အခန်း ၁၇၁
Vol. 18 Ch. 171
(၁၇၁) ဓားဖြင့် သိုင်းသခင်ကို ခုတ်ပိုင်းခြင်း
လူအများ၏ အာရုံစိုက်မှု အောက်တွင် မိစ္ဆာနှိမ်နင်းရေး မျှော်စင်ကြီးက တဂျုန်းဂျုန်း မြည်ဟည်းနေသည်။
မြေနဂါး လူးလွန့်နေသကဲ့သို့ ပင် ဖြစ်သည်။
နောက်တစ်ခဏတွင် မိစ္ဆာနှိမ်နင်းရေး မျှော်စင်ကြီးကို ဖောက်ထွက်လာသော အလင်းတန်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့် အတူ နှစ်ပေါင်းရာချီ တည်ဆောက်ထားခဲ့သော မိစ္ဆာနှိမ်နင်းရေး မျှော်စင်ကြီးက ချက်ချင်း ပေါက်ကွဲ ပျက်စီးသွားပြီး ဖုန်လုံးကြီးများက ပေပေါင်းများစွာ အမြင့်သို့ တက်သွားသည်။
လူတိုင်း၏ မျက်စိရှေ့တွင် ဖုန်လုံးကြီးများ ကြားမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
အနက်ရောင် ဆံပင်များ၊ သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အနက်ရောင် အငွေ့အသက်များ လွှမ်းခြုံနေသော ဓားရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားကာ ခေါင်းကို မော့လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သွေးရောင်များ ပြည့်နှက်နေပေသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျန်းချဲ့ပင် ဖြစ်သည်။
"ဟူး"
လေအေးများ တိုက်ခတ်လာပြီး ကျန်းချဲ့က လေဟာနယ်ထဲသို့ ခုန်တက်သွားကာ ချီဆန်းကျားနှင့် မျက်နှာချင်းဆိုင် ရပ်နေသော တုနန် ဆရာတော်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ယခုအချိန်တွင် သူ၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။
စကား အပို မပြောတော့ဘဲ လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ကာ ဒန်တျန်အတွင်းရှိ ဆူပွက်နေသော စစ်မှန်သည့် ယွမ်စွမ်းအင်များကို ဝမ်ကျဲ့ မိစ္ဆာဓား အတွင်းသို့ ထည့်သွင်းလိုက်ပြီး အရှေ့သို့ အားကုန် ခုတ်ချလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကြီးက ပေခြောက်ဆယ်ကျော်ခန့် ရှည်လျားပြီး တုနန် ဆရာတော်ဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။ သို့သော် တုနန် ဆရာတော်က လျင်မြန်စွာ ရှောင်တိမ်းသွားသဖြင့် ဓားအလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားပြီး ထူထပ်သော အနက်ရောင် တိမ်တိုက်များကို ခွဲခြမ်းပစ်လိုက်သည်။
တိမ်တိုက်များကို ခွဲပြီး နေမင်းကို မြင်တွေ့လိုက်ရသကဲ့သို့ စူးရှတောက်ပသော ရွှေရောင် အလင်းတန်းများက ကျန်းချဲ့၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ့ကို နတ်ဘုရား တစ်ပါးကဲ့သို့ ထင်ဟပ်စေသည်။
အောက်ဘက်တွင် ရိခုန်း ဘုန်းကြီးက မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာများဖြင့် ကြည့်နေပေသည်။
'စစ်မှန်တဲ့ ဘုရားရှင်'
'စစ်မှန်တဲ့ ဘုရားရှင်'
'ထင်တဲ့အတိုင်းပဲ... စစ်မှန်တဲ့ ဘုရားရှင် ကသာ မိစ္ဆာဓားကို နှိမ်နင်းနိုင်တာ...'
သူ၏ ရွေးချယ်မှုက မမှားခဲ့ပေ။ ကျင်းယွမ် ဘုန်းကြီးကျောင်းကို သစ္စာဖောက်လိုက်ခြင်းက မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ ရွေးချယ်ခဲ့သည်မှာ စစ်မှန်သော မဟာမေတ္တာ တရား၊ မဟာယန ဗုဒ္ဓဘာသာ ဖြစ်သောကြောင့် ပင် ဖြစ်သည်။
"အရမ်း အစွမ်းထက်တာပဲ"
အောက်ဘက်ရှိ မွေးရာပါအဆင့် သိုင်းသမား အများအပြားက ဤဓားချက်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ ရင်ထဲတွင် အလွန်တရာ အံ့ဩ တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ချန်ရှန်တုန်း က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ အကယ်၍ သူသာ ဆိုလျှင်...
