အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) ချီဆန်းကျား အံ့အားသင့်သွားခြင်း...
ချီဆန်းကျား မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း သံသယများ ပြည့်နှက်နေပေသည်။
'ဘာလဲ...'
'ဝမ်ရှိုခြံဝင်း ရဲ့ သခင်လေး ဝမ်ဖန်ယွင် နဲ့ ညီအစ်ကို သစ္စာ ဆိုထားတယ်... ဟုတ်လား...'
'ချန်ရှန်တုန်း ကတောင် ကျန်းချဲ့ ကို ကျန်းဟိုင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဖြစ်လာဖို့ ဖိတ်ခေါ်ထားတယ်... ဟုတ်လား...'
'ငါ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်...'
သို့သော် ကျန်းချဲ့၏ ရိုးသားသော မျက်နှာထားကို ကြည့်လိုက်သောအခါ လုံးဝ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ လေးနက်သော အသံဖြင့် မေးလိုက်သည်။
"တကယ်ပဲလား..."
"တကယ့်ကို အမှန်အကန် ပါပဲ..."
ကျန်းချဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ကျန်းချဲ့က အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ချီဆန်းကျား တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချဲ့ က ဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့သလဲ ဆိုတာကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေပေသည်။
သာမန် လူ တစ်ယောက် ဆိုလျှင် ဤမျှ တိုတောင်းသော အချိန်အတွင်း နေရာ တစ်ခုကို အခိုင်အမာ ရယူနိုင်ပြီး နာမည်ဂုဏ်သတင်း ပျံ့နှံ့အောင် လုပ်နိုင်ရုံသာမက နောက်ကွယ်တွင် ပြင်ဆင်မှု အများအပြားကိုပါ ကြိုတင် လုပ်ဆောင်ထားနိုင်လိမ့်မည်ဟု ဘယ်လို လုပ် ယုံနိုင်မည်နည်း။ တာဝန် စတင် ထမ်းဆောင်သည်မှာ လအနည်းငယ် သာ ရှိသေးသော လူ တစ်ယောက် လုပ်နိုင်သည့် ကိစ္စမျိုး လုံးဝ မဟုတ်ပေ။
အနည်းဆုံးတော့ သူ့အနေဖြင့် ဆိုလျှင် ဤကဲ့သို့ လုပ်နိုင်စွမ်း မရှိကြောင်း သူ ကိုယ်တိုင် သိရှိထားပေသည်။
ဝမ်ဖန်ယွင် နှင့် ညီအစ်ကို သစ္စာ ဆိုထားသည့် ကိစ္စကတော့ ကောင်းမွန်သေးသည်။ သူတို့ နှစ်ယောက်လုံးက သွေးဆူလွယ်သော လူငယ်များ ဖြစ်ကြသဖြင့် တွေ့တွေ့ချင်း အလိုက်သင့် ဖြစ်သွားသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ကျန်းဟိုင်ဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်လာခြင်း ကတော့ ဘာအခြေအနေ လဲ...
ဤသည်က ထိုက်အန်းဒေသ ၏ ထိပ်တန်း အင်အားစု ခြောက်ခု ထဲမှ တစ်ခု ပင် ဖြစ်သည်။
ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့ပြီးလျှင် အင်အား အကြီးမားဆုံးသော အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပြီး သူတို့၏ နောက်ခံ သမိုင်းကြောင်းကိုလည်း သူ အနည်းငယ် ကြားဖူးထားပေသည်။
လွန်ခဲ့သော နှစ်တစ်ရာ က ဆိုလျှင် ရွှမ်တန်အဆင့် သိုင်းဆရာကြီး ကိုယ်တိုင် ရှိခဲ့ဖူးသော အင်အားကြီး အဖွဲ့အစည်း တစ်ခု ပင် ဖြစ်သည်။
ယခုအခါ ကျဆင်းသွားပြီ ဆိုသော်လည်း ဂိုဏ်း အတွင်းတွင် ရှန်ကွမ်းအဆင့် အင်အားကြီးသူ ရှိနေသေးသည်။ ချန်ရှန်တုန်း က အသိဉာဏ် လွတ်သွားလို့များလား။ နောက်ခံ အကြောင်းအရင်း ဘာမှန်း မသိရသော အစိုးရ အရာရှိ တစ်ယောက်ကို ကျန်းဟိုင်ဂိုဏ်း ၏ ဂိုဏ်းချုပ် နေရာ ပေးဖို့ ဖိတ်ခေါ်ရအောင်။
ကျန်းဟိုင်ဂိုဏ်း တွင် ထူးချွန်သော တပည့် လုံးဝ မရှိတော့လို့လား...
"မင်း... မင်း ဒါတွေကို ဘယ်လို လုပ်လိုက်တာလဲ..."
