အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) တံခါးဝ လာရောက် တောင်းဆိုခြင်း...
'စစ်မှန်တဲ့ နဂါး စွမ်းအင်၊ နဂါးကြော စွမ်းအင်...'
ကျန်းချဲ့ ရင်ထဲတွင် အပြောရခက်အောင် ဖြစ်သွားခဲ့သည်။ ဤကဲ့သို့သော ရတနာ မျိုးကို ယခု လက်ရှိ သူ့အနေဖြင့် ဘယ်လို လုပ် ရယူနိုင်မည်နည်း။
နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် မြေနဂါး စွမ်းအင် က ပို၍ လွယ်ကူနိုင်သေးသည်။
သို့သော် ဤအရာကို ဘယ်နေရာ သွားရှာရမလဲ ဆိုတာပဲ...
သိုင်းပညာ မစတင်ခင် က နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် တွင် ဤမျှလောက် ထူးခြားသော အစွမ်းအစများ ရှိနေပြီး ကျင့်ကြံနေစဉ် အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် လျှို့ဝှက် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ကျန်းချဲ့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
'ပါရမီရှင် မဟုတ်ရင်တောင် ခန္ဓာကိုယ် အသွင်ပြောင်းသွားပြီးရင် ပါရမီရှင် ဖြစ်သွားပြီပဲ...'
'ဒါက ထိပ်တန်း ကျင့်စဉ် တွေ ရဲ့ အစွမ်းအစ ပဲ ဖြစ်မယ်... လိုအပ်ချက် က ပိုမြင့်မားပေမဲ့ ရရှိမယ့် အကျိုးအမြတ် ကလည်း ပိုပြီး ကြီးမားမှာ သေချာတယ်။'
"ဒီကိစ္စ ကို ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... စီနီယာကြီးချန်..."
မည်သို့ပင် ဆိုစေကာမူ ချန်ရှန်တုန်း ၏ ပွင့်လင်းမှု က ကျန်းချဲ့ ကို အသက်ရှူပေါက် ပိုရသွားစေခဲ့ပြီး မြေနဂါး စွမ်းအင် ကို ရှာဖွေရန် အချိန် အနည်းငယ် ပိုရသွားစေခဲ့သည်။ အကယ်၍ ယဇ်ပူဇော်မည့် အချိန် ရောက်မှ ဤကိစ္စကို သိရှိရမည် ဆိုပါက...
သူ၏ ကျင့်ကြံမှု တိုးတက်ရေး အရှိန်အဟုန် က တကယ်ကို နှောင့်နှေးသွားနိုင်ပေသည်။
"နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် က ပျောက်ဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... အမှန်တိုင်း ပြောရရင် ကျုပ် လည်း မင်း ရဲ့ ကိုယ်ပေါ်ကနေ တစ်ဆင့် နောင်တစ်ချိန် မှာ ကျန်းဟိုင် ကျင့်စဉ် ကို သုံးပြီး လောက တစ်ခွင် မှာ ကြီးမားတဲ့ အောင်မြင်မှု တွေ ရလာတဲ့ နေ့ ကို မြင်တွေ့ချင်တယ်..."
ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် ယခင် ကျန်းဟိုင်ဂိုဏ်း မှ အင်အားကြီးသူများ ၏ ပုံရိပ် များကို သူ မြင်တွေ့နေရပေသည်။
ထို့ကြောင့်လည်း မိတ်ဆွေဖွဲ့ရန် ဆန္ဒ ရှိနေခြင်း ပင် ဖြစ်သည်။
"အဲဒီနေ့ ရောက်လာမှာပါ..."
ကျန်းချဲ့ က ဤကိစ္စ အတွက် အလွန် ယုံကြည်ချက် ရှိနေပေသည်။
မြေနဂါး စွမ်းအင် ၏ လျှို့ဝှက်ချက် ကို သိရှိပြီးနောက် ကျန်းချဲ့ က စကားလမ်းကြောင်း လွှဲကာ အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်း အကြောင်းကို မေးမြန်းလိုက်ပြီး ထိုက်အန်းဒေသ အတွင်းတွင် မည်သူ့ ထံ၌ ဤအရာ ရှိနိုင်သလဲ ဆိုသည်ကို စုံစမ်းလိုက်သည်။
"အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်း..."
ချန်ရှန်တုန်း မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။ ဤပစ္စည်း က ရတနာ ဆေးပင် တစ်ပင် ဖြစ်လာဖို့ ခြေတစ်လှမ်း သာ လိုတော့ပြီး ရွှမ်တန်အဆင့် သိုင်းဆရာကြီး များပင် လိုချင်တပ်မက်မည့် အရာ ဖြစ်ရာ ကျန်းချဲ့ က ဘာလုပ်ဖို့ လိုချင်နေရတာလဲ...
သူ ၏ ရင်ထဲရှိ မေးခွန်း ကို ထုတ်ဖော် မေးမြန်းလိုက်သည်။
ကျန်းချဲ့ ကလည်း သေချာပေါက် အမှန်အတိုင်း ပြောပြမည် မဟုတ်ရာ ယခင်က ဝမ်နျန်ကွေ့ ကို လိမ်ညာခဲ့သော အကြောင်းပြချက် ကို ထပ်မံ အသုံးပြုလိုက်သည်။
"စီနီယာကြီးချန် ကို မဖုံးကွယ်ပါဘူး... တပ်မှူးချုပ်ချီ က ကျုပ် ကို ယွင်ပြည်နယ် မြောက်ပိုင်း က ချီမိသားစု ပင်မမျိုးနွယ် က သခင်မလေး တစ်ယောက် နဲ့ စေ့စပ်ပေးမလို့ လုပ်နေတယ်... ဒါကြောင့် ကျုပ် က တန်ဖိုးကြီးတဲ့ ပစ္စည်း တွေ များများ ရှာပြီး တင်တောင်းဖို့ ပြင်ဆင်နေတာပါ..."
