← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈) မဟာမေတ္တာ ဘုရားရှင်...

သခင်မကြီးကျူး နှင့် ဟွမ်ရှန်းရှန်း တို့၏ နှုတ်ခမ်းလှံ၊ လျှာဓား တိုက်ခိုက်မှုများက အလွန် အစွမ်းထက်လှသည်ဟု ဝန်ခံရမည် ပင် ဖြစ်သည်။

အကယ်၍ တစ်ယောက်တည်း သာ ဆိုလျှင် ကျန်းချဲ့ အနေဖြင့် အေးဆေးစွာ ရင်ဆိုင်နိုင်ပြီး အတက်အဆုတ် ကို ကောင်းစွာ ထိန်းချုပ်နိုင်သေးသည်။

သို့သော် နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်လာမှုကို ရင်ဆိုင်ရာတွင်တော့ ၁၅ မိနစ်ခန့် အချိန်တိုလေး အတွင်းမှာပင် ကျန်းချဲ့ တစ်ယောက် အရေးနိမ့်သွားခဲ့ရပြီး မတတ်သာသည့် အဆုံး သန်းပေါင်းများစွာသော လက်ရွေးစင် စစ်သည်များကို စွန့်လွှတ်လိုက်ရကာ ၎င်းတို့ နှစ်ယောက်ကို ရင်ဆိုင်ရန် အနီးကပ် လုံးထွေး တိုက်ခိုက်သည့် နည်းလမ်းသို့ ပြောင်းလဲလိုက်ရတော့သည်။

ဤတိုက်ပွဲက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေလောက်ပြီး တစ်နာရီကျော် ကြာမြင့်ပြီးနောက်မှသာ ပြီးဆုံးသွားခဲ့သည်။

သုံးယောက်စလုံး အားအင် ကုန်ခန်းသွားခဲ့ကြပြီး နောက်ဆုံးတွင် သရေကျကာ ပြီးဆုံးသွားခဲ့သည်။

တိုးတိုးလေး အသက်ရှူနေသော ကျန်းချဲ့က တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ရင်းနှီးသော အငွေ့အသက် တစ်ခု နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထိုနှစ်ယောက်ကို သတိထားရန် အချက်ပြလိုက်သည်။

ထို့နောက် ဘေးရှိ ဝတ်ရုံကို ဆွဲယူကာ လေပြင်း တစ်ချက် အဖြစ် ပြောင်းလဲပြီး အပြင်သို့ ထွက်သွားခဲ့သည်။

ယခုအခါ ကောင်းကင်ယံက မှောင်မိုက်နေပြီ ဖြစ်သည်။

ကျန်းချဲ့က လေဟာနယ်ထဲသို့ တိုက်ရိုက် တက်သွားပြီး အငွေ့အသက်များ ထွက်ပေါ်လာရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားကာ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရောက်လာသူမှာ ရိခုန်း ဘုန်းကြီး ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။

ယခုအခါ သူက ဘုန်းကြီး ဝတ်ရုံကို စွန့်လွှတ်လိုက်ပြီး အနက်ရောင် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားကာ ရုတ်တရက် ကြည့်လိုက်ပါက ဘုန်းကြီး တစ်ပါးနှင့် လုံးဝ မတူတော့ဘဲ မိစ္ဆာ အငွေ့အသက်များ ပြည့်နှက်နေသော မိစ္ဆာ ဘုန်းကြီး တစ်ပါးနှင့် တူနေပေသည်။

ရိခုန်းက လက်နှစ်ဖက်ကို ပူးယှက်ကာ သွေးရောင် လွှမ်းနေသော မျက်လုံးများဖြင့် ကျန်းချဲ့ကို စိုက်ကြည့်ရင်း...

"စစ်မှန်တဲ့ ဘုရားရှင် ကို ဂါရဝပြုပါတယ်..."

"မင်း ကိုး... ဒီတစ်ခေါက် ငါ့ဆီ လာတာ ဘာကိစ္စ ရှိလို့လဲ..." ရိခုန်း၏ ယခု ပုံစံကို ကြည့်ပြီး ကျန်းချဲ့က ယခုအခါ သူ၏ ရင်ထဲသို့ မိစ္ဆာစိတ်များ ဝင်ရောက်သွားပြီ ဖြစ်ပြီး အသိဉာဏ် ပင်လျှင် ပုံမှန် မဟုတ်တော့ကြောင်း သိလိုက်သည်။

သူ့ကိုပင် စစ်မှန်သော ဘုရားရှင် ဟု ခေါ်ဆိုနေသေးသည်။

"ကျင်းယွမ် ဘုန်းကြီးကျောင်း က ဖူလုံကျောင်းတော် နဲ့ ပူးပေါင်းပြီး ထိုက်အန်းဒေသ က သိုင်းလောက အင်အားစု တွေ အားလုံး ကို လှုံ့ဆော်ကာ အရှင်ဘုရား ကို တိုက်ခိုက်ဖို့ နဲ့ အစိုးရ ကို ဖိအားပေးဖို့ ပြင်ဆင်နေပါတယ်... စစ်မှန်တဲ့ ဘုရားရှင် အနေနဲ့ ဒီတစ်ခေါက် သတိထား ရင်ဆိုင်ရပါလိမ့်မယ်..."

