အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) မွေးရာပါ အစပိုင်းအဆင့်၏ အထွတ်အထိပ်... အရှိန်အဝါ အပြည့်ဖြင့် ထွက်ပေါ်လာခြင်း...
မြို့တော်ဝန်ရုံး အတွင်း၌။
ကျန်းချဲ့ က စိတ်ကို ငြိမ်သက်စွာ ထား၍ မျက်လုံးမှိတ်ကာ အသက်ရှူ မှန်မှန် ရှူရှိုက်နေပေသည်။
အပြင်ဘက်မှ ဆူညံနေသော အသံများကို သူ ကောင်းစွာ သိရှိနေသော်လည်း အပြင်သို့ ထွက်သွားမည့် အရိပ်အယောင် လုံးဝ မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံး ယဇ်ပူဇော်စရာ ပစ္စည်း ပြည့်စုံလာမည့် အချိန်ကို သူ စောင့်ဆိုင်းနေသောကြောင့်ပင်။ ယဇ်ပူဇော်ပြီးမှသာ အပြင်သို့ ထွက်သွားမည် ဖြစ်သည်။
ထိုသို့ဆိုမှသာ ချီဆန်းကျား ကို သူ ကတိပေးထားသော ခုနစ်ဆယ် ရာခိုင်နှုန်း ယုံကြည်ချက် အပြည့်အဝ ရှိမည် ဖြစ်သည်။
ကျန်းချဲ့ က မည်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါစေ လုံးဝ ပေါ့ဆလေ့ မရှိဘဲ ခြင်္သေ့ တစ်ကောင် ယုန်ကို ဖမ်းသကဲ့သို့ အစွမ်းကုန် အသုံးပြုလေ့ ရှိပေသည်။
သူ လေ့လာထားသလောက် ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ရိခုန်း ဘုန်းကြီး က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး တိုက်ခိုက်မှု အလွန် နည်းပါးသော်လည်း ဖူလုံကျောင်းတော် မှ လီတောက်ဖျင် နှင့် အတူ ထိုက်အန်းဒေသ ၏ နံပါတ်တစ် ပါရမီရှင် နေရာတွင် ခိုင်မာစွာ ရပ်တည်နေနိုင်ပေသည်။
ဤအချက် တစ်ခုတည်းကပင် သူ၏ ထူးခြားမှုကို ဖော်ပြနေပေသည်။ အထူးသဖြင့် တစ်ဖက်လူက စိတ်ဆန္ဒ ကိုပါ နားလည်ထားသေးသည်။
သူ၏ စွမ်းအားက သေချာပေါက် အလွန် ကြီးမားမည် ဖြစ်ပြီး ရွှမ်ချောင် အဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေသူ တစ်ယောက် လည်း ဖြစ်နိုင်ပေသည်။
သူ ကိုယ်တိုင်လည်း အထွတ်အထိပ် သို့ ရောက်ရှိမှသာ စိတ်အေးနိုင်မည် ဖြစ်သည်။
ဤတိုက်ပွဲ က သူ ထိုက်ဆန်းမြို့ အစောင့် အဖြစ် တာဝန်ကျပြီးနောက် ဒုတိယမြောက် တိုက်ပွဲ ဖြစ်သလို ချီဆန်းကျား အား သူ၏ တန်ဖိုးကို ထုတ်ဖော် ပြသမည့် တိုက်ပွဲ လည်း ဖြစ်ပေသည်။ သူသာ နိုင်မည် ဆိုပါက ဖိအားများ မည်မျှပင် ကြီးမားစေကာမူ ချီဆန်းကျား အနေဖြင့် သူ့ကို ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ထားပေသည်။
ယခင်က လျိုကျစ် ၏ ရင်းနှီးမြှုပ်နှံမှု ကဲ့သို့ပင် ဖြစ်သည်။ ကိုယ်ပိုင် တန်ဖိုးကို အဆက်မပြတ် ထုတ်ဖော် ပြသနိုင်မှသာ အဆုံးမရှိသော ရင်းနှီးမြှုပ်နှံမှု များကို ရရှိနိုင်မည် ဖြစ်သည်။
ချင်းမင် ကျောက်စိမ်း က ဤသို့ပင် ဖြစ်ပြီး နဂါးသွေးမြက် ကလည်း ဤသို့ပင် ဖြစ်ကာ နောက်ပိုင်း ရရှိလာမည့် ယဇ်ပူဇော်စရာ ပစ္စည်းများ ကလည်း ဤနည်းအတိုင်းသာ ဖြစ်ပေလိမ့်မည်။
"ဒိုင်း..."
ကန်းတာပြောင် က အဓိက ခန်းမ အတွင်းသို့ အလျင်စလို ဝင်ရောက်လာပြီး ကျန်းချဲ့ ထံသို့ ကျောက်စိမ်း သေတ္တာလေး ကို လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။
"တပ်မှူးကြီး... လော်ဟန်သီး ရပါပြီ..."
ကျန်းချဲ့ က မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ အားကောင်းသော မွေးရာပါ အတွင်းအား တစ်ခု ထွက်ပေါ်လာပြီး ထိုကျောက်စိမ်း သေတ္တာလေးကို လက်ထဲသို့ ဆွဲယူလိုက်ကာ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
"မြို့တော်ဝန်ရုံး အဓိက ခန်းမ အပြင်ဘက်ကို ဘယ်သူမှ ပေးမကပ်နဲ့... ဖီဆန်တဲ့ သူရှိရင်... သတ်..."
