← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) လုမိသားစု ပျက်သုဉ်းခြင်း...

အရင်က လုရှင်းယွင်တို့ သုံးယောက် ဝိုင်းဝန်း တိုက်ခိုက်တာတောင် သူ့ကို မနိုင်ခဲ့ဘဲ ၁၅ မိနစ်ခန့် အသေအလဲ တိုက်ခိုက်ပြီးသည့်တိုင် အဖြေမပေါ်ခဲ့ပေ။ ယခုအခါတွင်မူ တစ်ယောက်က အရင် ထွက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော နှစ်ယောက် ပူးပေါင်းမှုမှာ...

ကျန်းချဲ့ အတွက် ရင်ဆိုင်ရန် အများကြီး ပို၍ လွယ်ကူသွားပြီ ဖြစ်သည်။

အောင်ပွဲ သေချာနေပြီ ဟုပင် ဆိုနိုင်ပေသည်။

စစ်မှန်သော နဂါးကြီး ဟိန်းဟောက်လိုက်သကဲ့သို့ အရှိန်အဝါများက ကောင်းကင်အထိ ထိုးတက်သွားသည်။

ဘာကိုမှ ဂရုစိုက်စရာ မလိုတော့သော ကျန်းချဲ့က ယခုအခါ အရင်ကထက် ပိုမို ကြီးမားသော တိုက်ခိုက်လိုစိတ်များနှင့် ပိုမို အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်လိုက်ရာ သူ၏ ကြီးမားလှသော အရှိန်အဝါကြောင့် ကျဲအဲ့ ဘုန်းကြီးပင် မျက်နှာပျက်သွားခဲ့ရသည်။

'သေနာကောင်...'

ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီးကို ကျိတ်ဆဲလိုက်ပြီး ကျဲအဲ့ ဘုန်းကြီး မျက်မှောင် တင်းကျပ်စွာ ကြုတ်သွားခဲ့သည်။

သူ၏ အမြင်ဖြင့် တောင်ကြားသခင် အိုကြီး ထွက်သွားခြင်းက ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်သွားခြင်း ဖြစ်ပြီး ကျန်းချဲ့၏ ဖိအားကို မခံချင်သဖြင့် မျက်နှာအပျက်ခံကာ တိုက်ပွဲမှ နောက်ဆုတ်သွားခြင်း ဖြစ်ကြောင်း သေချာပေါက် သိမြင်နေပေသည်။

သို့သော် တစ်ဖက်လူ ထွက်သွားသည်နှင့် ကျန်းချဲ့၏ ဖိအားများ အားလုံးက သူ့အပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။

ချက်ချင်းပင် သူ့ကို ကြီးမားသော ရန်သူကြီး တစ်ယောက်ကို ရင်ဆိုင်ရသလို ဖြစ်သွားစေသည်။

ကျန်းချဲ့၏ ဤမျှလောက် ကြီးမားသော အရှိန်အဝါကို မြင်သောအခါ ယခုအခါ သူ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိရှိသွားပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အတင်းအဓမ္မ ခံယူရန်သာ ရှိတော့သည်။ ဘာကိုမှ တွန့်ဆုတ်မနေတော့ဘဲ လက်နှစ်ဖက်ကို ပူးယှက်လိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရွှေရောင် အလင်းတန်းများ ထိန်လင်းသွားခဲ့သည်။

အလင်းရောင်က ပေဆယ်ဂဏန်းခန့် အထိ လွှမ်းခြုံသွားပြီး သဘာဝ ယွမ်ချီ စွမ်းအင်များ လျင်မြန်စွာ စုစည်းလာသည်။

ပေဆယ်ဂဏန်းခန့် ကြီးမားသော ရွှေရောင် ခေါင်းလောင်း ပုံရိပ်ယောင် ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤနည်းလမ်းက ယခင်က ထိုက်ဆန်း မြို့တံခါးဝတွင် ကျန်းချဲ့နှင့် တိုက်ခိုက်ခဲ့သော ရိခုန်း ဘုန်းကြီး၏ နည်းလမ်းနှင့် လုံးဝ တစ်ပုံစံတည်း ပင် ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ရိခုန်း ၏ ကျင့်ကြံမှုက အနည်းငယ် နိမ့်ကျသေးသဖြင့် သူ ဖန်တီးသော ရွှေရောင် ခေါင်းလောင်းက အလွန် ပုံရိပ်ယောင် ဆန်နေခဲ့ခြင်း ပင် ဖြစ်သည်။

သူ ဖန်တီးလိုက်သော ရွှေရောင် အကာအကွယ် ခေါင်းလောင်း ကတော့ အစစ်အမှန် နီးပါး ဖြစ်နေပေသည်။

ဤသည်မှာ ကျင်းယွမ် ဘုန်းကြီးကျောင်း အတွင်းရှိ ထိပ်တန်း အကာအကွယ် ထူးကဲစွမ်းရည် တစ်ခု ဖြစ်ပြီး ရဟန်းတော်တိုင်း နီးပါး ကျင့်ကြံကြသော်လည်း အောင်မြင်အောင် ကျင့်ကြံနိုင်ပြီး အကျိုးသက်ရောက်မှု ရှိသူမှာ လက်ချိုး ရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

ရိခုန်းက သူ၏ ကိုယ်ပိုင် ထူးချွန်သော ဉာဏ်ပညာကို အားကိုးခဲ့ခြင်း ဖြစ်ပြီး၊ သူကတော့ သူ၏ ကိုယ်ပိုင် ကြံ့ခိုင်သော ခန္ဓာကိုယ် ပါရမီကို အားကိုးခဲ့ခြင်း ဖြစ်သည်။