ရိခုန်းက ဝမ်ချန် ဆရာတော်၏ အကြံအစည်များကို ကျန်းချဲ့အား တိုတိုနှင့် လိုရင်း ပြောပြလိုက်သည်။

ကျင်းယွမ် ဘုန်းကြီးကျောင်းက သူ့ကို ပစ်မှတ်ထားမည် ဆိုသည်မှာ ကျန်းချဲ့၏ မျှော်လင့်ချက် အတွင်း၌ ရှိပြီးသား ဖြစ်သော်လည်း ဤဘုန်းကြီးများက ဉာဏ်အနည်းငယ် ရှိနေပြီး ဖူလုံကျောင်းတော်နှင့် ပူးပေါင်းကာ သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤသည်က အနည်းငယ် ခက်ခဲသွားပြီ ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ တာဝန် စတင် ထမ်းဆောင်စဉ် ကတည်းက ချီဆန်းကျား က သူ့ကို သတိပေးထားခဲ့ပြီး ဖြစ်သည်။ မည်မျှပင် ပြဿနာ ရှာစေကာမူ အင်အားစု အသီးသီးကို ပုန်ကန်သည် အထိ ဖိအား မပေးရန်၊ မဟုတ်လျှင် အစိုးရ အနေဖြင့် ဖိနှိပ်ရန် အလွန် ခက်ခဲသွားမည် ဖြစ်ပြီး သက်ရောက်မှု ကြီးမားသွားပါက အထက်မှ အပြစ်ပေး အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း ပြောထားခဲ့သည်။

သို့သော် ဤသည်က သူ လက်ခံနိုင်သော အတိုင်းအတာ အတွင်း၌ ရှိနေဆဲ ပင် ဖြစ်သည်။

လောလောဆယ် သိရသလောက် ဝမ်ရှိုခြံဝင်း က သူနှင့် ပူးပေါင်းရန် ဆန္ဒ ရှိနေပြီ ဖြစ်ပြီး ကျန်းဟိုင်ဂိုဏ်းကိုပါ ထပ်မံ ဖျောင်းဖျ နိုင်မည် ဆိုပါက ထိုက်အန်းဒေသ သိုင်းလောက၏ အင်အား တစ်ဝက်ခန့်က သူ၏ ဘက်တွင် ရပ်တည်နေမည် ဖြစ်ရာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ပေ။

သို့သော်လည်း စောစောစီးစီး ပြင်ဆင်ထားရန် လိုအပ်ပေသည်။

"မင်း ရဲ့ ရည်ရွယ်ချက် က ဘာလဲ..."

ကျန်းချဲ့က တစ်ဖက်လူကို အကဲခတ်ကာ မေးလိုက်သည်။

"ကျင်းယွမ် ဘုန်းကြီးကျောင်း က ရဟန်းတော် တွေ အားလုံး က လမ်းလွဲနေတဲ့ သူတွေပါ... ကျွန်တော် က စစ်မှန်တဲ့ ဘုရားရှင် ရဲ့ လက်အောက် မှာ ဝင်ရောက် အမှုထမ်းပြီး ဗုဒ္ဓဘာသာ ကို ရှင်းလင်း သုတ်သင်ချင်ပါတယ်... စစ်မှန်တဲ့ ကိုယ်ကျိုးစွန့် အချစ် တွေနဲ့ လောကကြီး ကို ချစ်မြတ်နိုးတဲ့ ဗုဒ္ဓ ကျမ်းစာ တစ်စောင် ကို ဖန်တီးချင်ပါတယ်... စစ်မှန်တဲ့ ဘုရားရှင် ရဲ့ ခိုင်းစေမှု ကို အချိန်မရွေး နာခံဖို့ အဆင်သင့် ပါပဲ..."

"လောကကြီး ကို ချစ်မြတ်နိုးမယ် ဟုတ်လား..."

ကျန်းချဲ့ မျက်လုံးများ လှုပ်ရှားသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။

"ရိခုန်း... မင်း က ဗုဒ္ဓ ကျမ်းစာ ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ် ကို နားလည်သွားပြီပဲ... ငါ့ကို စစ်မှန်တဲ့ ဘုရားရှင် လို့ သတ်မှတ်မှတော့... ငါ မင်း ကို ဘွဲ့တော် အသစ် တစ်ခု ချီးမြှင့်မယ်..."

"စစ်မှန်တဲ့ ဘုရားရှင်... ကျေးဇူးပြုပြီး မိန့်ကြားပေးပါ..."

"မင်း က ကြီးမားတဲ့ ဆန္ဒ ကြီး တစ်ခု ကို ချမှတ်ပြီး ဗုဒ္ဓဘာသာ ကို ပြန်လည် တည်ဆောက်ကာ ဒုက္ခရောက်နေသူ တွေကို ကယ်တင်ချင်မှတော့... နောက်ပိုင်း ကျင်းယွမ် ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားတဲ့ အခါ မင်း ရဲ့ ဘွဲ့တော် ကို တုခူ ( ဒုက္ခများကို ကယ်တင်သူ) လို့ မှည့်ခေါ်လိုက်ပါ... နောင်တစ်ချိန် မှာ တုခူ ဘုရားရှင် လို့ ဖြစ်မလာနိုင်ဘူး လို့ ဘယ်သူ ပြောနိုင်မှာလဲ..."

"တုခူ..."

ရိခုန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်လုံးများထဲတွင် ယခင်က မရှိဖူးသော အလင်းရောင်များ တောက်ပလာခဲ့သည်။

"ဒါဆိုရင် စစ်မှန်တဲ့ ဘုရားရှင် ကကော ဘယ်လို ဘွဲ့တော် ယူမလဲ..."

"တကယ်လို့ ဘုရား ဖြစ်လာတဲ့ နေ့ ရောက်လာရင် လောက လူသား တွေ ကို ငါ့ကို မဟာမေတ္တာ ဘုရားရှင် လို့ ခေါ်ဆိုခိုင်းလိုက်မယ်..." ကျန်းချဲ့က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"စစ်မှန်တဲ့ ဘုရားရှင် ရဲ့ ကြီးမားတဲ့ ဆန္ဒ ကို... တပည့် လေးစားမိပါတယ်..."

"ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ အကြံအစည် ကို ငါ သိပါပြီ... ရင်ဆိုင်ဖို့ လည်း ပြင်ဆင်နေတယ်... ဒါပေမဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ထဲက သိုင်းရဟန်း တွေရဲ့ တိကျတဲ့ စွမ်းအား တွေကိုတော့ သေချာ မသိရသေးဘူး..."

သူ မှ မဟုတ်ဘဲ သိုင်းလောက ရှိ အင်အားစု အများအပြား ပင်လျှင် သေချာ မသိရှိကြပေ။ မည်သို့ပင်ဆိုစေ ကျင်းယွမ် ဘုန်းကြီးကျောင်းက ဆယ်စုနှစ်များစွာ အေးချမ်းစွာ နေထိုင်လာခဲ့ပြီး အင်အားကြီးသူများက တိုက်ခိုက်ရသည့် အခွင့်အရေး အလွန် ရှားပါးလှသဖြင့် သူတို့၏ စွမ်းအား အစစ်အမှန်ကို သိရှိရန် အလွန် ခက်ခဲလှပေသည်။

"ကျင်းယွမ် မိစ္ဆာ ကျောင်းတော် ထဲမှာ မွေးရာပါအဆင့် ရဟန်းသိုင်းသမား ဆယ့်နှစ်ပါး ရှိပါတယ်... အဲဒီအထဲမှာ ရွှမ်ချောင်အဆင့် ခုနစ်ပါး၊ ယွမ်ဟိုင်အဆင့် နှစ်ပါး၊ ရှန်ကွမ်းအဆင့် သုံးပါး ရှိပြီး... ရွှမ်တန်အဆင့် ကျင်းကန်း တစ်ပါး လည်း ရှိပါတယ်... နာမည် က တုနန် လို့ ခေါ်ပါတယ်..."

ရိခုန်းက ကျင်းယွမ် ဘုန်းကြီးကျောင်း အတွင်းရှိ သတင်း အချက်အလက်များ အားလုံးကို တစ်ခုချင်းစီ ရှင်းပြလိုက်သည်။

ကြားပြီးနောက် ကျန်းချဲ့လည်း ရင်ထဲတွင် အံ့အားသင့်သွားခဲ့ရသည်။

ကျင်းယွမ် ဘုန်းကြီးကျောင်း၏ စွမ်းအားက အနည်းငယ် လွန်ကဲစွာ အစွမ်းထက်နေပေသည်။

ရှန်ကွမ်းအဆင့် ရဟန်းသိုင်းသမား သုံးပါး၊ မွေးရာပါအဆင့် ရဟန်းသိုင်းသမား ကိုးပါး... ဤကဲ့သို့သော စွမ်းအားက ယွီရှန်း လုမိသားစု၊ ဝမ်ရှိုခြံဝင်း နှင့် ကျန်းဟိုင်ဂိုဏ်း တို့ သုံးခု ပေါင်းစပ်ထားသည့် အင်အားနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ထိုက်အန်းဒေသ၏ သိုင်းလောက အရှင်သခင် ဖြစ်လာသည်မှာ မဆန်းတော့ပေ။

အရေးအကြီးဆုံးမှာ ကျင်းယွမ် ဘုန်းကြီးကျောင်း အတွင်းတွင် ရွှမ်တန်အဆင့် အင်အားကြီးသူ တကယ် ရှိနေခြင်း ပင် ဖြစ်သည်။

ချီဆန်းကျား၏ စိုးရိမ်မှုက တကယ်ကို မမှားခဲ့ပေ။

"တပည့် မှာ စစ်မှန်တဲ့ ဘုရားရှင် ကို တင်ပြစရာ နောက်ထပ် ကိစ္စ တစ်ခု ရှိပါသေးတယ်..." ရိခုန်းက ဆက်ပြောလိုက်သည်။

"ပြောလေ..."

"ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ မိစ္ဆာ နှိမ်နင်းရေး မျှော်စင် အောက်မှာ ပြိုင်ဘက်ကင်း မိစ္ဆာဓား တစ်လက် ကို ချုပ်နှောင်ထားပါတယ်... အဲဒီ ဓား ရဲ့ မိစ္ဆာစိတ် ပြင်းထန်မှု က တပည့် တစ်ခါမှ မကြားဖူးလောက်အောင်ပါပဲ... ရွှမ်တန်အဆင့် တုနန် ဘုန်းကြီး ကလည်း အဲဒီနေရာမှာ အမြဲတမ်း စောင့်ကြပ်နေရလို့ အလွယ်တကူ ထွက်လာလို့ မရပါဘူး..."

ထိုအခါမှသာ ကျန်းချဲ့ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့သည်။

ထိုရွှမ်တန်အဆင့် အင်အားကြီးသူက သူ့ကို တိုက်ရိုက် လာရောက် ခေါင်းဖြတ် သတ်ဖြတ်မည်ကို သူ တကယ် ကြောက်ရွံ့နေခဲ့မိသည်။

သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် သက်တမ်း အားလုံးကို ယဇ်ပူဇော်လိုက်လျှင်ပင် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲမည်ဟု ထင်ရပေသည်။

"ဘယ်အဆင့် ရှိတဲ့ မိစ္ဆာဓား လဲ..." သတိပြန်ဝင်လာပြီးနောက် ကျန်းချဲ့က လေးနက်သော အသံဖြင့် မေးလိုက်သည်။

"အနည်းဆုံးတော့ နတ်လက်နက် အဆင့်တော့ ရှိပါလိမ့်မယ်... မဟုတ်ရင် တုနန် ဘုန်းကြီး က အဲဒီ မိစ္ဆာဓား ကို ဗုဒ္ဓဘာသာ ရဲ့ နတ်လက်နက် အဖြစ် ပြောင်းလဲဖို့ အတွက် နှစ်ပေါင်း တစ်ရာ တိုင်တိုင် စောင့်ကြပ်နေမှာ မဟုတ်ပါဘူး..."

