← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) အားမာန်အပြည့်ဖြင့် ထွက်ပေါ်လာခြင်း... လူအများကို တုန်လှုပ်သွားစေခြင်း...

"အခု အဆင့်တက်နေတဲ့ သူက သခင်လေးလု ဖြစ်ရမယ်..."

ဟွမ်ရှန်းရှန်း၏ ရေခဲဖီးနစ် လျှို့ဝှက်ခန္ဓာကိုယ် အကြောင်းကို ဤနေရာရှိ လူတိုင်းနီးပါး သိရှိထားကြပြီး အချို့ဆိုလျှင် လိုချင်တပ်မက်စိတ်များပင် ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော် လုမိသားစုက အရင်ဦးဆုံး ပိုင်ဆိုင်ခွင့် ကြေညာထားခဲ့သဖြင့် အခြား အင်အားစုများ အနေဖြင့်လည်း ဤကိစ္စအတွက်နှင့် လုမိသားစုကို ရန်မစချင်ခဲ့ကြပေ။

သို့သော် ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်၏ အကျိုးသက်ရောက်မှုက ဤမျှလောက် ကြီးမားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့သဖြင့် လူအများအပြား၏ ရင်ထဲတွင် အံ့ဩချီးကျူးသွားကြသလို တိတ်တဆိတ် နောင်တရမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

'ဒီလိုမှန်း သိခဲ့ရင် လုမိသားစု နဲ့ ရန်သူ ဖြစ်ရမယ် ဆိုရင်တောင် မရရအောင် လုယူခဲ့ရမှာ...'

ဘာပဲဖြစ်ဖြစ် ဤသည်က မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့် ပင် ဖြစ်သည်။

ထိုက်အန်းဒေသတွင် ဆိုလျှင် ပထမတန်းစား အင်အားကြီးသူ တစ်ဦး အဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။ အင်အားစု ခြောက်ခု၏ ခေါင်းဆောင်များ၊ မျိုးနွယ်စုသခင်များ ပင်လျှင် ဤကျင့်ကြံမှု အဆင့်တွင်သာ ရှိကြသေးသည် မဟုတ်ပါလား။

ထိုအထဲတွင် ကျန်းချဲ့၏ ညီသစ္စာဆိုထားသူ ဝမ်ဖန်ယွင် လည်း ပါဝင်နေပေသည်။

ဟွမ်ရှန်းရှန်း၏ နာမည်ဂုဏ်သတင်းကို သူ ယခင်က ကြားဖူးခဲ့ပြီး သူ၏ ဖခင် ကိုယ်တိုင်ကပင် ဟွမ်မိသားစုနှင့် စေ့စပ်ချင်ခဲ့သော်လည်း သူက အမြဲတမ်း မျက်နှာသေနှင့် နေတတ်သော ဟွမ်ရှန်းရှန်းကို သဘောမကျသဖြင့် ဖခင်၏ အကြံပြုချက်ကို ငြင်းပယ်ခဲ့ဖူးသည်။

ရလဒ် အနေဖြင့် ယခုအခါ လုဖျင်ကျိုးက ဤအရာကို အသုံးချပြီး သူ့ထက်အရင် ယွမ်ဟိုင်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဤအဆင့်ကို ရိခုန်း ဘုန်းကြီးနှင့် လီတောက်ဖျင်တို့ ပင်လျှင် မတက်လှမ်းနိုင်သေးပေ။

'လုဖျင်ကျိုး ဆိုတဲ့ ခွေးကောင်က ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ် ဖြစ်သွားတော့မှာလား...'

"ဟား ဟား ဟား... မှန်ပါတယ်... ဖျင်ကျိုး ပါပဲ..."

ပတ်ဝန်းကျင်ရှိ လူများ၏ ချီးကျူးစကားများကို လုရှင်းယွင်က အားလုံး လက်ခံလိုက်သည်။ သူ၏ ရင်ထဲတွင် အလွန် ဝမ်းသာနေပြီး ယနေ့တော့ လုမိသားစု အကြီးအကျယ် မျက်နှာပန်း လှသွားပြီ ပင် ဖြစ်သည်။

ဖျင်ကျိုး... သူ့ကို တကယ် စိတ်မပျက်စေခဲ့ပေ။

"အစ်ကိုလု က တကယ်ကို ချွေးမကောင်း ရထားတာပဲ... ကျုပ်တို့ ဖြင့် အားကျလွန်းလို့ သေတော့မယ်..."

"ဟုတ်ပါ့... ဟုတ်ပါ့..."

"သခင်လေးလု ရဲ့ ဒီတစ်ခေါက် အဆင့်တက်မှုကြောင့် နောက်ပိုင်း ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ် ဖြစ်လာတော့မှာ အသေအချာပဲ..." ထိုသူက မြှောက်ပင့် ပြောဆိုနေစဉ် အလိုအလျောက် လီတောက်ဖျင်ကို လှမ်းကြည့်လိုက်မိရာ တစ်ဖက်လူကလည်း သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် ချက်ချင်းပင် စကားအသွားအလာ ပြောင်းလိုက်ပြီး...

"နောက်ပိုင်း လီတောက်ဖျင် ဆရာတော် နဲ့တောင် ပခုံးချင်း ယှဉ်နိုင်တော့မှာ အသေအချာပဲ..."

