← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) အသုံးချခံ ငတုံးကြီး

စကားအဆုံးတွင် ကျန်းချဲ့က ဝမ်ဖန်ယွင်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။

ဝမ်ဖန်ယွင်၏ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

လွန်ခဲ့သော နှစ်များစွာက လုဖျင်ကျိုးနှင့် ဖြစ်ခဲ့သည့် ထိုတိုက်ပွဲမှာ သူ၏ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရမှု ဖြစ်ပြီး ရင်ထဲတွင် အမြဲတမ်း မှတ်သားထားခဲ့သည်။ ထို့ကြောင့် အခွင့်အရေး ရတိုင်း လုဖျင်ကျိုးနှင့် လုမိသားစုကို သူက အမြဲတမ်း ပြဿနာရှာလေ့ ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုရန်ငြိုးက အလွန် ကြီးမားလှသောကြောင့် ဖြစ်သည်။

အကယ်၍ အခြား လူတစ်ယောက်ကသာ သူ့ကို ဤသို့ လှောင်ပြောင်မည် ဆိုပါက ဝမ်ဖန်ယွင်က ချက်ချင်းပင် စားပွဲကို မှောက်လှန်ပစ်မည် ဖြစ်သော်လည်း ဤစကားကို ပြောသူမှာ ကျန်းချဲ့ ဖြစ်နေသဖြင့် သူတို့ နှစ်ဦးကြားရှိ စွမ်းအား ကွာခြားချက်ကို ပြန်လည် ချိန်ဆနေရပေသည်။

လုမိသားစု ခေါင်းဆောင် လုရှင်းယွင်ကိုပင် နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်းက ကျန်းချဲ့၏ စွမ်းအားမှာ သူ့ထက် အများကြီး သာလွန်နေကြောင်း သက်သေပြနေပေသည်။ သူ၏ ဖခင် ကိုယ်တိုင် ရောက်လာလျှင်ပင် ကျန်းချဲ့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဒေါသထွက်နေလျှင်တောင် သူက မျိုသိပ်ထားရပေသည်။

"အစ်ကိုကျန်း က ဘာသဘောလဲ... ကျုပ်ကို အရှက်ခွဲချင်တာလား..."

ဝမ်ဖန်ယွင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။

ကျန်းချဲ့က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

"ကျုပ်နဲ့ လုမိသားစု ကလည်း သေမင်းတမန် ရန်ငြိုး ရှိထားတယ်... ဒါကြောင့်လည်း ကျင်းယွမ် ဘုန်းကြီးကျောင်း က ရိခုန်း ဘုန်းကြီး ရဲ့ စိန်ခေါ်မှု ဆိုတာ ဖြစ်လာတာလေ... ဒီကိစ္စ က နောက်ကွယ်မှာ လုမိသားစု က ကြိုးကိုင်နေတယ် ဆိုတာ အထင်အရှားပဲ... ခင်ဗျား နဲ့ ကျုပ် က တစ်ဘက်တည်းမှာ ရပ်တည်နေတာပါ... ဘာဖြစ်လို့ ခင်ဗျားကို အရှက်ခွဲရမှာလဲ..."

"ဒါဆိုရင် အစ်ကိုကျန်း က..."

"အစ်ကိုဝမ်... ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... ခင်ဗျားရဲ့ လက်ရှိ စွမ်းအားနဲ့ လုမိသားစု ကို အနိုင်ယူဖို့ ဆိုတာ မလွယ်ကူဘူး... ခင်ဗျားရဲ့ ဖခင် ကလည်း ဒီအရှက်ကွဲမှုကို ပြန်ဆပ်ဖို့ ကူညီပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ ကျုပ် ကတော့ ခင်ဗျားကို ကူညီပေးနိုင်တယ်..."

ကျန်းချဲ့က ဝမ်ဖန်ယွင်ကို တိုက်ရိုက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျုပ်ကို ကူညီမယ်..."

'မေးခွန်းက ကျန်းချဲ့က ငါ့ဆီကို အရွက်လေးရွက် လင်ကျီး တောင်းဆိုဖို့ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကျန်းချဲ့က ငါ့ကို ကူညီပေးမယ့် အခြေအနေ ဖြစ်သွားရတာလဲ...'

ဝမ်ဖန်ယွင် တစ်ယောက် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

"ဒီစိန်ခေါ်ပွဲ က အပြင်ပန်းမှာတော့ ကျုပ်နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ ပွဲလို့ ထင်ရပေမဲ့ တကယ်တမ်း က အရင်တစ်ခေါက် တိုက်ပွဲ ရဲ့ အဆက်ပါပဲ... အစ်ကိုဝမ် သာ ကျုပ်ကို ကူညီပေးမယ် ဆိုရင် ခင်ဗျားရဲ့ ရန်ကြွေး ကို ကျုပ် ပြန်ဆပ်ပေးမယ်... ခင်ဗျား ကျိုးခဲ့ရတဲ့ ခြေထောက် တစ်ဖက် အတွက် အစား ပြန်ရစေမယ်..."

