← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃) တံခါးဝအထိ လာရောက် စိန်ခေါ်ခြင်း

"ဆရာတော် အထင်ကြီးလွန်းပါပြီ..."

"ဒီရက်ပိုင်း ကျင့်ကြံတာ ဘယ်လိုနေလဲ... တိုးတက်မှု ရှိရဲ့လား..."

ကျဲထန် က ချက်ချင်း အဓိက အကြောင်းအရာကို မပြောဘဲ သွယ်ဝိုက်၍ မေးမြန်းလိုက်သည်။

သူက ရိခုန်း ၏ လမ်းပြပေးသူ ဖြစ်သလို ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ အကြီးအကဲ သုံးပါး အနက် တစ်ပါး ဖြစ်သော်လည်း ထိုဂုဏ်ပုဒ်များက ရိခုန်း ၏ အရှေ့တွင် ဘာမှ မဟုတ်တော့ပေ။

သူသာ လိုချင်ပါက ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ နောက်ထပ် ကျောင်းထိုင်ဆရာတော် နေရာက သူ၏ နေရာသာ ဖြစ်သည်။

သို့သော် ပြဿနာမှာ ရိခုန်း က ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ ကျောင်းထိုင်ဆရာတော် နေရာကို မျက်စိကျချင်မှ ကျမည် ဖြစ်သည်။ အထက် ကျောင်းတိုက်ကြီး ဖြစ်သော ထျန်းလုံ ဘုန်းကြီးကျောင်း မှ ဆရာတော်ကြီး များကပင် သူ့ကို ကျောင်းတိုက်သို့ လာရောက် ကျင့်ကြံရန် ကိုယ်တိုင် ဖိတ်ခေါ်ထားဖူးပေသည်။

ဤသည်မှာ သူ့ကို ပျိုးထောင်ပေးလိုကြောင်း သိသာထင်ရှားနေပေသည်။

မည်သို့ပင်ဆိုစေ ထျန်းလုံ ဘုန်းကြီးကျောင်း က ယွဲ့ကျိုး ပြည်နယ်တွင် ထိပ်တန်း အဆင့်ရှိ ဂိုဏ်းကြီး တစ်ခု ဖြစ်ပြီး ဆရာတော်ကြီးများ အများအပြား ရှိကာ ကျင်းကန်းအဆင့် သိုင်းသမားများ သာမက လော်ဟန်အဆင့် သိုင်းသမားများပင် ရှိနေပေသည်။

နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကျင်းယွမ် ဘုန်းကြီးကျောင်း က ထောင့်တစ်နေရာတွင် ကပ်နေသော ဂိုဏ်းငယ်လေး တစ်ခုသာ ဖြစ်ပေသည်။

"တပည့်တော် ဒီရက်ပိုင်း ဗုဒ္ဓဘာသာ တရားစာအုပ်တွေကိုပဲ လေ့လာနေပါတယ်... မကျင့်ကြံဖြစ်ပါဘူး..."

ရိခုန်း ဘုန်းကြီး က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

"ဗုဒ္ဓဘာသာ တရားစာအုပ်တွေ ဟုတ်လား... အဲဒါတွေကို မင်း အသက်ကြီးလာမှ လေ့လာလည်း နောက်မကျပါဘူး... အခုက အထွတ်အထိပ် အချိန်ကို ရောက်နေတာဆိုတော့ အစွမ်းကုန် ကြိုးစားသင့်တယ်... မဟုတ်ရင် လီတောက်ဖျင် ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ..."

ကျဲထန် ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး ရိခုန်း က အဓိက နှင့် သာမည ကို မှားယွင်းနေသည်ဟု ထင်မှတ်လိုက်သည်။

သို့သော် ရိခုန်း က ပြန်ပြောလိုက်သည်။

"ဗုဒ္ဓဘာသာ တရားတော်တွေက နက်နဲပြီး အများကြီး ပါဝင်ပါတယ်... ဆရာတော် အနေနဲ့ အနိုင်ယူ ဗိုလ်ကျဖို့ကိုပဲ အာရုံမစိုက်ပါနဲ့... ဒါက ကျွန်တော်တို့ ဗုဒ္ဓဘာသာ ရဲ့ လမ်းစဉ် မဟုတ်ပါဘူး..."

"တူတော်မောင် ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်..."

ကျဲထန် ဘုန်းကြီး က အတင်း ပြုံးပြလိုက်သည်။

"ဆရာတော် ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ... တပည့်တော် လုပ်နိုင်ရင် သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး..."

ကျဲထန် က နောက်ဘက် တောင်ထိပ်သို့ ရုတ်တရက် ရောက်လာချိန်ကတည်းက ရိခုန်း ၏ စိတ်ထဲတွင် မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းနေပြီး ဖြစ်သည်။

ကျဲထန် ဘုန်းကြီး က သက်ပြင်းချသည့်ဟန် ဖန်တီးလိုက်ပြီး -

"တူတော်မောင် က လီတောက်ဖျင် နဲ့ တိုက်ခိုက်ပြီးကတည်းက တံခါးပိတ် ကျင့်ကြံနေတော့ အခု ထိုက်အန်းဒေသ ရဲ့ အခြေအနေကို သိမှာ မဟုတ်ဘူး... မကြာသေးခင်ကပဲ ထိုက်ဆန်းမြို့ အစောင့် က လူသစ် ပြောင်းသွားတယ်..."

