← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) ဗုဒ္ဓကိုသတ်ဖြတ်ခြင်းက ယနေ့ပင်ဖြစ်သည်

"ကောင်းလိုက်တာ... ကြည့်ရတာ အခုဆိုရင် အရာအားလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီပဲ..."

ကျန်းချဲ့က ရိခုန်း၏ စာကို ချီဆန်းကျားအား ပေးဖတ်လိုက်ပြီးနောက် တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးများ ထွက်ပေါ်လာခဲ့သည်။ ပြိုင်ဘက်၏ အခြေအနေများကို အကုန်အစင် ထောက်လှမ်း သိရှိထားရသည့် ဤခံစားချက်က သူ့ကို အလွန် နေလို့ထိုင်လို့ ကောင်းသွားစေသည်။ ပြိုင်ဘက်များမှာ မိမိလက်ဖဝါးပေါ်မှ စစ်တုရင်ရုပ်လေးများသာ ဖြစ်သည်ဟု ခံစားနေရပေသည်။

"ဒီလိုဆိုမှတော့... စာထဲကအတိုင်းပဲ မနက်ဖြန် ကျင်းယွမ် ဘုန်းကြီးကျောင်းကို ဝင်တိုက်မယ်... ကျင်းယွမ် ဘုန်းကြီးကျောင်းက ရွှမ်တန်အဆင့် သိုင်းသခင်ကို အမြစ်ပြတ် သတ်ဖြတ်ပြီး... သူတို့ရဲ့ ပျက်သုဉ်းမှုနဲ့ လူကြီးမင်းရဲ့ အာဏာကို ကာကွယ်ရမယ်..."

"ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့..."

ချီဆန်းကျားက ခေါင်းကို လေးနက်စွာ ညိတ်လိုက်သည်။

မနက်ဖြန်တွင် ဖူလုံကျောင်းတော်မှာ လူသူကင်းမဲ့နေမည်ဖြစ်ပြီး ချုံခိုတိုက်ခိုက်ရန် ပို၍ သင့်တော်သော်လည်း သူတို့ လိုချင်သည်မှာ ဂိုဏ်းကို ဖျက်ဆီးရုံသက်သက် မဟုတ်ပေ။ တစ်ဖက်လူ၏ ရွှမ်တန်အဆင့် သိုင်းသခင်ကို သတ်ဖြတ်ပြီး နှစ်ဖက်စလုံး၏ စွမ်းအားကို မျှခြေဖြစ်သွားစေရန်ပင် ဖြစ်သည်။ ထိုအချိန်ရောက်မှသာ အစစ်အမှန် အဆုံးအဖြတ်ပေးရမည့် အချိန်အခါ ဖြစ်လာမည် ဖြစ်သည်။

"တပ်မှူးကြီး... ကျန်းဟိုင်နန်းတော်က ချန်ရှန်တုန်း နဲ့ ဝမ်ရှိုခြံဝင်းက ဝမ်နျန်ကွေ့ သားအဖတွေ မြို့တံခါးဝကို ရောက်နေပါပြီ... တပ်မှူးကြီးကို တွေ့ခွင့်တောင်းနေပါတယ်..."

ကန်းတာပြောင်က ခန်းမဆောင်အတွင်းသို့ ဝင်လာပြီး အပြင်ဘက်ရှိ အခြေအနေများကို အစီရင်ခံလိုက်သည်။

ချီဆန်းကျားနှင့် ကျန်းချဲ့တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်ကြသည်။ ဤသို့ လုံးဝ ဖုံးကွယ်ထားခြင်းမရှိဘဲ မြို့တော်ဝန်ရုံးတွင် ကိုယ်ထင်ပြလာခြင်းက ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့၏ သဘောထားကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဤသို့ ဖြစ်လေလေ သူတို့အတွက် ပို၍ အကျိုးရှိလေလေပင် ဖြစ်သည်။

"ငါ ကိုယ်တိုင် သွားကြိုလိုက်မယ်..."

ကျန်းချဲ့နှင့် ချီဆန်းကျားတို့ တစ်ပြိုင်နက်တည်း မတ်တပ်ထရပ်လိုက်ကြပြီး တစ်ဖက်လူကို သင့်လျော်သော ဧည့်ဝတ်ကျေပွန်မှု ပေးလိုက်ကြသည်။

ထင်သည့်အတိုင်းပင် ကျန်းချဲ့နှင့် ချီဆန်းကျားတို့ တစ်ပြိုင်နက်တည်း ကိုယ်တိုင် ထွက်ကြိုသည်ကို မြင်သောအခါ ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာခဲ့သည်။ တစ်ဖက်လူက ဧည့်ဝတ်ကျေပွန်ရုံသာမက ကျန်းဟိုင်နန်းတော်နှင့် ဝမ်ရှိုခြံဝင်းတို့ကို အလေးထားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

သူတို့က အစွမ်းကုန် ကူညီရန် လာရောက်ခြင်း ဖြစ်ပြီး အကူအညီ တောင်းခံရန် လာရောက်ခြင်း မဟုတ်ပေ။ အကယ်၍ ကျန်းချဲ့တို့ နှစ်ယောက်၏ သဘောထားကသာ အေးစက်စက် နိုင်နေမည်ဆိုပါက သူတို့လည်း မနေနိုင်ဘဲ တွေးတော စိုးရိမ်မိကြမည် ဖြစ်သည်။