ကျန်းချဲ့က စားပွဲကို လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ပြီး ဝမ်ဖန်ယွင်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ဝမ်ဖန်ယွင် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ကျန်းချဲ့က အရင်းအနှီး မစိုက်ဘဲ အကျိုးအမြတ်ကို လိုချင်နေခြင်း ဖြစ်ပေသည်။

သို့သော် သူ ဘာမှ မပြောရသေးမီ ကျန်းချဲ့က ဆက်ပြောလိုက်သည်။

"သေချာတာပေါ့... ကျုပ် က သဘောကောင်းတဲ့ သူ တစ်ယောက်ပါ... အစ်ကိုဝမ် ကို လုံးဝ အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး... အရွက်လေးရွက် လင်ကျီး ရဲ့ ကာလပေါက်ဈေး အတိုင်း ပြားစေ့မကျန် ပေးပါ့မယ်... တစ်ခုတည်းသော တောင်းဆိုချက် က ကျုပ်ကို အချိန် နည်းနည်းလောက် ပေးဖို့ပါပဲ... အစ်ကိုဝမ် ကျုပ်ကို မယုံဘူး ဆိုရင်လည်း စာချုပ် ချုပ်ပေးလို့ ရပါတယ်..."

လက်ရှိ အချိန်တွင် ကျန်းချဲ့ အနေဖြင့် အရွက်လေးရွက် လင်ကျီး ကို ဝယ်ယူရန် ယွမ်ချီ ကျောက်တုံးများ အမှန်တကယ် မရှိတော့ပေ။ ချီဆန်းကျား လက်ထဲတွင် ရှိနိုင်သော နဂါးသွေးမြက် ကိုပင် အကြွေး ဝယ်ယူရမည် ဖြစ်သည်။ ချန်မိသားစု ထံမှ ရရှိသော အကျိုးအမြတ်များက ကြီးမားသော်လည်း ယန်ယွမ်ချယ် ကို အစိတ်အပိုင်း တစ်ခု ခွဲပေးလိုက်ရသောကြောင့် ဖြစ်ပေသည်။

ထို့အပြင် ကျန်းချဲ့ အနေဖြင့် ယဇ်ပူဇော်ရန် အတွက် ယွမ်ချီ ကျောက်တုံး သုံးဆယ် ကို ကြိုတင် ပြင်ဆင်ထားရဦးမည် ဖြစ်သည်။

"ဒီကိစ္စ က... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."

ဝမ်ဖန်ယွင် က အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

"ပြီးတော့ အစ်ကိုဝမ် နဲ့ အတူတူ လုပ်ချင်တဲ့ စီးပွားရေး တစ်ခု ရှိသေးတယ်..."

ကျန်းချဲ့က ဆက်ပြောလိုက်သည်။

"ဘာစီးပွားရေးလဲ..."

"ကျုပ် နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း က ရိခုန်း တို့ရဲ့ စိန်ခေါ်ပွဲ အတွက် လောင်းကြေးဒိုင် လေ..."

ဤသည်မှာလည်း ကျန်းချဲ့ သေချာ စဉ်းစားပြီးနောက် ထွက်ပေါ်လာသော အကြံအစည် တစ်ခု ဖြစ်ပေသည်။

သို့သော် ပြဿနာမှာ ထိုက်အန်းဒေသ ရှိ အစိုးရနှင့် သိုင်းလောက တို့မှာ အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခြင်း ဖြစ်သည်။ သိုင်းသမားများက သူ၏ လောင်းကြေးဒိုင်တွင် ရဲရဲဝံ့ဝံ့ လောင်းကြေး ထပ်ရဲအောင် ဆွဲဆောင်နိုင်စွမ်း သူ့တွင် မရှိပေ။ သို့သော် ဝမ်ဖန်ယွင် ကတော့ မတူညီပေ။ သူက ထိုက်အန်းဒေသ တွင် မွေးဖွား ကြီးပြင်းလာသူ ဖြစ်ပြီး ဝမ်ရှိုခြံဝင်း ၏ ခြံဝင်းသခင် လည်း ဖြစ်သည်။ ပြဿနာ တစ်ခုခု ဖြစ်လာလျှင်တောင် အခြား သိုင်းသမားများ က ငွေမရမည်ကို စိုးရိမ်မည် မဟုတ်ပေ။

ယခုအချိန်တွင် သူ ယွမ်ချီ ကျောက်တုံး များ အလွန် လိုအပ်နေသဖြင့် သာမန် မဟုတ်သော နည်းလမ်းများဖြင့် ငွေရှာရန် လိုအပ်ပေသည်။

"အစ်ကိုကျန်း က တကယ်ပဲ နိုင်ဖို့ ယုံကြည်ချက် ရှိရဲ့လား..."

'အကယ်၍ နိုင်မည် ဆိုပါက ကြီးမားသော အကျိုးအမြတ်ကို သေချာပေါက် ရရှိမည် ဖြစ်သော်လည်း ကျန်းချဲ့သာ ရိခုန်း ကို မနိုင်ပါက လူရော ငွေပါ ဆုံးရှုံးရမည် ဖြစ်သည်။ ကျန်းချဲ့ ကိုယ်တိုင် အရှုံးခံမည် ဆိုလျှင်တော့ တစ်မျိုးပေါ့...'

