← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁) မစတင်ရသေးမီ ပြီးဆုံးသွားခြင်း

တာကျိုးမင်းဆက် ယွမ်ခန် သက္ကရာဇ် ဆယ့်နှစ်နှစ်၊ ပထမလ ဆယ့်နှစ်ရက်နေ့။

ဒီနေ့တွင် ဝမ်ယွဲ့ရေကန် ချန်မိသားစု ခြံဝင်းကြီးက အလွန် စည်ကားနေပြီး မီးပုံးနီများ ချိတ်ဆွဲထားကာ အပေါ်စီးမှ ကြည့်မည်ဆိုပါက ချန်မိသားစု ခြံဝင်းဆီသို့ ဦးတည်သွားနေသော နဂါးကြီး တစ်ကောင်အလား လူတန်းရှည်ကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

ထိုသူများအားလုံးက လက်ဆောင်လာပေးသော သိုင်းလောက သမားများနှင့် အင်အားစု အသီးသီးမှ လူများ ဖြစ်ကြသည်။

ဤကဲ့သို့သော အခမ်းအနားမျိုးက မည်သူ့ကိုမျှ အံ့ဩသွားစေခြင်း မရှိပေ။ အခြား အကြောင်းရင်း မရှိဘဲ ချန်မိသားစု ခြံဝင်း၏ အရှင်သခင်ကြီးက အလွန် ဂုဏ်သိက္ခာ ကြီးမားလှသောကြောင့် ပင် ဖြစ်သည်။

အသက် တစ်ရာ့နှစ်ဆယ့်လေးနှစ် ပြည့် မွေးနေ့ပွဲ ဆိုသည်မှာ မွေးရာပါအဆင့် တွင် တကယ်တော့ အလွန် ရှားပါးလှပေသည်။

မည်သို့ပင်ဆိုစေ ပုံမှန်အားဖြင့် မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်က သက်တမ်း တစ်ရာ့ရှစ်ဆယ် ရှိနိုင်သည် ဆိုသော်လည်း ဒီအသက်အရွယ် အထိ အသက်ရှင်နိုင်သူက လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

အဘယ်ကြောင့်ဆိုသော် သိုင်းသမား များ တိုက်ခိုက်တိုင်း ခန္ဓာကိုယ် အတွင်း၌ ဒဏ်ရာ အဟောင်းများ ကျန်ရစ်ခဲ့မည် ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်က အသက် တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ် အထိ နေရပါက အသက်ရှည်သူ ဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။

ထို့အပြင် အရှင်သခင်ကြီးချန် က သွေးချီများ ဆုတ်ယုတ်နေသော သိုင်းသမား မျိုး မဟုတ်ဘဲ အသက်အရွယ် ကြီးရင့်နေသော်လည်း သွေးချီများ အပြည့်အဝ ရှိနေကာ လွန်ခဲ့သော နှစ်အနည်းငယ်က အဆင့်တူ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် နှင့် တိုက်ခိုက်ရာတွင် နာရီဝက် ကျော်ကြာသည် အထိ အရှုံးမပေးဘဲ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် ချန်မိသားစု နှင့် လုမိသားစု တို့က အလွန် ရင်းနှီးကြပြီး သူတို့၏ အုပ်စုဝင် အင်အားစု တစ်ခု နီးပါး ဖြစ်နေသဖြင့် ဤအချက်များ အားလုံး ပေါင်းစပ်သွားသောအခါ ချန်မိသားစု ခြံဝင်းကို ပို၍ပင် စည်ကားသွားစေခဲ့သည်။

ဒါ့အပြင် ချန်ခိုင်ယန် က မကြာသေးမီ နှစ်များ အတွင်း ရက်စက်မှုများကို လျှော့ချခဲ့ပြီး အမှတ်မထင် မျိုးဆက်သစ် သိုင်းသမား အများအပြားကို လမ်းညွှန်ပြသပေးခဲ့ရာ ချန်မိသားစု၏ နာမည်ဂုဏ်သတင်း ကလည်း နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့သည်။

ထို့ကြောင့် လာရောက် ဂါရဝပြုကြသော သိုင်းသမား များ၏ အဆင့်အတန်း က မလုံလောက်သော်လည်း လူဦးရေ ကတော့ တကယ်ကို များပြားလှပေသည်။

နှမြောစရာ ကောင်းသည်မှာ လူတိုင်းတွင် သောကများ ရှိနေကြခြင်းပင်။

ချန်မိသားစု ခြံဝင်း အတွက် အခက်ခဲဆုံး ကိစ္စမှာ မကြာသေးမီ နှစ်များ အတွင်း ချန်မိသားစု ၏ အဓိက မျိုးဆက်သစ်များ အကြိမ်ကြိမ် ဒုက္ခရောက်နေကြခြင်း ဖြစ်ပြီး ချန်ခိုင်ယန် ကိုယ်တိုင် ဆုငွေထုတ် ဖမ်းဆီးခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

"ဝမ်ယွဲ့ရေကန် ဟွမ်မိသားစု မှ အရှင်သခင်ကြီးချန် ကို ကျောက်စိမ်း သန္တာကျောက် တစ်ခု နဲ့ ယွမ်ပုံဆောင်ခဲ တစ်ခု လက်ဆောင် ဆက်သပါတယ်"

