အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) နဂါးဟိန်း ခန္ဓာကိုယ်...
ကျန်းချဲ့ ကဲ့သို့သော ပါရမီ ထူးချွန်သည့် လူငယ်လေး တစ်ယောက်ကို တွေ့ရသောအခါ ချီမိသားစု၏ ခွဲထွက် မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သော ချီဆန်းကျား အနေဖြင့် ပထမဆုံး စဉ်းစားမိသည်မှာ ချီမိသားစု ပင်မမျိုးနွယ်၏ အကျိုးစီးပွား ပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ပါက နှစ်ဖက်စလုံး အကျိုးရှိမည် ပင် ဖြစ်သည်။
သူနှင့် ကျန်းချဲ့ အကြား ဆက်ဆံရေး ပိုမို ရင်းနှီးသွားရုံသာမက ပင်မမျိုးနွယ်စု ကလည်း သူ့ကို ပိုမို အထင်ကြီး လေးစားလာမည် ပင် ဖြစ်သည်။
သို့သော် အကယ်၍ ကျန်းချဲ့ က အလွန် ဆန့်ကျင် ငြင်းဆန်နေမည် ဆိုလျှင်တော့ သူ အတင်းအကျပ် ဖိအားပေးမည် မဟုတ်ပေ။
ဤကိစ္စကြောင့် ကျန်းချဲ့နှင့် သူ၏ အကြားတွင် အက်ကွဲကြောင်း မဖြစ်ပေါ်စေချင်ပေ။
ကံကောင်း ထောက်မမှုများ ရှိနေသည်ဟု ယူဆရသော ဤပါရမီရှင် လူငယ်လေးကို သူ လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။
သူ၏ စကားများက အလွန် ရက်စက်သော်လည်း ၎င်းမှာ ဖုံးကွယ်၍ မရသော အမှန်တရား ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဘယ်သူကများ သူ့ကို ကိုယ်ကျိုး မဖက်ဘဲ အလကား သက်သက် ကူညီပေးမည်နည်း။
ကျန်းချဲ့ လည်း ယခုအခါ ချီဆန်းကျား၏ အကြံပြုချက်ကို အနည်းငယ် သဘောတူချင်နေပြီ ဖြစ်သည်။ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ချီမိသားစု ပင်မမျိုးနွယ် က ယခု လက်ရှိ သူ့အတွက် တကယ်ကို အလွန် ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ပင် ဖြစ်သည်။
အကယ်၍ ၎င်းကို ကျောထောက်နောက်ခံ အဖြစ် ရရှိမည် ဆိုပါက သူ၏ ယုံကြည်ချက် ကလည်း ပို၍ ခိုင်မာလာမည် ပင် ဖြစ်သည်။
"တပ်မှူးကြီး... ပြန်ရောက်လာပြီလား..."
ချီဆန်းကျား နှင့် စကားပြောဆို ပြီးနောက် ကျန်းချဲ့က ဟွမ်ရှန်းရှန်း နှင့် သွားရောက် တွေ့ဆုံခဲ့သည်။ သူမက သူ့ကို မြင်လိုက်သည်နှင့် ရင်ထဲရှိ ဝန်ထုပ်ဝန်ပိုးများ အားလုံး ကျသွားသကဲ့သို့ မျက်နှာပေါ်တွင်လည်း အပြုံးများ ပေါ်လာခဲ့သည်။
ရန်လာရှာသူမှာ လုမိသားစု ဘိုးဘေး လုကျန်းဟယ် ဖြစ်ကြောင်း သူမ သိရှိထားပြီး ဖြစ်သည်။
ထိုအချိန်က ရင်ထဲတွင် အလွန် ထိတ်လန့်သွားခဲ့ရသည်။
သူမ လုပ်ခဲ့သည့် ကိစ္စများကြောင့် အကယ်၍ လုကျန်းဟယ်သာ သူမကို ဖမ်းမိသွားပါက သူမ၏ အဆုံးသတ် က သေချာပေါက် အလွန် ဆိုးရွားမည် ပင် ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုလူ သေဆုံးသွားခဲ့ပြီ။
"တာပြောင် နဲ့ တန်ယန် တို့ကို လူစုခွဲပြီး ပုန်းခိုနေဖို့ နဲ့ ပြန်မတိုက်ဖို့ အမိန့်ပေးခဲ့တာ မင်း လား..."
ကျန်းချဲ့က ဟွမ်ရှန်းရှန်းကို တည်ငြိမ်စွာ ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်မ... ကျွန်မ သိပါတယ်... သူတို့ အားလုံး က တပ်မှူးကြီး ရဲ့ လူယုံ တွေ ဆိုတော့ သူတို့ကို အသေမခံစေချင်လို့... အရှင့် ရဲ့ အမိန့်ကို အတုအယောင် လုပ်ပြီး သုံးခဲ့တာပါ... တောင်းပန်ပါတယ်... ကျွန်မ..." ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ တုံ့ပြန်မှုကို ကြိုတင် ခန့်မှန်းထားသကဲ့သို့ ခေါင်းငုံ့ထားပြီး သူ့ကို မကြည့်ရဲပေ။
"ဟီးဟီးဟီး... မကြောက်ပါနဲ့... ဒီကိစ္စ လုပ်တာ အရမ်း မှန်ပါတယ်... သူတို့ ရဲ့ လက်ရှိ စွမ်းအား နဲ့ သွားတိုက်ရင် တကယ်ကို သေဖို့ သက်သက်ပါပဲ... မြို့တော်ဝန်ရုံး လေး တစ်ခုလောက် ပျက်စီးသွားတာ အရေးမကြီးပါဘူး..."
