အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) အရာအားလုံး အဆုံးသတ်သွားခြင်း... ဖူလုံကျောင်းတော် ပျက်သုဉ်းပြီ
"ဂါး..."
ကောင်းကင်ယံတွင် နဂါးဟိန်းသံကြီးက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး အလွန် ကြီးမားလှသော အရှိန်အဝါများ ပါဝင်နေပေသည်။ ထို့နောက် ဟိန်းဟောက်လျက် မြေကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာပြီး ဖုန်လုံးကြီးများက အရပ်လေးမျက်နှာသို့ လွင့်စင်သွားခဲ့သည်။ မြေကြီးပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် ပေတစ်ထောင် ပတ်လည်ခန့်အထိ အကြီးအကျယ် တုန်ခါသွားပြီး ဂယက်လှိုင်းများက အရပ်လေးမျက်နှာသို့ လှိမ့်တက်သွားလေသည်။ လွင့်စင်လာသော ဖုန်လုံးကြီးများမှာ ပေပေါင်း နှစ်ဆယ်ကျော်ခန့် အထိ မြင့်မားနေပေသည်။
ချီဆန်းကျားက လေးနက်သော မျက်နှာထားဖြင့် မြေကြီးပေါ်ရှိ အခြေအနေကို စူးစိုက်ကြည့်နေပေသည်။ ယခုအခါ ကြီးမားသော အဖိုးအခများကို ပေးဆပ်ကာ စွမ်းအားကို မြှင့်တင်ခဲ့ရသဖြင့် သူ၏ အခြေအနေမှာ သိပ်မကောင်းလှဘဲ ပြင်းထန်သော ဒဏ်ရာကို ရရှိနေပြီ ဖြစ်သည်။ အကယ်၍ ရွှီယွမ်တာအိုဆရာသာ မသေသေးဘူး ဆိုလျှင် ထိုသူ၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။
ကံကောင်းသည်မှာ သူ၏ စိုးရိမ်ပူပန်မှုများက တကယ် ဖြစ်မလာခဲ့ပေ။
ဖုန်မှုန့်များ ကင်းစင်သွားသောအခါ မြေကြီးပေါ်တွင် ဧရာမ တွင်းပေါက်ကြီး တစ်ခုနှင့် ပျက်စီးနေသော ယပ်တောင် တစ်ချောင်းမှလွဲ၍ အခြား ဘာမှ မရှိတော့ပေ။ ရွှီယွမ်တာအိုဆရာမှာ ထိုပြင်းထန်သော တိုက်ခိုက်မှု အောက်တွင် အသားစ အရိုးစပင် မကျန်တော့ဘဲ အပြီးတိုင် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
ချီဆန်းကျားက သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အဝေးရှိ ကျန်းချဲ့ကို လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်ကာ ပြုံးလိုက်ကြသည်။ နောက်ဆုံးတွင်တော့ အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
"ဒီရွှီယွမ်တာအိုဆရာရဲ့ စွမ်းအားက တုနန်ဆရာတော်ထက်တောင် နည်းနည်းလေး ပိုသာနေသေးတယ်... မင်းနဲ့ငါ ရှုံးတော့မလို့တောင် ဖြစ်သွားတာ..."
မြေကြီးပေါ်တွင် ရပ်နေသော ချီဆန်းကျားက လက်ထဲ၌ ယပ်တောင်အပျက်ကို ကိုင်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ယခင်က တုနန်ဆရာတော်နှင့် တိုက်ခိုက်ခဲ့စဉ်က ဤမျှလောက် မခက်ခဲခဲ့ပေ။ ထို့အပြင် ရွှီယွမ်တာအိုဆရာနှင့် မတိုက်ခိုက်ရသေးမီ အချိန်ကတည်းက သူက သေချာပေါက် အနိုင်ရမည်ဟု ထင်မှတ်ထားခဲ့ရာ မထင်မှတ်ဘဲ အခြေအနေများ ပြောင်းပြန် ဖြစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ကျန်းချဲ့သာ ရုတ်တရက် ပေါက်ကွဲ မထွက်လာခဲ့လျှင် ထိုတိုက်ခိုက်မှုဖြင့် ရွှီယွမ်ကို သတ်ဖြတ်နိုင်မည်လား ဆိုသည်မှာ သေချာ မပြောနိုင်ပေ။
"ဒီလူရဲ့ စွမ်းအားက တုနန် ထက် အများကြီး ပိုမို အစွမ်းထက်နေတာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ နည်းလမ်းတွေက အတော်လေး ကောင်းမွန်ပြီး မျက်စိရှင်တယ်... ငယ်သားရဲ့ အားနည်းချက်ကို အမိဖမ်းနိုင်ခဲ့တာပါ..."
