အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) ရှန်းရှန်းက ရှေးရိုးစွဲဆန်တဲ့ မိန်းမကောင်းလေး တစ်ယောက်ပါ...
"တပ်မှူးကြီးကျန်းက ကျုပ်က ဒီကိစ္စနဲ့ လာနောက်နေတယ်လို့ ထင်နေတာလား..."
ချန်ရှန်တုန်းက တိုးတိုးလေး ရယ်မောလိုက်ပြီးနောက် ရပ်တန့်ကာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ကျန်းဟိုင်ဂိုဏ်းချုပ် ဖြစ်ဖို့ ကြိုတင်သတ်မှတ်ချက်က တပ်မှူးကြီးကျန်း အနေနဲ့ ဒီအစိုးရရာထူးကနေ အရင် နုတ်ထွက်ရမယ်... သိုင်းလောကသား တစ်ယောက် အနေနဲ့ ကျန်းဟိုင်ဂိုဏ်းချုပ် ဖြစ်လာမှသာ ဂိုဏ်းတွင်းက အသံတွေကို ဖိနှိပ်ထားနိုင်မှာ... ကျုပ်က နေရာဖယ်ပေးမယ် ဆိုတာ သေချာပေါက် အာမခံပါတယ်..."
သူက အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပေသည်။
ကျန်းချဲ့က နားထောင်ရင်း နားထောင်ရင်း ရယ်မောမိသွားသည်။
အစပိုင်းက ကောင်းကင်ပေါ်ကနေ မုန့်ဟင်းခါး အလကား ကျလာပြီဟု တကယ် ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ စည်းကမ်းချက်များ ပါဝင်နေသေးပေသည်။
အကယ်၍ ကျန်းချဲ့က ထိုက်ဆန်း မြို့စောင့် တပ်မှူး မဖြစ်လာခင်ကသာ ချန်ရှန်တုန်းက ဤကဲ့သို့သော ကမ်းလှမ်းမှုမျိုး လုပ်ခဲ့မည်ဆိုပါက သူ သဘောတူလက်ခံကောင်း လက်ခံနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျန်းဟိုင်ဂိုဏ်းက မည်မျှပင် ကျဆင်းနေပါစေ ထိုက်အန်းဒေသ၏ သိုင်းလောက အင်အားစု ခြောက်ခုထဲမှ တစ်ခု ဖြစ်နေဆဲပင် မဟုတ်ပါလား။
ထို့အပြင် ဂိုဏ်းအတွင်း၌ ရှန်ကွမ်းအဆင့် အင်အားကြီးသူ တစ်ဦးလည်း ရှိနေသေးပေသည်။
ဒါပေမဲ့ အခုတော့...
ကျန်းချဲ့က အဆင့်တူဖြစ်သော ယွီရှန်း လုမိသားစုကိုပင် ဖျက်ဆီးပစ်ရန် ပြင်ဆင်နေပြီ ဖြစ်ရာ ကျန်းဟိုင်ဂိုဏ်း တစ်ခုအတွက်နှင့် သူ ကြိုးစား ရုန်းကန်ပြီးမှ ရရှိလာသော နေရာကို ဘယ်လိုလုပ်ပြီး စွန့်လွှတ်နိုင်မည်နည်း။
ထိုက်ဆန်း မြို့စောင့် ရာထူးက အခြားသူများ၏ လက်ထဲတွင် ဘာမှ မဟုတ်ဘူးဟု ထင်ရနိုင်သော်လည်း...
သူ၏ လက်ထဲတွင်တော့ ကြီးမားလှသော လက်နက်ကြီး တစ်ခု ဖြစ်ပေသည်။
တရားဝင် လှုပ်ရှားခွင့် ရှိသည့် အနေအထား တစ်ခု ရှိနေပါက မည်သည့် အကြံအစည် နည်းလမ်းများကိုမဆို အသုံးပြုပြီး သူ လိုချင်သော ယဇ်ပူဇော်စရာ ပစ္စည်းများကို ရယူနိုင်ပေသည်။
ထို့အပြင် ချီဆန်းကျား၏ အကာအကွယ်လည်း ရှိနေသေးရာ ဂိုဏ်းချုပ် ရာထူး တစ်ခုထက် ပိုကောင်းနေသည် မဟုတ်ပါလား။
ကျန်းချဲ့က အခြေအနေကို ကောင်းစွာ ခွဲခြားနိုင်စွမ်း ရှိသဖြင့် ချက်ချင်းပင် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"စီနီယာကြီးချန် လူစား မှားသွားပြီ ထင်တယ်... ကျုပ် ဒီရာထူးကို ယူထားတာက ကိုယ့်အတွက် မဟုတ်ဘူး... ပြည်သူတွေ အတွက်၊ ထိုက်ဆန်းမြို့ကို ငြိမ်းချမ်းမှု ပြန်ပေးချင်တဲ့ အတွက်ပါ... ဂိုဏ်းချုပ် ရာထူးလေး တစ်ခု အတွက်နဲ့တော့ ဒီအရာတွေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူး..."
ချန်ရှန်တုန်း : "..."