ဖူလုံကျောင်းတော်၏ အရှိန်အဝါကြောင့် လီတောက်ဖျင်ကို သူ အထင်မသေးရဲပေ။ ဤကိစ္စလေးဖြင့် ရန်သူ အဖြစ် မခံနိုင်ပါချေ။

လုရှင်းယွင် ကိုယ်တိုင်ကလည်း အခြေအနေကို သိရှိသူပီပီ အလျင်အမြန် လက်ကာပြလိုက်ပြီး...

"လီတောက်ဖျင် ဆရာတော် က ကောင်းကင် က ပေးတဲ့ ပါရမီရှင်၊ ဖူလုံကျောင်းတော် ရဲ့ အဓိက တပည့် ဖြစ်ပါတယ်... ကျုပ် ရဲ့ သား က ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ... လီတောက်ဖျင် ဆရာတော် ရဲ့ လက်ထဲမှာ အသက်ရှူ အကြိမ် တစ်ရာ လောက် တောင့်ခံနိုင်ရင်ပဲ ကျုပ် က ကျေနပ်နေပါပြီ..."

---

ဧည့်ခန်းမဆောင် အတွင်း မြှောက်ပင့် ချီးကျူးမှုများ ဆက်လက် ဖြစ်ပေါ်နေချိန် အခြား တစ်ဖက်တွင်မူ ရင်ထဲ၌ စိုးရိမ်ပူပန်နေသော လုဖျင်ကျိုးမှာ သတို့သမီး အခန်း အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဟွမ်ရှန်းရှန်း တစ်ခုခု အမှားအယွင်း ဖြစ်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။ ယခုမှ မွေးရာပါအဆင့်သို့ ရောက်ခါစ ရှိသေးပြီး ဘယ်လိုလုပ် ရုတ်တရက် သဘာဝ ယွမ်ချီ စွမ်းအင်များကို ပေါက်ကွဲလာစေနိုင်ရသနည်း ဆိုသည်မှာ အလွန် ပုံမှန် မဟုတ်လှပေ။

"သခင်လေး ကို ဂါရဝပြုပါတယ်..."

"သခင်လေး ကို ဂါရဝပြုပါတယ်..."

တံခါးစောင့် အစေခံမလေးများက လုဖျင်ကျိုးကို မြင်သောအခါ အလျင်အမြန် ခါးညွှတ် အရိုအသေပေးလိုက်ကြသည်။

"သခင်မလေး ကော..."

လုဖျင်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သခင်မလေး... သခင်မလေး အထဲမှာ ရှိပါတယ်..." အစေခံမလေး တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ရှိနေပြီး ယွမ်ချီ စွမ်းအင်များ စုစည်းထားသော ဝဲကတော့၏ အရှိန်အဝါက အလွန် ကြီးမားလှပေသည်။

တံခါး အပြင်ဘက်တွင် ရပ်နေသော သူမတို့ပင်လျှင် ဖိအား တစ်ခုကို ခံစားနေရပြီး အသက်ရှူပင် ကျပ်လာသလို ခံစားနေရသည်။

"အထဲမှာ တခြားလူ ရှိနေသေးလား..."

လုဖျင်ကျိုးက ဟွမ်ရှန်းရှန်း၏ အကျင့်စာရိတ္တအပေါ် အလွန် ယုံကြည်ပြီး သူမက ရေခဲကဲ့သို့ သန့်ရှင်းစင်ကြယ်သည်ဟု ထင်မှတ်ထားသော်လည်း ယခု ယွမ်ချီ ဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ မြင်ရချိန်တွင်တော့ ရင်ထဲ၌ သံသယများ ဖြစ်ပေါ်လာမိသည်။

ဟွမ်ရှန်းရှန်းက မွေးရာပါအဆင့်သို့ ယခုမှ ဝင်ရောက်ခါစသာ ရှိသေးရာ ဆက်လက် အဆင့်တက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

"မ... မရှိပါဘူး..."

အတိအကျ အဖြေကို ကြားလိုက်ရသဖြင့် လုဖျင်ကျိုး၏ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့သည်။ ထို့နောက် အစေခံမလေး နှစ်ယောက်ကို ယာယီ ထွက်သွားရန် လက်ဝှေ့ယမ်း ပြလိုက်ပြီး အခြေအနေကို ဝင်ရောက် ကြည့်ရှုရန် ပြင်လိုက်သည်။

သို့သော် သူ တံခါး မဖွင့်ရသေးခင်မှာပင် အထဲမှ အသံကြားလိုက်ရသော ဟွမ်ရှန်းရှန်းက ကိုယ်တိုင် တံခါး လာဖွင့်ပေးခဲ့သည်။

ဟွမ်ရှန်းရှန်းမှာ အဝတ်အစား အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်မှလွဲ၍ ဘာမှ ကြီးကြီးမားမား အဆင်မပြေမှု မရှိသည်ကို မြင်လိုက်ရသောအခါ လုဖျင်ကျိုး တစ်ယောက် စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် စိုးရိမ်တကြီး မေးလိုက်သည်။

"ရှန်းရှန်း... မင်း..."

