ့ကို လမ်းညွှန်ပြသရန် မလုံလောက်တော့သလို ကျူးရွှိ ကလည်း သွေးကြောပွင့် အဆင့်သာ ရှိသေးရာ ထိုက်အန်းဒေသ ၏ အခြေအနေများကို ပြောပြနိုင်သော်လည်း သူ့ကို လမ်းညွှန်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အခြား မွေးရာပါအဆင့် သိုင်းသမား များကို သွားရောက် မေးမြန်းရန် ဆိုသည်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။

ချီဆန်းကျား က အကောင်းဆုံး ပစ်မှတ် တစ်ခု ဖြစ်ပေသည်။

ဤသည်မှာ သူ တစ်ဖက်လူထံ ချဉ်းကပ်ရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုလည်း ဖြစ်သည်။

နောက်ခံ အင်အားကို လိုချင်ရုံသာမက အတွေ့အကြုံနှင့် လမ်းညွှန်မှုများကိုလည်း လိုချင်ပေသည်။

သူ့တွင် ရွှေလက်ချောင်း ရှိနေပြီး ယဇ်ပူဇော်စရာ ပစ္စည်းများ လုံလောက်ပါက လျင်မြန်စွာ တိုးတက်နိုင်သော်လည်း တစ်ခါတစ်ရံတွင် အချို့သော အရာများကို သေချာပေါက် သိရှိထားရန် လိုအပ်ပေသည်။

"လက်အောက်ငယ်သား တကယ်တော့ မွေးရာပါအဆင့် နဲ့ ပတ်သက်ပြီး ဘာမှ နားမလည်ပါဘူး တပ်မှူးချုပ် လမ်းညွှန်ပေးပါ"

ကျန်းချဲ့က သူ၏ အားနည်းချက်ကို လုံးဝ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ချီဆန်းကျားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ချီဟွမ် ကို ကြည့်ကာ ပြောလိုက်သည်။

"ဟွမ်အာ မင်းလည်း မကြာခင် အဆင့်တက်လှမ်းတော့မှာဆိုတော့ အတူတူ နားထောင်လိုက်ပေါ့"

"ဟုတ်ကဲ့ပါ"

"မင်းတို့ နှစ်ယောက်စလုံးက ခန္ဓာကိုယ်ကို တစ်ဆင့်ချင်းစီ လေ့ကျင့်ပြီး သွေးသားတွေကို အားကောင်းအောင် လုပ်ပြီးတော့မှ ဒီနေ့ ဒီအဆင့်ထိ ရောက်လာကြတာလေ သွေးကြောပွင့် အဆင့် ရဲ့ ကျင့်ကြံရေး က တကယ်တော့ မွေးရာပါအဆင့် အတွက် အခြေခံ အုတ်မြစ် ချပေးနေတာပဲ ဆိုတာ မင်းတို့ သိမှာပါ

မွေးရာပါအဆင့် မှာ အရေးအကြီးဆုံးက မွေးရာပါ ဆိုတဲ့ စကားလုံး နှစ်လုံးပဲ မွေးရာပါ ဝိညာဉ်စွမ်းအင် က တာအိုမျိုးစေ့ အဖြစ် ပြောင်းလဲသွားပြီး ဒါက သိုင်းသမား ရဲ့ အခြေခံ အုတ်မြစ်ပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေက တစ်ကိုယ်လုံးကို သန့်စင်ပေးပြီး သာမန် လူသား ဘဝကနေ လွတ်မြောက်သွားစေတယ်…..သက်တမ်း နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ် အထိ နေနိုင်တယ်…..မွေးရာပါအဆင့် က တကယ်တော့ ပိုမြင့်မားတဲ့ အဆင့်တွေ အတွက် အခြေခံ အုတ်မြစ် ချပေးနေတာပဲ ဒါက သိုင်းပညာ ရဲ့ အဆင့်တိုင်းဟာ ကောင်းကင်ပေါ် တက်ရသလိုပဲ ခြေလှမ်းတိုင်းကို မှားလို့ မရဘူး"

ကျန်းချဲ့တို့ နှစ်ယောက်က အလွန် အာရုံစိုက်ပြီး နားထောင်နေကြသည်။

ဤသည်မှာ အတွေ့အကြုံများမှ လာသော စကားများ ဖြစ်သည်။

ချီဆန်းကျား က အဆင့်ငါး တပ်မှူးချုပ် တစ်ယောက် ဖြစ်ပြီး နယ်စပ်မှ သွေးထွက်သံယို တိုက်ပွဲများ အကြားမှ ထွက်ပေါ်လာသော စစ်သူကြီး တစ်ယောက် ဖြစ်ရာ သူ၏ အတွေ့အကြုံနှင့် အသိပညာများက သူတို့ နှစ်ယောက်ထက် အများကြီး သာလွန်ပေသည်။