ဤဓားချက်ကို ရှောင်လွှဲနိုင်မည် မဟုတ်သလို ကာကွယ်ရန်လည်း အလွန် ခက်ခဲလှပေမည်။
ဆိုလိုသည်မှာ ယခုအခါ ကျန်းချဲ့၏ စွမ်းအားက သူ့ထက် အများကြီး သာလွန်နေပြီ ပင် ဖြစ်သည်။
သေချာသည်မှာ ကျန်းချဲ့ အားကိုးနေသည်မှာ သူ၏ လက်ထဲရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော ဓားရှည်ကြီး ဖြစ်ကြောင်းကိုလည်း သူ မြင်တွေ့နိုင်ပေသည်။ ထိုဓားမှ ထွက်ပေါ်နေသော ရက်စက်သည့် အငွေ့အသက်များကို အဝေးမှနေ၍ပင် သူ ခံစားသိရှိနိုင်ပေသည်။
သေချာပေါက် သာမန် လက်နက် မဟုတ်ပေ။
"ဓားကောင်း တစ်လက်ပဲ"
ချန်ရှန်တုန်း ပင်လျှင် ဝမ်ကျဲ့ မိစ္ဆာဓား၏ ကြောက်မက်ဖွယ် ကောင်းမှုကို မြင်တွေ့နိုင်သည် ဆိုမှတော့ ရွှမ်တန်အဆင့် သိုင်းသခင် ဖြစ်သော ချီဆန်းကျား က ဘယ်လို လုပ် မမြင်နိုင်ဘဲ နေမည်နည်း။
မျက်လုံးထဲတွင် အံ့ဩမှုနှင့် သံသယများ ဖြတ်ပြေးသွားခဲ့သည်။
အံ့ဩရခြင်းမှာ ထိုဓား၏ အဆင့်အတန်းက သူ၏ လက်ထဲရှိ အဆင့်မြင့် ဝိညာဉ်လှံ ထက် အများကြီး သာလွန်နေပြီး နှစ်ခုစလုံးက လုံးဝ အဆင့်တူညီမှု မရှိသောကြောင့် ပင် ဖြစ်သည်။ ရွှမ်တန်အဆင့် သိုင်းသခင်များ ပင်လျှင် ဤကဲ့သို့သော နတ်လက်နက် မျိုးကို ပိုင်ဆိုင်ရန် အလွန် ခက်ခဲလှပေသည်။
သံသယ ဖြစ်ရခြင်းမှာ ဤကဲ့သို့သော ရက်စက်သည့် မိစ္ဆာဓား မျိုးက ဘာဖြစ်လို့ ကျင်းယွမ် ဘုန်းကြီးကျောင်း လို ဗုဒ္ဓဘာသာ နေရာမျိုးကနေ ထွက်ပေါ်လာရတာလဲ ဆိုသည်ကို နားမလည်နိုင်သောကြောင့် ပင် ဖြစ်သည်။ ဤမတိုင်မီက ကျန်းချဲ့၏ လက်ထဲတွင် ဤမိစ္ဆာဓား လုံးဝ မရှိခဲ့ကြောင်းကို သူ အတိအကျ သိရှိထားပေသည်။
အကယ်၍ ဤကဲ့သို့သော အစွမ်းထက်သည့် လက်နက်ကြီးက ကျန်းချဲ့၏ လက်ထဲတွင် မပေါ်လာခဲ့ဘူး ဆိုလျှင် သူကိုယ်တိုင် လုယူရန် ကြိုးစားမည်မှာ သေချာပေသည်။ ဤမိစ္ဆာလက်နက်ကို ရရှိပါက စွမ်းအားများ အကြီးအကျယ် တိုးတက်လာမည်မှာ သေချာလှပေသည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ နှစ်တစ်ရာ အားထုတ်မှု တွေက... မင်းအတွက် အကျိုးရှိသွားမယ် လို့ မထင်ထားခဲ့ဘူး..."
ကျန်းချဲ့၏ လက်ထဲရှိ မိစ္ဆာဓား ၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ တုနန် ဆရာတော်၏ မျက်လုံးများက အလွန် ရှုပ်ထွေးသွားခဲ့သည်။
လွန်ခဲ့သော နှစ်တစ်ရာ က သူ ဤဓားကို စတင် နှိမ်နင်းစဉ်က မိစ္ဆာဓား၏ ရက်စက်မှုကို အနိုင်နိုင် ဖိနှိပ်ထားနိုင်ခဲ့ပြီး ၎င်းအတွက် နှစ်ပေါင်း တစ်ရာ တိုင်တိုင် နေ့ရော ညပါ ဘုရားစာများ ရွတ်ဆိုကာ ဗုဒ္ဓဘာသာ တရားတော်များဖြင့် နှိမ်နင်းခဲ့ရသည်။
ယခုအချိန်အထိ မိစ္ဆာဓား၏ ရက်စက်မှုက ဆယ်ပုံ ခုနစ်ပုံ ရှစ်ပုံခန့် ပျောက်ကွယ်သွားပြီ ဖြစ်ပြီး နောက်ထပ် ဆယ်နှစ်ကျော်ခန့် အချိန်ယူရုံဖြင့် မိစ္ဆာဓား အတွင်းရှိ ရက်စက်မှုများကို လုံးဝ ဖယ်ရှားပစ်နိုင်ကာ ဗုဒ္ဓဘာသာ လက်နက် တစ်ခု အဖြစ် ပြောင်းလဲနိုင်တော့မည် ပင် ဖြစ်သည်။
ရလဒ် အနေဖြင့် အရာအားလုံးက ရေစုန်မျောသွားခဲ့သည်။
အောင်မြင်တော့မည့် အချိန်လေးမှာတင် အရာအားလုံး ပျက်စီးသွားပြီး အချည်းနှီး ဖြစ်သွားခဲ့ရသည်။
"ရှေးယခင်ကတည်းက ရတနာ တွေဆိုတာ ထိုက်တန်တဲ့ သူတွေ ပဲ ပိုင်ဆိုင်ခွင့် ရှိတာ... ကျင်းယွမ် ဘုန်းကြီးကျောင်း က နှစ်တစ်ရာ လုံးလုံး နှိမ်နင်းလို့ မရခဲ့တဲ့ မိစ္ဆာဓား က... ကျုပ် နဲ့ တွေ့တာနဲ့ ချက်ချင်း အညံ့ခံတယ် ဆိုတော့... ကျုပ် က ထိုက်တန်တဲ့ သူ ပဲပေါ့..."
