← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) ဆံပင်ကို ထုံးထားလိုက်စမ်း... အပူချိန် လျှော့ပေးမယ်...

"တပ်မှူးကြီး... မြို့တော်ဝန်ရုံး အပြင်ဘက်မှာ ခမောက်ဆောင်းထားတဲ့ မိန်းကလေး တစ်ယောက်က တပ်မှူးကြီးကို တွေ့ချင်လို့တဲ့... သူက တပ်မှူးကြီးနဲ့ အရင်ကတည်းက သိတဲ့သူ တစ်ယောက်လို့ ပြောတယ်... တပ်မှူးကြီး ထိုက်ဆန်းမြို့ အစောင့်အဖြစ် တာဝန်ကျလာတာကို ကြားလို့ လာတွေ့တာလို့ ဆိုပါတယ်..."

အပြင်ဘက်မှ ရွှီချန်ဟူ က အဓိက ခန်းမအတွင်းသို့ ဝင်လာပြီး အပေါ်ဆုံး နေရာတွင် ထိုင်နေသော ကျန်းချဲ့ကို ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။

သူ၏ ဖခင်က ထျန်းယာ မဟာမိတ်အဖွဲ့ ကို အုပ်ချုပ်နေသော်လည်း သူကမူ ကျန်းချဲ့၏ အနီးတွင် အမြဲတမ်း ကိုယ်ရံတော် အဖြစ်သာ နေထိုင်ခဲ့သည်။ သူ၏ စွမ်းအားက အနည်းငယ် နိမ့်ကျသော်လည်း ကျန်းချဲ့၏ လမ်းညွှန်မှုနှင့် လုံလောက်သော အထောက်အကူပြု ရတနာများကြောင့် သူ၏ ကျင့်ကြံရေး အမြန်နှုန်းက အလွန် မြန်ဆန်နေပေသည်။

ကျန်းချဲ့ ကဲ့သို့ အရာအားလုံးကို လွယ်ကူစွာ လုပ်ဆောင်နိုင်သူ တစ်ယောက်နှင့်တော့ ယှဉ်၍ မရနိုင်ပေ။

"အရင်က သိတဲ့သူ..."

ကျန်းချဲ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

သူ အရန်စစ်သည်တပ်မှာ နိုးထလာခဲ့တဲ့ အချိန်ကစပြီး သူနှင့် သိကျွမ်းသူ အများအပြား ရှိခဲ့သော်လည်း သူ့ကို လာတွေ့ရန် ထိုက်တန်သူ တစ်ယောက်မျှ မရှိပေ။ အထူးသဖြင့် ခမောက်ဆောင်းထားသည် ဆိုသောကြောင့် ဖြစ်သည်။

'မြို့တော်ဝန်ရုံးမှာ လူအများအပြား ရှိပြီး စောင့်ကြည့်နေသူ ဘယ်လောက်ရှိမှန်း မသိနိုင်ဘူး... ငါ့ကို လာတွေ့ဖို့ဆိုရင် သေချာပေါက် ဖုံးကွယ်ထားရမှာပဲ... ဒီလူက ဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားချင်လို့ သေချာတယ်...'

ကျန်းချဲ့က ဤနေရာတွင် စဉ်းစားလိုက်မိပြီး သဘောပေါက်သွားသည်။

"သူ့ကို အထဲပေးဝင်လိုက်..."

"တပ်မှူးကြီးကျန်း..."

ခမောက်ဆောင်းထားသော မိန်းကလေး က အဓိက ခန်းမ အတွင်းသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် ကျန်းချဲ့ကို လက်နှစ်ဖက် ယှက်ကာ အရိုအသေပေးလိုက်သည်။

ရင်းနှီးနေသော အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ထိုသူမှာ မည်သူ ဖြစ်ကြောင်း ကျန်းချဲ့ သိလိုက်သည်။ သူက သူမကို စိုက်ကြည့်ကာ ရွှီချန်ဟူ ကို အပြင်သို့ ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော လေပြင်း တစ်ချက် တိုက်ခတ်သွားခဲ့သည်။

အဓိက ခန်းမ၏ တံခါးကြီးက အလိုအလျောက် ပိတ်သွားပြီး လေတိုက်ခတ်မှုကြောင့် ဟွမ်ရှန်းရှန်း ၏ ခေါင်းပေါ်ရှိ ခမောက် ကလည်း လွင့်စင်သွားကာ ပိန်ချုံးနေသော မျက်နှာလေး တစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျန်းချဲ့က ဟွမ်ရှန်းရှန်း ကို သေချာ အကဲခတ်လိုက်ပြီး အံ့ဩတကြီး မေးလိုက်သည်။

"ဘာဖြစ်လို့ ဒီလောက်တောင် ပိန်ချုံးနေရတာလဲ..."

ဟွမ်ရှန်းရှန်း က နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အဲဒီနေ့က ချန်မိသားစု ခြံဝင်းမှာ တပ်မှူးကြီး ရဲ့ ဓားစိတ်ဆန္ဒ လွှမ်းမိုးမှုကို ခံရပြီးကတည်းက မျက်လုံးမှိတ်လိုက်တာနဲ့ အရှေ့မှာ သွေးပင်လယ်ကြီးပဲ မြင်နေရလို့... လုံးဝ... လုံးဝ အိပ်လို့ မရဘူး ဖြစ်နေတယ်..."