"ကျန်းဟိုင်ဂိုဏ်း က အရှင်သခင်ကြီးချန် ကို နှစ်တစ်ရာ သက်တမ်းရှိ လင်းဇီးမှို တစ်ပွင့် လက်ဆောင် ဆက်သပါတယ်"

"ယွီတောင် လုမိသားစု က အရှင်သခင်ကြီးချန် ကို တောင်တန်းမြစ်ဝှမ်း ပန်းချီကား တစ်ချပ် နဲ့ နှစ်တစ်ရာ သက်တမ်းရှိ ဟယ်ရှိုးဝူ တစ်ပင် လက်ဆောင် ဆက်သပါတယ်"

"ဝမ်ရှိုးခြံဝင်း"

"ကျင်းဆန်း တောင်ကြား ယွီမိသားစု"

အော်ဟစ် ကြေညာသံများက သိုင်းသမား ၏ စွမ်းအင် အသုံးပြုမှု အောက်တွင် အလွန် ကျယ်လောင်စွာ ပျံ့နှံ့သွားခဲ့သည်။

ချန်ခိုင်ယန် က အနီရဲရဲ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဧည့်ခံခန်းမ အရှေ့တွင် ရပ်ကာ အင်အားစု ကြီးများ၏ ကိုယ်စားလှယ် များကို ကြိုဆိုနေပေသည်။ မျက်နှာက နီမြန်း တောက်ပနေပြီး အမည်းရောင် ဆံပင်ရှည်များကြောင့် သူက အသက် တစ်ရာကျော် နေပြီဟု လုံးဝ မထင်ရဘဲ မသိသော သူများက သူသည် လူလတ်ပိုင်း အရွယ်တွင် ရှိနေသေးသည်ဟုသာ ထင်မှတ်ကြမည် ဖြစ်သည်။

သာမန် သိုင်းသမား များက သဘာဝကျကျပင် ပင်မ ခန်းမဆောင် အတွင်းသို့ ဝင်ရောက်ခွင့် မရှိပေ။

သွေးကြောပွင့် အဆင့် သိုင်းသမား များ ဆိုလျှင်တောင်မှ မရပေ။

ပင်မ ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လိုပါက အနည်းဆုံး မွေးရာပါအဆင့် စွမ်းအား ရှိရမည် သို့မဟုတ် အင်အားစု ကြီးများမှ စေလွှတ်လိုက်သော မျိုးဆက်သစ်များ ဖြစ်ရမည် ဖြစ်သည်။ သူ၏ လုပ်သက်က ရင့်ကျက်သော်လည်း ချန်မိသားစု က အားနည်းနေသေးသောကြောင့်ပင်။

ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု မှ စေလွှတ်လိုက်သူများ အားလုံးက မျိုးဆက်သစ် လူငယ်များသာ ဖြစ်ကြသည်။

"သခင်လေးလု လာနိုင်တာ ဒီလူအိုကြီး အတွက် တကယ့် ကံကောင်းမှု ပါပဲ"

ချန်ခိုင်ယန် က လုမိသားစု ၏ မျိုးဆက်သစ် များထဲတွင် အတော်ဆုံး ဖြစ်သော သားအကြီးဆုံး လုဖျင်ကျိုး ကိုယ်တိုင် လာရောက်သည်ကို မြင်သောအခါ သူ၏ ဂုဏ်သိက္ခာများ ချက်ချင်း တက်လာသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်အတန်း အပြင် သူသည် တကယ့် မွေးရာပါအဆင့် သိုင်းသမား အစစ်အမှန် တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သူက ယခုအချိန်အထိ အသက် နှစ်ဆယ့်ခုနစ်နှစ် သာ ရှိသေးပြီး နောင်တစ်ချိန်တွင် လုမိသားစု ၏ အာဏာရှင် ဖြစ်လာမည်မှာ သေချာသလောက် ရှိနေပေသည်။

ထိုက်အန်းဒေသ တစ်ခုလုံးတွင် ကြည့်မည် ဆိုလျှင်တောင်မှ အတော်ဆုံး လူအနည်းငယ် ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။

"အရှင်သခင်ကြီးချန် အားနာနေပါပြီ မျိုးဆက်သစ် က အဖေ နဲ့ လုမိသားစု ကိုယ်စား အရှင်သခင်ကြီး သက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်" ပိုးသား ဝတ်ရုံ ဝတ်ဆင်ထားသော လုဖျင်ကျိုး က မျက်နှာပေါ်တွင် ပြုံးယောင်သန်းလျက် ချန်ခိုင်ယန် ကို လက်ဝါးချင်းယှက် အရိုအသေပေးလိုက်သည်။

တကယ့် ပြိုင်ဘက်ကင်း သခင်လေး တစ်ယောက်၏ အရှိန်အဝါ မျိုး ရှိနေပေသည်။

"မျိုးဆက်သစ် ဟွမ်ရှန်းရှန်း အရှင်သခင်ကြီးချန် ကို ဂါရဝပြုပါတယ်"

လုဖျင်ကျိုး ၏ ဘေးတွင် အသားအရေ ဖြူဖွေး နူးညံ့ပြီး ရုပ်ရည် ချောမော လှပသော အမျိုးသမီးငယ် တစ်ဦး က ချန်ခိုင်ယန် ကို အနည်းငယ် အရိုအသေပေးလိုက်သည်။