ကျန်းချဲ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ တုနန်ဆရာတော်နှင့် နှိုင်းယှဉ်ပါက ရွှီယွမ်တာအိုဆရာက ပိုမို ခံရခက်လှပေသည်။
"မင်း နောက်ဆုံး ခုတ်ချလိုက်တဲ့ ဓားချက်က မဆိုးဘူး... ရွှမ်တန်အဆင့်ရဲ့ အရှိန်အဝါ မျိုး ရှိနေပြီ..."
"ငယ်သားလည်း အသက်စွန့်ပြီး တိုက်ခိုက်ခဲ့ရတာပါ..."
ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောလိုက်သည်။ ထိုဓားချက်ကို ခုတ်ချရန် အတွက် ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်များ အားလုံး ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့ပြီး ယခုမှသာ အနည်းငယ် ပြန်လည် ပြည့်ဝလာခြင်း ဖြစ်သည်။ စောစောက သူ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။
ထို့အပြင် အရေးအကြီးဆုံး အချက်မှာ ဝမ်ကျဲ့ မိစ္ဆာဓား ကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ထိုမျှလောက် အစွမ်းထက်သော ဓားချက်ကို ခုတ်ချရန် အလွန် ခက်ခဲလှပေမည်။ ရွှမ်တန်အဆင့် သိုင်းသခင် ဆိုသည်မှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
"မင်း ကျေနပ်လိုက်ပါတော့... ငါကိုယ်တော် အစိုးရ အသိုင်းအဝိုင်းမှာ ကျင်လည်လာတာ နှစ်ပေါင်းများစွာ ကြာပြီ... မွေးရာပါအဆင့် လောက်နဲ့ ရွှမ်တန်အဆင့် သိုင်းသခင်ကို ယှဉ်ပြိုင်နိုင်တဲ့ ကိစ္စမျိုးကို ခပ်ရှားရှားပဲ ကြားဖူးတယ်... အကယ်လို့ သတင်းသာ ပြန့်သွားရင်... မင်း သေချာပေါက် နာမည်ကြီးတော့မှာပဲ..."
ချီဆန်းကျားက ကျန်းချဲ့ကို စွေကြည့်လိုက်သည်။ ဒီလောက်တောင် ဖြစ်နေတာကို မကျေနပ်သေးဘူးလား။ ထိုသူက ရွှမ်တန်အဆင့် သိုင်းသခင် ဆိုသည်ကို သိထားရမည်။ သူ ကိုယ်တိုင်ပင် အသက်စွန့်ပြီး တိုက်ခိုက်မှသာ ပြင်းထန်သော ဒဏ်ရာ ရရှိစေနိုင်ခဲ့သည် မဟုတ်ပါလော။ ကျန်းချဲ့က စွမ်းအားများ ကုန်ခန်းသွားရုံဖြင့် ဤမျှ လုပ်နိုင်ခဲ့သည်မှာ အလွန် အံ့ဩစရာ ကောင်းလှပေသည်။
"ပြန်ကြရအောင် တပ်မှူးချုပ်... အခုဆိုရင် ဖူလုံကျောင်းတော် ထဲက တိုက်ပွဲ တွေလည်း အဆုံးသတ်လောက်ပြီ ထင်တယ်..."
ကျန်းချဲ့၏ အကြည့်များက အဝေးရှိ ဖူလုံတောင်ဆီသို့ ရောက်ရှိသွားပြီး မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပေသည်။ ဖူလုံကျောင်းတော် ပျက်သုဉ်းသွားပြီ ဖြစ်ရာ မြေနဂါးစွမ်းအင် လည်း သူ၏ လက်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
အကယ်၍ ရှန်ကွမ်းအဆင့် အထွတ်အထိပ်သို့ ချိုးဖောက် ဝင်ရောက်သွားနိုင်မည် ဆိုပါက နောက်တစ်ကြိမ် ထိုဓားချက်ကို ခုတ်ချရာတွင် ပိုမို လွယ်ကူသွားမည်ဟု သူ ထင်မြင်ပေသည်။ သူ၏ စွမ်းအားများ လည်း အကြီးအကျယ် တိုးတက်လာမည် ဖြစ်ပြီး ထိုအခါမှသာ ရွှမ်တန်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းသည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်မည် ဖြစ်သည်။
"ကောင်းပြီ... ပြန်ကြတာပေါ့..."