အပြန်အလှန် နှုတ်ဆက် စကားပြောဆိုပြီးနောက် ကျန်းချဲ့က လမ်းပြကာ ထိုလူစုကို မြို့တော်ဝန်ရုံးအတွင်း၌ တစ်ခုတည်းသာ ကျန်ရစ်တော့သည့် ဧည့်ခံခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် သူတို့က တံခါးဝ၌ တင်ပျဉ်ခွေ ထိုင်လျက်သား ရှိနေသော ခေါင်းတုံး အလောင်းကြီးကို ချက်ချင်း သတိပြုမိသွားကြသည်။

ကျန်းချဲ့က ဘာကြောင့် အလောင်းတစ်လောင်းကို တံခါးဝတွင် ထားရှိရသနည်းဆိုသည်ကို အားလုံးက နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ဤသည်က အလွန် ရှောင်ကြဉ်ရမည့် နိမိတ်မကောင်းသော ကိစ္စဖြစ်သည်။ သို့သော် ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့က ထိုခေါင်းတုံးအလောင်း၏ မျက်နှာကို သေချာစွာ ကြည့်ရှုလိုက်သောအခါ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားကြသည်။

သူတို့နှစ်ယောက်၏ ရင်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤမျက်နှာပေါက်ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ အလွန် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ အချိန်ခဏမျှ စဉ်းစားပြီးနောက် သူတို့နှစ်ယောက်စလုံး ရုတ်တရက် သဘောပေါက်သွားကြပြီး သူတို့၏ အကြည့်များက ကျန်းချဲ့ထံသို့ ရောက်ရှိသွားခဲ့သည်။

"တပ်မှူးကြီးကျန်း... ဒီအလောင်းက ကျင်းယွမ် ဘုန်းကြီးကျောင်းက ချန်မေ ဘုန်းကြီးများလား..."

သူတို့ ဤသို့ တွေးမိသည်ကလည်း မဆန်းပေ။ အမှန်တကယ်တော့ ချန်မေ ဘုန်းကြီး၏ ရှည်လျားသော မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများကို တွေ့လိုက်ရပြီးနောက် သူတို့၏ ပထမဆုံး တုံ့ပြန်မှုက ဤသို့ ဖြစ်လာခြင်းပင်။ ပြီးတော့ ရင်းနှီးနေသော မျက်နှာကိုပါ ထပ်ပေါင်း စဉ်းစားလိုက်သောအခါ။

အကယ်၍ ရှည်လျားသော မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများသာ ပါဝင်မည်ဆိုပါက ချန်မေ ဘုန်းကြီး အစစ်အမှန် မဟုတ်ပါလော။ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း သူတို့နှစ်ယောက်စလုံးက ရင်ထဲတွင် သေချာနေပြီ ဖြစ်သည်။

"မှန်ပါတယ်... ဒီဘုန်းကြီးအိုက ကျုပ်ကို ချုံခိုလုပ်ကြံဖို့ ကြိုးစားခဲ့တာ... နှမြောစရာကောင်းတာက သူ့ရဲ့ စွမ်းအားက နည်းနည်းလေး လိုသွားတယ်..."

ကျန်းချဲ့က ခေါင်းကို အနည်းငယ် ညိတ်ပြကာ ချက်ချင်းပင် ဝန်ခံလိုက်သည်။

"တပ်မှူးချုပ်ချီ က တကယ်ကို စွမ်းအားကြီးမားလွန်းတာပဲ... အရင်ဆုံး လုကျန်းဟယ်ကို သတ်ပြီး အခု ချန်မေကိုပါ ထပ်သတ်နိုင်ခဲ့တယ်... ကျုပ်ဖြင့် တကယ်ကို လေးစားသွားပါပြီ..."

"တပ်မှူးချုပ်ချီ ပီသပါပေတယ်..."

သူတို့နှစ်ယောက်စလုံးက ချီဆန်းကျားကို အလွန် အံ့အားသင့် ချီးကျူးသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။ သူ ထုတ်ဖော်ပြသလိုက်သော စွမ်းအားကြောင့် အလွန် တုန်လှုပ်သွားကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ချန်မေ ဘုန်းကြီးဆိုသည်မှာ မည်သို့သော သူဖြစ်ကြောင်းကို သူတို့က အလွန် ရှင်းလင်းစွာ သိထားကြသည် မဟုတ်ပါလော။

သူ၏ စွမ်းအားက ထိုက်အန်းဒေသ တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရလောက်အောင် အစွမ်းထက်သူ ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချီဆန်းကျား၏ စွမ်းအားက မည်သည့်အဆင့်အထိ ရောက်ရှိနေပြီလဲဆိုတာကို ခန့်မှန်းနိုင်ပေသည်။ မှန်ပါသည်။ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ သတ်ဖြတ်ခဲ့သူက ချီဆန်းကျား ဖြစ်မည်ဟု တွေးထင်လိုက်ခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့တစ်ယောက်တည်းတွင်သာ ဤကဲ့သို့သော စွမ်းအားမျိုး ရှိသောကြောင့်ပင်။ ယနေ့အထိ ကျန်းချဲ့က ရှန်ကွမ်းအဆင့်သို့ တက်လှမ်းသွားပြီဆိုသည့် ကိစ္စကို သူတို့ မသိရှိကြသေးပေ။ ထို့ကြောင့် ထိုဘက်သို့ လုံးဝ စဉ်းစားမကြည့်ခဲ့ကြချေ။ မည်သို့ပင်ဆိုစေ ယွမ်ဟိုင်အဆင့်သို့ စတင်ဝင်ရောက်ကာစသာ ရှိသေးသော ကျန်းချဲ့က ရှန်ကွမ်း အထွတ်အထိပ်သို့ ရောက်ရှိနေသော အင်အားကြီးသူ တစ်ယောက်ကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်မည်နည်း။

"မိတ်ဆွေတို့ အထင်လွဲနေကြပြီ... ချန်မေကို သတ်ခဲ့တာက ငါ မဟုတ်ဘူး..."