"အဲဒီလူ နာမည်က ကျန်းချဲ့ တဲ့... အသက် နှစ်ဆယ်တောင် မပြည့်သေးဘဲ မွေးရာပါအဆင့် ကို ရောက်သွားတယ်... ထိုက်အန်းဒေသ စစ်တပ်က တပ်မှူးချုပ်ကြီး ချီဆန်းကျား ရဲ့ အရှိန်အဝါကို အားကိုးပြီး မောက်မာ ရိုင်းစိုင်းရုံသာမက မကောင်းမှုတွေ အများကြီး လုပ်နေတယ်..."

"ချန်မိသားစု ခြံဝင်း က ဒကာကြီးချန် ရဲ့ မွေးနေ့ပွဲမှာ သူ့ကို ဖိတ်စာ မပို့လို့ ဆိုပြီး စစ်တပ် ခေါ်လာပြီး မွေးနေ့ပွဲကို ဝင်မွှေတယ်... အရင်ဆုံး ဒကာကြီးချန် ကို သတ်ပြီး နောက်တော့ ချန်မိသားစု တစ်ခုလုံးကို မျိုးတုံး သတ်ဖြတ်ပစ်တယ်..."

"အသက်ကြီးသူ၊ ကလေး၊ မိန်းမ ဘယ်သူမှ မချန်ဘူး..."

"လုမိသားစု က သခင်လေး လုဖျင်ကျိုး က မတရားတာကို မြင်လို့ ဝင်ပြောတာတောင် အဲဒီကျန်းချဲ့ ရဲ့ အနိုင်ကျင့် ခြိမ်းခြောက်တာကို ခံရတယ်... သူ့ရဲ့ လုပ်ရပ်တွေက မိစ္ဆာတွေနဲ့ ဘာမှ မကွာဘူး... ငါတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း က ထိုက်အန်းဒေသ ရဲ့ လမ်းစဉ်မှန် ကို ဦးဆောင်နေတဲ့ ဂိုဏ်း ဖြစ်တဲ့ အားလျော်စွာ ကောင်းကင်ဘုံ ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပြီး ပြည်သူတွေကို အေးချမ်းတဲ့ ဘဝလေး ပြန်ပေးရမယ်..."

"ဒါကြောင့် ဆရာတော် အနေနဲ့ မျက်နှာပြောင်တိုက်ပြီး တူတော်မောင် ကို ဒီမိစ္ဆာ ကို ရှင်းလင်းပေးဖို့ အကူအညီ တောင်းရတာပါ..."

"တပည့်တော် မှတ်မိသလောက် ချန်မိသားစု က လုမိသားစု ရဲ့ လက်အောက်ခံ မဟုတ်ဘူးလား... လုမိသားစု က ဘယ်လို တုံ့ပြန်လဲ..."

ရိခုန်း ဘုန်းကြီး က သာမန် အချိန်များတွင် လောကီ ကိစ္စများကို စိတ်မဝင်စားသော်လည်း ထိုက်အန်းဒေသ အတွင်းရှိ သိုင်းလောက အင်အားစုများ ကြားမှ မဟာမိတ် ဖွဲ့မှုများနှင့် ပတ်သက်မှုများကို လုံးဝ မသိရှိခြင်းတော့ မဟုတ်ပေ။

မြို့စောင့် အသစ် က ချန်မိသားစု ကို ဖျက်ဆီးပစ်တာ ကျင်းယွမ် ဘုန်းကြီးကျောင်း က ဝင်ပါရမယ့် ကိစ္စ မဟုတ်ဘူးလေ။

ပြီးတော့ ဘာဖြစ်လို့ သူက ဝင်ပါရမှာလဲ။

"အဲဒီမိစ္ဆာ ကျန်းချဲ့ ရဲ့ စွမ်းအားက သာမန် မဟုတ်ဘူး... ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားစိတ်ဆန္ဒ ကို နားလည်ထားတယ်... လုအိမ်တော်သခင် ကိုယ်တိုင် သူနဲ့ တိုက်ခိုက်တာတောင် အသာစီး မရခဲ့ဘူး... ပြီးတော့ သူ့ရဲ့ ရာထူးကလည်း တကယ်ကို ဖြေရှင်းရ ခက်တယ်..."

"တိတ်တဆိတ် လုပ်ကြံတာပဲ ဖြစ်ဖြစ်၊ အများရှေ့မှာ သတ်တာပဲ ဖြစ်ဖြစ် မသင့်တော်ဘူး... ချီဆန်းကျား ဒေါသထွက်မှာကို ကာကွယ်ဖို့ လုအိမ်တော်သခင် က ဆရာတော့် ဆီ လာပြီး တူတော်မောင် ကို အဲဒီကျန်းချဲ့ နဲ့ ယှဉ်ပြိုင်ဖို့ ဖျောင်းဖျပေးဖို့ အကူအညီ တောင်းလာတာပါ..."

"ပြီးတော့ ဒီလို ယှဉ်ပြိုင်နေတုန်းမှာ သူ့ရဲ့ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးပစ်နိုင်ရင် အကောင်းဆုံးပဲ... ဒါမှ နောက်ဆက်တွဲ ပြဿနာတွေ ကင်းသွားမှာ..."

ကျဲထန် ဘုန်းကြီး က အကြောင်းစုံကို ပြောပြလိုက်သည်။

သေချာသည်မှာ ထိုအမှန်တရားက သူတို့ကို ကိုယ်ကျင့်တရား မြင့်မားသူများ အဖြစ် ဖန်တီးထားပြီး ကျန်းချဲ့ကိုမူ မိစ္ဆာ တစ်ကောင် အဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

"ဆရာတော် က ကျင်းယွမ် ဘုန်းကြီးကျောင်း အတွက် ပြဿနာတွေ ဖြစ်လာမှာကို မကြောက်ဘူးလား..."