သို့သော် သူ၏ စကား မဆုံးခင်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါ ဟွမ်ရှန်းရှန်းက သူ့ကို ကြည့်နေသော အကြည့်များမှာ အလွန် အေးစက်နေသောကြောင့် ဖြစ်သည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ဟွမ်ရှန်းရှန်းက အပြင်သို့ ထွက်လာပြီ ဖြစ်သော်လည်း အထဲရှိ ယွမ်ချီ ဝဲကတော့ကြီးက ပျောက်ကွယ်မသွားသေးခြင်း ပင် ဖြစ်သည်။

**အထဲမှာ လူရှိနေတယ်...**

လုဖျင်ကျိုး၏ ရင်ထဲတွင် စူးအောင့်သွားပြီး ခြေလှမ်းများပင် မတည်မငြိမ် ဖြစ်ကာ နောက်သို့ တစ်လှမ်း ဆုတ်သွားမိသည်။ အခန်း ဘက်သို့ လက်ညှိုးထိုးပြကာ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။

"ရှန်းရှန်း... အထဲမှာ... အထဲမှာ တစ်ယောက်ယောက် အဆင့်တက်နေတာလား..."

"ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား..."

ဟွမ်ရှန်းရှန်းက ပြောရင်းဆိုရင်း ခါးပေါ်ရှိ နောက်ဆုံး ခါးပတ်ကြိုးကို ချည်နှောင်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ရှိနေပေသည်။

"ဘာတွေ... ဘာတွေ ဖြစ်နေတာလဲ... မင်း... မင်း ငါ့ကို သေချာ ရှင်းပြစမ်း..."

လုဖျင်ကျိုး၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး အံ့ဩ မယုံကြည်နိုင်မှုများ အပြည့်အဝ ဖြစ်နေသည်။ သို့သော် သူ၏ မျက်နှာထားတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေဆဲပင်။ အထဲရှိ လူနှင့် သူမနှင့် ဘာမှ မပတ်သက်ကြောင်း ဟွမ်ရှန်းရှန်း ပြောလာမည့် စကားကို သူ မျှော်လင့်နေမိသည်။

"ရှင်းပြရမယ်... ရှင် ဘာရှင်းပြတာကို လိုချင်တာလဲ..."

"အထဲက လူ ဘာလို့ အဆင့်တက်နေတာလဲ... မင်း ခန္ဓာကိုယ် ထဲက ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကြောင့် မဟုတ်လား..."

လုဖျင်ကျိုးက သွားကို တင်းတင်းကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။

ဟွမ်ရှန်းရှန်းက စကားမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

သို့သော် တစ်ခါတစ်ရံတွင် တိတ်ဆိတ်ခြင်းက အဖြေ တစ်ခု ပင် ဖြစ်သည်။

လုဖျင်ကျိုး၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်များပင် အလိုလို တုန်ယင်နေပေသည်။

သူက ဟွမ်ရှန်းရှန်း၏ လက်တစ်ချောင်းကိုပင် မထိရက်ဘဲ ဖခင်၏ အမိန့်ကိုပင် လွန်ဆန်ခဲ့သည်။ ဟွမ်ရှန်းရှန်း၏ စကား တစ်ခွန်းကြောင့် အရာအားလုံးကို အလျှော့ပေးခဲ့သည်။ သို့သော် ရလဒ်ကရော...

ရလဒ် က ဒါကို ပြန်ရတာလား။

သူ မယူတာကို တခြား တစ်ယောက်က ယူသွားပြီ...

ယခင်က ဝမ်ဖန်ယွင် နှင့် ပြောခဲ့သော စကားများက မျက်စိရှေ့တွင် ပြန်လည် ထင်ဟပ်လာသည်။

သူ့ကိုယ်စား သတို့သမီး အခန်းထဲ ဝင်သွားတဲ့သူ တကယ် ရှိနေခဲ့တာပဲ...

"အား..."

လုဖျင်ကျိုးက လက်နှစ်ဖက်ဖြင့် ဆံပင်များကို ဆွဲဖွထားပြီး မျက်လုံးများ ပို၍ နီရဲလာသည်။ အချိန်အတော်ကြာမှ ခေါင်းမော့လာပြီး ဟွမ်ရှန်းရှန်းကို စိုက်ကြည့်ကာ အက်ကွဲပြီး ယုံကြည်ချက် ကင်းမဲ့နေသော အသံဖြင့် မေးလိုက်သည်။

"အထဲက လူက မင်းကို အတင်းအဓမ္မ လုပ်... လုပ်တာ မဟုတ်လား..."

အကယ်၍ ဤသို့သာ ဆိုလျှင်... သူ အနည်းငယ် လက်ခံပေးနိုင်သေးသည်။

ဘာပဲဖြစ်ဖြစ် ဒါက ရှန်းရှန်း ရဲ့ အမှား မဟုတ်ဘူး လေ။

သူ... သူ အရက်မူးပြီး အချိန်ဆွဲနေခဲ့မိလို့ ရှန်းရှန်း ရဲ့ အပျိုစင်ဘဝ ဆုံးရှုံးသွားရတာပဲ ဖြစ်မယ်။

"ကျွန်မ ကိုယ်တိုင် သဘောကျလို့ သူ့ကို ဆက်သလိုက်တာပါ..."

ဟွမ်ရှန်းရှန်း၏ စကားက လုဖျင်ကျိုးကို နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ပေးလိုက်သကဲ့သို့ ပင် ဖြစ်သည်။

မင်္ဂလာဆောင်သည့် နေ့ကြီး ရက်မြတ်တွင် ကြောက်မက်ဖွယ်ကောင်းသော သတင်းဆိုးကြီး တစ်ခုကို လက်ခံလိုက်ရခြင်း ပင် ဖြစ်သည်။

ကိုယ့်သဘောနဲ့ကိုယ်...

ကိုယ်တိုင် သဘောကျလို့...