ချီဆန်းကျားက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

သူတို့နှစ်ယောက်စလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့မှလွဲ၍ အခြား ရှန်ကွမ်းအဆင့် အင်အားကြီးသူများက အမှောင်ထဲတွင် ပုန်းကွယ်နေသေးသည်များလား။

"ဘယ်က မိတ်ဆွေများလဲ မသိဘူး... ကျုပ်တို့ကို နည်းနည်းလောက် မိတ်ဆက်ပေးလို့ ရမလား..."

"ဟုတ်တယ်..."

"မိတ်ဆွေတို့ တွေ့ချင်နေတဲ့သူက အဝေးကြီးမှာ မဟုတ်ပါဘူး... မျက်စိရှေ့မှာတင် ရှိနေတာပါ..."

"အဝေးကြီးမှာ မဟုတ်ဘဲ မျက်စိရှေ့မှာ ရှိနေတယ် ဟုတ်လား..."

သူတို့နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။

ဘေးတွင် ရပ်နေသော ကျန်းချဲ့က တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အလွန် အစွမ်းထက်သော အရှိန်အဝါ တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ သူတို့ကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"စီနီယာကြီးချန်... ဦးလေးဝမ်... ဘယ်လိုလဲ... အံ့အားသင့်စရာ ကောင်းသွားသလား..."

ကျန်းချဲ့က မိမိကိုယ်ကို ထုတ်ဖော်ပြသပြီး ကျင့်ကြံမှု စွမ်းအားများကို လုံးဝ ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်သောအခါ ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် မည်သည့် အံ့အားသင့် ဝမ်းသာမှုမျိုးမျှ မရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများသာ လွှမ်းမိုးသွားခဲ့သည်။

ချန်မေ ဘုန်းကြီးကို သတ်ဖြတ်ခဲ့သည့် ထိုရှန်ကွမ်းအဆင့် အင်အားကြီးသူက ကျန်းချဲ့ ဖြစ်နေတယ်ပေါ့။ ကျန်းချဲ့က ရှန်ကွမ်းအဆင့်ကိုတောင် ချိုးဖောက် ဝင်ရောက်သွားပြီလား။

ဤအခိုက်အတန့်တွင် ဤကိစ္စကို ကြိုတင်သိရှိထားသော ချီဆန်းကျားမှလွဲ၍ ကျန်လူများ အားလုံးမှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။ အကယ်၍ ကျန်းချဲ့က သူ၏ ကျင့်ကြံမှု စွမ်းအားကို သူတို့ မျက်စိရှေ့တွင် ကိုယ်တိုင် ထုတ်ဖော်မပြသဘဲ အခြားလူ တစ်ယောက်ယောက်ကသာ ပါးစပ်မှ ပြောပြမည်ဆိုပါက သူတို့ လုံးဝ ယုံကြည်မည် မဟုတ်ပေ။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… လုံးဝ မဖြစ်နိုင်ဘူး..’

ကျန်းချဲ့ ယွမ်ဟိုင်အဆင့်ကို ချိုးဖောက် ဝင်ရောက်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ ထို့ထက်ပိုသည်မှာ ချန်ရှန်တုန်းက လုမိသားစုစံအိမ်တွင် ကျန်းချဲ့ ယွမ်ဟိုင်အဆင့်သို့ ချိုးဖောက် ဝင်ရောက်ပြီး အရပ်လေးမျက်နှာကို အကြီးအကျယ် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသေးသည်။

အခုချိန်ထိဆိုရင် အချိန် ဘယ်လောက် ကုန်သွားသေးလို့လဲ။ ဒီလောက်နဲ့ပဲ ရှန်ကွမ်းအဆင့် ဖြစ်သွားပြီလား။ မွေးရာပါအဆင့်မှာ အဆင့်တက်လှမ်းဖို့ဆိုတာ ဘယ်အချိန်ကတည်းက ကလေးကစားစရာ ကိစ္စတစ်ခုလို ဖြစ်သွားရတာလဲ။

သို့သော် အမှန်တရားက မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ သူတို့ကို အနည်းငယ်မျှပင် သံသယ ဝင်ခွင့်မပေးတော့ပေ။ ယခုအခါတွင် သူတို့နှစ်ယောက်စလုံး လုံးဝ ဆွံ့အ တိတ်ဆိတ်သွားကြပြီ ဖြစ်သည်။

‘ကျန်းချဲ့က လူသားရော ဟုတ်သေးရဲ့လား’

'ဘာဖြစ်လို့ သူတို့တွေ ကျင့်ကြံမှု စွမ်းအား နည်းနည်းလေး တိုးတက်လာဖို့ကိုတောင် လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာ အချိန်ယူပြီး ကျင့်ကြံ နေရချိန်မှာ... သူကကျတော့ ရက်နဲ့ချီပြီး တွက်ချက်နေရတာလဲ... နေ့တိုင်း ဝိညာဉ်ဆေးပင်တွေကို စားသုံးနေရင်တောင်မှ ဒီလောက် မြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... မိစ္ဆာလမ်းစဉ်ရဲ့ အမြန်ကျင့်ကြံတဲ့ နည်းလမ်းတွေဆိုရင်တောင်မှ ဒီလောက်အထိတော့ မလွန်ကဲလောက်ပါဘူး…’