'သို့သော် ယင်းက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ ဤတိုက်ပွဲက အသက်အန္တရာယ်နှင့် ပတ်သက်နေသည် မဟုတ်ပါလား။'

"ချန်မိသားစု ခြံဝင်း တိုက်ပွဲ မတိုင်ခင်က လုရှင်းယွင် ကို ကျုပ် နောက်ဆုတ်သွားအောင် လုပ်နိုင်မယ် လို့ ဘယ်သူက ထင်ထားခဲ့လို့လဲ... အစ်ကိုဝမ်... ကျုပ်ရဲ့ စွမ်းအား က အပြင်ပန်းမှာ မြင်နေရသလောက်ပဲ ရှိတယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား..."

ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"ဘာအဓိပ္ပာယ်လဲ..."

ဝမ်ဖန်ယွင် က ကျန်းချဲ့ကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ကျန်းချဲ့ ကမူ နက်နဲသော အမူအရာကို ပြသကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ချီတပ်မှူးချုပ် က ထိုက်ဆန်းမြို့ ရဲ့ လက်ရှိ အခြေအနေ တွေကို စောစောကတည်းက မကျေမနပ် ဖြစ်နေခဲ့တာ... ဂုဏ်သိက္ခာ ကြီးမားတဲ့ အစိုးရ က သိုင်းလောက အင်အားစု တွေရဲ့ ဖိနှိပ်မှုကို ခံနေရတယ် ဆိုတာ အပြင်ကို သတင်း ပျံ့သွားရင် အထက် က သူ့ကို တာဝန်ကျေပွန်မှု မရှိဘူးလို့ အပြစ်တင်လိမ့်မယ်လေ... ဒါကြောင့် ချီတပ်မှူးချုပ် က ကျုပ်ကို ဒီကို ပြောင်းရွှေ့လိုက်ပြီး ထိုက်ဆန်းမြို့ က သိုင်းလောက အင်အားစု တွေ အထင်လွဲသွားအောင် အတိတ်ရာဇဝင် တစ်ချို့ကို ဖန်တီးပေးခဲ့တာ... တကယ်တော့... တစ်ချို့ အင်အားစု တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ ပါပဲ..."

"အစ်ကိုကျန်း... ဒီကိစ္စ တွေကို ကျုပ်ကို ပြောပြတာ အပြင်ကို သတင်း ပေါက်ကြားသွားမှာ မကြောက်ဘူးလား..."

ဝမ်ဖန်ယွင် က ကျန်းချဲ့ကို အံ့ဩတကြီး ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။

သို့သော် လက်တွေ့တွင်မူ ဤသတင်းများကို အပြင်သို့ ဖြန့်ပေးရန် ကျန်းချဲ့ က ပို၍ပင် အလိုရှိနေပေသည်။ သူ၏ ထုတ်ဖော်ပြသလိုက်သော စွမ်းအားများကြောင့် အင်အားစု အများအပြား က သူ၏ နောက်ကြောင်းကို စုံစမ်းနေကြမည်မှာ သေချာကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။

သို့သော် ကျန်းချဲ့၏ အတိတ်က အသေအချာ စုံစမ်းခံ၍ ရမည် မဟုတ်ပေ။ လွန်ခဲ့သော လအနည်းငယ်က ဝမ်းဝအောင်ပင် မစားရသော အရန်စစ်သည်လေး တစ်ယောက်က မျက်စိတစ်မှိတ် အတွင်း မွေးရာပါအဆင့် သို့ ရောက်ရှိသွားခြင်းမှာ သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမည် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တွင် ထူးခြားသော ရတနာများ ရှိနေမည်ဟု လူအများက သံသယ ဝင်ကြလိမ့်မည်။

ယခင်က ကျူးရှန်း ကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် သူက သတင်းမှား အချို့ကို လွှင့်ထုတ်ရန် လိုအပ်ပေသည်။ လူတိုင်း ယုံကြည်ရန် မဟုတ်သော်လည်း လူအများကို စိတ်ရှုပ်ထွေး သွားစေရန် ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ အမှန် နှင့် အမှား ရောထွေးနေမှု အောက်တွင် သူ၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်လာရခြင်း ကို အနည်းငယ် ဖုံးကွယ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ဤအရာကို အသုံးချကာ ဝမ်ဖန်ယွင် ကို လှည့်စားပြီး အရွက်လေးရွက် လင်ကျီး ကို ကြိုတင် ရယူနိုင်မည် ဖြစ်သည်။

"ပြဿနာ မရှိပါဘူး... အစ်ကိုဝမ် က ဉာဏ်ကောင်းတဲ့ သူ တစ်ယောက် ဆိုတာ ကျုပ် ယုံကြည်ပါတယ်... ပြီးတော့... ခင်ဗျားကို ဒီကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်း က အစိုးရ ရဲ့ ပစ်မှတ် က ဝမ်ရှိုခြံဝင်း မဟုတ်ဘဲ လုမိသားစု ဖြစ်တယ် ဆိုတာကို ပြောပြချင်လို့ပါပဲ... အင်အားစု ခြောက်ခု ထဲမှာ လုမိသားစု ရဲ့ စွမ်းအား နဲ့ ဂုဏ်သိက္ခာ က အလယ်အလတ် အောက်ပိုင်း မှာပဲ ရှိတာ... သူတို့ကို ဖျက်ဆီးပစ်လိုက်ရင် အစိုးရ အနေနဲ့ တခြားသူတွေကို သတိပေးရာ ရောက်သွားမှာပေါ့... ပြီးတော့ ကျုပ် ကလည်း ခင်ဗျားရဲ့ အရင်က ရန်ကြွေးကို အပြီးတိုင် ပြန်ဆပ်ပေးနိုင်တာပေါ့..."