"သခင်မလေးဟွမ် က တကယ်ပဲ ဟွမ်မိသားစု က အနှစ် ခြောက်ဆယ် ကြာအောင် ပြုစုပျိုးထောင်ခဲ့ရတဲ့ ရွှေပန်းလေး တစ်ပွင့် ဆိုတာ မမှားပါဘူး ဒီလူအိုကြီး ကျေးဇူးတင်ပါတယ်" ချန်ခိုင်ယန် က ဟွမ်ရှန်းရှန်း ကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွားသော်လည်း ချက်ချင်းပင် မကောင်းသော အတွေးများကို ဖိနှိပ်ထားလိုက်သည်။

ဤသည်မှာ သူ ထိပါး၍ ရသော အမျိုးသမီး မျိုး မဟုတ်ပေ။

ဟွမ်မိသားစု ခေါင်းဆောင် က မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် ဖြစ်သည်ကို အရင် မပြောဘဲထားဦး၊ သူမ က လုဖျင်ကျိုး ၏ စေ့စပ်ထားသူ ဆိုသည့် အချက် တစ်ခုတည်းကပင် သူမကို ထိုက်ဆန်းမြို့ ပတ်ဝန်းကျင်တွင် အာဏာ အရှိဆုံး အမျိုးသမီး များထဲမှ တစ်ယောက် ဖြစ်လာစေရန် လုံလောက်နေပေသည်။

"အရှင်သခင်ကြီးချန် က မြှောက်ပြောနေပါပြီ"

ဟွမ်ရှန်းရှန်း က ဖြည်းညင်းစွာ ပြုံးလိုက်သော်လည်း အနည်းငယ် အေးစက်နေပေသည်။

"အရှင်သခင်ကြီးချန် ဒီမှာ ဆက်ပြီး ဧည့်ခံလိုက်ပါဦး မျိုးဆက်သစ် က ရှန်းရှန်း ကို ခေါ်ပြီး အထဲကို အရင် ဝင်သွားတော့မယ်"

"သခင်လေးလု သွားပါ"

"ရှန်းရှန်း သွားကြမယ်"

လုဖျင်ကျိုး ၏ မျက်နှာပေါ်တွင် အလွန် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သို့သော် ဟွမ်ရှန်းရှန်း ကမူ သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ လှည့်ထွက်သွားခဲ့သည်။

"ကျွတ် ကျွတ် ကျွတ် သခင်လေးလု က ပြိုင်ဘက်ကင်း ပါရမီရှင် လို့ လူတိုင်းက ပြောနေကြပေမဲ့ အခုတော့ မိန်းမ တစ်ယောက်ရဲ့ အနားမှာ ခယနေရတယ်နော် အကယ်လို့ ဒါသာ သတင်းထွက်သွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ထင်တယ်"

နောက်ပြောင် လှောင်ပြောင်သည့် အသံ တစ်သံ က လုဖျင်ကျိုး ၏ နားထဲတွင် ပဲ့တင်ထပ်သွားရာ သူ၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားပြီး နှာမှုတ်ကာ ပြောလိုက်သည်။

"ဝမ်ဖန်ယွင် ရှန်းရှန်း က ကျုပ် ရဲ့ စေ့စပ်ထားသူပဲ ခင်ဗျား စကားပြောတာ သတိထားပါ"

"ကောင်းပြီ ကောင်းပြီ သခင်လေးလု ပျော်ရင် ပြီးတာပါပဲ" ဝမ်ဖန်ယွင် ဟု ခေါ်သော အမျိုးသား က အေးစက်စက် ရယ်မောလိုက်ပြီး သူ့ကို တစ်ချက် ကြည့်ကာ အရှေ့ရှိ ဟွမ်ရှန်းရှန်း ဆီသို့ အကြည့် ရွှေ့သွားပြန်သည်။

"သခင်မလေးဟွမ် ကြားရသလောက်တော့ သခင်မလေး မှာ ရေခဲဖီးနစ် ခန္ဓာကိုယ် ရှိလို့ လုမိသားစု က အတင်းအကျပ် ဖိအားပေးပြီး လုဖျင်ကျိုး နဲ့ စေ့စပ်ခိုင်းတာ ဆို ရင်ထဲမှာ အခဲမကျေတာတွေ ရှိလား ကျုပ် ဝမ်ရှိုးခြံဝင်း က ကူညီပြီး ဖြေရှင်းပေးလို့ ရတယ် တိုက်တိုက်ဆိုင်ဆိုင် ကျုပ် အနားမှာလည်း ခြံဝင်းသခင်လေး ရဲ့ ဇနီး နေရာ လွတ်နေသေးတယ်"

"ဝမ်ဖန်ယွင် မင်းက သေချင်နေတာလား"

လုဖျင်ကျိုး ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အနည်းငယ် မည်းမှောင်သွားခဲ့သည်။

ဟွမ်ရှန်းရှန်း က သူ၏ ပိုင်ဆိုင်မှု ဖြစ်ပြီး ပုံမှန်ဆို ထိဖို့တောင် နှမြောနေရတာ ဝမ်မျိုးရိုး က ဤနေရာတွင် လာရောက် ရမ်းကားနေသည်ကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။