အလွန် အံ့အားသင့်သွားပြီးနောက် ချီဆန်းကျား က ရင်ထဲရှိ မေးခွန်းကို မေးလိုက်သည်။
အမှန်တရားကို မသိရလျှင် သူ ရင်ထဲတွင် တည်ငြိမ်နိုင်မည် မဟုတ်ပေ။
ထိုအခါ ကျန်းချဲ့က ကြိုတင် ပြင်ဆင်ထားသော စကားများကို တစ်ဖက်လူအား ပြောပြလိုက်သည်။ ဝမ်ဖန်ယွင် နှင့် လုမိသားစု သခင်လေး လုဖျင်ကျိုး တို့ အကြား ရန်ငြိုး ရှိကြောင်း၊ ထိုအချက်ကို အခြေခံပြီး သူတို့ နှစ်ယောက် သိကျွမ်း ရင်းနှီးခဲ့ကြကာ ယခင်က ရိခုန်း ကို အနိုင်ယူပြီးနောက် ညီအစ်ကို သစ္စာ ဆိုခဲ့ကြကြောင်း ရှင်းပြလိုက်သည်။
ကျန်းဟိုင်ဂိုဏ်း ကိစ္စနှင့် ပတ်သက်၍မူ သူက ဂိုဏ်း၏ အစွမ်းထက်သော ကျင့်စဉ် တစ်ခုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကြောင်း၊ ထိုကျင့်စဉ်က ပါရမီ အလွန် လိုအပ်ပြီး ယခင်က ဂိုဏ်းချုပ် နှင့် ပင်မ တပည့်များ သာ ကျင့်ကြံခွင့် ရှိကြောင်း ရှင်းပြခဲ့သည်။
ထို့ကြောင့်ပင် ချန်ရှန်တုန်း က သူ့ကို ဂိုဏ်းချုပ် နေရာ ပေးရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလိုက်သည်။
သူ ပြောခဲ့သမျှ က လိမ်ညာထားခြင်း မဟုတ်ဘဲ အမှန်တရားများ သာ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စများကို ချီဆန်းကျား အနေဖြင့် လိုက်လံ စုံစမ်း အတည်ပြုနိုင်သောကြောင့် ပင် ဖြစ်သည်။ အလကား သက်သက် လိမ်ညာ ပြောဆိုနေရန် မလိုအပ်ပေ။ သို့သော် လျှို့ဝှက်ချက် အချို့ကိုတော့ သူ ဖုံးကွယ်ထားခဲ့ပြီး အားလုံးကို ဖွင့်ဟ ပြောဆိုခဲ့ခြင်းတော့ မဟုတ်ပေ။
"မင်း အခု ကျင့်ကြံနေတဲ့ မွေးရာပါ ကျင့်စဉ် က အဲဒါလား..."
ယခင်က ရိခုန်း နှင့် ကျန်းချဲ့ တိုက်ခိုက်သည့် မြင်ကွင်းကို မြင်တွေ့ခဲ့ပြီး ကတည်းက ကျန်းချဲ့ ကျင့်ကြံနေသော ကျင့်စဉ်မှာ သာမန် မဟုတ်ဘဲ အဆင့်အတန်း အလွန် မြင့်မားကြောင်း ချီဆန်းကျား သိရှိထားခဲ့ပြီး ယခင်ကတည်းက သံသယ ရှိနေခဲ့သည်။
ယခုမှသာ မူလ အရင်းအမြစ်ကို ရှာတွေ့သွားခြင်း ပင် ဖြစ်သည်။
"မှန်ပါတယ်..."
ကျန်းချဲ့၏ အတည်ပြုချက်ကို ကြားသောအခါ ချီဆန်းကျား က သက်ပြင်း တစ်ချက် ချလိုက်သည်။
ကျန်းချဲ့ ထိုကျင့်စဉ်ကို ဘယ်လို ရလာသလဲ ဆိုတာကိုတော့ သူ မမေးတော့ပေ။ သေချာပေါက် ကောင်းမွန်သော နည်းလမ်းဖြင့် ရလာမည် မဟုတ်ကြောင်း တွေးမိသည်။ ချန်ရှန်တုန်း က ကိုယ်တိုင် လာပေးခြင်းမျိုး တော့ ဘယ်လို လုပ် ဖြစ်နိုင်မည်နည်း။
"တကယ်ကို မထင်မှတ်ထားဘူး... မင်း က ဒီအခြေအနေ အထိ လုပ်နိုင်လိမ့်မယ် လို့..."
အစပိုင်းတွင်တော့ သူ က ကျန်းချဲ့ ကို ချီဟွမ် ၏ မိတ်ဆွေ တစ်ယောက် အနေဖြင့်သာ သဘောထားပြီး အေးချမ်းသော ကျင့်ကြံရေး နေရာလေး တစ်ခု ပေးရန်သာ ရည်ရွယ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုက်ဆန်းမြို့တွင် အကြီးအကျယ် ရည်မှန်းချက် ကြီးကြီးမားမား မရှိသရွေ့...
သိုင်းလောက အင်အားစုများ ကလည်း အစိုးရနှင့် တမင်တကာ ပြဿနာ ရှာမည် မဟုတ်ပေ။
ကျန်းချဲ့ က သူ့ကို ဤမျှလောက် အံ့အားသင့်စရာများ ပေးလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
'တကယ်ကို... ရတနာ တစ်ပါး ကို ကောက်ရလိုက်တာပဲ...'
"တပ်မှူးချုပ် က လက်အောက်ငယ်သား ရဲ့ ကျောထောက်နောက်ခံ အဖြစ် ရှိနေပေးလို့သာပါ... မဟုတ်ရင် လက်အောက်ငယ်သား ကို သတ္တိ ဆယ်ဆ လောက် ပိုပေးရင်တောင် ဒီလို လုပ်ရဲမှာ မဟုတ်ပါဘူး..." ဤစကား က ထက်ဝက် မှန်ပြီး ထက်ဝက် မှားပေသည်။
အကယ်၍ ချီဆန်းကျား မရှိခဲ့လျှင်တောင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က ယဇ်ပူဇော်စရာ ပစ္စည်းများ လိုအပ်လာပါက သူ က သေချာပေါက် လှုပ်ရှားမည် ပင် ဖြစ်သည်။ သို့သော် ကျောထောက်နောက်ခံ မရှိပါက သူ၏ နည်းလမ်းများက ယခုထက် ပို၍ နူးညံ့သိမ်မွေ့မည် ဖြစ်ပြီး ဤမျှလောက် ကြမ်းတမ်းမည် မဟုတ်ပေ။
ချီဆန်းကျား ၏ သူ၏ အပေါ် ထားရှိသော သဘောထားကို မြင်တွေ့ရမှသာ ကျန်းချဲ့ က လုမိသားစုကို ရက်စက်စွာ ဖျက်ဆီးပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ရန်ငြိုး ဖွဲ့ရန် ရဲတင်းခဲ့ခြင်း ပင် ဖြစ်သည်။
"မင်း ရဲ့ နောက်တစ်ဆင့် အစီအစဉ် က ကျင်းယွမ် ဘုန်းကြီးကျောင်း ကို ဖျက်ဆီးဖို့ ပေါ့..."