"အမိန့်နာခံပါ့မယ်..."
ကန်းတာပြောင် က ခါးညွှတ် အရိုအသေပေးကာ အဓိက ခန်းမ အတွင်းမှ ထွက်ခွာသွားပြီး တံခါးကြီးကို တင်းကြပ်စွာ ပိတ်လိုက်သည်။ ထို့နောက် တံခါးစောင့် နတ်မင်းကြီး တစ်ပါး အလား ဓားကြီး တစ်လက် ကို ကိုင်ဆောင်ကာ အဓိက ခန်းမ တံခါးဝတွင် ရပ်လျက် မျက်လုံးများ ဖွင့်ကာ ပတ်ဝန်းကျင်ကို စောင့်ကြပ်နေတော့သည်။
အဓိက ခန်းမ အတွင်း၌။
ကျန်းချဲ့ က စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်ရာ ကျောက်စိမ်း သေတ္တာ အတွင်းရှိ ကလေးငယ် ပုံစံ လော်ဟန်သီး က အလင်းတန်း တစ်ခု အဖြစ် စုပ်ယူခံလိုက်ရသည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က တောင်းဆိုထားသော အကောင်းဆုံး လော်ဟန်သီး ဖြစ်ကြောင်း သေချာသွားခဲ့သည်။
အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ရာ ယဇ်ပူဇော်ရန်သာ ကျန်ရှိတော့သည်။
စိတ်အာရုံများကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နေရာ အတွင်းသို့ ဝင်ရောက်စေလိုက်ပြီး စနစ်တကျ စီထားသော ယဇ်ပူဇော်စရာ ပစ္စည်း လေးမျိုး ကို ကြည့်ကာ ကျန်းချဲ့ ၏ ရင်ထဲတွင် လုံးဝ တုန်လှုပ်ခြင်း မရှိတော့ပေ။
[ယဇ်ပူဇော်မည့် ပစ်မှတ် - နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အဆင့်ငယ်]
[ယဇ်ပူဇော်ရန် လိုအပ်ချက် - ယွမ်ချီ ကျောက်တုံး သုံးဆယ်၊ နဂါးသွေးမြက် တစ်ပင်၊ အကောင်းဆုံး လော်ဟန်သီး တစ်လုံး၊ အရွက်လေးရွက် ရွှမ်လင်ကျီး တစ်ပင်၊ သက်တမ်း ငါးနှစ် လျော့ကျမည်... ပူဇော်မည်လား]
'ပူဇော်မယ်...'
သူ၏ စိတ်ဆန္ဒ ပေါ်ထွက်လာသည် နှင့် တပြိုင်နက် ကျောက်တိုင် ပေါ်ရှိ သွေးရောင် မျဉ်းကြောင်းများ က တဖြည်းဖြည်း မြင့်တက်လာပြီး အလင်းရောင်များ တစ်လက်လက် တောက်ပလာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်သွားခဲ့သည်။
ထို့နောက် ကျောက်တိုင် ထံမှ မီးခိုးရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ယဇ်ပူဇော်စရာ ပစ္စည်းများ အပေါ်တွင် ရစ်ဝဲနေပေသည်။
ယွမ်ချီ ကျောက်တုံး သုံးဆယ်၊ နဂါးသွေးမြက်၊ အရွက်လေးရွက် လင်ကျီး နှင့် အကောင်းဆုံး လော်ဟန်သီး တို့က အစီအရီ ရှိနေကြသည်။
ခဏအကြာတွင် မီးခိုးရောင် အလင်းတန်း က လင်းလက်သွားပြီး မည်သည့် တုံ့ပြန်မှုမျှ ပြုလုပ်ခွင့် မပေးဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျောက်တိုင် အရှေ့တွင် ချထားသော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားကာ ကျောက်တိုင် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် အတွင်းမှ သက်စောင့်စွမ်းအင် တစ်ချို့ကို အတင်းအဓမ္မ စုပ်ယူသွားခြင်း ခံလိုက်ရသည်။
သက်တမ်း ငါးနှစ်။
လက်ရှိ အချိန်တွင် ကျန်းချဲ့ ထံ၌ သက်တမ်း တစ်ရာ့လေးဆယ့်ငါးနှစ် ကျန်ရှိနေသေးပေသည်။
လောလောဆယ် လုံလောက်စွာ သုံးစွဲနိုင်သဖြင့် စုပ်ယူခံလိုက်ရသော သက်တမ်း အတွက် သူ အရမ်းကြီး ဂရုမစိုက်မိပေ။
ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး စုပ်ယူခံလိုက်ရပြီးနောက် အစိမ်းရောင် နှင့် အနီရောင် အလင်းတန်း နှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျောက်တိုင် အတွင်း လှည့်ပတ်နေကာ ယခင် ယဇ်ပူဇော်ခဲ့သော အကြိမ်များ ကဲ့သို့ပင် အစိမ်းရောင် အလင်းတန်း က အရင်ဆုံး ရွေ့လျားသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့ ၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားခဲ့သည်။
ကျန်းချဲ့ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားပြီး အခြားသော စိတ်ကူးယဉ် ကမ္ဘာ တစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
သူ က လေထဲတွင် မတ်တပ်ရပ်နေပြီး လေကို စီးနင်းကာ ပျံသန်းနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ခြေအောက်တွင် အဆုံးအစ မရှိသော ပင်လယ်ပြင်ကြီး ရှိနေပြီး ပတ်ဝန်းကျင် က တိတ်ဆိတ် ငြိမ်သက်နေကာ သူ့မှလွဲ၍ အခြား မည်သည့် သက်စောင့်စွမ်းအင် နှင့် သက်ရှိများ လုံးဝ မရှိပေ။
အချိန်များ က တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။
ရုတ်တရက် သာယာနေသော ကောင်းကင်ပြင်ကြီး တွင် မည်းမှောင်သော တိမ်တိုက်များ စုဝေးလာပြီး မိုးကြိုးသံများ ထွက်ပေါ်လာကာ အောက်ဘက်ရှိ ငြိမ်သက်နေသော ပင်လယ်ပြင် တွင်လည်း လှိုင်းလုံးကြီးများ အဆက်မပြတ် ရိုက်ခတ်လာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခု က ပင်လယ် အောက်ခြေမှ ထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပုံသဏ္ဌာန် မရှိသော အရှိန်အဝါ များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
မောက်မာလွန်းလှသည်။
ရက်စက်လွန်းလှသည်။
မည်သည့် အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
"ဝုန်း..."