"ငါက မင်းကို ကြောက်မယ် ထင်နေလား"

ဝမ်ဖန်ယွင် ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်သော အမူအရာ ပေါ်လာခဲ့သည်။

"မသိတဲ့ သူတွေကတော့ မင်းကို ထိုက်အန်းဒေသ ရဲ့ မျိုးဆက်သစ် တွေထဲမှာ နံပါတ်တစ် လို့ ထင်နေကြတာ ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် က နှစ်ယောက်ကို အရင် မပြောဘဲထားဦး အခုဆိုရင် မင်းရဲ့ အမြန်ဆုံး မွေးရာပါအဆင့် ကို တက်လှမ်းနိုင်တဲ့ စံချိန် ကို တခြားလူ ချိုးဖျက်သွားပြီ အခု အသစ် တက်လာတဲ့ ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး ဆိုရင် အသက် နှစ်ဆယ်တောင် မပြည့်သေးဘူး မွေးရာပါအဆင့် ကို တက်လှမ်းသွားပြီ နောက်ဆို ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဂုဏ်ယူမနေနဲ့တော့ သတင်းထွက်သွားရင် လူတွေ ရယ်စရာ ဖြစ်လိမ့်မယ်"

"မင်း"

"သခင်လေး နှစ်ယောက် ဒီနေ့က ဒီလူအိုကြီး ရဲ့ မွေးနေ့ပွဲမို့ ဒီလူအိုကြီး ကို မျက်နှာထောက်ပြီး ခဏလောက် ရပ်ပေးလို့ ရမလား" ချန်ခိုင်ယန် က သူတို့ နှစ်ယောက်၏ အပြန်အလှန် ပွတ်တိုက်မှုများကို အလျင်အမြန် တားဆီးလိုက်သည်။

"ဟွန့် ဒီနေ့ အရှင်သခင်ကြီးချန် ကို မျက်နှာထောက်ပြီး မင်းကို တစ်ခေါက် လွှတ်ပေးလိုက်မယ် နောက်တစ်ခါ ဒီလို ရိုင်းစိုင်းရဲရင် မင်းရဲ့ ကျန်တဲ့ ခြေထောက် တစ်ဖက်ကိုပါ ထပ်ချိုးပစ်မယ်" လုဖျင်ကျိုး က အေးစက်စက် နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ဝမ်ဖန်ယွင် တစ်ယောက်တည်း မျက်နှာ မည်းမှောင်စွာ ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူလည်း အထဲသို့ ဝင်သွားတော့သည်။

ဤသည်မှာ သူ၏ အတိတ်ဆိုး ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ် က သူတို့ နှစ်ယောက် သွေးကြောပွင့် အဆင့်တွင် တိုက်ခိုက်ခဲ့ဖူးသော်လည်း သူ အနည်းငယ် အားနည်းသဖြင့် ဘယ်ဘက် ခြေထောက် အချိုးခံခဲ့ရရာ ထိုကိစ္စကို သူ အမြဲတမ်း ရှက်စရာ အဖြစ် မှတ်ယူထားပြီး ယခင်က လှောင်ပြောင်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လက်ဆောင် ကြေညာခြင်းများ က ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

အဆက်မပြတ် လာရောက်နေသော လက်ဆောင် ပေးသူများကို ကြည့်ရင်း ချန်ခိုင်ယန် ၏ မျက်နှာပေါ်တွင် မသိမသာ အပြုံးများ ပေါ်လာခဲ့သည်။

မွေးနေ့ပွဲ ပြီးဆုံးသွားပါက သူ၏ အကျိုးအမြတ် က လုံးဝ နည်းမည် မဟုတ်ပေ။

နောင်တွင် မွေးနေ့ပွဲ လုပ်ရုံဖြင့်ပင် ချန်မိသားစု ကို ကျွေးမွေးထားနိုင်လောက်ပေသည်။

"ရှန်းရှန်း ဝမ်ဖန်ယွင် အဲဒီကောင် က ခေါင်းထဲမှာ ပြဿနာ ရှိတယ် အဲဒါကြောင့် ဒေါသ မထွက်နဲ့နော်" အတွင်းခန်းမ တွင် လုဖျင်ကျိုး က ဘေးရှိ ဟွမ်ရှန်းရှန်း ကို အလျင်အမြန် နှစ်သိမ့်ပေးနေပြီး မျက်လုံးများထဲတွင် အလွန် မြတ်နိုးသည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။

ရေခဲဖီးနစ် ခန္ဓာကိုယ် က လုမိသားစု အလေးထားသော အရာ ဖြစ်သော်လည်း သူ ကတော့ ဟွမ်ရှန်းရှန်း ဆိုသော လူကိုသာ အလေးထားခြင်း ဖြစ်သည်။

ငယ်စဉ် ကတည်းက မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး ထိုအချိန်မှ စ၍ လုံးဝ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

ဟွမ်ရှန်းရှန်း က သူ့အပေါ် အလွန် အေးစက်စွာ ဆက်ဆံသော်လည်း သူက ဟွမ်ရှန်းရှန်း ၏ စရိုက်က ဒီလိုပဲ ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ထားပေသည်။