တလိုတလား ဆက်သလိုက်တာ...

"ဒါဆိုရင် ငါ က ဘာလဲ... ဟွမ်ရှန်းရှန်း... မင်း ရင်ဘတ် မင်း စမ်းပြီး ပြန်တွေးကြည့်... ငါ မင်း အပေါ် ဘယ်လောက် ကောင်းခဲ့လဲ... မင်း ငါ့ကို ဒီလို ပြန်လုပ်ရက်တယ် ပေါ့လေ..." လုဖျင်ကျိုးက အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။

သူက ဟွမ်ရှန်းရှန်းကို လက်ဖဝါးပေါ် တင်ထားပြီး မည်သည့် အနာတရမှ မဖြစ်စေရန် စောင့်ရှောက်ပေးခဲ့သည်။

ယင်းအတွက်ကြောင့် ချန်မိသားစုကို သတ်ဖြတ်ပြီး လုမိသားစု မျက်နှာ အကြီးအကျယ် ပျက်ခဲ့ရလျှင်တောင် သူ ဂရုမစိုက်ခဲ့ပေ။

ဒါတွေ အားလုံးက ဒီလို ရလဒ်မျိုး ပြန်ရဖို့ပဲလား။

"ဟက်... လုဖျင်ကျိုး... ရှင် က ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သားကောင် နေရာမှာ အမြဲတမ်း ထားချင်နေရတာလဲ... ရှင်တို့ လုမိသားစု က ဟွမ်မိသားစု ကို အတင်းအဓမ္မ ဖိအားပေးပြီး ရှင် နဲ့ လာစေ့စပ်ခိုင်းတာ မဟုတ်ဘူးလား..."

"ရှင့် အဖေ က ကျွန်မ ခန္ဓာကိုယ် ထဲက ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကို လိုချင်လို့ မဟုတ်ဘူးလား..."

"ကျွန်မ... ကျွန်မ ကမှ တကယ့် သားကောင် ပါ... ရှင်တို့ လုမိသားစု က အတင်းအဓမ္မ ဝယ်ယူသွားတဲ့ ကုန်ပစ္စည်း တစ်ခုလို ဖြစ်နေတာ... ရှင်တို့ ဘယ်တုန်းက ကျွန်မ ရဲ့ သဘောထား ကို မေးဖူးလို့လဲ... ရှင် သဘောကျတယ် ဆိုတဲ့ စကား တစ်ခွန်းတည်း နဲ့တင် ကျွန်မ ရဲ့ ခံစားချက် တွေ အားလုံးကို လုယူသွားလို့ ရပြီလား..."

ဟွမ်ရှန်းရှန်းက အေးစက်သော မျက်နှာဖြင့် လုဖျင်ကျိုးကို မေးခွန်းထုတ်လိုက်သည်။

ဘာဖြစ်လို့ ဘယ်သူကမှ သူမ၏ သဘောထားကို မမေးခဲ့ကြသနည်း။

ဘာဖြစ်လို့လဲ။

သူမ က မွေးရာပါ အဆင့်အတန်း နိမ့်ကျနေလို့လား။

အားလုံးက လုမိသားစု ဖိအားပေးလို့ ဖြစ်လာတာပဲ မဟုတ်လား။

သူမ ဤမျှလောက် ပါရမီရှင် ဖြစ်နေတာတောင်၊ ထိုက်အန်းဒေသ တစ်ခုလုံးတွင် ရိခုန်း ဘုန်းကြီးနှင့် လီတောက်ဖျင်တို့မှလွဲ၍ အခြား ဘယ်သူမှ မယှဉ်နိုင်တာတောင်၊ မိန်းမသား တစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့် အရာအားလုံးကို လျစ်လျူရှု ခံထားရပြီး သူမ ခန္ဓာကိုယ် အတွင်းမှ သေးငယ်လှသော ဝိညာဉ်စွမ်းအင် တစ်ခုတည်းကိုသာ အလေးထားနေကြသည်။

"ဘာလို့လဲ... ဘာဖြစ်လို့လဲ..."

လုဖျင်ကျိုး လုံးဝ ပြိုလဲသွားခဲ့ပြီ။

ရင်ထဲ အသည်းထဲမှ ပြိုလဲသွားခြင်း ပင် ဖြစ်သည်။

အစကတည်းက ဟွမ်ရှန်းရှန်း တစ်ယောက် ဤကိစ္စကို စိတ်ထဲ အမြဲ မှတ်ထားခဲ့မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

တကယ်လို့ ဤသို့သာ မှန်ခဲ့မည် ဆိုလျှင် ဘာဖြစ်လို့ သူမ စောစောစီးစီး မပြောခဲ့သနည်း။

"ရှင့် ရဲ့ အချစ် တွေက တစ်ကိုယ်ကောင်းဆန်လွန်းတယ်... ရှင် လိုချင်တာ က အေးစက်စက် နဲ့ မြင့်မြတ်နေတဲ့ ဟွမ်နတ်သမီးလေး ကိုပဲ လိုချင်တာ... ကျွန်မ ဟွမ်ရှန်းရှန်း ကို လိုချင်တာ မဟုတ်ဘူး... အစကတည်းက ရှင့် ကို ကျွန်မ အကုန် မြင်နေခဲ့တယ်..."