အမှန်တကယ်တော့ သူ၏ ဤစကားက အလိမ်အညာ ကြီး သက်သက်တော့ မဟုတ်ပေ။ ချီဆန်းကျား က ဤကိစ္စကို အောင်မြင်အောင် ကူညီပေးရန် ရည်ရွယ်နေပြီ ဖြစ်ရာ သူ က သဘောတူလိုက်သည်နှင့် စေ့စပ်ရေး ကိစ္စက ဘာပြဿနာ မှ ရှိတော့မည် မဟုတ်ပေ။
အကယ်၍ တကယ်တမ်း လက်ထပ်ရမည့် နေ့ ရောက်လာလျှင်လည်း သူ က လုံလောက်သော တန်ဖိုးရှိသည့် မင်္ဂလာ လက်ဖွဲ့ ပစ္စည်းများကို သေချာပေါက် ထုတ်ပေးရမည် ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူ က သတို့သမီး သွားတောင်းတာလေ... မိန်းမ အိမ်ကို အပိုင် သွားနေမှာ မှ မဟုတ်တာ...
မျက်နှာပန်း လှဖို့တော့ လိုအပ်တယ် မဟုတ်လား...
ထင်သည့်အတိုင်းပင် ကျန်းချဲ့ က ချီမိသားစု ပင်မမျိုးနွယ် မှ သခင်မလေး ကို လက်ထပ်မည် ဆိုသည့် သတင်းကို ကြားသောအခါ ချန်ရှန်တုန်း ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့သော်လည်း ချက်ချင်းပင် ထိုခံစားချက် ကို ဖိနှိပ်ထားလိုက်သည်။
ကျန်းချဲ့ ထုတ်ဖော် ပြသထားသော ပါရမီ ဖြင့် ဆိုလျှင် အင်အားကြီး အဖွဲ့အစည်း များ၏ သဘောကျမှုကို ရရှိခြင်းက အလွန် ပုံမှန် ပင် ဖြစ်သည်။
အထူးသဖြင့် ချီမိသားစု ကဲ့သို့သော နှစ်ထောင်ချီ သက်တမ်း ရှိသည့် မိသားစုများ က ယနေ့တိုင် တည်တံ့ ခိုင်မြဲနေပြီး ခေတ်အဆက်ဆက် အင်အားကြီးသူများ ထွက်ပေါ်လာနိုင်ခြင်း က မိသားစု၏ အခြေခံ အုတ်မြစ် ခိုင်မာရုံသာမက သိုင်းပညာ ပါရမီရှင် များကို အဆက်မပြတ် စည်းရုံး သိမ်းသွင်းနေသောကြောင့် ပင် ဖြစ်သည်။
ဤသို့ဖြင့် မိသားစု အဆက်ဆက် တည်တံ့မှုကို အာမခံနိုင်ခြင်း ပင် ဖြစ်သည်။
သူ၏ ရင်ထဲတွင် အနည်းငယ် ချီးကျူးမိသွားသည်။
ဤချီဆန်းကျား က တကယ်ကို မျက်စိရှင် လွန်းလှပေသည်။ ဤမျှ မြန်မြန်ဆန်ဆန် ပင် ကျန်းချဲ့ ကို ချီမိသားစု ၏ အဖွဲ့ အစည်း အတွင်းသို့ လုံးဝ ဆွဲသွင်းရန် ပြင်ဆင်နေပြီ ပင် ဖြစ်သည်။
အကယ်၍ မြောက်ပိုင်း ချီမိသားစု ၏ ကျောထောက်နောက်ခံ သာ ရှိနေမည် ဆိုပါက ကျန်းချဲ့ ၏ နောက်ကွယ်တွင် ကြီးမားသော တောင်ကြီး တစ်တောင် ရှိနေသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး ချီမိသားစု က အနောက်တောင် ပြည်နယ်များတွင် အမြစ်တွယ်နေကာ အရှိန်အဝါ အလွန် ကြီးမားလှပေသည်။
ကျန်းချဲ့ နောက်ပိုင်းတွင် စိတ်ကြိုက် သွားလာခွင့် မရှိလျှင်တောင် သာမန် လူများ အနေဖြင့် သူ့ကို အန္တရာယ် ပေးချင်ပါက သေချာပေါက် ချိန်ဆရတော့မည် ပင် ဖြစ်သည်။
"ထိုက်အန်း သိုင်းလောက တစ်ခုလုံး မှာ အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်း လိုမျိုး အဆင့်မြင့် ဝိညာဉ် ဆေးပင် မျိုး ပိုင်ဆိုင်နိုင်တဲ့ အင်အားစု တွေ က သုံးခု ပဲ ရှိတယ်..."
ချန်ရှန်တုန်း အချိန်အနည်းငယ် စဉ်းစားပြီးနောက် လက်သုံးချောင်း ကို ထောင်ပြလိုက်သည်။
"ဘယ် သုံးခု လဲ..."
"ကျင်းယွမ် ဘုန်းကြီးကျောင်း၊ ဖူလုံကျောင်းတော် နဲ့ ဆေးဘုရင်တောင်ကြား..."
"ဘယ်လို အခြေအနေ လဲ..."