ကျန်းချဲ့ ပတ်ဝန်းကျင်ကို အာရုံခံနေစဉ်မှာပင် ခြေအောက်ရှိ ပင်လယ်ပြင် တွင် လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး လှိုင်းတံပိုးများ လှိမ့်တက်လာကာ ကြီးမားလှသော အရာကြီး တစ်ခု က ပင်လယ်ပြင်ကို ခွဲ၍ ထွက်ပေါ်လာခဲ့သည်။ သေချာ ကြည့်လိုက်သောအခါ ထိုအရာကြီး ၏ တကယ့် ပုံစံကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ အစိမ်းရောင် နဂါးကြီး တစ်ကောင်ပင် ဖြစ်သည်။
အရှည် ပေပေါင်း ရာချီ ရှိပြီး အကြေးခွံ များ ထင်ရှားစွာ ပါရှိကာ ဝမ်းဗိုက် အောက်တွင် ခြေသည်း လေးခု၊ ခေါင်းပေါ်တွင် သမင်ချို နှင့် မေးစေ့ အောက်တွင် မုတ်ဆိတ်မွေး များ ပါရှိပြီး သူ၏ မှတ်ဉာဏ်ထဲရှိ နဂါး ၏ ပုံစံ နှင့် အတိအကျ တူညီနေပေသည်။
ထို အစိမ်းရောင် နဂါးကြီး က ကောင်းကင်နှင့် မြေကြီး ကြားတွင် လှည့်ပတ် သွားလာနေပြီး အဆက်မပြတ် ဟိန်းဟောက်နေပေသည်။
မည်းမှောင်သော တိမ်တိုက်များ နှင့် မိုးကြိုးသံများ ကြားတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပေသည်။
ခြေအောက်ရှိ ပင်လယ်ပြင် တွင်လည်း ရေနဂါး လေဆင်နှာမောင်း များ က အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်တွင် ကျန်းချဲ့ မှာ အလွန် သေးငယ်လွန်းလှပြီး အရေးမပါသော ဖုန်မှုန့်လေး တစ်မှုန့် နှင့် တူနေပေသည်။
"ဂါးးးး... ဂါးးးး..."
ကောင်းကင် တစ်ခုလုံး တုန်ဟီးသွားလောက်မည့် နဂါး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကျန်းချဲ့ ချက်ချင်း သတိဝင်လာခဲ့သည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီး ကြားတွင် သွားလာနေသော အစိမ်းရောင် နဂါးကြီး က သူ့ဆီသို့ တည့်တည့် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူတို့ နှစ်ယောက် ကြားမှ အကွာအဝေး က တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
နဂါးစိမ်းကြီး က ပါးစပ်ကို ဟလိုက်ရာ ဖိအား က အလွန် ကြီးမားလှပေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့ကို တစ်ခါတည်း မျိုချပစ်လိုက်သည်။
ထိုခဏမှာပင် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားပြီး အသိအမြင်များ အားလုံး သူ၏ စိတ်ထဲသို့ ဝင်ရောက်လာကာ ကျန်းချဲ့ လည်း သတိလည်လာခဲ့သည်။
မြို့တော်ဝန်ရုံး အဓိက ခန်းမ အတွင်း၌ ကျန်းချဲ့ က မျက်လုံးများကို ဖွင့်လိုက်ရာ အလင်းရောင်များ တောက်ပသွားခဲ့သည်။
'ဒါက နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ပဲ...'
'တကယ်ပဲ ကျန်းဟိုင်ဂိုဏ်း ရဲ့ ဂိုဏ်းစောင့် ကျင့်စဉ် ဖြစ်ဖို့ ထိုက်တန်ပါတယ်... တကယ်ကို အစွမ်းထက်ပြီး ရက်စက်လွန်းတယ်...'
