← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) ဗုဒ္ဓကိုသတ်၍ တာအိုကိုဖျက်ဆီးခြင်း

ချီဆန်းကျားသည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ကျန်းချဲ့ကလည်း အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ မည်သို့မျှ မဖြစ်နိုင်သောအရာပင်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ မှတ်ဉာဏ်ထဲတွင် ကျန်းချဲ့မှာ ယွမ်ဟိုင်အဆင့်သို့ စတင်ဝင်ရောက်ကာစသာ ရှိသေးသည်။ သူက သိုင်းစိတ်ဆန္ဒကို နားလည်သဘောပေါက်ထားပြီး စွမ်းအားကြီးမားလွန်းသောကြောင့်သာ လုမိသားစုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းမှာ ထိုမျှသာ ဖြစ်သည်။ သူ၏ စွမ်းအားက ရှန်ကွမ်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။

လုမိသားစုစံအိမ်တော် ပျက်စီးသွားကြောင်းကို သူ စတင်သိရှိလိုက်ရချိန်က ရင်ထဲတွင် အလွန်စိုးရိမ်ပူပန်သွားခဲ့ပြီး ထိုက်ရှန်းမြို့သို့ အလျင်စလို ပြေးလာခဲ့ရသည်။ အဓိက ရည်ရွယ်ချက်မှာ လုကျန်းဟယ်က ကျန်းချဲ့အား လိုက်လံသတ်ဖြတ်မည်ကို ကာကွယ်ပေးရန်ပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ဆရာတော်ချန်မေကတောင် ကျန်းချဲ့၏ လက်ထဲမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ချန်မေ ဆိုသည်မှာ မည်သူနည်း။ ကျင်းယွမ်ကျောင်းတော်၏ ယခင် ခေါင်းဆောင်ဟောင်း တစ်ပါး ဖြစ်ပြီး ထိုက်အန်းဒေသ တစ်ခုလုံးရှိ ထိပ်တန်း သိုင်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက ကျင်းယွမ်ကျောင်းတော်၏ ကြီးမားသော အင်အားဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သိုင်းလောကတွင် နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။

ကျင်းယွမ်ကျောင်းတော်၏ အားအထားရဆုံး အင်အားများထဲမှ တစ်ခု ဖြစ်ကာ လုကျန်းဟယ်ထက်ပင် ပို၍ စွမ်းအားကြီးမားသူ ဖြစ်သည်။

'ဒီလိုပဲ သေသွားခဲ့တာလား... ကျန်းချဲ့ တစ်ယောက်တည်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလား'

ထိုက်ရှန်းမြို့သို့ မလာရောက်မီကဆိုလျှင် ဤကိစ္စကို သူ လုံးဝ ယုံကြည်မည် မဟုတ်ပေ။ သို့သော် အမှန်တရားက မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ သူ မယုံကြည်ဘဲ မနေနိုင်တော့ချေ။

"မနေ့က ကံကောင်းပြီး အဆင့်တက်သွားတာပါ"

ကျန်းချဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ကံကောင်းတာ ဟုတ်လား"

ချီဆန်းကျားသည် ကံကောင်းသည် ဟူသော စကားလုံးကို ဘယ်သောအခါမှ မယုံကြည်ပေ။ ကျန်းချဲ့ထံတွင် ကံကြမ္မာ၏ ဖေးမကူညီမှု ရှိနေသည်ဟုသာ သူ ထင်မြင်မိသည်။ ထို့အပြင် ၎င်းမှာ အလွန် အားကောင်းသော ကံကြမ္မာမျိုး ဖြစ်ရမည်။ သို့မဟုတ်ပါက ဤမျှ အချိန်တိုအတွင်း ဆက်တိုက် အဆင့်တက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

"ငယ်သား အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား... အဆုံးအဖြတ် တိုက်ပွဲမတိုင်ခင် ကျင်းယွမ်ကျောင်းတော်ရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်ရမယ် ပြီးတော့ တခြားလူတွေကိုလည်း သတိပေးရမယ်လို့လေ... မနေ့ကပဲ ဆေးဘုရင်တောင်ကြားကို ချုံခိုတိုက်ခိုက်ပြီး သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့တယ်... ဆေးဘုရင်တောင်ကြားထဲမှာ ငယ်သားက အရွက်ကိုးရွက်ပါ ဝိညာဉ်ဂျင်ဆင်း တစ်ပင်ကို တွေ့ခဲ့တယ်... အဲဒါကို စားလိုက်ပြီးတဲ့နောက် စွမ်းအားတွေ ရုတ်တရက် တက်လာခဲ့တာပါ"

ကျန်းချဲ့က ဆက်ပြောလိုက်သည်။

သို့သော် ချီဆန်းကျားက လက်ကို ယမ်းပြလိုက်ပြီး ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း ရှင်းပြနေစရာ မလိုပါဘူး... အဆင့်တက်နိုင်တာ ကောင်းတဲ့ကိစ္စပဲ... ငါလည်း အများကြီး ဆက်မမေးတော့ပါဘူး"

