← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ဘာ... မင်းလည်း အဆင့်တက်သွားပြီလား

"ဆရာတော်ချန်မေ... ခင်ဗျားဘာသာပဲ ကံကောင်းပါစေလို့ ဆုတောင်းနေလိုက်ပါတော့..."

ထိုက်အန်းမြို့အတွင်း၌ ယခုအချိန်တွင် မင်ဟယ်သခင်ကြီးသည် ဖူလုံကျောင်းတော်မှ သတင်းစကားကို လက်ခံရရှိထားပြီး ဖြစ်လေသည်။ ဆေးဘုရင်တောင်ကြားသည် ယမန်နေ့ညကတည်းက အမြစ်ပြတ်ချေမှုန်းခံလိုက်ရပြီး တောင်ကြားသခင် ဝမ်ဖျင်ကျိုးလည်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။

ဖူလုံကျောင်းတော်မှ အကြီးအကဲ ရွှမ်ကျန်းသခင်ကြီးလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဆေးဘုရင်တောင်ကြား တစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့ပြီး ဂိုဏ်းတစ်ခုလုံး ပြုတ်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

ဤအချိန်ရောက်မှသာ သူက ဆရာတော်ချန်မေအတွက် တွက်ချက်ပေးခဲ့သော ဗေဒင်ကိန်းဂဏန်းများက အဘယ်ကြောင့် အလွန်ဆိုးရွားသော အတိတ်နိမိတ်များကို ပြသနေခဲ့သနည်းဆိုသည်ကို အပြည့်အဝ နားလည်သွားခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ကျန်းချဲ့ ထွက်ပေါ်လာခြင်းမှာ အစကတည်းက ကြီးမားလှသော အကြံအစည်တစ်ခုသာ ဖြစ်နေသောကြောင့်ပင်။

သူ့ကို လာရောက်ချုံခိုတိုက်ခိုက်မည်ကို ကျန်းချဲ့က ကြိုတင်ခန့်မှန်းမိပြီး ဖြစ်လေသည်။ ထို့ကြောင့် ချီဆန်းကျားနှင့် ပူးပေါင်းကာ ပြန်လည် ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗေဒင်ကိန်းဂဏန်းများက ဘယ်တော့မှ မမှားယွင်းကြောင်းကိုလည်း သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားလေလေ ပို၍ အန္တရာယ်များသော လမ်းကြောင်းဆီသို့ ဦးတည်သွားလေလေပင် ဖြစ်သည်။ ယခုအချိန်တွင် ဆရာတော်ချန်မေမှာ ရှုံးနိမ့်သွားပြီဖြစ်ပြီး သေတောင်သေနေလောက်ပြီဟု သူ ခန့်မှန်းမိလိုက်သည်။

မြို့စားအိမ်တော်အတွင်း၌ ရှန်ကွမ်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါများ အဘယ်ကြောင့် ထွက်ပေါ်လာသနည်း ဆိုသည်ကိုတော့...

ထိုသူမှာ ကျန်းဟိုင်နန်းတော်မှ ချန်ရှန်တုန်း သို့မဟုတ် ဝမ်ရှို့စံအိမ်တော်မှ ဝမ်နျန်ကွေ့ ဖြစ်နိုင်ကြောင်း သူ တွေးဆမိသည်။ သူတို့က ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော်တို့၏ အင်အားကို လျှော့ချရန်အတွက် တမင်အကွက်ဆင်ကာ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ရပေမည်။

ဤကိစ္စများ အားလုံးကို ကျန်းချဲ့ တစ်ယောက်တည်း ကြိုးကိုင်ဖန်တီးခဲ့သည် ဆိုသည်ကိုတော့ သူ လုံးဝ မတွေးမိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာက လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။

ဆရာတော်ချန်မေ သေဆုံးသွားနိုင်ခြေက အလွန်များပြားနေပြီဖြစ်ရာ သူ ဤနေရာတွင် ဆက်နေလျှင်လည်း ဘာမှ အသုံးဝင်မည် မဟုတ်တော့ပေ။ အချည်းနှီး အသေခံရုံသာ ရှိပေလိမ့်မည်။ ထို့ကြောင့် အချိန်ခဏမျှ စဉ်းစားပြီးနောက် ကျောင်းထိုင်ဆရာတော် ရွှမ်ဟယ်၏ အမိန့်ကိုသာ လိုက်နာရန် သူ ဆုံးဖြတ်လိုက်သည်။

လောလောဆယ် အင်အားများကို ပြန်လည်စုစည်းပြီး ကျန်းချဲ့နှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲရမည် ဖြစ်သည်။

ကျန်းချဲ့ကို နောက်ထပ် အခွင့်အရေး အနည်းငယ်မျှပင် ပေးတော့မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ဆရာတော်ချန်မေကို ရှင်းလင်းပြီးနောက် ကျန်းချဲ့သည် အချိန်ကို အနည်းငယ်မျှပင် အလဟဿ မဖြုန်းတီးခဲ့ပေ။ အလောင်းကို ရှာဖွေပြီးသည်နှင့် တစ်ပြိုင်နက် ဆရာတော်ချန်မေ၏ အလောင်းကို သယ်ဆောင်ကာ ထိုက်အန်းမြို့ဘက်သို့ လေထဲမှ ပျံသန်းထွက်ခွာလာခဲ့သည်။

ရှန်ကွမ်းအဆင့် သိုင်းပညာရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်ရုံဖြင့် မလုံလောက်သေးပေ။ နောက်ထပ် တစ်ယောက်ကိုပါ ထပ်မံ သတ်ဖြတ်နိုင်ပါက နောက်ပိုင်းတွင် ပို၍ လွယ်ကူသွားမည် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ မြို့စားအိမ်တော် ပတ်ဝန်းကျင် တစ်ခုလုံးကို သေချာ ရှာဖွေခဲ့သော်လည်း...