ကျန်းချဲ့က သူမ၏ ဆံပင်ရှည်များကို ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်သည်။
အပြစ်တင်ရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။
"ကျေးဇူးတင်ပါတယ်..."
"တစ်ညလုံး ပြေးလွှားနေရလို့ ငါ လည်း ပင်ပန်းနေပြီ... လာ... သွားအနားယူရအောင်..."
ကျန်းချဲ့က ညင်သာစွာ ပြုံးလိုက်ပြီး ဟွမ်ရှန်းရှန်းကို ပွေ့ချီကာ နောက်ဖေးခြံဝင်း ဆီသို့ လျှောက်သွားလိုက်သည်။
သိုင်းလောကသား များ၏ သတင်းများက အမြဲတမ်း လျင်မြန်စွာ ပျံ့နှံ့လေ့ ရှိပြီး အထူးသဖြင့် ထိုက်ဆန်းမြို့ အတွင်း ဖြစ်ပွားခဲ့သော ကိစ္စ ဖြစ်ရာ ဒုတိယနေ့ တွင်ပင် ထိုက်ဆန်းမြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အပြင်ဘက်သို့ပါ ဆက်လက် ပျံ့နှံ့နေပေသည်။
လုမိသားစု ဘိုးဘေး ရန်လာရှာရာတွင် ချီဆန်းကျား၏ နေရာတွင်ပင် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး အလောင်း ကို မြို့တံခါးဝတွင် ချိတ်ဆွဲထားကြောင်း...
ဤသတင်း ထွက်ပေါ်လာသည်နှင့် လူအများအပြား ရင်ထဲတွင် ထိတ်လန့်သွားကြသည်။
အရင်က အစိုးရ အနေဖြင့် သိုင်းလောက အပေါ် ထားရှိသော သဘောထားက အမြဲတမ်း သည်းခံခြင်းသာ ဖြစ်ပြီး ကြီးမားသော ဆူပူ အုံကြွမှုများ မဖြစ်ပေါ်သရွေ့ အစိုးရက သိုင်းလောက အင်အားစု များကို ဂရုစိုက်လေ့ မရှိပေ။
သေချာသည်မှာ လုကျန်းဟယ်၏ လုပ်ရပ်က သေဒဏ် ထိုက်သည့် အပြစ်ကို ကျူးလွန်ခဲ့ခြင်း မှန်သော်လည်း နာမည်ဂုဏ်သတင်း ကြီးမားသော အင်အားကြီးသူ တစ်ဦးကို ဤသို့ ချိတ်ဆွဲ ပြသထားခြင်းက လွန်ခဲ့သော နှစ်များ အတွင်း ပထမဆုံး အကြိမ် ပင် ဖြစ်သည်။
လူအများအပြားက ဤလုပ်ရပ်မှ တစ်ဆင့် အစိုးရ၏ သဘောထား ကို ခန့်မှန်းမိလိုက်ကြသည်။
ကျန်းချဲ့ လုမိသားစုကို ဖျက်ဆီးလိုက်သည်မှ စတင်ကာ အစိုးရ အနေဖြင့် သိုင်းလောက အင်အားစု များကို ဖိနှိပ်ရန် ရည်ရွယ်ချက် ရှိနေကြောင်း သိရှိသွားကြသည်။
လုမိသားစု ကတော့ ပထမဆုံး ကံဆိုးသူ ပင် ဖြစ်သည်။
လူအများအပြားက လုကျန်းဟယ် ကဲ့သို့သော အင်အားကြီးသူ တစ်ဦး က မြို့တော်ဝန်ရုံး လေး တစ်ခုကို ဖျက်ဆီးရုံမှလွဲ၍ အခြား ဘာအထိအခိုက် မှ မဖြစ်စေခဲ့သည်ကို အလွန် နှမြောတသ ဖြစ်နေကြသည်။
ထို့အပြင် ချီဆန်းကျား ထုတ်ဖော် ပြသခဲ့သော စွမ်းအား ကိုလည်း အလွန် အံ့အားသင့်နေကြသည်။
ပိုမို ပြင်းထန်လာသော ကောလာဟလ များ အောက်တွင် ချီဆန်းကျား က လှံတစ်ချက်တည်း ဖြင့် လုကျန်းဟယ်ကို သတ်ဖြတ်ခဲ့သည် ဟုပင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
သူ ထုတ်ဖော် ပြသခဲ့သော စွမ်းအား က အံ့မခန်း ပင် ဖြစ်သည်။
တစ်ခဏ အတွင်းမှာပင် ထိုက်အန်းဒေသ တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဤလုပ်ရပ်ကို ချီဆန်းကျားက ကျန်းချဲ့၏ နောက်ကွယ်တွင် ရပ်တည်ပေးပြီး သူ၏ သဘောထား ကို ပြသလိုက်ခြင်း ဟုလည်း ရှုမြင်ကြပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း ကို သွယ်ဝိုက်သော နည်းဖြင့် သတိပေးလိုက်ခြင်း ဟုလည်း ယူဆကြသည်။
ဤတိုက်ပွဲ အပြီးတွင် ထိုက်အန်း သိုင်းလောက မှာလည်း အပြင်ပန်းတွင် တိတ်ဆိတ် ငြိမ်သက်သွားသော်လည်း အတွင်းထဲတွင်မူ ဂယက်များ ထနေပေသည်။
သို့သော် ဤသို့ ဖြစ်နေလေလေ ယခု လက်ရှိ တိတ်ဆိတ်မှုက ယာယီ သာ ဖြစ်ပြီး မကြာမီ အချိန်တွင် ပိုမို ကြီးမားသော မုန်တိုင်းကြီး တစ်ခု ထပ်မံ ဖြစ်ပေါ်လာမည်ကို လူအများအပြား ခံစားနေကြရသည်။
ဖူလုံကျောင်းတော်... မင်ရှင်း ကျောင်းဆောင် အတွင်း...