ချန်ရှန်တုန်း က သက်ပြင်းချကာ ပြောလိုက်သည်။
"အဆင့်မြင့် ဝိညာဉ် ဆေးပင် တွေ ဆိုတာ ရဖို့ အရမ်း ခက်ခဲပြီး စွမ်းအား မရှိရင်လည်း ထိန်းသိမ်းထားဖို့ ခက်ခဲတယ်... ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် က ထိုက်အန်းဒေသ ရဲ့ သိုင်းလောက အရှင်သခင် တွေ ဖြစ်တဲ့ အလျောက် သူတို့ ဂိုဏ်း တွေ ထဲမှာ ရွှမ်တန်အဆင့် သိုင်းဆရာကြီး တွေ ရှိနေနိုင်ချေ အရမ်း များတယ်...
ဒီလို အင်အားကြီးတဲ့ သူ တွေ က အဆင့်မြင့် ဝိညာဉ် ဆေးပင် တွေကို ပိုင်ဆိုင်ဖို့ အရည်အချင်း ရှိသလို တခြား အင်အားစု တွေ နဲ့ လဲလှယ်ဖို့ လည်း စွမ်းအား နဲ့ အဆက်အသွယ် ရှိကြတယ်... မင်း နောက်ပိုင်း သွားတိုက်မယ် ဆိုရင် သေချာ စုံစမ်းဖို့ လိုတယ်...
မဟုတ်ရင် ငါတို့ အတူတူ ပူးပေါင်း တိုက်ခိုက်ရင်တောင် ဘာအကျိုးအမြတ် မှ ရမှာ မဟုတ်ဘူး..."
ကျင်းယွမ် ဘုန်းကြီးကျောင်း အတွင်းတွင် ရွှမ်တန်အဆင့် အင်အားကြီးသူ ရှိနေကြောင်းကို ကျန်းချဲ့ သိရှိထားပြီး ဖြစ်သလို ၎င်းနှင့် တန်းတူ ဖြစ်သော ဖူလုံကျောင်းတော် တွင်လည်း ထိုအဆင့် ရှိသော အင်အားကြီးသူ သေချာပေါက် ရှိနေမည် ပင် ဖြစ်သည်။
ဒါပေမဲ့ ဆေးဘုရင်တောင်ကြား က ဘာအခြေအနေ လဲ...
"ဆေးဘုရင်တောင်ကြား က ကျုပ် သိရသလောက် ဆိုရင် သက်တမ်း က သုံးလေးရာ လောက်ပဲ ရှိသေးတာ... ဘယ်လို လုပ် နှစ်ကိုးရာ သက်တမ်း ရှိတဲ့ အဆင့်မြင့် ဝိညာဉ် ဆေးပင် ကို ပိုင်ဆိုင်နိုင်မှာလဲ..." ကျန်းချဲ့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဤကိစ္စကို သူ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေပေသည်။
ချန်ရှန်တုန်း မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာပြီး...
"ဝိညာဉ် ဆေးပင် တွေ ရဲ့ သက်တမ်း က အချိန်တွေ ကုန်ဆုံးသွားတာ နဲ့ အမျှ တိုးတက်လာတာချည်းပဲ မဟုတ်ဘူး လေ... လျှို့ဝှက် နည်းလမ်း တွေ နဲ့ တခြား အရင်းအမြစ် တွေကို သုံးပြီး မြန်မြန် ကြီးထွားအောင် လုပ်မယ် ဆိုရင် ဆေးသက်တမ်း ကို အများကြီး တိုးတက်စေနိုင်တယ်... ကျုပ် သိရသလောက်...
လွန်ခဲ့တဲ့ ဆယ်နှစ် တုန်းက ဆေးဘုရင်တောင်ကြား က ဖူလုံကျောင်းတော် ကို နှစ်ခုနစ်ရာ သက်တမ်း ရှိတဲ့ ဝိညာဉ် ဆေးပင် တစ်ပင် ကို ဆက်သခဲ့ဖူးတယ်... ဒီပစ္စည်း ကိုတောင် ဆက်သနိုင်တာ ဆိုတော့ ဆေးဘုရင်တောင်ကြား ထဲမှာ ပိုပြီး တန်ဖိုးကြီး တဲ့ ပစ္စည်း တွေ ရှိနေဦးမယ် လို့ ကျုပ် ယုံကြည်တယ်..."
ကျန်းချဲ့ ခေါင်းညိတ်လိုက်သည်။ ဆေးသက်တမ်း ကို တိုးစေနိုင်သော လျှို့ဝှက် နည်းလမ်းများကို သူ ကြားဖူးထားသော်လည်း နှစ်ခုနစ်ရာ သက်တမ်း ရှိသော ဝိညာဉ် ဆေးပင် အကြောင်းကိုတော့ ပထမဆုံး အကြိမ် ကြားဖူးခြင်း ပင် ဖြစ်သည်။ ကြည့်ရတာ ဆေးဘုရင်တောင်ကြား နှင့် သူ၏ အကြားတွင် လုံးဝ ကျေးဇူးကြွေး တွေ ရှင်းသွားပြီ လို့ ပြောလို့ မရသေးဘူးပဲ...