"ကိုယ့်ရင်ခွင်ထဲ လာခဲ့..."

ကျန်းချဲ့က သူမကို လက်ယပ်ခေါ်လိုက်သည်။

သူ၏ ဓားစိတ်ဆန္ဒ က သူမအပေါ် ဤမျှလောက် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သို့သော် စဉ်းစားကြည့်မည် ဆိုလျှင်လည်း သဘာဝကျပေသည်။ မွေးရာပါ ယွမ်ဟိုင်အဆင့် တွင် ရှိသော လုရှင်းယွင် ပင်လျှင် ဓားစိတ်ဆန္ဒ ၏ အရှိန်အဝါကို တိုက်ရိုက် မရင်ဆိုင်ရဲပေ။ ယခုအချိန်အထိ သွေးကြောပွင့် အဆင့်တွင်သာ ရှိသေးသော ဟွမ်ရှန်းရှန်း က ပို၍ပင် ခုခံနိုင်စွမ်း မရှိပေ။

ဟွမ်ရှန်းရှန်း က လုံးဝ နာခံမှု ရှိစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လှေကားထစ်များကို ဖြည်းညင်းစွာ တက်သွားကာ ကျန်းချဲ့၏ ဘေးနားသို့ ရောက်သောအခါ ခန္ဓာကိုယ်လေး ပျော့ခွေသွားပြီး သူ၏ ရင်ခွင်ထဲသို့ ကျသွားကာ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ဖန်တီးလိုက်သည်။

လုဖျင်ကျိုး ၏ အရှေ့တွင် သူမက အထက်တန်းကျသော နတ်သမီးလေး တစ်ပါး ဖြစ်သော်လည်း ကျန်းချဲ့၏ အရှေ့တွင်မူ ခေါ်လျှင် လာပြီး မောင်းထုတ်လျှင် ထွက်သွားရသော လုံးဝ မာန မရှိသည့် အခြေအနေ ဖြစ်နေပေသည်။

"ဓားစိတ်ဆန္ဒ က မင်းကို လွှမ်းမိုးသွားတာ ငါ့ရဲ့ မူလ ရည်ရွယ်ချက် မဟုတ်ပါဘူး... နောက်ပိုင်း မင်း သွေးပင်လယ် ဓားစိတ်ဆန္ဒ ထဲကို ရောက်သွားရင် ကြောက်ရွံ့မှုကို ပျောက်ကွယ်သွားစေဖို့ ငါ့ရဲ့ ပုံစံကို မှန်းဆကြည့်လိုက်... ဒါက မင်းရဲ့ နောက်ပိုင်း ကျင့်ကြံရေး အတွက်လည်း အကျိုးရှိလိမ့်မယ်..."

ကျန်းချဲ့က နှစ်သိမ့်လိုက်သည်။

ဟွမ်ရှန်းရှန်း က တကယ်ပင် ရေခဲဖီးနစ် ခန္ဓာကိုယ် ပိုင်ရှင် ပီသပေသည်။ သူမ၏ အသားအရေက အေးစက်နေရုံသာမက တစ်ကိုယ်လုံးတွင်လည်း သူစိမ်းများကို အနားမကပ်စေချင်သော အငွေ့အသက်များ ရှိနေပြီး သာမန် လူများကဲ့သို့ နွေးထွေးသော ခန္ဓာကိုယ် ရှိမနေပေ။

နွေရာသီ ပူပြင်းသော အချိန်တွင် သူမနှင့် စကားပြောရသည်မှာ ပို၍ပင် စိတ်ကြည်လင်လန်းဆန်း စေပေသည်။

"တပ်မှူးကြီး ကို အပြစ်တင်ချင်တဲ့ သဘော မဟုတ်ပါဘူး... ကျွန်မရဲ့ ကျင့်ကြံမှု နိမ့်ကျလို့ပါ... ဒါနဲ့... ဒီနေ့ လုဖျင်ကျိုး က အကောင်းဆုံး ဟယ်ရှင်း လက်ဖက်ရည် ကို ပို့ပေးလိုက်တယ်... အဲဒါက စိတ်ကို ကြည်လင်စေတယ်တဲ့... တပ်မှူးကြီး လည်း မြည်းကြည့်ပါဦး... ဒါက လုမိသားစု မှာပဲ ရှိတဲ့ ပစ္စည်းပါ... ထိုက်အန်းဒေသ တစ်ခုလုံးမှာ အရမ်း နာမည်ကြီးတယ်..."

ဟွမ်ရှန်းရှန်း က ကိုယ်ကို မတ်လိုက်ပြီး ရင်ဘတ်ထဲမှ လက်ဖက်ခြောက် အထုပ်ကို ထုတ်ကာ အနည်းငယ် ချိုးဖဲ့ပြီး ကျန်းချဲ့၏ အရှေ့ရှိ လက်ဖက်ရည်အိုးထဲသို့ ထည့်လိုက်သည်။ ရေနွေး လောင်းထည့်ပြီးနောက် အချိန်အနည်းငယ် စောင့်ကာ လက်ဖက်ရည် နှစ်ခွက် ငှဲ့လိုက်သည်။

ကျန်းချဲ့ အနေဖြင့် သူမတွင် မကောင်းသော အကြံအစည်များ မရှိကြောင်း ယုံကြည်စေရန် ပထမ တစ်ခွက်ကို သူမ ကိုယ်တိုင် သောက်ပြလိုက်သည်။