ကျင်းယွမ် ဘုန်းကြီးကျောင်းသို့ စတင် ဝင်ရောက်စဉ်က ထိုစဉ်က ကျောင်းထိုင် ဆရာတော် ကိုယ်တိုင်က ဤထူးကဲစွမ်းရည်ကို ကျင့်ကြံရန် ရွေးချယ်ပေးခဲ့ခြင်း ပင် ဖြစ်သည်။

ဤသည်မှာ သူ၏ နောက်ဆုံး ဖုံးကွယ်ထားသော နည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ယခုအခါ ဗုဒ္ဓဘာသာ၏ ကြီးမားသော အရှိန်အဝါများကို အပြည့်အဝ ပြသနေပေသည်။

သူက ဤအရာကို အသုံးပြုပြီး ကျန်းချဲ့၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် ပြင်ဆင်လိုက်သည်။

"ဘုန်း..."

ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့် အတူ ကျန်းချဲ့ စုစည်း ဖန်တီးထားသော နဂါးပုံသဏ္ဍာန် အတွင်းအားက ရွှေရောင် ခေါင်းလောင်းကြီး အပေါ်သို့ ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်သွားရာ ခေါင်းလောင်းသံ အကျယ်ကြီး ထွက်ပေါ်လာပြီး အရှိန်အဝါ အလွန် ကြီးမားလှသဖြင့် သာမန် မျက်စိဖြင့်ပင် မြင်နိုင်သော အသံလှိုင်းများကို တွေ့မြင်လိုက်ရသည်။

အောက်ဘက်ရှိ ကျင့်ကြံမှု နိမ့်ကျသော သိုင်းသမား အများအပြားမှာ နားနှစ်ဖက်ကို ချက်ချင်း ပိတ်ထားလိုက်ရသည်။

"ဒုန်း..."

ပြင်းထန်သော အသံလှိုင်းများကြောင့် လုမိသားစု၏ အိမ် အများအပြားပင် ပြိုကျသွားခဲ့ရသည်။

ကျဲအဲ့ ဘုန်းကြီး ဖန်တီးထားသော ရွှေရောင် ခေါင်းလောင်း ကြီးမှာလည်း ယခုအခါ အထင်အရှား မြင်ရသော အက်ကြောင်း တစ်ခု ဖြစ်ပေါ်သွားပြီး ခေါင်းလောင်း အတွင်းရှိ ကျဲအဲ့ ဘုန်းကြီးမှာလည်း အသံတိတ် ညည်းတွားလိုက်ရသည်။

သွေးလေများ ဆူပွက်သွားပြီး ခေါင်းလောင်း အတွင်းရှိ သူ့ကိုပါ အလွန်အမင်း မသက်မသာ ဖြစ်သွားစေခဲ့သည်။

"ဒါယကာလု... ဘုန်းဘုန်း ကို အမြန် လာကူညီပါဦး..."

သူက လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။

"ကျန်း သူခိုး... သေစမ်း..."

လုရှင်းယွင်က လက်နှစ်ဖက်ကို ရမ်းလိုက်ရာ ခန္ဓာကိုယ် ပတ်လည်ရှိ အတွင်းအားများ တုန်ခါသွားပြီး ယွမ်ချီ စွမ်းအင်များ လှုပ်ခတ်မှု အောက်တွင် ဝိညာဉ်ဓားကို အလယ်ဗဟို ပြုကာ ဧရာမ ဓားပုံရိပ်ယောင် ကြီး တစ်လက် ဖြည်းညင်းစွာ ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ချွန်ထက်သည့် အရှိန်အဝါများ ထွက်ပေါ်နေပေသည်။

လက်နှစ်ချောင်းကို ပူးယှက်ကာ စိတ်ဆန္ဒ အတိုင်း လှုပ်ရှားလိုက်သည်။

ဧရာမ ဓားကြီးက ချက်ချင်း ကျန်းချဲ့ဆီသို့ ဝင်ရောက်သွားခဲ့သည်။

ကြီးမား ကျယ်ပြန့်သော သဘာဝ ယွမ်ချီ စွမ်းအင်များက ဓားကိုယ်ထည် အပေါ်တွင် စုစည်းနေပြီး ၎င်း၏ ကြီးမားလှသော အရှိန်အဝါကြောင့် ဤနေရာရှိ လူများ အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ သို့သော် လုရှင်းယွင်၏ အသက်စွန့် တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ညာဘက် လက်မောင်းကို မြှောက်လိုက်သည်။

အရှေ့သို့ ဖြည်းညင်းစွာ ထိုးနှက်လိုက်သကဲ့သို့ ထင်ရသော်လည်း ယခုအခါ ကျန်းချဲ့၏ အစွမ်းကုန် အင်အားများ စုစည်း ပါဝင်နေပေသည်။

မျက်လုံးများက အနီရောင် သန်းသွားပြီး သိုင်းစိတ်ဆန္ဒ ကို စောစောကတည်းက ဖွင့်ထားပြီး ဖြစ်သည်။

သွေးရောင် အက္ခရာ လိုင်းများ ပြည့်နှက်နေသော နဂါးပုံသဏ္ဍာန် အတွင်းအား ကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

သွေးပင်လယ် မိစ္ဆာနဂါး...

ဖျက်ဆီးစမ်း...

"ဘုန်း..."