ကျန်းချဲ့က ဤမျှ ပြတ်သားစွာ ငြင်းဆန်လိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ပေ။
ခဏတာမျှ သူ ကိုယ့်ကိုယ်ကိုယ်ပင် သံသယ ဝင်သွားမိသည်။
ကျန်းဟိုင်ဂိုဏ်းချုပ် ရာထူး၏ ဆွဲဆောင်နိုင်စွမ်းက ဒီလောက်တောင် ကျဆင်းသွားပြီလား။
ထိုက်ဆန်း မြို့စောင့် ရာထူးလေး တစ်ခုကိုတောင် မယှဉ်နိုင်တော့ဘူးလား။
အနည်းငယ် မကျေမနပ် ဖြစ်သွားသဖြင့် ဆက်လက် ဖျောင်းဖျလိုက်သည်။
"တပ်မှူးကြီးကျန်း... ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... မင်းရဲ့ ဒီရာထူးက အာဏာရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ နေရာတိုင်းမှာ ချုပ်ချယ်မှုတွေ ခံနေရတယ်... ပြီးတော့ မင်း ဘယ်လောက်ပဲ အမြင့်ကို ရောက်ရောက် လက်ထဲက အာဏာတွေက အစိုးရက ပေးထားတာချည်းပဲ..."
"တစ်နေ့ အာဏာ ကျသွားတာနဲ့ အရာအားလုံးက ဘာမှ မဟုတ်တော့ဘူး ဖြစ်သွားလိမ့်မယ်..."
"ဒါပေမဲ့ ကျန်းဟိုင်ဂိုဏ်းချုပ် ရာထူးက မတူဘူး... မင်း ဒီရာထူးပေါ် ရောက်တာနဲ့ ကျန်းဟိုင်ဂိုဏ်း ရဲ့ အရာအားလုံးကို မင်း စိတ်ကြိုက် သုံးစွဲခွင့် ရှိသွားပြီ... ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ အကုန်အကျခံပြီး ကူညီပေးဦးမှာ... ရွှမ်တန်အဆင့် ကို အဆင့်တက်နိုင်ဖို့ ဆိုတာတောင် လုံးဝ မဖြစ်နိုင်တာ မဟုတ်ဘူး..."
"ကျန်းဟိုင်ဂိုဏ်း မရှိလည်း ကျုပ် က မွေးရာပါအဆင့် မှာ တစ်သက်လုံး ပိတ်မိနေမှာ မဟုတ်ပါဘူး... ရွှမ်တန်အဆင့် ကလည်း ကျုပ် ရဲ့ အဆုံးသတ် မဟုတ်ဘူး..."
ဤသည်မှာ ကျန်းချဲ့၏ အဖြေပင် ဖြစ်သည်။
သူ၏ ယုံကြည်မှုများထဲမှ မြစ်ဖျားခံလာခြင်းလည်း ဖြစ်ပေသည်။
ယဇ်ပူဇော်စရာ ပစ္စည်းများ လုံလောက်စွာ ရှိနေသရွေ့ သူ၏ စိတ်ဆန္ဒ တစ်ချက်ဖြင့် ကျင့်ကြံမှုက အဆင့်ဆင့် တိုးတက်သွားမည်သာ ဖြစ်သည်။
သိုင်းပညာလမ်းစဉ်သို့ စတင် ဝင်ရောက်ခဲ့ချိန်မှ ယခုအထိ လပေါင်းခြောက်လ ခန့်သာ ရှိသေးသော်လည်း သာမန် သိုင်းသမားများ၏ ဆယ်နှစ်ကျော် ကျင့်ကြံမှု အချိန်များနှင့် ညီမျှနေခဲ့ပြီ ဖြစ်သည်။ သူ့အတွက် အဆင့်အတားအဆီး ဆိုသည်မှာ ဘယ်သောအခါမှ ပြဿနာ မဟုတ်ခဲ့ပေ။
ယဇ်ပူဇော်စရာ ပစ္စည်းများကသာ အဓိက ပြဿနာ ဖြစ်သည်။
ကျန်းဟိုင်ဂိုဏ်းက သူ့အတွက် လုံလောက်သော ယဇ်ပူဇော်စရာ ပစ္စည်းများ ထောက်ပံ့ပေးနိုင်မည်လား။
သေချာပေါက် မဖြစ်နိုင်ပေ။
ချန်ရှန်တုန်းက ကျန်းချဲ့၏ လေးနက်သော မျက်နှာထားကို ကြည့်ရင်း မည်သို့ပင် ကြည့်စေကာမူ ယုံကြည်ချက် မရှိသည့် ပုံစံမျိုး လုံးဝ မတွေ့ရပေ။ သို့သော် သူ၏ ယုံကြည်ချက်က ဘယ်ကနေ လာသနည်း။
ရွှမ်တန်အဆင့် ဆိုသည်မှာ မွေးရာပါအဆင့် နှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ကြောင်း သိထားရမည်။
ရွှမ်တန်အဆင့် စွမ်းအား ရှိနေပါက ပြည်နယ် တစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်စွမ်း ရှိပြီး သက်တမ်း အနှစ် သုံးရာ အထိ နေထိုင်နိုင်ကာ လှုပ်ရှားလိုက်သည်နှင့် မြေကြီးများ အက်ကွဲပြီး တောင်များ ပြိုကျကာ မြစ်ရေများပင် ရပ်တန့်သွားစေနိုင်သည်။ အစိုးရ အသိုင်းအဝိုင်းတွင် ဆိုလျှင်ပင် စစ်သူကြီး ရာထူးကို ရယူနိုင်စွမ်း ရှိပေသည်။
ခေတ်အဆက်ဆက် သူရဲကောင်း ဘယ်နှစ်ယောက်လောက်က ရွှမ်တန်အဆင့် မရောက်ခင်မှာ ပိတ်မိနေခဲ့ပြီး ရှေ့တစ်လှမ်းတောင် ဆက်တက်လို့ မရခဲ့ကြဘူးလဲ။
ချန်ရှန်တုန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး တိတ်ဆိတ်သွားကာ ကျန်းချဲ့ကို ဖျောင်းဖျ၍ မရနိုင်ကြောင်း သိရှိသွားသဖြင့် ချီးကျူးစကား ဆိုလိုက်သည်။
"တကယ်ကို လူငယ်ပီသပြီး တက်ကြွလန်းဆန်းနေတာပဲ..."