ချီဆန်းကျား က ဆက်မေးလိုက်သည်။
ထိုအခါ ကျန်းချဲ့ က ခေါင်းခါယမ်းလိုက်ပြီး...
"လက်အောက်ငယ်သား ရဲ့ မူလ ရည်ရွယ်ချက် က ဝမ်ရှိုခြံဝင်း၊ ကျန်းဟိုင်ဂိုဏ်း နဲ့ တပ်မှူးချုပ် တို့ နဲ့ ပူးပေါင်းပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း က ခေါင်းတုံး ဘုန်းကြီး တွေကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ဖို့ မှန်ပေမဲ့ ကိစ္စ နှစ်ခု ကြောင့် လက်အောက်ငယ်သား အခုချိန်မှာ နည်းနည်း တွန့်ဆုတ် နေမိတယ်..."
"ဘာကိစ္စ တွေလဲ..."
"ပထမ တစ်ခု က... ကျင်းယွမ် ဘုန်းကြီးကျောင်း က ယွဲ့ပြည်နယ် က အင်အားကြီး ထျန်းလုံ ဘုန်းကြီးကျောင်း ရဲ့ လက်အောက်ခံ ခွဲထွက် ဂိုဏ်း တစ်ခု ဆိုတာ လက်အောက်ငယ်သား အခုမှ သိလိုက်ရတယ်... ဒီလို ကျောထောက်နောက်ခံ မျိုး ရှိနေတာ ဆိုတော့ အကယ်လို့ အတင်းအဓမ္မ သွားတိုက်ရင် ထျန်းလုံ ဘုန်းကြီးကျောင်း က အင်အားကြီးတဲ့ သူ တွေ ရောက်လာမလား...
ဒုတိယ တစ်ခု ကတော့... ကျင်းယွမ် ဘုန်းကြီးကျောင်း ထဲမှာ အခုချိန်ထိ ရွှမ်တန်အဆင့် အင်အားကြီးသူ တစ်ယောက် ရှိနေသေးတယ်... ယှဉ်ပြိုင်ဖို့ ခက်ခဲလိမ့်မယ်..."
ကျန်းချဲ့ က သူ၏ စိုးရိမ်မှု များကို ထုတ်ဖော် ပြောဆိုလိုက်သည်။
ချီဆန်းကျား က ခဏတာ စဉ်းစားပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း မှာ ထျန်းလုံ ဘုန်းကြီးကျောင်း ဆိုတဲ့ ကျောထောက်နောက်ခံ ရှိပေမဲ့ မင်း မှာလည်း အစိုးရ ဆိုတဲ့ ကျောထောက်နောက်ခံ ရှိတယ် လေ... အဲဒီ ဘုန်းကြီး တွေ က မောက်မာ ပေမဲ့ လောလောဆယ် တော့ ပုန်ကန်ဖို့ မရဲသေးပါဘူး...
ဒါပေမဲ့ မင်း ပြောတဲ့ ရွှမ်တန်အဆင့် သိုင်းသမား ကတော့ တကယ့်ကို ဖြေရှင်းရ ခက်တဲ့ ပြဿနာ ပဲ... ငါ လည်း မင်း ကို မဖုံးကွယ်ပါဘူး... လောလောဆယ် ခရိုင်ရုံး ထဲမှာ ရွှမ်တန်အဆင့် သိုင်းဆရာကြီး ကို ယှဉ်နိုင်မယ့် သိုင်းသမား မရှိသေးဘူး... ဒါကြောင့်လည်း အစိုးရ က ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် ကို အမြဲတမ်း အလျော့ပေးနေရတာ...
အဲဒီ အင်အားစု ကြီး နှစ်ခု ထဲမှာ ဒီလို အင်အားကြီးတဲ့ သူ တွေ ရှိနေနိုင်ချေ များလို့ပဲ..."
"ပြည်နယ် မြို့တော် ကနေ ရွှမ်တန်အဆင့် သိုင်းဆရာကြီး ကို ခေါ်ပြီး ဖြေရှင်းခိုင်းလို့ မရဘူးလား..."
"အကယ်လို့ အဲဒီလို လုပ်မယ် ဆိုရင် ထျန်းလုံ ဘုန်းကြီးကျောင်း ကလည်း ဝင်ပါလာလိမ့်မယ်... တကယ်တော့ ဒါက ယွဲ့ပြည်နယ် ရဲ့ အထက်ပိုင်း အလွှာ တွေ ကြားက မရေးထားတဲ့ စည်းမျဉ်း တစ်ခု လို ဖြစ်နေတယ်... နှစ်ဖက်စလုံး က သည်းခံနေကြတာ ဖြစ်သလို၊ နှစ်ဖက်စလုံး ကလည်း နောက်ကွယ် မှာ အပြိုင်အဆိုင် ဖြစ်နေကြတာ..."