မိစ္ဆာနဂါးကြီး ပျံသန်းသွားစဉ် လေပြင်းများ တိုက်ခတ်လာပြီး လုရှင်းယွင်၏ အစွမ်းကုန် စုစည်းထားသော ဓားချက်နှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။

ချက်ချင်းပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပူလောင်သော လေလှိုင်းများ လွှမ်းခြုံသွားခဲ့သည်။

တိုက်ခိုက်မှု နှစ်ခု စလုံး အတူတူ ပျက်စီးသွားပြီး မျက်စိတစ်မှိတ် အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

လက်မ အနည်းငယ်ခန့် အရွယ်အစား ရှိသော ဝိညာဉ်ဓား လေးမှာလည်း ပေပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားခဲ့ရသည်။

ကျန်းချဲ့နှင့် ကျဲအဲ့ ဘုန်းကြီး၊ လုရှင်းယွင် တို့၏ တိုက်ပွဲက အလွန် ပြင်းထန်နေပြီး ယွမ်ဟိုင်အဆင့် သိုင်းသမားများ၏ ကြီးမားလှသော စွမ်းအားကို အပြည့်အဝ ပြသနေပေသည်။ တိုက်ပွဲ၏ ဂယက်များ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အိမ်တော်များ အားလုံး ပျက်စီးသွားခဲ့ရသည်။

သို့သော် လုမိသားစု ခြံဝင်း အပြင်ဘက်ရှိ တိုက်ပွဲ ကတော့ တစ်ဖက်သတ် သတ်ဖြတ်မှုကြီး ဖြစ်နေပေသည်။

လုမိသားစု ဘက်မှ တစ်ဦးချင်း စွမ်းရည် အရ စစ်တပ်ထက် သာလွန်သော်လည်း အလွန် များပြားလှသော အရေအတွက်၏ အရှေ့တွင် ထိုအားနည်းချက်ကို ဖြည့်ဆည်းနိုင်သည်သာမက လုမိသားစု သိုင်းသမားများ၏ တိုက်ခိုက်မှုကိုပင် အတင်းအဓမ္မ ဖိနှိပ်ထားနိုင်ခဲ့သည်။

မြေကြီးပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး ပြတ်တောက်နေသော ခြေလက် အင်္ဂါများကို နေရာအနှံ့ တွေ့မြင်နေရသည်။

လုမိသားစု သိုင်းသမားများ၏ ညည်းတွားသံများ ပြည့်နှက်နေပေသည်။

မြားများ၊ စစ်ရေး အစီအရင်များ နှင့် ဝိုင်းဝန်း တိုက်ခိုက်မှုများ...

တိုက်ခိုက်မှု အဆင့် အနည်းငယ် အပြီးတွင် လုမိသားစု၏ ငါးပုံ လေးပုံခန့်သော သိုင်းသမားများ အားလုံး လဲကျသွားခဲ့ပြီး နောက်ဆုံး ဆယ်ယောက်ခန့်သာ ကျန်ရှိတော့ကာ အသေအလဲ ခုခံနေကြသော်လည်း အချိန် ကုန်ဆုံးသွားသည်နှင့် အမျှ...

သူတို့ သေဆုံးရန်မှာလည်း အချိန် ပြဿနာသာ ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ကန်းတာပြောင်က တစ်ကွင်းလုံးကို ဝေ့ကြည့်လိုက်ပြီး ကျန်ရှိနေသော သိုင်းသမားများကို ဝိုင်းဝန်း တိုက်ခိုက်ရန် အကောင်းတကာ့ အကောင်းဆုံး စစ်သည် အချို့ကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့နောက် နတ်လက်မောင်း လေးများ နှင့် အတွင်းအား ဖျက်ဆီးရေး မြားများ အားလုံးကို လေဟာနယ်ထဲရှိ ဧရာမ ရွှေရောင် ခေါင်းလောင်းကြီး ဆီသို့ ချိန်ရွယ်လိုက်သည်။

အဆုံးအဖြတ် ပေးနိုင်သော စွမ်းအား မဟုတ်သော်လည်း သေချာပေါက် အသုံးဝင်မည် ပင် ဖြစ်သည်။

လက်တစ်ဖက် ညွှန်ပြကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"မြားပစ်..."

"ဒိုင်း..."

"ဒိုင်း..."

"ဒိုင်း..."

အတွင်းအား ဖျက်ဆီးရေး မြား အများအပြား မျက်စိတစ်မှိတ် အတွင်း လေကို ခွင်း၍ ထွက်ပေါ်လာပြီး သဘာဝ ယွမ်ချီ စွမ်းအင်များကို စုစည်းကာ ရွှေရောင် ခေါင်းလောင်းကြီး ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြသည်။

"လုမိသားစုတော့ ပြီးပြီ..."

တစ်ယောက်က လုမိသားစု ခြံဝင်း အပြင်ဘက်ရှိ တိုက်ပွဲကို ကြည့်ရင်း မနေနိုင်ဘဲ ညည်းတွားလိုက်သည်။

"ဟုတ်တယ်... လုရှင်းယွင် ဒီဘေးဒုက္ခ ကနေ လွတ်သွားရင်တောင် နောက်ပိုင်း လုမိသားစု ကို ပြန်လည် တည်ဆောက်ဖို့ ဆိုတာ တကယ်ကို ခက်ခဲသွားပြီ..."