ဟွမ်ရှန်းရှန်း က ခေါင်းယမ်းလိုက်ပြီး ဘာမှ ထပ်မပြောချင်တော့ပေ။

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး အတွင်းခြံဝင်း ၏ အာရုံစိုက်မှုကိုပင် ရရှိသွားကာ လူအများအပြား က ဘာတွေ ဖြစ်နေလဲ ဆိုတာကို သွားကြည့်ရန် အပြင်သို့ ပြေးထွက်သွားကြသည်။

"ရှန်းရှန်း ကိုယ်တို့လည်း သွားကြည့်ကြမလား"

"အင်း"

ဆူညံသံများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ သဘာဝကျကျပင် ကျန်းချဲ့ ကြောင့် ဖြစ်သည်။ သူက ထိုက်ဆန်း မြင်းစီးတပ်သား ရာဂဏန်းကို ခေါ်ဆောင်လာပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထ ကာ ရောက်ရှိလာသဖြင့် တန်းစီပြီး လက်ဆောင် ပေးမည့် သူများ အားလုံး အလန့်တကြား ရှောင်ဖယ်သွားကြပေသည်။

ချန်ခိုင်ယန် ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ကြည့်ရဆိုးသွားခဲ့သည်။

မွေးနေ့ပွဲ လုပ်နေချိန်မှာ စစ်သည်တွေ ခေါ်ပြီး ဒီကို လာတယ်ဆိုတာ။

ထိုက်ဆန်း မြို့တော်ရုံးချုပ် က ဘာလုပ်ချင်လို့လဲ။

"ရှူး"

ချန်မိသားစု ခြံဝင်း တံခါးရှေ့တွင် ကျန်းချဲ့ က မြင်းကြိုးကို ဆွဲလိုက်ရာ သူစီးလာသော စစ်မြင်း က ရှေ့ခြေ နှစ်ဖက် မြှောက်တက်သွားပြီး သူ၏ အေးစက်သော အကြည့်များက အရှေ့ရှိ အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား ကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မသိလို့ပါ ဧည့်သည်တော် က"

ချန်ခိုင်ယန် က တံခါးရှေ့တွင် ရပ်ကာ သံသယ ဝင်နေသော မျက်နှာဖြင့် မေးလိုက်သည်။ သူ၏ အရှေ့ရှိ ဤလူငယ် က အလွန် စိမ်းသက်နေသည်ဟု ခံစားရသော်လည်း သူ၏ အပြုအမူ များကို ကြည့်ရသည်မှာ ရန်လိုသည့်ဟန် ပေါ်နေပေသည်။

"ချန်မိသားစု ခြံဝင်း ရဲ့ အရှင်သခင်ကြီး က အသက် တစ်ရာ့နှစ်ဆယ့်လေးနှစ် ပြည့် မွေးနေ့ပွဲ လုပ်တယ် လို့ ကြားလို့ ကျုပ် ကြားကြားချင်း သီးသန့် လာပြီး ဂါရဝပြုတာပါ"

ကျန်းချဲ့ က အပေါ်စီးမှ နေ၍ တစ်ဖက်လူကို ငုံ့ကြည့်နေပေသည်။

"အသစ် တက်လာတဲ့ ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး ကျန်းချဲ့ များလား"

ချန်ခိုင်ယန် က သူ၏ နာမည်ကို ကြားသည်နှင့် တပြိုင်နက် ကျန်းချဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။

ဒီလောက် ငယ်ရွယ်တယ် ကျန်း မျိုးရိုး ဖြစ်တယ် စစ်သည်တွေကိုလည်း ခေါ်လာနိုင်တယ်။

အဖြေ က ရှင်းလင်းနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ အသစ် တက်လာမည့် တပ်မှူးကြီး ၏ သတင်း က ဒီရက်ပိုင်း အတွင်း ထိုက်ဆန်းမြို့ အနှံ့ ပျံ့နှံ့နေပြီ ဖြစ်ရာ သူ လည်း ဤသတင်းကို သဘာဝကျကျ သိရှိထားပေသည်။

"မှန်ပါတယ် ကျုပ် ပါပဲ"

"ဒီလူအိုကြီး က တပ်မှူးကြီးကျန်း ဆီကို ဖိတ်စာ မပို့ခဲ့မိဘူး ထင်ပါတယ်"

ချန်ခိုင်ယန် ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။

"သက်ကြီးရွယ်အို တွေကို ရိုသေပြီး ကလေးတွေကို ချစ်ခင်တာက ငါတို့ ထိုက်အန်း လူတိုင်း ရှိသင့်တဲ့ ကိုယ်ကျင့်တရား ပဲလေ ကျုပ် က ကြားနေရက်နဲ့ မလာဘဲ နေလို့ ရမလား"

"ဂါရဝ လာပြုတာ ဆိုရင် တပ်မှူးကြီးကျန်း က ဘာလို့ စစ်သည်တွေ ခေါ်လာရတာလဲ"

"အရှိန်အဝါ ကြီးအောင်လို့လေ ဒါက ချန်မိသားစု ကို ပိုပြီး မျက်နှာ ရစေတာပဲ မဟုတ်လား"

ကျန်းချဲ့ က ခပ်ဟဟ ရယ်မောကာ ပြောလိုက်သည်။

"လာတဲ့ သူတိုင်းက ဧည့်သည်ပါပဲ တပ်မှူးကြီးကျန်း အတွင်းခြံဝင်း ထဲကို ကြွပါ"