ဒုတိယ တစ်ခွက်ကိုတော့ လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျန်းချဲ့၏ ပါးစပ်နားသို့ ဂရုတစိုက် တေ့ပေးလိုက်သည်။

လက်ဖက်ရည်ကို သောက်လိုက်သည်နှင့် တပြိုင်နက် မွှေးပျံ့သော အနံ့က ပျံ့နှံ့သွားခဲ့သည်။

အရသာက ယခင်က လျိုကျစ် ၏ အိမ်တွင် သောက်ခဲ့သော စိတ်ငြိမ် လက်ဖက်ရည် ထက် ပိုမို ကောင်းမွန်ပေသည်။ မွေးရာပါအဆင့် ကျင့်ကြံမှု ရှိသော်လည်း တည်ငြိမ်သော ခံစားချက်ကို ရရှိစေပြီး ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏ ဒန်တျန် အတွင်းရှိ ချီစွမ်းအင် ပင်လယ် ကလည်း အနည်းငယ် တိုးပွားလာခဲ့သည်။

"ဒီပစ္စည်းက တကယ် ကောင်းတယ်... ငါ့ရဲ့ ကျင့်ကြံမှုကိုတောင် တိုးတက်စေတယ်..."

ကျန်းချဲ့က ခေါင်းညိတ်ကာ မှတ်ချက်ချလိုက်သည်။

လုမိသားစု အကြောင်းကို သူ အလုံးစုံ လေ့လာထားပြီး ဤ ဟယ်ရှင်း လက်ဖက်ရည် မှာ အလွန် တန်ဖိုးကြီးကြောင်း သိရှိထားပေသည်။ သာမန် သိုင်းသမားများ လုံးဝ မသောက်နိုင်ဘဲ မွေးရာပါအဆင့် သိုင်းသမားများသာ ဝယ်ယူနိုင်စွမ်း ရှိပေသည်။

အကယ်၍ ကျင့်ကြံခြင်း မပြုမီ ဤလက်ဖက်ရည်ကို သောက်လိုက်ပါက ကျင့်ကြံမှုကို တိုးတက်စေရုံသာမက ကျင့်စဉ်နှင့် သိုင်းပညာများကို နားလည် သဘောပေါက်ရန် ပိုမို လွယ်ကူစေမည် ဖြစ်သည်။

အကောင်းဆုံး ဟယ်ရှင်း လက်ဖက်ရည် ဆိုလျှင်တော့ ပို၍ပင် တန်ဖိုးကြီးလှပေသည်။ သာမန်အားဖြင့် လုမိသားစုက ဤအရာကို အခြား အထောက်အကူပြု ရတနာများနှင့် လဲလှယ်လေ့ မရှိဘဲ ဤလက်ဖက်ရည်နှင့် တန်ဖိုး ညီမျှသော ရတနာများ ရှိမှသာ လဲလှယ်လေ့ ရှိပေသည်။

"တပ်မှူးကြီး သဘောကျရင် နောက်ရက်ကျရင် ကျန်တဲ့ ဟယ်ရှင်း လက်ဖက်ရည် တွေကို ထပ်ပို့ပေးပါ့မယ်..."

ဟွမ်ရှန်းရှန်း က ပြုံးကာ ပြောလိုက်သည်။

"ထားလိုက်ပါ... မင်းကိုယ်တိုင်ပဲ သိမ်းထားလိုက်ပါ... ဒီလက်ဖက်ရည်ကို များများ သောက်လေ ဓားစိတ်ဆန္ဒ ရဲ့ လွှမ်းမိုးမှုကို ပျောက်ကွယ်ဖို့ ပိုပြီး အထောက်အကူ ဖြစ်လေပဲ..."

ကျန်းချဲ့က လက်ကာပြကာ ပြောလိုက်သည်။

ကျင့်ကြံမှု တိုးတက်စေရန်အတွက် ဤကဲ့သို့သော ပစ္စည်းများကို သူ လုံးဝ အားကိုးလေ့ မရှိပေ။

"တပ်မှူးကြီး က တကယ်ကို ဂရုစိုက်တတ်တာပဲ... နောက်ပိုင်း ဘယ်လို ကံကောင်းတဲ့ မိန်းကလေးက တပ်မှူးကြီး ရဲ့ ဇနီး ဖြစ်လာမလဲ မသိဘူးနော်..."

ဟွမ်ရှန်းရှန်း က နူးညံ့စွာ ပြောလိုက်သည်။

ကျန်းချဲ့က သူမ၏ စိတ်ထဲတွင် နက်ရှိုင်းသော မှတ်မှတ်ရရ အရာများကို ချန်ရစ်ထားခဲ့သဖြင့် သူမကို လက်ဖက်ရည် ပေးကာ ဂရုတစိုက် ပြောဆိုခဲ့သော လုဖျင်ကျိုး ကို သူမ လုံးဝ အထင်မကြီးတော့ပေ။ ကျန်းချဲ့၏ သာမန် စကားတစ်ခွန်းကပင် သူမကို အလွန် ကြည်နူးသွားစေခဲ့သည်။

ယခင်က သူမအပေါ် ကျန်းချဲ့ ထားရှိခဲ့သော အပြုအမူများက အလွန် ဆိုးရွားခဲ့သလား သို့မဟုတ် ဟွမ်ရှန်းရှန်း ကိုယ်တိုင်၏ စိတ်နေစိတ်ထားက ဤသို့ ဖြစ်နေသလား ဆိုသည်ကို ကျန်းချဲ့ ကိုယ်တိုင်ပင် အံ့ဩသွားမိသည်။

'ဒါက တကယ်ကို နှစ်ခွစံနှုန်း ကြီးလွန်းတယ်...'