ထို့အပြင် ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများက အနည်းငယ်မျှပင် မခိုင်မာမှု မရှိသည်ကို သူတို့ ခံစားမိနေကြသည်။ ဤသည်က ကျန်းချဲ့မှာ တစ်လှမ်းချင်းစီ အခြေခံကို ခိုင်မာအောင် တည်ဆောက်ပြီးမှ ကျင့်ကြံမှုကို မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်နေပေသည်။

သူတို့နှစ်ယောက်စလုံး လုံးဝ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြသည်။ ကျန်းချဲ့က ရှန်ကွမ်းအဆင့်ကို ဘယ်လိုလုပ်ပြီး ချိုးဖောက် ဝင်ရောက်သွားသလဲဆိုတာကို စဉ်းစားမရရုံသာမက... ရှန်ကွမ်းအဆင့်ကို စတင်ဝင်ရောက်ကာစ အချိန်လေးမှာတင် ရှန်ကွမ်း အထွတ်အထိပ် ကျင့်ကြံမှုရှိတဲ့ ချန်မေ ဘုန်းကြီးကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့သလဲ ဆိုတာကိုပါ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြသည်။

ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့၏ မျက်နှာထားများကို ကြည့်ရင်း ချီဆန်းကျား၏ ရင်ထဲတွင် အများကြီး သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။ အနည်းဆုံးတော့ သူက ကျန်းချဲ့ အဆင့်တက်သွားကြောင်းကို သိလိုက်ရချိန်တွင် ဤမျှလောက် ကြီးမားသော တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုနှစ်ယောက်၏ စိတ်နေစိတ်ထားက နည်းနည်းတော့ လိုအပ်နေသေးသည်ဟု ဆိုရမည်။ ကောင်းကင်ဘုံက ရွေးချယ်ခံရသူ ဆိုတာ ဘာလဲဆိုတာကို သူတို့ မသိကြဘူးလား။

ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်လာသည့်တိုင်အောင် ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့ နှစ်ယောက်မှာ သူတို့၏ စိတ်ခံစားချက်များကို လုံးဝ ငြိမ်သက်အောင် မလုပ်နိုင်သေးဘဲ အလွန်အမင်း တုန်လှုပ်နေဆဲပင် ဖြစ်သည်။ ကျန်းချဲ့နှင့် ယှဉ်ကြည့်လိုက်ပါက ဤနှစ်တွေတစ်လျှောက်လုံး သူတို့ ကျင့်ကြံခဲ့သမျှက ခွေးတစ်ကောင်ရဲ့ ကိုယ်ပေါ်မှာ သွားပြီး ကျင့်ကြံနေသလို ခံစားနေရသည်။

"တပ်မှူးကြီးကျန်း... အရင်က ကျုပ် ဖိတ်ခေါ်ခဲ့တာကို မှတ်မိသေးရဲ့လား... အခု လူကြီးမင်း ပြောခဲ့တဲ့အတိုင်းပဲ... အစိုးရ ရာထူးကို ယူထားရင်းနဲ့ ကျန်းဟိုင်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်လာဖို့ ဘယ်လိုသဘောရလဲ..."

ကျန်းချဲ့၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံရေး အမြန်နှုန်း အရှေ့တွင် ဂိုဏ်းစည်းကမ်းဆိုတာ ဘာလဲ... သိုင်းလောကနဲ့ အစိုးရက ရေနဲ့မီးလို ဖြစ်နေတယ်ဆိုတာ ဘာလဲ... အားလုံး ငရဲပြည်ကိုပဲ သွားကြပါစေ... ချန်ရှန်တုန်းက သူ၏ ကိုယ်ပိုင် စည်းမျဉ်းများ အားလုံးကို စွန့်လွှတ်လိုက်ပြီး ယခုအချိန်တွင် ကျန်းချဲ့ကို ကျန်းဟိုင်နန်းတော်၏ အင်အားစုထဲသို့ ဆွဲသွင်းရန်သာ မျှော်လင့်နေတော့သည်။

"မိတ်ဆွေချန် က ငါ့ကို လုံးဝ အလေးမထားတော့ဘူးပဲ..."

ချီဆန်းကျားက နောက်ပြောင်လိုက်သည်။

"တပ်မှူးကြီးကျန်း... ကျုပ်မှာ သမီး အနည်းငယ် ရှိသေးတယ်... ရုပ်ရည်ကလည်း မဆိုးပါဘူး... နည်းနည်းလောက် စဉ်းစားကြည့်ပါဦးလား... ပင်မ ဇနီးကြီး နေရာကို မတောင်းဆိုပါဘူး... တပ်မှူးကြီးကျန်းရဲ့ ဘေးမှာ ပြုစုခွင့်ရရင်ပဲ သူတို့အတွက် ကံကောင်းမှု တစ်ခုပါပဲ..."

ဝမ်နျန်ကွေ့ကလည်း အလျင်အမြန် ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော ဝမ်ဖန်ယွင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ အဖေက ဤမျှလောက်အထိ အရှက်မရှိ လုပ်ရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဒီကိစ္စကို နောက်မှပဲ ဆွေးနွေးကြတာပေါ့... ဒီနေ့ စီနီယာကြီး နှစ်ယောက်ကို ဖိတ်ခေါ်ရတာက ကိစ္စ တစ်ခုတည်း အတွက်ပါပဲ... ဗုဒ္ဓကိုသတ်ပြီး တာအိုကို ဖျက်ဆီးဖို့ပါ..."