"အခြေခံ အုတ်မြစ်ကို ဖျက်ဆီးပြီး သူ့ရဲ့ ကျင့်ကြံရေး လမ်းကြောင်းကို ဖြတ်တောက်ရုံ သက်သက် ဆိုတော့ ပြဿနာ ဖြစ်လာရင်တောင် အရမ်း ကြီးမားမှာ မဟုတ်ပါဘူး..."

"အသက် နှစ်ဆယ် ကျော်လေးနဲ့ ဓားစိတ်ဆန္ဒ ကို နားလည်ထားတယ်... ဆရာတော်... ခင်ဗျားတို့ ကြောက်နေကြတာ မဟုတ်လား..."

ရိခုန်း ဘုန်းကြီး က လှည့်လာပြီး နက်ရှိုင်းသော အကြည့်များဖြင့် ကျဲထန် ဘုန်းကြီးကို စိုက်ကြည့်လိုက်သည်။

မွေးရာပါ ယွမ်ဟိုင်အဆင့် တွင် ရှိသော ကျဲထန် ပင်လျှင် သူ့ကို တိုက်ရိုက် မကြည့်ရဲဘဲ အလိုအလျောက် အကြည့်လွှဲကာ ပြောလိုက်သည်။

"ကျန်းချဲ့ ရဲ့ စိတ်ထားက ထိန်းကျောင်းရ ခက်ပြီး ရက်စက်လွန်းတယ်... သူ့ကို အသက်ရှင်ခွင့် ပေးထားရင် နောက်ပိုင်း ကျင်းယွမ် ဘုန်းကြီးကျောင်း အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်လာလိမ့်မယ်... နောက်ပိုင်း အတွက်ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေ အတွက်ပဲ ဖြစ်ဖြစ် ဒီလူကို အသက်ရှင်ခွင့် ပေးထားလို့ မရဘူး..."

ရိခုန်း ဘုန်းကြီး က မျက်လုံးများကို မှိတ်ကာ စဉ်းစားခန်း ဝင်သွားခဲ့သည်။

"အဲဒီမိစ္ဆာ နဲ့ အသက်အရွယ် တူပြီး သူ့ကို အနိုင်ယူနိုင်စွမ်း ရှိတာ ဆိုလို့ တစ်ခုလုံးမှာ တူတော်မောင် နဲ့ ဖူလုံကျောင်းတော် က လီတောက်ဖျင် ပဲ ရှိတယ်... ဒီလို ကြီးမားတဲ့ တာဝန်က တူတော်မောင် ကလွဲပြီး တခြား ဘယ်သူမှ မလုပ်နိုင်ဘူး..."

"ဆရာတော် အနေနဲ့ တူတော်မောင် မငြင်းဆန်ဘူးလို့ မျှော်လင့်ပါတယ်..."

"မိစ္ဆာတွေကို နှိမ်နင်းမယ်... ပြည်သူတွေကို ကယ်တင်မယ်... ဆရာတော်... ကျင်းယွမ် ဘုန်းကြီးကျောင်း က တကယ်ပဲ လမ်းစဉ်မှန် လား... တပည့်တော် အမြင်ကတော့ ကျောင်းတိုက်က ဘုန်းကြီးတွေ နဲ့ အပြင်ဘက်က သိုင်းသမားတွေ လုပ်နေတာတွေက ဘာမှ ကွာခြားမှု မရှိသလိုပဲ..."

"ဒါက တပည့်တော် လိုချင်တဲ့ ဗုဒ္ဓဘာသာ လမ်းစဉ် မဟုတ်ဘူး..."

"ရိခုန်း... လျှောက်မပြောနဲ့... ဒီစကားသာ အပြင်ရောက်သွားရင် မင်းကို မိစ္ဆာ လို့ စွပ်စွဲခံရလိမ့်မယ်..."

ကျဲထန် ဘုန်းကြီး ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် သတိပေးလိုက်သည်။

"ဆရာတော် ဒေါသမထွက်ပါနဲ့... တပည့်တော်က ဒီအတိုင်း လျှောက်ပြောလိုက်တာပါ..."

"ထားလိုက်ပါတော့... အခု မင်းရဲ့ စိတ်က တည်ငြိမ်မှု မရှိဘူး... တိုက်ခိုက်ဖို့ မသင့်တော်ဘူး... ဘုန်းဘုန်း တခြား နည်းလမ်းပဲ ရှာလိုက်ပါတော့မယ်..."

ကျဲထန် ဘုန်းကြီး က ခေါင်းခါလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

သူက လောဘကြီးသည်မှာ မှန်သော်လည်း အခြေအနေကိုတော့ ခွဲခြား သိမြင်နိုင်ပေသည်။ ယခု အခြေအနေဖြင့် ကျန်းချဲ့ကို တိုက်ခိုက်မည် ဆိုပါက အနိုင်အရှုံး ကို ပြောနိုင်မည် မဟုတ်ပေ။

ရိခုန်း ဘုန်းကြီး က ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ အရေးကြီးဆုံး တပည့် ဖြစ်ရာ လုံးဝ အမှားအယွင်း ခံ၍ မရပေ။

"ဆရာတော် က လုမိသားစု ဆီက ပစ္စည်းတွေ ယူထားပြီးပြီ မဟုတ်လား..."