ယခုအခါ လူဆယ်ယောက်ကျော်က တစ်ဖက်စီ ခွဲ၍ ရပ်နေကြပြီး ကိုယ်ပေါ်တွင် မတူညီသော အရောင်များ ရှိသည့် တာအို ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ လီတောက်ဖျင် လည်း ထိုအထဲတွင် ပါဝင်သော်လည်း သူ၏ အဆင့်အတန်း အရ အရှေ့ဆုံးတွင် ထိုင်ရန် မလုံလောက်သေးပေ။
ခေါင်းငုံ့ကာ ဘူးသီးပုလင်း ထဲမှ မက်မွန်ဝိုင်ကို တိတ်တဆိတ် သောက်နေပြီး ခန်းမဆောင် အတွင်းရှိ ငြင်းခုံသံ များကို လုံးဝ စိတ်မဝင်စားပေ။
ယခုလေးတင် ကျင်းယွမ် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဝမ်ချန် က ဖူလုံကျောင်းတော် သို့ ကိုယ်တိုင် လာရောက်ပြီး ဖူလုံကျောင်းတော် ကို ကျန်းချဲ့ အား အတူတူ တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့သည်။ ကျန်းချဲ့က ထိုက်အန်းဒေသ သိုင်းလောက အတွက် ကြီးမားသော အန္တရာယ် တစ်ခု ဖြစ်ကြောင်း၊
စောစောစီးစီး မဖယ်ရှားပါက နောက်ပိုင်းတွင် ကြီးမားသော ပြဿနာကြီး တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
ထိုစကားများ ကြောင့် ကျောင်းတော် အတွင်းရှိ လူအများအပြား မှာလည်း ငြင်းခုံမှုများ ဖြစ်ပေါ်လာခဲ့သည်။
အချို့က တာအိုကျင့်စဉ်ကိုသာ အာရုံစိုက် ကျင့်ကြံလိုပြီး အကျိုးအမြတ် လုယက်မှု များကို စိတ်မဝင်စားသဖြင့် ဤရွှံ့နွံ ထဲသို့ မဝင်ချင်ကြပေ။ ဤသည်က ကျင်းယွမ် ဘုန်းကြီးကျောင်း က ဖူလုံကျောင်းတော် ကို ရေထဲ ဆွဲချချင်နေခြင်း သက်သက်သာ ဖြစ်ပြီး ဂရုစိုက်ရန် မလိုဟု ထင်ကြသည်။
သို့သော် အချို့ ကလည်း ဝမ်ချန် ၏ စကားများက အကြောင်းပြချက် မရှိသည်တော့ မဟုတ်ဟု ထင်ကြသည်။
ကျန်းချဲ့၏ လုပ်ရပ်များ က ဖူလုံကျောင်းတော်၏ အရှင်သခင် နေရာကိုပါ လှုပ်ခတ်နေပြီ ဖြစ်ရာ စောစောစီးစီး မဖိနှိပ်ပါက နှစ်ဖက်စလုံး အစောမဟုတ် အနှောင်း သေချာပေါက် ရန်ငြိုး ဖွဲ့မိမည် ဖြစ်သဖြင့် ဤအခွင့်အရေး ကို အသုံးချပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ပူးပေါင်းကာ သိုင်းလောက အင်အားစု များကို လှုံ့ဆော်ပြီး ကိစ္စကို ကြီးကျယ်အောင် လုပ်လိုက်ခြင်းက ပိုကောင်းသည်ဟု ထင်ကြသည်။
ကျန်းချဲ့ ကို မသတ်နိုင်လျှင်တောင် သူ့ကို ထွက်ပြေးအောင် ဖိအားပေးနိုင်မည် ပင် ဖြစ်သည်။
ထို့အပြင် ကျင်းယွမ် ဘုန်းကြီးကျောင်း ကိုပါ အလကား ခိုင်းစားနိုင်မည် ဖြစ်ရာ ဘာကြောင့် မလုပ်ဘဲ နေရမည်နည်း။
အထက်တွင် ထိုင်နေသော ဖူလုံကျောင်းတော် ၏ ကျောင်းထိုင် ဆရာတော် ရွှမ်ဟယ် တာအိုဆရာ က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အောက်ဘက်ရှိ လူများကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ဆွေးနွေးလို့ အဖြေ ပေါ်ပြီလား..."
"ကျောင်းထိုင် ဆရာတော်... ဒီအခွင့်အရေး ကို အသုံးချပြီး ကျန်းချဲ့ ကို အတူတူ တိုက်ခိုက်သင့်တယ် လို့ ကျုပ် ထင်တယ်... ဒီလို ဆိုရင် ကျင်းယွမ် ဘုန်းကြီးကျောင်း ကို ခေါင်းဆောင် ပေးခိုင်းလို့ ရသလို... ငါတို့ ဖူလုံကျောင်းတော် အတွက် လည်း ကြီးမားတဲ့ အန္တရာယ် တစ်ခု ကို ဖယ်ရှားပေးနိုင်မယ် လေ..."