သို့သော် သူ ဆက်လက် တွေးတော အချိန်မရလိုက်မီ နောက်ဆုံး အနီရောင် အလင်းတန်း ကလည်း ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုက်ဆန်း မြို့ပြင် တွင်။
ကန်းတာပြောင် က အကောင်းဆုံး လော်ဟန်သီး ကို ယူသွားပြီးနောက် အမွှေးတိုင် တစ်ဝက်လောက် လောင်ကျွမ်းချိန် ကုန်ဆုံးသွားပြီ ဖြစ်ရာ ပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေသူများ မှာ အနည်းငယ် စိတ်မရှည် ဖြစ်လာကြပြီး ဆွေးနွေး ပြောဆိုလာကြသည်။
"ဒီကျန်းချဲ့ က လော်ဟန်သီး ယူပြီး ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်..."
"အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး... ဒီလောက် လူအများကြီး ရှေ့မှာ အခုမှ ကြောက်ပြီး ထွက်ပြေးတယ် ဆိုရင် သူ စုဆောင်းထားတဲ့ ဂုဏ်သိက္ခာ တွေ အကုန်လုံး ပျက်စီးသွားမှာပေါ့..."
"ငါလည်း အဲဒီလို မဖြစ်နိုင်ဘူး လို့ ထင်ပါတယ်... ဒါပေမဲ့ သူက ဘာဖြစ်လို့ အခုထိ ထွက်မလာသေးတာလဲ... အခု မွန်းတည့်ချိန် တောင် ရောက်နေပြီ မဟုတ်လား..."
"ကျွတ်... ကျွတ်... ခင်ဗျားတို့က ဘာတွေ လောနေတာလဲ... ကောင်းတဲ့ ဟင်း ဆိုတာ နောက်ကျမှ စားရတာလေ... စားရဖို့က အရေးကြီးတာပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းချဲ့ နောက်ဆုတ်သွားမယ် လို့တော့ ငါ မထင်ဘူး..."
"အစ်ကိုဝမ်... ဘယ်လို ထင်လဲ..."
လောင်းကြေး ထပ်ထားသော သိုင်းသမား တစ်စု က အကြည့်များကို ဝမ်ဖန်ယွင် ထံသို့ ရွှေ့လိုက်ကြသည်။
အကယ်၍ ကျန်းချဲ့ သာ တိုက်ပွဲကို ရှောင်လွှဲသွားမည် ဆိုပါက လောင်းကြေး များကို ဘယ်လို တွက်ချက်မည်နည်း။
ဝမ်ဖန်ယွင် က သူတို့ကို အရေးမစိုက်သကဲ့သို့ တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျန်းချဲ့ သာ တိုက်ပွဲကို ရှောင်လွှဲသွားရင် သေချာပေါက် ရိခုန်း ဆရာတော် နိုင်တယ်လို့ သတ်မှတ်ရမှာပေါ့..."
အပြင်ပန်းတွင် ခွေးအိုကြီး တစ်ကောင် ကဲ့သို့ တည်ငြိမ်နေသော်လည်း လက်တွေ့တွင်မူ ဝမ်ဖန်ယွင် တစ်ယောက် အလွန် ထိတ်လန့်နေပေသည်။
သူ၏ ရင်ထဲတွင် အဆက်မပြတ် အော်ဟစ်နေမိသည်။
'အစ်ကိုကျန်း...'
'ကျန်းသခင်ကြီး...'
'တပ်မှူးကြီးကျန်း...'
'ခင်ဗျား လုံးဝ တိုက်ပွဲကို ရှောင်မသွားပါနဲ့နော်... ကျုပ်ရဲ့ စည်းစိမ်တွေ အကုန်လုံး အဲဒီအပေါ်မှာ ပုံအောထားတာ... တကယ်လို့များ တိုက်ပွဲကို ရှောင်သွားရင်... ကျုပ်ရဲ့ စည်းစိမ်တွေ အကုန် ရောင်းချရင်တောင် အဲဒီ ယွမ်ချီ ကျောက်တုံး တွေကို လျော်နိုင်မှာ မဟုတ်ဘူး...'
ယခုအချိန်တွင် ကျန်းချဲ့ ထွက်ပေါ်လာပြီး စွမ်းအားများ ပြသသည်ကို သူက ဤနေရာရှိ မည်သူ့ထက်မဆို ပို၍ မြင်တွေ့ချင်နေပေသည်။ အကောင်းဆုံးကတော့ အရာအားလုံးကို ဖိနှိပ်နိုင်ပြီး သူ့ကို အမြတ်ကြီး ထွက်အောင် လုပ်ပေးနိုင်ရန် ဖြစ်ပေသည်။
"ကျန်းချဲ့ က တကယ်ပဲ ကြောက်သွားတာလား..."