ရိခုန်း ဘုန်းကြီး က တည်ငြိမ်စွာဖြင့် ကျဲထန် ဘုန်းကြီးကို လှမ်းခေါ်လိုက်ရာ ဤစကားကြောင့် ကျဲထန် ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"အဲ... အဲဒါက လုအိမ်တော်သခင် က ကျောင်းတိုက် အတွက် အတင်း အလှူငွေ လာထည့်သွားတာပါ..."

"ဆရာတော် က လက်ခံလိုက်ပြီ ဆိုမှတော့ ပြန်ပေးစရာ အကြောင်း မရှိပါဘူး... ကျန်းချဲ့ ကို စိန်ခေါ်မယ့် ကိစ္စ ကို တပည့်တော် လက်ခံလိုက်ပါပြီ..."

ရိခုန်း ဘုန်းကြီး က ဆက်ပြောလိုက်သည်။

"ရိခုန်း... မင်း..."

"ဆရာတော် စိတ်ချပါ... တပည့်တော် စောစောက ပြောတာတွေက ဒီအတိုင်း လျှောက်တွေးမိတာပါ... ပြီးတော့... တပည့်တော် က ထျန်းလုံ ဘုန်းကြီးကျောင်း ကို သွားပြီး ကျင့်ကြံဖို့ ရည်ရွယ်ထားပါတယ်... ဒီတစ်ခေါက် ကိစ္စက ဆရာတော် အရင်က လမ်းပြပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တာလို့ပဲ သဘောထားလိုက်ပါ..."

ရိခုန်း ဘုန်းကြီး က ကျဲထန် ကို လက်တစ်ဖက်တည်းဖြင့် ယှက်ကာ အနည်းငယ် ခါးညွှတ် အရိုအသေပေးလိုက်သည်။

ကျဲထန် က ပါးစပ် ဟသွားပြီး နောက်ဆုံးတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ..."

ကျင်းယွမ် ဘုန်းကြီးကျောင်း က အင်အားငယ် သဖြင့် ကျင်းကန်း(ရွှေကိုယ်ထည်)၊ လော်ဟန် ( ရဟန္တာ၊ အမြင့်မြတ်ဆုံး) အဆင့်သို့ ရောက်ရှိနိုင်သော ပါရမီရှင် တပည့် တစ်ယောက်ကို ဆက်လက် ထိန်းထားနိုင်မည် မဟုတ်ပေ။ မထွက်ခွာမီ အကူအညီ ပေးသွားခြင်းကပင် ကောင်းကင်ဘုံ က ပေးသော ကံကောင်းမှု ဖြစ်ပေသည်။

နှုတ်ခမ်းစွမ်းရည် ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ဟွမ်ရှန်းရှန်း က နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ဤနေရာတွင် အချိန်ကြာကြာ နေထိုင်မည် ဆိုပါက အခြားသူများ၏ သံသယကို ဖြစ်ပေါ်စေနိုင်ပေသည်။ ကျန်းချဲ့ ၏ စူးစမ်းချင်စိတ် အချို့ကို ဖြည့်ဆည်းပေးရန် အတွက် -

ဟွမ်ရှန်းရှန်း က ခဏတာ တွန့်ဆုတ်နေပြီးနောက် ကျန်းချဲ့ကို သူမ၏ အိမ်လေး အား လေ့လာခွင့် ပြုလိုက်သည်။

လောလောဆယ် အထဲဝင်၍ မရသေးသော်လည်း အပြင်မှ လေ့လာခွင့်တော့ ရရှိခဲ့သည်။

ကျန်းချဲ့ ကလည်း တောင်ကြား ကျဉ်းကျဉ်းလေး ဆိုသည်မှာ မည်သို့သော အရာ ဖြစ်ကြောင်း ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရသည်။

ဟွမ်ရှန်းရှန်း ၏ ခန္ဓာကိုယ်က အေးစက်သော သဘာဝ ရှိသည့် ထူးခြားသော ခန္ဓာကိုယ် ဖြစ်သောကြောင့်လား မသိ၊ သူမ၏ အိမ်လေး တံခါးဝ အပြင်ဘက်တွင် မြက်တစ်ပင်မျှ မပေါက်ဘဲ ရှင်းလင်း ပြောင်စင်နေပေသည်။ သခင်မကြီးကျူး ၏ အိမ်ရှိ စိမ်းလန်းစိုပြည်နေသော ပန်းခြံကြီး နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

ဤအရာက ကျန်းချဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားစေသော်လည်း ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် အတွက် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ဟွမ်ရှန်းရှန်း ကို ပြန်လွှတ်ပေးလိုက်သည်။ နောက်ပိုင်းတွင် အခွင့်အရေး ရဦးမည်သာ ဖြစ်သည်။

ဟွမ်ရှန်းရှန်း ကို ပြန်လွှတ်လိုက်ပြီးနောက် ကျန်းချဲ့က စိတ်ရှုပ်ထွေးမှုများကို ဖယ်ရှားကာ မကြာမီ ရောက်လာတော့မည့် ရိခုန်း ၏ စိန်ခေါ်မှု အကြောင်းကို သေချာ စဉ်းစားလိုက်သည်။ အကောင်းဆုံး လော်ဟန်သီး ကို သူ လောင်းကြေး အဖြစ် အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။

ယင်းအစား တိုက်ပွဲ မစတင်မီ လက်ဆောင် အဖြစ် ပေးအပ်ရန် နှင့် စေတနာကို ပြသရန် တောင်းဆိုမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် တိုက်ခိုက်လိုစိတ် အပြင်းပြဆုံး ဖြစ်နေသူများမှာ လုမိသားစု နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း တို့သာ ဖြစ်ပြီး သူ မဟုတ်ပေ။