နောက်တစ်ယောက်က ထောက်ခံလိုက်သည်။

အပြင်ဘက်တွင် သေဆုံးသွားသူများ အားလုံးမှာ လုမိသားစု၏ အမာခံ အင်အားစုများ ဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဤအခိုက်အတန့်တွင် မျိုးဆက် ပြတ်တောက်သွားခြင်း လောက်သာ မကတော့ဘဲ မူလ အခြေအနေသို့ ပြန်ရောက်ရန် အနည်းဆုံး ဆယ်စုနှစ်များစွာ အချိန်ယူရမည် ပင် ဖြစ်သည်။

"နှစ်ပေါင်း နှစ်ရာ သက်တမ်း ရှိတဲ့ လုမိသားစု... ဒီနေ့ ပျက်သုဉ်းသွားပြီ... ဒီမြင်ကွင်း ကို ကိုယ်တိုင် မြင်တွေ့ရလိမ့်မယ် လို့ တကယ် မထင်ထားခဲ့ဘူး..."

"ပျက်သုဉ်းသွားတာတော့ မသေချာသေးဘူး... လုရှင်းယွင် နဲ့ အဲဒီ လုမိသားစု ဘိုးဘေး ရှိနေသေးသရွေ့ နောက်ပိုင်း အရင်က ဂုဏ်ကျက်သရေ တွေကို ပြန်ရလာနိုင်တယ် လို့ ပြောလို့ ရသေးတယ်... ဒါပေမဲ့ လောလောဆယ် ကြည့်ရသလောက်တော့ ပြင်းထန်တဲ့ ထိုးနှက်ချက် ရသွားတာတော့ အသေအချာပဲ..."

"ဒီနေ့ တိုက်ပွဲ ရဲ့ ရလဒ် သာ သတင်း ပျံ့သွားရင်... ထိုက်အန်းဒေသ တစ်ခုလုံး အကြီးအကျယ် တုန်လှုပ်သွားတော့မှာပဲ..."

သိုင်းသမား အများအပြားက သူတို့၏ ကိုယ်ပိုင် အမြင်များကို အသီးသီး ပြောဆိုနေကြသည်။

"တကယ် မထင်ထားဘူး... ကျန်းချဲ့ က ဒီလောက် အထိ အစွမ်းထက် လိမ့်မယ် လို့..."

"စွမ်းအား က ဒုတိယ ပါ... အကြောက်ရဆုံး က သူ့ရဲ့ လုပ်ရပ် တွေပဲ... သာမန် အစိုးရ အရာရှိ တွေနဲ့ လုံးဝ မတူဘူး..."

"နောက်ပိုင်း အစိုးရ အသိုင်းအဝိုင်း က လူတွေ နဲ့ တွေ့ရင်လည်း မိတ်ဆွေတို့ နည်းနည်း သတိထား နေကြပါဦး..."

'စီနီယာ က ဘာဖြစ်လို့ တိုက်ပွဲ ကနေ ရှောင်ထွက်လာတာလဲ...'

လီတောက်ဖျင်၏ နှုတ်ခမ်းများ မသိမသာ လှုပ်ရှားသွားပြီး အသံလှိုင်းဖြင့် ပို့လွှတ်လိုက်ရာ တောင်ကြားသခင် အိုကြီး၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

'ကျုပ် ကတော့ လုမိသားစု အတွက် နဲ့ ကျန်းချဲ့ လို လူကို အသက်စွန့် ပြီး မတိုက်ခိုက်ချင်ဘူး... ကျုပ် ရဲ့ ဒီအရိုးဆွေး ကြီး က အေးအေးချမ်းချမ်း နဲ့ပဲ အသက်ကြီးလို့ သေတဲ့ အထိ နေချင်တာ... ဒီလို ခက်ခဲတဲ့ ရန်သူ နဲ့ သွားပြီး ရန်လုပ်ရင် နောက်ပိုင်း ဆေးဘုရင်တောင်ကြား လည်း လုမိသားစု လိုမျိုး ဖြစ်မလာဘူး လို့ ဘယ်သူ ပြောနိုင်မှာလဲ...'

တောင်ကြားသခင် အိုကြီးက မျက်လုံး မှိတ်ထားလျက် အသံလှိုင်းဖြင့် လီတောက်ဖျင် နှင့် စကားပြောနေသည်။

'ဟီးဟီး... တောင်ကြားသခင် အိုကြီး က ကျုပ် တို့ ဖူလုံကျောင်းတော် ကို မယုံကြည်တာပဲ... ဖူလုံကျောင်းတော် ရှိနေသရွေ့ ကျန်းချဲ့ က ဆေးဘုရင်တောင်ကြား ကို ထိရဲပါ့မလား...'

ထိုက်အန်းဒေသ တစ်ခုလုံးတွင် ဆေးဘုရင်တောင်ကြား က ဖူလုံကျောင်းတော်၏ လက်အောက်ခံ အင်အားစု ဖြစ်ကြောင်း ဘယ်သူက မသိဘဲ နေမည်နည်း။ လုံးဝ ထိန်းချုပ်ခံထားရသော လက်အောက်ခံ မျိုး ပင် ဖြစ်သည်။

'လုမိသားစု ကလည်း ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ လက်အောက်ခံ မဟုတ်ဘူးလား... ကျန်းချဲ့ က လုမိသားစု ကိုတောင် ထိရဲမှတော့ ဖူလုံကျောင်းတော် ကိုကော ကြောက်ပါ့မလား...'

ပြန်လည် မေးခွန်းထုတ်လိုက်မှုကြောင့် လီတောက်ဖျင် တစ်ယောက် တိတ်ဆိတ်သွားခဲ့ရသည်။

'တောင်ကြားသခင် အိုကြီး ပြောတာ အဓိပ္ပာယ် ရှိပါတယ်...'