ချန်ရှန်တုန်း နှင့် စကားပြောဆို ခဲ့ရခြင်းက ကျန်းချဲ့ကို အများကြီး အကျိုး ရှိစေခဲ့ပြီး အရှေ့ပင်လယ် ဘက်ရှိ အကြောင်းအရာ အချို့ကိုလည်း သူ မေးမြန်းခဲ့သည်။ အချိန် တန်သောအခါ ချန်ရှန်တုန်း က ကျန်းချဲ့ ကို ဧည့်ခံ ကျွေးမွေးခဲ့သည်။
သူတို့ နှစ်ယောက် စကားပြောဆို ရာတွင် ပိုမို ရင်းနှီးလာခဲ့သည်။
ပြန်လည် ထွက်ခွာမည့် အချိန်တွင် ကျန်းချဲ့ က ချန်ရှန်တုန်း ၏ လိုက်ပို့မှုကို ငြင်းပယ်ခဲ့ပြီး ကျူးရွှီ ကိုသာ လိုက်ပို့ရန် အမည်တပ် ခေါ်ဆိုခဲ့သည်။
တောင်တံခါး အရှေ့တွင် ကျန်းချဲ့ က အဝေးသို့ ငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"မွေးရာပါ ဝိညာဉ် စွမ်းအင် ကိစ္စ ကို မင်း သိပြီ မဟုတ်လား..."
ကျူးရွှီ က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။ စောစောကတင် ဂိုဏ်း အတွင်းရှိ အကြီးအကဲ တစ်ယောက် က သူ့ကို ကိုယ်တိုင် လာရှာပြီး ဂိုဏ်းချုပ် က သူ အဆင့်တက်ဖို့ အတွက် မွေးရာပါ ဝိညာဉ် စွမ်းအင် တစ်ခု ကို အထူး ခွင့်ပြုချက် ပေးလိုက်ကြောင်း ပြောဆိုခဲ့သည်။
အစပိုင်းတွင် သူ အနည်းငယ် ကြောင်သွားသော်လည်း နောက်ပိုင်းတွင် ကျန်းချဲ့ ယခင်က ပေးခဲ့သော ကတိကို ချက်ချင်း သတိရသွားခဲ့သည်။
ဤကိစ္စ က ကျန်းချဲ့ နှင့် သေချာပေါက် သက်ဆိုင်နေမည် ပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်... တပ်မှူးကြီး..."
"နောက်ပိုင်း ကျင့်ကြံရေး ကို သေချာ ကြိုးစား... မွေးရာပါအဆင့် ကို မြန်မြန် ရောက်အောင် လုပ်..."
ကျူးရွှီ က ခေါင်းညိတ်လိုက်ပြီး...
"ကျွန်တော် ချက်ချင်း အဆင့်တက်ဖို့ အတွက် တံခါးပိတ် ကျင့်ကြံတော့မလို့... ဒီရက်ပိုင်း အတွင်း မှာတော့ ကျွန်တော့် မိခင် နဲ့ ချင်ချင် ကို တပ်မှူးကြီး အနေနဲ့ သေချာ ဂရုစိုက်ပေးပါ..."
ကျန်းချဲ့ မျက်လုံးများ မှေးကျဉ်းသွားပြီး ရင်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။
'ဒီကောင်လေး ကျူးရွှီ က ငါ နဲ့ သခင်မကြီးကျူး အကြား က ဆက်ဆံရေး ကို ရိပ်မိနေပြီများလား...'
ထိုက်ဆန်းမြို့... မြို့တော်ဝန်ရုံး...
ကျန်းချဲ့ က ရိခုန်း ဘုန်းကြီး ထံသို့ သတင်း ပို့ရန် နည်းလမ်း ရှာပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း ထဲမှ ဗာဂျရာ ဓာတ်တော် တစ်ဆူကို ခိုးထုတ်လာရန် ခိုင်းမလို့ လုပ်နေစဉ်မှာပင် ကန်းတာပြောင် က စိုးရိမ်တကြီး ဖြင့် ပြေးဝင်လာခဲ့သည်။
"တာပြောင်... ဘာဖြစ်လို့ ဒီလောက် လောနေရတာလဲ..."
"တပ်မှူးကြီး... ကျင်းယွမ် ဘုန်းကြီးကျောင်း က ခေါင်းတုံး ဘုန်းကြီး တွေ နဲ့ ဖူလုံကျောင်းတော် က လူတွေ ရောက်နေပြီ... ကြည့်ရတာ ရန်လာရှာတဲ့ ပုံစံ ပဲ... လက်အောက်ငယ်သား က စစ်သည် တွေ အားလုံး ကို စုစည်းပြီး မြို့ပြင် မှာ စောင့်ခိုင်းထားပါတယ်...
တပ်မှူးကြီး ရဲ့ အမိန့်ကို အချိန်မရွေး နာခံဖို့ အဆင်သင့် ပါပဲ..."
"တပ်မှူးချုပ်ချီ ကော..."
ဤနေ့ ရောက်လာမည်ကို ကျန်းချဲ့ စောစောကတည်းက မျှော်လင့်ထားပြီး ဖြစ်ရာ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
"အစ်ကိုတန် က သတင်း သွားပို့နေပါပြီ..."
"သွား... ဒီခေါင်းတုံး ဘုန်းကြီး တွေ နဲ့ မိစ္ဆာ တာအို တွေ ဘာလုပ်ချင်နေလဲ ဆိုတာ သွားကြည့်ရအောင်..."
ကျန်းချဲ့ က အေးစက်စက် နှာမှုတ်လိုက်ပြီး ချက်ချင်း မတ်တပ် ထရပ်လိုက်သည်။
ထိုအချိန်တွင်...
ထိုက်ဆန်းမြို့ အပြင်ဘက်၌...