သူ့တွင် ငြင်းဆန်ပိုင်ခွင့် ရှိသည်။ တစ်ဖက်လူက လော်ဟန်သီး ကို မထုတ်ပေးမချင်း စိန်ခေါ်မှုကို လုံးဝ လက်ခံမည် မဟုတ်ပေ။ အပြင်သို့ သတင်း ပျံ့သွားလျှင်တောင် အပြင်လူများက သူ ကြောက်ရွံ့နေသည်ဟု ထင်ကြမည် မဟုတ်ဘဲ ကျင်းယွမ် ဘုန်းကြီးကျောင်း က ကပ်စေးနဲသည်ဟုသာ ထင်ကြပေလိမ့်မည်။

ရိခုန်း က ထိုက်အန်းဒေသ ၏ လူငယ် မျိုးဆက်များ အနက် အထူးချွန်ဆုံး ဖြစ်ရာ လုရှင်းယွင် က သူ့ကို အကူအညီ တောင်းလိုက်သည် ဆိုကတည်းက လုရှင်းယွင် ၏ အမြင်တွင် တစ်ဖက်လူက သူ့ထက် ပို၍ စွမ်းအား ကြီးမားနေကြောင်း သက်သေပြနေပေသည်။

ထိုသို့ဆိုလျှင် သူ ပို၍ပင် စွန့်စား၍ မရနိုင်ပေ။

စိန်ခေါ်မှု မစတင်မီ သူက ယဇ်ပူဇော်ပြီး တစ်ကိုယ်လုံးရှိ ရွှမ်ချောင် ကိုးပေါက်ကို ဖွင့်ကာ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို အောင်မြင်အောင် လေ့ကျင့်ပြီးမှသာ အခြား ကိစ္စများကို ပြောဆိုရမည် ဖြစ်သည်။

ထို့ကြောင့် လော်ဟန်သီး သာမက ဝမ်ရှိုခြံဝင်း မှ အရွက်လေးရွက် လင်ကျီး နှင့် နဂါးသွေးမြက် တို့ကိုပါ ကြိုတင် ရယူထားရမည် ဖြစ်သည်။ ဤအချက်ကို သဘောပေါက်သွားပြီးနောက် ကျန်းချဲ့က ချက်ချင်းပင် စာနှစ်စောင် ရေးလိုက်သည်။

တစ်စောင်မှာ ဝမ်ဖန်ယွင် ထံသို့ ဖြစ်ပြီး အရေးကြီးသော ဆွေးနွေးစရာ ကိစ္စ ရှိသဖြင့် ထိုက်ဆန်းမြို့ သို့ လာရောက် တွေ့ဆုံရန် ဖိတ်ကြားစာ ဖြစ်သည်။

အခြား တစ်စောင်မှာမူ ချီဆန်းကျား ထံသို့ ဖြစ်ပြီး ချန်မိသားစု ခြံဝင်း ကိစ္စ အကြောင်း အသေးစိတ် အစီရင်ခံစာ နှင့် ဤတစ်ကြိမ် လုမိသားစု ၏ လက်စားချေမှု၊ ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ရိခုန်း ၏ စိန်ခေါ်မှု အကြောင်းများကို ရေးသားထားသည်။

ချီဆန်းကျား အနေဖြင့် အချိန်ရပါက ထိုက်ဆန်းမြို့ သို့ လာရောက်၍ အားဖြည့်ပေးရန် နှင့် သူ၏ တောင်းဆိုချက် အဖြစ် ချီဆန်းကျား ထံမှ နဂါးသွေးမြက် တစ်ပင်ကို ရယူလိုကြောင်း ဖော်ပြထားပေသည်။

သူက ကာလပေါက်ဈေး အတိုင်း ဝယ်ယူမည် ဖြစ်သည်။

ဤအရာများ အားလုံး ပြီးစီးသွားမှသာ ကျန်းချဲ့က ထိုင်ခုံတွင် မှီလျက် စဉ်းစားခန်း ဝင်လိုက်သည်။

သူ လုပ်နိုင်သည်များ အားလုံးကို လုပ်ပြီးသွားပြီ ဖြစ်ရာ ကျန်ရှိနေသည်က ချီဆန်းကျား ၏ ကူညီနိုင်စွမ်း အပေါ်တွင်သာ မူတည်တော့သည်။

သို့သော် ဤကိစ္စ၏ အကြောင်းရင်းနှင့် အကျိုးဆက်များကို ပြန်လည် စဉ်းစားကြည့်သောအခါ ကျန်းချဲ့က တကယ်ပင် အကြောင်းအကျိုး ဆက်စပ်မှုများ ရှိနေကြောင်း ခံစားလိုက်ရသည်။

သူ ချန်မိသားစု ကို ဖျက်ဆီးခဲ့ရခြင်းမှာ ရွှမ်ယင် သွေးပုံဆောင်ခဲ ကို ယဇ်ပူဇော်ပြီး ကျင့်ကြံရန် အတွက် ဖြစ်သည်။ ထို့ကြောင့် လုမိသားစု နှင့် သေမင်းတမန် ရန်ငြိုး ဖွဲ့ခဲ့မိပြီး လုမိသားစု က အကြိမ်ကြိမ် စဉ်းစားပြီးနောက် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ရိခုန်း ကို အကူအညီ တောင်းခဲ့သည်။