လုဖျင်ကျိုး က ပတ်ဝန်းကျင်မှ လူများ၏ လွှမ်းမိုးမှု အောက်တွင် ဤအတွေးမျိုး ဝင်လာခဲ့သည်။ လော်ဟန်သီး လည်း ပေးပြီးပြီ ဆိုတော့ ဘာတွေ အချိန်ဆွဲနေတာလဲ။
"အရင် လောမနေနဲ့ဦး... ဒီကောင်လေး က ထင်ထားသလောက် မရိုးရှင်းဘူး..." လုရှင်းယွင် က ပြိုင်ဘက်ကို အထင်မသေးဘဲ သေချာ ဂရုစိုက်သင့်ကြောင်း ပြောလိုက်သော်လည်း ရိခုန်း သေချာပေါက် နိုင်မည်ဟု သူ ထင်မှတ်ထားဆဲ ဖြစ်သည်။
သို့သော် တိုက်ပွဲ အချိန် နီးကပ်လာလေလေ သူ၏ ရင်ထဲတွင် စိုးရိမ်မှုများ ပိုမို တိုးပွားလာလေလေပင် ဖြစ်သည်။ အကယ်၍ ရိခုန်း သာ ရှုံးနိမ့်သွားပါက လုမိသားစု အနေဖြင့် ကျန်းချဲ့ကို အချိန်တို အတွင်း ဖြေရှင်းရန် လုံးဝ မျှော်လင့်ချက် မရှိတော့ပေ။
"ရှန်းရှန်း... ကျန်းချဲ့ ဘယ်လောက် အချိန်ကြာကြာ ခံနိုင်မယ် လို့ ထင်လဲ..."
လုဖျင်ကျိုး က အမှတ်တမဲ့ မေးလိုက်သည်။
"ရလဒ် ကိုပဲ စောင့်ကြည့်ကြတာပေါ့..."
ဟွမ်ရှန်းရှန်း က အေးဆေးစွာ ပြောလိုက်သည်။
သူမက သေချာပေါက် ကျန်းချဲ့ နိုင်စေချင်ပေသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ က သူမ၏ ယောက်ျား တစ်ဝက် ဖြစ်နေပြီ မဟုတ်ပါလား။ ရှားပါးလှသော အိမ်လေး အပြင်အဆင် ကိုပင် ကျန်းချဲ့ကို ပြသခဲ့ပြီး ဖြစ်သည်။
"တူတော်မောင် ရိခုန်း... မင်းက..."
ကျင်းယွမ် ဘုန်းကြီးကျောင်း မှ ဘုန်းကြီး တစ်စု က ရိခုန်း တစ်ယောက် လုံးဝ အလောတကြီး မရှိဘဲ တင်ပျဉ်ခွေ ထိုင်ကာ တရားစာများ ရွတ်ဖတ်နေသည်ကို မြင်သောအခါ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ဒီအချိန်မျိုးမှာ တိုက်ပွဲ အတွက် တက်တက်ကြွကြွ ပြင်ဆင်နေသင့်တာ မဟုတ်ဘူးလား။
သူတို့ အားလုံးက ရိခုန်း ကို နိုင်ခြေ များသည်ဟု ထင်ထားကြသော်လည်း ကျန်းချဲ့ ကလည်း လုံးဝ အသုံးမကျသူ တစ်ယောက် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဓားစိတ်ဆန္ဒ ကို နားလည်ထားသော အင်အားကြီး သူ တစ်ယောက် ဖြစ်ရာ လုံးဝ အထင်သေး၍ မရပေ။
ရိခုန်း က မျက်တောင် တစ်ချက်မျှ မခတ်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"တရားစာ ရွတ်တာ ကလည်း ကျင့်ကြံတာ ပါပဲ..."
မွန်းတည့်ချိန် ၏ နေရောင်ခြည် က သူ၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်နေပြီး အဝေးမှ ကြည့်မည် ဆိုပါက သူ၏ ခန္ဓာကိုယ် ပေါ်တွင် အလင်းပြန်နေပြီး ရွှေမှုန့်များ ကြဲချထားသကဲ့သို့ ဖြစ်နေပေသည်။
"ဟေ့... ဟေ့... ကြည့်ကြပါဦး... လူတစ်ယောက် ထွက်လာပြီ..."
ဆူညံသံများ ကြားတွင် လူတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
ထိုအသံ က နေရာတွင် ရှိနေသော လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီး အားလုံးက အကြည့်များကို လှည့်ကြည့်လိုက်ကြသည်။
ချီဆန်းကျား က အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင် သားရဲကြီး တစ်ကောင်ကို စီးနင်းကာ ရောက်ရှိလာသည်။ ထိုသားရဲ ၏ ခန္ဓာကိုယ်တွင် အကြေးခွံများ ပါရှိပြီး ခေါင်းပေါ်တွင် ချွန်ထက်သော ဦးချို နှစ်ချောင်း ရှိကာ ခြေထောက် လေးဖက် ကလည်း အလွန် တောင့်တင်း ခိုင်မာပြီး ကြိုးတံတား ပေါ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်တည်း ဖြစ်သော်လည်း လူထောင်သောင်းချီ ရှိသော စစ်တပ်ကြီးကို ရင်ဆိုင်ရလျှင်ပင် လုံးဝ ကြောက်ရွံ့မည့်ပုံ မပေါ်ပေ။
"အဲဒါက ဘာမြင်းကြီးလဲ... အရမ်း ခန့်ညားတာပဲ..."
"အဲဒါ မြင်း မဟုတ်ဘူး... သားရဲ မျိုးကွဲ ချီကျောင် သားရဲ ပဲ..."
"ငါ... ငါ ထင်တာတော့ အဲဒီ သားရဲ က ခြေတစ်ချက် နင်းလိုက်ရင်တောင် ငါ့ကို သေစေနိုင်လောက်တယ်..."