ချန်ခိုင်ယန် က အချိန်အနည်းငယ် စဉ်းစားပြီးနောက် လမ်းဖယ်ပေးလိုက်သည်။

ကျန်းချဲ့ ကမူ လုံးဝ မလှုပ်ရှားဘဲ လက်ဝှေ့ယမ်းလိုက်ရာ သူ၏ အနောက်ရှိ စစ်သည် ရာဂဏန်း က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ထိုက်ဆန်း မြို့တော်ရုံးချုပ် က ချန်မိသားစု ခြံဝင်း က ချန်ခိုင်ယန် ကို အသက်ရှည် ကျန်းမာပြီး အသက် တစ်ရာ အထိ နေရပါစေလို့ ဆုတောင်းပေးပါတယ်"

"ထိုက်ဆန်း မြို့တော်ရုံးချုပ် က ချန်မိသားစု ခြံဝင်း က ချန်ခိုင်ယန် ကို အသက်ရှည် ကျန်းမာပြီး အသက် တစ်ရာ အထိ နေရပါစေလို့ ဆုတောင်းပေးပါတယ်"

ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နေရာရှိ လူတိုင်း က ချက်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

အသက်ရှည် ကျန်းမာပါစေ ဆိုတာက ကိစ္စ မရှိပေမဲ့ အသက် တစ်ရာ အထိ နေရပါစေ ဆိုတာကတော့ မတူညီတော့ပေ။

ချန်ခိုင်ယန် က အသက် တစ်ရာ့နှစ်ဆယ့်လေးနှစ် အထိ အသက်ရှင်နေပြီ ဖြစ်ပြီး အသက် တစ်ရာ ကျော်နေသည်မှာ ကြာပြီ ဖြစ်ရာ ဤသည်မှာ တစ်ဖက်လူကို ကျိန်ဆဲနေခြင်းသာ ဖြစ်ပေသည်။

ထင်သည့်အတိုင်းပင် ချန်ခိုင်ယန် ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်နှာ မည်းမှောင်စွာဖြင့် ကျန်းချဲ့ ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကျန်းချဲ့ မင်း ဒါက ဘာသဘောလဲ ဒီလူအိုကြီး ကို တမင် လာစော်ကားတာလား"

"အားနာပါတယ် ကျုပ် နှုတ်ချော်သွားတာ အရှင်သခင်ကြီးချန် က အသက် တစ်ရာ ကျော်နေပြီ ဆိုတာ မေ့သွားလို့ ဒါဆိုလည်း ပြောင်းလိုက်မယ် ခင်ဗျား အသက် တစ်ရာ့နှစ်ဆယ့်လေးနှစ် အထိ အသက်ရှည်ပါစေ လို့ ဆုတောင်းပေးပါတယ် ဘယ်လိုလဲ စေတနာ အပြည့် ပါတယ် မဟုတ်လား"

"နို့နံ့မစင်သေးတဲ့ ကောင်လေး မင်းက ဒီလူအိုကြီး ကို အားမရှိတော့ဘူး ထင်ပြီး အနိုင်ကျင့်နေတာလား"

ချန်ခိုင်ယန် က ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွေးများပင် လေထဲတွင် လွင့်စင်သွားပြီး တစ်ကိုယ်လုံးတွင် မွေးရာပါ စွမ်းအင် အကာအကွယ် များ ရစ်ပတ်လာခဲ့သည်။

"အရှင်သခင်ကြီးချန် မလောပါနဲ့ ကျုပ် က တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူး လက်ဆောင်ကို အရင် ကြည့်ပါဦးလား ဘယ်လိုလဲ" ကျန်းချဲ့ က အမြဲတမ်း ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် အရှေ့ရှိ အဘိုးအိုကို ပြုံးလျက် ကြည့်နေပေသည်။

"ဟွန့်"

"လူလာ လက်ဆောင် ပေးလိုက်"

ကျန်းချဲ့ ၏ အမိန့်ပေးသံ နှင့်အတူ မြင်းစီးတပ်သား လေးယောက် က အနီရောင် ခေါင်းတလား ကြီး တစ်လုံးကို သယ်ဆောင်လာပြီး ချန်အိမ်တော် တံခါးရှေ့သို့ ပြင်းထန်စွာ ချထားလိုက်သည်။

"ဒါက ကျုပ် အရှင်သခင်ကြီးချန် အတွက် သီးသန့် ပြင်ဆင်ထားတဲ့ အကောင်းစား သစ်နီ ခေါင်းတလား ပဲ အထဲ ဝင်လှဲလိုက်ရင် အနှစ် ခြောက်ဆယ် အတွင်း ဆွေးမြည့်သွားမှာ မဟုတ်ဘူး ငွေကျပ် ဆယ်နဲ့ချီ တန်တယ် ဘယ်လိုလဲ ကျေနပ်ရဲ့လား"

"ရမ်းကားလိုက်တာ"

ချန်ခိုင်ယန် က ခေါင်းတလား ကို မြင်လိုက်ရသောအခါ ဒေါသထွက်လွန်း၍ သူ၏ ဝတ်ရုံများပင် တုန်ခါသွားခဲ့သည်။