ကျန်းချဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"မွေးရာပါ မိစ္ဆာမျိုးစေ့... ရိခုန်း ကို မင်း မိစ္ဆာမျိုးစေ့ ချပေးခဲ့တာ မဟုတ်လား..."
တုနန် ဆရာတော်က ယခုအချိန်တွင် အလွန် တည်ငြိမ်နေပြီး အရေးမပါသော ကိစ္စလေး တစ်ခုကို ပြောနေသကဲ့သို့ ပင် ဖြစ်နေပေသည်။
"ဘာက မိစ္ဆာ လဲ... ဘာက ဗုဒ္ဓ လဲ... ကောင်းတာ ဆိုးတာ ကို စကား တစ်ခွန်းတည်း နဲ့ သတ်မှတ်လို့ ရသလား... ရိခုန်း က မိစ္ဆာစိတ် ဝင်သွားတာ မဟုတ်ဘူး... ဗုဒ္ဓစိတ် ဝင်သွားတာ... မင်းတို့ ကမှ ဒီလောကကြီး ရဲ့ အယူလွဲ တွေပဲ..."
"ကျင်းယွမ် ဘုန်းကြီးကျောင်း ရဲ့ နှစ်တစ်ရာ အားထုတ်မှု တွေက မင်း လက်ထဲမှာ ပျက်စီးသွားခဲ့ပြီ... ကျင်းယွမ် ဘုန်းကြီးကျောင်း က မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တဲ့ တပည့် လည်း မင်း ကြောင့် မိစ္ဆာကျွန် ဖြစ်သွားခဲ့ပြီ... ကျန်းချဲ့... ဘုန်းဘုန်း က ဒီနေ့ ဘာအဖိုးအခ ပဲ ပေးဆပ်ရ ပေးဆပ်ရ... မင်း ကို သေချာပေါက် သတ်ပစ်မယ်..."
တုနန် ဆရာတော်က တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုရင် လာစမ်းသပ်ကြည့်လေ..."
"ဘုန်းကြီးအို... မင်း က တကယ်ပဲ ငါကိုယ်တော် ကို မရှိဘူး လို့ ထင်နေတာလား... ဟွန့်... အသက်ငင်နေပြီ ဖြစ်တဲ့ အချိန်မှာတောင် ဒီလောက် မောက်မာ ရိုင်းစိုင်းတဲ့ စကားတွေ ပြောရဲသေးတယ်... တကယ်ကို မင်းတို့ ဗုဒ္ဓဘာသာ ဂိုဏ်း တွေရဲ့ အကျင့် အတိုင်းပဲ..."
ချီဆန်းကျားက လှံကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ငွေရောင် အလင်းတန်းများ တောက်ပသွားပြီး နောက်တစ်ခဏတွင် ခြေတစ်လှမ်း ရှေ့တိုးလိုက်ကာ အေးစက်သော အလင်းရောင်များ လင်းလက်သွားပြီး လှံက နဂါး တစ်ကောင် ကဲ့သို့ ထွက်ပေါ်လာကာ စူးရှ တောက်ပသော ငွေရောင် အလင်းတိုင်ကြီး တစ်ခု က လှံထိပ်ဖျားမှ ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
တုနန် ဆရာတော်ဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။
ကျန်းချဲ့ လည်း အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ လက်ကို မြှောက်ကာ အားကုန် ခုတ်ချလိုက်သည်။ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ ၏ ပံ့ပိုးမှု အောက်တွင် ဓားအလင်းတန်းများ ပင်လျှင် သွေးရောင်များ သန်းနေပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲခြမ်းပစ်တော့မည့် အလား ဖြစ်နေပေသည်။
သူ ကိုယ်တိုင်လည်း သူ၏ လက်ရှိ စွမ်းအားကို အတည်ပြုချင်နေပေသည်။
မိစ္ဆာဓား ကို မရရှိခင် ကတည်းက သူ က ရှန်ကွမ်း အထွတ်အထိပ် ကို ထိပ်တိုက် ရင်ဆိုင်ပြီး အနိုင်ယူနိုင်ခဲ့သည်။ ယခုအခါ မိစ္ဆာဓား ကို ရရှိပြီးနောက် မိစ္ဆာဓား ၏ ရက်စက်မှုများက အလွန် ပြင်းထန်ပြီး သွေးပင်လယ် သိုင်းစိတ်ဆန္ဒ နှင့်လည်း လိုက်ဖက်ညီကာ သူ၏ စွမ်းအားများကို အကြီးအကျယ် တိုးတက်လာစေခဲ့သည်။
ရွှမ်တန်အဆင့် အောက်တွင် ပြိုင်ဘက်ကင်း သည် ဆိုသည့် စကား က အလကား ပြောနေခြင်း မဟုတ်ပေ။
ယနေ့ ချီဆန်းကျား က ဤနေရာတွင် ကျောထောက်နောက်ခံ ရှိနေပြီ ဖြစ်ရာ သေချာပေါက် စမ်းသပ်ကြည့်ရန် အကောင်းဆုံး အချိန် ပင် ဖြစ်သည်။
လှံအလင်းတန်း တစ်ခု၊ ဓားအလင်းတန်း တစ်ခု... ဘယ်ညာ နှစ်ဖက်မှ တုနန် ဆရာတော်၏ ဆုတ်လမ်း အားလုံးကို ပိတ်ဆို့ထားလိုက်ပြီး ကြီးမားလှသော အရှိန်အဝါများက မိုးလေဝသ ကိုပါ လှုပ်ခတ်သွားစေခဲ့သည်။
ယွမ်ချီ စွမ်းအင်များ လှိမ့်တက်နေပြီး လေဟာနယ်က တဂျုန်းဂျုန်း မြည်ဟည်းကာ ပေါက်ကွဲနေပေသည်။
လှံအလင်းတန်း နှင့် ဓားအလင်းတန်း များ ကျဆင်းလာတော့မည့် အချိန်တွင် တုနန် ဆရာတော်က ရင်ဘတ်တွင် ချိတ်ဆွဲထားသော အစိမ်းရောင် ဖျော့ဖျော့ ပုတီးစေ့ ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ပါးစပ်မှ ဘုရားစာ အချို့ကို ရွတ်ဆိုလိုက်သည်။