"ဘာလဲ... မင်းက ငါ့ကို မယူချင်ဘူးလား..."

ကျန်းချဲ့က ပြုံးစစဖြင့် ပြန်မေးလိုက်သည်။

ဟွမ်ရှန်းရှန်း က ကျန်းချဲ့၏ တောင့်တင်း ခိုင်မာသော ရင်အုပ်ကို ဖက်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မနဲ့ လုဖျင်ကျိုး ကြားမှာ ဘာမှ မဖြစ်ခဲ့ပေမဲ့ သူနဲ့ စေ့စပ်ထားဖူးတယ်လေ... အပြစ်အနာအဆာ ရှိတဲ့ မိန်းမ တစ်ယောက်ပါ... တပ်မှူးကြီး ရဲ့ အနားမှာ နေခွင့်ရတာကိုပဲ ကျေနပ်နေပါပြီ... တပ်မှူးကြီးရဲ့ ဇနီးဖြစ်ဖို့ကို ဘယ်လိုလုပ် မျှော်လင့်ရဲပါ့မလဲ..."

ကျန်းချဲ့က တိတ်ဆိတ်သွားခဲ့သည်။ ဟွမ်ရှန်းရှန်း က သူ့ကို သေချာ နားမလည်သေးပေ။

'ဒါက အပြစ်အနာအဆာ လား...'

'ဒါက တိုက်ခိုက်မှု အရှိန်ကို မြှင့်တင်ပေးတာလေ...'

'သခင်မကြီးကျူး လိုမျိုး မုဆိုးမ၊ အထက်လူကြီး၏ ဇနီး၊ ဇာတ်ကောင် အစုံ လုပ်ဆောင်နိုင်ခြင်း တို့လိုမျိုးပဲ သူ့ကို အမြဲတမ်း အသစ်အဆန်း ခံစားချက်တွေကို ရရှိစေတယ်...'

"ငါက အဲဒါတွေကို လုံးဝ ဂရုမစိုက်ဘူး... ဒါပေမဲ့ ငါက သိုင်းပညာကိုပဲ စိတ်ဝင်စားတာ... ငါ့ဘေးမှာ မိန်းမတွေ ရှိနိုင်ပေမဲ့ လောလောဆယ်တော့ အိမ်ထောင်ပြုမှာ မဟုတ်ဘူး... ငါ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်သွားမှပဲ ဒီကိစ္စကို စဉ်းစားဖြစ်မယ် ထင်တယ်..."

"တပ်မှူးကြီး ရှင်းပြတာကို ကြားရတာတင် အရမ်း ဝမ်းသာနေပါပြီ..."

ဟွမ်ရှန်းရှန်း က ခေါင်းငုံ့ကာ ပြောလိုက်သည်။

သူမ ကိုယ်တိုင်လည်း ဘာကြောင့် မှန်း မသိပေ။ အစပိုင်းတွင် ကျန်းချဲ့ကို အလွန် ကြောက်ရွံ့ခဲ့သော်လည်း နောက်ပိုင်း လုရှင်းယွင် ကို အနိုင်ယူလိုက်ချိန်တွင် အလွန် ဝမ်းသာ အံ့ဩသွားခဲ့ပြီး ခွဲခွာပြီးနောက်တွင်လည်း လွမ်းဆွတ်နေမိသည်။

ဓားစိတ်ဆန္ဒ ၏ လွှမ်းမိုးမှု ကြောင့်လား သို့မဟုတ် ကျန်းချဲ့က သူမအပေါ် ချန်ရစ်ထားခဲ့သော အမှတ်တရများက အလွန် နက်ရှိုင်းလွန်းသောကြောင့်လား မသိ၊ ယခု နှစ်ရက်အတွင်း သူမ၏ ခေါင်းထဲတွင် ထိုနေ့က မြင်ကွင်းများချည်း အမြဲတမ်း ပေါ်လာခဲ့သည်။

သူမ၏ ရင်ထဲတွင် ကျန်းချဲ့ အပေါ် ဖော်ပြ၍ မရနိုင်သော လွမ်းဆွတ်မှုနှင့် ရင်းနှီးမှု တစ်ခု ဖြစ်ပေါ်နေပေသည်။

"ဒီတစ်ကြိမ် စွန့်စားပြီး ငါ့ဆီ လာတွေ့တာ ငါ့ကို လွမ်းလို့ သက်သက်လား..."

ကျန်းချဲ့က ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

"မဟုတ်ပါဘူး... ဒီကို လာတာ အရေးကြီးတဲ့ ကိစ္စ တစ်ခု ပြောပြချင်လို့ပါ..."

ဟွမ်ရှန်းရှန်း က ရုတ်တရက် သတိဝင်လာပြီး သူမ၏ ရည်ရွယ်ချက်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

"ဘာကိစ္စလဲ..."

"လုမိသားစု က ကျင်းယွမ် ဘုန်းကြီးကျောင်း က ရိခုန်း ဘုန်းကြီး နဲ့ ပူးပေါင်းပြီး တပ်မှူးကြီး ကို တိုက်ခိုက်ဖို့ ပြင်နေကြတယ်..."