"စီနီယာကြီးချန်... အခု လောလောဆယ် ကျွန်တော်တို့ သဘောတူညီမှု မရနိုင်သေးဘူး ဆိုတော့ ဒီကိစ္စကို အချိန်အတိုင်းအတာ တစ်ခုလောက် အရင် ဘေးဖယ်ထားလိုက်ကြရအောင်... ကျွန်တော်တို့ နှစ်ဖက်စလုံးက အရောင်းအဝယ် လုပ်ဖို့ ဆန္ဒရှိနေသရွေ့ တစ်နေ့ကျရင် သဘောတူညီမှု တစ်ခု ရရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အခြေအနေကို ရောက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်..."
ကျန်းချဲ့က စကားအသွားအလာ ပြောင်းလိုက်ပြီး ဆက်လက် ဖိအားမပေးတော့ပေ။
သူ၏ လက်ရှိ စွမ်းအားဖြင့် ကောင်းကင်ယံ နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို ထုတ်ပေးရန် ကျန်းဟိုင်ဂိုဏ်းကို အတင်းအကျပ် ဖိအားပေး၍ မရနိုင်သေးသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့်သို့ ရောက်သွားလျှင်ကော... မွေးရာပါ နောက်ဆုံးပိုင်းအဆင့် ရှန်ကွမ်းအဆင့်သို့ ရောက်သွားလျှင်ကော...
ထိုအချိန်ကျမှ ပြန်လည် အရောင်းအဝယ် လုပ်မည်ဆိုပါက နှစ်ဖက် အင်အား အနေအထားမှာ အလွန် ကွာဟသွားပြီ ဖြစ်မည်။
သဘာဝကျကျပင် သဘောထား ကွဲလွဲမှုများလည်း ရှိတော့မည် မဟုတ်ပေ။
"ကောင်းပြီလေ..."
ချန်ရှန်တုန်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
ကျန်းချဲ့ကို ဖျောင်းဖျ၍ မရနိုင်သလို တိုက်ခိုက်၍လည်း မရနိုင်သဖြင့် ယခုလောလောဆယ်တွင် ဘေးဖယ်ထားပြီး အခြား နည်းလမ်းများကိုသာ စဉ်းစားရတော့မည် ဖြစ်သည်။ သို့မဟုတ်လျှင်လည်း... ကျန်းချဲ့ကို ဖိအား အနည်းငယ် ပေးရမည်။ အချုပ်အားဖြင့် ဆိုရလျှင် နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်ကို သူ သေချာပေါက် ပြန်လည် ရှာဖွေရမည် ပင် ဖြစ်သည်။
သေချာသည်မှာ ဤသည်မှာ နောက်ဆုံး မဖြစ်မနေ အခြေအနေမှသာ ဖြစ်ပေသည်။
ကျန်းချဲ့၏ တိုးတက်နိုင်စွမ်းကို သူ မြင်တွေ့နိုင်ပြီး ဤကဲ့သို့သော သူမျိုးကို ရန်သူ မဖွဲ့နိုင်ပါက အကောင်းဆုံး ပင် ဖြစ်သည်။
ရန်ငြိုးဖွဲ့မိသည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံး သေချေကြေကွဲ တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။
အထူးသဖြင့် ကျန်းချဲ့က ဤကဲ့သို့ ငယ်ရွယ်ပြီး သွေးဆူလွယ်သော စရိုက်မျိုး ရှိနေသဖြင့် ထိုအခြေအနေသို့ ရောက်သွားပါက အခြေအနေ ပြန်လည် ပြောင်းလဲရန် အလွန် ခက်ခဲသွားမည် ဖြစ်ပေသည်။
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... ဒီကျန်းဟိုင်ဂိုဏ်းချုပ် ရာထူး ကတော့ တပ်မှူးကြီးကျန်း အတွက် အမြဲတမ်း ဖွင့်ထားဆဲပါ... ဘယ်အချိန်ပဲဖြစ်ဖြစ် မင်း အစိုးရ ရာထူးကို စွန့်လွှတ်ချင်တဲ့ အချိန်တိုင်း ကျုပ် ရဲ့ ဒီကတိ က လုံးဝ ပျက်ပြယ်သွားမှာ မဟုတ်ဘူး..."
"စီနီယာကြီးချန် ရဲ့ ဆိုလိုရင်းကို ကျုပ် နားလည်ပါတယ်... တကယ်တမ်းတော့ ကျုပ် ကလည်း ကျန်းဟိုင်ဂိုဏ်း ကို အမြဲတမ်း မျှော်မှန်းနေခဲ့တာပါ... မိသားစု တစ်ခုတည်း မဖြစ်နိုင်ရင်တောင်မှ ပုံမှန် အချိန်တွေမှာ မိတ်ဆွေ အဖြစ် ဆက်ဆံသွားဖို့ ကလည်း ကျုပ် ရဲ့ ဆန္ဒ ပါပဲ..."