ယခုအချိန်တွင် သူ အခက်အခဲဆုံး ဖြစ်နေသည်မှာလည်း ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ အကောင်းဆုံး လော်ဟန်သီး ပင် ဖြစ်သည်။

တကယ်ကို တိုက်ဆိုင်လွန်းပြီး အဆက်မပြတ် လည်ပတ်နေသကဲ့သို့ ဖြစ်နေပေသည်။

သို့သော် သေချာ စဉ်းစားကြည့်ပါက အခြေအနေများ၏ ဖြစ်ပေါ်လာမှုက ဤသို့ပင် ဖြစ်သင့်ပေသည်။

သူက လော်ဟန်သီး ကို မလိုအပ်လျှင်တောင် ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ စိန်ခေါ်မှုကတော့ ရှိလာမည်သာ ဖြစ်သည်။

ယဇ်ပူဇော်စရာ ပစ္စည်းများ တိုက်ဆိုင်နေခြင်း နှင့် ပတ်သက်၍မူ ကျန်းချဲ့၏ ယခင် အတွေ့အကြုံများ အရ ဆိုလျှင် အလွန် ပုံမှန်သာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ စိုက်ပျိုးထားသော လော်ဟန်သီး က ဗုဒ္ဓဘာသာ သိုင်းသမားများ အတွက်သာ အသုံးပြုနိုင်သည် မဟုတ်သောကြောင့်ပင်။

၎င်းမှာ ခန္ဓာကိုယ် သန့်စင်သည့် ဆေးဖက်ဝင် ရတနာ တစ်မျိုး ဖြစ်ပြီး မိစ္ဆာ လမ်းစဉ် က လူများပင် အသုံးပြုနိုင်ပေသည်။

သူက ယဇ်ပူဇော်ပြီး အဆင့်တက်မည် ဖြစ်ကာ ရွှမ်ချောင် အထွတ်အထိပ် သို့ ရောက်ရှိရန် အတွက် ခန္ဓာကိုယ် သန့်စင်သည့် ရတနာများ လိုအပ်ပေသည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က ဤကဲ့သို့သော ရတနာကို တောင်းဆိုခြင်းမှာလည်း အဓိပ္ပာယ် ရှိလှပေသည်။

မည်သို့ပင်ဆိုစေ ရွှမ်ချောင် အဆင့်တွင် အရေးအကြီးဆုံးမှာ ခန္ဓာကိုယ် အင်အားပင် ဖြစ်ပေသည်။

အချိန်များက တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။

ဟွမ်ရှန်းရှန်း က ကျန်းချဲ့ထံ ကြိုတင် သတင်းပေးခဲ့သည့် ဒုတိယနေ့တွင်ပင် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ဘုန်းကြီး တစ်ပါး က မြို့တော်ဝန်ရုံး အရှေ့သို့ အလုံးအရင်းဖြင့် ရောက်ရှိလာပြီး စိန်ခေါ်စာ တစ်စောင် လာပို့ခဲ့သည်။

ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ဆရာတော် ရိခုန်း က တပ်မှူးကြီးကျန်း ဓားစိတ်ဆန္ဒ ကို နားလည်သွားကြောင်း ကြားသိရသဖြင့် အလွန် လေးစားမိကြောင်း၊ သူ ကိုယ်တိုင်လည်း စိတ်ဆန္ဒ ကို မကြာသေးမီကမှ နားလည်ခဲ့သဖြင့် ကျန်းချဲ့နှင့် ယှဉ်ပြိုင် လေ့လာလိုကြောင်း ဆိုထားပေသည်။

ဤတစ်ကြိမ် လှုပ်ရှားမှုက အလွန် ကြီးမားလှပေသည်။ လတ်တလော နာမည်ကြီးနေသော ကျန်းချဲ့ သာမက ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ရိခုန်း ဘုန်းကြီး ပါ ပါဝင်နေသဖြင့် ထိုသူ နှစ်ယောက်စလုံး၏ နာမည်ဂုဏ်သတင်းက လူငယ် မျိုးဆက်များ အနက် အထွတ်အထိပ်ဟု ဆိုနိုင်ပေသည်။

သူတို့ နှစ်ယောက်၏ တိုက်ပွဲက လုံးဝ လူအများ၏ အာရုံစိုက်မှုကို ရရှိစေမည် ဖြစ်သည်။

ထို့အပြင် လုမိသားစု က နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်နေသဖြင့် ကျန်းချဲ့ အနေဖြင့် မဖြစ်မနေ စိန်ခေါ်မှုကို လက်ခံလာစေရန် ဖိအားပေးနေခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော အရှိန်အဝါက အလွန် ကြီးမားလှပြီး ထိုက်ဆန်းမြို့ အတွင်းရှိ သိုင်းလောက သမားများကိုပါ စိတ်လှုပ်ရှားသွားစေခဲ့သည်။

တစ်ယောက်နှင့် တစ်ယောက် ပြေးလွှားပြီး သတင်းပေးနေကြသည်မှာ မပြောနှင့်၊ အားလုံးက သိရှိနေကြပြီ ဖြစ်သည်။

ကျန်းချဲ့ က ချန်မိသားစု ခြံဝင်း တွင် မောက်မာ ရိုင်းစိုင်းစွာဖြင့် လုအိမ်တော်သခင် လုရှင်းယွင် ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့သဖြင့် ထိုက်အန်းဒေသ ၏ လူငယ် မျိုးဆက်များ အနက် နံပါတ်တစ် အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။