ကျန်းချဲ့က လက်ကာပြလိုက်ပြီး စကားလမ်းကြောင်းကို အဓိက အကြောင်းအရာဆီသို့ ပြန်ဆွဲခေါ်လိုက်သည်။ ယခုအချိန်က နှစ်ဖက်စလုံး ရန်သူအဖြစ် ထိပ်တိုက်ရင်ဆိုင်ရမည့် အရေးကြီးဆုံး အချိန်အခါဖြစ်ရာ သေချာပေါက် လေးနက်ရမည် မဟုတ်ပါလော။ သမီးပေးစားဖို့ ကိစ္စတွေကို ဘယ်လိုလုပ်ပြီး လာပြောနေရတာလဲ။

"ကျုပ်က ဘာမှ သဘောထားကွဲလွဲစရာ မရှိပါဘူး... ဒီတစ်ခေါက် ကျန်းဟိုင်နန်းတော်က လက်ရွေးစင် တပည့်တွေ အကုန်လုံးကို ခေါ်လာခဲ့ပြီးပါပြီ... အခုဆို ထိုက်ရှန်းမြို့ အပြင်ဘက်မှာ ရှိနေပါတယ်... တပ်မှူးကြီးကျန်း နဲ့ တပ်မှူးချုပ်ချီ တို့ အမိန့်ပေးလိုက်တာနဲ့... ကျွန်တော်တို့ စစ်မျက်နှာပြင် ဖွင့်ပြီး... သူတို့နဲ့ ဓားအစစ် လှံအစစ် တွေနဲ့ အသေအလဲ တိုက်ပွဲဝင်ကြတာပေါ့..."

"ကျုပ်လည်း အတူတူပါပဲ... ကျုပ်တို့ မိသားစုရဲ့ ဘိုးဘေးကြီးလည်း မြို့ပြင်မှာ ရောက်နေပါပြီ... အချိန်မရွေး လှုပ်ရှားဖို့ အဆင်သင့်ပါပဲ..."

သူတို့နှစ်ယောက်စလုံး မျက်နှာထား လေးနက်သွားကြပြီး ချက်ချင်း ပြောလိုက်ကြသည်။

"ကျွန်တော်နဲ့ တပ်မှူးချုပ်ချီ ရဲ့ ရည်ရွယ်ချက်က... ဗုဒ္ဓကို အရင်သတ်ပြီးမှ တာအိုကို ဖျက်ဆီးဖို့ပဲ... သူတို့ကို ထိုက်ရှန်းမြို့ထဲ ဝင်လာအောင် မျှားခေါ်ပြီး... ကျွန်တော်တို့က အခွင့်အရေးယူကာ လှည့်ပတ်သွားပြီး ကျင်းယွမ် ဘုန်းကြီးကျောင်းကို ချုံခိုတိုက်ခိုက်မယ်... တစ်ဖက်လူရဲ့ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက်ကို အရင် ရှင်းလင်းပစ်ရမယ်..."

ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ရွှမ်တန်အဆင့် သိုင်းသခင်ကို ရှင်းပစ်မယ် ဟုတ်လား..."

ချန်ရှန်တုန်းနှင့် ဝမ်နျန်ကွေ့တို့ နှစ်ယောက်စလုံး၏ မျက်ခွံများ တစ်ပြိုင်နက်တည်း လှုပ်ခတ်သွားခဲ့သည်။ သူတို့က စစ်ပွဲ စတင်ရန်သာ ရည်ရွယ်ခဲ့ပြီး ရွှမ်တန်အဆင့် သိုင်းသခင်နှင့် သွားရောက် တိုက်ခိုက်ရန် လုံးဝ မစဉ်းစားထားခဲ့ပေ။ သို့သော် ကျန်းချဲ့ ပြောသည်ကလည်း အဓိပ္ပာယ် ရှိနေပေသည်။

ရွှမ်တန်အဆင့် သိုင်းသခင်ကို မသတ်ဖြတ်နိုင်ပါက ကျင်းယွမ် ဘုန်းကြီးကျောင်းနှင့် ဖူလုံကျောင်းတော်တို့မှ အင်အားကြီးသူများ အားလုံးကို သူတို့ သတ်ဖြတ်နိုင်ခဲ့လျှင်တောင် နောက်ပိုင်းတွင် သေချာပေါက် ကလဲ့စားချေ ခံရမည်ပင် ဖြစ်သည်။

"ကျွန်တော်တို့ လေးယောက် အတူတူ ပူးပေါင်းမယ် ဆိုရင်တော့... ကျင်းယွမ် ဘုန်းကြီးကျောင်းက သိုင်းသခင်ကို ရင်ဆိုင်ဖို့ ဆိုတာ လုံးဝ မျှော်လင့်ချက် မရှိတာတော့ မဟုတ်ပါဘူး... ကောင်းပြီ... မိတ်ဆွေတို့ နှစ်ယောက် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."

ချန်ရှန်တုန်းက အချိန်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ မွေးရာပါအဆင့်နှင့် ရွှမ်တန်အဆင့် အကြားတွင် ကွာဟချက် အလွန် ကြီးမားလှသော်လည်း ဝိုင်းဝန်း တိုက်ခိုက်ပြီး အဖိုးအခ အနည်းငယ် ပေးဆပ်ရမည်ဆိုပါက လုံးဝ အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။ ကျန်းချဲ့နှင့် ချီဆန်းကျားတို့ ထုတ်ဖော် ပြသထားသော စွမ်းအားများအရ ဆိုလျှင်... တကယ်ကို လုပ်နိုင်စွမ်း ရှိပေသည်။

"စီနီယာကြီးတို့ နှစ်ယောက် မသိသေးတာ ဖြစ်နိုင်တယ်... မနေ့ကတင် တပ်မှူးချုပ်ချီ က အမြုတေ တည်ပြီး ရွှမ်တန်အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ... ကျင်းယွမ် ဘုန်းကြီးကျောင်းက အဲဒီ သိုင်းသခင်ကို ရှင်းလင်းလိုက်နိုင်တာနဲ့... နောက်ပိုင်း ကိစ္စတွေ အားလုံးက လွယ်ကူသွားပါပြီ..."