နောက်တစ်ခဏတွင် ဗုဒ္ဓအလင်းရောင်များ အကြီးအကျယ် တောက်ပလာခဲ့သည်။
ပေပေါင်း ဆယ်ဂဏန်းခန့် ကြီးမားသော ရွှေရောင် ခေါင်းလောင်း ကြီး တစ်ခု က ကိုယ်ပတ်လည်တွင် လွှမ်းခြုံသွားပြီး ဘယ်ညာ နှစ်ဖက်မှ တိုက်ခိုက်မှုများကို ကာကွယ်ထားလိုက်သည်။
"ဝုန်း"
"ဝုန်း"
ပေါက်ကွဲသံကြီး နှစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် ခေါင်းလောင်း ပေါ်သို့ ကျရောက်သွားရာ မျက်စိတစ်မှိတ် အတွင်း ခေါင်းလောင်း ပေါ်တွင် အက်ကြောင်း နှစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုအက်ကြောင်းများက မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားပြီး ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံ ပြုပြင်ခြင်း ခံလိုက်ရသည်။
တုနန် ဆရာတော်၏ တစ်ကိုယ်လုံးတွင် စူးရှတောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး လက်တစ်ဖက်ဖြင့် ပုတီးစေ့ ကို အားကုန် ဆွဲဖြတ်လိုက်ရာ ပုတီးစေ့များ ပြန့်ကျဲသွားပြီး ရွှေရောင် ခေါင်းလောင်း ၏ နေရာ အနှံ့အပြားတွင် ဝင်ရောက် စွဲကပ်သွားခဲ့သည်။ နောက်တစ်ခဏတွင် ရွှေရောင် ခေါင်းလောင်း က ချက်ချင်း ကြီးမားလာပြီး ပိုမို ခိုင်မာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင် ခေါင်းလောင်း ၏ အတွင်းနံရံများ တွင်လည်း ဧရာမ သားရဲကြီး များ ၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။
ရွှေရောင် နဂါး၊ ရွှေရောင် ကြိုးကြာ၊ ရွှေရောင် ကျား၊ ရွှေရောင် မြွေ၊ ရွှေရောင် လိပ်... စုစုပေါင်း ဧရာမ သားရဲကြီး ငါးကောင် ဖြစ်ပြီး တုနန် ဆရာတော်က ရွှေရောင် ခေါင်းလောင်း ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည် နှင့် တစ်ပြိုင်နက် ထို ဧရာမ သားရဲကြီး ငါးကောင် ချက်ချင်း ဟိန်းဟောက် ထွက်ပေါ်လာခဲ့သည်။
လိပ်၊ မြွေ၊ ကြိုးကြာ တို့က ချီဆန်းကျား ဆီသို့ ပြေးဝင် တိုက်ခိုက်သွားပြီး နဂါး နှင့် ကျား တို့က အချင်းချင်း ရစ်ပတ်ကာ ဟိန်းဟောက်လျက် ကျန်းချဲ့ ဆီသို့ ပြေးဝင် တိုက်ခိုက်သွားကြသည်။
ယခုအခါ တုနန် ဆရာတော်က တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်နေခြင်း ပင် ဖြစ်သည်။
"ဟွန့်... မျက်လှည့် အကွက်လေး တွေနဲ့များ ဆရာကြီး ရှေ့မှာ လာပြီး လက်စွမ်း ပြချင်နေတယ်... မဟာအစွမ်းထက် ကောင်းကင်နဂါး..." တုနန် ဆရာတော်က နဂါး နှင့် ကျား ပုံရိပ်ယောင် နှစ်ခုကို ဖန်တီးပြီး မိမိဆီသို့ လာရောက် တိုက်ခိုက်သည်ကို မြင်သောအခါ ကျန်းချဲ့ က အေးစက်စက် နှာမှုတ်လိုက်သည်။
သူက ဘယ်လို ကျင့်စဉ် မျိုး ကို ကျင့်ကြံထားတယ် ဆိုတာ တကယ် မသိတာလား။
ချက်ချင်းပင် လက်တစ်ဖက်ဖြင့် လက်သင်္ကေတ ပြုလုပ်လိုက်ရာ ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်များက အကြောပေါက် တစ်ရာကျော် မှ တစ်ဆင့် လျင်မြန်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သဘာဝ ယွမ်ချီ စွမ်းအင်များ ဆူပွက်လာကာ ဧရာမ နဂါးပုံသဏ္ဍာန် အတွင်းအား ကြီး တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ကျန်းချဲ့၏ အနောက်ဘက်တွင် လှည့်ပတ်နေပေသည်။
"နဂါးစိမ်း နေမင်းကို ဟိန်းဟောက်ခြင်း"
လက်ဝါး တစ်ချက် တွန်းထုတ်လိုက်ရာ နဂါးပုံသဏ္ဍာန် အတွင်းအား က ကောင်းကင် အထိ ဟိန်းဟောက်လိုက်ပြီး နဂါး နှင့် ကျား ပုံရိပ်ယောင် နှစ်ခု ဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။
"ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှု နှစ်ခု ဝင်တိုက်မိသွားရာ မျက်စိတစ်မှိတ် အတွင်း ကြီးမားလှသော အသံကြီး တစ်ခု ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများ က အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး ကျန်းချဲ့ ဖန်တီးထားသော နဂါးပုံသဏ္ဍာန် အတွင်းအား လည်း တစ်ဖက်လူ၏ ရွှေရောင် နဂါး ပုံရိပ်ယောင် နှင့် အတူတူ ပျက်စီးသွားခဲ့သည်။
ကျား ပုံရိပ်ယောင် တစ်ခုသာ ကျန်ရှိတော့ပြီး လေဟာနယ်တွင် ခုန်ပေါက်ကာ ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
ကျန်းချဲ့က လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ကာ နောက်ပြန် ဓားတစ်ချက် ခုတ်ချလိုက်သည်။
'ဝှီး'
ဓားအလင်းတန်း က ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေပြီး ရွှေရောင် ကျား ပုံရိပ်ယောင် ချက်ချင်း နှစ်ပိုင်း ကွဲသွားခဲ့သည်။
အခြား တစ်ဖက်တွင်လည်း ချီဆန်းကျား က လှံတစ်ချက်တည်းဖြင့် လိပ်၊ မြွေ၊ ကြိုးကြာ ပုံရိပ်ယောင် သုံးခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး လေဟာနယ်ကို ခွင်း၍ တုနန် ဆရာတော်ဆီသို့ လှံဖြင့် ထိုးနှက်လိုက်သည်။ ဤကဲ့သို့သော နည်းလမ်းများဖြင့် အနိုင်ရရန် ဆိုသည်မှာ... လုံးဝ မဖြစ်နိုင်ပေ။
သို့သော် တုနန် ဆရာတော် ကလည်း ဤကဲ့သို့သော နည်းလမ်းများဖြင့် ချီဆန်းကျား တို့ နှစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ထားပုံ မရပေ။ သူ လိုချင်သည်မှာ ယာယီ တားဆီးထားရန် သက်သက်သာ ဖြစ်ပြီး ချက်ချင်းပင် ရွှေရောင် ခေါင်းလောင်းကို နောက်တစ်ကြိမ် ထပ်မံ လှုပ်ခါလိုက်သည်။
ရွှေရောင် ဧရာမ သားရဲကြီး အများအပြား ထပ်မံ ထွက်ပေါ်လာပြီး ချီဆန်းကျား ဆီသို့ ဟိန်းဟောက် ပြေးဝင်သွားကြသည်။
တုနန် ဆရာတော် ကိုယ်တိုင် ကတော့ အကြည့်များကို ကျန်းချဲ့ ဆီသို့ ပစ်မှတ်ထားလိုက်သည်။
ယခုအခါ သူက အသက်စွန့် တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း သူ သေဆုံးသွားခြင်း မတိုင်မီ ဤမွေးရာပါ မိစ္ဆာမျိုးစေ့၊ ပြိုင်ဘက်ကင်း မိစ္ဆာဓား ကို အညံ့ခံစေခဲ့သော ကျန်းချဲ့ကို အစပျိုး အခြေအနေမှာတင် သတ်ဖြတ်သွားရန် မျှော်လင့်နေပေသည်။
မဟုတ်လျှင် နောင်တစ်ချိန် တွင် ဗုဒ္ဓဘာသာ အတွက် ကြီးမားသော ဘေးဒုက္ခကြီး တစ်ခု ဖြစ်လာမည် ပင် ဖြစ်သည်။
ရိခုန်း ကို အညံ့ခံစေခဲ့သည်ကို မြင်တွေ့လိုက်ရကတည်းက သူ ဤအတွေးမျိုး ဖြစ်ပေါ်နေခဲ့ခြင်း ပင် ဖြစ်သည်။
ကျင်းယွမ် ဘုန်းကြီးကျောင်း ပျက်စီးသွားလျှင် ရသော်လည်း ဗုဒ္ဓဘာသာ ကိုတော့ အထိခိုက်ခံမည် မဟုတ်ပေ။
ထို့ကြောင့် ဧရာမ သားရဲကြီးများ က ချီဆန်းကျားကို တားဆီးနေချိန်တွင် တုနန် ဆရာတော် က ရှေ့တစ်လှမ်း တိုးလိုက်ပြီး ခေါင်းပေါ်တွင် ရွှေရောင် ခေါင်းလောင်းကြီး ကို ဆောင်းထားကာ ကျန်းချဲ့ဆီသို့ ပြေးဝင်သွားပြီး လက်တစ်ဖက်ဖြင့် ဖိချလိုက်ရာ လေဟာနယ် ထဲတွင် ဧရာမ ဗုဒ္ဓ လက်ဝါးကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းရောင်များ တောက်ပလာပြီး ရွှမ်တန်အဆင့် သိုင်းသခင် ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ အပြည့်အဝ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ကျန်းချဲ့ မျက်လုံးများ ချက်ချင်း ကျုံ့ဝင်သွားပြီး တိုးညှင်းစွာ အော်ဟစ်လိုက်ကာ ထွက်ပြေးခြင်း လုံးဝ မရှိဘဲ ဆန့်ကျင်ဘက် အနေဖြင့် ရင်ဆိုင် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ကြီးမားလှသော ဗုဒ္ဓ လက်ဝါးကြီးကို မျက်နှာမူလျက် လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ကာ ဓားတစ်ချက် ခုတ်ချလိုက်သည်။
စူးရှ တောက်ပသော ဓားအလင်းတန်း က ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေပြီး ဗုဒ္ဓ လက်ဝါးကြီး အပေါ်သို့ ကျရောက်သွားကာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါပေမဲ့...