"ဟုတ်တယ်... ဆေးဘုရင်တောင်ကြား က ဝမ်ဖျင်ကျီး သတင်း ပို့လာတာ ကတော့... အဲဒီ ကျန်းချဲ့ က မနေ့က ဆေးဘုရင်တောင်ကြား ကို ကိုယ်တိုင် လာပြီး အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း တစ်ပင် ကို အတင်းအဓမ္မ လုယူသွားတယ် တဲ့... ဒါက ရှင်းရှင်းလင်းလင်း ပဲ ငါတို့ ဖူလုံကျောင်းတော် ကို မျက်လုံးထဲ မထည့်တာပဲ...
ဆေးဘုရင်တောင်ကြား က ငါတို့ ဖူလုံကျောင်းတော် ရဲ့ လက်အောက်ခံ ဆိုတာ ထိုက်အန်းဒေသ တစ်ခုလုံး က လူတွေ ဘယ်သူ မသိလို့လဲ... သူ ကျန်းချဲ့ က ဒီလောက် မောက်မာ ရိုင်းစိုင်းနေတာ... ရှင်းရှင်းလင်းလင်း ပဲ ငါတို့ ဖူလုံကျောင်းတော် ကို အလေးမထားတာ...
အကယ်လို့ အရေးမယူဘူး ဆိုရင် နောက်ပိုင်း သိုင်းလောက က ဘယ်လို ပြောကြမလဲ... ဝမ်ဖျင်ကျီး ဘက်ကို ကော ဘယ်လို ဖြေရှင်းပေးမလဲ..."
"ကျုပ် ထောက်ခံတယ်..."
"စီနီယာကြီးကု ရဲ့ စကား က နည်းနည်းတော့ လွန်သွားပြီ... ကျန်းချဲ့ က တကယ်ပဲ အန္တရာယ် တစ်ခု ဆိုတာ ကျုပ် လက်ခံပါတယ်... ဒါပေမဲ့ အခု သူ ရန်ရှာနေတာ က ကျင်းယွမ် ဘုန်းကြီးကျောင်း ကို လေ... ငါတို့ နဲ့ ဘာဆိုင်လို့လဲ...
ကျင်းယွမ် ဘုန်းကြီးကျောင်း ကို သူတို့ ဘာသာ ဖြေရှင်းခိုင်းလိုက်ပေါ့... ဘာဖြစ်လို့ ဒီရွှံ့နွံ ထဲ ဝင်ချင်နေရတာလဲ..."
"မှန်တယ်... ဒီနေ့ သတင်း တွေ အားလုံး လည်း ကြားပြီးကြပြီ မဟုတ်လား... အဲဒီ ချီဆန်းကျား က လှံတစ်ချက်တည်း နဲ့ လုကျန်းဟယ် ကို သတ်ဖြတ်ခဲ့တယ် ဆိုတာ က သဘောထား ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲ... ဘယ်လောက် အဖိုးအခ ပေးရပါစေ ကျန်းချဲ့ ကို ကာကွယ်ပေးမယ် လို့...
အတင်း သွားတိုက်ရင် အကျိုးဆက် တွေကို ဘယ်သူ တာဝန်ယူ မလဲ..."
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ခေါင်းတုံး ဘုန်းကြီး တွေကို ကျုပ် မယုံဘူး... ဒီတစ်ခေါက် ရှင်းရှင်းလင်းလင်း ပဲ သူတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း က ငါတို့ ဖူလုံကျောင်းတော် ကို အစိုးရ ရဲ့ ဖိအား တွေကို အတူတူ ခံခိုင်းချင်နေတာ... ဖူး... သူတို့ တွေးထားတာ တကယ် ကောင်းတာပဲ...
အရင်တုန်းက ငါတို့ နဲ့ အကျိုးအမြတ် လုတုန်းက ကျတော့ ဘာဖြစ်လို့ နည်းနည်းလေး မှ အလျော့မပေးခဲ့တာလဲ..."
ငြင်းခုံသံ များက အဆက်မပြတ် ထွက်ပေါ်နေပြီး လူကို စိတ်အနှောင့်အယှက် ဖြစ်စေပေသည်။
ရွှမ်ဟယ် တာအိုဆရာ ၏ အကြည့်များ က အသံတိတ် နေသော လီတောက်ဖျင် ဆီသို့ ရောက်ရှိသွားပြီး တိုးတိုးလေး မေးလိုက်သည်။
"တောက်ဖျင်... မင်း ဘယ်လို ထင်လဲ..."
"ကျွန်တော်..."
လီတောက်ဖျင် အနည်းငယ် ကြောင်သွားပြီး သူ့ဆီ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"အင်း... မင်း နဲ့ အဲဒီ ကျန်းချဲ့ နဲ့ တွေ့ဖူးတယ် မဟုတ်လား... သူ့ကို မင်း ဘယ်လို သတ်မှတ်လဲ..."