သူက အမှန်တကယ်ပင် ဆက်လက် မေးမြန်းလိုစိတ် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကျန်းချဲ့၏ ကံတရားသာ ဖြစ်ပြီး ဆက်မေးနေပါက သူ၏ ရင်ထဲတွင် မလိုလားအပ်သော လောဘစိတ်များ ပေါ်ထွက်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

"တပ်မှူးချုပ် ကြွပါ"

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ချီဆန်းကျားကို ခန်းမဆောင်ကြီး အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

ချီဆန်းကျားက သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူ ကိုယ်တိုင် ရွှမ်တန်အဆင့်သို့ ရောက်ရှိသွားသဖြင့် ပျော်ရွှင်နေမှုများပင် အနည်းငယ် လျော့ကျသွားခဲ့ရသည်။ ကျန်းချဲ့နှင့် ယှဉ်ကြည့်လိုက်ပါက ဘာများ ပျော်စရာ ကောင်းတော့မည်နည်း။

သူ မွေးရာပါအဆင့်သို့ ရောက်ရှိပြီးနောက် ဆယ်နှစ်ကျော်တိုင်တိုင် မနားမနေ ကြိုးစားလေ့ကျင့်ကာ အရင်းအမြစ်များကို စုဆောင်းပြီးမှသာ ရွှမ်တန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းချဲ့မှာ မွေးရာပါအဆင့်သို့ ရောက်ရှိပြီးချိန်မှ ယခုအချိန်အထိ အများဆုံး တွက်ကြည့်လျှင်ပင် သုံးလ ပြည့်ပါရဲ့လား။

တကယ်ကို ယှဉ်လို့မရပေ။ ယှဉ်ကြည့်လေလေ ရင်ထဲတွင် ပိုမို မွန်းကျပ်လာလေလေပင်။ ယခုအချိန်တွင် သူက ဤစကားဝိုင်းကို အမြန်ဆုံး အဆုံးသတ်ချင်နေမိသည်။

သူတို့ နှစ်ယောက် ထိုင်ခုံတွင် နေရာယူပြီးနောက် ကျန်းချဲ့က လက်ရှိ အခြေအနေများကို အစအဆုံး အသေးစိတ် ရှင်းပြလေသည်။

"ဒါဆိုရင် ကျင်းယွမ်ကျောင်းတော်နဲ့ ဖူလုံကျောင်းတော်တို့က လုံးဝ ပုန်ကန်ဖို့ ပြင်ဆင်နေကြပြီပေါ့"

ချီဆန်းကျားက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

"ငယ်သားရဲ့ အမြင်ကတော့ ဒီလိုပါပဲ... အခု ကျွန်တော်တို့က သူတို့ကို လမ်းဆုံးအထိ တွန်းပို့လိုက်ပြီ... အကယ်လို့ သူတို့ ပြန်မခုခံဘူး ဆိုရင် နောက်ပိုင်း သူတို့ရဲ့ အဆုံးသတ်က အရမ်းဆိုးရွားသွားမယ် ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိနေကြတယ်... ဒါကြောင့် အင်အား နည်းနည်း ကျန်နေသေးတဲ့ အချိန်မှာ အသေအလဲ ပြန်လည် တိုက်ခိုက်ကြမှာပဲ... ဒါပေမဲ့ ငယ်သား ထင်တာကတော့... သူတို့ ပုန်တော့ မပုန်ကန်ရဲလောက်ပါဘူး... ဒါပေမဲ့ ထိုက်အန်းဒေသ တစ်ခုလုံး ကသောင်းကနင်း ဖြစ်အောင်တော့ လုပ်ကြလိမ့်မယ်... ငယ်သားကို သတ်ပြီးတာနဲ့ ဒါကို အကြောင်းပြချက် လုပ်ပြီး အစိုးရကို နောက်ဆုတ်ဖို့ ခြိမ်းခြောက်ကြမှာပါ"

"ဟက်ဟက်... ဒါက အရင်တုန်းကလေ... အခု အခြေအနေတွေ ပြောင်းလဲသွားပြီ... ငါက ရွှမ်တန်အဆင့်ကို ရောက်နေပြီဆိုတော့... အရင်တုန်းက သူတို့တွေ အစိုးရကို ဂရုမစိုက်ဘဲ ထင်တိုင်းကျဲခဲ့တဲ့ နေ့ရက်တွေက ပြန်မလာနိုင်တော့ပါဘူး"

ချီဆန်းကျားက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးတွင် ယုံကြည်မှုများ အပြည့်အဝ ရှိနေပေသည်။

အဆင့်တူ အချင်းချင်း တိုက်ခိုက်ရမည် ဆိုပါက ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော်တို့မှ သိုင်းသခင်များကို သူ လုံးဝ မကြောက်ရွံ့ပေ။ တစ်ဖက်လူများက ရွှမ်တန်အဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ရွှမ်တန် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသရွေ့ သူက လုံးဝ ကြောက်မည် မဟုတ်ပေ။

နှစ်ပေါင်းများစွာ ထောက်လှမ်းထားသည့် သတင်းများအရ ထိုဂိုဏ်းနှစ်ခုမှ သိုင်းသခင်များသည် အသက်ငင်နေသည့် အနေအထားတွင်သာ ရှိတော့ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