"မွေးရာပါအဆင့် မှာ အဆင့်သုံးဆင့် ရှိတယ် အဲဒါတွေကတော့ ရုပ်ပိုင်းဆိုင်ရာ အဆင့်၊ စွမ်းအင်ပိုင်းဆိုင်ရာ အဆင့် နဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ အဆင့် တွေပဲ

ရုပ်ပိုင်းဆိုင်ရာ အဆင့် က မွေးရာပါ ပထမအဆင့် ကျင့်ကြံရေး ဖြစ်ပြီး သူ့ကို ရွှမ်ချောင် အဆင့် လို့ ခေါ်တယ် အဓိက ကျင့်ကြံရေးကတော့ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ အဓိက သွေးကြောပေါက် ကိုးခုကို ဖွင့်ပြီး ကိုယ်တွင်း စွမ်းအင်တွေကို တစ်ကိုယ်လုံးကို ပျံ့နှံ့စေကာ ခန္ဓာကိုယ်ကို သန့်စင်ဖို့ပဲ

ဒီလုပ်ငန်းစဉ် အတွင်းမှာ ဒန်ထျန်း ထဲက စွမ်းအင်တွေကလည်း တဖြည်းဖြည်း ပြည့်လျှံလာပြီး သိုင်းသမား ရဲ့ စွမ်းအားကို ပိုမို ကြီးမားလာစေတယ် ဖွဲ့စည်းထားတဲ့ မွေးရာပါ စွမ်းအင် အကာအကွယ် ရဲ့ စွမ်းအားကလည်း သဘာဝကျကျ ပိုပိုပြီး ကြောက်စရာ ကောင်းလာမှာပေါ့"

"ရုပ်ပိုင်းဆိုင်ရာ အဆင့် က ခန္ဓာကိုယ်ကို အဓိက ထားပြီး ပိုမို ကြီးမားတဲ့ စွမ်းအားတွေကို ခံနိုင်ရည် ရှိဖို့ အတွက် ပိုမို သန်မာတဲ့ မွေးရာပါ ခန္ဓာကိုယ်ကို တည်ဆောက်တာပဲ စွမ်းအင်ပိုင်းဆိုင်ရာ အဆင့် ကိုတော့ ယွမ်ဟိုင် အဆင့် လို့ ခေါ်တယ်

သူ့ရဲ့ ဆိုလိုရင်းက ရှင်းပါတယ် ခန္ဓာကိုယ် အတွင်းမှာ ပြည့်ဝနေတဲ့ စွမ်းအင်တွေကို အတင်းအကျပ် ဖိသိပ်ပြီး နောက်ဆုံးမှာ စွမ်းအင်တွေကို လျှို့ဝှက်အရည် အဖြစ် ပြောင်းလဲပစ်တာပဲ ဒီစွမ်းအားက ပိုမို ကြီးမားပြီး ရွှမ်ချောင် အဆင့် ရဲ့ စုဆောင်းမှုထက် အဆပေါင်းများစွာ သာလွန်တယ်

ပိုမို နက်ရှိုင်းပြီး အဆုံးမရှိ စီးဆင်းနေတယ် တစ်နေ့ကို မိုင်တစ်ထောင် သွားတာက သာမန် ကိစ္စလေး တစ်ခုပဲ လှုပ်ရှားမှု တိုင်းမှာ ထုတ်ယူသုံးစွဲနိုင်တဲ့ စွမ်းအားတွေကလည်း ပိုမို ကြီးမားလာလိမ့်မယ်"

"တတိယအဆင့် ဖြစ်တဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ အဆင့် ကိုတော့ အရင် နှစ်ဆင့်နဲ့ မတူဘူး ရှန်းကွမ် အဆင့် လို့ ခေါ်တယ် အသိအာရုံကို ဖွင့်လှစ်ပြီး ငါ့ကံကြမ္မာကို ငါပဲ ဖန်တီးမယ် ကောင်းကင်က မဖန်တီးနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ ဉာဏ်အလင်းပွင့်လာပြီး ဝိညာဉ်ကို ခံစားသိရှိနိုင်ကာ အာရုံခြောက်ပါး ထက်မြက်လာပြီး ဝိညာဉ်စွမ်းအား တွေ အလိုလို ဖြစ်ပေါ်လာတယ် လေထဲကနေ ဓားကို ထိန်းချုပ်နိုင်ပြီး မျက်စိတစ်မှိတ် အတွင်းမှာ လူသတ်နိုင်တယ်

ရှန်းကွမ် အဆင့် သိုင်းသမား တစ်ယောက် လှုပ်ရှားပြီ ဆိုရင် အဆင့်တူ သိုင်းသမား မဟုတ်ရင် မျက်လုံး တစ်ချက် ကြည့်လိုက်ရုံနဲ့ တိုက်ပွဲ အများစုကို ဖြေရှင်းနိုင်တယ် သာမန် သိုင်းသမားတွေက ဝိညာဉ်စွမ်းအား ရဲ့ ဖိနှိပ်မှုကို လုံးဝ မခံနိုင်ဘူး"