ချီဆန်းကျား က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒါကတော့ အတော်လေး ခက်ခဲသွားပြီ... ကျင်းယွမ် ဘုန်းကြီးကျောင်း က အဲဒီ ရွှမ်တန်အဆင့် ဘုန်းကြီး က ကျောင်းတော် ကနေ ထွက်လာဖို့ ခက်ခဲပေမဲ့ ဘာပဲဖြစ်ဖြစ် သူ က ဗာဂျရာအဆင့် သိုင်းသမား တစ်ယောက် ပဲလေ... ကျင်းယွမ် ဘုန်းကြီးကျောင်း ကို သွားဖျက်ဆီး ဖို့ ဆိုတာ အရမ်း ခက်ခဲသွားပြီ..."
ကျန်းချဲ့ က မျက်မှောင်ကြုတ်ကာ ဤကိစ္စကို စဉ်းစားနေပေသည်။
နည်းလမ်း အနည်းငယ် ရှာရဦးမည် ပင် ဖြစ်သည်။
ရှန်ကွမ်းအဆင့် ကို အရင်ဆုံး ချိုးဖောက် ဝင်ရောက် ပြီးမှ မိစ္ဆာဓား ကို လုယူမည်။ ထိုအချိန်ကျလျှင် ဗာဂျရာအဆင့် ဘုန်းကြီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမလား ဆိုတာ ကြည့်ရမည် ပင် ဖြစ်သည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း က အဲဒီ ရဟန်း က တုနန် ဘုန်းကြီး မဟုတ်လား..."
ချီဆန်းကျား က ထိုင်ခုံ နောက်မှီ ကို မှီကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"မှန်ပါတယ်..."
"ဒီကိစ္စ ကို ငါ တာဝန်ယူ ရှင်းပေးမယ်... သူ မင်း ကို ဒုက္ခ လာမပေးအောင် လုပ်ပေးမယ်... ဒါပေမဲ့ ငါ့ ရဲ့ လက်ရှိ စွမ်းအား က ရွှမ်တန်အဆင့် သိုင်းဆရာကြီး ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး... ကျင်းယွမ် ဘုန်းကြီးကျောင်း ကို ဖျက်ဆီးမယ့် ကိစ္စ ကို အချိန် အနည်းငယ် လောက် ရွှေ့ဆိုင်းထားလိုက်ပါ..."
ကျင်းယွမ် ဘုန်းကြီးကျောင်း၏ ဖိအားက မသေးငယ်သော်လည်း သူ လောလောဆယ် ခံနိုင်ရည် ရှိသေးသည်။ ချီမိသားစု ပင်မမျိုးနွယ် ဆိုသော ကျောထောက်နောက်ခံ ရှိနေသဖြင့် ကျင်းယွမ် ဘုန်းကြီးကျောင်း မပြောနှင့် ထျန်းလုံ ဘုန်းကြီးကျောင်း ပင်လျှင် သူ့ကို လွယ်လွယ် အန္တရာယ် ပေးမည် မဟုတ်ပေ။
သို့သော် ကျန်းချဲ့ ကတော့ မတူညီပေ။ သူ၏ နောက်ခံက သူ ကိုယ်တိုင် သက်သက်သာ ဖြစ်သဖြင့် အခြားသူများ၏ ကြောက်ရွံ့မှုကို ရရှိရန် ခက်ခဲနေသေးသည်။
"ကျေးဇူးတင်ပါတယ်... တပ်မှူးချုပ်..."
ကျန်းချဲ့ က လက်ယှက်၍ အရိုအသေပေးလိုက်သည်။
"ရွှမ်တန်အဆင့် သိုင်းဆရာကြီး ရဲ့ အစွမ်း က အလွယ်တကူ ယှဉ်နိုင်တာ မဟုတ်ဘူး... ငါ လည်း မင်း ကို အမှန်တိုင်း ပြောပြပါ့မယ်... အခုဆိုရင် ငါ က နှစ်ပေါင်းများစွာ စုဆောင်းထားမှု တွေ နဲ့ ရွှမ်တန်အဆင့် ကို တက်လှမ်းဖို့ ခြေတစ်လှမ်း ပဲ လိုတော့တယ်...
လဝက် လောက် အချိန်ဆွဲထားလိုက်... အဲဒီ ဘုန်းကြီးအို က ပြဿနာ မဟုတ်တော့ဘူး..."
ချီဆန်းကျား က ကျန်းချဲ့ကို စိတ်သက်သာရာ ရစေရန် နောက်ထပ် အာမခံချက် တစ်ခု ထပ်ပေးလိုက်သည်။
'ဘာမှ ကြောက်စရာ မလိုဘူး...'
ကျန်းချဲ့ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ဖြစ်ပေါ်လာပြီး ချီဆန်းကျား က ဤအခြေအနေ အထိ ရောက်နေပြီဟု မထင်မှတ်ထားခဲ့ပေ။
'ဒါကြောင့်လည်း လုကျန်းဟယ် ကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့တာကိုး...'
"တပ်မှူးချုပ် ရွှမ်တန်အဆင့် ကို အမြန်ဆုံး အောင်မြင်စွာ တက်လှမ်းနိုင်ပါစေ လို့ လက်အောက်ငယ်သား က ကြိုတင် ဂုဏ်ပြုပါတယ်..."
ကျန်းချဲ့ ၏ မျက်နှာတွင် ဝမ်းသာမှုများ အပြည့် ဖြစ်နေပေသည်။
အကယ်၍ ချီဆန်းကျား သာ ရွှမ်တန်အဆင့် ကို ရောက်ရှိသွားမည် ဆိုပါက ထိုက်အန်းဒေသ တွင် သူ ဘာကို ကြောက်စရာ လိုတော့မည်နည်း။
'လဝက်... လဝက် ဆိုတာ...'
ချီဆန်းကျား က လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ ဖိအား က ပြဿနာ မဟုတ်ဘူး... အခု မင်း ရဲ့ ကိစ္စ ကို ပြောသင့်ပြီ..."