ကျန်းချဲ့က ချီဆန်းကျား၏ သတင်းကို ဖြည်းညင်းစွာ ထုတ်ဖော် ပြောဆိုလိုက်သည်။

ဤစကား ထွက်ပေါ်လာသည်နှင့် သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ချီဆန်းကျားထံသို့ အကြည့်များ ရွှေ့သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ထပ်မံ ဖြတ်ပြေးသွားခဲ့သည်။

‘ဘာ... ချီဆန်းကျားက အမြုတေ ဖွဲ့စည်းသွားနိုင်ပြီလား... ဒါက... ဒါက…’

သူတို့နှစ်ယောက်စလုံးမှာ ယခုအခါတွင် အံ့အားသင့်စရာများက တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာသဖြင့် လုံးဝ လက်ခံရန်ပင် အချိန်မရနိုင်အောင် ဖြစ်နေကြသည်။

ဘေးတွင် ရပ်နေသော ဝမ်ဖန်ယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ ကျန်းချဲ့နှင့် ချီဆန်းကျားတို့ နှစ်ယောက်၏ ပူးပေါင်း လုပ်ဆောင်မှုက တကယ်ကို ကောင်းမွန်လှပေသည်။ တစ်ယောက်က တစ်ယောက်အတွက် ကြွားလုံးထုတ်ပေးနေကြပြီး သူ၏ အဖေနှင့် ချန်ရှန်တုန်းတို့ကို အဆက်မပြတ် အံ့ဩ တုန်လှုပ်သွားအောင် လုပ်ဆောင်နေကြသည်။

ချီဆန်းကျားက ကျန်းချဲ့၏ ယခုလို အချိန်ကိုက် ဝင်ရောက် ပြောဆိုပေးမှုကို အလွန် သဘောကျနေသည်။ ကျန်းချဲ့က သူ့ဘာသာ အစွမ်းပြပြီးပြီ ဖြစ်ရာ ယခု သူ့အလှည့် ရောက်လာပြီ မဟုတ်ပါလော။ ချက်ချင်းပင် အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုက ခန်းမဆောင်အတွင်း မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

'ရွှမ်တန်... ရွှမ်တန်အဆင့်ပဲ…’

ချီဆန်းကျား၏ ဖိအားများ ထွက်ပေါ်လာသည့် အချိန်တွင် ချန်ရှန်တုန်းတို့ နှစ်ယောက်စလုံးက ဤကိစ္စကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာ ပျော်ရွှင်သွားကြသည်။ ဤသည်က လုံးဝ စွန့်စားနေစရာ မလိုတော့ပေ။ သူတို့၏ အနိုင်ရနိုင်ခြေက အလွန် ကြီးမားနေပြီ ဖြစ်သည်။ ကျင်းယွမ် ဘုန်းကြီးကျောင်းနှင့် ဖူလုံကျောင်းတော်တို့တွင် ရွှမ်တန်အဆင့် သိုင်းသခင် ရှိနေမည်ဆိုလျှင်တောင်မှ သူတို့ မကြောက်ရွံ့တော့ပေ။

"တပ်မှူးချုပ်ချီ အမြုတေ ဖွဲ့စည်းနိုင်ခဲ့ပြီး... သက်တမ်း နှစ်သုံးရာ ထပ်မံ ရရှိလို့ ဂုဏ်ပြုပါတယ်..."

"တပ်မှူးချုပ်ချီ အမြုတေ ဖွဲ့စည်းနိုင်ခဲ့ပြီး... သက်တမ်း နှစ်သုံးရာ ထပ်မံ ရရှိလို့ ဂုဏ်ပြုပါတယ်..."

သူတို့နှစ်ယောက်က တစ်သံတည်း ပြိုင်တူ ပြောဆိုလိုက်ကြသည်။

"ဟားဟားဟား..."

"တပ်မှူးကြီးကျန်း... တခြား အံ့အားသင့်စရာတွေ ရှိသေးရင်... တစ်ခါတည်း အကုန် ပြောပြလိုက်ပါတော့..."

ချန်ရှန်တုန်း၏ သံသယ ဝင်နေသော အကြည့်များက ကျန်းချဲ့ထံသို့ ရောက်ရှိသွားပြီး ယခုမှ သဘောပေါက်သွားကာ ချက်ချင်း မေးမြန်းလိုက်သည်။

"ဟီးဟီး... မရှိတော့ပါဘူး... တကယ် မရှိတော့ပါဘူး..."

"ကျွန်တော်တို့ ဘယ်အချိန် လှုပ်ရှားကြမလဲ..."

ဝမ်နျန်ကွေ့မှာ အလွန် စိတ်လှုပ်ရှားပြီး မစောင့်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒီည ညအချိန်ကို အခွင့်ကောင်းယူပြီး ထိုက်ရှန်းမြို့ကနေ ထွက်ခွာမယ်... လှည့်ပတ်ပြီး ကျင်းယွမ် ဘုန်းကြီးကျောင်းကို သွားမယ်... မနက်ဖြန် မနက်စောစော... ဗုဒ္ဓကို သတ်မယ်..."

"ကောင်းပြီ..."

"ကောင်းပြီ..."