လီတောက်ဖျင် မျက်နှာပေါ်တွင် စဉ်းစားခန်း ဝင်သွားပြီး ထိုနေ့က လုမိသားစု ခြံဝင်း တွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည် တွေးတောကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ဒီလူ ရဲ့ စရိုက် က မောက်မာပြီး ရက်စက်တယ်... ရန်ငြိုး ရှိရင် မဖြစ်မနေ ပြန်ဆပ်တတ်တယ်... အစစအရာရာ ကို ကြည့်ရသလောက်... ကျန်းချဲ့ က ရက်စက်တယ် ဆိုပေမဲ့ လုမိသားစု နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ကိုပဲ ပစ်မှတ်ထားခဲ့တာ... တခြား လူတွေ သူ့ကို သွားမရန်စသရွေ့... အပြစ်မဲ့တဲ့ သူတွေကို လိုက်ပြီး အနိုင်ကျင့်မှာ မဟုတ်ဘူး...
အကယ်လို့ ဖူလုံကျောင်းတော် က ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်မယ် ဆိုရင်... နောက်ပိုင်း ကျန်းချဲ့ ရဲ့ ဖျက်ဆီးမှု ကို ခံရဖို့ ပြင်ဆင်ထားရမယ်... ဒါက တပည့် ရဲ့ အမြင် ပါပဲ..."
"ရယ်စရာပဲ... သူ က သေးနုပ်တဲ့ ယွမ်ဟိုင်အဆင့် ကျင့်ကြံမှု လေး နဲ့ ငါတို့ ဖူလုံကျောင်းတော် ကို လာဖျက်ဆီးမယ် ဟုတ်လား... သူ့ကို သတ္တိ ထပ်ပေးရင်တောင် သူ ရဲပါ့မလား... တောက်ဖျင်... သူများ ရဲ့ စွမ်းအား ကို အထင်ကြီးပြီး ကိုယ့် ရဲ့ အရှိန်အဝါ ကို အောက်ချ မနေပါနဲ့..."
ကျန်းချဲ့ကို တိုက်ခိုက်ရန် ထောက်ခံသော တာအိုဆရာ က အေးစက်စွာ ရယ်မောလိုက်သည်။
"အခု မနိုင်တာ က နောက်ပိုင်း လည်း မနိုင်ဘူး လို့ မဆိုလိုပါဘူး... ဒီလူ ရဲ့ တိုးတက်လာတဲ့ အရှိန်အဟုန် က အရမ်း မြန်လွန်းတယ်... ပါရမီ ကလည်း ကျွန်တော် နဲ့ ရိခုန်း ထက်တောင် သာလွန်တယ်... အချုပ်အားဖြင့် ဂိုဏ်း အနေနဲ့ လှုပ်ရှားမယ် ဆိုရင် သေချာ စဉ်းစားဖို့ လိုပါတယ်..."
လီတောက်ဖျင် က ဤအချက်ကို ကြိုတင် ခန့်မှန်းထားသကဲ့သို့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အကယ်လို့ မင်းသာ ဆိုရင် သူ့ကို တိုက်ခိုက်မလား..."
ရွှမ်ဟယ် တာအိုဆရာ က ဆက်မေးလိုက်သည်။
"မတိုက်ဘူး..."
လီတောက်ဖျင် ခေါင်းခါယမ်းလိုက်သည်။
"ကျန်းချဲ့ ရဲ့ ကလဲ့စားချေမှု ကို ကြောက်လို့လား..."
"အဲဒီလိုတော့ မဟုတ်ပါဘူး... အဓိက တပည့် ထင်တာက... ဖူလုံကျောင်းတော် နဲ့ သူ က အရင်ကတည်းက ရန်ငြိုး ရန်စ မရှိဘဲ ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်တဲ့ ရန်သူ ကို သွားပြီး ရန်စနေရမှာလဲ... တကယ်ကို မတန်ပါဘူး..."
"တောက်ဖျင်... အဲဒီ ကျန်းချဲ့ က ဆေးဘုရင်တောင်ကြား ကနေ အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း တစ်ပင် ကို အတင်းအဓမ္မ လုယူသွားတာနော်..."
တစ်ယောက်က မကျေမနပ် ဖြင့် ပြောလိုက်သည်။
"ထိုနေ့က လုမိသားစု ခြံဝင်း မှာ တောင်ကြားသခင် အိုကြီး က ကျန်းချဲ့ ကို ဝင်တိုက်ခဲ့တယ် လေ... အဲဒီနောက် ကျန်းချဲ့ က သူ့ကို အလွတ်ပေးခဲ့ပြီး နောက်ပိုင်း အလည်အပတ် လာပြီး ဝိညာဉ်ဂျင်ဆင်း တစ်ပင် တောင်းမယ် လို့ ပြောခဲ့တာ... ကျုပ် ထင်တာကတော့ အရမ်း ပုံမှန် ပါပဲ...
ဝမ်ဖျင်ကျီး က ဒီအချိန်မှာ လာပြီး ကုန်းတိုက်နေတာ... ငါတို့ သတိထားဖို့ လိုတယ်..."
"ခင်ဗျား က ကျန်းချဲ့ ကို ကြောက်ပြီး စိတ်ဓာတ်ကျ နေတာလား..."
"တောက်ဖျင် ပြောတာ လည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး..."
"ဟီးဟီး... ခင်ဗျား တို့ တကယ်ကို အမြင်ကျဉ်းလွန်းတယ်... အတူတူ တိုင်ပင်ဖို့ တောင် မတန်ဘူး..."
"အဲဒီ ခေါင်းတုံး ဘုန်းကြီး တွေက ခင်ဗျား ကို ဘာအကျိုးအမြတ် တွေ ပေးထားလို့ သူတို့ ဘက်က နေပြီး ဒီလောက်တောင် ပြောပေးနေရတာလဲ..."