ရန်သူ၏ အရှိန်အဝါကို အနည်းငယ်မျှပင် မခံစားမိခဲ့ချေ။

ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။

ဆေးဘုရင်တောင်ကြားမှ သတင်းက ဤနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဖူလုံကျောင်းတော်မှ အခြား ရှန်ကွမ်းအဆင့် သိုင်းပညာရှင်က သတင်းကို သိရှိသွားပြီးနောက် ဤသည်မှာ သူ တမင်ဖန်တီးထားသော ထောင်ချောက်တစ်ခု ဖြစ်ကြောင်း ရိပ်မိသွားကာ ဤနေရာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပေမည်။

"ဟူး..."

ကျန်းချဲ့က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်းကို ကြိုတင်သိရှိထားသော်လည်း သူ တွေးထားသည့်အတိုင်း ဖြစ်မလာသောအခါ ရင်ထဲတွင် အနည်းငယ် လိုအပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သေချာ ပြန်စဉ်းစားကြည့်လျှင် ဤသည်ကသာ ပုံမှန် အခြေအနေပင် ဖြစ်သည်။

တစ်ဖက်လူက ရုပ်သေးရုပ် မဟုတ်ဘဲ ဉာဏ်ရည်ရှိသော သိုင်းပညာရှင် တစ်ယောက် ဖြစ်လေသည်။ ထောင်ချောက်မှန်း သိသိကြီးနှင့် နေရာမှာတင် ရပ်ပြီး ဘယ်လိုလုပ် အသေခံမည်နည်း။

အချိန်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ကျန်းချဲ့သည် မြို့စားအိမ်တော်သို့ ချက်ချင်း ပြန်သွားခဲ့သည်။ ထို့နောက် ကန်တာပြောင် နှင့် တန်ယန် အပါအဝင် အခြားသူများကို ခေါ်ယူလိုက်ပြီး ဆရာတော်ချန်မေ၏ မျက်ခုံးမွေးရှည်ကြီးများနှင့် သွေးစွန်းနေသော မုတ်ဆိတ်မွေးများကို ဖြတ်ယူကာ သစ်သားသေတ္တာလေး တစ်လုံးထဲသို့ ထည့်လိုက်သည်။

သူက ကန်တာပြောင်တို့ နှစ်ယောက်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဟိုရောက်တာနဲ့ သူတို့ကို တိုက်ရိုက် ပြောလိုက်... ဒီမုတ်ဆိတ်မွေးနဲ့ မျက်ခုံးမွေးတွေက ကျင်းယွမ်ကျောင်းတော်က ရှန်ကွမ်းအဆင့် ဆရာတော်ချန်မေ ရဲ့ ဟာတွေပဲ... အချိန်ကျပြီမို့လို့ ထိုက်အန်းမြို့ကို အမြန်ဆုံး လာခဲ့ကြပါလို့ ပြောလိုက်..."

"ဟုတ်ကဲ့ပါ အမိန့်အတိုင်းပါ..."

"ဟုတ်ကဲ့ပါ အမိန့်အတိုင်းပါ..."

ကျန်းချဲ့က သတင်းစကား ပို့ခိုင်းလိုက်ပြီး သိပ်မကြာမီမှာပင် ဆေးဘုရင်တောင်ကြား အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည့် သတင်းက လေဆင်နှာမောင်း တစ်ခုကဲ့သို့ ထိုက်အန်းဒေသ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤသတင်း ပြန့်နှံ့မှု နောက်ကွယ်တွင် ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော်တို့၏ သွေးထိုးလှုံ့ဆော်မှုများလည်း ပါဝင်နေပေသည်။

သူတို့၏ ပြောဆိုချက်များ အရဆိုလျှင် ကျန်းချဲ့မှာ လုံးဝ ရူးသွပ်နေပြီ ဖြစ်သည်။ စကားများရန်ဖြစ်ရုံလေးနှင့် ဂုဏ်သတင်းကြီးမားလှသော ဝမ်ဖျင်ကျိုးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး သူ၏ ခေါင်းကို တောင်တံခါးဝတွင် ချိတ်ဆွဲထားခဲ့သည်။

ထို့အပြင် လူလွှတ်ကာ ဆေးဘုရင်တောင်ကြား တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းခဲ့ပြီး နောက်ထပ် လူသတ်ပွဲကြီး တစ်ခုကို ဖန်တီးခဲ့ပြန်သည်။

ဤကဲ့သို့သော လုပ်ရပ်များက မိစ္ဆာတစ်ကောင်နှင့် လုံးဝ ခြားနားမှု မရှိပေ။

ကျန်းချဲ့ အနေဖြင့် အစိုးရ၏ နောက်ခံကို အားကိုးကာ ထိုက်အန်းဒေသ တစ်ခုလုံးတွင် ဆက်လက် သတ်ဖြတ်မှုများ ပြုလုပ်မည်လား ဆိုသည်ကို မည်သူကမျှ မသိနိုင်ကြပေ။