"အပြင်ပန်းမှာ ဟန်လုပ်ထားတယ်၊ နှိမ့်ချ ယဉ်ကျေးသယောင် နဲ့ ဝင်ဆံ့အောင် နေတတ်တယ် ဆိုပေမဲ့ အဲဒါတွေ အားလုံးက လုမိသားစု ရဲ့ အရှိန်အဝါ အောက်မှာ ရှိနေလို့ပဲ... တကယ်တမ်း ရှင့် ရဲ့ စရိုက်က ဘာလဲ... ဟီးဟီး... ရှင် က ကျွန်မ လိုချင်တဲ့ ယောကျာ်း လုံးဝ မဟုတ်ဘူး..."

ဟွမ်ရှန်းရှန်းက အရှေ့ကို စူးစိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကြောင့် ထွက်ကျလာသော မျက်ရည်များ ပြည့်အိုင်နေပေသည်။

"ဘာလို့လဲ... ဘာဖြစ်လို့လဲ..."

လုဖျင်ကျိုး တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် သံသယဝင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

'ငါ... ကြီးမြတ်လှတဲ့ လုမိသားစု ရဲ့ သခင်လေး... လူငယ် မျိုးဆက်တွေထဲမှာ ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်တဲ့ ငါ က အခန်းထဲက အဲဒီ ခိုးစားတဲ့ ကောင် ကို မယှဉ်နိုင်တော့ဘူးလား...'

"ဘာဖြစ်လို့လဲ ဆိုတော့... ကျွန်မ သူ့ကို ချစ်လို့ပဲ..."

အေးစက်လှသော စကားလုံး အနည်းငယ်က လုဖျင်ကျိုး၏ နှလုံးသားကို နာကျင်စေခဲ့သလို သူ့ကိုလည်း အနည်းငယ် သတိဝင်လာစေခဲ့သည်။ နှုတ်ခမ်းများ တွန့်လှုပ်သွားပြီး ဖြည်းညင်းစွာ မေးလိုက်သည်။

"သူ... သူ က ဘယ်သူလဲ..."

"ထိုက်ဆန်းမြို့စောင့် တပ်မှူး... ကျန်းချဲ့..."

ဟွမ်ရှန်းရှန်းက မေးစေ့ကို ပင့်ကာ ကျန်းချဲ့၏ နာမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ထိုနာမည်က လုဖျင်ကျိုးကို မိုးကြိုးပစ်ချလိုက်သလို ထပ်မံ ဖြစ်သွားစေခဲ့သည်။

ကျန်းချဲ့...

ကျန်းချဲ့...

ဘာဖြစ်လို့... သူ ဖြစ်နေရတာလဲ။

သူ... လုမိသားစု ကို လာဖို့ မရဲဘူး မဟုတ်ဘူးလား။

အဲဒါတွေ အားလုံးက မျက်လှည့်ပြတာ သက်သက်ပဲ။ တကယ်တမ်းတော့ လုမိသားစု အိမ်တော်ထဲကို တိတ်တဆိတ် ခိုးဝင်လာပြီး ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကို လာယူသွားခဲ့တာပဲ။

"ကျန်းချဲ့ က ရာထူး ရတာ လပိုင်းလေးပဲ ရှိသေးတာ... မင်း... မင်း သူ့ကို ချစ်တယ် လို့ ပြောလိုက်တာလား..."

လုဖျင်ကျိုးက ဟွမ်ရှန်းရှန်းကို လက်ညှိုးထိုးကာ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေလျက် မေးလိုက်သည်။

"ဟုတ်တယ်... သူ့ကို ပထမဆုံး မြင်လိုက်ရကတည်းက သူ့ရဲ့ ဆွဲဆောင်မှု နောက်ကို ကျွန်မ ပါသွားခဲ့ပြီ... ဒါကမှ ကျွန်မ လိုချင်တဲ့ ယောကျာ်း... ဒါကမှ ကျွန်မ နဲ့ ထိုက်တန်တဲ့ ယောကျာ်း..." ဟွမ်ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။

"ရှန်းရှန်း... မင်း... မင်း သူ့ရဲ့ လိမ်ညာတာ ခံလိုက်ရပြီ... မင်း ဘယ်လိုများ ဒီလောက် တုံးအ ရတာလဲ... သူ လိုချင်တာ က မင်း ခန္ဓာကိုယ် ပေါ်က ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် လေး တစ်ခုတည်း ပါ..." လုဖျင်ကျိုး၏ အသံများ ယခုအခါ တုန်ယင်နေပေသည်။

ဟွမ်ရှန်းရှန်း ဤမျှလောက် တုံးအလိမ့်မည်ဟု သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ တကယ်ပဲ သူမ မမြင်နိုင်ဘူးလား။

"ရှင် လိုချင်တာ၊ ရှင်တို့ လုမိသားစု လိုချင်တာကော ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ပဲ မဟုတ်ဘူးလား... ကျွန်မ ကို ကုန်ပစ္စည်း တစ်ခုလို သဘောထားမှတော့ ပိုကောင်းတဲ့ ဝယ်သူ ကို ဘာလို့ မရှာရမှာလဲ..."

"တပ်မှူးကြီးကျန်း က သာမန် အဆင့် ကနေ ပေါ်ထွက်လာပြီး တစ်နှစ်လောက် အတွင်းမှာတင် ပြည်နယ် တစ်ခုလုံး မှာ နာမည် ကြီးသွားခဲ့တယ်... ရှင်တို့ လုမိသားစု တောင် ကြီးမားတဲ့ ရန်သူ ကြီး တစ်ယောက်လို ကြောက်ရွံ့နေရတယ်... ရှင့် ခြေထောက်တွေ တောင် တုန်နေပြီ... ဒီနာမည် ကို ကြားတာနဲ့တင် ရှင် ကြောက်နေပြီ..."