'ကျုပ် ရဲ့ အကြံပေးစကား ကို နားထောင်ပါ... ဒီကောင်လေး ကို လေးစားလို့ ရပေမဲ့ သွားပြီး စော်ကားလို့ မရဘူး... ဘာအကျိုးအမြတ် မှ ယှဉ်ပြိုင်စရာ မရှိရင် သူ့ရဲ့ အရှိန်အဝါ ကို ခဏလောက် ရှောင်နေတာ အကောင်းဆုံးပဲ...'

'တောင်ကြားသခင် အိုကြီး... ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေလည်း ရှိပါတယ်...'

"ဒုန်း..."

"ဒုန်း..."

"ဒုန်း..."

အတွင်းအား ဖျက်ဆီးရေး မြား အများအပြား လေကို ခွင်း၍ ထွက်ပေါ်လာပြီး သဘာဝ ယွမ်ချီ စွမ်းအင်များကို စုစည်းကာ ရွှေရောင် ခေါင်းလောင်းကြီး အပေါ်သို့ ကျရောက်သွားခဲ့သည်။ တစ်ကြိမ် ထိမှန်တိုင်း ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် ခေါင်းလောင်းကို မခွဲနိုင်သော်လည်း တစ်ကြိမ် ထိမှန်တိုင်း ခေါင်းလောင်း ပေါ်ရှိ အက်ကြောင်းများက ပို၍ ပို၍ များပြားလာစေသည်။

ခေါင်းလောင်း ပျက်စီးရန်မှာ အချိန် ပြဿနာသာ ဖြစ်သည်။

ဤအချက်ကို ကျဲအဲ့ ဘုန်းကြီးက အလွန် ရှင်းလင်းစွာ သိရှိထားသည်။

သို့သော် သူ ရှင်းလင်းစွာ သိရှိထားသော်လည်း ဖြေရှင်းရန် နည်းလမ်း မရှိပေ။

ကျန်းချဲ့၏ ရည်ရွယ်ချက်က အလွန် ထင်ရှားနေပြီ ဖြစ်ပြီး တစ်ယောက်ချင်းစီကို ခွဲခြား ဖျက်ဆီးရန် ပင် ဖြစ်သည်။

သူ၏ စွမ်းအားက အစောပိုင်း တိုက်ပွဲများမှ တစ်ဆင့် သိမြင်ပြီး ဖြစ်ရာ ကျန်းချဲ့ကို လုံးဝ မမီကြောင်း သေချာလှပေသည်။ ရွှေရောင် ခေါင်းလောင်း သက်သက်ဖြင့် အချိန် အနည်းငယ် တောင့်ခံထားနိုင်သေးသော်လည်း အကယ်၍ ရုတ်တရက် ထွက်ပြီး တိုက်ခိုက်မည် ဆိုပါက...

နောက်ဆက်တွဲ အကျိုးဆက်များကို ခန့်မှန်းရ ခက်ခဲသွားမည် ပင် ဖြစ်သည်။

လုရှင်းယွင် ကလည်း ဤအချက်ကို ကောင်းစွာ သိရှိထားသည်။ သူက ရွှေရောင် ခေါင်းလောင်း မကွဲခင်မှာ ကျန်းချဲ့ကို ပြင်းထန်သော ဒဏ်ရာ ရရှိစေချင်သော်လည်း သူ၏ အတွင်းအား တစ်ဝက်ခန့်ကို လောင်ကျွမ်းစေခဲ့လျှင်ပင် ကျန်းချဲ့ကို မနိုင်နိုင်သေးပေ။

ယခုအခါ အလွန်အမင်း စိုးရိမ် ပူပန်နေပြီ ဖြစ်သည်။

အတွင်းအား ဖျက်ဆီးရေး မြားများ အဆက်မပြတ် ပစ်ခတ်နေချိန်တွင် ကျန်းချဲ့ ကိုယ်တိုင်လည်း ရွှေရောင် ခေါင်းလောင်းကို အစွမ်းကုန် ထိုးနှက် တိုက်ခိုက်နေပေသည်။ ဤလိပ်ခွံကြီးကို ခွဲနိုင်သည်နှင့် အထဲရှိ ထိပ်ပြောင် ဘုန်းကြီး သေချာပေါက် သေမည်သာ ဖြစ်သည်။

ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီး ကဲ့သို့ စကားပြော ညှိနှိုင်းပြီး နောက်ဆုတ်ခိုင်းရန် ဆိုသည်မှာ... လုံးဝ မဖြစ်နိုင်ပေ။

ကျဲအဲ့ ဘုန်းကြီးက ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီးနှင့် မတူပေ။ သူက အကူအညီ လာပေးရခြင်းမှာ လုမိသားစုနှင့် ယခင်က ရှိခဲ့သော သံယောဇဉ်များကြောင့် ဖြစ်ပြီး ကူညီ တိုက်ခိုက်ပေးနိုင်သော်လည်း အသက်စွန့်မည်တော့ သေချာပေါက် မဟုတ်ပေ။

သို့သော် ကျဲအဲ့ ဘုန်းကြီးက ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ဖြစ်ပြီး လုမိသားစု ကိုယ်တိုင်ကလည်း သူတို့၏ လက်အောက်ခံ ဂိုဏ်း ဖြစ်သည်။ ဤတစ်ကြိမ် ထွက်ပေါ်လာခြင်းက လုမိသားစု ဘက်တွင် ရပ်တည်ကြောင်း အထင်အရှား ပြသနေခြင်း ပင် ဖြစ်သည်။ ထို့အပြင် ယခင်က ရိခုန်း ဘုန်းကြီးနှင့် တိုက်ခိုက်ခဲ့သော ကိစ္စများလည်း ရှိသေးသည်။