"နတ်လက်နက် အဆင့်..."

ကျန်းချဲ့ မျက်လုံးများ မှေးကျဉ်းသွားပြီး မျက်လုံး အောက်ခြေတွင် အံ့အားသင့် ဝမ်းသာမှုများ ဖြတ်ပြေးသွားခဲ့သည်။

သိုင်းလောကရှိ လက်နက်များ၏ အဆင့် ခွဲခြားမှုကို သူ နားလည်ထားပြီး ဖြစ်သည်။

သာမန် လက်နက် ဆိုသည်မှာ မွေးရာပါအဆင့် အောက်ရှိ သိုင်းသမားများ အသုံးပြုသော လက်နက်များ ဖြစ်သည်။

တန်ဖိုးကြီး လက်နက် များမှာ အများအားဖြင့် မွေးရာပါအဆင့် သိုင်းသမားများ အသုံးပြုလေ့ ရှိပြီး၊ ဝိညာဉ် လက်နက် ကတော့ ချမ်းသာသော လူ အနည်းငယ်မှ လွဲ၍ သာမန် မွေးရာပါအဆင့် သိုင်းသမားများ အသုံးမပြုနိုင်ကြပေ။ နတ်လက်နက် ကတော့ ရွှမ်တန်အဆင့် သိုင်းဆရာကြီး များပင် ရရှိရန် အလွန် ခက်ခဲသော အရာ ပင် ဖြစ်သည်။

တကယ်ကို ကြီးမားလှသော ကံကောင်း ထောက်မမှုကြီး တစ်ခုဟု ဆိုနိုင်ပေသည်။

ကျင်းယွမ် ဘုန်းကြီးကျောင်း အတွင်းတွင် ဤကဲ့သို့သော ရတနာ မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယခုအခါ သူ၏ လက်ထဲတွင် အသုံးပြုရ အဆင်ပြေသော ဓားကောင်း တစ်လက် လိုအပ်နေရာ နောက်ဆုံးတွင် ကျင်းယွမ် ဘုန်းကြီးကျောင်းတွင် သွားရောက် ကျရောက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဒီကိစ္စ ကို ငါ သိပါပြီ... နောက်ရက် အနည်းငယ် နေရင် မိစ္ဆာဓား ကို လုယူဖို့ မင်း ရဲ့ အကူအညီ လိုအပ်လိမ့်မယ်..." ကျန်းချဲ့က အတွေးများ လည်ပတ်နေပြီး မိစ္ဆာဓား ကို မည်သို့ ရယူရမည်ကို စဉ်းစားနေပေသည်။

မည်သို့ပင်ဆိုစေ ရွှမ်တန်အဆင့် အင်အားကြီးသူ စောင့်ကြပ်နေသည် ဖြစ်ရာ ရိခုန်း၏ အကူအညီ မပါဘဲ တကယ် မရနိုင်ပေ။

"စစ်မှန်တဲ့ ဘုရားရှင် အတွက်... တပည့် ရဲ့ ခန္ဓာကိုယ် ကို ပေးဆပ်ဖို့ ဆန္ဒ ရှိပါတယ်..."

ရိခုန်း ၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ ဖြတ်ပြေးသွားခဲ့သည်။ သူ၏ စိတ်ထဲတွင် သူ့အား မိစ္ဆာ မျိုးစေ့ ချပေးခဲ့သော ကျန်းချဲ့မှာ ဘုရား တစ်ဆူ ပင် ဖြစ်သည်။ လောကတွင် နေရာ မရှိသော စစ်မှန်သော ဘုရားရှင် တစ်ပါး ဖြစ်ပြီး သူ ရှေ့ဆက် သွားမည့် လမ်းကို ပြသပေးမည့် မီးရှူးတိုင် ပင် ဖြစ်သည်။

ဆေးဘုရင်တောင်ကြား အတွင်း...

ဧည့်ခန်းမဆောင် တွင် ကျန်းချဲ့က အေးစက်သော မျက်နှာဖြင့် ထိုင်နေပေသည်။

ဆေးဘုရင်တောင်ကြား က စာပြန် မပို့လျှင် သူ ကိုယ်တိုင် လာရုံသာ ရှိသည်။

ရိခုန်း၏ ညသန်းခေါင်ယံ အလည်အပတ် လာရောက်မှုနှင့် ပြောပြခဲ့သော သတင်း အချက်အလက်များက ကျန်းချဲ့၏ ရင်ထဲရှိ အန္တရာယ် ခံစားရမှုကို ပိုမို ကြီးမားလာစေခဲ့သည်။ ဘာပဲလုပ်လုပ် စွမ်းအားက အဓိက ပင် ဖြစ်သည်။

ဤသို့ဖြင့် မိစ္ဆာဓား ကို လုယူရန် အရည်အချင်း ရှိလာမည် ဖြစ်ပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း ထံမှ ဖိအားများကို ခုခံနိုင်မည် ပင် ဖြစ်သည်။

"တပ်မှူးကြီးကျန်း ကိုယ်တိုင် ကြွလာတာ ကို ကျုပ် က ခရီးဦးကြို မပြုမိတဲ့ အတွက် ခွင့်လွှတ်ပေးပါ... ခွင့်လွှတ်ပေးပါ..." အဝေးဆီမှ ဝမ်ဖျင်ကျီး လူမရောက်လာသေးခင် အသံ အရင် ရောက်လာပြီး ကျန်းချဲ့ကို အဆက်မပြတ် တောင်းပန်နေပေသည်။