"သူ့ကို မရွေးဘဲ... ရှင့်ကို ရွေးရမှာလား..."

တကယ်တမ်းတော့ ဟွမ်ရှန်းရှန်းက အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ၏ လွှမ်းမိုးမှုကြောင့် အလွန်အမင်း သက်ရောက်မှု ရှိခဲ့သော်လည်း သူမ၏ အသိဉာဏ် လုံးဝ ပျောက်ကွယ်သွားသည် အထိတော့ မဟုတ်ပေ။ သူမက ချိန်ဆကြည့်ပြီးနောက် ကျန်းချဲ့က ပိုကောင်းသည်ဟု ယူဆသွားခြင်းသာ ဖြစ်သည်။

သူမက အင်အားကြီးသူကို မြတ်နိုးကြောင်း ကိုယ်တိုင် ဝန်ခံသည်။

သို့ဖြစ်ရာ အဆုံးအထိ အကောင်အထည် ဖော်မည်။ လောလောဆယ် သူမ ရှာတွေ့နိုင်သမျှ အာဏာ အရှိဆုံး၊ တိုးတက်နိုင်စွမ်း အကြီးမားဆုံး နှင့် သူမ၏ အမြင်နှင့် အကိုက်ညီဆုံး ယောက်ျား တစ်ယောက်ကို ရှာဖွေမည်။

ကျန်းချဲ့သည်သာ... သူမ၏ ရွေးချယ်မှု ပင် ဖြစ်သည်။

"ကျန်းချဲ့... ခွေးကောင်... မင်း ငါ့ကို အနိုင်ကျင့်လွန်းတယ်..."

လုဖျင်ကျိုးက ဟွမ်ရှန်းရှန်း မိမိကို နှိမ့်ချပြီး ကျန်းချဲ့ကို မြှင့်တင်နေသည်ကို ကြားလိုက်ရသောအခါ ရင်ထဲရှိ ဒေါသများကို လုံးဝ ဖိနှိပ်၍ မရတော့ဘဲ ချက်ချင်း သတို့သမီး အခန်းထဲ ပြေးဝင်ကာ ကျန်းချဲ့နှင့် အသေအကြေ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ဟွမ်ရှန်းရှန်းက သူ၏ အရှေ့တွင် ဝင်ပိတ်ရပ်လိုက်သည်။

"အထဲ ဝင်ချင်ရင် ကျွန်မ ကို အရင် သတ်သွားလိုက်..."

"ဖယ်စမ်း..."

လုဖျင်ကျိုးက ဟွမ်ရှန်းရှန်းကို ပထမဆုံး အကြိမ် အဖြစ် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်ပြီး သူမ၏ ပါးကို ရိုက်ရန် လက်ကိုပင် မြှောက်လိုက်သည်။ သို့သော် သူ၏ လက် မကျလာခင်၊ ဟွမ်ရှန်းရှန်း ပြန်မခုခံရသေးခင် မှာပင် သံမဏိ လက်မောင်း တစ်ခုက သူ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

"ဘုန်း..."

လှုပ်ရှားမှုကို လုံးဝ မမြင်လိုက်ရဘဲ ပြင်းထန်သော ထိုးနှက်ချက် တစ်ခုက လုဖျင်ကျိုး၏ ရင်ဘတ်ဆီသို့ တည့်တည့် ဝင်ရောက်သွားပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။

ကျန်းချဲ့က ဟွမ်ရှန်းရှန်း၏ နောက်ကျောတွင် ပုံမှန်အတိုင်း ပေါ်လာပြီး လက်တစ်ဖက်ဖြင့် သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားကာ အရှေ့ရှိ လုဖျင်ကျိုးကို ငုံ့ကြည့်လျက် ပြုံးကာ ပြောလိုက်သည်။

"သခင်လေးလု... မင်း ရဲ့ ဇနီး က တကယ် မိုက်တယ်... အခုတော့ ငါ့အပိုင် ဖြစ်သွားပြီ..."

ဟွမ်ရှန်းရှန်းက ရှက်သွေးဖြာကာ ကျန်းချဲ့၏ ရင်ခွင်ထဲသို့ ခေါင်းမှီထားလိုက်သည်။

"မင်း ရဲ့ ဒီဝတ်စုံ ကလည်း တော်တော် လိုက်ဖက်တာပဲ..."

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာသည်။

စောစောက အဆင့်တက်ချိန်တွင် သူ၏ ဝတ်ရုံများ စုတ်ပြဲသွားခဲ့သော်လည်း သတို့သမီး အခန်းထဲတွင် လုဖျင်ကျိုး ပြင်ဆင်ထားသော သတို့သား ဝတ်စုံ အပို ရှိနေသဖြင့် ကျန်းချဲ့က အဆင့်တက်ပြီးနောက် ချက်ချင်း ယူဝတ်လိုက်ခြင်း ပင် ဖြစ်သည်။

သူ၏ မူလ ရည်ရွယ်ချက်က လူအများရှေ့တွင် အပေါ်ပိုင်း ဗလာကျင်းဖြင့် မထွက်သွားချင်၍သာ ဖြစ်သည်။

သို့သော် ရုတ်တရက် ကြည့်လိုက်ပါက မင်္ဂလာဆောင်မည့် သတို့သား အသစ် တစ်ယောက်နှင့် တကယ်ကို တူနေပေသည်။

"ဝေါ့..."