သို့သော် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ရိခုန်း ဘုန်းကြီး ကမူ ဖူလုံကျောင်းတော် မှ လီတောက်ဖျင် နှင့် အတူ နံပါတ်တစ် နေရာတွင် ပူးတွဲ ရပ်တည်နေသူ ဖြစ်သည်။

သူတို့ နှစ်ယောက်၏ ယှဉ်ပြိုင်မှုက ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်လာလိမ့်မည်ဟု လူအများက ထင်မှတ်နေကြသည်။

ထို့အပြင် စိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင်ကြမည် ဖြစ်သဖြင့် သိုင်းသမား အများအပြား ကြားတွင် ဆွေးနွေး ပြောဆိုမှုများ ဖြစ်ပေါ်နေခဲ့သည်။

လုမိသားစု ၏ ရည်ရွယ်ချက် အောင်မြင်သွားခဲ့သည်။ အချိန် တစ်နာရီ၊ နှစ်နာရီ အတွင်းမှာပင် ထိုက်ဆန်းမြို့ တစ်ခုလုံးသို့ သတင်း ပျံ့နှံ့သွားခဲ့ပြီး အပြင်ဘက်သို့လည်း အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

လုမိသားစု က ဤတိုက်ပွဲကို အထွတ်အထိပ် တိုက်ပွဲ တစ်ခု အဖြစ် ဖန်တီးချင်နေခြင်း ဖြစ်သည်။

ထိုမှသာ ချီဆန်းကျား ၏ ပါးစပ်ကို ပိတ်နိုင်မည် ဖြစ်သည်။

မျက်စိရှင်သော လူအချို့ ကလည်း ဤကိစ္စ၏ နောက်ကွယ်မှ အကြောင်းရင်းများကို သိမြင်နိုင်ပေသည်။

အချုပ်အားဖြင့် ဆိုရလျှင် ဤတိုက်ပွဲ၏ နောက်ကွယ်တွင် လှိုင်းလုံးကြီးများ လှုပ်ရှားနေပေသည်။

မြို့တော်ဝန်ရုံး အပြင်ဘက်တွင် လူငယ် ဘုန်းကြီး တစ်ပါး က တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အရှေ့တွင် စိန်ခေါ်စာ တစ်စောင် ချထားကာ ပတ်ဝန်းကျင်မှ ဆူညံနေသော ပြောဆိုသံများကို လုံးဝ ဂရုမစိုက်ဘဲ ကျန်းချဲ့၏ အဖြေကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပေသည်။

မြို့တော်ဝန်ရုံး အတွင်း၌မူ...

ကျန်းချဲ့ က ဝမ်ရှိုခြံဝင်း ၏ ခြံဝင်းသခင် ဝမ်ဖန်ယွင် နှင့် အလွန် ပျော်ရွှင်စွာ စကားပြောဆိုနေပေသည်။

"အစ်ကိုကျန်း က အခု တကယ်ကို နာမည်ကြီးနေတာပဲ... ကျင်းယွမ် ဘုန်းကြီးကျောင်း က ဆရာတော် ကိုယ်တိုင်တောင် အစ်ကို့ကို စိန်ခေါ်နေပြီ..."

ဝမ်ဖန်ယွင် ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး ကျန်းချဲ့ကို မြှောက်ပင့် ပြောဆိုလိုက်သည်။ သို့သော် လက်တွေ့တွင်မူ သူကလည်း ဤကိစ္စ၏ လျှို့ဝှက်ချက်များကို သိမြင်ထားပြီး ဖြစ်သည်။

'လုမိသားစု က တကယ်ကို အရှုံး လုံးဝ မခံနိုင်ဘူးပဲ... ကျင်းယွမ် ဘုန်းကြီးကျောင်း ကိုတောင် အကူအညီ တောင်းလိုက်သေးတယ်...'

ဤအရာက သူ့ကို အလွန် အားကျသွားစေသည်။ မည်သို့ပင်ဆိုစေ သူတို့ ဝမ်ရှိုခြံဝင်း ကလည်း ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ရင်းနှီးသော အင်အားစုများ အနက် တစ်ခု ဖြစ်သော်လည်း လုမိသားစု နှင့် ယှဉ်ပါက ဝမ်ရှိုခြံဝင်း က မျက်နှာကို ပို၍ အလေးထားပေသည်။

သူတို့ ကိုယ်သူတို့ လက်အောက်ခံ ဟု လုံးဝ မထင်မှတ်ဘဲ အချင်းချင်း မဟာမိတ် ဖွဲ့ထားခြင်းဟုသာ သတ်မှတ်ထားပေသည်။

"စိန်ခေါ်တာက အတုပါ... ကျွန်တော့် ရဲ့ အရှိန်အဝါကို ချိုးနှိမ်ချင်တာက အစစ်ပါ..."

ကျန်းချဲ့ က ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သည့် အမူအရာကို ပြသလိုက်သည်။

"အစ်ကိုကျန်း ရဲ့ အမြင်က တကယ်ကို ထက်မြက်တာပဲ... တစ်ချက် ကြည့်လိုက်တာနဲ့ သိတာပဲ... ဒါပေမဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ စိန်ခေါ်မှု က ပေါ်တင် ကြံစည်မှုကြီး လေ... အစ်ကိုကျန်း က ဒီအတိုင်းပဲ လျစ်လျူရှု ထားမလို့လား... အပြင်ကို သတင်း ပျံ့သွားရင် အစ်ကိုကျန်း ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားလိမ့်မယ်... အရင်က လုပ်ခဲ့တာတွေ အကုန်လုံး အလကား ဖြစ်သွားမှာပေါ့..."