ကျန်းချဲ့က လုံးဝ ဟန်ဆောင်ထားခြင်း မရှိဘဲ အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုရင် အစ်ကိုကျန်း က ဒီစိန်ခေါ်ပွဲ မှာ သေချာပေါက် နိုင်မှာပေါ့..."

ဝမ်ဖန်ယွင် ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

ကျန်းချဲ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး -

"သေချာပေါက် နိုင်မယ် လို့ ပြောရင်တော့ အရမ်း မောက်မာရာ ကျသွားမှာပေါ့... အင်း... နိုင်ဖို့ အခွင့်အရေး က ကိုးဆယ့်ရှစ် ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်..."

"ကိုးဆယ့်ရှစ် ရာခိုင်နှုန်း..."

ဝမ်ဖန်ယွင် တစ်ယောက် စကားပြောမရအောင် ဆွံ့အသွားခဲ့သည်။

'ဒါက သေချာပေါက် နိုင်မယ် ဆိုတာနဲ့ ဘာကွာလို့လဲ။'

'သို့သော် ကျန်းချဲ့ ပြောသည်မှာ တကယ်ပဲ အမှန်လား။'

သူ အလှည့်စား ခံရမည်ကို လုံးဝ မလိုလားပေ။

"ဘယ်လိုလဲ... ဒီစီးပွားရေး ကို အစ်ကိုဝမ် အတူတူ လုပ်ချင်လား..."

ကျန်းချဲ့က သူ့ကို စဉ်းစားချိန် မပေးဘဲ ချက်ချင်း ထပ်မေးလိုက်သည်။

ဝမ်ဖန်ယွင် က မျက်လုံး မှိတ်ကာ သေချာ စဉ်းစားလိုက်ပြီး အချိန်အနည်းငယ် ကြာပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ စားပွဲကို တစ်ချက် ရိုက်လိုက်သည်။

"ကောင်းပြီ... အစ်ကိုကျန်း ကို တစ်ခါလောက် ယုံကြည်လိုက်မယ်... ဒီကိစ္စကို လက်ခံတယ်..."

ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူ၏ လီဆယ် ပြောဆိုမှုများက တကယ်ပဲ အသုံးဝင်ခဲ့ပြီး အရင်းအနှီး မစိုက်ဘဲ အကျိုးအမြတ် ရရှိသွားခဲ့ပေသည်။

ထို့နောက် သူက ချက်ချင်းပင် စာရွက် တစ်ရွက်ပေါ်တွင် အကြွေးစာချုပ် တစ်ခုကို ရေးလိုက်ပြီး မြို့တော်ဝန်ရုံး ၏ တံဆိပ်တုံးကို ရိုက်နှိပ်ကာ ဝမ်ဖန်ယွင် ကို ပြသလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျုပ်မှာ တောင်းဆိုချက် တစ်ခုတည်း ရှိပါတယ်... အတိုတောင်းဆုံး အချိန် အတွင်း အရွက်လေးရွက် လင်ကျီး ကို ပို့ပေးပါ..."

"ကောင်းပါပြီ..."

...

ထိုက်ဆန်း မြို့တော်ဝန်ရုံး အရှေ့တွင်။

ကိစ္စများ ပျံ့နှံ့လာသည်နှင့်အမျှ ဤနေရာတွင် စုဝေးလာသော သိုင်းသမားများ ကလည်း ပိုမို များပြားလာပြီး အချင်းချင်း ဆွေးနွေး ပြောဆိုနေကြပေသည်။

"ဟေ့... ရိခုန်း ဆရာတော် ရဲ့ စိန်ခေါ်မှုကို ကျန်းချဲ့ က လက်ခံမယ်လို့ မင်းတို့ ထင်လား..."

"ပြောရ ခက်တယ်..."

"ဟုတ်တယ်... ရိခုန်း ရဲ့ ကျင့်ကြံမှု စွမ်းအားကို လူတိုင်း အသိပဲလေ... သူက အလွယ်တကူ အနိုင်ယူလို့ ရမယ့် သူမှ မဟုတ်တာ..."

"မင်း စကားကလည်း... ကျန်းချဲ့ က လုရှင်းယွင် ကိုတောင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာ... သူကကော အလွယ်တကူ အနိုင်ယူလို့ ရမယ့်သူ ဖြစ်နေလို့လား..."

"အဲဒါလည်း ဟုတ်တာပဲ... ဒီတစ်ခေါက် ကတော့ တူညီတဲ့ စွမ်းအားတွေ ထိပ်တိုက် တွေ့ကြပြီပေါ့..."

"တကယ်လို့ ကျန်းချဲ့ သာ စိန်ခေါ်မှုကို လက်မခံရဲဘူး ဆိုရင် သူ ရိခုန်း ဆရာတော် ကို ကြောက်နေတယ် လို့ ဆိုလိုတာ မဟုတ်ဘူးလား..."