သိုင်းလောက မှ သိုင်းသမား များ နှင့် ပွဲကြည့်နေကြသော ပြည်သူ များ က အများအပြား စုစည်းနေကြပြီး မြောက်ဘက် မြို့တံခါးဝ ကို ပိတ်ဆို့လုနီးပါး ဖြစ်နေကာ လူအုပ်ကြီး ၏ အရှေ့တွင်မူ ပုံရိပ် ဆယ်ခုကျော် က မတ်တပ် ရပ်နေကြပေသည်။
ဘုန်းကြီးများ ပါသလို တာအိုဆရာ များလည်း ပါဝင်ပေသည်။
အားလုံး က အေးစက်ပြီး လေးနက်သော မျက်နှာထားများ ရှိနေကြသည်။
ကိုယ့် သား အတွက် နောက်ပိုင်း လျှို့ဝှက် ခန္ဓာကိုယ် ကို ကျင့်ကြံ အောင်မြင်စေရန် အတွက် ရွှမ်ဟယ် တာအိုဆရာ က ချင်းထျန်း ဂိုဏ်း၏ အခြေအနေ များကို နောက်ဆုံးတွင် သဘောတူလိုက်ပြီး ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် အတူ ထိုက်အန်းဒေသ တွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ပင် ဖြစ်သည်။
သို့သော် သူ နှင့် ဝမ်ချန် ဆရာတော် တို့ မထင်မှတ်ထားသည်မှာ ဝမ်ရှိုခြံဝင်း နှင့် ကျန်းဟိုင်ဂိုဏ်း တို့က ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့၏ အမိန့်ကို အကြောင်းပြချက် မျိုးစုံ ပြကာ ငြင်းပယ်ခဲ့ပြီး ဤကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ပြသခဲ့ခြင်း ပင် ဖြစ်သည်။
ဤကိစ္စ က ရွှမ်ဟယ် တာအိုဆရာ နှင့် ဝမ်ချန် ဆရာတော် ကို အလွန် ဒေါသထွက်သွားစေခဲ့သည်။
ဝမ်ရှိုခြံဝင်း က အမြဲတမ်း ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ လက်အောက်ခံ ဖြစ်ခဲ့ပြီး အမြဲတမ်း အမိန့် နာခံလေ့ ရှိသည်။ လုမိသားစု ခြံဝင်း တိုက်ပွဲတွင် ဝမ်ဖန်ယွင်၏ ပြောဆို လုပ်ကိုင်မှု များကို အပြစ်မယူတော့ကြောင်း သူ ရှင်းလင်းစွာ ပြောထားပြီး ဖြစ်သော်လည်း...
ဝမ်နျန်ကွေ့ က ဖျားနာနေသည်ဟု အကြောင်းပြကာ ငြင်းဆန်ခဲ့သည်။
ကျန်းဟိုင်ဂိုဏ်း၏ သဘောထား ကတော့ ပို၍ပင် တင်းမာနေပြီး သတင်း လာပို့သော ဖူလုံကျောင်းတော်၏ တပည့် ကို တိုက်ရိုက်ပင် ပြောလိုက်သည်မှာ ကျန်းဟိုင်ဂိုဏ်း အနေဖြင့် ပုန်ကန်ရန် ရည်ရွယ်ချက် မရှိဘဲ ဂိုဏ်း ကို အေးချမ်းစွာ ဆက်လက် တည်တံ့စေချင်ရုံ သက်သက် ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း ပင် ဖြစ်သည်။
ဤသည်က ယနေ့မှ စတင်၍ ကျန်းဟိုင်ဂိုဏ်း သည် ဖူလုံကျောင်းတော်၏ အုပ်ချုပ်မှု အောက်မှ ခွဲထွက်မည်ဟု ပြောဆိုလိုက်ခြင်း နှင့် အတူတူ ပင် ဖြစ်သည်။
အကယ်၍ ယခုအခါ ကျန်းချဲ့ နှင့် ပတ်သက်သော ကိစ္စများက မြား လေးပေါ် ရောက်နေပြီး မပစ်လို့ မရသော အခြေအနေ ဖြစ်မနေပါက ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့ အနေဖြင့် အာဏာ ပြသရန် အတွက် ဤအင်အားစု နှစ်ခုလုံး ကို သေချာပေါက် တိုက်ခိုက်မည် ပင် ဖြစ်သည်။
ထိပ်တန်း အင်အားစု ကြီး နှစ်ခု ၏ ပါဝင်ပတ်သက်မှု မရှိသောအခါ ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် အပြင် ဆေးဘုရင်တောင်ကြား တို့ ပေါင်းစပ်ထားမှု က အပြင်ပန်းတွင် အရှိန်အဝါ ကြီးမားပုံ ရသော်လည်း သူတို့ လိုချင်သော အတိုင်းအတာ သို့တော့ မရောက်ရှိခဲ့ပေ။
"ကြည့်ရတာ ချန်ရှန်တုန်း နဲ့ ဝမ်နျန်ကွေ့ တို့က ကျန်းချဲ့ နဲ့ သဘောတူညီချက် တစ်ခုခု ရထားပြီ ထင်တယ်... ဟွန့်... သိုင်းလောက ကို သစ္စာဖောက်ပြီး အစိုးရ ဘက် ပါသွားတယ် ပေါ့... ဒီနေ့ နောက်ပိုင်း ဘာပဲဖြစ်ဖြစ် ဝမ်ရှိုခြံဝင်း နဲ့ ကျန်းဟိုင်ဂိုဏ်း ကို ဆက်ပြီး သည်းခံလို့ မရတော့ဘူး..."
ဖူလုံကျောင်းတော် မှ အလွန် ခေါင်းမာသော အကြီးအကဲ တစ်ယောက် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
'အမိန့် မနာခံဘူး... ပြတ်ပြတ်သားသား ငြင်းဆန်တယ်... ဒါ က ရှင်းရှင်းလင်းလင်း ပဲ ထိန်းချုပ်မှု အောက်ကနေ ခွဲထွက်သွားတာပဲ... အကယ်လို့ လက်စား မချေဘူး ဆိုရင် ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် တို့ ရဲ့ သိုင်းလောက အရှင်သခင် နေရာ လည်း ခိုင်မြဲနိုင်တော့မှာ မဟုတ်ဘူး...'