"ငယ်သားလည်း ဒီလိုပဲ စဉ်းစားထားပါတယ်... အခု အချိန်အခါကောင်းကို ရောက်နေပြီ ဆိုတော့ အကြွေးဟောင်းတွေကို အကုန် ရှင်းရမယ့် အချိန်ပါပဲ... တပ်မှူးချုပ်ကို မဖုံးကွယ်တော့ပါဘူး... ငယ်သားက ကျန်းဟိုင်နန်းတော် နဲ့ ဝမ်ရှို့စံအိမ်တော် ဆီကို စာပို့ထားပြီးပါပြီ... ဂိုဏ်းနှစ်ခုစလုံးက အစွမ်းကုန် ကူညီပေးကြပါလိမ့်မယ်... ဒါဆိုရင် ကျွန်တော်တို့ ဘက်မှာ ရှန်ကွမ်းအဆင့် သိုင်းပညာရှင် သုံးယောက်နဲ့ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက် ရှိသွားပြီ... ဘယ်ဂိုဏ်းကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ကျွန်တော်တို့က အသာစီး ရမှာပါ... ဒါ့အပြင်... ငယ်သားက ထိုက်အန်းဒေသ သိုင်းလောက တစ်ခုလုံးကိုလည်း ရေတိမ်ပေါ်အောင် လုပ်ထားပါတယ်... သူတို့ကို ချင်းထျန်းဂိုဏ်းနဲ့ ပူးပေါင်း ကြံစည်တယ် ဆိုတဲ့ ခေါင်းစဉ် တပ်ပေးထားတယ်လေ... ရှင်းလင်းဖို့ အကြောင်းပြချက် ခိုင်လုံသွားတာပေါ့"

"ဒီကိစ္စကို မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... တိုက်ခိုက်တာက တိုက်ခိုက်တာပဲ... ဒါပေမဲ့ ငါကတော့ အရမ်းကြီးမားတဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး... ငါ မင်းကို မလိမ်ပါဘူး... ခုနလေးတင် ငါ ရထားတဲ့ သတင်းအရ... အခု ယွဲ့ပြည်နယ် တစ်ခုလုံးမှာ နေရာတိုင်း မငြိမ်မသက် ဖြစ်နေတယ်... ပတ်ဝန်းကျင်က ဒေသ တော်တော်များများမှာလည်း ပုန်ကန်မယ့် အရိပ်အယောင်တွေ တွေ့နေရတယ်"

ချီဆန်းကျားက ထိုနေရာသို့ အရောက်တွင် အလိုအလျောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"တကယ်ပဲ အဲဒီလို ဖြစ်နေတာလား"

ကျန်းချဲ့၏ အကြည့်များက လေးနက်သွားပြီး အချိန်ခဏမျှ စဉ်းစားပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် ကြည့်ရတာ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး... ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် ပုန်ကန်တာကလည်း... နောက်ကွယ်ကနေ သွေးထိုးပေးနေတဲ့ လူတွေ ရှိနေလို့ ဖြစ်မယ်"

"မင်း အရင်က ပြောဖူးတဲ့ ချင်းထျန်းဂိုဏ်းရဲ့ အထူးသံတမန် ဆိုတာကိုရော မှတ်မိသေးလား"

"တပ်မှူးချုပ် ဆိုလိုတာက... ချင်းထျန်းဂိုဏ်း က နောက်ကွယ်ကနေ အကွက်ဆင်နေတာ လို့ ပြောချင်တာလား"

ကျန်းချဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ သူ ပြောလိုက်သော စကားများက အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

"ချင်းထျန်းဂိုဏ်း က ဒီနှစ်တွေ တစ်လျှောက်လုံး လုံးဝ ငြိမ်သက်မနေခဲ့ဘူး... ပြီးတော့ မင်း အရင်က ပြောခဲ့တာတွေနဲ့ ပေါင်းကြည့်လိုက်ရင်... ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ချင်းထျန်းဂိုဏ်း ပါဝင် ပတ်သက်နေတယ် လို့ ငါ သံသယ ဝင်မိတယ်... မကြာခင် အချိန်တွင်းမှာ ယွဲ့ပြည်နယ် တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားမှာကိုပဲ ငါ စိုးရိမ်နေတာ"

ချီဆန်းကျားက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ကျွန်တော်တို့ လုပ်နိုင်တာ သိပ်အများကြီး မရှိပါဘူး... ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် ကို နှိမ်နင်းလိုက်နိုင်ရင် ရပါပြီ"

ကျန်းချဲ့က အပြင်ဘက်ရှိ မငြိမ်မသက်မှုများကို စိတ်မဝင်စားပေ။ ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော်သာ ရှိပေသည်။ သူတို့ကိုသာ အမြစ်ပြတ် ချေမှုန်းနိုင်ပါက ယခုမှစ၍ ထိုက်အန်းဒေသ တစ်ခုလုံးတွင် သူ ထင်တိုင်းကျဲနိုင်ပြီ ဖြစ်သည်။