"ဟီးဟီး... ရပါတယ်... ဒီလောက် ကြီးမားတဲ့ ဆေးဘုရင်တောင်ကြား ကြီး တစ်ခုလုံး ကို တောင်ကြားသခင် အိုကြီး က တာဝန်ယူထားရတာ ဆိုတော့ အလုပ်တွေ အရမ်း များနေမှာပါ..." ကျန်းချဲ့က အရှေ့ရှိ အဘိုးအိုကို အပြင်ပန်းတွင် ပြုံးနေသော်လည်း အတွင်းစိတ်တွင် မပြုံးဘဲ ကြည့်ကာ ပြောလိုက်သည်။

"မပြောရဲပါဘူး... မပြောရဲပါဘူး... တပ်မှူးကြီး ရဲ့ အရှေ့မှာ ကျုပ် က ဘယ်လို လုပ် အလုပ်များတယ် လို့ ပြောရဲမှာလဲ..." ဝမ်ဖျင်ကျီးက လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။

"ကျုပ် လူလွှတ်ပြီး ပို့လိုက်တဲ့ စာ က တောင်ကြားသခင် အိုကြီး ရဲ့ လက်ထဲ ရောက်လောက်ပြီ ထင်တယ်... ဘာဖြစ်လို့ အကြောင်းပြန်စာ မရှိရတာလဲ... ကျုပ် ကို ဂရုမစိုက်ချင်လို့ များလား..." ကျန်းချဲ့က ဆက်လက် ယဉ်ကျေးနေရန် စိတ်မဝင်စားတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

ဝမ်ဖျင်ကျီး၏ မျက်နှာပေါ်တွင် အနေရခက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

"ဒါက... ကျုပ် က ဘယ်လို လုပ် တပ်မှူးကြီးကျန်း ကို ပေါ့ပေါ့ဆဆ ဆက်ဆံရဲမှာလဲ... ဒါပေမဲ့ အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း က တောင်ကြား ထဲမှာ တကယ် မရှိလို့ တပ်မှူးကြီး ဆီ စာပြန် ဖို့ ခက်ခဲနေတာပါ..."

"တကယ်လား..."

"တကယ့်ကို အမှန်အကန် ပါပဲ..."

"ဒါဆိုရင်လည်း... ကျုပ် အနေနဲ့ တောင်ကြားသခင် အိုကြီး ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး... ခွင့်ပြုပါဦး..." ကျန်းချဲ့က ပြုံးလိုက်ပြီး ချက်ချင်း မတ်တပ် ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သူ၏ ဤကဲ့သို့သော တုံ့ပြန်မှုက ဝမ်ဖျင်ကျီးကို နားမလည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

'အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း ကို လာဝယ်တာ မဟုတ်ဘူးလား... ဘယ်လို လုပ်ပြီး လှည့်ထွက်သွားရတာလဲ... အနည်းငယ်မျှတောင် တွန့်ဆုတ်မနေဘူး...'

"ကျုပ် တပ်မှူးကြီး ကို လိုက်ပို့ပေးပါ့မယ်..."

သေချာ နားမလည်သော်လည်း ကျန်းချဲ့ ကဲ့သို့သော ကပ်ဆိုး နတ်ဘုရား ကြီး ထွက်သွားနိုင်လျှင် အကောင်းဆုံး ပင် ဖြစ်ရာ ဝမ်ဖျင်ကျီးက ချက်ချင်း မတ်တပ် ထရပ်ပြီး လိုက်ပို့ရန် ပြင်လိုက်သော်လည်း ကျန်းချဲ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

သူက ခြေလှမ်း ရပ်တန့်လိုက်ပြီး လှည့်ကာ ဝမ်ဖျင်ကျီးကို ကြည့်ရင်း...

"တောင်ကြားသခင် အိုကြီး လိုက်ပို့ဖို့ မလိုပါဘူး... ကျုပ်တို့ နှစ်ယောက် အကြား နောက်ပိုင်း ဆက်ဆံရမယ့် အခွင့်အရေး တွေ ရှိပါသေးတယ်..."

"တပ်မှူးကြီး ရဲ့ ဒီစကား က ဘာအဓိပ္ပာယ် လဲ..." ဝမ်ဖျင်ကျီးက ကျန်းချဲ့၏ အပြုံးကို ကြည့်ရင်း အကြောင်းပြချက် မရှိဘဲ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

"ဒီအရာရှိ ပြန်ရောက်ရင် လူလွှတ်ပြီး စစ်ဆေးခိုင်းမလို့လေ... လုမိသားစု က အကြွင်းအကျန် တွေ အများကြီး ကို ဘာဖြစ်လို့ ရှာမတွေ့ရတာလဲ... ရင်းနှီးတဲ့ အင်အားစု တချို့ ကများ တိတ်တဆိတ် ဖွက်ထားပြီး လူအင်အား စုဆောင်းကာ ပုန်ကန်ဖို့ ရည်ရွယ်နေတာလား လို့... တောင်ကြားသခင် အိုကြီး... ဆေးဘုရင်တောင်ကြား ထဲမှာ လုမိသားစု အကြွင်းအကျန် တွေ မရှိဘူး မဟုတ်လား..." ကျန်းချဲ့က တည်ငြိမ်စွာ ပြုံး၍ မေးလိုက်သည်။

ဝမ်ဖျင်ကျီး အပေါ် ထားရှိသော သဘောထားက ဝမ်နျန်ကွေ့နှင့် သေချာပေါက် မတူညီပေ။

ဝမ်နျန်ကွေ့ က ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ဖန်ယွင်၏ ဖခင် ဖြစ်ပြီး ရန်လိုမှု မပြသခဲ့သည့်အပြင် ယဉ်ကျေးမှုလည်း ရှိကာ ရှန်ကွမ်းအဆင့် အင်အားကြီးသူ တစ်ဦးလည်း ရှိနေသေးသည်။

သို့သော် ဝမ်ဖျင်ကျီး ကဲ့သို့သော အလည်အပတ် အဘိုးကြီး မှာ ယခင်က လုမိသားစုတွင် အတော်လေး ကောင်းမွန်စွာ နေပြခဲ့သော်လည်း သူ ပို့လိုက်သော စာကတော့ ပင်လယ်ထဲ ကျောက်ခဲ ပစ်ချလိုက်သလို ဘာသတင်းမှ မရတော့သည့်အပြင် သူ့ကို ဤနေရာတွင် ၁၅ မိနစ်ခန့် အလကား စောင့်နေစေခဲ့သည်။

'စကားကြမ်းကြမ်း မပြောရင် ဒီအဘိုးကြီး က လမ်းမှန် ရောက်မှာ မဟုတ်ဘူး... လုမိသားစု ခြံဝင်း မှာ သူ က တစ်ခါ လွှတ်ပေးခဲ့တာတောင် ဒီအဘိုးကြီး က ကျေးဇူး မသိဘူး...'