"ကျွတ်... ကျွတ်... ကျွတ်... အချိန် နှစ်နာရီ ကျော်တောင် ကြာနေပြီလေ... မောက်မာ ရိုင်းစိုင်းတဲ့ ဒီတပ်မှူးကြီးကျန်း က တကယ်ပဲ စိန်ခေါ်မှုကို လက်မခံချင်လို့ နေမှာပါ... မဟုတ်ရင် အစောကြီး ကတည်းက ထွက်လာလောက်ပြီ..."

"မသေချาသေးပါဘူး... မြို့တော်ဝန်ရုံး က စစ်သည်တွေ ဘယ်သူ့ကိုမှ မနှင်ထုတ်တာ မင်းတို့ မမြင်ဘူးလား... ကျန်းချဲ့ က မြို့ထဲမှာ မရှိလို့လည်း ဖြစ်နိုင်တယ်လေ..."

ဆူညံနေသော အသံများ ကြားတွင် ခန့်မှန်းချက် မျိုးစုံ ထွက်ပေါ်နေပေသည်။ သို့သော် ကျန်းချဲ့ က အချိန်ကြာမြင့်သည် အထိ ထွက်မလာသောအခါ သိုင်းသမား အများစု က ကျန်းချဲ့ အကြောက်လွန်နေသည်ဟု ထင်မြင်လာကြသည်။

လုမိသားစု က ကြိုတင် စီစဉ်ထားသော လူအချို့ ကလည်း လှောင်ပြောင် ပြောဆိုနေကြပေသည်။ ကျန်းချဲ့ က ကြောက်ရွံ့နေပြီး စိန်ခေါ်မှုကိုပင် လက်မခံရဲကြောင်း၊ ယခင်က လုအိမ်တော်သခင် နှင့် တိုက်ခိုက်စဉ်က ဒဏ်ရာရသွား၍ ဖြစ်မည်ဟု ပြောဆိုနေကြသည်။

သို့သော် မြို့တော်ဝန်ရုံး တံခါးဝတွင်မူ အမြဲတမ်း တိတ်ဆိတ် ငြိမ်သက်နေပေသည်။ အစောင့်များ က မျက်လုံး လွှဲဖယ်ခြင်း မရှိဘဲ တံခါးဝရှိ ဘုန်းကြီးကို လုံးဝ မမြင်သကဲ့သို့ပင် နေထိုင်ကြသည်။

အထက်မှ အမိန့်ပေးထားပြီး ဖြစ်သဖြင့် မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်ခွင့် မရှိပေ။

ကျွိ...

ဆွေးနွေး ပြောဆိုသံများ ကြားတွင် တင်းကြပ်စွာ ပိတ်ထားသော မြို့တော်ဝန်ရုံး ၏ တံခါးကြီး က ဖြည်းညင်းစွာ ပွင့်လာရာ နေရာတွင် ရှိနေသော လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။

သို့သော် ထွက်လာသူကို သေချာ မြင်လိုက်ရသောအခါ လူအများအပြား ၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာသူမှာ ကျန်းချဲ့ မဟုတ်ဘဲ သူ၏ လက်အောက်ရှိ တပ်မှူးငယ် ကန်းတာပြောင် သာ ဖြစ်သောကြောင့်ပင်။

ကန်းတာပြောင် က အေးစက်သော မျက်နှာထားဖြင့် ဘုန်းကြီး၏ အရှေ့သို့ လျှောက်လာပြီး အပေါ်စီးမှ ကြည့်ကာ မေးလိုက်သည်။

"မင်းက စိန်ခေါ်ချင်တာလား..."

လူငယ် ဘုန်းကြီး က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

"စိန်ခေါ် တိုက်ခိုက်ချင်တာက ဘုန်းဘုန်း မဟုတ်ပါဘူး... ဘုန်းဘုန်း ရဲ့ အစ်ကိုတော် ရိခုန်း ပါ... ဒကာကြီးကျန်း က ဘယ်မှာလဲ... ဘာဖြစ်လို့ ထွက်မလာတာလဲ..."

"မင်းလို လူမျိုးက တပ်မှူးကြီးကျန်း ကို ထွက်လာအောင် လုပ်ဖို့ အရည်အချင်း ရှိလို့လား..."

ကန်းတာပြောင် က အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒီလိုဆိုတော့ တပ်မှူးကြီးကျန်း က စိန်ခေါ်မှုကို လက်မခံရဲဘူး ပေါ့လေ..."

"ဟေ့ကောင် ကတုံး... မင်းက ဘယ်အဆင့်မို့လို့ ငါတို့ တပ်မှူးကြီး ကို လာဝေဖန်နေတာလဲ... ငါ ပြောပြမယ်... ငါတို့ တပ်မှူးကြီး က အလုပ်တွေ အရမ်းများပြီး ထိုက်ဆန်းမြို့ ရဲ့ ပြည်သူ သိန်းနဲ့ချီတဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို တာဝန်ယူထားရတာ... မင်းတို့နဲ့ တိုက်ခိုက်ဖို့၊ စိန်ခေါ်တာကို လက်ခံဖို့ အချိန်မအားဘူး... မင်းတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း ကလည်း လာစိန်ခေါ်တိုင်း လက်ခံရအောင် အရည်အချင်း ရှိတာ မဟုတ်ဘူး... တကယ်လို့ တိုက်ခိုက်ချင်တယ် ဆိုရင် ရပါတယ်... ဒါပေမဲ့ စေတနာ ကိုတော့ အရင် ပြရမယ်..."