သူ၏ စွမ်းအားကလည်း ကြီးမားစွာ တိုးတက်လာမည် ဖြစ်သည်။

"မင်းပြောတာ မှန်တယ်... အခု ငါတို့ အာရုံစိုက်ရမှာက ကျင်းယွမ် နဲ့ ဖူလုံ ဂိုဏ်းနှစ်ခုပဲ... မင်းကိုပါ ထည့်တွက်လိုက်ရင်... ရှန်ကွမ်းအဆင့် သိုင်းပညာရှင် သုံးယောက်... ယွမ်ဟိုင်အဆင့် သိုင်းပညာရှင် လေးယောက်... ပြီးတော့ ရွှမ်ချောင်အဆင့် သိုင်းပညာရှင် ဆယ်ယောက် နီးပါးလောက် ရှိတယ်... ပြီးတော့ ငါပါ ပါမယ် ဆိုတော့... သူတို့ကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားတော့ ရှိနေပါပြီ... တစ်ခုတည်း စိုးရိမ်နေတာက... ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် က ရွှမ်တန်အဆင့် သိုင်းသခင်တွေ ဝင်ပါလာမှာကိုပဲ"

အကယ်၍ ကျင်းယွမ်ကျောင်းတော် သို့မဟုတ် ဖူလုံကျောင်းတော် တို့ထဲမှ တစ်ခုတည်းကိုသာ ရင်ဆိုင်ရမည် ဆိုပါက သူတို့က သေချာပေါက် အသာစီး ရနေမည် ဖြစ်သည်။ သို့သော် ဂိုဏ်းနှစ်ခုက ပူးပေါင်းလိုက်ပြီး ရွှမ်တန်အဆင့် သိုင်းသခင်ပါ ဝင်ပါလာမည် ဆိုပါက...

အလွန် အန္တရာယ် များသွားနိုင်ပေသည်။

"တပ်မှူးချုပ်... မျက်နှာချင်းဆိုင် တိုက်ခိုက်တာက မသေချာဘူး ဆိုရင်... ဘာလို့ ပြောင်းပြန် အကွက်မရွှေ့ရမှာလဲ... တစ်ဂိုဏ်းချင်းစီကို အရင် နှိမ်နင်းမယ်... ဂိုဏ်းတစ်ခုကို အမြစ်ပြတ် ချေမှုန်းပြီး ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက်ကို အရင် ရှင်းပစ်မယ်... အဲဒီနောက်မှ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲကြတာပေါ့"

ကျန်းချဲ့က ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပေသည်။

အစကတည်းက သူ၏ ရည်ရွယ်ချက်က နှစ်ဖက် မျက်နှာချင်းဆိုင် အသေအလဲ တိုက်ခိုက်ရန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် တွက်ချက်ပါစေ သူတို့ဘက်က အားနည်းနေဆဲ ဖြစ်သည်။ အကယ်၍ ချီဆန်းကျားသာ ရှုံးနိမ့်သွားပါက အခြား ရွှမ်တန်အဆင့် သိုင်းသခင်ကို မည်သူက သွားရောက် ရင်ဆိုင်နိုင်မည်နည်း။

"သူတို့ရဲ့ တုံ့ပြန်မှုကို မင်းက ဘယ်လိုလုပ်ပြီး ကြိုသိနိုင်မှာလဲ"

ချီဆန်းကျားက ရယ်မောလိုက်သည်။ ကျန်းချဲ့က သူတို့ ချုံခိုတိုက်ခိုက်မည်ကို မကြောက်ဘူးလား။

"အရင်တစ်ခေါက် တိုက်ပွဲတုန်းက... ကျင်းယွမ်ကျောင်းတော်က ရိခုန်း ရဲ့ ကိုယ်ထဲကို ငယ်သားက မိစ္ဆာမျိုးစေ့ ထည့်သွင်းထားခဲ့တယ်... အခု သူက ကျွန်တော့်ဆီမှာ ခိုလှုံနေပါပြီ... သူရှိနေသရွေ့ ကျင်းယွမ်ကျောင်းတော် နဲ့ ဖူလုံကျောင်းတော် ရဲ့ လှုပ်ရှားမှုတိုင်းက... ကျွန်တော့်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်"

ယခုအချိန်တွင်မူ သူ၏ စကားကို ပိုမို အလေးထားစေရန်အတွက် ရိခုန်း၏ ကိစ္စကို ချီဆန်းကျားအား ကျန်းချဲ့က အကုန် ဖွင့်ပြောပြလိုက်ပြီ ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ မကြာမီတွင် ဆက်လက် ဖုံးကွယ်ထား၍ ရတော့မည် မဟုတ်ရာ ယခုကတည်းက ပြောပြလိုက်ခြင်းက ပိုကောင်းပေသည်။

"မင်း ပြောတာ တကယ်လား"

ချီဆန်းကျားမှာ ချက်ချင်းပင် မငြိမ်မသက် ဖြစ်သွားပြီး ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းကာ ကျန်းချဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အသက်နဲ့ သက်ဆိုင်နေတဲ့ ဒီလိုကိစ္စမျိုးကို... ငယ်သားက ဘယ်လိုလုပ် လိမ်ပြောရဲမှာလဲ"