ဤသည်မှာ တမင်တကာ မျက်နှာကို ဖြတ်ရိုက်နေခြင်းသာ ဖြစ်သည်။

သာမန် ကောင်လေး တစ်ယောက် က ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့။

"နှစ်ယောက်စလုံး ခဏ ရပ်လိုက်ပါဦး"

အသံ တစ်သံ ထွက်ပေါ်လာသည် နှင့်အတူ နောက်တစ်စက္ကန့် တွင် လုဖျင်ကျိုး က လေထဲသို့ ခုန်တက်ကာ ခြေလှမ်း အနည်းငယ် လှမ်းပြီး ချန်ခိုင်ယန် ၏ ဘေးတွင် တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အရှင်သခင်ကြီးချန် ဒီနေ့က ခင်ဗျား ရဲ့ မွေးနေ့ပွဲ ဆိုတော့ ဘယ်လိုလုပ်ပြီး ဒေါသထွက်လို့ ရမှာလဲ မျိုးဆက်သစ် ကို မျက်နှာ တစ်ချက်လောက် ပေးလို့ ရမလား"

"သခင်လေးလု ဒီကောင် က ငါ့ကို အရမ်း အနိုင်ကျင့်လွန်းနေတယ် ဘယ်လိုလုပ်ပြီး သည်းခံလို့ ရမှာလဲ"

ချန်ခိုင်ယန် က သူ ကိုယ်တိုင် ဒေါသထွက်ပြီး ပေါက်ကွဲတော့မည်ဟု ခံစားနေရပြီး လုဖျင်ကျိုး က လုမိသားစု ကိုယ်စား ဝင်ရောက် ဖြေရှင်းပေးသော်လည်း သူ၏ ရင်ထဲရှိ ဒေါသများကို မဖိနှိပ်နိုင်တော့ပေ။

"တပ်မှူးကြီးကျန်း ကျုပ် က လုဖျင်ကျိုး ယွီတောင် လုမိသားစု ကပဲ ခင်ဗျား ကြားဖူးလားတော့ မသိဘူး"

လုဖျင်ကျိုး က ကျန်းချဲ့ ကို ကြည့်လိုက်သည်။

"လုဖျင်ကျိုး ကိုတော့ မကြားဖူးပါဘူး ယွီတောင် လုမိသားစု ကိုတော့ နည်းနည်း ကြားဖူးတယ်"

"တပ်မှူးကြီးကျန်း ရဲ့ လက်အောက်ခံ တပ်မှူး တစ်ယောက် က ငါတို့ လုမိသားစု ရဲ့ သမီး ကို သတ်ပစ်တယ် လို့ ဖျင်ကျိုး ကြားထားတယ် ကိုယ်တိုင် လာပြီး အပြစ်တင်မလို့ပဲ ဒါပေမဲ့ တပ်မှူးကြီးကျန်း က ထိုက်ဆန်းမြို့ ကို အခုမှ ရောက်လာတာ ဆိုတော့ တပ်မှူးကြီး ရဲ့ မျက်နှာကို ထောက်ပြီး ဒီကိစ္စကို ဖိနှိပ်ထားပေးလိုက်တယ် ဒီနေ့ တပ်မှူးကြီးကျန်း က မွေးနေ့ပွဲ မှာ ရိုင်းစိုင်းရုံတင် မကဘူး ကံမကောင်းတဲ့ ပစ္စည်း တွေပါ လာပေးတာ တကယ် မလုပ်သင့်ဘူး တပ်မှူးကြီးကျန်း က ငါတို့ လုမိသားစု နဲ့ ရန်ငြိုး မဖွဲ့ချင်ဘူး ဆိုရင် အရှင်သခင်ကြီးချန် ကို အရက် သုံးခွက် တိုက်ပြီး တောင်းပန်လိုက် ပြီးရင် အဲဒီ အပြစ်လုပ်ထားတဲ့ တပ်မှူး ကို တောင်းပန်တဲ့ အနေနဲ့ ပြန်အပ်လိုက် မဟုတ်ရင် အကြွေးဟောင်း ရော အကြွေးသစ် ပါ တစ်ခါတည်း ရှင်းရလိမ့်မယ်"

လုဖျင်ကျိုး က ချန်ခိုင်ယန် ၏ ဘေးတွင် ရပ်ကာ စကားလုံး တစ်လုံးချင်းစီကို လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာ များ ပေါ်ထွက်လာပြီး လုဖျင်ကျိုး ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"မင်းလိုမျိုး ဘိုးဘေးတွေရဲ့ အရိပ်အာဝါသ ကို အားကိုးနေရတဲ့ အမှိုက် က ငါနဲ့ လာပြီး စာရင်းရှင်းဖို့ အရည်အချင်း ရှိလို့လား ဘယ်ကနေ သတ္တိတွေ ရလာတာလဲ"

"တပ်မှူးကြီးကျန်း က ကောင်းကောင်း မဖြေရှင်းချင်ဘူး ပေါ့"