ကန်းတာပြောင် က ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကျန်းချဲ့ ကြိုတင် စီစဉ်ထားသည့် စကားများကို တစ်လုံးချင်း ကျယ်လောင်စွာ ပြန်လည် ပြောဆိုလိုက်သည်။

"ဘာ စေတနာ လဲ..."

"ဟုတ်တယ်လေ... တပ်မှူးကြီးကျန်း က ဘယ်လို စေတနာ မျိုးကို လိုချင်တာလဲ..."

"မြန်မြန် ပြောပြပါဦး..."

လူအများအပြား က တိုက်တွန်းကာ အော်ဟစ်နေကြသည်။

"ဒကာကြီး... သေချာ ရှင်းပြပေးပါ..."

ဘုန်းကြီး က မတ်တပ်ရပ်ကာ လက်တစ်ဖက်တည်းဖြင့် ယှက်၍ ပြောလိုက်သည်။

"ငါတို့ တပ်မှူးကြီးကျန်း ပြောတယ်... သူ ကိုယ်တိုင် ပါဝင် တိုက်ခိုက်ဖို့ ဆိုရင် ကုန်ကျစရိတ် က အရမ်း ကြီးတယ်တဲ့... မင်းတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း မှာ ခန္ဓာကိုယ် သန့်စင်တဲ့ ဆေးဖက်ဝင် ရတနာ ဖြစ်တဲ့ လော်ဟန်သီး ဆိုတာ အများကြီး ထွက်တယ် မဟုတ်လား... အကောင်းဆုံး လော်ဟန်သီး တစ်လုံး ကို စေတနာ အဖြစ် အရင် ပေးပို့လိုက်... တကယ်လို့ နှမြောနေတယ် ဆိုရင်တော့ စိန်ခေါ်ပွဲ ကို လုံးဝ မစဉ်းစားဘူး တဲ့..."

ကန်းတာပြောင် က ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

"လော်ဟန်သီး... အဲဒါတောင် အကောင်းဆုံး အမျိုးအစား ကို တောင်းတာတဲ့... ဟက်... ဒီကျန်းချဲ့ က တကယ်ကို လောဘ ကြီးတာပဲ..."

"ဟုတ်တယ်... ဒီပစ္စည်း က ငါတို့ ထိုက်အန်းဒေသ သိုင်းလောက မှာ ထွက်ပေါ်လာတဲ့ အကြိမ်အရေအတွက် က လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းတာလေ..."

"ငါ ထင်တာတော့ ကျန်းချဲ့ က သူ့ကိုယ်သူ ကျင်းယွမ် ဘုန်းကြီးကျောင်း က ရိခုန်း ဆရာတော် ကို မယှဉ်နိုင်ဘူး ဆိုတာ သိနေလို့ ဂုဏ်သိက္ခာ မကျအောင် ဒီလို အကြောင်းပြချက် ပေးလိုက်တာပဲ..."

"ငါလည်း အဲဒီလိုပဲ ထင်တယ်... စိန်ခေါ်ပွဲ မတိုင်ခင် ပွဲထွက်ကြေး အရင် တောင်းတာ ဘယ်မှာ ရှိလို့လဲ..."

"ဟုတ်တယ်... ဟုတ်တယ်..."

ကျန်းချဲ့ က ဤသို့ တောင်းဆိုလိုက်ခြင်းမှာ သူ၏ စွမ်းအား မလုံလောက်သဖြင့် စဉ်းစားထားသော အကြောင်းပြချက် တစ်ခု ဖြစ်သည်ဟု ပတ်ဝန်းကျင်ရှိ လူအများက ထင်မှတ်သွားကြသည်။

"ကဲ... ငါ ပြောစရာ ရှိတာတွေ အကုန် ပြောပြီးပြီ... မင်း ပြန်ရောက်ရင် သွားမေးလိုက်ဦး... လော်ဟန်သီး ကို စေတနာ အဖြစ် ပေးဖို့ သဘောတူလား မတူဘူးလား လို့... တကယ်လို့ သဘောမတူဘူး ဆိုရင် နောက်ပိုင်း ဒီမှာ လာပြီး အလကား စကားတွေ လာမပြောနဲ့တော့..."

ကန်းတာပြောင် က လက်ကာပြလိုက်ပြီး အနောက်ဘက်ရှိ လူများ၏ ဆွေးနွေး ပြောဆိုသံများကို ဂရုမစိုက်တော့ဘဲ ချက်ချင်း လှည့်ထွက်သွားတော့သည်။ လူငယ် ဘုန်းကြီး တစ်ပါးတည်းသာ မျက်မှောင်ကြုတ်လျက် ကျန်ရစ်ခဲ့သည်။

'မလာခင်က ဆရာတော် က ဒီလို ကိစ္စမျိုးကို သဘောတူရမလား မတူရဘူးလား ဆိုတာ မမှာလိုက်ဘူးလေ...'