ဤကဲ့သို့သော မိစ္ဆာကောင်ကို လူတိုင်းက သတ်ဖြတ်သင့်သည်။

အချိန်တိုအတွင်းမှာပင် သူတို့၏ ကြီးမားလှသော အရှိန်အဝါများ အောက်တွင် သတင်းများက ပို၍ပို၍ ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်လာခဲ့သည်။ ထိုက်အန်းဒေသ အတွင်းရှိ သိုင်းလောက တစ်ခုလုံးက ပူးပေါင်းကာ ကျန်းချဲ့ ဆိုသော မိစ္ဆာကောင်ကို ဖယ်ရှားပစ်ရန် လှုံ့ဆော်နေသည့် အခြေအနေသို့ပင် ရောက်ရှိနေလေပြီ။

ထို့အပြင် သူတို့က တမင်တကာ အကွက်ဆင်ကာ သူတို့၏ လက်အောက်ခံ အင်အားစု အချို့ကို အသုံးပြုပြီး ထိုက်အန်းဒေသ သိုင်းလောက အတွက် ရှေ့ထွက်ကာ ကျန်းချဲ့ ဆိုသော မိစ္ဆာကောင်ကို ရင်ဆိုင်ပေးရန် တောင်းဆိုခိုင်းခဲ့ကြသည်။

သူတို့ကလည်း ထိုက်အန်းဒေသရှိ အင်အားစုများ အနေဖြင့် ကျန်းချဲ့၏ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဆက်လက် သည်းခံနေမည် မဟုတ်ကြောင်း ပြင်ပသို့ ထုတ်ပြန် ကြေညာလိုက်ကြသည်။ တာဝန်ကြီးကို ပခုံးပြောင်း ယူကာ ထိုက်အန်း သိုင်းလောက အတွက် ဤမိစ္ဆာကောင်ကို ဖယ်ရှားပေးမည် ဖြစ်ကြောင်း ပြောဆိုလိုက်ကြသည်။

ထိုမျှသာမက သူတို့က မြို့တော်အတွင်း၌လည်း ကြီးမားသော မငြိမ်မသက်မှုများကို ဖန်တီးခဲ့ကြသေးသည်။

ထိုက်အန်းဒေသ တစ်ခုလုံးမှာ ရှုပ်ထွေး ပူလောင်နေပြီး နေရာတိုင်းတွင် ပြည်သူများ၏ ဒေါသများ ပြည့်နှက်နေပေသည်။ ကျန်းချဲ့ကို မဖယ်ရှားသရွေ့ သူတို့အတွက် ငြိမ်းချမ်းသော ဘဝ ဆိုသည်မှာ ရှိလာမည် မဟုတ်သည့်အလား ဖြစ်နေတော့သည်။

ကျန်းချဲ့ကလည်း ဤသတင်းများကို လျင်မြန်စွာ သိရှိခဲ့ရသည်။

ဤကိစ္စနှင့် ပတ်သက်၍ သူက ခပ်ဖွဖွ ပြုံးရုံသာ ပြုံးနေလိုက်သည်။

ဤကဲ့သို့သော တုံ့ပြန်မှုမျိုးက သူ ကြိုတင် တွက်ဆထားသည့် အတိုင်းပင် ဖြစ်ပေသည်။

အကျပ်အတည်း ရောက်နေသော ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော် တို့က ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုလာခြင်းမှာ လုံးဝ အံ့ဩစရာ မဟုတ်ပေ။ ဤသည်မှာ သူတို့ စတင် လှုပ်ရှားတော့မည့် ရှေ့ပြေး လက္ခဏာပင် ဖြစ်ပြီး သူတို့အတွက် သင့်တော်သော အကြောင်းပြချက် တစ်ခုကို အရင် ရှာဖွေထားခြင်းသာ ဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြဿနာများ အလွန်အမင်း ကြီးထွားသွားပါက နောက်ဆုတ်ရန် လမ်းကြောင်းတစ်ခု ကျန်ရှိနေမည် ဖြစ်သည်။

ကျန်းချဲ့ အနေဖြင့်လည်း ဤကိစ္စကို တုံ့ပြန်ရန်အတွက် နည်းလမ်းများကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

သူက ယန်မင် ကို ရှေ့ထွက်ခိုင်းလိုက်ပြီး ထိုက်အန်းမြို့တွင် ကိုယ်တိုင် ရှင်းလင်းချက် ပေးခိုင်းလိုက်သည်။ ဆေးဘုရင်တောင်ကြား အမြစ်ပြတ် ချေမှုန်းခံရခြင်းမှာ ဖူလုံကျောင်းတော်နှင့် ကျင်းယွမ်ကျောင်းတော်တို့၏ လက်ချက်သာ ဖြစ်ကြောင်းနှင့် သူတို့က ချင်းထျန်းဂိုဏ်းနှင့် ပူးပေါင်းကာ ပုန်ကန်ရန် ကြိုးစားနေကြောင်း ပြောဆိုခိုင်းလိုက်သည်။

ဆေးဘုရင်တောင်ကြားမှ နှစ်တစ်ရာ အထက် သက်တမ်းရှိသော ဆေးဘက်ဝင် အပင်များ အားလုံးကို ပေးအပ်ရန်နှင့် လေ့ကျင့်ရေး အတွက် လိုအပ်သော ဆေးလုံးများ အမြောက်အမြားကို ဖော်စပ်ပေးရန် သူတို့က အမိန့်ပေးခဲ့ကြောင်း ရှင်းပြခိုင်းလိုက်သည်။ သို့သော် ဝမ်ဖျင်ကျိုးက သူတို့၏ တောင်းဆိုချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။