ပြင်းထန်သော ထိုးနှက်ချက်၊ ဒေါသထွက်မှုများ နှင့် လှုံ့ဆော်မှု မျိုးစုံ ပေါင်းစပ်သွားမှုကြောင့် လုဖျင်ကျိုး တစ်ယောက် သွေးများ အန်ချလိုက်ရသည်။

သူက ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေပေသည်။

"ကျန်းချဲ့... ခွေးကောင်... မင်း... မင်း အသေဆိုး နဲ့ သေရမယ်..."

"မင်းတို့လို နာကျင်မှု ခံစားရတာနဲ့ ကိုယ့်ကိုယ်ကိုယ် အားနည်းသူ နေရာမှာ အမြဲတမ်း ဝင်နေတတ်တဲ့ လူမျိုး တွေကို ငါ တကယ် မုန်းတယ်... အရင်က မင်းတို့ လုမိသားစု က ရိခုန်း ဘုန်းကြီး ကို အသုံးချပြီး ငါ့ကို အသုံးမကျသူ ဖြစ်အောင် လုပ်ဖို့ ကြိုးစားတုန်းက မင်း ဘာလို့ အဲဒီလို မတွေးခဲ့တာလဲ..."

"မင်းတို့ ယွီရှန်း လုမိသားစု က ပြည်သူတွေကို ဖိနှိပ်တယ်၊ အင်အား သုံးပြီး အနိုင်ကျင့်တယ်၊ တခြား အင်အားစု တွေနဲ့ ပူးပေါင်းပြီး ထိုက်ဆန်း မြို့တော်ဝန် တောင် ခေါင်းမမော့နိုင်အောင် လုပ်ခဲ့တုန်းက ဘာလို့ အဲဒီလို မတွေးခဲ့ကြတာလဲ... အခု ငါ က အင်အားကြီး တဲ့ ဘက်မှာ ရပ်နေလို့ သေသင့်တယ် ပေါ့လေ..."

"လုဖျင်ကျိုး... အနိုင်ရရင် ဘုရင်၊ ရှုံးရင် သူပုန် ဆိုတဲ့ စကား ကို မင်း လက်ခံသင့်တယ်..."

"အား..."

လုဖျင်ကျိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကျန်းချဲ့ဆီသို့ ရုတ်တရက် ခုန်ဝင်သွားကာ ပတ်ဝန်းကျင်ရှိ သဘာဝ ယွမ်ချီ စွမ်းအင်များကို စုစည်း၍ သူ၏ အစွမ်းကုန် အင်အားကို အသုံးပြုပြီး ကျန်းချဲ့ကို အပြီးတိုင် သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ယွမ်ဟိုင်အဆင့်သို့ မရောက်သေးခင် ကတည်းကပင် ကျန်းချဲ့က သူ့ကို အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့ရာ ယခုအခါ သူတို့ အကြား ကွာဟချက်က ပို၍ပင် ကြီးမားသွားခဲ့ပြီ ဖြစ်သည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ကျန်းချဲ့က လုဖျင်ကျိုး၏ တိုက်ခိုက်မှု အားလုံးကို ဖြိုခွဲပစ်လိုက်သည်။

ကြီးမားလှသော အရှိန်အဝါ တစ်ခုက လွှမ်းခြုံသွားပြီး လုဖျင်ကျိုး၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်သည်။

နာမည်ကြီး မျိုးနွယ်စုမှ ဆင်းသက်လာခြင်း၊ ပြင်းထန်သော ထိုးနှက်ချက်ကို ခံရခြင်း၊ နာမည်ဂုဏ်သတင်း ပျက်စီးခြင်း၊ စေ့စပ်ထားသူ၏ သစ္စာဖောက်မှုကို ခံရခြင်း၊ ထို့အပြင် မင်္ဂလာဆောင်မည့် နေ့တွင် အရူးအမူး ဖြစ်သွားရခြင်း... ဤသည်တို့မှာ ဇာတ်လိုက် တစ်ယောက်၏ ပုံစံခွက် အတိအကျ ပင် ဖြစ်သည်။

ကျန်းချဲ့က သူ့ကို ဘာအခွင့်အရေးမှ လုံးဝ ပေးမည် မဟုတ်ပေ။

သံမဏိ ညှပ်ချောင်း ကဲ့သို့သော လက်ဖဝါးဖြင့် လုဖျင်ကျိုး၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်းချဲ့က ပြုံးလျက် သူ၏ ရင်ခွင်ထဲရှိ ဟွမ်ရှန်းရှန်းကို ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့ ငါ က ဇာတ်လမ်း တွေ ထဲက ဗီလိန် တစ်ယောက် လို ခံစားနေရတာလဲ မသိဘူး..."

"ရှင် ဗီလိန် မဟုတ်ပါဘူး... ရှင် က သူရဲကောင်း ပါ... ကျွန်မ ရင်ထဲက သူရဲကောင်း ပါ..."

ဟွမ်ရှန်းရှန်းက ကျန်းချဲ့ကို မော့ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြန်ဖြေလိုက်သည်။

"သတို့သမီးလေး... လုဖျင်ကျိုး ကို ဘယ်လို လုပ်လိုက်ရမလဲ လို့ ထင်လဲ..."