ဝမ်ဖန်ယွင် က ခွက်ကို မြှောက်ကာ မေးလိုက်သည်။

သူ မြို့တော်ဝန်ရုံး အတွင်းသို့ မဝင်ရောက်မီ ကတည်းက အပြင်ဘက်ရှိ ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ဘုန်းကြီး က တံခါးဝတွင် တင်ပျဉ်ခွေ ထိုင်နေခဲ့ပြီး ယခုအချိန်အထိ ဆိုလျှင် အနည်းဆုံး တစ်နာရီခန့် ရှိသွားပြီ ဖြစ်သည်။

ကျန်းချဲ့ က တကယ်ပဲ စိန်ခေါ်မှုကို လက်မခံတော့ဘူးလား...

"ဒါဆိုရင် အစ်ကိုဝမ် အထင်ကော... ဒီတိုက်ပွဲကို ကျွန်တော် လက်ခံသင့်လား မလက်ခံသင့်ဘူးလား..."

ကျန်းချဲ့ က လေးနက်သော အသံဖြင့် မေးလိုက်သည်။

"အကယ်၍ အစ်ကိုကျန်း မှာ ရိခုန်း ကို အနိုင်ယူနိုင်မယ့် ယုံကြည်ချက် ရှိရင်တော့ သေချာပေါက် လက်ခံရမှာပေါ့... ဒါပေမဲ့ သေချာပေါက် မနိုင်နိုင်ဘူး ဆိုရင်တော့ ရှောင်တာ အကောင်းဆုံးပဲ... ဘာလို့လဲဆိုတော့ အဲဒီဘုန်းကြီး ရဲ့ စွမ်းအားက သာမန် မဟုတ်ဘူး... သာမန် လူတွေ ယှဉ်နိုင်တာ မဟုတ်ဘူး..."

ဝမ်ဖန်ယွင် က အလကား စကား တစ်ခွန်းကို ပြောလိုက်သည်။

ဤကဲ့သို့သော ကိစ္စမျိုးကို သူက ဘယ်လိုလုပ်ပြီး ထင်မြင်ချက် ပေးရဲမည်နည်း။ အဓိက အကျဆုံးမှာ ကျန်းချဲ့ ကိုယ်တိုင်၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်ပေသည်။

"ဟူး... ဒီအရာရှိ အလုပ် လုပ်ရတာ... တကယ်ကို မလွယ်ကူဘူးပဲ..."

ကျန်းချဲ့ က ခေါင်းခါကာ ညည်းတွားလိုက်သည်။

"ဒါနဲ့... ဒီတစ်ခေါက် အစ်ကိုကျန်း က ကျွန်တော့်ကို ဖိတ်ခေါ်တာ ဘာအရေးကြီးတဲ့ ကိစ္စများ ဆွေးနွေးစရာ ရှိလို့လဲ..."

ဝမ်ဖန်ယွင် က ကျန်းချဲ့ နှင့် အတူ ဤနေရာတွင် ညည်းတွားနေရန် မရည်ရွယ်ပေ။ မည်သို့ပင်ဆိုစေ သူက ဝမ်ရှိုခြံဝင်း မှ ဖြစ်ပြီး ကျန်းချဲ့ နှင့် အရမ်း ရင်းနှီးလွန်းပါက အမြင်မသင့်တော်ပေ။ ထို့ကြောင့် ချက်ချင်းပင် အဓိက အကြောင်းအရာကို မေးလိုက်သည်။

"ပွင့်ပွင့်လင်းလင်းပဲ ပြောရရင်... ကျွန်တော် အစ်ကိုဝမ် ကို ဖိတ်ခေါ်ရတာ တခြား ကိစ္စ မဟုတ်ပါဘူး... ကျင့်ကြံရေး အတွက် အသုံးပြုဖို့ အရွက်လေးရွက် လင်ကျီး တစ်ပင်လောက် ဝယ်ချင်လို့ပါ..."

ကျန်းချဲ့ က ပြုံးလျက် ပြောလိုက်သည်။

"ဒါက..."

ဝမ်ဖန်ယွင် ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး တွေဝေသည့် အမူအရာ ပြလိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် မှသာ သူက ပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်ကိုကျန်း... ကျွန်တော်တို့ ဝမ်ရှိုခြံဝင်း က လင်ကျီး တွေကို စိုက်ပျိုးရာမှာ ကျွမ်းကျင်ပေမဲ့ အများစုက အရွက်တစ်ရွက်၊ နှစ်ရွက် လင်ကျီး တွေပါပဲ... အရွက်သုံးရွက် လင်ကျီး တောင် အရမ်း ရှားပါးပါတယ်... အရွက်လေးရွက် လင်ကျီး ဆိုရင်တော့ ကျွန်တော် ကိုယ်တိုင်တောင် ဆုံးဖြတ်ဖို့ ခက်ပါတယ်..."

ကျန်းချဲ့ က အရက်ခွက်ကို ချလိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ကျွန်တော် ကြားဖူးတာတော့ အရင်တုန်းက အစ်ကိုဝမ် မွေးရာပါအဆင့် ကို မရောက်ခင်က လုဖျင်ကျိုး ရဲ့ ရိုက်နှက်တာကို ခံရပြီး ခြေထောက် တစ်ဖက် ကျိုးသွားဖူးတယ် ဆို... အဲဒါ... တကယ်ပဲလား…”

All Chapters