မွေးရာပါအဆင့် နှင့် ရွှမ်တန်အဆင့် အကြား ကွာဟချက် က အရမ်း ကြီးမားလွန်းနေဆဲ ပင် ဖြစ်သည်။ ယခုအခါ ကျန်းချဲ့ အနေဖြင့် လုံးဝ မလုံလောက်သေးပေ။ အစွမ်းကုန် ခုတ်ချလိုက်သော ဓားချက် က ဗုဒ္ဓ လက်ဝါးကြီးကို အနည်းငယ် မှေးမှိန်သွားစေရုံသာ ရှိပြီး လုံးဝ မဖျက်ဆီးနိုင်ခဲ့ပေ။
ဗုဒ္ဓ လက်ဝါးကြီး က ဆက်လက် ဖိချလာဆဲ ပင် ဖြစ်သည်။
"သေချင်နေတာလား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချီဆန်းကျား လည်း တကယ် ဒေါသထွက်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းချဲ့ က သူ အလွန် အထင်ကြီး လေးစားရသော မျိုးဆက်သစ် လူငယ် တစ်ယောက် ဖြစ်ပြီး ကံကြမ္မာ အထောက်အပံ့များ ရှိနေနိုင်သူလည်း ဖြစ်သည်။ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ က ကျန်းချဲ့၏ အခြေအနေ အချို့ကို စာရေးပြီး ယွင်ပြည်နယ် ရှိ ပင်မ မျိုးနွယ်စု ဆီသို့ ပို့ဆောင်ထားခဲ့ပြီး ဖြစ်သည်။
ဆွေမျိုး တော်စပ်တော့မည့် အခြေအနေ တွင် ကျန်းချဲ့ ဖိနှိပ် ခံရမည်ကို ဘယ်လို လုပ် လက်ပိုက် ကြည့်နေနိုင်မည်နည်း။
ချက်ချင်းပင် မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားပြီး လက်ထဲရှိ ငွေရောင် လှံရှည် ကို ထိုးနှက်လိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်သည့် အရှိန်အဝါ များကို စုစည်းပြီး အရှေ့ရှိ ဧရာမ သားရဲကြီးများ အားလုံးကို အမှုန့်ကြိတ် ပစ်လိုက်သည်။ ထို့နောက် သူ ကိုယ်တိုင် လည်း လက်နှစ်ဖက်ဖြင့် လှံရိုးကို ကိုင်ကာ အားကုန် ရိုက်ချလိုက်သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု က တိမ်တိုက်များကို ခွဲခြမ်းပြီး အရာအားလုံးကို ဖျက်ဆီးကာ ရွှေရောင် ခေါင်းလောင်း ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။ ဒေါသတကြီး ရိုက်ချလိုက်သော တိုက်ခိုက်မှု အောက်တွင် ဝေးလံသော ခေါင်းလောင်းသံ ကြီး တစ်ခု ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
ရွှေရောင် ခေါင်းလောင်း အပေါ်တွင်လည်း မျက်စိတစ်မှိတ် အတွင်း အက်ကြောင်းများ ပြည့်နှက်သွားပြီး ပြိုကွဲလုနီးပါး ဖြစ်သွားကာ တုနန် ဆရာတော် ပင်လျှင် အသံတိတ် ညည်းတွားလိုက်ရပြီး သွေးချီများ ဆူပွက်သွားခဲ့သည်။ သို့သော် သူ က လုံးဝ မသိရှိသကဲ့သို့ ပင် ဖြစ်နေပေသည်။
အနောက်ဘက်ရှိ ချီဆန်းကျား ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ မျက်လုံး နှစ်လုံး အတွင်းရှိ ရွှေရောင် အလင်းတန်းများ က အလွန် စူးရှ တောက်ပနေပြီး ဆက်လက် ဖိနှိပ်နေဆဲ ပင် ဖြစ်သည်။
"ဝုန်း"
ကြီးမားလှသော အရှိန်အဝါများ ကျဆင်းလာပြီး ချက်ချင်းပင် ကျန်းချဲ့ ကို အလွန် ကြီးမားသော ဖိအားများ ခံစားလိုက်ရစေသည်။ လက်ထဲတွင် လက်သင်္ကေတ များကို အဆက်မပြတ် ပြုလုပ်ပြီး နဂါးပုံသဏ္ဍာန် အတွင်းအား များကို ဗုဒ္ဓ လက်ဝါးကြီး အပေါ်သို့ အဆက်မပြတ် ထိုးနှက်နေကာ သူ ကိုယ်တိုင် ကတော့ ဖြည်းညင်းစွာ အောက်သို့ ကျဆင်းသွားခဲ့သည်။
တုနန် ဆရာတော်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ချေဖျက်ရန် ကြိုးစားနေခြင်း ပင် ဖြစ်သည်။
သို့သော် နည်းလမ်း ပေါင်းစုံ အသုံးပြုခဲ့သော်လည်း ကျန်းချဲ့ က ဗုဒ္ဓ လက်ဝါးကြီး ကို မဖျက်ဆီးနိုင်ခဲ့ပေ။
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု နှင့် အတူ ကျန်းချဲ့ က မြေကြီးပေါ်သို့ ဖိချခံလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်း ဖုန်လုံးကြီးများ လွင့်စင်သွားစေခဲ့သည်။ ကောင်းကင်မှ ငုံ့ကြည့်မည် ဆိုပါက မြေကြီးပေါ်တွင် ဧရာမ လက်ဝါးရာကြီး တစ်ခု ကျန်ရစ်ခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