ဟွမ်ရှန်းရှန်း က အလျင်အမြန် ပြောလိုက်သည်။

"မင်းကို ဘယ်သူ ပြောတာလဲ..."

"လုဖျင်ကျိုး ပါ... ဒီနေ့ သူက ဟွမ်မိသားစုဆီ လာပြီး အပြင်က ကောလာဟလတွေကို စိတ်မပူဖို့ လာနှစ်သိမ့်ရင်း ဒီကိစ္စကို ပြောပြသွားတာပါ... ပြီးတော့ အပြင်ကို လျှောက်မပြောဖို့လည်း သတိပေးသွားသေးတယ်..."

ဟွမ်ရှန်းရှန်း က ယနေ့ လုဖျင်ကျိုး နှင့် ပြောခဲ့သော စကားများကို ကျန်းချဲ့ကို အားလုံး ပြောပြလိုက်သည်။

ကျန်းချဲ့၏ မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။

'လုမိသားစု က တကယ်ပဲ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး... ဒီတုံ့ပြန်မှုက တကယ်ကို မြန်ဆန်တာပဲ...'

ယခင်က အင်အားစု ခြောက်ခု ၏ သတင်းအချက်အလက်များကို ဖတ်ရှုစဉ်ကတည်းက ဖူလုံကျောင်းတော် နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း တို့က အခက်ခဲဆုံး ဖြစ်ကြောင်း သူ သိရှိခဲ့သည်။ ထိုဘုန်းကြီးကျောင်းနှင့် ကျောင်းတော် နှစ်ခု၏ လွှမ်းမိုးမှုက အခြား ပြည်နယ်များ အထိပင် ပျံ့နှံ့နေပေသည်။

ထိုအင်အားစု နှစ်ခုက အခြား မွေးရာပါအဆင့် အင်အားစု လေးခုနှင့် အဆင့်ချင်း လုံးဝ မတူညီပေ။

အင်အားကြီး သူများ အများအပြား ရှိပြီး အခြေခံ အုတ်မြစ် အလွန် ခိုင်မာပေသည်။

အင်အားစု ခြောက်ခု ဟု ခေါ်ဆိုသော်လည်း လက်တွေ့တွင် ထိုနှစ်ခုသာ အဓိက ဖြစ်ပြီး ကျန်လေးခုက သူတို့၏ မဟာမိတ်များသာ ဖြစ်ကာ ချီဆန်းကျား အစိုးရိမ်ဆုံး အရာလည်း ဖြစ်ပေသည်။

ထွက်မလာမီကပင် ထိုနှစ်ခုနှင့် ရင်ဆိုင်ရပါက ကြိုတင် အသိပေးရန်နှင့် အလွယ်တကူ လှုပ်ရှားခြင်း မပြုရန် ချီဆန်းကျား က သူ့ကို သတိပေးခဲ့ဖူးပေသည်။

ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ရိခုန်း ဘုန်းကြီး အကြောင်းကိုလည်း ကျန်းချဲ့ ကြားဖူးပေသည်။

သူက ဖူလုံကျောင်းတော် မှ လီတောက်ဖျင် နှင့် အတူ ထိုက်အန်းဒေသ ၏ ပါရမီရှင် နှစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာ အတွင်း ၎င်းတို့ နှစ်ယောက်စလုံးက အလွန် ရှားပါးသော ကျင့်ကြံရေး ပါရမီရှင်များ ဖြစ်ကြပြီး အသက် နှစ်ဆယ် မပြည့်မီမှာပင် နာမည်ကြီးလာခဲ့ကြကာ ထိုက်အန်းဒေသ ပြင်ပရှိ အင်အားစု အများအပြား ကပင် သူတို့၏ နာမည်ကို သိရှိကြပေသည်။

သို့သော် သူတို့ နှစ်ယောက်စလုံးက အပြင်ထွက် တိုက်ခိုက်လေ့ မရှိသဖြင့် လုဖျင်ကျိုး၊ ဝမ်ဖန်ယွင် တို့ကသာ နာမည်ကြီးနေခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က ထိုနှစ်ယောက်၏ အရိပ်အောက်တွင်သာ နေထိုင်ရမည် ဖြစ်သည်။

"လုဖျင်ကျိုး ပြောတာက တပ်မှူးကြီး မှာ အစိုးရ ရာထူး ရှိနေပြီး ဒေသ တစ်ခုရဲ့ အစောင့်အရှောက် ဖြစ်နေလို့ တိတ်တဆိတ် လုပ်ကြံတာပဲ ဖြစ်ဖြစ်၊ အများရှေ့မှာ သတ်တာပဲ ဖြစ်ဖြစ် မလုပ်နိုင်ဘူးတဲ့... အဲဒီလို လုပ်ရင် လုမိသားစု အတွက် ပြဿနာတွေ ဖြစ်လာနိုင်တယ်တဲ့... ဒါပေမဲ့ ရွယ်တူချင်း ယှဉ်ပြိုင်တဲ့ အခါ မတော်တဆ အမှားအယွင်း ဖြစ်ပြီး တပ်မှူးကြီး ရဲ့ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးမိသွားတယ် ဆိုရင် ချီဆန်းကျား တပ်မှူးချုပ်ကြီး လည်း ဘာမှ ပြောနိုင်မှာ မဟုတ်ဘူးတဲ့..."