ကျန်းချဲ့ကို အချိန်ခဏမျှ စိုက်ကြည့်ပြီးနောက် ချီဆန်းကျားက ဤကိစ္စမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ခန္ဓာကိုယ်ကို နောက်သို့ လှန်ကာ ကုလားထိုင် ကျောမှီတွင် မှီလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်ကာ မျက်မှောင်များကို ဖြည်းညင်းစွာ ကြုတ်လိုက်သည်။

ကျန်းချဲ့က သူ့ကို နောက်ထပ် အံ့ဩစရာတစ်ခု ပေးလိုက်ပြန်ပြီ ဖြစ်သည်။

ကျင်းယွမ်ကျောင်းတော်၏ အတော်ဆုံး တပည့်ကို သူက အသံတိတ် မိစ္ဆာမျိုးစေ့ ထည့်သွင်းထားနိုင်ခဲ့ပြီး သူ့ကိုပါ သစ္စာခံစေခဲ့သည်။ ဤသတင်းသာ ပြန့်သွားပါက ချက်ချင်းပင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားမည်မှာ သေချာလှပေသည်။

'ဒီကျန်းချဲ့က တကယ်ကို နည်းနည်းတော့... ကြောက်စရာ ကောင်းနေပြီ'

ဒါက ယခုမှ သူ ဖွင့်ပြောပြခြင်းသာ ဖြစ်သည်။ ချီဆန်းကျား အနေဖြင့် ယခုအချိန်တွင် ကျန်းချဲ့ကို လုံးဝ နားမလည်နိုင်တော့ဘဲ ရင်ထဲတွင် အလွန်တရာ အံ့ဩ တုန်လှုပ်နေမိသည်။

"ရိခုန်းကသာ သတင်းပေးမယ်ဆိုရင်တော့... ဒီကိစ္စက တကယ် အောင်မြင်နိုင်တယ်"

အချိန်အတော်ကြာပြီးနောက် ချီဆန်းကျားက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

"အဲဒါကြောင့် ငယ်သားရဲ့ အစီအစဉ်က... အင်အားတွေကို စုစည်းပြီး တစ်နေရာတည်းကိုပဲ အပြတ်တိုက်မယ်... ဘာပဲဖြစ်ဖြစ် ဒီမြို့စားအိမ်တော် ကလည်း ပျက်စီးနေပြီ ဆိုတော့... သူတို့ကို ပေးလိုက်ပြီး ကျွန်တော်တို့ နေရာချင်း လဲကြတာပေါ့... တပ်မှူးချုပ် ရွှမ်တန်အဆင့် တက်သွားတာကလည်း လျှို့ဝှက်ချက် တစ်ခုပဲ... ငယ်သား ရှန်ကွမ်းအဆင့်ကို ရောက်သွားတာကိုလည်း အခု ဘယ်သူမှ မသိသေးဘူးလေ... သူတို့ကို တကယ့် အံ့ဩစရာ ကြီးကြီးတစ်ခု ပေးလို့ ရတယ်... ဂိုဏ်းတစ်ခုကိုသာ အမြစ်ပြတ် ချေမှုန်းနိုင်မယ်ဆိုရင်... ကျန်တဲ့ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ လက်ထဲ ရောက်လာမှာပါပဲ"

ကျန်းချဲ့က ဖြန့်ထားသော လက်ဖဝါးကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်လိုက်သည်။

"မင်းက ဘယ်ဂိုဏ်းကို အရင် စတိုက်ဖို့ ပြင်ထားလဲ"

"အခု ကျန်းဟိုင်နန်းတော် နဲ့ ဝမ်ရှို့စံအိမ်တော် က လူတွေ လာနေကြပြီဆိုတော့... သူတို့ ရောက်လာတဲ့အချိန်ကျမှ... နောက်ဆုံး ဆုံးဖြတ်ချက် ချကြတာပေါ့"

ချီဆန်းကျားက ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

"ကောင်းပြီလေ"

'ဒီကောင်လေးက... တကယ်ကို ဉာဏ်များလွန်းတယ်'

ထိုအချိန်တွင် ကျင်းယွမ်ကျောင်းတော် အတွင်း၌... ကျန်းချဲ့က ယန်မင်ကို အသုံးပြုပြီး သူတို့အပေါ် အပြစ်များ ပုံချကာ ဆေးဘုရင်တောင်ကြားကို ဖျက်ဆီးခဲ့သော တကယ့် တရားခံများမှာ သူတို့ ဖြစ်သည်ဟု စွပ်စွဲလိုက်ကြောင်း ကြားသိလိုက်ရသောအခါ အားလုံးက ဒေါသတကြီး ဖြစ်နေကြသည်။

တကယ်ကို အဖြူအမည်း ပြောင်းပြန် လှန်ပစ်လိုက်ခြင်းပင်။

ချင်းထျန်းဂိုဏ်းနှင့် ပူးပေါင်းသည်ဟုပင် စွပ်စွဲလိုက်သေးသည်။

အရေးအကြီးဆုံး အချက်မှာ သူတို့တွင် သက်သေပြရန် ခိုင်လုံသော အထောက်အထားများ မရှိခြင်းပင် ဖြစ်သည်။ အပြင်လူများက သူတို့၏ တစ်ဖက်သတ် စကားကို ယုံကြည်မည်လား သို့မဟုတ် ဆေးဘုရင်တောင်ကြားမှ အသက်ရှင် ကျန်ရစ်သူ ယန်မင်၏ စကားကို ယုံကြည်မည်လား။