လက်ဝါးရာ ၏ အပြင်ဘက်ရှိ မြေကြီးများ မှာလည်း ပင့်ကူအိမ် ကဲ့သို့ အက်ကွဲနေပေသည်။
ဤကဲ့သို့သော မြင်ကွင်း က ဤနေရာရှိ လူတိုင်းကို ချက်ချင်း ဆွံ့အ တိတ်ဆိတ်သွားစေပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြပေသည်။
ကျန်းချဲ့ တကယ်ပဲ တစ်ခုခု ဖြစ်သွားပြီလား။
ရိခုန်း၊ ချန်ရှန်တုန်း နှင့် အခြား သူများ အားလုံး အလျင်အမြန် လေဟာနယ်ကို ခွင်း၍ ပြေးလာကြသည်။
လေဟာနယ်ထဲတွင် ဗုဒ္ဓ လက်ဝါးကြီး ကို ရိုက်ချလိုက်သော တုနန် ဆရာတော် ကိုယ်တိုင်လည်း မြေကြီးပေါ်သို့ စူးစိုက်ကြည့်နေပြီး မျက်မှောင် တင်းကျပ်စွာ ကြုတ်ထားကာ ယခုအခါ သူ ကိုယ်တိုင် လည်း ကျန်းချဲ့ သေဆုံးသွားပြီလား ဆိုတာ သေချာ မသိနိုင်အောင် ဖြစ်နေပေသည်။
ဖုန်မှုန့်များ လေနှင့် အတူ လွင့်ပါသွားပြီးနောက် ကျန်းချဲ့ က လက်ထဲတွင် ဓားကို ကိုင်ကာ ဖုန်လုံးကြီးများ ကြားမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းရှိ အင်္ကျီများ အားလုံး စုတ်ပြဲနေပြီး ကြွက်သားများ ပြည့်နှက်နေသော အလွန် တောင့်တင်းသည့် ခန္ဓာကိုယ် ကို ဖော်ပြနေပေသည်။
ခွန်အားများ၏ အလှတရား ကို ပြသနေသကဲ့သို့ ပင် ဖြစ်သည်။
နှုတ်ခမ်းထောင့်ရှိ သွေးစက်လေး တစ်စက် ကို သုတ်ဖယ်လိုက်ပြီး ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။
"ဒီလောက်လေး... ပါပဲလား..."
ထိုတိုက်ခိုက်မှုကို ကျန်းချဲ့ တကယ် မကာကွယ်နိုင်ခဲ့သော်လည်း နည်းလမ်း ပေါင်းစုံ အသုံးပြုပြီးနောက် စွမ်းအား အများစုကို ချေဖျက်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုလက်ဝါး ရိုက်ချက် အောက်တွင် သူ က ဒဏ်ရာ အနည်းငယ် သာ ရရှိခဲ့ခြင်း ပင် ဖြစ်သည်။
ရွှမ်တန်အဆင့် သိုင်းသခင် ၏ အစွမ်းကုန် တိုက်ခိုက်မှု အောက်တွင် ဒဏ်ရာ အနည်းငယ် သာ ရရှိခဲ့သည်။
ဤကဲ့သို့သော တိုက်ပွဲ ရလဒ် က မွေးရာပါအဆင့် သိုင်းသမား များကြားတွင် ဂုဏ်ယူဝင့်ကြွားရန် လုံလောက်လှပေသည်။
တုနန် ဆရာတော် က သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်နှာပေါ်တွင် နောက်ဆုံးတော့ အလွန် ရုပ်ဆိုးသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။ သူ က အစောပိုင်း ကတည်းက ကျန်းချဲ့၏ စွမ်းအားကို အဆုံးအစမရှိ မြှင့်တင် တွက်ဆထားခဲ့သဖြင့် ထိုလက်ဝါး ရိုက်ချက်တွင် အနည်းငယ်မျှပင် လက်မတွန့်ခဲ့ပေ။
ဒဏ်ရာ ရမှာကို လုံးဝ ဂရုမစိုက်ဘဲ ကျန်းချဲ့၏ အသက်ကို အဆုံးသတ်ရန် ရည်ရွယ်ခဲ့ခြင်း ပင် ဖြစ်သည်။
ရလဒ် အနေဖြင့် ဒဏ်ရာ အနည်းငယ် သာ ရရှိစေခဲ့သည်။
ဒါက တကယ်ပဲ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအား မျိုး ဟုတ်လို့လား။
သူ ၏ ရင်ထဲတွင် အလွန် အံ့ဩ ထိတ်လန့်နေပြီး အလွန်လည်း နှမြောတသ ဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ကို တိုက်ခိုက်ရန် သူ ဤတစ်ကြိမ်တည်း သာ အခွင့်အရေး ရရှိခဲ့သောကြောင့် ပင် ဖြစ်သည်။ အခွင့်အရေး မရှိတော့လျှင် သူ၏ ရည်ရွယ်ချက် လည်း ပျက်စီးသွားပြီ ပင် ဖြစ်သည်။ ချီဆန်းကျား က သူ့ကို ဒုတိယ အကြိမ် အခွင့်အရေး ထပ်ပေးမည် မဟုတ်တော့ပေ။
ချီဆန်းကျား က ကျန်းချဲ့ ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့သည်ကို မြင်သောအခါ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့သည်။
ကံကြမ္မာ အထောက်အပံ့ ပါလာတဲ့ ကောင်းကင်ဘုံ ရဲ့ ရွေးချယ်ခံရသူ ပီသ ပါပေတယ်။
ဤကဲ့သို့သော စွမ်းအား မျိုးဖြင့် လောက တစ်ခွင်ရှိ ပါရမီရှင် များနှင့် ယှဉ်ပြိုင်မည် ဆိုလျှင်တောင် သေချာပေါက် အရည်အချင်း ရှိနေပြီ ပင် ဖြစ်သည်။
"ခေါင်းတုံး ဘုန်းကြီး... ဒီနေ့ မင်း ရဲ့ အသက် ကို အဆုံးသတ် ပေးမယ်..."