ထို့ကြောင့် ညအချိန်တွင် သူတို့၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ ဆေးဘုရင်တောင်ကြား တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းကာ တန်ဖိုးရှိသော ဆေးဘက်ဝင် အပင်များ အားလုံးကို ယူဆောင်သွားခဲ့ပြီး အများပြည်သူကို လှည့်စားကာ အပြစ်ကင်းစင်သော တပ်မှူးကျန်း အပေါ်သို့ အပြစ်များ အားလုံး ပုံချရန် ကြိုးစားနေကြောင်း ပြောဆိုလိုက်သည်။

ဤကဲ့သို့သော လုပ်ရပ်များကသာ တကယ့် မိစ္ဆာ အစစ်အမှန်များ ဖြစ်သည်။

ယခုအခါ စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံးတွင် ထူးချွန်ပြီး နောက်ခံ ရှင်းလင်းကာ ဆင်းရဲသား ပြည်သူများအတွက် ရပ်တည်ပေးရဲသော တရားမျှတသည့် တပ်မှူးကျန်း ကိုသာ ထိုက်အန်း သိုင်းလောက အတွက် အကူအညီ တောင်းခံရတော့မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယန်မင်က မျက်ရည်များ စီးကျကာ မျက်လုံးများ ပြူးကျယ်နေပြီး မိစ္ဆာကောင်များနှင့် လုံးဝ အတူ မနေနိုင်ကြောင်း အသံကျယ်ကြီးဖြင့် ဟိန်းဟောက် ပြောဆိုလိုက်သည်။

ထို့အပြင် သိုင်းလောကမှ မိတ်ဆွေများ အားလုံး အနေဖြင့် ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော် တို့၏ လှည့်စားမှုကို မခံကြရန်၊ သူတို့၏ လက်သုံးတော် ဓားနှင့် နယ်ရုပ်လေးများ အဖြစ် အသုံးချ မခံကြရန် မျက်စိ ဖွင့်ထားပြီး အလွန် သတိထားကြရန် သတိပေး နှိုးဆော်လိုက်သည်။

ဆေးဘုရင်တောင်ကြား၏ နောက်တစ်ဆက် တောင်ကြားသခင် အဖြစ် လူအများ အသိအမှတ် ပြုထားသော ယန်မင်ကို လူအများအပြားက ကောင်းစွာ သိရှိထားကြသည်။ သူ၏ မျက်ရည်များဖြင့် အော်ဟစ် ပြောဆိုမှုများက လူအများအပြား၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

'သူတို့ တကယ်ပဲ လှည့်စား ခံလိုက်ရတာလား...'

မည်သို့ပင် ဆိုစေကာမူ ယန်မင်၏ အဆင့်အတန်း အရ သူတို့က ယုံကြည်သင့်ပေသည်။

ယခင်က ထွက်ပေါ်နေခဲ့သော ဒေါသများကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းချဲ့က အခြေအနေများကို အောင်မြင်စွာ ရှုပ်ထွေးသွားစေခဲ့ပြီး လူအများအပြားကို ဆုံးဖြတ်ချက် မချနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤကြီးမားသော ပဋိပက္ခကြီး အတွင်းသို့ မည်သူကမျှ ဝင်ရောက် မစွက်ဖက်ရဲကြတော့ပေ။

"မင်း ပြောတာတွေက နည်းနည်းတော့ လွန်သွားပြီနော်..."

ကျန်းချဲ့က အောက်ဘက်တွင် ရပ်နေသော ယန်မင်ကို ကြည့်ကာ မနေနိုင်ဘဲ ခေါင်းယမ်းလိုက်မိသည်။

စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံးတွင် ထူးချွန်ပြီး နောက်ခံ ရှင်းလင်းကာ ဆင်းရဲသား ပြည်သူများအတွက် ရပ်တည်ပေးရဲသည့်အပြင် အလွန် တရားမျှတပြီး ဖြောင့်မတ်သော လူကြီးမင်း... ဤစကားလုံးများ အားလုံးက သူ့ခေါင်းပေါ်သို့ ရောက်လာခြင်းက တကယ်ပဲ သင့်တော်ရဲ့လားဟုပင် တွေးမိလိုက်သည်။

"ဒီလို လုပ်မှသာ... သခင်ကြီးရဲ့ ရင်အုပ်ကျယ်မှုနဲ့ နာမည်ဂုဏ်သတင်းကို ပိုပြီး ထင်ရှားစေနိုင်မယ်လို့ ငယ်သား ထင်ပါတယ်..."

"ဟားဟားဟား..."

"ဒါပေမဲ့ ငယ်သား နားမလည်တာက... ဒီလို လုပ်တာ တကယ်ပဲ အသုံးဝင်လို့လား..."

ယန်မင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါ လိုချင်တာက အသုံးဝင်ဖို့ မဟုတ်ဘူး... အခြေအနေတွေကို ရှုပ်ထွေးသွားစေဖို့ပဲ... လူအများစုက ကျင်းယွမ်ကျောင်းတော်နဲ့ ဖူလုံကျောင်းတော် ရဲ့ ကြိုးဆွဲရာ မကကြရအောင်လို့... ကြီးမားတဲ့ ပြဿနာတွေ တကယ် ဖြစ်မလာအောင်လို့ပဲ..."

"ငါ ကျင်းယွမ်ကျောင်းတော်နဲ့ ဖူလုံကျောင်းတော်ကို အမြစ်ပြတ် ချေမှုန်းပြီးသွားရင်... သူတို့က သဘာဝကျကျပဲ ငါ့ဘက်ကို ယိမ်းလာကြမှာပါ..."

"တကယ်လား..."

"ခေါင်းဆောင် မရှိတော့ရင်... သူတို့က သူများနောက်ကိုပဲ လိုက်ရတော့မှာ... ဘယ်သူ နိုင်နိုင် အဲဒီလူရဲ့ လက်အောက်ကို ရောက်သွားကြမှာပဲ..."