လူအချို့ က ထိုသားရဲကြီး ကို ကြည့်ကာ ခြေထောက်များ တုန်ယင်လာပြီး ဖိအား ကြီးမားလှသော အရှိန်အဝါ တစ်ခု လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။
"မင်း ခံစားမိတာ မမှားပါဘူး... ဒီသားရဲ ရဲ့ ခန္ဓာကိုယ် ပေါ်က အကြေးခွံ အရောင် ကို ကြည့်ရသလောက် ဆိုရင်... မွေးရာပါ စွမ်းအား ရှိသင့်တယ်... သာမန် သိုင်းသမား တွေ က တကယ်ပဲ သားရဲ တစ်ကောင်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"ဒီလူ က လက်နက်ကိုင်တပ်ဖွဲ့ ရဲ့ တပ်မှူးချုပ်ကြီး ချီဆန်းကျား လား..."
"ထိုက်အန်းဒေသ တစ်ခုလုံးမှာ သူ တစ်ယောက်တည်းပဲ ဒီလို သားရဲ ကို စီးနင်းဖို့ အရည်အချင်း ရှိတာလေ..."
ကျင်းယွမ် ဘုန်းကြီးကျောင်း၊ ဖူလုံကျောင်းတော်၊ ကျန်းဟိုင်ဂိုဏ်း အစရှိသော အင်အားစုများ မှ သိုင်းသမား များ ကလည်း ယခုအခါတွင် အလွန် အံ့ဩ တုန်လှုပ်သွားကြသည်။
ကျန်းချဲ့ က ချီဆန်းကျား ကို ကိုယ်တိုင် လာရောက် အားဖြည့်ပေးရန် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ဤသည်မှာ အလွန် ကြီးမားသော ဂုဏ်ယူစရာ ကိစ္စ တစ်ခု ဖြစ်ပြီး ထိုက်အန်းဒေသ တစ်ခုလုံးတွင် ဤတစ်ယောက်တည်းသာ ရှိမည်ဟု ထင်ရပေသည်။
ကျန်းချဲ့ က ချီဆန်းကျား ၏ လူယုံ ဖြစ်သည် ဆိုသော သတင်း က သူ ထွက်ပေါ်လာသည့် အချိန်ကစပြီး လုံးဝ အတည်ပြုသွားပြီ ဖြစ်သည်။
လုရှင်းယွင် က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်မှောင်ကြုတ် သွားခဲ့သည်။
ချီဆန်းကျား ဤနေရာတွင် ရှိနေသဖြင့် ရိခုန်း ဘုန်းကြီး အနေဖြင့် ကျန်းချဲ့ကို ဖျက်ဆီးပစ်ရန် မလွယ်ကူတော့ပေ။ အကယ်၍ ရိခုန်း သာ ရှုံးနိမ့်သွားပါက သူတို့ အနေဖြင့် အစိုးရ ကို ဖိအားပေးရန် လုံးဝ မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ချီဆန်းကျား ကိုယ်တိုင် ဤနေရာတွင် ရှိနေသောကြောင့်ပင်။
ထို့အပြင် သူတို့ အင်အားစု အသီးသီး တွင် ရှန်ကွမ်းအဆင့် အင်အားကြီး သူများ တစ်ယောက်မျှ ရောက်ရှိနေခြင်း မရှိပေ။
"ရိမင်... မင်း ကျောင်းတိုက်ကို အမြန် ပြန်သွားပြီး ဒီကိစ္စကို ကျောင်းထိုင်ဆရာတော် ဆီ သတင်းပို့လိုက်..." ကျဲထန် ဘုန်းကြီး က အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူ၏ ဘေးနားရှိ တပည့် ကို အမိန့်ပေးလိုက်သည်။ ချီဆန်းကျား ရောက်လာပြီ ဆိုမှတော့ ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ ကျောင်းထိုင်ဆရာတော် ကသာ သူ့ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ရွယ်တူချင်း စိန်ခေါ် တိုက်ခိုက်ရာတွင် အမျှတဆုံး အချက်မှာ နှစ်ဖက်စလုံးတွင် နောက်ခံ အင်အားကြီး သူများ ကိုယ်တိုင် လာရောက် ကြည့်ရှုနေခြင်းပင် ဖြစ်သည်။
မဟုတ်လျှင် တရားမျှတမှု ဆိုသည့် စကားလုံး လုံးဝ ရှိမည် မဟုတ်ပေ။
ချီဆန်းကျား က မျက်လုံး မှေးကျဉ်းလိုက်ရာ သူ၏ အရှိန်အဝါ က တောင်တန်းကြီးများ နှင့် နက်ရှိုင်းသော ပင်လယ်ပြင်ကြီး ကဲ့သို့ ခန့်မှန်း၍ မရနိုင်အောင် ဖြစ်နေပေသည်။ သူက ချီကျောင် သားရဲ ၏ ဇက်ကြိုးကို ဖွဖွလေး ဆွဲကာ ရပ်တန့်စေလိုက်ပြီး ဤအတိုင်းသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
သူ တစ်ယောက်တည်း ရှိနေလျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
ချီဆန်းကျား ရောက်ရှိလာသည့် အချိန်မှစပြီး ကျန်းချဲ့ တိုက်ပွဲ ရှောင်သွားသည် ဟု ပတ်ဝန်းကျင်မှ လူများ က ဆက်လက် မပြောဆိုရဲကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသာ တိုက်ပွဲ ရှောင်ပြီး ထွက်ပြေးသွားပါက ချီဆန်းကျား ၏ မျက်နှာကို အိုးမည်း သုတ်လိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။
မည်သို့ပင် ဖြစ်စေ သူက အတင်း တောင့်ခံထားရမည် ဖြစ်သည်။
ယခုအချိန်တွင် သူတို့ အားလုံး ဆွေးနွေးနေကြသည်မှာ ကျန်းချဲ့... ဘယ်လောက် အချိန်ကြာကြာ ထပ်စောင့်နေဦးမလဲ ဆိုသည်ကိုပင် ဖြစ်သည်။
ထိုခဏမှာပင် ချီဆန်းကျား က မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး ထိုက်ဆန်း မြို့တော်ဝန်ရုံး ဘက်သို့ လှည့်ကြည့်လိုက်သည်။ လုမိသားစု ခေါင်းဆောင် လုရှင်းယွင်၊ ကျဲထန် ဘုန်းကြီး နှင့် ဤနေရာတွင် ရှိနေသော မွေးရာပါအဆင့် သိုင်းသမား များ အားလုံး ကလည်း ထူးခြားမှုကို သတိထားမိလိုက်ကြသည်။
ထိုဧရိယာ တစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီ စွမ်းအင်များ စုဝေးလာသည်ကို ခံစားမိလိုက်ကြသည်။
"တိုက်ပွဲ မစခင် အဆင့်တက်တာလား..."