ကျန်းချဲ့က ပြုံးကာ ပြောလိုက်သည်။
"ကျုပ် ပဲဖြစ်ဖြစ်၊ ကျန်းဟိုင်ဂိုဏ်း ကပဲဖြစ်ဖြစ် တပ်မှူးကြီးကျန်း အတွက် ဒီတံခါးကို ဖွင့်ထားပေးဖို့ အမြဲတမ်း ဆန္ဒရှိပါတယ်..."
ချန်ရှန်တုန်းက ကျန်းချဲ့၏ ဆိုလိုရင်းကို သဘောပေါက်သွားသည်။ ကျန်းဟိုင်ဂိုဏ်းနှင့် ရန်သူ မဖြစ်ချင်ဘဲ ပူးပေါင်းလိုခြင်း ပင် ဖြစ်သည်။
"တိုက်ဆိုင်လိုက်တာ... ကျုပ် မှာလည်း အကူအညီ တောင်းစရာလေး တစ်ခု ရှိနေတယ်... စီနီယာကြီးချန် က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ကျန်းချဲ့က အချိန်အနည်းငယ် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။
"တပ်မှူးကြီးကျန်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."
"အခု လောလောဆယ် ကျုပ် ရဲ့ ကျင့်ကြံရေးမှာ အခက်အခဲလေး တစ်ခု ရှိနေပြီး ယန်သုံးပါး မြက် တစ်ပင် လိုအပ်နေတယ်... ကျန်းဟိုင်ဂိုဏ်း ထဲမှာများ အဲဒီပစ္စည်း ရှိနေမလား လို့ပါ..."
အကယ်၍ ကျန်းဟိုင်ဂိုဏ်း ထံမှ ရရှိနိုင်မည် ဆိုပါက ကျန်းချဲ့ အနေဖြင့် ဆေးဘုရင်တောင်ကြား နှင့် သွားရောက် ဆက်ဆံရမည့် အချိန်များကို သက်သာသွားစေမည် ဖြစ်ပေသည်။
"ယန်သုံးပါး မြက်..."
ချန်ရှန်တုန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးနောက် ခဏအကြာတွင် ခေါင်းခါပြလိုက်သည်။
"ဒီပစ္စည်း က အရမ်းကြီး တန်ဖိုး မကြီးဘူး ဆိုပေမဲ့ နည်းနည်း ရှားပါးတယ်... ထိုက်အန်းဒေသ ထဲမှာ ရှိချင် ရှိနိုင်ပေမဲ့ ရှာရတာ အချိန် အရမ်း ကုန်လိမ့်မယ်... တပ်မှူးကြီးကျန်း အနေနဲ့ ဆေးဘုရင်တောင်ကြား ကို တစ်ခေါက်လောက် သွားကြည့်ပါလား... သေချာပေါက် လက်ဗလာ နဲ့ ပြန်လာရမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်..."
"ကောင်းပြီ... သတိပေးတဲ့ အတွက် စီနီယာကြီးချန် ကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့ ၏ ရင်ထဲတွင် စိတ်ပျက်သွားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ကိုယ်တိုင် သွားရောက် ရယူရဦးမည် ပင် ဖြစ်ပေသည်။
သို့သော် ချန်ရှန်တုန်းက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ တပ်မှူးကြီးကျန်း ရဲ့ လက်ရှိ နာမည်ဂုဏ်သတင်း နဲ့ ဆိုရင် ဆေးဘုရင်တောင်ကြား က ဒီအရောင်းအဝယ် ကို သဘောတူချင်မှ တူလိမ့်မယ်... ကျုပ် က မင်းအတွက် တစ်ပင်လောက် ရှာပေးလို့ ရနိုင်ပါတယ်..."
"ဒါဆိုရင် အရမ်း ကျေးဇူးတင်ပါတယ်..."
"ကျေးဇူးတင်စရာ မလိုပါဘူး... တပ်မှူးကြီးကျန်း နောင်တစ်ချိန် သေချာ စဉ်းစားပြီးသွားတဲ့ အခါ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို ပြန်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."