ကျန်းချဲ့က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားရင်း တီးတိုး ရေရွတ်လိုက်သည်။

မုန်တိုင်းကဲ့သို့ သတင်းများ ပျံ့နှံ့နေပြီး သိုင်းလောကမှ ပညာရှင်များ အဆက်မပြတ် ဆွေးနွေးနေကြချိန်တွင်... ဝမ်ရှို့စံအိမ်တော်မှ ဝမ်နျန်ကွေ့ သည် ယခုအခါ ကျန်းချဲ့ထံမှ ပေးစာကို လက်ခံရရှိနေပြီ ဖြစ်သည်။ သေတ္တာထဲရှိ ဖြူဖွေးနေသော မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများကို ကြည့်ရင်း သူက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

တကယ့်ကို ရွေးချယ်မှု ပြုလုပ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကျန်းချဲ့က သူ၏ စွမ်းအားဖြင့် သက်သေပြလိုက်ပြီ ဖြစ်သည်။ ကျင်းယွမ်ကျောင်းတော်ကို အမြစ်ပြတ် ချေမှုန်းမည် ဆိုသည်မှာ စကားအလွတ် သက်သက် မဟုတ်ကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ ဝမ်ရှို့စံအိမ်တော်နှင့် ကျန်းဟိုင်နန်းတော်တို့ပါ ပူးပေါင်းလိုက်မည် ဆိုပါက... ဤတိုက်ပွဲက တကယ်ကို မျှော်လင့်ချက် ရှိနေပေသည်။

"အဖေ..."

ဝမ်ဖန်ယွင် သည်လည်း ယခုအခါ ဝမ်နျန်ကွေ့၏ ပါးစပ်မှတစ်ဆင့် အမှန်တရား အားလုံးကို သိရှိထားပြီး ဖြစ်သည်။ ကျန်းချဲ့နှင့် သူ၏ ဖခင်ဖြစ်သူတို့က ကျင်းယွမ်ကျောင်းတော်ကို အမြစ်ပြတ် ချေမှုန်းပြီး ဝမ်ရှို့စံအိမ်တော်ကို ထိုနေရာတွင် အစားထိုးရန် လျှို့ဝှက် ကြံစည်နေခဲ့ကြကြောင်း သူ သဘောပေါက်သွားခဲ့သည်။

ဝမ်ရှို့စံအိမ်တော်၏ အနာဂတ်ကို လုံးဝ ပြောင်းလဲပစ်နိုင်သည့် ဤကိစ္စက သူ၏ ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။

သူက ကျင်းယွမ်ကျောင်းတော်မှ ဘုန်းကြီးများကို မကျေမနပ် ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကြီးမားလှသော ပူဇော်သက္ကာရများကို အတင်းအကျပ် တောင်းယူနေရုံသာမက ယခင် လုမိသားစု စံအိမ်တော်ဘက်သို့ အမြဲတမ်း ဘက်လိုက်နေခဲ့ခြင်းက ဘာကြောင့်များလဲ။ ထိုနှစ်က သူ၏ ခြေထောက် ရိုက်ချိုးခံခဲ့ရသည်။

ဝမ်ရှို့စံအိမ်တော် တစ်ခုလုံး ဒေါသထွက်ခဲ့ရသော်လည်း ကျင်းယွမ်ကျောင်းတော်က အတင်းအကျပ် ဝင်ရောက် ညှိနှိုင်းပေးခဲ့ပြီး လုမိသားစု စံအိမ်တော်အား ယွမ်ပုံဆောင်ခဲ အချို့သာ လျော်ကြေးပေးစေကာ ကိစ္စကို အဆုံးသတ်လိုက်သည်။ လက်စားချေခွင့် မပြုဘဲ တိုက်ရိုက် ခြိမ်းခြောက်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုမြင်ကွင်းများကို သူ ယနေ့တိုင် အခဲမကျေ ဖြစ်နေဆဲပင်။

ယခုအခါ နောက်ဆုံးတွင် လက်စားချေနိုင်မည့် အခွင့်အရေးကို ရရှိလာခဲ့ပြီ ဖြစ်သည်။

"ဖန်ယွင်... အဖေကတော့ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... နိုင်ရင် ငါတို့ ဝမ်ရှို့စံအိမ်တော်က နောက်ထပ် နှစ်တစ်ရာလောက် ထပ်ပြီး ကြီးပွားတိုးတက်လိမ့်မယ်... ရှုံးရင်တော့... နောက်ပိုင်း ထိုက်အန်းဒေသကနေ အမြစ်ပြတ် ဖယ်ရှားခံရလိမ့်မယ်..."

"အဖေ... ဆုံးဖြတ်ချက် ချလိုက်ပါတော့... သားက လှုပ်ရှားဖို့တောင် စိတ်မထိန်းနိုင်တော့ဘူး..."

"မျိုးနွယ်စုထဲက အကြီးအကဲတွေကို အမြန်ဆုံး သွားခေါ်လိုက်... စံအိမ်တော်ထဲက လူငယ် တပည့်တွေကို အသုတ်ခွဲပြီး တိတ်တဆိတ် ထွက်သွားခိုင်းလိုက်... စံအိမ်တော်ထဲမှာ ရှိတဲ့ လေ့ကျင့်ရေး အရင်းအမြစ် အမျိုးမျိုးကိုလည်း... မတော်တဆ တစ်ခုခု ဖြစ်ရင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အကုန်လုံးကို တူးဖော်ပြီး သယ်သွားခိုင်းလိုက်..."