ယခုအခါတွင် အစိုးရနှင့် သိုင်းလောက အင်အားစုများ အားလုံးက လှုပ်ရှားရန် ပြင်ဆင်မှုများ ပြီးစီးနေကြပြီ ဖြစ်သည်။ အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး ဖူလုံကျောင်းတော်သို့ သွားရောက်သော လူများက ကျင်းယွမ် ဘုန်းကြီးကျောင်းသို့ ပြန်လည် ရောက်ရှိလာကာ အကြီးအကဲချုပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း သူတို့ကို ပြောပြလိုက်ကြသည်။

ချက်ချင်းပင် အဆင်သင့် ဖြစ်နေသော လူများ အားလုံးက ညအချိန်တွင် ခရီးနှင်ကာ မနက်ဖြန် မနက်စောစောတွင် ရုတ်တရက် ချုံခို တိုက်ခိုက်ပြီး ကျန်းချဲ့ကို ဘာမှ ပြင်ဆင်ချိန် မရလိုက်အောင် လုပ်ဆောင်ရန် ပြင်ဆင်လိုက်ကြသည်။ ကျန်းချဲ့က သူတို့၏ လှုပ်ရှားမှုများကို စောစောကတည်းက ကြိုတင် တွက်ဆထားပြီး ဖြစ်ကြောင်းကိုတော့ လုံးဝ မသိရှိကြပေ။

"ကျောင်းထိုင်ဆရာတော်... တုနန် ဆရာဘိုးဘိုးကြီးက တပည့်တော်ကို ခိုင်းစရာ ရှိတယ် ဆိုပြီး ကျန်ခဲ့ဖို့ ပြောပါတယ်..."

ထွက်ခွာမည့် အချိန် မတိုင်မီ ဆယ့်ငါးမိနစ် အလိုတွင် ရိခုန်းက ဝမ်ချန် ဆရာတော်ကို ရှာတွေ့သွားပြီး လိမ်ညာသော အကြောင်းပြချက် တစ်ခုကို ဖန်တီး ပြောဆိုလိုက်သည်။

"ကောင်းပြီ... ဒါဆို မင်း ကျောင်းတော်မှာပဲ ကျန်ခဲ့ပြီး စောင့်နေလိုက်တော့..."

ဝမ်ချန် ဆရာတော် အပါအဝင် ကျင်းယွမ် ဘုန်းကြီးကျောင်းမှ အခြားသော ရဟန်းတော်များ အားလုံးကလည်း သူ့ကို လုံးဝ သံသယ မဝင်ခဲ့ကြပေ။ သို့သော် အမြဲတမ်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသော လီတောက်ဖျင် ကတော့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် အများကြီး မေးမြန်းရန် မသင့်တော်ပေ။

"တာအို မိတ်ဆွေတို့... မိစ္ဆာကို သတ်ဖြတ်ပြီး တာအိုကို ကာကွယ်မယ့် ကိစ္စက မနက်ဖြန်မှာပါ... ဒါက ကျင်းယွမ် နဲ့ ဖူလုံ ဂိုဏ်း နှစ်ခုလုံးရဲ့ အသက်ရှင်သန်ရေး နဲ့ သေဆုံးရေး အပေါ်မှာ မူတည်နေတာမို့... အားလုံးက သေချာ ဂရုစိုက်ကြဖို့ တောင်းဆိုပါတယ်..."

"မှန်ပါတယ်... ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျန်းချဲ့ ဆိုတဲ့ မိစ္ဆာကောင်ကို သတ်ဖြတ်ဖို့ပါ... တကယ် အသေအလဲ ပုန်ကန်ဖို့ မဟုတ်ပါဘူး... ကျန်းချဲ့ သေသွားပြီ ဆိုတာနဲ့... လူတိုင်းက ဘုန်းကြီး နဲ့ ဒကာရွှမ်ဟယ် တို့ရဲ့ အချက်ပြမှုကို စောင့်ပြီးမှ လှုပ်ရှားကြပါ... အဲဒီ ချီဆန်းကျား ကို အရမ်း အတင်းအကျပ် ဖိအား မပေးမိပါစေနဲ့..."

ဝမ်ချန် ဆရာတော် ကလည်း သတိပေး မှာကြားလိုက်သည်။

"အကယ်လို့ ကျန်းဟိုင်နန်းတော် နဲ့ ဝမ်ရှိုခြံဝင်း က လူတွေက ဝင်ပါလာရင် ဘယ်လို လုပ်မလဲ..."

တစ်ယောက်က ဤအချိန်တွင် ဝင်မေးလိုက်သည်။

"အကယ်လို့ ကျန်းဟိုင်နန်းတော် နဲ့ ဝမ်ရှိုခြံဝင်း က မိစ္ဆာလမ်းစဉ် ဘက်ကို ပါသွားတယ် ဆိုရင်... ကျွန်တော်တို့က ထိုက်အန်း သိုင်းလောက အတွက် ဒီဘေးဒုက္ခ နှစ်ခုကို အပြီးတိုင် ရှင်းလင်းပေးလိုက်ရုံပေါ့..."

ရွှမ်ဟယ် တာအိုဆရာ၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်ထွက်လာပြီး မျက်လုံးအောက်ခြေတွင် သတ်ဖြတ်လိုစိတ် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

"ကျောင်းထိုင် ဆရာတော် ရဲ့ အမိန့်ကို နာခံပါ့မယ်..."

"ကျောင်းထိုင် ဆရာတော် ရဲ့ အမိန့်ကို နာခံပါ့မယ်..."