"လက်အောက်ငယ်သား ရဲ့ ကိစ္စ..."
ကျန်းချဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
'ငါ့မှာ ဘာကိစ္စ ရှိသေးလို့လဲ...'
"ငါ တစ်ခု လောက် မေးချင်လို့ပါ... မင်း နဲ့ ဟွမ်ရှန်းရှန်း တို့ က တစ်ယောက် နဲ့ တစ်ယောက် သဘောကျပြီး လက်ထပ်ဖို့ ပြင်ဆင်နေကြတာလား..."
ချီဆန်းကျား က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
"လက်အောက်ငယ်သား က... လောလောဆယ် လက်ထပ်ဖို့ အစီအစဉ် မရှိသေးပါဘူး..."
ကျန်းချဲ့ က တစ်ဖက်လူ၏ အကြည့်ကို ကြည့်ရင်း တစ်ခုခုကို အလိုအလျောက် ခန့်မှန်းမိသွားခဲ့သည်။
"ဟီးဟီးဟီး... မင်း ကတော့ ဟွမ် နဲ့ တူသားပဲ... လက်ထပ်ဖို့ ကို စိတ်မဝင်စားဘူး... ဒါပေမဲ့... ငါ မင်း ကို ပြောချင်တာက လက်ထပ်တာ က မင်း အတွက် အများကြီး အကျိုး ရှိတယ် ဆိုတာပဲ..." ချီဆန်းကျား က သတိပေးလိုက်သည်။
"တပ်မှူးချုပ် ရဲ့ ရှင်းပြမှု ကို လက်အောက်ငယ်သား က နားထောင်ချင်ပါတယ်..."
ချီဆန်းကျား မတ်တပ် ထရပ်လိုက်ပြီး ခန်းမဆောင် အတွင်းတွင် စဉ်းစားခန်း ဝင်ကာ ခြေလှမ်း အနည်းငယ် လျှောက်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ငါ လည်း အခု မင်း အရွယ် လောက်ပဲ ရှိဦးမယ်... မာန တွေ အရမ်း ကြီးပြီး လူငယ် သွေးဆူမှု တွေ နဲ့ ဘယ်အရာ ကိုမှ မျက်လုံး ထဲ မထည့်ဘူး... လက်ထဲက လှံ တစ်လက် နဲ့တင် ကြီးမားတဲ့ အောင်မြင်မှု တွေ ရနိုင်မယ် လို့ ထင်ခဲ့တာ...
ဒါကြောင့် အထက်တန်းလွှာ မိသားစု တွေ ရဲ့ စေ့စပ်ရေး တွေ အများကြီး ကို ငြင်းပယ်ခဲ့တယ်... အဲဒီတုန်းက ဘာမှ မထူးခြားဘူး လို့ ထင်ခဲ့ပေမဲ့... အခု ပြန်တွေးကြည့်တော့... အကယ်လို့ ငါ သာ အဲဒီတုန်းက စေ့စပ်ဖို့ ရွေးချယ်ခဲ့မယ် ဆိုရင် အခုဆိုရင် တခြား အခြေအနေ တစ်ခု ကို ရောက်နေလောက်ပြီ...
ချီမိသားစု ပင်မမျိုးနွယ် နဲ့ အဆက်အသွယ် မရခင် တုန်းက ငါ့ ရဲ့ ဘဝ ကလည်း အရမ်း ခက်ခဲခဲ့တာ... အထက်အရာရှိ တွေ ရဲ့ ဖိနှိပ်မှု ကို ခံခဲ့ရတယ်... အဲဒီ အချိန်က စပြီး ကျောထောက်နောက်ခံ တစ်ခု ရှိဖို့ ဘယ်လောက် အရေးကြီးလဲ ဆိုတာ ငါ သဘောပေါက်ခဲ့တာ...
ဒါကြောင့် ချီမိသားစု က ငါ့ကို လက်ကမ်း ခေါ်လိုက်တဲ့ အခါ ငါ လည်း မဆိုင်းမတွ လက်ခံခဲ့ပြီး ချီမိသားစု ရဲ့ ခွဲထွက် မျိုးနွယ်စု တစ်ခု ဖြစ်လာခဲ့တာ... အဲဒီ အချိန်က စပြီးတော့... ဟီးဟီးဟီး... ငါ့ကို ဖိနှိပ်ခဲ့တဲ့ အထက်အရာရှိ တွေလည်း ချက်ချင်း ပြောင်းလဲသွားပြီး အရမ်း ယဉ်ကျေးလာကြတယ်...
ငါ လည်း ခရိုင် တစ်ခုလုံး ရဲ့ တပ်မှူးချုပ် ဖြစ်လာပြီး ဒေသ တစ်ခု ကို အုပ်ချုပ်ခွင့် ရလာတာ..."
"တပ်မှူးချုပ် ရဲ့ အဓိပ္ပာယ် က... လက်အောက်ငယ်သား ကို ကျောထောက်နောက်ခံ တစ်ခု ရှာခိုင်းချင်တာလား..."
"မှန်တယ်..."
ချီဆန်းကျား က ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
"မင်း က ငါ နှစ်ပေါင်းများစွာ အတွင်း တွေ့ဖူးသမျှ အတော်ဆုံး လူငယ် တစ်ယောက် ပဲ... မင်း ရဲ့ အနာဂတ် က ထိုက်အန်းဒေသ ဆိုတဲ့ နေရာ ကျဉ်းကျဉ်းလေး မှာ ပိတ်လှောင်နေလို့ မရဘူး... လောကကြီး ထဲ ဝင်ပြီး တခြား ပါရမီရှင် တွေ နဲ့ ယှဉ်ပြိုင်ရမယ်...