ချီဆန်းကျားက ခေါင်းညိတ်လိုက်သော်လည်း လမ်းလျှောက် ပြန်ရန် မရည်ရွယ်ပေ။ လေချွန်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် အဝေးမှနေ၍ ဧရာမ သွေးချို သားရဲကြီး တစ်ကောင် က လေဟာနယ်ကို နင်းဖြတ်ကာ ဖြည်းညင်းစွာ ရောက်ရှိလာပြီး သူ၏ အရှေ့တွင် အလွန် ယဉ်ကျေးစွာ ဝပ်စင်းနေပေသည်။ ချီဆန်းကျား က ခုန်တက်လိုက်ပြီး သွေးချို ဧရာမသားရဲကြီး၏ ကျောပေါ်တွင် တည်ငြိမ်စွာ နေရာယူလိုက်သည်။
ကျန်းချဲ့၊ ချီဆန်းကျား တို့နှင့် ရွှီယွမ်တာအိုဆရာ တို့၏ တိုက်ပွဲကြီး အဆုံးသတ်သွားသည်နှင့် အတူ ဖူလုံကျောင်းတော် အတွင်းရှိ တိုက်ပွဲ များ ကလည်း လုံးဝ အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ မြေကြီးပေါ်တွင် သွေးချောင်းစီးနေပြီး ပြတ်တောက်နေသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို နေရာအနှံ့ တွေ့မြင်နေရပေသည်။
အများစုမှာ ဖူလုံကျောင်းတော်မှ တပည့်များ၏ အလောင်းများ ပင် ဖြစ်သည်။
တိုက်ပွဲ စတင်သည်မှ ယခုအချိန်အထိ နာရီဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး ဖူလုံကျောင်းတော် မှ အသက်ရှင် ကျန်ရစ်သော တပည့် အရေအတွက် မှာ နှစ်ရာပင် မပြည့်တော့ပေ။ ထို့အပြင် လူတိုင်း ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေကြသည်။ သူတို့ ယခုအခါ နောက်ဆုံး အားအင်များကို သုံးပြီး တောင့်ခံနေကြကြောင်း လူတိုင်း သိရှိထားကြသည်။ ဘယ်သူ နိုင်မည် ဘယ်သူ ရှုံးမည် ဆိုသည်မှာ စောစောကတည်းက အဖြေပေါ်နေပြီ ဖြစ်သည်။
ကျင်းယွမ်ဘုန်းကြီးကျောင်းမှ မွေးရာပါအဆင့် သိုင်းရဟန်းများ အားလုံး ယခုအခါ ဖူလုံတောင်တွင် အသက် ပေးလိုက်ကြရပြီ ဖြစ်ပြီး တစ်ယောက်မျှ မကျန်တော့ပေ။ ထိုအထဲမှ ထက်ဝက်ခန့်မှာ ရိခုန်း ၏ လက်ထဲတွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်ပြီး သူ ဝတ်ဆင်ထားသော အနက်ရောင် ဝတ်ရုံကို လုံးဝ သွေးရောင် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ယခုအခါ မင်ဟယ်တာအိုဆရာ အပါအဝင် သုံးယောက်သာ ကျန်ရှိတော့သည်။ သူတို့ က ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရပေသည်။
"စွပ်..."
မြို့စောင့်တပ်မှ တပ်မှူး တစ်ယောက်က ဖူလုံကျောင်းတော်မှ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်ကို လှံဖြင့် ထိုးဖောက် သတ်ဖြတ်လိုက်ပြီး တိုးညှင်းစွာ အသက်ရှူကာ လေဟာနယ် ထဲရှိ တိုက်ပွဲကို တည်ငြိမ်စွာ လှမ်းကြည့်နေပေသည်။
မင်ဟယ်တာအိုဆရာ မှာ လက်တစ်ဖက် ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပြီး တာအို ဝတ်ရုံ များမှာလည်း စုတ်ပြဲနေပေသည်။ လက်ထဲတွင် ဝိညာဉ် ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး မွေးရာပါ တာအိုမျိုးစေ့ ကို လောင်ကျွမ်းကာ ချန်ရှန်တုန်း နှင့် ဝမ်မိသားစု ဘိုးဘေး တို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ပြတ်သားသော မျက်လုံးများဖြင့် ကာကွယ်နေပေသည်။
သူ၏ ရင်ထဲတွင် သေရန် ဆုံးဖြတ်ထားပြီး ဖြစ်ကာ ယခု လုပ်ဆောင်နေသမျှ အရာအားလုံး က နောက်ဆုံး အချိန်တွင် ရန်သူများ၏ စွမ်းအားကို တတ်နိုင်သမျှ လျှော့ချသွားနိုင်ရန် သာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကို အသေဖော် အဖြစ် ဆွဲခေါ်သွားနိုင်မည် ဆိုပါက လုံးဝ နောင်တရစရာ မရှိတော့ပေ။
သို့သော် ဝမ်မိသားစု ဘိုးဘေး နှင့် ချန်ရှန်တုန်း တို့က မင်ဟယ်တာအိုဆရာ၏ အကြံအစည်ကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သူတို့က တစ်ဖက်လူ၏ အသက်ဓာတ် များကို တဖြည်းဖြည်းချင်း အချိန်ဆွဲ ဖျက်ဆီးနေကြခြင်း ပင် ဖြစ်သည်။
"ကြည့်ရတာ... ဒီနေရာလည်း အဆုံးသတ်တော့မယ် ထင်တယ်..."