ဤသည်မှာ လူတိုင်း၏ ရင်ထဲတွင် ပေါ်လာသော အတွေးတစ်ခု ပင် ဖြစ်သည်။
ကျန်းချဲ့ က တိုက်ပွဲ ရှောင်နေခြင်း မဟုတ်ဘဲ အဆင့်တက်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်ပေသည်။
ယခုအချိန်တွင် မြို့တော်ဝန်ရုံး ၏ အပေါ်ဘက် ကောင်းကင်ယံ တွင် ကောင်းကင်နှင့် မြေကြီး ယွမ်ချီ စွမ်းအင်များ က လေဆင်နှာမောင်း တစ်ခု အဖြစ် စုဝေးလာပြီး အဓိက ခန်းမ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားခဲ့သည်။ အလွန် အားကောင်းလှပေသည်။
အဓိက ခန်းမ အတွင်း၌။
ကျန်းချဲ့ က တင်ပျဉ်ခွေ ထိုင်နေပြီး ယွမ်ချီ စွမ်းအင် အမျှင်တန်း များက ခေါင်းပေါ်ရှိ အပေါက် မှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။
ဒန်တျန် အတွင်းရှိ မွေးရာပါ တာအိုမျိုးစေ့ က ရွှေရောင် အလင်းများ တောက်ပလာပြီး ရွှေရောင် မြူခိုးများ ကလည်း မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တိုးပွားလာခဲ့သည်။
တဟုန်ထိုး တက်လာသည်။
တဟုန်ထိုး တက်လာသည်။
တဟုန်ထိုး တက်လာသည်။
ဤတစ်ကြိမ် တွင် ချန်မိသားစု ခြံဝင်း တွင် ဖြစ်ပွားခဲ့သော အခြေအနေ ထက် လှုပ်ရှားမှု ပို၍ ကြီးမားလာပြီး ယွမ်ချီ လေဆင်နှာမောင်း အသေးစားလေး တစ်ခု ပင် ဖြစ်ပေါ်လာခဲ့ရာ ဤတစ်ကြိမ် အဆင့်တက်ရန် မည်မျှ စွမ်းအင်များ အသုံးပြုရမည် ဆိုသည်ကို သိရှိနိုင်ပေသည်။
ကျင့်ကြံရေး က နောက်ပိုင်း ရောက်လေလေ ပို၍ ခက်ခဲလေလေ ဖြစ်ပြီး ရွှမ်ချောင် များကို ဖွင့်ရာတွင်လည်း အတူတူပင် ဖြစ်သည်။
လိုအပ်သော စွမ်းအင်များ က နှစ်ဆ တိုးပွားလာပေသည်။
လက်မောင်း၊ ရင်ဘတ်၊ ပါးပြင် နှင့် ခန္ဓာကိုယ် အနှံ့အပြား တွင် သူ၏ သွေးကြောများ က လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခု၏ အတင်းအဓမ္မ ဆွဲငင်မှု ကို ခံနေရပြီး လှည့်ပတ် စီးဆင်းနေကာ တစ်ကိုယ်လုံး တွင် အပူရှိန် များ ထွက်ပေါ်လာပြီး ရဲရဲနီနေပေသည်။
အဖြူရောင် မြူခိုးများ က ခေါင်းပေါ်တွင် ဖုံးလွှမ်းနေပြီး လေဆင်နှာမောင်း ကဲ့သို့ လှည့်ပတ်နေပေသည်။
ခေါင်းပေါ်တွင် အဖြူရောင် လေဆင်နှာမောင်း တစ်ခု စုဝေးနေသကဲ့သို့ ဖြစ်နေသည်။
ဒန်တျန် အတွင်း မြူခိုးများ အထွတ်အထိပ် သို့ ရောက်ရှိသွားချိန် တွင် သူ၏ ကျောပြင် ပေါ်တွင် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပဉ္စမမြောက် ရွှမ်ချောင် ပွင့်သွားပြီ ဖြစ်သည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ကျင့်ကြံမှု က ဆက်လက် မြင့်တက်လာပြီး လျှို့ဝှက် အပေါက်များ က တဖြည်းဖြည်း ပွင့်လာခဲ့သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
အချိန်တို အတွင်းမှာပင် ရွှမ်ချောင် များ အဆက်မပြတ် ပွင့်သွားခဲ့သည်။
သူ၏ ဒန်တျန် အတွင်းရှိ မြူခိုးများ ကလည်း ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ပြည့်လျှံ သွားသည့် အချိန် သည် ရွှမ်ချောင် အထွတ်အထိပ် သို့ ရောက်ရှိချိန် ပင် ဖြစ်သည်။