ဝမ်ချန် ဆရာတော် မျက်မှောင် တင်းကျပ်စွာ ကြုတ်သွားခဲ့ပြီး ယနေ့ ကိစ္စ က သူ အရင်က စဉ်းစားထားသည်များနှင့် လုံးဝ မတူညီတော့ပေ။
သူ နားမလည်နိုင်သည်မှာ ကျန်းချဲ့ က သတင်း ကို ကြိုတင် သိရှိခဲ့ခြင်းလား... သို့မဟုတ် ယခု တုံ့ပြန်မှု များကို ကြိုတင် ခန့်မှန်းထားနိုင်ခဲ့ခြင်း လား... အကယ်၍ ပထမ အချက် ဆိုလျှင် ဖူလုံကျောင်းတော် နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ အလယ်အလတ် သို့မဟုတ် အထက်တန်း အလွှာ တွင် ပြဿနာ ရှိနေပြီ ပင် ဖြစ်သည်။
အကယ်၍ ဒုတိယ အချက် ဆိုလျှင်တော့ ဤကျန်းချဲ့ ဆိုသူ၏ အမြော်အမြင် ကြီးမားမှု က တကယ်ကို အံ့မခန်း ပင် ဖြစ်သည်။
သူ က သည်းခံမှုကို ပြသထားပြီး ဖြစ်သော်လည်း ကျန်းချဲ့ ၏ တိတ်တဆိတ် ထောင်ချောက် ဆင်မှုကို ခံလိုက်ရသည်။
ဝမ်ဖျင်ကျီး က လူအချို့၏ နောက်ကွယ်တွင် ပုန်းနေပြီး မျက်မှောင် တင်းကျပ်စွာ ကြုတ်နေပေသည်။
ရင်ထဲတွင် အနည်းငယ် နောင်တရနေပြီ ပင် ဖြစ်သည်။
သူ က အဆင့်လေး ဝိညာဉ်ဂျင်ဆင်း ကိစ္စ ကို ဖူလုံကျောင်းတော် ကို သတင်းပို့လိုက်ခြင်း က မကျေနပ်ချက် ကြောင့် ဖူလုံကျောင်းတော် ကို ရှေ့ထွက် ဖြေရှင်းပေးရန် ရည်ရွယ်ချက် ဖြင့်သာ ဖြစ်သော်လည်း ရလဒ် ကတော့ ဖူလုံကျောင်းတော် နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း တို့က ကျန်းချဲ့ ကို ပစ်မှတ်ထားရန် အကြောင်းပြချက် တစ်ခု ဖြစ်သွားခဲ့သည်။
'ဆေးဘုရင်တောင်ကြား ကို ရှေ့ဆုံး ကနေ ထွက်ခိုင်းတယ် ပေါ့... အရေးအကြီးဆုံး က ဒီနေ့ အရှိန်အဝါ က အရမ်း သေးငယ်လွန်းတယ်... ချီဆန်းကျား ကို နောက်ဆုတ်သွားအောင် ဖိအား ပေးနိုင်ပါ့မလား မသိဘူး... အကယ်လို့ ကျန်းချဲ့ က နောက်ပိုင်း ပြန်လည် ကလဲ့စားချေရင် ဘယ်လို လုပ်မလဲ...'
"ကျန်းချဲ့ လာပြီ..."
ရုတ်တရက် တစ်ယောက် က အဝေးကို ကြည့်ပြီး အော်ဟစ်လိုက်ရာ နေရာတွင် ရှိနေသူ အားလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး ခေါင်းမော့ကာ အရှေ့ဘက် သို့ ကြည့်လိုက်ရာ ပုံရိပ်ယောင် အတွင်းအား နဂါး တစ်ကောင် က အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ၎င်း၏ နောက်တွင် စစ်သည် အင်အား တစ်ထောင်ကျော် လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသည်။
'သူ့ ရဲ့ အရှိန်အဝါ က သူတို့ ပေါင်းစပ်ထားတဲ့ အင်အား ထက်တောင် ပိုပြီး ကြီးမားနေပါလား...'
"ဘုန်း..."
ကျန်းချဲ့ က လေဟာနယ် ထဲမှ မြေကြီးပေါ်သို့ ခုန်ဆင်းလာပြီး ဖုန်မှုန့်များ လွင့်စင်သွားစေကာ အစအဆုံး အလွန် မောက်မာသော သဘောထား ကို ပြသနေပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့ ပူးပေါင်းထားသော အင်အား ကိုပင် လုံးဝ မျက်လုံးထဲ မထည့်သကဲ့သို့ ပင် ဖြစ်နေပေသည်။
ဖုန်မှုန့်များ ကွဲလွင့်သွားပြီးနောက် သူ က လက်နှစ်ဖက်ကို နောက်ပစ်ကာ လူအုပ်ကို ဝေ့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘယ်သူ က မင်းတို့ ကို မြို့တံခါးဝ မှာ ပိတ်ရပ်ပြီး ပြည်သူ တွေ သွားလာတာ ကို အနှောင့်အယှက် ပေးခွင့် ပြုထားတာလဲ... ဒီနေ့ ငါ့ကို သင့်တော်တဲ့ အဖြေ တစ်ခု မပေးဘူး ဆိုရင်... မင်းတို့ ကို လမ်းပန်းဆက်သွယ်ရေး ကို ဖျက်ဆီးမှု အပြစ် ကြီး နဲ့ သေချာပေါက် ဖမ်းဆီး အရေးယူမယ်..."
ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် အပြင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသော သိုင်းလောက မှ သိုင်းသမား များ အားလုံး အံ့အားသင့်သွားကြသည်။
'သိုင်းလောက ရဲ့ အင်အား ကို စုစည်းပြီး ကျန်းချဲ့ ကို ဖိအား လာပေးတာ မဟုတ်ဘူးလား... ဘယ်လို ဖြစ်လို့ စဉ်းစားထားတာ နဲ့ မတူဘဲ သူ က အရင် စပြီး အပြစ် လာတင်နေရတာလဲ... ဘာအခြေအနေ လဲ...'
ဝမ်ချန် ဆရာတော် နှင့် ရွှမ်ဟယ် တာအိုဆရာ တို့၏ မျက်နှာ ချက်ချင်း အုံ့မှိုင်းသွားခဲ့သည်။
ကျန်းချဲ့ ၏ ဤလုပ်ရပ် က အနည်းငယ် အရမ်း မောက်မာလွန်းနေပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် ကို လုံးဝ မျက်လုံးထဲ မထည့်ကြောင်း ပြသနေခြင်း ပင် ဖြစ်သည်။
"ကျန်းချဲ့... ချီဆန်းကျား ဘယ်မှာလဲ... ဘုန်းဘုန်း တို့ သူ့ကို တွေ့ချင်တယ်..."
ရင်ထဲရှိ မကျေနပ်ချက် များကို ဖိနှိပ်ထားပြီး ဝမ်ချန် ဆရာတော် က ခြေတစ်လှမ်း ရှေ့တိုးကာ နေရာတွင်ပင် မေးခွန်း ထုတ်လိုက်သည်။
"မင်း က ဘယ်ရာထူး မှာ ရှိနေလို့လဲ..."
"ဘယ်ရာထူး မှာ ရှိနေလဲ ဆိုတာ ဘာအဓိပ္ပာယ် လဲ..."
ဝမ်ချန် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
ကျန်းချဲ့ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာပြီး...
"မင်း က ရာထူး အဆင့်အတန်း ဘာမှ မရှိတဲ့ သာမန် ပြည်သူ တစ်ယောက် ပဲ ဖြစ်ပြီး... တပ်မှူးချုပ်ချီ ကို တွေ့ချင်တယ် လို့ ဘယ်လို လုပ် ပြောရဲတာလဲ... တပ်မှူးချုပ်ချီ က အလုပ် အရမ်း များတယ် ဆိုတာ မသိဘူးလား..."
"ဟွန့်... ကျန်းချဲ့... ဒီမှာ လာပြီး ပါးစပ် သတ္တိ လာမပြနဲ့..."
"ရိုင်းစိုင်းလိုက်တာ... ကျောင်းထိုင် ဆရာတော် ကို ဘယ်လို လုပ် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ..."
"တပ်မှူးကြီးကျန်း... ဆင်းရဲသား တာအို ဘုန်းကြီး က မင်း ကို အကြံပေးချင်တာက ချီဆန်းကျား ကို သွားခေါ်လာတာ ပိုကောင်းလိမ့်မယ်... မင်း ရဲ့ ကျင့်ကြံမှု စွမ်းအား နဲ့ ဆိုရင် ဒီမှာ လာပြီး မောက်မာ ရိုင်းစိုင်းဖို့ အရည်အချင်း မရှိသေးဘူး..."
ဖူလုံကျောင်းတော် ဘက်မှလည်း အင်အားကြီးသူ အချို့ ရှေ့ထွက်လာကြသည်။
"ရိုင်းစိုင်းနေတာ က မင်းတို့ ပဲ... သိုင်းလောက က လူမိုက် တွေ တစ်စု က မြို့တံခါး မှာ လာပိတ်ရပ်နေတာ... ပုန်ကန်ချင်နေတာလား..."
ချီဆန်းကျား က အနောက်တွင် ရှိနေကြောင်း သိထားသဖြင့် ကျန်းချဲ့ က အင်အားကြီးသူ အများအပြား ကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
"အပြစ် တင်တဲ့ အကွက် တွေ က တခြား သူတွေ အပေါ်မှာ ဆိုရင်တော့ နည်းနည်း အလုပ်ဖြစ်နိုင်ပေမဲ့ ဘုန်းဘုန်း တို့ အရှေ့မှာတော့ အဝေးကြီး လိုပါသေးတယ်... ချီဆန်းကျား က ထွက်မလာချင်ဘူး ဆိုရင်လည်း ကောင်းပြီလေ... မင်း ကို ရှာလည်း အတူတူ ပါပဲ..."
ဝမ်ချန် က ကျန်းချဲ့ ကို ရင်ဆိုင်ရာတွင် အမြဲတမ်း တည်ငြိမ်မှုကို ထိန်းသိမ်းထားပေသည်။
"ဟီးဟီးဟီး..."
ကျန်းချဲ့ က အေးစက်စွာ ရယ်မောလိုက်ပြီး ဘာမှ ပြန်မပြောပေ။
"ဘုန်းဘုန်း မင်း ကို မေးမယ်... ငါတို့ ကျင်းယွမ် ဗုဒ္ဓဘာသာ ဂိုဏ်း က ကျဲအဲ့ ဘုန်းကြီး ကို မင်း သတ်ခဲ့တာလား..."
"အဲဒီ ခေါင်းတုံး ဘုန်းကြီး က လုမိသားစု နဲ့ ပူးပေါင်းပြီး ပုန်ကန်တယ်... အသေဒဏ် ထိုက်တယ် လေ..."
"လုမိသားစု ခြံဝင်း ကို မင်း ဖျက်ဆီးခဲ့တာလား..."