"စံအိမ်တော်ထဲမှာ ရှိတဲ့ အသက် သုံးဆယ် အထက် သိုင်းပညာရှင်တွေ အကုန်လုံးကို စုစည်းပြီး... ငါနဲ့အတူ ထိုက်အန်းမြို့ကို လိုက်ခဲ့ကြ..."

ဝမ်နျန်ကွေ့က လေးနက်သော အသံဖြင့် ပြောလိုက်ပြီး လက်ထဲရှိ မျိုးနွယ်စုခေါင်းဆောင် တံဆိပ်ပြားကို ဝမ်ဖန်ယွင် ထံသို့ ပေးအပ်လိုက်သည်။

"ဟုတ်ကဲ့ သား အခု ချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."

ဤကိစ္စများကို မှာကြားပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်နျန်ကွေ့သည် လေထဲသို့ ချက်ချင်း ပျံတက်သွားပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဝမ်ရှို့စံအိမ်တော်၏ နောက်ဘက် တောင်ပေါ်ရှိ တားမြစ်နယ်မြေသို့ ရောက်ရှိသွားခဲ့သည်။ ခါးကို ညွတ်ကာ အရိုအသေပေးလိုက်ပြီး လေးနက်သော အသံဖြင့် လျှောက်တင်လိုက်သည်။

"မြေးတော် ဝမ်နျန်ကွေ့ က... အစိုးရနဲ့ ပူးပေါင်းပြီး ကျင်းယွမ်ကျောင်းတော်ကို အမြစ်ပြတ် ချေမှုန်းဖို့ ဆုံးဖြတ်လိုက်ပါပြီ... ကျွန်တော်တို့ အပေါ်မှာ ဖိစီးနေတဲ့ ဒီတောင်ကြီးကို အပြီးတိုင် ဖယ်ရှားပစ်ချင်လို့ပါ... ဘိုးဘေးကြီး ကိုယ်တိုင် ထွက်ပြီး... မြေးတော်ကို ကူညီပေးဖို့ တောင်းဆိုပါတယ်..."

ပိတ်ထားသော နောက်ဘက် တောင်ပေါ်ရှိ အိမ်ငယ်လေး၏ တံခါးမှာ အားကောင်းသော လေပြင်း တစ်ချက်ကြောင့် ချက်ချင်း ပွင့်ထွက်သွားခဲ့သည်။ ကိုယ်ဟန်ကုန်းကွနေပြီး ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိသော အဘိုးအို တစ်ဦးက ဝမ်နျန်ကွေ့၏ အရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာပြီး သူ့ကို တွဲထူပေးကာ ပြောလိုက်သည်။

"မင်းက လက်ရှိ စံအိမ်တော်သခင်ပဲလေ... မင်းက ဆုံးဖြတ်ချက် ချလိုက်ပြီ ဆိုမှတော့... ငါက ဘိုးဘေး တစ်ယောက် ဖြစ်နေရင်တောင်မှ... မင်းရဲ့ အမိန့်ကို နာခံရမှာပေါ့... ဒါလည်း ကောင်းပါတယ်လေ... ငါ့လို အရိုးဆွေးကြီးက ဒီနှစ်တွေ တစ်လျှောက်လုံး မသေဘဲ အသက်ဆက်နေခဲ့ရတာ..."

"အခု သေခါနီး အချိန်လေးမှာ... မျိုးနွယ်စု အတွက် နောက်ဆုံး အနေနဲ့ ကူညီပေးရမယ့် အချိန် ရောက်ပြီပေါ့..."

"ဘိုးဘေးကြီး..."

"ကျင်းယွမ်ကျောင်းတော်က အဲဒီ ခေါင်းတုံးတွေ... ငါတို့ ဝမ်မိသားစုဆီကနေ ပူဇော်သက္ကာရတွေ အများကြီး စားထားတာလေ... အခုတော့... သူတို့ကို အရင်းရော အတိုးပါ ပြန်အန်ထုတ်ခိုင်းရမယ့် အချိန် ရောက်ပြီ..."

ဝမ်မိသားစု ဘိုးဘေးကြီးက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ သေးသွယ် ရှည်လျားသော မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်များ လင်းလက်နေပေသည်။

"အစ်ကိုကြီးလီ... ကျွန်တော်က လူတစ်ယောက်ရဲ့ ဖိတ်ကြားချက်နဲ့... ကျင်းယွမ်ကျောင်းတော်နဲ့ ဖူလုံကျောင်းတော်ကို အမြစ်ပြတ် ချေမှုန်းချင်လို့ပါ... အစ်ကိုကြီး အနေနဲ့ ချက်ချင်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး ဂိုဏ်းကို စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်... အရင်ဆုံး လက်ရွေးစင် တပည့် တချို့ကို ခေါ်ပြီး တောင်ပေါ်ကနေ ထွက်သွားပေးပါ..."