"မရှိပါဘူး... မရှိပါဘူး... တပ်မှူးကြီးကျန်း ရဲ့ ဖမ်းဝရမ်း တွေတောင် ကပ်ထားပြီးပြီပဲ... ဆေးဘုရင်တောင်ကြား က ဘယ်လို လုပ် အစိုးရ နဲ့ ဆန့်ကျင်ဘက် လုပ်ရဲမှာလဲ..." ကျန်းချဲ့ အထင်လွဲမည် စိုးသဖြင့် ဝမ်ဖျင်ကျီးက အလျင်အမြန် ရှင်းပြလိုက်သည်။

"ရှိ မရှိ ဆိုတာ ကျုပ် ရဲ့ စကား တစ်ခွန်းတည်း အပေါ်မှာပဲ မူတည်တယ်..." ကျန်းချဲ့က စကားကို ပြောင်းလဲကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဝမ်ဖျင်ကျီး မျက်နှာ ပြောင်းလဲသွားပြီး ခဏတာမျှ တွန့်ဆုတ်နေပြီးနောက်...

"တပ်မှူးကြီးကျန်း... အမှန်တိုင်း ပြောရရင် ကျုပ် က အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း ကို မထုတ်ပေးနိုင်တာ မဟုတ်ပါဘူး... ဒီပစ္စည်း က အရမ်း အရေးကြီးလွန်းပြီး ကျုပ်တို့ တောင်ကြား ထဲက ရှန်ကွမ်းအဆင့် စီနီယာကြီး ရဲ့ အသက်ဆက်ဖို့ သုံးရမှာ မို့လို့ပါ... ပြီးတော့ ဖူလုံကျောင်းတော် ကလည်း လူလွှတ်ပြီး တပ်မှူးကြီးကျန်း နဲ့ မဆက်သွယ်ဖို့ ကျုပ် ကို တင်းတင်းကျပ်ကျပ် အမိန့်ပေးထားပါတယ်... မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက် တွေကို တာဝန်ယူ ရမယ်တဲ့... ကျုပ်တို့ ဆေးဘုရင်တောင်ကြား က မိသားစု အသေးလေး ပါ... ဖူလုံကျောင်းတော် ရဲ့ အရှိန်အဝါ ကို တကယ် မခံနိုင်လို့ပါ..."

"ဖူလုံကျောင်းတော် နဲ့ ရှန်ကွမ်းအဆင့် သိုင်းသမား ကို သုံးပြီး ကျုပ် ကို ဖိအားပေးနေတာလား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျုပ် က လုံးဝ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး..." ဝမ်ဖျင်ကျီးက ပြုံးလိုက်သော်လည်း ပါးစပ်မှ ပြောနေသည်နှင့် လက်တွေ့ ပြသနေသည်က မတူညီပေ။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ခင်ဗျား တို့ အိမ်က ရှန်ကွမ်းအဆင့် စီနီယာကြီး ကို ထွက်လာပြီး ကျုပ် နဲ့ စကားပြောခိုင်းလိုက်ပါ... သူ သာ ထွက်လာနိုင်ရင် ဒီ အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း ကိစ္စ ကို ဒီမှာတင် ရပ်လိုက်မယ်..."

ကျန်းချဲ့က လှည့်ကာ တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး မျက်နှာထားက တည်ငြိမ်နေပေသည်။ တစ်ခုခု အခိုင်အမာ ယုံကြည်ချက် ရှိနေသကဲ့သို့ ပင် ဖြစ်သည်။

"တပ်မှူးကြီးကျန်း... ဒါက ဘာအဓိပ္ပာယ် လဲ..."

ဝမ်ဖျင်ကျီး၏ မျက်နှာ ပြောင်းလဲသွားခဲ့သည်။ ရှန်ကွမ်းအဆင့် အင်အားကြီးသူကို အကြောင်းပြတာတောင် ဤလူကို ခြောက်လှန့်၍ မရနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"စကားလုံး အတိုင်းပဲ... ကျုပ် သိရသလောက်တော့ ဆေးဘုရင်တောင်ကြား က အဲဒီ ရှန်ကွမ်းအဆင့် သိုင်းသမား ဟာ စောစောကတည်းက သေဆုံးသွားပြီ မဟုတ်ဘူးလား..." ကျန်းချဲ့က အေးစက်စွာ ရယ်မောလိုက်သည်။