လီတောက်ဖျင် စကားဆုံးသည်နှင့် ခန်းမဆောင် အတွင်းရှိ ငြင်းခုံသံ များ က ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ရွှမ်ဟယ် တာအိုဆရာ ၏ မျက်လုံးများ လှုပ်ရှားသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"တော်ကြတော့... အားလုံး က ဂိုဏ်း ထဲမှာ လေးစားရတဲ့ စီနီယာကြီး တွေ ချည်းပဲ... မျိုးဆက်သစ် တွေ ရှေ့မှာ ဒီလို ငြင်းခုံ နေကြတာ ဘယ်လို ပုံစံ မျိုး လဲ... ဒီကိစ္စ ကို လောလောဆယ် နှစ်ရက် လောက် ရွှေ့ဆိုင်းထားလိုက်... ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ တုံ့ပြန်မှု ကို အရင် ကြည့်ရအောင်..."
"ကျောင်းထိုင် ဆရာတော်... ဒီကိစ္စ က..."
တစ်ယောက်က မကျေမနပ် ဖြင့် ဆက်လက် ဖျောင်းဖျရန် ပြင်လိုက်သော်လည်း ရွှမ်ဟယ် တာအိုဆရာ ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ဒီနေ့ ဒီလောက်ပဲ... အားလုံး ထွက်သွားကြတော့..."
လီတောက်ဖျင် က ခါးကို ဆန့်ထုတ်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ခန်းမဆောင် အတွင်းမှ ပထမဆုံး ထွက်လာခဲ့သည်။ ဂိုဏ်း ၏ ဆုံးဖြတ်ချက် က ဘာပဲဖြစ်ဖြစ် သူ့အတွက် အများကြီး သက်ဆိုင်မှု မရှိပေ။ ယခု ကျန်းချဲ့ ထုတ်ဖော် ပြသထားသော စွမ်းအား ဖြင့် ဆိုလျှင်...
သူ့ကို ကျန်းချဲ့ နှင့် ထပ်ပြီး ယှဉ်ပြိုင်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား...
"စောစောက ဆွေးနွေးမှု တွေကို မင်း ကြားလိုက်လား..."
ခန်းမဆောင် အတွင်း လူများ အားလုံး ထွက်သွားပြီးနောက် ရွှမ်ဟယ် တာအိုဆရာ က ရုတ်တရက် သူ့ဘာသာသူ စကားပြောလိုက်သည်။
ဘေးတွင် အခြား လူ တစ်ယောက် ရှိနေသကဲ့သို့ ပင် ဖြစ်သည်။
ထင်သည့်အတိုင်းပင် သူ၏ စကားသံ အဆုံးတွင် ဘေးတံခါး မှနေ၍ အစိမ်းရောင် အဝတ်အစား ဝတ်ဆင်ထားသော ပုံရိပ် တစ်ခု ထွက်လာပြီး ရွှမ်ဟယ် တာအိုဆရာ ကို ပြုံးလျက် ကြည့်ကာ...
"ဒီလောက် ကျယ်နေတာ... မကြားချင်ရင်တောင် ခက်တယ်..."
ပြောရင်းဆိုရင်း အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က နေရာ တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး အားနာစရာ မလိုဘဲ သူ့ဘာသာ လက်ဖက်ရည် ငှဲ့သောက်လိုက်ကာ...
"ခင်ဗျား တို့ ဖူလုံကျောင်းတော် ရဲ့ ဝိညာဉ် လက်ဖက်ရည် က မဆိုးဘူးပဲ..."
"မင်းတို့ ချင်းထျန်း ဂိုဏ်း ကိုတော့ မမီလောက်ပါဘူး..."
ရွှမ်ဟယ် တာအိုဆရာ က အရှေ့ရှိ လူကို စူးစိုက်ကြည့်နေပေသည်။
"ဒါပေါ့..."
"ပြောစမ်း... မင်း ဒီတစ်ခေါက် လာတာ ဘာကိစ္စ လဲ..." ရွှမ်ဟယ် တာအိုဆရာ က သူ့ကို ခဏတာ စူးစိုက်ကြည့်ပြီးနောက် ဆက်မေးလိုက်သည်။
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်ကာ...
"ရွှမ်ဟယ်... ခင်ဗျား ရဲ့ သဘောထား ကို ဆင်ခြင်ပါ... မမေ့နဲ့နော်... အခု ခင်ဗျား က သန့်စင်သော ဂိုဏ်း ကို အကူအညီ တောင်းနေရတာ... သန့်စင်သော ဂိုဏ်း က ခင်ဗျား ကို အကူအညီ တောင်းနေတာ မဟုတ်ဘူး... ဘာလဲ... ခင်ဗျား ရဲ့ သား ကို နဂါးဟိန်း ခန္ဓာကိုယ် ရအောင် မကူညီပေးချင်တော့ဘူးလား..."
"ဒါက အရောင်းအဝယ် တစ်ခု သက်သက်ပါ... ငါ က မင်း ကို လုံလောက်တဲ့ ပစ္စည်း တွေ ပေးခဲ့ပြီးပြီလေ..."
"ခင်ဗျား က လုံလောက်တယ် ပြောတိုင်း လုံလောက်တာလား... ဟီးဟီး... အသိဉာဏ် မရှိလိုက်တာ..."