ကျန်းဟိုင်နန်းတော် အတွင်း၌... ချန်ရှန်တုန်း သည် ကျန်းချဲ့၏ စာကို လက်ခံရရှိပြီးနောက် ဂိုဏ်း၏ တားမြစ်နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ကျန်းဟိုင်နန်းတော်၏ အနာဂတ်ကို ဤအစ်ကိုကြီး ထံသို့ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။

ယခင် ဂိုဏ်း၏ ကြီးမားသော ဘေးဒုက္ခကြီး ဖြစ်ပေါ်ခဲ့စဉ်ကလည်း... ဤအစ်ကိုကြီးလီ တို့က ကျန်ရှိနေသော တပည့်ငယ်များကို ခေါ်ဆောင်ကာ တောင်တန်း ရေပြင်များကို ဖြတ်သန်းပြီး ဤနေရာသို့ ရောက်ရှိလာခဲ့ကာ ကိုယ်ပိုင် အခြေခံ အုတ်မြစ် တစ်ခုကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာတော့မည် ဖြစ်ရာ သူက နောက်ဆုံး ရလဒ်ကို ကြိုတင် မခန့်မှန်းနိုင်သဖြင့် အစ်ကိုကြီးကို တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာရန် အရင် တောင်းဆိုရခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးတွင် တကယ် ရှုံးနိမ့်သွားပါက နောက်တစ်ကြိမ် ထပ်မံ ပြောင်းရွှေ့ရမည် ဖြစ်သည်။

သူမှလွဲ၍ ကျန်းဟိုင်နန်းတော် အတွင်း၌ ရှန်ကွမ်းအဆင့် သိုင်းပညာရှင် တစ်ယောက် ရှိနေသေးကြောင်းကို မည်သူကမျှ မသိရှိကြပေ။ ဤသည်မှာ သူတို့၏ နောက်ဆုံး လက်ကျန် အင်အားပင် ဖြစ်လေသည်။

"သေချာမှု ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ..."

ဂူထဲမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ခုနစ်ဆယ် ရာခိုင်နှုန်းပါ..."

"ကိစ္စ အောင်မြင်သွားရင်... ငါတို့ ကျန်းဟိုင်နန်းတော်က အကျိုးအမြတ် ဘယ်လောက် ရမှာလဲ..."

"ကိစ္စ အောင်မြင်သွားရင်... ဖူလုံကျောင်းတော်ရဲ့ နေရာကို အစားထိုး ယူရမှာပါ... ဒါက ကျန်းဟိုင်နန်းတော် အနေနဲ့ အရင်တုန်းက ဂုဏ်ကျက်သရေတွေကို ပြန်လည် ရရှိနိုင်မလား ဆိုတာနဲ့ သက်ဆိုင်နေပါတယ်... ညီလေး ကတော့ အနာဂတ် အတွက် အသက်စွန့်ပြီး တိုက်ခိုက်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်..."

"မင်း အရင်က ပြောဖူးတဲ့ အဲဒီ ကျန်းချဲ့ ဆိုတဲ့ လူလား..."

"ဟုတ်ပါတယ်... သူပါပဲ..."

အချိန်အတော်ကြာပြီးနောက် ဂူထဲမှ အသံ ထွက်ပေါ်လာခဲ့သည်။

"သွားတော့လေ..."

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."

ချန်ရှန်တုန်း က ခေါင်းကို လေးနက်စွာ ညိတ်လိုက်ပြီးနောက် လေထဲမှ လျင်မြန်စွာ ပျံသန်းကာ တောင်တံခါးဝရှိ ခန်းမကြီးသို့ ရောက်ရှိသွားခဲ့သည်။ ဂိုဏ်း၏ ရှင်သန်ရေးနှင့် သေဆုံးရေးတို့ သက်ဆိုင်နေသော ခေါင်းလောင်းကြီးကို ထုခေါက်လိုက်ပြီး ကျန်းဟိုင်နန်းတော် တစ်ခုလုံးရှိ လက်ရွေးစင် အင်အားစုများကို စုစည်းလိုက်လေသည်။

"ကျင်းယွမ် နဲ့ ဖူလုံ ကျောင်းတော် နှစ်ခုလုံးက တရားလမ်းကြောင်းကနေ သွေဖည်သွားကြပြီ... ချင်းထျန်းဂိုဏ်း နဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြိုးစားနေကြတယ်... ဒီနေ့ ငါက ထိုက်အန်းမြို့က တပ်မှူးကျန်း ရဲ့ ဖိတ်ကြားချက် အရ... ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် ကို အတူတူ နှိမ်နင်းဖို့ သွားမယ်..."

"ကိစ္စ အောင်မြင်သွားရင်... ငါတို့ ကျန်းဟိုင်နန်းတော် က နောက်ထပ် ဖူလုံကျောင်းတော် ဖြစ်လာလိမ့်မယ်... တပည့်တို့ အားလုံး... ငါနဲ့ အတူတူ တိုက်ပွဲ ဝင်ဖို့ ဆန္ဒရှိကြလား..."

"နန်းတော်သခင် နဲ့ အတူတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်..."

"နန်းတော်သခင် နဲ့ အတူတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်..."

"နန်းတော်သခင် နဲ့ အတူတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်..."

"သွေးကြောပွင့် အဆင့် အောက်က တပည့်တွေ အကုန်လုံး တောင်ပေါ်မှာ ကျန်ခဲ့ပြီး အမိန့်ကို စောင့်ကြ... ကျန်တဲ့ လူတွေ အကုန်လုံး... ငါနဲ့ အတူတူ ထွက်တိုက်ကြမယ်... ငါတို့ ကျန်းဟိုင်နန်းတော် အတွက်... ကြည်လင် တောက်ပတဲ့ ကောင်းကင်ယံ တစ်ခု ရဖို့ အသက်စွန့်ပြီး တိုက်ခိုက်ကြမယ်..."