ဤသည်မှာ ချန်ရှန်တုန်း ပြသလိုက်သော သဘောထား အမှန် ပင် ဖြစ်သည်။
ဤကဲ့သို့ လုပ်ဆောင်ခြင်းက ကျန်းချဲ့ကိုလည်း အလွန် သက်သောင့်သက်သာ ဖြစ်စေခဲ့သည်။
တကယ်ကို လူပါးဝတဲ့ အဘိုးကြီးပဲ... တွေးခေါ် စဉ်းစားပုံ တွေက တကယ်ကို ပြည့်စုံလွန်းတယ်။
သူ ရှန်ကွမ်းအဆင့် ကို ရောက်သွားသည့် အချိန်ကျလျှင်တော့ တောင်းဆိုချက် အနည်းငယ် လျှော့တောင်းပေးနိုင်ပေသည်။
မည်သို့ပင်ဆိုစေ သူ ကျန်းချဲ့ ဆိုသည်မှာလည်း ကိုယ်ကျင့်တရား ရှိသော လူတစ်ယောက် မဟုတ်ပါလား။
ရွှမ်ယွမ် ရေလေး ကို ရယူနိုင်ခဲ့ပြီး ချန်ရှန်တုန်း ၏ ကတိ ကိုလည်း ရရှိပြီးနောက် ယခုအခါ ကျန်းချဲ့ တွင် အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဟွမ်ရှန်းရှန်း ၏ ထိုလေပြေလေး ကိုသာ စောင့်ဆိုင်းနေရန် လိုအပ်တော့သည်။
ချန်ရှန်တုန်း ၏ အမြန်နှုန်း ကလည်း အလွန် မြန်ဆန်လှပေသည်။ ဒုတိယနေ့မှာပင် ကျူရှု က ယန်သုံးပါး မြက် ကို သူ့ထံသို့ လာရောက် ပို့ဆောင်ပေးခဲ့သည်။
"အစ်ကိုကျန်း... ဒါဆိုရင် ကျွန်တော် အရင်... ပြန်ခွင့်ပြုပါဦး..."
ကျန်းချဲ့ က သူ၏ စကားကို တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း မေးလိုက်သည်။
"အစ်ကိုကျူ... မွေးရာပါ ဝိညာဉ်စွမ်းအင် ကိစ္စ ကို ခဏလောက် ဘေးဖယ်ထားလိုက်ပါဦး... ကျွန်တော် နဲ့ ချန်ရှန်တုန်း တို့ သဘောတူညီမှု ရပြီးတာနဲ့ ဒီကိစ္စကို သေချာပေါက် လုပ်ပေးပါ့မယ်... ကတိပေးပြီးသား ဆိုတော့ ကျွန်တော် ကျန်းချဲ့ က ကတိဖျက်မှာ မဟုတ်ပါဘူး..."
ကျူရှု ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှု များ က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
"တပ်မှူးကြီးကျန်း အထင်လွဲနေပါပြီ... ကျွန်တော် က ဒီကိစ္စကို ဂရုစိုက်နေတာ မဟုတ်ပါဘူး..."
"ဟား ဟား ဟား... ကောင်းပါပြီ... အစ်ကိုကျူ ပြန်တော့လေ... ပြန်ရောက်ရင် မင်း အမေ ကို ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး..."
"ဟုတ်ကဲ့ပါ..."
---
"ခွေးကောင်... ငါ အရင်က မင်းကို ဘယ်လို သတိပေးထားခဲ့လဲ..."
ယွီရှန်း လုမိသားစု အတွင်း၌။ လုရှင်းယွင်က အလွန်ဒေါသထွက်နေပြီး အသုံးမကျသော သူ၏သားကို ဆူပူကြိမ်းမောင်းနေပေသည်။
ယခုလေးတင် သူ သိလိုက်ရသည်မှာ လုဖျင်ကျိုး၏ မင်္ဂလာပွဲ ကိစ္စက ထိုက်အန်းဒေသ အတွင်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ အပြင်ပန်းတွင် အတိအလင်း ကြေညာခြင်း မရှိသေးသော်လည်း အင်အားစု အချို့မှာ သေချာပေါက် သတင်းရရှိသွားကြပြီ ဖြစ်သည်။
အချို့က မင်္ဂလာ လက်ဆောင်များပင် ပို့လာကြပြီး စာတိုလေးများပါ ပူးတွဲ ပေးပို့လာကြသည်။ သူ က အသက်ကြီးလာလေလေ သတ္တိနည်းလာလေလေ ဖြစ်နေပြီး လုမိသားစုကို သူတို့ မွဲသွားအောင် စားပစ်မည်ကို ကြောက်ရွံ့နေသလား ဟု ရေးသားထားသဖြင့် သူ့ကို အလွန် မျက်နှာပျက်စေခဲ့သည်။
"အဖေ... သား အပြစ် လုပ်မိပါတယ်..."
လုဖျင်ကျိုးက ခေါင်းငုံ့ထားပြီး ပြန်မပြောရဲဘဲ ဤကိစ္စကို တိုက်ရိုက် ဝန်ခံလိုက်သည်။
"အခု လုမိသားစု နဲ့ ကျန်းချဲ့ က ရေနဲ့မီး လို ဖြစ်နေပြီ ဆိုတာ မင်း သိလား... အခု သူက အင်အား ကြီးမားနေတဲ့ အချိန်မှာ သူ့ရဲ့ တပ်တွေကို ခေါ်လာပြီး မင်္ဂလာပွဲ ကို လာနှောင့်ယှက်ရင် ဘယ်လို လုပ်မလဲ... ဘိုးဘေး တောင် ပြန်မရောက်သေးဘူး လေ..."
"ဖြန်း..."
ဆူပူကြိမ်းမောင်းနေရင်း လုရှင်းယွင်က သူ့သား၏ ပါးကို ဖြတ်ရိုက်လိုက်ရာ အလွန် သိသာထင်ရှားသော အနီရောင် လက်ဝါးရာကြီး တစ်ခု ကျန်ရစ်ခဲ့သည်။
မျက်လုံးများထဲတွင်လည်း ဒေါသမီးများ တောက်လောင်နေပြီး အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာလှပေသည်။
"ပြောစမ်း... ဟွမ်ရှန်းရှန်း ဆိုတဲ့ မိန်းမ မင်းကို ဒီလိုလုပ်ခိုင်းတာ မဟုတ်လား..."