ဤကိစ္စကို သူက ဝမ်နျန်ကွေ့ ထံမှ စုံစမ်း သိရှိခဲ့ခြင်း ပင် ဖြစ်သည်။ ယခင်က ဝမ်ရှိုခြံဝင်း၏ ရှန်ကွမ်းအဆင့် ဘိုးဘေးနှင့် ဆေးဘုရင်တောင်ကြား၏ ရှန်ကွမ်းအဆင့် ဘိုးဘေးတို့မှာ ရင်းနှီးမှု ရှိခဲ့ကြပြီး အချိန်အတိုင်းအတာ တစ်ခု ကြာတိုင်း တစ်ကြိမ် တွေ့ဆုံကာ အသက်ရှည်စေမည့် နည်းလမ်းများကို အချင်းချင်း ဆွေးနွေးလေ့ ရှိကြသည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်က စတင်၍ ဆေးဘုရင်တောင်ကြားမှ တစ်ယောက်က သွားရောက် တွေ့ဆုံခြင်း မရှိတော့ပေ။ သူက ဆေးဘုရင်တောင်ကြားသို့ တိတ်တဆိတ် ဝင်ရောက် စုံစမ်းကြည့်ရာ သူ၏ မိတ်ဆွေဟောင်းကြီး မှာ စောစောကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဆေးဘုရင်တောင်ကြားက ဤသတင်းကို ဖုံးကွယ်ထားကြောင်း တွေ့ရှိခဲ့ရသည်။

ဤသည်ကပင် ကျန်းချဲ့ အလွန် ယုံကြည်ချက် ရှိနေရခြင်း၏ အကြောင်းရင်း ပင် ဖြစ်သည်။ သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် ဆေးဘုရင်တောင်ကြား မှ လူများ အားလုံး အတူတူ ဝင်လာလျှင်တောင် သူ၏ ပြိုင်ဘက် မဟုတ်ပေ။

ကျန်းချဲ့၏ ပါးစပ်မှ ထွက်လာသော စကားများကို ကြားသောအခါ ဝမ်ဖျင်ကျီး တစ်ယောက် တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာခဲ့သည်။

'ဒါက ဆေးဘုရင်တောင်ကြား ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် ပဲ... ကျန်းချဲ့ က ဘယ်လို လုပ် သိနေတာလဲ... သူ က ဆေးဘုရင်တောင်ကြား ကို စောစောကတည်းက တိတ်တဆိတ် လာရောက် စုံစမ်းထားခဲ့တာများလား...'

"တပ်မှူးကြီးကျန်း... ဒါက..."

"ကျုပ် ကလည်း အင်အားကို အသုံးပြုပြီး အခြား သူတွေကို အနိုင်ကျင့်တဲ့ သူမျိုး မဟုတ်ပါဘူး... အရင် တစ်ခေါက် လုမိသားစု ခြံဝင်း မှာတုန်းက ကျုပ် မျက်နှာသာ ပေးပြီး တောင်ကြားသခင် အိုကြီး ကို တစ်ခါ လွှတ်ပေးခဲ့တယ်... မဟုတ်ရင် ခင်ဗျား က လုရှင်းယွင် နဲ့ ပူးပေါင်းပြီး အစိုးရ ကို ဆန့်ကျင်တဲ့ ကိစ္စ အပေါ်မှာတင်... ဒီအရာရှိ က ဆေးဘုရင်တောင်ကြား ကို ဖျက်ဆီးပစ်ရင်တောင် မလွန်ပါဘူး... အခု ကျုပ် က ကာလပေါက်ဈေး အတိုင်း ဝိညာဉ်ဂျင်ဆင်း ကို ဝယ်မလို့ လုပ်တာကို ခင်ဗျား က သဘောမတူဘူး ဆိုတော့... ကောင်းကောင်း ပြောလို့ မရဘဲ အတင်းအဓမ္မ လုပ်ရမှ ကြိုက်တာလား..."

ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

မျက်လုံး အောက်ခြေတွင် သွေးရောင် အလင်းတန်းများ တောက်ပနေပြီး ဝမ်ဖျင်ကျီး၏ ရင်ထဲတွင် ထိတ်လန့်သွားစေခဲ့သည်။ ချက်ချင်းပင် စကားကို ပြောင်းလဲလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖြင့်...

"တပ်မှူးကြီးကျန်း က ဘာတွေ ပြောနေတာလဲ... အရင် တစ်ခေါက် က ကျေးဇူး ကို ကျုပ် က ရင်ထဲမှာ မှတ်ထားပါတယ်... ဒါပေမဲ့ ဖူလုံကျောင်းတော် ကြောင့်သာ စောစောက... မတတ်သာလို့ ငြင်းလိုက်ရတာပါ... တောင်ကြား ထဲမှာ က လူများပြီး မျက်စိများတယ် လေ... အဲဒီ အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း ကို ကျုပ် က တပ်မှူးကြီး အတွက် စောစောကတည်းက ပြင်ဆင်ထားပြီးသားပါ... တိတ်တဆိတ် သွားပို့ပေးမလို့ လုပ်နေတာပါ..."

"မလိုတော့ပါဘူး... အဲဒီ ဝိညာဉ်ဂျင်ဆင်း ကို ကျုပ် အခု ချက်ချင်း လိုချင်တယ်... ဖူလုံကျောင်းတော် က အပြစ်တင် မယ် ဆိုရင်လည်း ကျုပ် ဆီကိုသာ လာရှာခိုင်းလိုက်ပါ... တောင်ကြားသခင် အိုကြီး ဘယ်လို ထင်လဲ..." ကျန်းချဲ့က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

ဤနေရာက ဖူလုံကျောင်းတော်နှင့် အလွန် နီးကပ်နေပြီး တိုက်ပွဲမှ သိမ်းဆည်းရမိသော ပစ္စည်းများ ကို သယ်ဆောင်ရန် လူအင်အား ခေါ်ဆောင်မလာခဲ့၍သာ မဟုတ်လျှင် ဝမ်ဖျင်ကျီး၏ ကျေးဇူးကန်းမှုနှင့် ယခင်က သဘောထားတို့ အပေါ် အခြေခံပြီး ဆေးဘုရင်တောင်ကြားကို စောစောကတည်းက ဖျက်ဆီးပစ်ခဲ့ပြီ ပင် ဖြစ်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ... ကျုပ် အခုပဲ လူလွှတ်ပြီး သွားတူးခိုင်းလိုက်ပါ့မယ်..." ဝမ်ဖျင်ကျီးက အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်ရှိ တပည့်ကို ချက်ချင်း ခေါ်ကာ အဆင့်မြင့် အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း တစ်ပင်ကို သွားရောက် တူးယူခိုင်းလိုက်သည်။