ဟွမ်ရှန်းရှန်း က အလျင်အမြန် ဆက်ပြောလိုက်သည်။

'ရွယ်တူချင်း ယှဉ်ပြိုင်ရင်း မတော်တဆ အမှားအယွင်း ဖြစ်သွားတယ်တဲ့လား... အကြံကောင်းပဲ... ဒါပေမဲ့ သူတို့က ရိခုန်းဘုန်းကြီးရဲ့ စွမ်းအားက ငါ့ကို သေချာပေါက် အနိုင်ယူနိုင်မယ်လို့ တွက်ထားတာလား...'

ကျန်းချဲ့က မျက်လုံး မှေးကျဉ်းကာ လုရှင်းယွင် က နောက်ဆက်တွဲ ပြဿနာများကိုပါ တွက်ချက်ထားပြီး ချီဆန်းကျား ၏ ဖိအားကို ခုခံရန် ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အသုံးချမည်ဟု တွေးလိုက်မိသည်။

သူ့ကို မသတ်ဘဲ အခြေခံ အုတ်မြစ်ကိုသာ ဖျက်ဆီးမည် ဆိုလျှင် ချီဆန်းကျား ဒေါသထွက်လျှင်တောင် လုမိသားစုထံ စစ်တပ် စေလွှတ်မည် မဟုတ်ပေ။

"ကျွန်မ ဒီကို လာတာက တပ်မှူးကြီး ကို သတိပေးဖို့ပါ... သူတို့ရဲ့ ထောင်ချောက်ထဲကို မဝင်ပါနဲ့... တပ်မှူးကြီး သာ စိန်ခေါ်မှုကို လက်မခံရင် လုမိသားစု က တပ်မှူးကြီး ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."

ဟွမ်ရှန်းရှန်း က သူမ၏ အကြံဉာဏ်ကို ပေးလိုက်သည်။

ရိခုန်း ၏ စွမ်းအား ကြီးမားပုံကို သူမလည်း ကြားဖူးသဖြင့် ကျန်းချဲ့ ထောင်ချောက်ထဲ ကျသွားမည်ကို သူမ မလိုလားပေ။

ကျန်းချဲ့က စားပွဲကို လက်ချောင်းများဖြင့် ခေါက်ကာ တွေးတောနေပြီး ရုတ်တရက် သူ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

အကောင်းဆုံး လော်ဟန်သီး ကို ဘယ်လို ရယူရမလဲ ဆိုတာကို သူ နည်းလမ်း ရှာတွေ့သွားခဲ့ပြီ။

'လုမိသားစု က ရိခုန်း ကို အသုံးချပြီး ငါ့ကို ဖျက်ဆီးဖို့ ကြံစည်နေမှတော့ ငါကလည်း စိန်ခေါ်မှုကို လက်ခံမယ့် အကြောင်းပြချက်နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အကောင်းဆုံး လော်ဟန်သီး ထုတ်ပေးဖို့ ဖိအားပေးလို့ ရတာပဲ...'

'တကယ်ကို ဖိနပ်ပေါက်အောင်ရှာပေမဲ့ မတွေ့ဘဲ၊ မရှာဘဲနဲ့ အလိုလို ရောက်လာတာပဲ... အကောင်းဆုံး လော်ဟန်သီးကို ဘယ်လိုရယူရမလဲလို့ ခေါင်းစားနေတုန်း ကျင်းယွမ်ဘုန်းကြီးကျောင်းက ကိုယ်တိုင် အကြောင်းပြချက် လာပေးနေတာပဲ...'

သို့သော် စိတ်ထဲတွင် ထိုသို့ တွေးနေသော်လည်း ကျန်းချဲ့က အပြင်ဘက်တွင် ထိုသို့ မပြောဘဲ ဤသို့သာ ပြောလိုက်သည်။

"ငါသာ စိန်ခေါ်မှုကို လက်မခံရင် နောက်ပိုင်း ထိုက်အန်းဒေသ တစ်ခုလုံးမှာ လူတိုင်းက ငါဟာ ရိခုန်း ကို မယှဉ်နိုင်ဘူးလို့ ပြောကြလိမ့်မယ်... ရွယ်တူ အချင်းချင်းပဲ ဘယ်သူ နိုင်မလဲ ဘယ်သူ ရှုံးမလဲ ဆိုတာ နောက်ဆုံး အချိန် မရောက်မချင်း ဘယ်သူမှ မပြောနိုင်သေးဘူး..."

"ရိခုန်း ဘုန်းကြီး က အရမ်း စွမ်းအား ကြီးတယ်... အထူးသဖြင့် ခန္ဓာကိုယ် အင်အားက အရမ်း ကြောက်စရာ ကောင်းတယ်... ဂုဏ်သိက္ခာ လေး တစ်ခု အတွက်နဲ့ လုရှင်းယွင် ရဲ့ အကြံအစည်ထဲ မကျရောက်ပါစေနဲ့..."

ဟွမ်ရှန်းရှန်း ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာခဲ့သည်။

ကျန်းချဲ့က ဂုဏ်သိက္ခာကို အရမ်း အလေးထားပြီး နောက်ဆက်တွဲ ပြဿနာများကို လုံးဝ ထည့်မစဉ်းစားဟု သူမ ထင်မှတ်မိသည်။

"ဘာလဲ... မင်းက ငါ့ရဲ့ စွမ်းအားကို မယုံကြည်ဘူးလား..."