လုရှင်းယွင်က လေးနက်သော အသံဖြင့် အဆက်မပြတ် မေးခွန်းထုတ်လိုက်သည်။
သို့သော် လုဖျင်ကျိုးက ဝန်မခံပေ။ သူက အရင်က ကတိပေးထားပြီးပြီ ဖြစ်ရာ ဟွမ်ရှန်းရှန်းကို ဖခင်ဖြစ်သူ၏ အပြစ်တင် ဆူပူမှု ထပ်ခံရအောင် မလုပ်ရက်နိုင်တော့သဖြင့် ချက်ချင်း ပြောလိုက်သည်။
"ရှန်းရှန်း နဲ့ မဆိုင်ပါဘူး... သား... သား က သူ့ကို လုမိသားစု ကို နာမည် မရှိဘဲ ဝင်လာရတဲ့ အဖြစ်မျိုး မရောက်စေချင်လို့ပါ... ကျွန်တော်တို့ လုမိသားစု က နှစ်ပေါင်း ရာချီ ရပ်တည်လာခဲ့ပြီး အမြစ်တွယ်နေတဲ့ မိသားစု ကြီးပါ... ကျန်းချဲ့ တစ်ယောက်တည်း ကို ကြောက်နေရဦးမှာလား..."
"ဖြန်း..."
နောက်ထပ် ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာပြီး လုရှင်းယွင်က ဒေါသတကြီး လက်သီးများ ဆုပ်ကာ သူ့ကို လက်ညှိုးထိုးပြီး ဆူပူလိုက်သည်။
"မင်း တကယ်ပဲ လုမိသားစု က ထိုက်အန်းဒေသ ရဲ့ အရှင်သခင် လို့ ထင်နေတာလား... ချန်မိသားစု ခြံဝင်း တိုက်ပွဲ နဲ့ ထိုက်ဆန်းမြို့ တိုက်ပွဲ တွေက မင်းကို အသိတရား မရစေသေးဘူးလား... ငါ ကိုယ်တိုင် တောင် အခု အဲဒီလူကို ဘာမှ မလုပ်နိုင်တော့ဘူး..."
"မင်း... တကယ့်ကို အသုံးမကျတဲ့ ကောင် ပဲ..."
"အဖေ... အကျိုးဆက် တွေ အားလုံးကို သား တာဝန်ယူပါ့မယ်..."
လုဖျင်ကျိုးက ခေါင်းမော့ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်း တာဝန်ယူနိုင်လို့လား..."
လုရှင်းယွင်က မျက်နှာထား အေးစက်နေပေသည်။
ဤအခိုက်အတန့်တွင် လုရှင်းယွင်၏ လုဖျင်ကျိုး အပေါ် စိတ်ပျက်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ အရင်ကတော့ သူက နောင်တရပြီး လုမိသားစု၏ အခြေအနေကို နားလည်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသလောက်တော့ သူ လူကဲခတ် မှားသွားခဲ့ပြီ ဖြစ်သည်။
"သား လုပ်နိုင်ပါတယ်..."
လုဖျင်ကျိုးက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
လုရှင်းယွင်က အလိုအလျောက် နောက်ထပ် ပါးအကြိမ်ရေ အနည်းငယ် ရိုက်ချင်သွားသော်လည်း အသက်ကို ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းပြီးနောက် နောက်ဆုံးတွင် ထိန်းချုပ်လိုက်ကာ ကုလားထိုင်ပေါ်တွင် ထိုင်လျက် သက်ပြင်းရှည်ကြီး တစ်ချက် ချပြီး ခေါင်မိုးကို စိုက်ကြည့်ကာ ညည်းတွားလိုက်သည်။
"အသုံးမကျတဲ့ ကောင်... အသုံးမကျတဲ့ ကောင်..."
"အဖေ... အခြေအနေ က ဒီလို ဖြစ်သွားပြီ ဆိုတော့... အဖေ တကယ်လို့ စိတ်မချဘူး ဆိုရင် မင်္ဂလာဆောင် ရက် ကို နောက်ရွှေ့လိုက်လို့ ရပါတယ်..."
လုဖျင်ကျိုးက ဖခင်ဖြစ်သူ၏ အမူအရာကို ကြည့်ပြီးနောက် သူ၏ ဆုံးဖြတ်ချက်များ ထပ်မံ ယိမ်းယိုင်သွားခဲ့ပြန်သည်။
"နောက်ရွှေ့တာ နဲ့ မရွှေ့တာ... ဘာကွာသွားမှာမလို့လဲ..."
"ဒါ... ဒါဆိုရင် ဘယ်လို လုပ်ရမလဲ..."
လုဖျင်ကျိုးက ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"မင်္ဂလာဆောင် ရက် ကို ပုံမှန် အတိုင်းပဲ ကျင်းပမယ်... အင်အားစု အသီးသီး ကို ဖိတ်စာ တွေ ပို့လိုက်... လျှို့ဝှက်ချက် မဟုတ်တော့ဘူး ဆိုမှတော့ ဆက်ပြီး ဖုံးကွယ်ထားစရာ အကြောင်း မရှိတော့ဘူး..." လုရှင်းယွင်က အချိန်အကြာကြီး စဉ်းစားပြီးနောက် လေပူ တစ်ချက် မှုတ်ထုတ်လိုက်သည်။
"တကယ်လို့ ကျန်းချဲ့ လာပြီး အနှောင့်အယှက် ပေးရင်ကော..."