ချီဆန်းကျား က မွေးရာပါအဆင့် ၏ ကျင့်ကြံရေး အဆင့်များကို အကျယ်တဝင့် ရှင်းပြနေပေသည်။

ကျန်းချဲ့က အလွန် အာရုံစိုက်ပြီး နားထောင်နေပေသည်။

ရင်ထဲတွင် မနေနိုင်ဘဲ တွေးမိလိုက်သည်။

မွေးရာပါအဆင့် ရဲ့ ကွာဟချက်က ဒီလောက်တောင် ကြီးမားတာပဲ သွေးကြောပွင့် အဆင့် ရဲ့ အဆင့်ငယ်လေးတွေထက် အများကြီး သာလွန်နေတာပဲ။

သို့သော် ထိန်းချုပ်နိုင်သော စွမ်းအား ကလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာပေသည်။

မျက်လုံးနဲ့ လူသတ်တယ် လေထဲကနေ ဓားကို ထိန်းချုပ်တယ်။

ဤသည်မှာ နတ်ဘုရားများ၏ စွမ်းရည်များနှင့် အတူတူပင် ဖြစ်နေပြီ ဖြစ်သည်။

ပိုမို မြင့်မားသော အဆင့်များသို့ ရောက်ရှိသွားပါက မည်ကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။

ကျန်းချဲ့၏ သိုင်းပညာ အပေါ် ယုံကြည်မှုက ပိုမို ခိုင်မာလာခဲ့သည်။

တစ်နေ့တွင် သူက မိမိ၏ ကြိုးစားအားထုတ်မှု နှင့် ရွှေလက်ချောင်း ၏ အနည်းငယ်သော အကူအညီဖြင့် တစ်လှမ်းချင်းစီ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိအောင် သွားမည် ဖြစ်သည်။

ချီဟွမ် ကလည်း အလွန် အာရုံစိုက်ပြီး နားထောင်နေပေသည်။

သူက မွေးရာပါအဆင့် နှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိထားသည်။ မည်သို့ပင်ဆိုစေ မွေးရာပါအဆင့် သို့ မရောက်ရှိသေးပါက အများကြီး သိထားလျှင်လည်း အသုံးမဝင်ပေ။ ချီဆန်းကျား က သူ့ကို အခြေခံ ခိုင်မာအောင် အရင် လုပ်ခိုင်းပြီးမှ အဆင့်ဆင့် လမ်းညွှန်ပြသမည် ဖြစ်သည်။

ယနေ့ အခြေအနေမျိုးက အလွန် ရှားပါးလှပေသည်။

ဖြစ်နိုင်သည်မှာ ကျန်းချဲ့ အပြင် သူက မကြာမီ နယ်စပ်သို့ သွားရောက် တာဝန် ထမ်းဆောင်တော့မည် ဖြစ်ရာ ထိုအချိန်ကျလျှင် လမ်းညွှန်ပြသချင်လျှင်တောင်မှ လုပ်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်ပေမည်။

"ဒါက တပ်မှူးချုပ် ဒီနှစ်တွေ အတွင်းမှာ ကျင့်ကြံခဲ့တဲ့ မှတ်စုတွေပဲ ချီဟွမ် မင်း အိမ်ပြန်ရောက်ရင် တစ်စောင် ကူးပြီး ကျန်းချဲ့ ကို ပေးလိုက် အားလပ်ချိန် ရရင် ဖတ်ကြည့်လို့ ရတယ် ဒါပေမဲ့ လူတိုင်းမှာ မတူညီတဲ့ လမ်းကြောင်းတွေ ရှိတယ်

အတွေးအခေါ် ကွာခြားတာပဲ ဖြစ်ဖြစ် ကျင့်စဉ် ကွာခြားတာပဲ ဖြစ်ဖြစ် အတိအကျ လိုက်လုပ်လို့ မရဘူး ကိုးကားဖို့ အတွက်ပဲ သုံးရမယ်"

ချီဆန်းကျား က ရင်ခွင်ထဲမှ ပါးလွှာသော စာအုပ်လေး တစ်အုပ်ကို ထုတ်ယူကာ ချီဟွမ် ကို ပေးလိုက်သည်။ ဤသည်မှာ သူ၏ သားအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ယခု ကျန်းချဲ့ နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံသွားသဖြင့် နှမြောတွန့်တိုနေခြင်း မရှိပေ။

ကျန်းချဲ့ လိုချင်သရွေ့ ကူးယူနိုင်ပေသည်။

"ကျေးဇူးတင်ပါတယ် အဖေ"

ချီဟွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ချီဆန်းကျား က ပုံမှန် အချိန်များတွင် သူ့ကို တင်းကျပ်စွာ အုပ်ချုပ်ပြီး ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ ဟု တားမြစ်လေ့ ရှိသော်လည်း သူ့အပေါ် ဂရုစိုက်မှုကတော့ လုံးဝ မလျော့ကျခဲ့ပေ။ တစ်ခါတစ်ရံတွင် ဖော်ပြရန် သိပ်မကျွမ်းကျင်ခြင်းသာ ဖြစ်သည်။

ယခုအချိန်တွင် သူ၏ စိတ်က ပိုမို ခိုင်မာလာခဲ့ပြီး နယ်စပ်တွင် စစ်ရေး အောင်မြင်မှုများ ရရှိကာ ထိုရတနာ ကို ရရှိပြီးနောက် ဖခင်ဖြစ်သူ၏ အနီးနားသို့ ပြန်လာပြီး ကျေးဇူးဆပ်ရန် နည်းလမ်း ရှာမည်ဟု တွေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်"

ကျန်းချဲ့၏ ကျေးဇူးတင်မှု ကလည်း ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေသည်။

အလကား ကူးယူခွင့် ရသည် ဖြစ်သော်လည်း ဤသည်က လုံလောက်နေပြီ ဖြစ်သည်။

ချီဟွမ် နှင့် မျက်နှာသာ အပြိုင်အဆိုင် ယူစရာ လိုလို့လား။

သူက လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်ပြီး မွေးစားသား ဖြစ်လျှင်တောင်မှ အရင်းအချာ သားနှင့် မျက်နှာသာ အပြိုင်အဆိုင် ယူပိုင်ခွင့် မရှိပေ။

"မင်းက အခုမှ မွေးရာပါအဆင့် ကို ရောက်ခါစ ဆိုတော့ သင့်တော်တဲ့ ကျင့်စဉ် တစ်ခုကို ရှာဖို့ အချိန်ရောက်ပြီ မင်းရဲ့ ပါရမီနဲ့ ဆိုရင် ပိုကောင်းတဲ့ ရွေးချယ်မှုတွေ အများကြီး ရှိနိုင်တယ် နှမြောစရာ ကောင်းတာက မင်းက ချီ မျိုးရိုး မဟုတ်နေတာပဲ

ချီမိသားစု ရဲ့ ကျင့်စဉ် အချို့ကို မင်းကို သင်ပေးဖို့ ခက်တယ် ဒါပေမဲ့ တပ်မှူးချုပ် လက်ထဲမှာ ဒီနှစ်တွေ အတွင်း အမှတ်မထင် ရလာခဲ့တဲ့ မွေးရာပါအဆင့် ကျင့်စဉ် အချို့ ရှိသေးတယ် မင်း နောက်ရက် အလုပ်မစခင် တစ်ခေါက်လောက် ထပ်လာခဲ့ပါ အကယ်လို့ လေ့ကျင့်ချင်တယ် ဆိုရင် ယူသွားလို့ ရတယ်"

ချီဆန်းကျား က ဆက်ပြောလိုက်သည်။

ကျေးဇူးပြုမည် ဆိုမှတော့ တွန့်တိုမနေသင့်ပေ။

အကယ်၍ ကျန်းချဲ့ က နောင်တစ်ချိန်တွင် အောင်မြင်လာပါက ယနေ့ ကျေးဇူးတရား က သူ့ကို ကျေးဇူးတင်စေရန် လုံလောက်ပေသည်။ အကယ်၍ ကျန်းချဲ့ က နောင်တွင် သာမန် လူတစ်ယောက် ဖြစ်သွားပြီး သို့မဟုတ် အန္တရာယ် တစ်ခုခု ကြုံတွေ့ရလျှင်တောင်မှ အတွေ့အကြုံ အချို့ နှင့် ကျင့်စဉ် အချို့က သူ့အတွက် ဘာမှ မတန်လှပေ။

ကျန်းချဲ့၏ မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပနေပေသည်။

ယခု အခြေအနေက ယခင်က သူနှင့် လျိုကျစ် တို့ကြားရှိ ဆက်ဆံရေးနှင့် ဆင်တူနေပေသည်။

တစ်ဖက်လူက ကျေးဇူးပြုလိုစိတ် ရှိပြီး သူ၏ အလားအလာကို ယုံကြည်နေသရွေ့ အဆင်ပြေပေသည်။

နစ်မြုပ်ကုန်ကျစရိတ်များ ပိုမို ကြီးမားလာသည်နှင့်အမျှ ကျန်းချဲ့ က ချီဆန်းကျား ကို လျိုကျစ် ကဲ့သို့ လမ်းတစ်ဝက်တွင် လက်မလွှတ်ရက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားပေသည်။

All Chapters