လူတိုင်းက ဒေါသထွက်နေကြသော်လည်း ဖူလုံကျောင်းတော်၏ ကျောင်းထိုင် ရွှမ်ဟယ်သခင်ကြီး ကမူ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားပြီး ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ထိတ်လန့်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ပြောသည်မှာ မမှားသောကြောင့်ပင်။ သူက ချင်းထျန်းဂိုဏ်းမှ လူများနှင့် တကယ်ပင် ပတ်သက်မှု ရှိနေခဲ့သည်။

သို့သော် ဤကိစ္စကို ပြင်ပလူ မည်သူကမျှ မသိရှိကြပေ။ ကျန်းချဲ့က ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။

'သူက တကယ်ပဲ အရာရာကို ကြိုသိနိုင်တဲ့ စွမ်းရည်များ ရှိနေတာလား'

"ကျောင်းထိုင်ဆရာတော်... ကြည့်ရတာ သိုင်းလောကက သတင်းတွေက ကျွန်တော်တို့အတွက် အဆင်မပြေဘူး ထင်တယ်... ဘုန်းကြီးရဲ့ အမြင်ကို ပြောရရင်တော့... အချိန်မဆွဲဘဲ အမြန်ဆုံး လှုပ်ရှားတာ အကောင်းဆုံးပဲ"

"ဟုတ်ပါတယ်... ကျန်းချဲ့ ဆိုတဲ့ ကောင်လေးရဲ့ နည်းလမ်းတွေက အရမ်းကို ရက်စက်လွန်းတယ်... သူ့ကို လုံးဝ အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး"

"ဒါယကာရွှမ်ဟယ်... မင်းအမြင်ကရော... ဘယ်လို လုပ်သင့်တယ် ထင်လဲ"

ဝမ်ချန်ဆရာတော်က ရွှမ်ဟယ်ဘက်သို့ အကြည့်ရွှေ့လိုက်သည်။ သူတို့ လူစု ကျင်းယွမ်ကျောင်းတော်သို့ လာရောက်ရခြင်းမှာ ဆက်လက် သည်းခံမနေတော့ဘဲ ရွှမ်ကျန်းသခင်ကြီး အတွက် ကလဲ့စားချေရန် သူတို့ကို အတူတကွ ပူးပေါင်း တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

"ဒီထက်ပိုပြီး အချိန်ဆွဲနေရင်... ကျွန်တော်တို့အတွက်..."

ရွှမ်ဟယ်သခင်ကြီး ၏ စကား မဆုံးသေးမီမှာပင် အပြင်ဘက်မှ အားကောင်းသော အရှိန်အဝါ တစ်ခုက သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ လူတိုင်းက ခေါင်းမော့ ကြည့်လိုက်ရာ အလင်းတန်း တစ်ခုက တည်ငြိမ်စွာ ဆင်းသက်လာပြီး ၎င်းမှာ မင်ဟယ်သခင်ကြီး ပင် ဖြစ်နေပေသည်။

"မင်းတို့ အကုန်လုံး ကျင်းယွမ်ကျောင်းတော်မှာ ရှိနေကြလိမ့်မယ်လို့ မထင်ထားဘူး... ဘုန်းကြီးက ဖူလုံကျောင်းတော်ကို အလကား သွားလိုက်ရတာပဲ"

ထိုက်ရှန်းမြို့မှ ဆုတ်ခွာလာပြီးနောက် သူက ဖူလုံကျောင်းတော်သို့ ပြန်သွားခဲ့သည်။ သို့သော် ဖူလုံကျောင်းတော် အတွင်းတွင် သူတို့၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရသဖြင့် မေးမြန်းကြည့်သော အခါမှသာ သူတို့ အားလုံး ကျင်းယွမ်ကျောင်းတော်သို့ သွားကြပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အလျင်စလို လိုက်လာခဲ့ခြင်း ဖြစ်သည်။

"ဦးလေး"

"ဦးလေး..."

"ဒါယကာမင်ဟယ်... ဆရာတော်ချန်မေ ကရော ဘာဖြစ်လို့ မင်းနဲ့ အတူတူ ပြန်မပါလာတာလဲ"

မင်ဟယ် တစ်ယောက်တည်းသာ ပါလာသည်ကို မြင်သောအခါ ဝမ်ချန်ဆရာတော်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အလျင်အမြန် မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ အကြည့်များက မင်ဟယ်သခင်ကြီး အပေါ်သို့ ကျရောက်သွားကြသည်။

မင်ဟယ်သခင်ကြီး က ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ သူ၏ တုံ့ပြန်မှုကြောင့် လူတိုင်း၏ ရင်ထဲတွင် အံ့ဩသွားကြပြီး မကောင်းသော ကြိုတင် ခံစားမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဆရာတော်ချန်မေ နှင့် အမြဲတမ်း ပြဿနာ တက်လေ့ရှိသော ဆရာတော်ချန်ဖုန်း ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်မှုများ ပေါ်ထွက်လာခဲ့သည်။

"ပြောလေ... အစ်ကိုတော်ချန်မေ ဘာဖြစ်သွားလို့လဲ"

"ဆရာတော်ချန်မေ က... သေလား ရှင်လား မသိရဘူး"

"ဟင်..."