လူတိုင်း သစ္စာဆိုနေကြသည့် ပုံစံကို ကြည့်ရင်း အနောက်ဘက်တွင် ရပ်ကြည့်နေသော ရိခုန်း၏ အကြည့်များက အမြဲတမ်း တည်ငြိမ်နေပေသည်။ မနက်ဖြန်တွင် ကျင်းယွမ် ဘုန်းကြီးကျောင်း ဆိုသော ဤညစ်ညမ်းလှသည့် ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ပျက်သုဉ်းသွားတော့မည်ကို သူ ကြိုတင် ခံစားမိနေပြီ ဖြစ်သည်။ သူ ကတော့ ဗုဒ္ဓဘာသာကို အသစ် ပြန်လည် တည်ဆောက်မည့်သူ ဖြစ်လာလိမ့်မည်။

သို့သော် နောက်သို့ လှည့်ကာ ရင်းနှီးနေသော ကျောင်းတော်အတွင်းရှိ အဆောက်အအုံများကို ကြည့်ရင်း ဘာကြောင့်မှန်း မသိဘဲ ရိခုန်း ၏ ရင်ဘတ်ထဲတွင် ရုတ်တရက် နာကျင်မှုကို သဲ့သဲ့လေး ခံစားလိုက်ရသည်။ လက်ဖြင့် ရင်ဘတ်ကို ဖိထားကာ ရိခုန်း က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ လုပ်တာ မမှားဘူး... ငါက စစ်မှန်တဲ့ ဘုရားရှင် အတွက်ပါ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျက်လုံးအိမ်များထဲတွင် သွေးရောင်များ ပြည့်နှက်သွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင်... စောစောကတည်းက အဆင်သင့် ပြင်ဆင်ထားသော ဖူလုံကျောင်းတော်နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်းမှ လူတစ်စုက ထိုက်ရှန်းမြို့ အပြင်ဘက်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် အနည်းငယ်မျှပင် တွန့်ဆုတ်မနေတော့ဘဲ ယခင်က ပြင်ဆင်ထားသည့် အတိုင်း ထိုက်ရှန်းမြို့ကို အရပ်လေးမျက်နှာမှ အသီးသီး ဝိုင်းရံလိုက်ကြသည်။ လေဟာနယ်တွင် အလင်းတန်းများ အဆက်မပြတ် လင်းလက်သွားပြီး မြို့တော်ဝန်ရုံးကို တင်းကျပ်စွာ ဝိုင်းရံထားလိုက်ကြသည်။

"ကျန်းချဲ့ ခွေးသူခိုး... ထွက်လာပြီး အသေခံစမ်း..."

"ကျန်း မိစ္ဆာ ဘယ်မှာလဲ..."

"ဒီနေ့... ငါတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် က ထိုက်အန်း သိုင်းလောက မိတ်ဆွေတွေ အတွက် ဒီမိစ္ဆာကောင်ကို အပြီးတိုင် ဖယ်ရှားပေးမယ်..."

အသံများက ကောင်းကင်နှင့် မြေကြီး အကြား လေဟာနယ်တွင် အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့သည်။ လူဆယ်ယောက်ကျော်၏ ပုံရိပ်များက လေဟာနယ်ထဲတွင် ရပ်နေကြပြီး ကြီးမားလှသော လှုပ်ရှားမှုများက အောက်ဘက်ရှိ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားကာ အားလုံးက အကြည့်များကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ စကားများက လူတိုင်း၏ ရင်ထဲတွင် မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

'ဘာအခြေအနေလဲ... ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် က ပုန်ကန်တော့မလို့လား…’

'ပွဲကောင်း ကြည့်ရတော့မယ်…’

အေးစက်စွာ ဘေးမှ ရပ်ကြည့်နေသူများ လည်း ရှိသလို၊ အသက်ရှူောင်ပြီး ပျော်ရွှင်နေသူများ လည်း ရှိကြသည်။ လောကကြီး ကမောက်ကမ မဖြစ်မှာကို စိုးရိမ်နေသူများ လည်း ရှိကြပေသည်။

ဒါပေမဲ့...

လူတိုင်း လုံးဝ ထင်မှတ်မထားသည်မှာ ယခုအခါ မြို့တော်ဝန်ရုံးက အမြဲတမ်း တိတ်ဆိတ် ငြိမ်သက်နေပြီး မည်သူကမျှ ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။ ဤနေရာတွင် စောစောကတည်းက လူသူ ကင်းမဲ့နေသကဲ့သို့ ပင် ဖြစ်နေပေသည်။

"လူတွေကော..."

ယခုအခါ လူတိုင်းက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာကြသည်။

"အခြေအနေ က... နည်းနည်းတော့ မှားယွင်းနေသလိုပဲ..."

ရွှမ်ဟယ် တာအိုဆရာ နှင့် ဝမ်ချန် ဆရာတော် တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မကောင်းသော ကြိုတင် ခံစားမှုများ ဖြစ်ပေါ်လာခဲ့သည်။ ချက်ချင်းပင် လေဟာနယ်ထဲမှ ဆင်းသက်လာပြီး ဧည့်ခံခန်းမဆောင် အရှေ့တွင် ရပ်တန့်လိုက်ကြသည်။ သူတို့၏ အကြည့်များက အရှေ့တွင် ဒူးထောက်လျက်သား ရှိနေသော ခေါင်းတုံး အလောင်းကြီး အပေါ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအလောင်း၏ အပေါ်တွင် အဝါရောင် စက္ကူ တစ်ရွက်ကို ကပ်ထားသောကြောင့် ပင် ဖြစ်သည်။

သူတို့နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးသွားကာ အပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသော သွေးရောင် စာလုံးကြီး ရှစ်လုံးကို မြင်တွေ့လိုက်ရသည်။

"ဗုဒ္ဓကိုသတ်ပြီး တာအိုကို ဖျက်ဆီးမယ်..."

"ဒီနေ့ပဲ ဖြစ်ရမယ်…”

​

All Chapters