ကျန်းချဲ့က အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူး... ဒီလို တိုက်ခိုက်တာက နိုင်ရင်တောင် ဘာအကျိုးအမြတ်မှ မရနိုင်တာကို ဘာဖြစ်လို့ တိုက်ခိုက်ရမှာလဲ လို့ ထင်လို့ပါ..."

"ဘယ်သူက ပြောလဲ အကျိုးအမြတ် မရဘူးလို့... ရိခုန်း ဘုန်းကြီး က ငါ့ကို စိန်ခေါ်ချင်ရင် တန်ကြေး တစ်ခုတော့ ပေးဆပ်ရမှာပေါ့... ဒါမှ မဟုတ်ရင်ကော... ငါသာ စိန်ခေါ်မှုကို လက်မခံရင် ချီတပ်မှူးချုပ် ဆီမှာလည်း ရှင်းပြရ ခက်လိမ့်မယ်..."

"ကျွန်မက တပ်မှူးကြီး ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်လို့ပါ..."

"ဟား ဟား ဟား... ငါ့ကို ယုံကြည်လိုက်ပါ... အရင်က လုရှင်းယွင် ကိုတောင် အရှုံးပေးပြီး တောင်းပန်အောင် လုပ်နိုင်ခဲ့တာ... အခုလည်း ဒီ ဗုဒ္ဓဘာသာ ဘုန်းကြီး ဆိုတဲ့ ရိခုန်း ကို သေချာပေါက် ဖိနှိပ်ပြမယ်..."

"တိုက်ခိုက်တဲ့ အခါ သတိထားပါနော်..."

ကျန်းချဲ့ကို ဖျောင်းဖျ၍ မရတော့ကြောင်း သိလိုက်သဖြင့် ဟွမ်ရှန်းရှန်း က လက်လျှော့လိုက်ပြီး သတိပေး စကားသာ ပြောလိုက်တော့သည်။

"မင်းနဲ့ လုဖျင်ကျိုး ရဲ့ မင်္ဂလာပွဲ ကိစ္စက ဘယ်လို အခြေအနေ ရှိလဲ..."

ကျန်းချဲ့က ဆက်မေးလိုက်သည်။

ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကို သူ မျှော်လင့်နေဆဲပင်။

"သိပ်မကြာတော့ဘူး ထင်တယ်... လုမိသားစု က ရှာဖွေနေတဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင် က သေချာသလောက် ရှိနေပြီ... ဒါပေမဲ့... လုမိသားစု က ကျွန်မကို အရင် လက်ထပ်ပြီးမှ မင်္ဂလာပွဲ လုပ်မယ် ထင်တယ်... ဘာလို့လဲဆိုတော့... မွေးရာပါ ဝိညာဉ်စွမ်းအင် က အရမ်း အရေးကြီးတယ်လေ... အထူးသဖြင့် ကျွန်မနဲ့ သင့်တော်တဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင် ဆိုတာ ရှာရ အရမ်း ခက်တယ်..."

ဟွမ်ရှန်းရှန်း ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပေါ်ထွက်လာခဲ့သည်။

ကျန်းချဲ့ မျက်လုံး အနည်းငယ် အရောင်လက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆိုရင် လုဖျင်ကျိုး ကို မင်း ဘယ်လို ဖျောင်းဖျမလဲ ဆိုတာပဲ ကြည့်ရတော့မှာပေါ့... အဲဒီလို လုပ်လေ... လုမိသားစု မှာပဲ အရင် အဆင့်တက်မယ်... ကျင့်ကြံမှု တည်ငြိမ်သွားမှ လက်ထပ်မယ် လို့ သူ့ကို ပြောလိုက်... ဒါမှ မင်း ထွက်ပြေးမှာကို သူတို့ စိတ်ပူစရာ မလိုတော့မှာပေါ့..."

"ဒါ... ဒါဆိုရင် ကျွန်မ က ဘယ်လို လုပ်ရမလဲ..."

ဟွမ်ရှန်းရှန်း ၏ ရင်ထဲတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။ အကယ်၍ သူမက လုမိသားစု တွင် အမြဲတမ်း နေထိုင်ရမည် ဆိုပါက ဝိညာဉ်စွမ်းအင် ကို ကျန်းချဲ့ထံသို့ ဘယ်လို လုပ်ပြီး ပေးအပ်နိုင်မည်နည်း။

ကျန်းချဲ့က အေးအေးဆေးဆေး ပြုံးလိုက်ပြီး -

"သေချာပေါက် မင်္ဂလာဆောင်တဲ့နေ့မှာ ငါက ရောင်စုံ တိမ်တိုက်ကြီး စီးပြီး မင်းကို လာကယ်မှာပေါ့..."

"တကယ်... တကယ်ပဲ လာကယ်မှာလား..."

ဟွမ်ရှန်းရှန်း က နေရာတွင် ကြောင်အမ်းအမ်း ရပ်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျန်းချဲ့ ဒီလိုလုပ်ဆောင်တာက လုမိသားစုနဲ့ ဆက်ဆံရေး အပြတ်ဖြတ်ရုံ (မျက်နှာပျက်ရုံ) သက်သက်မဟုတ်တော့ဘဲ လုမိသားစု ၏ အိမ်တံခါးဝ အထိ သွားရောက် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော စွမ်းအားမျိုး ရှိနေပါက လုမိသားစု ကို ဖျက်ဆီးပစ်ရန်ပင် မခက်ခဲတော့ပေ။

"မင်းအတွက်ဆို ငါ အန္တရာယ် တစ်ချို့ကို ရင်ဆိုင်ရဲပါတယ်..."