"ဘယ်လို ဖြစ်ရတာလဲ"

လေကို ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီးနောက် မင်ဟယ်သခင်ကြီး က သူ၏ ခန့်မှန်းချက်များနှင့် တွက်ချက်ထားသော ဗေဒင်ကိန်းဂဏန်းများ အကြောင်းကို အားလုံး ရှင်းပြလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ငါတို့ သွားပြီး ချုံခိုတိုက်ခိုက်မယ် ဆိုတာကို... ကျန်းချဲ့က ကြိုသိနေတယ်လို့ ငါ သံသယ ဝင်မိတယ်... သူက တမင်တကာ သတ်ကွင်းတစ်ခု ဖန်တီးထားခဲ့တာ... ဆရာတော်ချန်မေ ကတော့... အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိတော့ဘူး"

"အား..."

မုတ်ဆိတ်မွေးများနှင့် ချန်ဖုန်း ၏ မျက်နှာပေါ်တွင် ဒေါသများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုတော်ချန်မေ ရဲ့ ဝိညာဉ်ကို နှစ်သိမ့်ဖို့ အတွက်... ဘုန်းကြီးက ကျန်းချဲ့ရဲ့ သွေးနဲ့ သေချာပေါက် ပူဇော်ပေးမယ်"

သူက ဆရာတော်ချန်မေ နှင့် အမြဲတမ်း အဆင်မပြေဘဲ နေ့တိုင်း နီးပါး စကားများ ရန်ဖြစ်လေ့ ရှိသော်လည်း သူတို့က ညီအစ်ကိုများ ဖြစ်ကြပြီး သံယောဇဉ် အလွန် နက်ရှိုင်းလှသည်။ ချန်မေ က သူ့ထက် အရင် သေဆုံးသွားသည်ကို သူ လုံးဝ လက်မခံနိုင်အောင် ဖြစ်နေပေသည်။

ဝမ်ချန်ဆရာတော် လည်း ခြေလှမ်းများ ယိမ်းယိုင်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်သွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် ယခင်က တည်ငြိမ်နေမှုများ လုံးဝ မရှိတော့ဘဲ အလွန်တရာ ဆိုးရွားသော အမူအရာများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ကျောင်းထိုင်ဆရာတော်... ဦးလေးတော် နဲ့ အစ်ကိုတော်ကျဲ့အဲ့ တို့ အတွက် ကလဲ့စားချေဖို့... ကျန်းချဲ့ကို သတ်ဖြတ်ခွင့် ပြုပါလို့ တပည့်တော် တောင်းဆိုပါတယ်"

"ကျောင်းထိုင်ဆရာတော်..."

အသံများက ဝမ်ချန်ဆရာတော် ၏ နားထဲသို့ တစ်ခုပြီး တစ်ခု ဝင်ရောက်လာခဲ့သည်။ သူက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျန်းချဲ့ မသေဘူး ဆိုရင်... ကျင်းယွမ် နဲ့ ဖူလုံ ဂိုဏ်းနှစ်ခုလုံးက သေချာပေါက် ပျက်စီးရလိမ့်မယ်... ပုန်ကန်တဲ့ ပြစ်မှုကြီးကို ကျူးလွန်ရမယ် ဆိုရင်တောင်မှ... သေဆုံးသွားတဲ့ သူတွေ အတွက် ကလဲ့စားချေဖို့ သူ့ကို သေချာပေါက် သတ်ရမယ်"

"ဆရာတော်ဝမ်ချန် က ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"

ရွှမ်ဟယ်သခင်ကြီး ၏ မျက်နှာက ချက်ချင်း လေးနက်သွားခဲ့သည်။

"ကျန်းချဲ့ကို ဖြည်းဖြည်းချင်း ချုံခိုတိုက်ခိုက်နေလို့ မရတော့ဘူး... ကျွန်တော်တို့ အင်အားတွေ အကုန်လုံးကို စုစည်းပြီး သူ့ကို အမြန်ဆုံး သတ်ရမယ်... လိုအပ်ရင် ရွှမ်တန်အဆင့် သိုင်းသခင်တွေကိုပါ ထုတ်သုံးရမယ်... သူ့ကို နောက်ထပ် အခွင့်အရေး နည်းနည်းလေးမှ ထပ်ပေးလို့ မဖြစ်တော့ဘူး... မဟုတ်ရင် ကျန်းချဲ့က ကျန်းဟိုင်နန်းတော်၊ ဝမ်ရှို့စံအိမ်တော် နဲ့ ချီဆန်းကျား တို့နဲ့ ပူးပေါင်းလိုက်ပြီ ဆိုတာနဲ့... သူ့ရဲ့ စွမ်းအားက ကျွန်တော်တို့ထက် အများကြီး နိမ့်ကျနေမှာ မဟုတ်တော့ဘူး... အချိန်ဆွဲလေလေ ကျွန်တော်တို့ အတွက် ပိုပြီး အန္တရာယ် များလေလေပဲ"