"သခင်လေးလု ဒီကောင် နဲ့ စကားတွေ အများကြီး ပြောမနေနဲ့တော့ သူ က ဒီလောက်တောင် ရိုင်းစိုင်းနေပြီ လုမိသားစု နဲ့ ချန်မိသားစု ကိုတောင် ဂရုမစိုက်ဘူး ဆိုမှတော့ ဒီလူအိုကြီး ကိုယ်တိုင် သူ့ကို နှိမ်နင်းလိုက်မယ်" ချန်ခိုင်ယန် က မျက်လုံးများ မှေးကျဉ်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း အရှင်သခင်ကြီးချန် ပဲ လှုပ်ရှားလိုက်ပါ မျိုးဆက်သစ် က အရှင်သခင်ကြီးချန် အတွက် အနောက်ကနေ စောင့်ကြည့်ပေးပါ့မယ်"

လုဖျင်ကျိုး က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"နို့နံ့မစင်သေးတဲ့ ကောင်လေး ဒီနေ့ မင်းကို ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် မြင့်မား ကျယ်ဝန်းလဲ ဆိုတာ ဒီလူအိုကြီး ပြပေးမယ်" ချန်ခိုင်ယန် က အော်ဟစ်လိုက်ပြီး မွေးရာပါ စွမ်းအင် များကို တစ်ချက် လှုပ်ခါလိုက်ရာ ဝတ်ရုံ များက ချက်ချင်း ဆုတ်ပြဲသွားခဲ့သည်။

လူငယ်များထက် မညံ့သော သန်မာသော ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာခဲ့သည်။

အထက်အောက် နေရာအနှံ့တွင် ပြင်းထန်သော ယင်မိစ္ဆာစွမ်းအင် များနှင့် လူသတ်ငွေ့များ ရစ်ပတ်နေပေသည်။

ခြေတစ်လှမ်း လှမ်းလိုက်သည် နှင့် အောက်ရှိ ကျောက်ပြားများ ချက်ချင်း ကွဲအက်သွားပြီး ချန်ခိုင်ယန် က လေထဲတွင် ရပ်ကာ လက်ဝါး တစ်ချက် ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ကျန်းချဲ့ ဆီသို့ တိုက်ခိုက်သွားတော့သည်။

ဒါပေမဲ့။

တစ်ဖက်လူ လေထဲသို့ ခုန်တက်သွားသည့် အချိန်မှာပင်။

"ဘန်း"

ချန်အိမ်တော် တံခါးရှေ့ရှိ ချန်ခိုင်ယန် ၏ အောက်ဘက်မှ အနီရောင် ခေါင်းတလား ကြီး က ချက်ချင်း ကွဲအက်သွားပြီး အမည်းရောင် အရိပ်တစ်ခု က အပေါ်သို့ တည့်တိုက် ထွက်ပေါ်လာကာ ပြင်းထန်သော မွေးရာပါ စွမ်းအင် များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ယန်ယွမ်ချယ် ပင် ဖြစ်သည်။

ကျန်းချဲ့ က ကန်းတာပြောင် ကို ခေါင်းတလား ပြင်ဆင်ခိုင်းခဲ့ခြင်းမှာ ယန်ယွမ်ချယ် ကို ထိုအထဲတွင် ပုန်းအောင်းစေပြီးနောက် မထင်မှတ်ထားသော အချိန်တွင် ထွက်လာပြီး သတ်ဖြတ်ရန် ပင် ဖြစ်သည်။

စောစောက စကားလုံးများဖြင့် ချန်ခိုင်ယန် ကို ဒေါသထွက်အောင် လုပ်ပြီး ခေါင်းတလား ကို ချန်အိမ်တော် တံခါးရှေ့ ချထားခြင်းမှာ သူ၏ အာရုံစိုက်မှု အားလုံးကို သူ့ဆီသို့ ရောက်သွားစေပြီး ခေါင်းတလား ကို အာရုံမစိုက်မိစေရန် ဖြစ်သည်။

အဖြစ်မှန် က သက်သေပြနေသည်မှာ ကျန်းချဲ့ ၏ ပြင်ဆင်မှုများ က အလွန် အသုံးဝင်ကြောင်း ပင် ဖြစ်သည်။

ချန်ခိုင်ယန် က ခေါင်းတလား အတွင်း၌ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သဖြင့် အလန့်တကြား ဖြစ်သွားကာ လုံးဝ တုံ့ပြန်ရန် အချိန်မရတော့ဘဲ ပတ်ဝန်းကျင်ရှိ လူများ ကလည်း အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။

"ဘန်း"

ယန်ယွမ်ချယ် က သူ၏ စွမ်းအား အားလုံးကို အသုံးပြုကာ လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ချန်ခိုင်ယန် ၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ခိုက်လိုက်ရာ သူ၏ မွေးရာပါ စွမ်းအင် အကာအကွယ် က ချက်ချင်း ပျက်စီးသွားပြီး သူ၏ တစ်ကိုယ်လုံး လည်း ကြီးမားသော တိုက်ခိုက်မှုကို ခံလိုက်ရကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

တိတ်ဆိတ်သွားသည်။

အသံများ တိတ်ကျသွားသည်။

အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ မည်သူကမျှ ယန်ယွမ်ချယ် က ရုတ်တရက် ထွက်လာပြီး တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မွေးရာပါအဆင့် တိုက်ပွဲ တစ်ပွဲ ဖြစ်ရမှာကို ဘယ်လိုဖြစ်လို့ ရလဒ် က မစတင်ရသေးခင် မှာပဲ ပြီးဆုံးသွားရတာလဲ။

All Chapters