ဟွမ်ရှန်းရှန်း က ပါးစပ် ဟသွားပြီး အနည်းငယ် အံ့ဩသွားသလို အလိုလို ကြည်နူးသွားမိသည်။

ကျန်းချဲ့ ဤသို့ လုပ်ဆောင်ရခြင်းမှာ ရာခိုင်နှုန်း အပြည့် သူမ၏ ခန္ဓာကိုယ်ထဲရှိ တန်ဖိုးကြီးသော ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကြောင့် ဖြစ်ကြောင်း သိသိသာသာ ရှင်းလင်းနေသော်လည်း ဤချစ်စကားက သူမ၏ ရင်ထဲတွင် နွေးထွေးမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူမက ခေါင်းမော့ကာ မျက်နှာ နီရဲလျက် ကျန်းချဲ့ကို ကြည့်ပြီး ကိုယ်တိုင် စတင် မေးလိုက်သည်။

"တပ်မှူးကြီးကျန်း... အခု အပူချိန် အရမ်း တက်နေသေးလား..."

ကျန်းချဲ့က ဟွမ်ရှန်းရှန်း ၏ ပျော့ပျောင်းသော ဆံပင်ရှည်များကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။

"ဒါဆိုရင် သခင်မလေးဟွမ်... ငါ့အတွက် အပူချိန် လျှော့ပေးပါဦး..."

"ဒါနဲ့... မင်း ဆံပင်ကို ထုံးထားတာကို ငါ ပိုသဘောကျတယ်..."

"ဝူး..."

ကျင်းယွမ် ဘုန်းကြီးကျောင်း၊ နောက်ဘက် တောင်ထိပ်။

လူတစ်ယောက်က နေမင်းကြီးကို မျက်နှာမူကာ တင်ပျဉ်ခွေ ထိုင်နေသည်။

ရွှေရောင် နေရောင်ခြည်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး အဝေးမှ ကြည့်မည် ဆိုပါက ဘုရားကျောင်း အတွင်းရှိ ရွှေချထားသော ဘုရားဆင်းတုတော် တစ်ဆူနှင့် တူနေပေသည်။

ခေါင်းပေါ်တွင် ရဟန်းအမှတ်အသား ကိုးခု ရှိပြီး ရုပ်ရည် သန့်ပြန့်ကာ မျက်ခုံးကြားတွင် အနီရောင် အစက်လေး တစ်စက် ပါရှိသည်။ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူ နှင့် အဝါရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး ကိုယ်ဟန်က မတ်မတ် ရပ်တည်နေကာ အလွန် ကြည်ညိုဖွယ် ကောင်းလှပေသည်။ အကယ်၍ လုဖျင်ကျိုး၊ ဝမ်ဖန်ယွင် တို့သာ ဤနေရာတွင် ရှိနေမည် ဆိုပါက ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

သူကတော့ ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ လူငယ် မျိုးဆက်များ အနက် အတော်ဆုံး ဖြစ်ပြီး ဖူလုံကျောင်းတော် မှ လီတောက်ဖျင် နှင့် အတူ ထိုက်အန်းဒေသ ၏ ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ရိခုန်း ဘုန်းကြီး ပင် ဖြစ်သည်။

'ဝှီး... ဝှီး... ဝှီး...'

ကောင်းကင်နှင့် မြေကြီး ကြားတွင် လေတိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ရိခုန်း ဘုန်းကြီး က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်လုံးများက နက်ရှိုင်းသော ရေကန်ကြီး တစ်ခုကဲ့သို့ပင် ကြည့်လိုက်သူတိုင်း ရုန်းထွက်၍ မရနိုင်အောင် ဖြစ်သွားစေသည်။ သူက အရှေ့ဘက်ရှိ နေမင်းကြီးကို ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။

"ကျဲထန် ဆရာတော်... ရုတ်တရက် ရောက်လာတာ ဘာများ ခိုင်းစရာ ရှိလို့လဲ ဘုရား..."

"တူတော်မောင် ရိခုန်း... မင်းရဲ့ အာရုံခံနိုင်စွမ်း က ပိုပိုပြီး ထက်မြက်လာတာပဲ... ဘုန်းဘုန်း က ကျင့်ကြံမှုကို တမင်တကာ ဖုံးကွယ်ထားတာတောင် မင်းရဲ့ ပတ်ဝန်းကျင် ပေကိုးဆယ် လောက် ရောက်တာနဲ့ သိသွားတာပဲ... ဒါက စိတ်ဆန္ဒနယ်ပယ်ကို နားလည်သဘောပေါက်ထားတဲ့ ကြောက်မက်ဖွယ် အစွမ်းပဲလား..."

ကျဲထန် ဘုန်းကြီး ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာခဲ့သည်။ ရိခုန်း ၏ စွမ်းအားက ပိုမို ကြီးမားလေလေ၊ သူ၏ ယုံကြည်ချက်က ပိုမို ခိုင်မာလေလေပင် ဖြစ်သည်။

All Chapters