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က နှာခေါင်းရှုံ့လိုက်သည်။
"ဘာလဲ... မင်းတို့ ချင်းထျန်း ဂိုဏ်း က လူတွေ အားလုံး က ဒီလို ကတိမတည်တဲ့ သူတွေ ချည်းပဲလား..."
ရွှမ်ဟယ် တာအိုဆရာ ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပေါ်ရှိ ကြီးမားလှသော အရှိန်အဝါ တစ်ခု က မျက်စိတစ်မှိတ် အတွင်း ဖိနှိပ် ချလိုက်သည်။ သို့သော် ရှန်ကွမ်းအဆင့် သိုင်းသမား ၏ ကြီးမားလှသော အရှိန်အဝါ က အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား ၏ အရှေ့တွင် ဘာမှ အသုံးမဝင်သကဲ့သို့ ပင် ဖြစ်နေပေသည်။
"တာအို ဘာသာ က စိတ်နှလုံး တည်ငြိမ်မှုကို အဓိက ထားတယ် လို့ ပြောကြတယ်... ရွှမ်ဟယ်... ခင်ဗျား ရဲ့ စိတ်နှလုံး က မတည်ငြိမ်သေးဘူးပဲ..."
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က သူ့ကို ပြုံးစိစိဖြင့် ကြည့်နေပေသည်။
"ပြောစမ်း... မင်းတို့ ဘာတွေ လိုချင်သေးလို့လဲ... ဒါမှ အစီအရင် မြေပုံ ကို ပေးမှာလဲ..."
"အရမ်း ရိုးရှင်းပါတယ်... စောစောက ခင်ဗျား တို့ ဆွေးနွေး နေတာ နဲ့ အတူတူ ပါပဲ... ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ပူးပေါင်းပြီး အခုမှ ရောက်လာတဲ့ ထိုက်ဆန်း မြို့စောင့် တပ်မှူး ကျန်းချဲ့ ကို တိုက်ခိုက်ဖို့ပဲ..."
"မင်းတို့ ချင်းထျန်း ဂိုဏ်း နဲ့ ကျန်းချဲ့ နဲ့ ရန်ငြိုး ရှိလို့လား... မင်းတို့ ရဲ့ စွမ်းအား နဲ့ ငါတို့ ဖူလုံကျောင်းတော် ကို ဘာဖြစ်လို့ ခိုင်းနေရတာလဲ..." ရွှမ်ဟယ် တာအိုဆရာ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
"အဲဒီ ကောင်လေး က ငါတို့ ဂိုဏ်း က မွေးရာပါအဆင့် သံတမန် တစ်ယောက် ကို သတ်ခဲ့တယ် လေ... နည်းနည်းတော့ ရန်ငြိုး ရှိတယ် ပေါ့... ဒါပေမဲ့ ငါတို့ အလေးထားတာ က အဲဒါ မဟုတ်ဘူး..."
"ဒါဆို ဘာလဲ..."
"ပြဿနာ ကို ကြီးကျယ်အောင် လုပ်ဖို့ပဲ... ကျန်းချဲ့ သေတာ မသေတာ က အရေးမကြီးဘူး... အဓိက က ဒီတစ်ခေါက် ခင်ဗျား သား အတွက် နဂါးဟိန်း ခန္ဓာကိုယ် ရအောင် ကူညီပေးမယ့် အစီအရင် မြေပုံ ကို လိုချင်တယ် ဆိုရင် ပြဿနာ ကို ကြီးကျယ်အောင် လုပ်ပြီး ထိုက်အန်းဒေသ ရဲ့ သိုင်းလောက အင်အားစု တွေကို လှုံ့ဆော်ရမယ်..."
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က တစ်လုံးချင်း ပြောလိုက်သည်။
"မင်းတို့ က ပုန်ကန်မှု တွေ ထပ်ပြီး လုပ်ချင်နေပြန်ပြီလား..."
ရွှမ်ဟယ် တာအိုဆရာ မျက်နှာ ပြောင်းလဲသွားခဲ့သည်။
"ဒါက ခင်ဗျား နဲ့ ဘာမှ မဆိုင်ပါဘူး... အချုပ်အားဖြင့် ပြောရရင်... ဒီ အစီအရင် မြေပုံ ကို ခင်ဗျား လိုချင်လား... မလိုချင်ဘူးလား..."
"မရဘူး... ငါ ရွှမ်ဟယ် က ငါ့ သား အတွက် နဲ့ ဖူလုံကျောင်းတော် ရဲ့ နှစ်ရာချီ သက်တမ်း ရှိတဲ့ အခြေခံ အုတ်မြစ် ကြီး ကို ဖျက်ဆီး မပစ်နိုင်ဘူး... အကယ်လို့ ပုန်ကန်လိုက်မယ် ဆိုရင် ဖူလုံကျောင်းတော် သေချာပေါက် ပျက်စီးသွားမှာပဲ..." ရွှမ်ဟယ် တာအိုဆရာ က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူ၏ အဓိပ္ပာယ် က လီတောက်ဖျင် နှင့် အတူတူ ပင် ဖြစ်ပြီး ဤကိစ္စတွင် မပါဝင်ချင်ပေ။
တောင်ပေါ်မှာ ထိုင်ပြီး ကျား နှစ်ကောင် ကိုက်နေတာကို ကြည့်တာကမှ အကောင်းဆုံး နည်းလမ်း ပဲ...