ချန်ရှန်တုန်း က လက်ကို ဝှေ့ယမ်းကာ အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

ထိုက်အန်းမြို့... မြို့စားအိမ်တော်။

ကျန်းချဲ့ သည် ယခုအခါ စစ်သည်များကို နေရာချထားပြီး အစီအစဉ်များကို ပြင်ဆင်နေပေသည်။ ရုတ်တရက် သူက ခေါင်းကို မော့လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ပုံမှန်မဟုတ်သော လေးနက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ အလွန် ကြီးမားသော အရှိန်အဝါ တစ်ခုကို သူ ခံစားသိရှိလိုက်ရသည်။

ဤကဲ့သို့သော အရှိန်အဝါမျိုးက... ရှန်ကွမ်းအဆင့် သိုင်းပညာရှင် တစ်ယောက်ထံတွင် လုံးဝ မရှိနိုင်ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့၏ ရင်ထဲတွင် ခန့်မှန်းချက် တစ်ခု ပေါ်လာခဲ့သည်။

'ကျင်းယွမ်ကျောင်းတော် ဒါမှမဟုတ် ဖူလုံကျောင်းတော် က ရွှမ်တန်အဆင့် သိုင်းပညာရှင်များ ကိုယ်တိုင် လှုပ်ရှားလာတာလား...'

ထိုအချက်ကို တွေးမိသောအခါ ကျန်းချဲ့၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားခဲ့သည်။ မဟာဗျူဟာမြောက် ဆုတ်ခွာရန် ချက်ချင်း ပြင်ဆင်လိုက်ပြီး အတင်းအကျပ် ယဇ်ပူဇော်ကာ သေရေးရှင်ရေး တိုက်ပွဲဝင်ရန်ပင် အသင့် ဖြစ်နေခဲ့သည်။ သို့သော် သူ အများကြီး စဉ်းစားရန် အချိန်မရလိုက်ပေ။

ထိုအရှိန်အဝါက ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ချီဆန်းကျား က ခန်းမကြီး၏ အပြင်ဘက်တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ ဦးချိုနီ သားရဲကြီးကို စီးနင်းထားပြီး လက်ထဲတွင် ငွေရောင် လှံရှည်ကို ကိုင်ဆောင်ထားကာ မျက်နှာထားက အလွန် တည်ငြိမ်နေပေသည်။

နှုတ်ခမ်းထောင့်တွင်လည်း ခပ်ဖွဖွ အပြုံးတစ်ခု ချိတ်ဆွဲထားသေးသည်။

ကျန်းချဲ့၏ ရင်ထဲတွင် ချက်ချင်း ပေါ့ပါးသွားခဲ့ပြီး ခန်းမကြီးထဲမှ ချက်ချင်း ထွက်လာကာ ခါးကို ညွတ်၍ အရိုအသေပေးလိုက်သည်။

"ငယ်သား က တပ်မှူးကြီး ကို ဂုဏ်ပြုပါတယ်... ရွှမ်တန်အဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး... အခုကစပြီး သက်တမ်း နှစ်သုံးရာ ရရှိကာ အသက်ရှည်ရှည် နေနိုင်ပါစေလို့ ဆုတောင်းပါတယ်..."

ချီဆန်းကျား က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။

ထို့နောက် သူ၏ အကြည့်များက ခန်းမ အပြင်ဘက်တွင် ထိုင်လျက်သား ရှိနေသော အလောင်းဆီသို့ ရောက်ရှိသွားရာ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအလောင်းတွင် မျက်ခုံးမွေးနှင့် မုတ်ဆိတ်မွေးများ မရှိသော်လည်း မျက်နှာပေါက်က သူ့အတွက် အလွန် ရင်းနှီးနေသောကြောင့်ပင်။

"ဒီဘုန်းကြီး က..."

"ကျင်းယွမ်ကျောင်းတော် က ရှန်ကွမ်းအဆင့် သိုင်းပညာရှင်... ဘွဲ့တော် က ချန်မေ ပါ... အရင် လွန်ခဲ့တဲ့ နှစ်ဆက်လောက်က ခေါင်းဆောင်ဟောင်း တစ်ပါး ဖြစ်ပြီး... ငယ်သား က သခင်ကြီး ရွှမ်တန်အဆင့် ကို တက်လှမ်းနိုင်တဲ့ အတွက် ဂုဏ်ပြု လက်ဆောင် အဖြစ် ပြင်ဆင်ထားတာပါ..."

ကျန်းချဲ့က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ချီဆန်းကျား ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားခဲ့သည်။ ဤမျက်နှာပေါက်က ဘာကြောင့် ဤမျှ ရင်းနှီးနေရသနည်း ဟု သူ တွေးနေခဲ့ရာ... တကယ်တော့ ဆရာတော်ချန်မေ ဖြစ်နေခြင်းပင်။ ထိုနှစ်က ကျင်းယွမ်ကျောင်းတော် ၏ စွမ်းအားကို စုံစမ်းရန်အတွက် ဤသူ၏ ပုံတူကိုပင် သူ အထူးတလည် ရေးဆွဲခိုင်းခဲ့ဖူးသည်။

သို့သော် သူ၏ စွမ်းအားက...

"လူကို မင်း သတ်လိုက်တာလား..."

ချီဆန်းကျား က မျက်မှောင်ကြုတ်ကာ ကျန်းချဲ့ကို ကြည့်ပြီး မေးလိုက်သည်။

"ဟုတ်ပါတယ်..."

"မင်း ကိုယ်တိုင် သတ်လိုက်တာလား..."

"မှန်ပါတယ်..."

ကျန်းချဲ့က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ပြီးနောက် အမြဲတမ်း ဖိနှိပ်ထားခဲ့သော သူ၏ အရှိန်အဝါများကို ပေါက်ကွဲ ထွက်ပေါ်လာစေခဲ့သည်။

ချီဆန်းကျား မှာ ချက်ချင်း အလွန် အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ...

"ဘာ... မင်းလည်း အဆင့်တက်သွားပြီလား…”

All Chapters