ဒါပေမဲ့ ဒါတွေ လုပ်ဖို့ ဆိုရင် အခြေအနေ တစ်ခု လိုအပ်တယ်... အဲဒါ ကတော့ ကျောထောက်နောက်ခံ တစ်ခု ရှာဖို့ပဲ...
ဒီ ကျောထောက်နောက်ခံ က ပြည်နယ် တစ်ခုလုံး မှာ သြဇာ ရှိတဲ့ အင်အားစု မျိုး ဖြစ်ရမယ်... အဲဒီလို မှသာ မင်း ကို ကာကွယ်ပေးနိုင်ပြီး မသမာတဲ့ စိတ် ရှိတဲ့ သူတွေကို မလှုပ်ရှားရဲအောင် လုပ်နိုင်မှာ...
ဒါက အရမ်း ရက်စက်တယ် ဆိုပေမဲ့... ဒါက အမှန်တရား ပဲ..."
ကျန်းချဲ့ မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်သွားခဲ့သည်။
ကျောထောက်နောက်ခံ ဆိုတာကို သူ သေချာပေါက် လိုချင်ပါသည်။ မဟုတ်လျှင် အစောပိုင်း ကတည်းက ချီဟွမ် နှင့် တမင်တကာ မိတ်ဆွေ ဖွဲ့ကာ ချီဆန်းကျား ထံသို့ ချဉ်းကပ်ခဲ့မည် မဟုတ်ပေ။ သို့သော် ယခုအခါ ချီဆန်းကျား၏ အမြင့်ဆုံး အတိုင်းအတာ ကို မြင်တွေ့နေရပြီ ဖြစ်သည်။
ပိုမို အစွမ်းထက်သော အင်အားစုကို ကျောထောက်နောက်ခံ အဖြစ် ရှာဖွေရဦးမည် ပင် ဖြစ်သည်။
"သိုင်းပညာ စတင် သင်ယူတာ က နှစ်ဝက် လောက်ပဲ ရှိသေးတယ်... ကျင့်ကြံမှု က အဆက်မပြတ် တဟုန်ထိုး တိုးတက်လာပြီး အခုဆိုရင် ယွမ်ဟိုင်အဆင့် ကို ရောက်နေပြီ... သိုင်းစိတ်ဆန္ဒ ကိုတောင် နားလည် သဘောပေါက်နေပြီ... ကျန်းချဲ့... ဒါက ပါရမီ ကောင်းတယ် ဆိုတာ နဲ့ ရှင်းပြလို့ မရတော့ဘူး...
မင်း ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက် တွေ ရှိနေတယ် ဆိုတာ ငါ သိတယ်... ဒါပေမဲ့ မြန်မြန်ဆန်ဆန် တိုးတက်လာတာ က တခြား သူတွေ ရဲ့ မနာလိုမှု ကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မယ်..."
ချီဆန်းကျား က ကျန်းချဲ့ကို အဓိပ္ပာယ် ပါပါ ကြည့်ရင်း ပြောလိုက်သည်။
အရင်က ကျန်းချဲ့၏ ကျင့်ကြံမှု တိုးတက်လာခြင်းကို ပါရမီ ကောင်းသည်ဟု ရှင်းပြနိုင်သေးသော်လည်း တစ်ခါတစ်ရံ အမြန်လွန်းပါက အခြားသူများ၏ သံသယကို ဖြစ်ပေါ်စေနိုင်သည်။
"တပ်မှူးချုပ်..."
"မင်း ဘာမှ ရှင်းပြစရာ မလိုပါဘူး... လူတိုင်း ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက် တွေ ရှိကြတာချည်းပဲ... ကံကောင်း ထောက်မမှု တွေ ဆိုတာ အကြီးအသေး ပဲ ကွာတာလေ... ငါ က မင်း ရဲ့ လျှို့ဝှက်ချက် တွေကို လိုချင်လို့ မဟုတ်ပါဘူး... သတိပေးချင်လို့ သက်သက်ပါ...
ငါ က မင်း ကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားပေမဲ့... မင်း လည်း သတိထားဖို့ လိုတယ်..."
ချီဆန်းကျား က ကျန်းချဲ့ အပေါ် တကယ်ကို ရယူလိုစိတ် မရှိပေ။
သူ က သဘောထား ကြီးလွန်းလို့ မဟုတ်ပေ။
သူ့အဆင့် အထိ ရောက်လာသူ တစ်ယောက် အနေဖြင့် သိုင်းလောက၏ လျှို့ဝှက်ချက် အချို့ကို အတော်လေး နားလည်နေပြီ ဖြစ်သည်။
ကျန်းချဲ့၏ ကြီးထွားလာမှု လမ်းကြောင်း က သာမန် လူများနှင့် လုံးဝ မတူညီပေ။
'ဒါဆိုရင် ဘယ်လို လူမျိုး က သာမန် မဟုတ်တာလဲ... ကံကောင်း ထောက်မမှု ကြီးမားတဲ့ လူ တွေပဲ...'
'ဒီလို လူမျိုး တွေက ခေတ်တိုင်း မှာ ရှိတတ်ကြတယ်... ကြီးထွားလာမှု အမြန်နှုန်း က အလွန် အံ့မခန်း ဖြစ်ပြီး အန္တရာယ် တွေ နဲ့ ကြုံတွေ့ရတိုင်း အမြဲတမ်း ဘေးကင်းလုံခြုံစွာ လွတ်မြောက်နိုင်ကြတယ်... ကောင်းကင် ရဲ့ စောင့်ရှောက်မှု ကို ခံရတဲ့ သူတွေ နဲ့ တူတယ်...
ပြီးတော့ သူတို့ ရဲ့ အနာဂတ် အောင်မြင်မှု တွေက အလွန် ကြီးမားတတ်တယ်...'