ရိခုန်း ဘုန်းကြီး ၏ စိန်ခေါ်မှု နှင့် ကျန်းချဲ့၏ တုံ့ပြန်မှု က အပြင်သို့ ပျံ့နှံ့သွားပြီးနောက် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး တစ်ရက်တည်း အတွင်းမှာပင် ထိုက်ဆန်းမြို့ တစ်ခုလုံး၌ အပြည့်အဝ ပျံ့နှံ့သွားခဲ့သည်။

သိုင်းသမား မှန်သမျှ ပြောဆို ဆွေးနွေးသော စကား ငါးခွန်းတွင် သုံးခွန်းက ဤကိစ္စ အကြောင်းသာ ဖြစ်နေပေသည်။

အချို့သော လူများကလည်း ဤကိစ္စ၏ လျှို့ဝှက်ချက်များကို သိမြင်ကြပြီး လုမိသားစု က ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အကူအညီ တောင်းလိုက်ခြင်း ဖြစ်မည်ဟု ခန့်မှန်းမိကြသည်။ မဟုတ်လျှင် ရိခုန်း ဘုန်းကြီး က အကြောင်းပြချက် မရှိဘဲ ကျန်းချဲ့ကို ဘယ်လိုလုပ်ပြီး စိန်ခေါ်မည်နည်း။ ထိုသို့ လုပ်ဆောင်ခြင်းက သူ၏ စရိုက်နှင့် လုံးဝ မကိုက်ညီပေ။

အချို့သော လူများကလည်း ကျန်းချဲ့ က ချန်မိသားစု ခြံဝင်း တိုက်ပွဲတွင် ဒဏ်ရာ ရသွားသဖြင့် တိုက်ပွဲကို ရှောင်လွှဲရန် နည်းလမ်း ရှာနေခြင်း ဖြစ်မည်ဟု ထင်မှတ်ကြသည်။

မှန်ပါသည်။ လူအများစု၏ အမြင်တွင် ကျန်းချဲ့ က အကောင်းဆုံး လော်ဟန်သီး ကို တောင်းဆိုလိုက်ခြင်းမှာ တိုက်ပွဲကို ရှောင်လွှဲလိုသည့် အပြုအမူ တစ်ခုပင် ဖြစ်သည်။ ဤသည်မှာ ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အခက်တွေ့သွားစေရန် တမင်တကာ ပြုလုပ်ခြင်း ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာ လည်း များစွာ ကျဆင်းသွားမည် မဟုတ်ပေ။

သို့သော် အချို့ကမူ ဤသို့ ဖြစ်လေလေ ကျန်းချဲ့ကို လော်ဟန်သီး ပေးသင့်လေလေဟု ထင်မှတ်ကြသည်။ မည်သို့ပင်ဆိုစေ အနိုင်အရှုံး ကို သိမြင်နေရပြီ ဖြစ်ရာ လော်ဟန်သီး တစ်လုံးတည်းကို လုမိသားစု အနေဖြင့် ပေးနိုင်စွမ်း ရှိမည်သာ ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရလျှင် သူတို့ နှစ်ယောက်၏ ယှဉ်ပြိုင်မှုက လူအများအပြား ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။

တစ်ဖက်တွင် အသစ် ထွက်ပေါ်လာပြီး ပထမဆုံး အကြိမ်မှာပင် လုမိသားစု ခေါင်းဆောင် လုရှင်းယွင် ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့သည့် အင်အားကြီးသူ တစ်ယောက် ဖြစ်ကာ ယခင်က ထိုက်ဆန်းမြို့ အစောင့်များနှင့် လုံးဝ မတူညီသော သဘောထားကို ပြသထားသူ ဖြစ်သည်။

အခြား တစ်ဖက်တွင်မူ ထိုက်အန်းဒေသ ၏ တကယ့် ပါရမီရှင် ဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ် အတွင်း လူငယ် မျိုးဆက် သိုင်းသမားများ အားလုံးက လီတောက်ဖျင် နှင့် ရိခုန်း ဘုန်းကြီး တို့၏ အရိပ်အောက်တွင်သာ နေထိုင်ခဲ့ရကာ ဂုဏ်သိက္ခာ အလွန် ကြီးမားလှသူ ဖြစ်သည်။

ထိုနှစ်ယောက်၏ တိုက်ပွဲက မည်မျှ စိတ်လှုပ်ရှားဖွယ် ကောင်းမည် ဆိုသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ အထူးသဖြင့် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ဘုန်းကြီး ၏ စိန်ခေါ်စာ ထဲတွင် စိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင်မည် ဟု ရေးသားထားခြင်းပင် ဖြစ်သည်။

'ဒါက ဘာကို ဆိုလိုတာလဲ...'

'ရိခုန်း ဘုန်းကြီး ကလည်း စိတ်ဆန္ဒ ကို စောစောကတည်းက နားလည်ထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...'

'ဒါက ဘယ်လို ပါရမီ မျိုးလဲ... ဘယ်လောက်တောင် အံ့ဩစရာ ကောင်းတဲ့ အစွမ်းအစ မျိုးလဲ...'

လူအများအပြား ကို အံ့ဩ မှင်သက်သွားစေခဲ့သည်။

...

"လုဒါယကာကြီး... လက်ရှိ အခြေအနေ အရ ဆိုရင် ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ..."