လုရှင်းယွင်က သားဖြစ်သူကို တစ်ချက် စူးရဲစွာ ကြည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
"အလွန်ဆုံး ငါ အဖိုးအခ နည်းနည်း ထပ်ပေးပြီး အင်အားကြီး တဲ့ လူ တစ်ချို့ ကို အကူအညီ တောင်းလိုက်မယ်... တကယ်လို့ ကျန်းချဲ့ ကသာ မင်္ဂလာဆောင် ရက် မှာ လာပြီး တိုက်ခိုက်ခဲ့မယ် ဆိုရင် သူ့ရဲ့ အခြေခံ အုတ်မြစ် တွေကို အပြီးတိုင် ဖျက်ဆီးပစ်မယ်..."
တစ်ယောက်ချင်း တိုက်ခိုက်လျှင် ကျန်းချဲ့ကို မယှဉ်နိုင်သော်လည်း ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက ကျန်းချဲ့ အနေဖြင့် ချီဆန်းကျား ကို အကူအညီ မတောင်းသရွေ့ လုမိသားစုကို ဖျက်ဆီးပစ်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤနှစ်များ အတွင်း သူက သံယောဇဉ် အများအပြား ချန်ရစ်ခဲ့သေးသည် မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ်... အဖေ..."
လုဖျင်ကျိုးက ဖခင်ဖြစ်သူ၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
သူ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာ တွေ ဖန်တီးခဲ့ပါစေ... နောက်ဆုံးမှာတော့ ဖခင် ဖြစ်သူ ကပဲ သူ့အတွက် အမြဲတမ်း နောက်ကွယ်ကနေ ရှင်းလင်းပေးနေရတာ မဟုတ်ပါလား။
"ဟွမ်ရှန်းရှန်း ပြင်ဆင်ပြီးပြီလား..."
လုရှင်းယွင်က လုဖျင်ကျိုးကို စကား မပြောချင်တော့ဘဲ အသံကလည်း အေးစက်စက် ပြောင်းသွားခဲ့သည်။
"အခြေအနေ ကို အကောင်းဆုံး ပြင်ဆင်ပြီးသွားပါပြီ... ဒီည လောက် ဆိုရင် အဆင့်တက် နိုင်မယ် လို့ ထင်ပါတယ်..." လုဖျင်ကျိုးက ဖခင်ဖြစ်သူကို အခြေအနေများကို အတိအကျ ပြောပြလိုက်သည်။
"ဒီည အဆင့်တက်မယ်... သန်ဘက်ခါ မင်္ဂလာဆောင်မယ်... ဖျင်ကျိုး... အဖေ အခု မင်းကို တစ်ခုပဲ တောင်းဆိုမယ်..."
လုရှင်းယွင်၏ အကြည့်များက လေးနက်သွားသည်။
"အဖေ... ပြောပါ..."
လုဖျင်ကျိုးက လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"ညတာရှည်ရင် အိပ်မက်တွေ များနေမှာစိုးလို့... ဟွမ်ရှန်းရှန်း အဆင့်တက်ပြီးတာနဲ့ မနက်ဖြန် သူမရဲ့ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ယူလိုက်တော့... မင်္ဂလာဆောင်တဲ့နေ့အထိ စောင့်နေစရာ မလိုဘူး..."
"ဒါက..."
လုဖျင်ကျိုး ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။
သူက အမြဲတမ်း မင်္ဂလာဆောင်မည့် နေ့ကို အရေးအကြီးဆုံး နေ့ အဖြစ် သတ်မှတ်ထားပြီး အရင်ဆုံး လင်မယားဝတ္တရား ကို ပြုလုပ်ရန် လုံးဝ မစဉ်းစားထားခဲ့ဖူးပေ။
"ဟွမ်ရှန်းရှန်း မှာ ရေခဲဖီးနစ် လျှို့ဝှက် ခန္ဓာကိုယ် ရှိတယ် ဆိုတာ လျှို့ဝှက်ချက် မဟုတ်ဘူး... ငါတို့ ယွီရှန်း လုမိသားစု က အရင်ဆုံး လက်ဦးမှု ယူလိုက်တာကို ထောက်ထားပြီး တခြား အင်အားစု တွေက မင်း နဲ့ လာမပြိုင်ကြတာ... မဟုတ်ရင် မင်း ဒီလောက် လွယ်လွယ်ကူကူ နဲ့ သူ့ကို ရမယ်လို့ ထင်နေတာလား..."
"ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် က ကျင့်ကြံမှုကို တိုးတက်စေတယ်၊ အခြေခံ ကို မြှင့်တင်ပေးတယ်၊ ပြီးတော့ အဆင့်တက်ဖို့ အတွက်လည်း အရမ်း အသုံးဝင်တယ်... တခြား လူတွေက လိုချင်လွန်းလို့ မျက်စိကျ နေကြမှာ အသေအချာပဲ... မင်္ဂလာဆောင်တဲ့ နေ့မှာ ဝင်လုကြမှာကို သတိထားရမယ်... ကျန်းချဲ့ ကို မကာကွယ်ရင်တောင် တခြား အဘိုးကြီး တွေကို ကာကွယ်ရမယ်..."
"အဆင့်တက် ဖို့ အတွက် ဆိုရင် မျှော်လင့်ချက် တစ်စက်လေး ရှိရင်တောင် တချို့ လူတွေ က လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး..."