နှစ်ဖက်စလုံးက ရေနှင့် မီးကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ကျဲအဲ့ ဘုန်းကြီး ဖြစ်စေ၊ ကျန်းချဲ့ ဖြစ်စေ ဤကဲ့သို့သော အတွေးမျိုး မရှိကြပေ။

ထို့အပြင် ယခုအခါ အောင်ပွဲက သူ၏ လက်ထဲတွင် သေချာပေါက် ရှိနေပြီ ဖြစ်သည်။

လုံးဝ ညှိနှိုင်းစရာ အကြောင်း မရှိပေ။

ကျဲအဲ့ ဘုန်းကြီး၏ နှုတ်ခမ်းထောင့်မှ အနီရောင် သွေးများ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မျက်လုံးများ ပြူးကျယ်လာကာ သူ၏ ဒန်တျန်ကို အဆက်မပြတ် လှုံ့ဆော်လျက် သူ၏ အတွင်းအားများကို ရွှေရောင် ခေါင်းလောင်း ပေါ်သို့ အဆက်မပြတ် ဖြန့်ကျက် ပံ့ပိုးပေးနေသည်။

အက်ကြောင်းများကို ပြုပြင်ပြီး ရွှေရောင် ခေါင်းလောင်းကို ပြန်လည် တည်ဆောက်နေသည်။

သို့သော် ပြုပြင်သည့် အမြန်နှုန်းက ဖျက်ဆီးသည့် အမြန်နှုန်းကို ဘယ်တော့မှ မမီနိုင်ပေ။

အချိန်တိုလေး အတွင်းမှာပင် ယခင်က အပြည့်အစုံ ရှိနေသော ရွှေရောင် ခေါင်းလောင်း အပေါ်တွင် အက်ကြောင်းများ ပြည့်နှက်နေပြီ ဖြစ်ပြီး လွယ်ကူစွာ ကွဲအက်လွယ်သော ကြွေထည် တစ်ခု ကဲ့သို့ ဖြစ်နေပေသည်။

"အား..."

ရှုံးနိမ့်မှုက ထင်ရှားနေပြီ ဖြစ်ကြောင်း မြင်သောအခါ လုရှင်းယွင်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ၏ လက်ထဲရှိ ဝိညာဉ်ဓား ထဲသို့ လက်သင်္ကေတများ အဆက်မပြတ် ရိုက်သွင်းလိုက်ပြီး ၎င်း၏ ဝိညာဉ်ရေးရာ စွမ်းအင်များကို အပြည့်အဝ နိုးကြားစေကာ ၎င်း၏ ချွန်ထက်မှုကို မျက်စိတစ်မှိတ် အတွင်း တိုးတက်လာစေခဲ့သည်။

ဤသို့ လုပ်ဆောင်ပြီးပါက လုမိသားစု၏ ဤဂိုဏ်းစောင့် ဓားမှာ အသုံးမဝင်တော့သကဲ့သို့ ဖြစ်သွားမည် ဖြစ်သော်လည်း အကယ်၍ သူ ထပ်မသုံးလျှင် ၎င်းမှာ ကျန်းချဲ့၏ စစ်ပွဲသိမ်း လက်နက် သက်သက်သာ ဖြစ်သွားတော့မည်ကို သူ သိထားသည်။

ဤသို့ ဖြစ်သွားသည်ကို သူ လက်ပိုက် ကြည့်မနေနိုင်ပေ။

နှလုံးသွေး တစ်ပွက်ကို ဝိညာဉ်ဓား ပေါ်သို့ ထွေးချလိုက်ရာ ဝိညာဉ်ဓား ပေါ်ရှိ အလင်းရောင်များက မျက်စိတစ်မှိတ် အတွင်း အဆပေါင်းများစွာ ပိုမို တောက်ပလာခဲ့သည်။

"အသက် လာပေးစမ်း..."

လုရှင်းယွင်က လက်နှစ်ချောင်းကို ပူးယှက်ကာ လက်သင်္ကေတ ပြုလုပ်လိုက်ပြီး သူ၏ အတွင်းအားများ ချက်ချင်း ခန်းခြောက်သွားကာ ဝိညာဉ်ဓား အပေါ်သို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့သည်။

"ဟား..."

ကျယ်လောင်သော ဟစ်အော်သံ တစ်ခုနှင့် အတူ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဝိညာဉ်ဓားက မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားသွားပြီး အလွန် ရှည်လျားသော အလင်းတန်း တစ်ခုကို ချန်ရစ်ခဲ့သည်။

ဓားဦးက ကျန်းချဲ့ဆီသို့ တိုက်ရိုက် ဦးတည်နေပေသည်။

အရှိန်အဝါဖြင့် ပစ်မှတ်ထား ခံလိုက်ရသည်ကို ကျန်းချဲ့လည်း ရင်ထဲတွင် သေချာပေါက် သိရှိသွားပြီး လေပူ တစ်ချက် မှုတ်ထုတ်လိုက်ကာ နဂါး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး လက်ထဲရှိ တန်ဖိုးကြီး ဓားကို လွှတ်ချလိုက်ကာ တစ်ကိုယ်လုံးရှိ အတွင်းအားများနှင့် အတူ ထွက်ပေါ်သွားစေခဲ့သည်။

နဂါးပုံသဏ္ဍာန် အတွင်းအား ပံ့ပိုးမှု အောက်တွင် ဓားသွားက နဂါးခေါင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဘုန်း..."