ယွီရှန်း လုမိသားစု အတွင်း၌ ကျဲထန် ဘုန်းကြီး က ပြဿနာကို လုရှင်းယွင် ထံသို့ လွှဲချလိုက်သည်။ ရိခုန်း ကို ဆက်လက် တိုက်ခိုက်စေချင်လျှင် ရသော်လည်း အကောင်းဆုံး လော်ဟန်သီး ကိုတော့ ကျင်းယွမ် ဘုန်းကြီးကျောင်း က လုံးဝ ထုတ်ပေးမည် မဟုတ်ပေ။ မည်သူက ပြဿနာ စတင် ဖန်တီးသနည်း၊ ထိုသူကသာ ပေးဆပ်ရမည် ဖြစ်သည်။ မဟုတ်လျှင်တော့ စိန်ခေါ်ပွဲ ကို ရပ်တန့်လိုက်ရုံသာ ရှိတော့သည်။

သို့သော် လုရှင်းယွင် က အခက်အခဲ မျိုးစုံ ကျော်ဖြတ်ပြီးမှ ရှာတွေ့ခဲ့သော ဤနည်းလမ်းကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လျှော့မည်နည်း။ သူ ကလည်း လူအများစု၏ အမြင်နှင့် အတူတူပင် ဖြစ်သည်။ ကျန်းချဲ့ က ဤသို့ တိုက်ပွဲကို ရှောင်လွှဲနေခြင်းမှာ ထိုနေ့က တိုက်ပွဲတွင် အတွင်းဒဏ်ရာ ရသွားပြီး ယုံကြည်ချက် မရှိသောကြောင့် ဖြစ်ကြောင်း သေချာနေပေသည်။ မဟုတ်လျှင် လုံးဝ ဤသို့ ပြုလုပ်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူက ဤတိုက်ပွဲကို ဆက်လက် ဖြစ်ပွားစေချင်ပေသည်။ သူက ကျဲထန် ဘုန်းကြီး ကို တိုက်ရိုက် ပြောလိုက်သည်။

"ကျဲထန် ဆရာတော် စိတ်ချပါ... အကောင်းဆုံး လော်ဟန်သီး ရဲ့ ဈေးနှုန်း ကိုသာ ပြောပါ... ဒီကုန်ကျစရိတ် အားလုံးကို လုမိသားစု က တာဝန်ယူပါ့မယ်... ကျန်းချဲ့ ရဲ့ သိုင်းပညာ အခြေခံ အုတ်မြစ် ကို ဖျက်ဆီးပစ်နိုင်ဖို့ အတွက် ဆိုရင် ဒီလို ပြင်ပ ပစ္စည်းလေးတွေ ကို လု အနေနဲ့ မနှမြောပါဘူး..."

လုမိသားစု ၏ နှစ်ပေါင်း ရာချီ စုဆောင်းထားသော စည်းစိမ်များ အရ အကောင်းဆုံး လော်ဟန်သီး တစ်လုံး အတွက်လောက်တော့ သူ့ကို လုံးဝ ထိခိုက်စေမည် မဟုတ်ပေ။

'တိုက်ရမယ်...'

'မဖြစ်မနေ တိုက်ရမယ်...'

"ဘုန်းဘုန်း လည်း အဲဒီလိုပဲ ထင်ပါတယ်..."

ကျဲထန် ဘုန်းကြီး က သူ့ကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်သည်။ ယခင်က ရိခုန်း ကို ဖိတ်ခေါ်စဉ်က သူ တစ်ခါ အကျိုးအမြတ် ရခဲ့ပြီး ဖြစ်ရာ ယခု လော်ဟန်သီး ကိစ္စတွင်လည်း လုမိသားစု ထံမှ နောက်ထပ် အကျိုးအမြတ် တစ်ခု ရယူရဦးမည် ဖြစ်သည်။ တစ်ယောက်ယောက်တော့ သွေးထွက်ရမည် မဟုတ်ပါလား။

မဟုတ်လျှင် ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ အလှူငွေများ ကို ဘယ်သူက ထည့်ဝင်မည်နည်း။ သူ ပုံမှန် သောက်သုံးနေသော ဟယ်ရှင်း လက်ဖက်ရည်၊ ကျင့်ကြံရေး အတွက် အသုံးပြုသော ဆေးလုံးများနှင့် ရတနာများ ကို ဘယ်သူက ပေးမည်နည်း။

'သေချာပေါက် လုမိသားစု ပင် ဖြစ်ပေသည်။'

ထို့နောက် သူက လုရှင်းယွင် ထံသို့ ဈေးနှုန်း တစ်ခုကို ပြောပြလိုက်သည်။ ပေါ်တင် ခြိမ်းခြောက် ငွေညှစ်ခံရသည်ကို သိနေလျှင်တောင် လုရှင်းယွင် အနေဖြင့် သဘောတူရမည် ဖြစ်ပြီး ကျဲထန် ဘုန်းကြီး ကို မျက်နှာချိုသွေးကာ ပြုံးပြ၍ ပြောလိုက်ရပေသည်။

"ကောင်းပါပြီ... ဆရာတော် သဘောပါပဲ..."

"လုဒါယကာကြီး က တကယ်ကို ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နိုင်စွမ်း ရှိသူပါပဲ…”

All Chapters