ကျန်းချဲ့က ပြုံးစိစိဖြင့် ဆုံးဖြတ်ပိုင်ခွင့်ကို ဟွမ်ရှန်းရှန်း ထံသို့ ပေးအပ်လိုက်သည်။

"ဒီနေ့ က သူ့အတွက် တကယ်ကို လက်ခံနိုင်စရာ မရှိတဲ့ နေ့ပါပဲ... သူ့ကို သတ်လိုက်တာပဲ ကောင်းပါတယ်... နောင် အန္တရာယ် မရှိအောင်လို့ပါ..."

ဟွမ်ရှန်းရှန်းက တိုးတိုးလေး ဖြေလိုက်သည်။

"မင်း က ဉာဏ်ကောင်းတဲ့ မိန်းမ တစ်ယောက် ပဲ... ငါ က ဒီလို မိန်းမ မျိုး နဲ့ ဆက်ဆံရတာကို သဘောကျတယ်..."

အကယ်၍သာ ဟွမ်ရှန်းရှန်းက တွန့်ဆုတ်နေပြီး လုဖျင်ကျိုး အတွက် တောင်းပန်ခဲ့မည် ဆိုပါက...

သေရမည့်သူက လုဖျင်ကျိုး တစ်ယောက်တည်း ဖြစ်မည် မဟုတ်တော့ပေ။

"ခွေးကောင်... မိန်းမယုတ်... မင်းတို့ သေချာပေါက် အသေဆိုး နဲ့ သေရမယ်..."

လုဖျင်ကျိုးက ဟွမ်ရှန်းရှန်း နှင့် ကျန်းချဲ့ တို့ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေသည်။ အချုပ်ခံထားရပြီး ဒန်တျန် ဖျက်ဆီး ခံထားရသော်လည်း သူ၏ ဒေါသသံများကိုမူ ဆက်လက် ဟစ်အော်နေဆဲ ပင် ဖြစ်သည်။

"သခင်လေးလု... အရမ်း အလောတကြီး သွားစရာ မလိုပါဘူး... ဒီနေ့... မင်း နဲ့ အတူ လမ်းပြပေးမယ့် သူ တွေ အများကြီး ရှိဦးမှာပါ..."

"ဂျွတ်..."

စကားသံ အဆုံးတွင် ကျန်းချဲ့က လုဖျင်ကျိုး၏ လည်ပင်းကို ချိုးပစ်လိုက်ပြီး မျက်လုံးများက အေးစက်နေပေသည်။

အကြွေး အားလုံးကို ပြန်ဆပ်ရမယ့် အချိန် ရောက်ပြီ...

---

အခြား တစ်ဖက်တွင်မူ လုဖျင်ကျိုးကို ချီးကျူး မြှောက်ပင့်နေသော စကားများက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သို့သော် နောက်ဖေးခြံဝင်း အတွင်း ဖြစ်ပေါ်ခဲ့သော လှုပ်ရှားမှုများက မသေးငယ်လှသဖြင့် ရှေ့ခြံဝင်း အတွင်းရှိ အချို့သော သူများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီး အခြေအနေ မဟန်သည်ကို ရိပ်မိသွားသော လုမိသားစု သိုင်းသမား အချို့က နောက်ဖေးခြံဝင်း သို့ အလျင်အမြန် သွားရောက် စစ်ဆေးကြသည်။

လုရှင်းယွင်ကတော့ မိသားစု ခေါင်းဆောင် တစ်ယောက်၏ ဂုဏ်သိက္ခာကို အမြဲတမ်း ထိန်းသိမ်းထားပြီး ဘေးနားရှိ လူများနှင့် အလွန် တည်ငြိမ်စွာ ရယ်မော ပြောဆိုနေဆဲ ပင် ဖြစ်သည်။

"ဟားဟား... မိတ်ဆွေတို့ အထင်ကြီးလွန်းနေပါပြီ... ကျုပ် ရဲ့ သား က ဒီလောက် အများကြီး မခံယူထိုက်ပါဘူး..."

"ဘုန်း..."

လုရှင်းယွင်၏ စကား မဆုံးခင်မှာပင် အလောင်း တစ်လောင်းက လေဟာနယ် ထဲမှ ပြုတ်ကျလာပြီး လုရှင်းယွင်၏ အရှေ့ တည့်တည့်သို့ အလွန် ကွက်တိကျစွာ ကျရောက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူများ အားလုံး ဤမြင်ကွင်းကို မြင်လိုက်ရပြီး ချက်ချင်း တိတ်ဆိတ်သွားကြသည်။

တိတ်ဆိတ်မှု...

တစ်ခွင်လုံး တိတ်ဆိတ်သွားခဲ့သည်။

အလောင်း ကျရောက်လာသည့် အခိုက်အတန့် တွင်ပင် အလွန် ကြီးမားသော အရှိန်အဝါ တစ်ခုက လုမိသားစု တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီး လူအများက ခေါင်းမော့ ကြည့်လိုက်သောအခါ...

ကျန်းချဲ့က အနီရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး လေဟာနယ်ထက်တွင် ခြေချကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်နေပေသည်။

ယွမ်ချီ စွမ်းအင်များ၏ လှုပ်ခတ်မှု အောက်တွင် ဝတ်ရုံများက လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။

သွေးပင်လယ်ကြီး လှိမ့်တက်နေပြီး အင်အားကြီးသူ တစ်ဦး၏ အရှိန်အဝါများကို အပြည့်အဝ ပြသနေပေသည်။

All Chapters