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု နှစ်ခု ပေါင်းစပ်သွားပြီး နေရာတွင်ပင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

နောက်တစ်ခဏတွင် ကျန်းချဲ့ ချန်မိသားစု ရတနာတိုက် အတွင်းမှ ရရှိခဲ့သော တန်ဖိုးကြီး ဓားမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားခဲ့ပြီး ထိုဝိညာဉ်ဓား၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်း သိသာလှပေသည်။ အတွင်းအားများလည်း ထိတွေ့လိုက်သည်နှင့် ချက်ချင်း ပြိုကွဲ ပျက်စီးသွားခဲ့ရသည်။

ဝိညာဉ်ဓား၏ ချွန်ထက်မှုက ရှိနေဆဲ ဖြစ်ပြီး ချွန်ထက်သော အရှိန်အဝါများကို ထုတ်လွှတ်လျက် ကျန်းချဲ့ဆီသို့ ဆက်လက် ဝင်ရောက်လာခဲ့သည်။

ဤသည်မှာ ကျန်းချဲ့ ပထမဆုံး အကြိမ် နောက်ဆုတ်ခြင်း ပင် ဖြစ်သည်။

မဟုတ်ဘူး... တိုက်ခိုက်ရင်း နောက်ဆုတ်နေခြင်း ဖြစ်သည်။

အတွင်းအားများကို အဆက်မပြတ် စုစည်းပြီး ထိုးနှက်နေကာ လက်သီး အတွင်းအားများက ဝိညာဉ်ဓား အပေါ်သို့ ကျရောက် ပေါက်ကွဲသွားပြီး ၎င်း၏ စွမ်းအားများကို ချေဖျက်နေပေသည်။

"ဘုန်း..."

"ဘုန်း..."

"ဘုန်း..."

တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ဆက်တိုက် လုပ်ဆောင်ပြီးသော ကျန်းချဲ့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဓားက အနီးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဘာမှ ပြင်ဆင်ချိန် မရတော့သဖြင့် ကျန်းချဲ့က ဒန်တျန် အတွင်းရှိ စစ်မှန်သော ယွမ် စွမ်းအင်များကို အတင်းအဓမ္မ စုစည်းကာ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရသည်။

စုစည်း ဖြစ်ပေါ်လာသော နဂါးခေါင်းက ဝိညာဉ်ဓားကို တစ်လုပ်တည်း မျိုချလိုက်သော်လည်း ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။

ဝိညာဉ်ဓားက သက်တံ့ရောင် အလင်းတန်း တစ်ခု အဖြစ် ဖြတ်သန်းသွားပြီး ကျန်းချဲ့ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

"ဖွတ်..."

ကာကွယ်ရေး အတွင်းအားများ ကလည်း အောင်မြင်စွာ မတားဆီးနိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် အောက်ဘက်ရှိ လူများ အားလုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။

'အကြီးအကျယ် သတ်ဖြတ်နေတဲ့ ကျန်းချဲ့ ဒီလိုပဲ ရှုံးသွားပြီလား...'

လုရှင်းယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာခဲ့သည်။

ကျဲအဲ့ ဘုန်းကြီး ကတော့ ကျယ်လောင်စွာ အားပေးလိုက်သည်။

သို့သော် သူတို့ ဝမ်းသာရသည့် အချိန် သိပ်မကြာလိုက်ခင်မှာပင် လေဟာနယ်ထဲရှိ ကျန်းချဲ့က ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး လက်ဝါးကို ဘယ်ဘက် ပခုံးပေါ် တင်ကာ ဝိညာဉ်ရေးရာ စွမ်းအင်များ အကြီးအကျယ် ပျက်စီးသွားသော ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီး အလွယ်တကူ လွှင့်ပစ်လိုက်သည်။

"ဒီဓား တစ်ချက် က... မလုံလောက်သေးဘူး..."

ယခင်က တိုက်ခိုက်မှု အများအပြားမှာ အောင်မြင်မှု မရှိခဲ့သော်လည်း ထိုဓား၏ စွမ်းအားများကို တကယ်တမ်း ချေဖျက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဘယ်ဘက် ပခုံးကို ထိုးစိုက်သွားခဲ့သော်လည်း စွမ်းအား အများကြီး မကျန်တော့ပေ။

ဒဏ်ရာ ရသွားသော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။

ဤမြင်ကွင်းက လုရှင်းယွင် မျက်နှာပေါ်ရှိ အပြုံးကို ရပ်တန့်သွားစေခဲ့ပြီး ကျဲအဲ့ ဘုန်းကြီး၏ ရယ်မောသံကိုလည်း ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။

သို့သော် ကျန်းချဲ့က သူတို့ကို တုံ့ပြန်ရန် အချိန် မပေးခဲ့ပေ။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေပြင်းများ ထပ်မံ တိုက်ခတ်လာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်း ရွှေရောင် ခေါင်းလောင်း အရှေ့သို့ ရောက်ရှိလာပြီး ရွှေရောင် ခေါင်းလောင်း အပေါ်သို့ လက်သီး တစ်ချက် ထိုးချလိုက်သည်။

ခေါင်းလောင်းသံ ပျံ့လွင့်သွားပြီး ကြီးမားသော အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ကမ္ဘာမြေကြီး တစ်ခုလုံး အတူတူ ခဲသွားသကဲ့သို့ ဖြစ်သွားသည်။

သို့သော် နောက်ဆက်တွဲ အနေဖြင့် သေးငယ်သော အသံလေး တစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဒိုင်း..."