'ထို့အပြင် သူတို့ က ဖြစ်ရပ် တွေ အများကြီး ထဲမှာ တမင်တကာ ဖြစ်စေ၊ မတော်တဆ ဖြစ်စေ အမြဲတမ်း ပါဝင်နေတတ်ကြတယ်... အခက်အခဲ မျိုးစုံ ကို ကျော်ဖြတ်ပြီး နောက်ဆုံး မှာ ကြီးမြတ်တဲ့ သူ တွေ ဖြစ်လာကြတယ်...'
'ကံကောင်း ထောက်မမှု ရှိတဲ့ သူတွေ ထွက်ပေါ်လာတိုင်း အင်အားစု ကြီး တွေ က အမြဲတမ်း လုယူလေ့ ရှိကြတယ်... ဂိုဏ်း ထဲကို ခေါ်သွင်းတာမျိုး၊ ဒါမှမဟုတ် စေ့စပ်ရေး လုပ်ပြီး သူတို့ ရဲ့ ကံကောင်း ထောက်မမှု ကို အသုံးပြုကာ မိသားစု ရဲ့ အခြေခံ အုတ်မြစ် ကို ခိုင်မာအောင် လုပ်တာမျိုး တွေ လုပ်လေ့ ရှိကြတယ်...'
ကျန်းချဲ့၏ အတိတ် ဇာတ်လမ်း များကို ပြန်လည် သုံးသပ်ကြည့်ပါက ကောလာဟလ များနှင့် လုံးဝ တူညီနေသည် မဟုတ်ပါလား။
ထို့ကြောင့် မျှော်လင့်ချက် နည်းပါးလျှင်တောင် သူ စမ်းသပ်ကြည့်ချင်သေးသည်။
ချီဟွမ် ၏ ပါရမီ က ကောင်းမွန်သော်လည်း အများဆုံး အတိုင်းအတာ မှာ ရွှမ်တန်အဆင့် သာ ဖြစ်သည်။ ကြီးမားသော အရင်းအမြစ်များ မရှိပါက နောက်ထပ် အဆင့်တက်ရန် ဆိုသည်မှာ ကောင်းကင် သို့ တက်ရသကဲ့သို့ ခက်ခဲလှပေမည်... သူ က ချီမိသားစု ၏ အနာဂတ် အတွက် သေချာပေါက် စဉ်းစားရမည် ပင် ဖြစ်သည်။
ကျန်းချဲ့ က သူ လောလောဆယ် မိတ်ဆွေဖွဲ့ရန် နှင့် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ထားသော ပစ်မှတ် ပင် ဖြစ်သည်။
ထို့ကြောင့် သူ က ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ရန်ငြိုး ဖွဲ့ရန် ဝန်မလေးခဲ့သလို ယခု လက်ရှိ ကျင့်ကြံမှု အခြေအနေ ကိုပါ ဖွင့်ဟ ပြောဆိုခဲ့ခြင်း ပင် ဖြစ်သည်။
မဟုတ်လျှင် အထက်အရာရှိ တစ်ယောက် က လက်အောက်ငယ်သား ကို ရှင်းပြရသည့် ထုံးစံ ဘယ်မှာ ရှိလို့လဲ။
ထိုက်အန်းဒေသ တစ်ခုလုံးတွင် ကျန်းချဲ့ တစ်ယောက်တည်းသာ ဤအခွင့်အရေး ကို ရရှိခြင်း ပင် ဖြစ်သည်။
"တပ်မှူးချုပ် ရဲ့ ဆိုလိုရင်း ကို လက်အောက်ငယ်သား နားလည်ပါပြီ..."
ကျန်းချဲ့ က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"မင်း ရဲ့ အခု လက်ရှိ အခြေအနေ နဲ့ ဆိုရင် ထိပ်တန်း ဂိုဏ်း တွေ ထဲကို ဝင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး... အဲဒီ အင်အားစု တွေ က သစ္စာစောင့်သိမှု ကိုပဲ အဓိက ထားကြတာ... တပည့် တွေကို ငယ်ငယ်လေး ကတည်းက ပြုစုပျိုးထောင်လေ့ ရှိကြတယ်... သိုင်းလောက က လူတွေကို လက်ခံပေမဲ့...
အဲဒီလို လူတွေ က အများအားဖြင့် လူမိုက် တွေ သက်သက်သာ ဖြစ်ပြီး အဓိက အရေးပါတဲ့ နေရာ တွေကို ဘယ်တော့မှ မရောက်နိုင်ဘူး... စေ့စပ်ရေး... စေ့စပ်ရေး တစ်ခုတည်း ကသာ မင်း အတွက် အခုချိန်မှာ အကောင်းဆုံး ထွက်ပေါက် ပဲ... မင်း အတွက် အနှောင့်အယှက် မဖြစ်စေသလို...
အရင်းအမြစ် တွေကိုလည်း ထောက်ပံ့ပေးနိုင်တယ်...
ဒါပေမဲ့ ဒီကိစ္စ မှာ ငါ က မင်း ကို အတင်းအကျပ် ရွေးချယ်ခိုင်းမှာ မဟုတ်ပါဘူး... အားလုံး က မင်း ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တယ်... အခု လက်ရှိ အခြေအနေ နဲ့ အနာဂတ် အလားအလာ ကို သေချာ တွက်ဆကြည့်ဖို့ပဲ ပြောချင်တာပါ... စိတ်လိုက်မာပါ မဆုံးဖြတ်လိုက်ပါနဲ့..."
ချီဆန်းကျား က ဆက်ပြောလိုက်သည်။
"တပ်မှူးချုပ် က လက်အောက်ငယ်သား ကို ချီမိသားစု နဲ့ စေ့စပ်စေချင်တာလား..."