"တပ်မှူးကြီး... ဝိညာဉ်ဂျင်ဆင်း ရပါပြီ... အဆင်ပြေရဲ့လား ကြည့်ပါဦး..." ဝမ်ဖျင်ကျီးက ကျောက်စိမ်း သေတ္တာကို ကျန်းချဲ့ ဘေးသို့ ပို့ပေးကာ ပြုံးလျက် မေးလိုက်သည်။

"ကောင်းတယ်... ကျုပ် လိုချင်တဲ့ ပစ္စည်း အတိအကျ ပဲ... တောင်ကြားသခင် အိုကြီး ဈေးနှုန်း ပြောပါ..." ကျန်းချဲ့က ဝိညာဉ်ဂျင်ဆင်းကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နေရာ အတွင်းသို့ အလွန် လျှို့ဝှက်စွာ ထည့်သွင်းလိုက်သည်။

ဝမ်ဖျင်ကျီး၏ မျက်လုံးများ လှုပ်ရှားသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"တပ်မှူးကြီးကျန်း ရဲ့ အရင် တစ်ခေါက် က ကျေးဇူး ကို ကျုပ် က ရင်ထဲမှာ မှတ်ထားပါတယ်... ဒီ ဝိညာဉ်ဂျင်ဆင်း နဲ့ပဲ အစားထိုးလိုက်ပါ... ဈေးနှုန်း တွေ ဘာတွေ မပြောပါနဲ့တော့..."

"ကောင်းပြီ... ဝိညာဉ်ဂျင်ဆင်း ကို ကျုပ် လက်ခံလိုက်မယ်... နောက်ပိုင်း... ကျုပ်တို့ ရဲ့ ကျေးဇူး တွေ ရန်ငြိုး တွေ အားလုံး ရှင်းသွားပြီ..." ကျန်းချဲ့က မတ်တပ် ထရပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ... လူကြီးမင်း သဘောပါပဲ..." ဝမ်ဖျင်ကျီးက ပြုံး၍ တုံ့ပြန်လိုက်သည်။

ကျန်းချဲ့ ထွက်သွားပြီးနောက် ဝမ်ဖျင်ကျီး မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အုံ့မှိုင်းသော မျက်နှာထား ပေါ်လာကာ မျက်မှောင် တင်းကျပ်စွာ ကြုတ်လိုက်ပြီး ကျန်းချဲ့ လုံးဝ မသောက်သွားခဲ့သော လက်ဖက်ရည် ပန်းကန်လုံးကို အင်္ကျီလက်ဖြင့် ရိုက်ချလိုက်ရာ မြေကြီးပေါ်သို့ ပြုတ်ကျ ကွဲအက်သွားခဲ့သည်။

"ဟွန့်..."

---

ယွီရှန်း လုမိသားစု အရှေ့တွင်...

ရက်ပေါင်း နှစ်ရက် နှစ်ည နီးပါး လောင်ကျွမ်းခဲ့သော မီးကြီး အပြီးတွင် ယခင်က မိုင်အနည်းငယ် အထိ ရှည်လျားခဲ့သော နန်းတော် ဆောင်များနှင့် အဆောက်အအုံများ အားလုံးမှာ ယခုအခါ ပြာပုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး မီးခိုးပြာ အနည်းငယ် ကသာ လေဟာနယ်ထဲတွင် လွင့်မျောနေပေသည်။

လုမိသားစု၏ အပျက်အစီးများ အပေါ်တွင်မူ လမ်းဘေး သိုင်းသမား တစ်စုက တန်ဖိုးရှိသော အရာ တစ်ခုခုကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် အဆက်မပြတ် ရှာဖွေ တူးဆွနေကြသည်။

အရက်မူးနေသော အဘိုးအို တစ်ဦး ကလည်း လူအုပ်ကြီး အတိုင်း လိုက်ပါလာပြီး အပျက်အစီးများ အရှေ့သို့ ရောက်ရှိလာခဲ့ကာ မျက်စိရှေ့ရှိ ပျက်စီး ယိုယွင်းနေသော အခြေအနေများ၊ နေရာအနှံ့ ပြာပုံများကို ကြည့်ရင်း မျက်လုံးများကို ပွတ်သပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ့ အိမ် ကော..."

"စီနီယာကြီး... ဖယ်ပေးပါဦး... ဖယ်ပေးပါဦး..." တွေးတောနေစဉ် အနောက်ဘက်မှ အလျင်စလို အသံများ ထွက်ပေါ်လာခဲ့သည်။

အဘိုးအို၏ မျက်နှာ အနည်းငယ် မှုန်ကုပ်သွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တစ်ချက် လက်သွားကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဒီနေရာ က လုမိသားစု ဘယ်ရောက်သွားပြီလဲ..."

"ဒါ လုမိသားစု ပဲ မဟုတ်ဘူးလား..."

"ငါ့ ရဲ့ အဓိပ္ပာယ် က... လုမိသားစု က ဘာဖြစ်လို့ ပြာပုံ အဖြစ် ပြောင်းလဲသွားရတာလဲ..."

"ကျန်းချဲ့ ကို သွားရန်စမိလို့ပေါ့... ဒီကိစ္စ ကို ထိုက်အန်းဒေသ က လူတိုင်း သိပါတယ်..."

"ကျန်းချဲ့..."

အဘိုးအို၏ ခန္ဓာကိုယ် ပတ်လည်တွင် ကောင်းကင် အထိ ထိုးတက်သွားသော အရှိန်အဝါ တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပေသည်။

All Chapters