စောစောကတည်းက အက်ကြောင်းများ ပြည့်နှက်နေသော ရွှေရောင် ခေါင်းလောင်းကြီး မျက်စိတစ်မှိတ် အတွင်း ကွဲအက်သွားခဲ့သည်။

၎င်းနှင့် အသက်ဆက်စပ်နေသော ကျဲအဲ့ ဘုန်းကြီးမှာလည်း သွေးများ အန်ချလိုက်ရသည်။

ကျန်းချဲ့၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ၏ အနီးသို့ ရောက်ရှိလာခဲ့သည်။

လက်တစ်ချက် မြှောက်ကာ လက်သီး တစ်ချက် ထိုးချလိုက်သည်။

"ဘုန်း..."

"ဘုန်း..."

အဆုံးအစ မရှိသော ဒေါသများ၊ တစ်ကိုယ်လုံးရှိ ခွန်အားများ အားလုံးကို ကျဲအဲ့ ဘုန်းကြီး၏ ကိုယ်ပေါ်သို့ ပုံချလိုက်သည်။ သူက ကာကွယ်ရန် ကြိုးစားသော်လည်း ယခုအခါတွင် အင်အား မရှိတော့ဘဲ ခွန်အားများလည်း အများကြီး မကျန်တော့ပေ။

"ဂျွတ်..."

လက်သီး တစ်ချက် အောက်တွင် ကျဲအဲ့ ဘုန်းကြီး အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့သော ခိုင်မာသည့် ခန္ဓာကိုယ်ကြီးက နောက်ဆုံးတွင် ကျန်းချဲ့၏ အဆက်မပြတ် တိုက်ခိုက်မှုများကို မခံနိုင်တော့ဘဲ ညာဘက် လက်မောင်း နေရာတွင်ပင် ကျိုးသွားခဲ့ပြီး ဖြူရော်နေသော အရိုးချွန်များက အဆစ်နေရာမှ ထိုးထွက်လာခဲ့သည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

ဘယ်ဘက် လက်မောင်း၊ ဘယ်ဘက် ခြေထောက်၊ ညာဘက် ခြေထောက်၊ နောက်ဆုံး ဒန်တျန် အထိ...

ကျန်းချဲ့က ကျဲအဲ့ ဘုန်းကြီးကို ဘာအခွင့်အရေးမှ ထပ်မပေးတော့ဘဲ အားလုံးကို ချိုးဖျက်ပစ်လိုက်သည်။

"ကျန်းချဲ့... မင်း ငါ့ကို သတ်ရဲတယ်... ကျင်းယွမ် ဘုန်းကြီးကျောင်း က... မင်းကို... မင်းကို အလွတ်ပေးမှာ... မဟုတ်ဘူး..."

"ဗြိ..."

ကျဲအဲ့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က လုံးဝ မတုန်လှုပ်ဘဲ လက်နှစ်ဖက်ဖြင့် သူ၏ ခြေထောက် နှစ်ချောင်းကို ကိုင်ကာ ရုတ်တရက် အားကုန် ဆွဲဖြဲလိုက်ရာ အပြည့်အစုံ ရှိနေသော ခန္ဓာကိုယ်ကြီးမှာ နေရာတွင်ပင် နှစ်ပိုင်း ကွဲသွားခဲ့ရသည်။

မျက်စိတစ်မှိတ် အတွင်း ကောင်းကင် တစ်ခုလုံး သွေးမှုန်များ လွှမ်းခြုံသွားခဲ့သည်။

ကျန်းချဲ့က ကျဲအဲ့၏ သွေးများ အောက်တွင် ရေချိုးနေသကဲ့သို့ ရပ်နေပြီး မျက်လုံးများက အေးစက်နေကာ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာခဲ့သည်။

"မင်း ပြောတာ မှားသွားပြီ... ငါ ကသာ ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အလွတ်မပေးမှာ..."

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး အားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ကျန်းချဲ့က ကျဲအဲ့ ဘုန်းကြီး၏ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ဘဲ တကယ် သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ ထို့အပြင် ဤကဲ့သို့သော နည်းလမ်းဖြင့် အသက်ကို အဆုံးသတ်လိုက်ခြင်းက လူအများအပြားကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့သည်။

ကျန်းချဲ့၏ သတ္တိက တကယ်ကို ကြီးမားလွန်းလှပေသည်။

ကျဲအဲ့ သေဆုံးသွားခြင်းက သူနှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း အကြား လုံးဝ အသေအကြေ ရန်သူ ဖြစ်သွားပြီ ပင် ဖြစ်သည်။

ထို့အပြင် သူ ကဲ့သို့ အရေးကြီးသော တိုက်ခိုက်ရေး အင်အားစု တစ်ခု သေဆုံးသွားခြင်းက လုမိသားစု အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ကြောင်း ပြသနေပေသည်။

လုရှင်းယွင်က ထိုဓားချက်ကို ထုတ်ဖော်ရန် ဝိညာဉ်ဓား ပျက်စီးသွားသည်ကိုပင် ဂရုမစိုက်ခဲ့ရာ စောစောကတည်းက သူ၏ စစ်မှန်သော ယွမ် စွမ်းအင်များကို လုံးဝ ခန်းခြောက်သွားစေခဲ့သည်။

ဆက်လက် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ပေ။

လုမိသားစု ပျက်သုဉ်းဖို့ သေချာသွားပြီ…။

All Chapters