"သား... နားလည်ပါပြီ..."
လုဖျင်ကျိုးက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီတစ်ခေါက်တော့... အဖေ့ကို ထပ်ပြီး စိတ်မပျက်စေနဲ့တော့..."
"ဟုတ်ကဲ့ပါ... အဖေ..."
---
"ရှင် ဘာပြောလိုက်တယ်..."
ဟွမ်ရှန်းရှန်းက လုဖျင်ကျိုးကို မယုံနိုင်သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
တစ်ဖက်လူက သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေသည်လား။
နောက်နေတာလား။
သူက ထိုက်တန်လို့လား။
"ဒါက အဖေ့ ရဲ့ အမိန့်ပဲ... သူ ပြောတာက မင်္ဂလာဆောင်တဲ့ နေ့ကျရင်..." လုဖျင်ကျိုးက ဒေါသထွက်နေသော ဟွမ်ရှန်းရှန်းကို ကြည့်ရင်း လုရှင်းယွင် ပြောခဲ့သော စကားများကို အလျင်အမြန် ပြန်လည် ပြောပြလိုက်သည်။
"ကျွန်မ သဘောမတူဘူး... လုဖျင်ကျိုး... ရှင် က တကယ်ကို ကျွန်မကို စိတ်ပျက်အောင် လုပ်တာပဲ... အရင်တုန်းက ရှင် ကျွန်မကို ချစ်တယ် လို့ ထင်ခဲ့တာ... ဒါပေမဲ့ အခုကျတော့ရော... ရှင် က အဲဒီ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် လေး အတွက် နဲ့..."
ဟွမ်ရှန်းရှန်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်ပြီး စိတ်ပျက်နေသည့် မျက်နှာထား ပေါ်ထွက်လာခဲ့သည်။
"ရှန်းရှန်း... ကိုယ် လည်း မင်္ဂလာဆောင်တဲ့ နေ့ အထိ စောင့်ချင်တာပေါ့... ဒါပေမဲ့ အဖေ က..."
"ရှင် နဲ့ ကျွန်မ မင်္ဂလာဆောင်မှာလား ဒါမှမဟုတ် ရှင့် အဖေ နဲ့ ကျွန်မ မင်္ဂလာဆောင်မှာလား... ရှင်တို့ ကြီးမြတ်လှပါတယ် ဆိုတဲ့ လုမိသားစု ကြီး က ကျွန်မ လို မိန်းမသား တစ်ယောက် ကိုတောင် မကာကွယ်ပေးနိုင်ဘူးလား... လုဖျင်ကျိုး... ကျွန်မ သေသွားရင်တောင်မှ..."
"မင်္ဂလာ မဆောင်ခင် မှာတော့ ဒီကိစ္စကို ကျွန်မ လုံးဝ သဘောတူမှာ မဟုတ်ဘူး... ဒါက မိသားစု အဆုံးအမ နဲ့ သက်ဆိုင်တယ်... မဟုတ်ရင် အပြင်ကို သတင်း ပျံ့သွားရင် တခြား လူတွေ က ကျွန်မ ကို ဘယ်လို မြင်ကြမလဲ..."
ဟွမ်ရှန်းရှန်းက မေးခွန်း ထုတ်လိုက်သည်။
"ဒါ... ဒါဆိုရင် အဖေ့ကို ဝိညာဉ်စွမ်းအင် ယူပြီးပြီလို့ အရင် လိမ်ပြောထားလိုက်မယ်... ပြီးမှ မင်္ဂလာဆောင်ပြီးတဲ့ အခါကျမှ လင်မယားဝတ္တရားကို ဖြည့်ဆည်းကြတာပေါ့... ရှန်းရှန်း... အဲဒီလိုဆိုရင် အဆင်ပြေမလား..." လုဖျင်ကျိုးက ဟွမ်ရှန်းရှန်း စိတ်ပျက်သွားမည်ကို မကြည့်ရက်နိုင်သဖြင့် ချက်ချင်းပင် အလယ်အလတ် ကျသော အကြံဉာဏ် တစ်ခုကို တင်ပြလိုက်သည်။
သို့သော် တကယ်တမ်း တွင်မူ သူ၏ ရင်ထဲ၌ အတော်လေး ဝမ်းသာနေပေသည်။
'ရှန်းရှန်းက အပျိုစင်ဘဝကို ဒီလောက်တောင် တန်ဖိုးထားတာပဲ...'
'သေချာပေါက် မိန်းမကောင်းလေး တစ်ယောက်ပဲ...'
'ရှေးရိုးစွဲဆန်ပြီး အိမ်တွင်းမှု ပညာပြည့်ဝတဲ့ မိန်းမကောင်းလေးပဲ...'
"ဒီလိုပဲ လုပ်ကြတာပေါ့..."
ဟွမ်ရှန်းရှန်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ လုဖျင်ကျိုး မမြင်နိုင်သော ထောင့်ချိုး နေရာ တစ်ခု သို့ ရောက်သောအခါ မှသာ သက်ပြင်းချလိုက်သည်။
'ဒီဝိညာဉ်စွမ်းအင်က တပ်မှူးကြီးကျန်းကို ဆက်သရမယ့် ဟာလေ...'
'လုံးဝ အမှားအယွင်း အဖြစ်ခံလို့ မရဘူး…’