"စကားပြောတာ က တကယ်ကို အထက်စီး ဆန်တာပဲ... တခြား သူတွေ မသိရင် ခင်ဗျား ရွှမ်ဟယ် တာအိုဆရာ က တကယ့် လူကောင်း ကြီး လို့ ထင်သွားကြလိမ့်မယ်... ခင်ဗျား သာ ဖူလုံကျောင်းတော် အတွက် တကယ် တွေးပေးတယ် ဆိုရင်... ဖူလုံကျောင်းတော် က နှစ်တစ်ရာ လုံးလုံး ပြုစုပျိုးထောင်ထားတဲ့ မြေနဂါး စွမ်းအင် ကို ခင်ဗျား သား အတွက် ဘာဖြစ်လို့ သုံးချင်နေရတာလဲ...
အဲဒီ လီတောက်ဖျင် ရဲ့ ပါရမီ က မဆိုးပါဘူး... အဲဒီ မြေနဂါး စွမ်းအင် နဲ့ ဆိုရင် သူ က အသင့်တော်ဆုံး သူပဲ..."
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က ရွှမ်ဟယ် ကို ပြုံးစိစိဖြင့် ကြည့်လိုက်ပြီး သူ၏ ဟန်ဆောင်မှု များကို ဖောက်ထွင်း သိမြင်နေသကဲ့သို့ ပင် ဖြစ်သည်။
ရွှမ်ဟယ် မှာမူ ယခုအခါ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး...
"မင်း က မြေနဂါး စွမ်းအင် အကြောင်း ကို ဘယ်လို လုပ် သိနေတာလဲ..."
"လူတွေ မသိစေချင်ရင် ကိုယ်တိုင် မလုပ်နဲ့လေ... ရွှမ်ဟယ်... ခင်ဗျား မှာ ကိုယ်ကျိုး လိုချင်စိတ် ရှိနေပြီးသားပဲ... ဘာဖြစ်လို့ ဟန်ဆောင် နေရသေးတာလဲ... စိတ်ချပါ... ငါ က ခင်ဗျား တို့ ဖူလုံကျောင်းတော် ကို ပုန်ကန်ဖို့ အတင်းအကျပ် မတောင်းဆိုပါဘူး...
ထိုက်အန်းဒေသ ကို ခဏလောက် ဆူပူအောင် လုပ်ပေးရုံ သက်သက်ပါ..."
အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း..."
ရွှမ်ဟယ် တာအိုဆရာ ၏ မျက်နှာ က အစိမ်း တစ်လှည့်၊ အဖြူ တစ်လှည့် ပြောင်းလဲသွားပြီး မျက်နှာထား က အုံ့မှိုင်းနေပေသည်။
"ဒါက အစီအရင် မြေပုံ ရဲ့ တစ်ဝက် ပဲ... ထိုက်အန်းဒေသ ဆူပူ အုံကြွလာတဲ့ အခါကျရင် ကျန်တဲ့ တစ်ဝက် ကို ငါ ထပ်ပေးမယ်... သဘောတူ မတူ ကတော့ ခင်ဗျား သဘောပဲ... ဒါပေမဲ့ ငါ ခင်ဗျား ကို သတိပေးချင်တာက... ဒီအစီအရင် ကို စတင် ပြင်ဆင်လိုက်ပြီ ဆိုတာနဲ့ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူး ဆိုတာပဲ..."
ပြောရင်းဆိုရင်း အစိမ်းရောင် ဝတ်စုံရှင် အမျိုးသား က သူ၏ လက်ထဲရှိ ကျောက်စိမ်းပြား တစ်ခုကို ရွှမ်ဟယ် တာအိုဆရာ ဆီသို့ ပစ်ပေးလိုက်သည်။
အစီအရင် မြေပုံ တစ်ဝက်ကို ကိုင်ထားရင်း ရွှမ်ဟယ် တာအိုဆရာ ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ဖြစ်ပေါ်နေပေသည်။
"ဒါနဲ့... ခင်ဗျား ကို ပြောပြစရာ ကိစ္စ တစ်ခု ရှိသေးတယ်..."
"ဘာလဲ..."
"ငါတို့ သန့်စင်သော ဂိုဏ်း က ကောင်းကင် လင်းယုန် တရားစောင့် က ပြောတယ်... ခင်ဗျား ရဲ့ သား သာ နဂါးဟိန်း ခန္ဓာကိုယ် ကို အောင်မြင်အောင် ကျင့်ကြံနိုင်မယ် ဆိုရင်... ငါတို့ သန့်စင်သော ဂိုဏ်း ရဲ့ ခရမ်းရောင် နဂါး ကျောင်းဆောင် ရဲ့ သန့်စင်သော သားတော် ဖြစ်လာနိုင်တယ် တဲ့... ခရမ်းရောင် နဂါး တရားစောင့် ရဲ့ တိုက်ရိုက် တပည့် လည်း ဖြစ်လာနိုင်တယ်...
ငါတို့ သန့်စင်သော ဂိုဏ်း ရဲ့ သန့်ရှင်းတဲ့ ကျင့်စဉ် ကို ကျင့်ကြံခွင့် ရပြီး... အနာဂတ် မှာ ရွှမ်တန်အဆင့် ကို အောင်မြင် ဖို့ ဆိုတာ လုံးဝ ပြဿနာ မရှိတော့ဘူး... ပိုမြင့်တဲ့ အဆင့် တွေကိုတောင် မျှော်မှန်းနိုင်သေးတယ်... ဘယ်လို စဉ်းစားမလဲ ဆိုတာ ကတော့ ခင်ဗျား သဘောပါပဲ... ဟီးဟီးဟီး…”