ဝမ်ချန်ဆရာတော်က လက်ရှိ အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။

ဒီထက်ပိုပြီး အချိန်ဆွဲနေမည် ဆိုပါက အစိုးရက အခြား နေရာမှ အင်အားကြီးသူများကို ခေါ်ယူလာသည်နှင့် သူတို့၏ နောက်ဆုံး အခွင့်အရေးပင် ပျောက်ကွယ်သွားမည် ဖြစ်သည်။ ရွှမ်တန်အဆင့် သိုင်းသခင်များကို ထုတ်သုံးမှသာ အနိုင်ရနိုင်မည် ဖြစ်သည်။

ကျန်းချဲ့ကို သတ်ဖြတ်နိုင်ပါက ကျန်ရှိနေသော ချီဆန်းကျား ကိုလည်း ရွှမ်တန်အဆင့် သိုင်းသခင်များက ဖြေရှင်းပေးလိမ့်မည်။

"ဘုန်းကြီးလည်း ဒီလိုပဲ စဉ်းစားထားပါတယ်... ကျွန်တော်တို့ရဲ့ အားသာချက်ကို အသုံးပြုပြီး ကျန်းချဲ့ရဲ့ အားနည်းချက်ကို တိုက်ခိုက်မယ်... သူ့ရဲ့ အကြံအစည်တွေ ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ... တကယ့် စွမ်းအား အစစ်အမှန် ရှေ့မှာတော့ လုံးဝ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"

ရွှမ်ဟယ်သခင်ကြီး ကလည်း အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဆက်ပြီး အချိန်ဆွဲနေမည် ဆိုပါက အခြေအနေများက ပိုမို ခက်ခဲလာမည်သာ ဖြစ်သည်။

"ပြဿနာက... ဘယ်ဂိုဏ်းက သိုင်းသခင် ဝင်ပါရမလဲ ဆိုတာပဲ"

မင်ဟယ်သခင်ကြီး က ဝမ်ချန်ဆရာတော် ဘက်သို့ အကြည့်ရွှေ့ကာ မေးလိုက်သည်။

မည်သည့် ဂိုဏ်းမှ သိုင်းသခင် ဝင်ပါသည် ဖြစ်စေ နောက်ပိုင်းတွင် အစိုးရ၏ ဖိအားများ အားလုံးက ထိုဂိုဏ်းအပေါ်သို့သာ သေချာပေါက် ကျရောက်လာမည် ဖြစ်သည်။ လက်ရှိ အခြေအနေ အရ ကြည့်မည် ဆိုပါက ကျင်းယွမ်ကျောင်းတော်က ကျန်းချဲ့အပေါ် ပိုမို မုန်းတီးနေကြောင်း သိသာထင်ရှားလှပေသည်။

"ဒီတိုက်ပွဲက ငါတို့ ဂိုဏ်းနှစ်ခုလုံးရဲ့ အသက်ရှင်သန်ရေး နဲ့ သေဆုံးရေး အပေါ်မှာ မူတည်နေတာ... အသေးအဖွဲ ကိစ္စလေးတွေကို တွက်ချက်နေမယ် ဆိုရင် အခွင့်အကောင်းတွေ လက်လွတ်သွားရုံပဲ ရှိမယ်... မဟုတ်ရင်လည်း သိုင်းသခင် နှစ်ယောက်စလုံးကို အတူတူ ထွက်ပြီး အစိုးရကို ပူးပေါင်း တိုက်ခိုက်ဖို့ တောင်းဆိုကြတာပေါ့"

ဝမ်ချန်ဆရာတော်က ခေါင်းမော့ကာ လူတိုင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ကျန်းချဲ့ တစ်ယောက်တည်းကို ရင်ဆိုင်ဖို့ အတွက်... သိုင်းသခင် နှစ်ယောက်လုံးကို ထုတ်သုံးရမယ် ဆိုတာက... သူ့ကို အရမ်း အထင်ကြီးလွန်းရာ မကျဘူးလား"

ရွှမ်ဟယ်သခင်ကြီး က ခေါင်းယမ်းလိုက်သည်။ ၎င်းမှာ တကယ်ကို ဆင်ဖမ်းမည့် ကြိုးဖြင့် ကြောင်ချည်သကဲ့သို့ ဖြစ်နေသည်ဟု သူ ခံစားရပေသည်။

ကျန်းချဲ့ တို့ ဘက်တွင် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက်မျှ မရှိပေ။ တစ်ယောက် ဝင်ပါလိုက်ရုံဖြင့် အနိုင်အရှုံးကို အပြတ်အသတ် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

"ဒါဆို ဒါယကာရွှမ်ဟယ် ရဲ့ အမြင်က... ဘယ်သူ ဝင်ပါတာ အသင့်တော်ဆုံး ဖြစ်မယ် ထင်လဲ”

All Chapters