အချိန်များ က ဆက်လက် ကုန်ဆုံးသွားပြီးနောက် ရင်ဘတ် တွင် ရှိသော နောက်ဆုံး လျှို့ဝှက် အပေါက် ပွင့်သွားသည့် အချိန် တွင် ကျန်းချဲ့ ၏ ဒန်တျန် အတွင်းရှိ အတွင်းအား များ ကလည်း လုံးဝ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
ရွှမ်ချောင် ကိုးပေါက် လုံး ပွင့်သွားပြီး နတ်ဘုရား စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ် အတွင်းတွင် အလွန် ကြီးမားသော စွမ်းအားများ စီးဆင်းနေပြီး အရင်ကထက် အများကြီး သာလွန်နေကြောင်း ကျန်းချဲ့ ခံစားသိရှိနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်မှ အရှိန်အဝါ ကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
စုဆောင်းထားသော ဖိအားများ နှင့် လှုပ်ရှားနေသော သွေးသားများ ကြောင့် သူ က မနေနိုင်ဘဲ ကောင်းကင် သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
ကျန်းချဲ့ က မျက်လုံးများကို ဖွင့်လိုက်သည်။ ယဇ်ပူဇော်ခြင်း ပြီးဆုံးသွားပြီး အဆင့်တက်ခြင်း လည်း အောင်မြင်သွားပြီ ဖြစ်ရာ နောက်ထပ် ပြုလုပ်ရမည်မှာ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန်သာ ဖြစ်တော့သည်။
ကျန်းချဲ့ က ကောင်းကင်နှင့် မြေကြီး ၏ ယွမ်ချီ စွမ်းအင်များကို ဆွဲယူလိုက်သည့် အချိန်မှစ၍ ထိုက်ဆန်း မြို့ပြင် တွင် စုဝေးနေကြသော သိုင်းသမား အများအပြား က စတင် ဆွေးနွေး ပြောဆိုလာကြသည်။ အချို့က ကျန်းချဲ့ ၏ ပါရမီ က အလွန် ကြောက်စရာ ကောင်းကြောင်း အံ့ဩနေကြပြီး အချို့ကလည်း တိုက်ပွဲ မတိုင်မီမှ အတင်းအဓမ္မ ကြိုးစားနေခြင်း ဖြစ်သဖြင့် ဤတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မြင်နေကြသည်။
သို့သော် မည်သို့ပင် ပြောဆိုနေကြပါစေ နောက်တစ်စက္ကန့် တွင် အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် မြေကြီး ကြားတွင် နဂါး ဟိန်းဟောက်သံ ကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့်ပင် ဖြစ်သည်။
အဆုံးအစ မရှိဘဲ ကောင်းကင် အထိ ပျံ့နှံ့သွားခဲ့သည်။
"အရမ်း အားကောင်းတဲ့ မွေးရာပါ အတွင်းအား ပဲ..."
လုရှင်းယွင် က မနေနိုင်ဘဲ မှတ်ချက်ချလိုက်ပြီး ရင်ထဲတွင် မလုံခြုံမှု များ ပိုမို တိုးပွားလာခဲ့သည်။
ထို့နောက် နေရာတွင် ရှိနေသော လူအများ၏ အကြည့်များ က နောက်တစ်ကြိမ် စုဝေးသွားခဲ့ရာ ထိုက်ဆန်း မြို့ အတွင်းမှ ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင် သို့ ထိုးတက်လာပြီး အလွန် ကြီးမားသော အရှိန်အဝါ ဖြင့် သူတို့ ဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရွှေရောင် အလင်းတန်း ပျောက်ကွယ်သွားချိန် တွင် ထိုလူ၏ ပုံစံကို အားလုံး ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို စည်းနှောင်ထားကာ မတ်မတ် ရပ်တည်နေပြီး အေးစက်သော အကြည့်များ ရှိနေသည်။ သူ၏ ပတ်ဝန်းကျင်မှ အရှိန်အဝါ က တောင်တန်းကြီးများ နှင့် နက်ရှိုင်းသော ချောက်ကမ်းပါးကြီး ကဲ့သို့ ဖြစ်နေပြီး အားလုံးကို အပေါ်စီးမှ ကြည့်ရှုနေပေသည်။ ဤသူမှာ ကျန်းချဲ့ မဟုတ်လျှင် အခြား မည်သူ ဖြစ်နိုင်မည်နည်း။