ကျန်းချဲ့ က ခေါင်းမော့ကာ ချီဆန်းကျား ကို တိုက်ရိုက် ကြည့်ရင်း မေးလိုက်သည်။
"ချီမိသားစု ပင်မမျိုးနွယ် က ယွင်ပြည်နယ် မှာ အခြေစိုက်ပြီး ယွင်ပြည်နယ် ရဲ့ ထိပ်တန်း အင်အားစု တစ်ခု ပဲ... နှစ်ထောင်ချီ သက်တမ်း ရှိတဲ့ မိသားစု ကြီး တစ်ခု ဖြစ်ပြီး အစိုးရ ကိုလည်း ကျောထောက်နောက်ခံ ပြုထားတယ်... ဒီ အနောက်တောင် ပြည်နယ် တွေမှာ အမြစ်တွယ်နေတာ ဆိုတော့ မင်း အခုချိန်မှာ ဆက်သွယ်နိုင်တဲ့ အင်အား အကြီးဆုံး မိသားစု ပဲ...
မင်း သာ ဆန္ဒ ရှိမယ် ဆိုရင်... ငါ က ဒီကိစ္စ ကို အောင်မြင်အောင် ကူညီပေးမယ်... ချီမိသားစု ရဲ့ ပင်မ မျိုးဆက် က မိန်းကလေး တစ်ယောက် ကို ရှာပေးမယ်..."
ကျန်းချဲ့ မျက်နှာပေါ်တွင် တွေးတောမှုများ ဖြစ်ပေါ်လာခဲ့သည်။
'အရင်က ဝမ်နျန်ကွေ့ နဲ့ အလကား ပြောခဲ့တဲ့ စကားက အခု တကယ် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...'
"ချီမိသားစု က နှစ်ထောင်ချီ သက်တမ်း ရှိပြီး ကျင့်ကြံမှု ကလည်း အလွန် အစွမ်းထက်တယ်... ပင်မ မျိုးဆက် သားသမီး တွေက ပါရမီ ကောင်းရုံသာမက ရုပ်ရည် ကလည်း အလွန် ချောမော လှပကြတယ်... အကျင့်ပျက် နေတဲ့ လူ တွေ သိပ်မရှိဘူး... ဒီအချက် ကိုတော့ မင်း စိတ်ချလို့ ရပါတယ်..."
"အကယ်လို့ ချီမိသားစု နဲ့ စေ့စပ်လိုက်ရင် လက်အောက်ငယ်သား က နောက်ပိုင်း ချီမိသားစု ရဲ့ လက်အောက်ခံ ဖြစ်သွားမှာလား..."
ကျန်းချဲ့ က ကျောထောက်နောက်ခံ လိုချင်သော်လည်း အခြား သူများ၏ လူမိုက် သက်သက် တော့ မဖြစ်ချင်ပေ။
"ဟားဟားဟား... လက်အောက်ခံ ဖြစ်သွားတယ် ဆိုတာက မိန်းမအိမ်ကို သားမက်အဖြစ် အပိုင်ဝင်သွားတာ ကို ပြောတာ... မင်း က စေ့စပ်တာ လေ... စေ့စပ်တယ် ဆိုတာ ဘာကို ခေါ်တာလဲ... တန်းတူ ညီမျှမှု ပဲ... ချီမိသားစု က အင်အား ကြီးမားတာ မှန်ပေမဲ့ မင်း လည်း ပါရမီရှင် တစ်ယောက် ပဲ... ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့...
ရိုးရိုးရှင်းရှင်း ပြောရရင် မင်း က ကျောထောက်နောက်ခံ လိုအပ်နေပြီး ချီမိသားစု ကတော့ အနာဂတ် မှာ အလားအလာ ကောင်းမယ့် ထိပ်တန်း ပါရမီရှင် ကို လိုအပ်နေတာ... ပြီးတော့ နောက်ပိုင်း ချီမိသားစု ကို အကူအညီ ပေးနိုင်ဖို့ မျှော်လင့်တာပေါ့..."
ချီဆန်းကျား က ရှင်းပြလိုက်သည်။
"လက်အောက်ငယ်သား ရက်အနည်းငယ် လောက် စဉ်းစားခွင့် ပြုပါဦး..."
ကျန်းချဲ့ ယခုအခါ လုံးဝ ဆုံးဖြတ်ချက် မချရသေးပေ။
"ဒီကိစ္စ က ရပါတယ်... စေ့စပ်ရေး ဆိုတာ ဘာပဲဖြစ်ဖြစ် ရေရှည် အကျိုးသက်ရောက်မှု ရှိတဲ့ ကိစ္စ ဆိုတော့... စိုးရိမ်စရာ တစ်ခုခု ရှိလို့ ငြင်းမယ် ဆိုရင်လည်း ရပါတယ်... ငါ က မင်း ကို အထက်အရာရှိ တွေ နဲ့ မိတ်ဆက်ပေးဖို့ လည်း နည်းလမ်း ရှာပေးပါ့မယ်... ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ချီမိသားစု က အကောင်းဆုံး ရွေးချယ်မှု ပဲ...
ဘာဖြစ်လို့လဲ ဆိုတော့... တစ်ခုခု ကို ရချင်ရင် တစ်ခုခု ကို အရင် ပေးဆပ်ရမှာပဲ လေ... အထက်အရာရှိ တွေ ကလည်း မင်း ကို အလကား ကူညီပေးမှာ မဟုတ်ဘူး... မွေးစား အဖေ ဒါမှမဟုတ် ယောက္ခမ အဖြစ် သတ်မှတ် မှသာ ရမှာ…”