ချီဆန်းကျား က အေးစက်စက် နှာမှုတ်လိုက်ပြီး လုံးဝ လက်မတွန့်တော့ဘဲ တစ်ကိုယ်လုံး ငွေရောင် အလင်းတန်းများ လင်းလက်လာကာ အဆုံးအစ မရှိသော ယွမ်ချီ စွမ်းအင်များကို ထိန်းချုပ်လိုက်ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာကာ လှံတစ်ချက် ပစ်လွှတ်လိုက်ပြီး တုနန် ဆရာတော်ဆီသို့ ဝင်ရောက် တိုက်ခိုက်သွားသည်။
အောက်ဘက်ရှိ ကျန်းချဲ့ လည်း ထိုနည်းတူစွာ ပင် ကြီးမားသော မြေငလျင် တစ်ခု လှုပ်ခတ်သွားသကဲ့သို့ မြေကြီးများ အက်ကွဲသွားပြီး အမြောက်ဆံ တစ်ခုကဲ့သို့ မြေကြီးပေါ်မှ ခုန်တက်ကာ လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်လျက် သိုင်းသခင် ဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။
သွေးပင်လယ် သိုင်းစိတ်ဆန္ဒ က ကိုယ်ပတ်လည်တွင် လွှမ်းခြုံထားပြီး ဓားသွား အပေါ်သို့ စုစည်းသွားကာ ဓားအလင်းတန်း က လေဟာနယ်ကို ခွင်း၍ ထွက်ပေါ်လာပြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ကာ ရက်စက် ကြမ်းကြုတ်သော စွမ်းအား များကြောင့် တုနန် ဆရာတော် ပင် မျက်နှာ အနည်းငယ် မှောင်မိုက်သွားခဲ့ရသည်။
"ဝုန်း"
ဤဓားချက် ကျဆင်းလာသောအခါ အစောပိုင်း ကတည်းက အက်ကြောင်းများ ပြည့်နှက်နေသော ရွှေရောင် ခေါင်းလောင်း ကြီး မှာ မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲ ပျက်စီးသွားပြီး တုနန် ဆရာတော် ပင် အသံတိတ် ညည်းတွားလိုက်ရကာ ခြေလှမ်းများ နောက်ဆုတ်သွားပြီး လက်နှစ်ဖက်ဖြင့် ဗုဒ္ဓဘာသာ လက်သင်္ကေတ တစ်ခုကို ဖန်တီးကာ အရှေ့တွင် ကာကွယ်ထားလိုက်သည်။
"ဝုန်း"
လက်ထဲမှ လွတ်ထွက်သွားသော ငွေရောင် လှံရှည် က ဗုဒ္ဓဘာသာ လက်သင်္ကေတ အပေါ်သို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်သွားသည်။
နှစ်ခုစလုံး ခဏတာမျှ အကြိတ်အနယ် ဖြစ်နေကြသည်။
ထို့နောက် ကျန်းချဲ့ က အခွင့်အရေး ကို ဖမ်းဆုပ်လိုက်ပြီး ကောင်းကင် မှနေ၍ ဓားတစ်ချက် ခုတ်ချလိုက်သည်။
တုနန် ဆရာတော် မျက်နှာ ပြောင်းလဲသွားပြီး အရှေ့ရှိ ဗုဒ္ဓဘာသာ လက်သင်္ကေတ မှာ မျက်စိတစ်မှိတ် အတွင်း ပြိုကွဲ ပျက်စီးသွားကာ ချီဆန်းကျား ၏ လှံချက် က ဘယ်ဘက် ပခုံး ပေါ်သို့ ဝင်ရောက်သွားပြီး သွေးထွက် သံယို ဖြစ်သွားစေကာ ဘုန်းကြီး ဝတ်ရုံ ကိုပါ သွေးများ စွန်းထင်းသွားစေခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ က ကိုယ်ပေါ်ရှိ ဒဏ်ရာကို ဂရုမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ ဓားချက် က ကျဆင်းလာပြီ ဖြစ်သောကြောင့် ပင် ဖြစ်သည်။
"ဝုန်း"
ဓားအလင်းတန်း က ကောင်းကင်ယံ တွင် တောက်ပသွားပြီး တည့်တည့် ကျဆင်းလာသည်။
တုနန် ဆရာတော် က လက်နှစ်ဖက်ဖြင့် လက်သင်္ကေတ ပြုလုပ်ကာ ဗုဒ္ဓဘာသာ လက်သင်္ကေတ ကို ထပ်မံ ဖန်တီးပြီး ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ကြီးမားလှသော စွမ်းအား များက သူ့ကို လေဟာနယ် ထဲမှနေ၍ မြေကြီးပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်ပြီး ဖုန်လုံးကြီးများ လွင့်စင်သွားစေခဲ့သည်။
ဓားရာ ကြီး တစ်ခု ကလည်း ပေပေါင်း ရာချီ အထိ ရှည်လျားစွာ ထွက်ပေါ်နေပေသည်။
အခြေအနေ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။ ဤတစ်ကြိမ် တွင်တော့ မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရသူမှာ သူ ပင် ဖြစ်သည်။