"အပို စကား တွေ..."
"ကျန်းချဲ့... ချန်မိသားစု ခြံဝင်း၊ လုမိသားစု ခြံဝင်း၊ ကျဲအဲ့ ဘုန်းကြီး နဲ့ လုမိသားစု က အဘိုးကြီး လုကျန်းဟယ် တို့ အားလုံး က မင်း လက်ချက် နဲ့ သေခဲ့ရတာ... ဒီလောက်တောင် ရက်စက် ကြမ်းကြုတ်တဲ့ မင်း က မြို့ တစ်မြို့ ရဲ့ မြို့စောင့် တပ်မှူးကြီး နေရာ ကို ယူဖို့ ဘာအရည်အချင်း ရှိလို့လဲ...
ပြီးတော့ ဆေးဘုရင်တောင်ကြား က ဝမ် အဘိုးကြီး ဆီကနေ မင်း က အစိုးရ အာဏာ ကို သုံးပြီး အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း ကို အတင်းအဓမ္မ တောင်းယူခဲ့သေးတယ်... တကယ့်ကို ကြီးမားတဲ့ အပြစ် ကို ကျူးလွန်တာပဲ... အစိုးရ မှာ ဥပဒေ တွေ မရှိတော့ဘူးလား... ဒါမှမဟုတ် မင်း က ငါတို့ က မင်း ကို ကြောက်မယ် လို့ ထင်နေတာလား..."
ကျဲထန် ဘုန်းကြီး က ရှေ့ထွက်လာပြီး မေးခွန်း ထုတ်လိုက်သည်။
"မှန်တယ်... ကျန်းချဲ့ မင်း ရဲ့ ပြောင်းပြန် လုပ်ရပ် တွေ က ပြည်သူ တွေ ရဲ့ ဒေါသ ကို ဖြစ်ပေါ်စေနေပြီ... ဒီနေ့ မင်း ငါတို့ ကို သင့်တော်တဲ့ အဖြေ တစ်ခု မပေးဘူး ဆိုရင်... ဟွန့်... အလွယ်တကူ ပြီးသွားမယ် လို့ မထင်နဲ့... ငါတို့ က အလကား အနိုင်ကျင့် ခံနေမယ့် သူတွေ မဟုတ်ဘူး...
မင်း ကျန်းချဲ့ မှာ အဲဒီလို အရည်အချင်း မရှိသေးဘူး..."
"အဖြေ... မင်းတို့ ဘယ်လို အဖြေ မျိုး ကို လိုချင်နေတာလဲ..."
အေးစက်သော အသံ တစ်ခု က ပတ်ဝန်းကျင် အရပ်လေးမျက်နှာ သို့ ပျံ့နှံ့သွားပြီး အဝေးမှ ငွေရောင် အလင်းတန်း တစ်ခု က လေဟာနယ်ကို ခွင်း၍ ငွေရောင် မြွေဟောက်ကြီး တစ်ကောင် ကဲ့သို့ လူအုပ်၏ အရှေ့သို့ တိုက်ရိုက် ထိုးစိုက်ကျလာကာ မြေကြီးပေါ်တွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
ချီဆန်းကျား က ဦးချိုနီ သားရဲကြီး ကို စီးနင်းကာ မျက်စိတစ်မှိတ် အတွင်း လေဟာနယ် ထဲမှ မြေကြီးပေါ်သို့ ဆင်းသက်လာပြီး ကျန်းချဲ့ ၏ အရှေ့တွင် ဝင်ရပ်လိုက်ကာ ကျင်းယွမ် ဘုန်းကြီးကျောင်း မှ လူများကို ကြောက်ရွံ့ခြင်း အလျဉ်း မရှိဘဲ ရင်ဆိုင်လိုက်ပြီး လေသံ က အေးစက်နေပေသည်။
"တပ်မှူးချုပ်ချီ... ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ နဲ့ သိုင်းလောက က အမြဲတမ်း အေးချမ်းစွာ နေထိုင်လာခဲ့ပြီး ငါတို့ ကလည်း မင်း ကို ဘာပြဿနာ မှ မရှာခဲ့ပါဘူး... ဒါပေမဲ့ အခုတော့ မတူတော့ဘူး... ဒီကျန်းချဲ့ ဆိုတဲ့ ကောင်လေး က အရမ်းကို မောက်မာ ရက်စက်လွန်းတယ်...
လုပ်ရပ် တွေ ကလည်း အပြစ်မဲ့ ပြည်သူ တွေကို အများကြီး သတ်ဖြတ်နေပြီး မိစ္ဆာ တစ်ကောင် နဲ့ ဘာမှ မကွာခြားတော့ဘူး... အကယ်လို့ အစိုးရ ဘက်က အရေးမယူဘူး ဆိုရင် ငါတို့ အနေနဲ့ လည်း လက်နက်ကိုင် ပုန်ကန်ပြီး ကိစ္စ ကို ကြီးကျယ်အောင် လုပ်ရတဲ့ နေ့ ရောက်လာနိုင်တယ်..."
ဝမ်ချန် ဆရာတော် နှင့် ရွှမ်ဟယ် တာအိုဆရာ တို့ က တစ်ပြိုင်နက်တည်း ရှေ့တစ်လှမ်း တိုးလိုက်ပြီး ချီဆန်းကျား ၏ အရှိန်အဝါ ကို မကြောက်ရွံ့ဘဲ ခြိမ်းခြောက်လိုက်ကြသည်။
"ပြီးတော့ ကော... မင်းတို့ က ဘယ်လို အဖြေ မျိုး လိုချင်နေတာလဲ…”