ချီဆန်းကျားက အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်ရင်း ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
ဖူလုံကျောင်းတော်မှ တပည့်များ လုံးဝ အကျပ်အတည်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ မြင်တွေ့နိုင်ပေသည်။ လူထောင်ပေါင်းများစွာ က သူတို့ကို တောင်ကြား တစ်ခု အတွင်းသို့ ဖိအားပေး ခြောင်ပိတ်ထားပြီး စက္ကန့်တိုင်းတွင် လူများ လဲကျနေကြရာ သူတို့ အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ကြောင်း သိသာ ထင်ရှားလှပေသည်။
"ဟုတ်တယ်..."
ကျန်းချဲ့က အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့... ငါတို့ရဲ့ ဆုံးရှုံးမှု ကလည်း မသေးဘူးနော်..."
မြေပြင် အနှံ့ကို ငုံ့ကြည့်လိုက်ရာ ချီဆန်းကျား က သူ၏ လက်အောက်ရှိ မွေးရာပါအဆင့် သိုင်းသမား နှစ်ယောက် ဤနေရာတွင် သေဆုံးသွားခဲ့ကြောင်း မြင်တွေ့လိုက်ရသဖြင့် မျက်လုံးထဲတွင် အနည်းငယ် နှမြောတသ ဖြစ်သွားခဲ့သည်။ ဆယ်နှစ်ကျော် တည်ဆောက်လာခဲ့သော အင်အားစုများ ဖြစ်ပြီး ဤလူများ က သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများ ပင် ဖြစ်သည်။ တစ်ယောက် ဆုံးရှုံးသွားတိုင်း သူ့ကို အလွန် နှမြောသွားစေသည်။
အောက်ဘက်ရှိ စစ်သည် ရာပေါင်းများစွာ ၏ အလောင်းများကို ဆိုလျှင် ထပ်ပြောနေစရာပင် မလိုတော့ပေ။
သို့သော် သူက အခြား မွေးရာပါအဆင့် သိုင်းသမား များကို ကျန်ရှိနေသော ဖူလုံကျောင်းတော် မှ တပည့်များကို အမြစ်ပြတ် သတ်ဖြတ်ရန် အမိန့်မပေးခဲ့ဘဲ စစ်သည်များ က ကျန်ရှိနေသော ဖူလုံကျောင်းတော် မှ အကြွင်းအကျန် များကို ဝိုင်းဝန်း သတ်ဖြတ်နေသည်ကို ဖြည်းညင်းစွာ ကြည့်နေပေသည်။
စစ်သည်များကို လေ့ကျင့်ပေးရာတွင် ဤကဲ့သို့ ပင် ဖြစ်သင့်ပေသည်။ သွေးနှင့် မီးတောက်များ၏ စမ်းသပ်မှုများကသာ တကယ့် အစစ်အမှန် အင်အားကြီးသူ များကို မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
သေချာသည်မှာ ကျန်းချဲ့ ကတော့ ချွင်းချက် ပင် ဖြစ်သည်။
ချီဆန်းကျား၏ အမြင်တွင် ကျန်းချဲ့ က ကောင်းကင်ဘုံက ရွေးချယ်ခံရသူ တစ်ယောက် နှင့် အဆင့်အတန်း တူညီနေပြီ ဖြစ်သည်။ မဟုတ်လျှင် လအနည်းငယ် အတွင်း မွေးရာပါအဆင့် မှ ရှန်ကွမ်းအဆင့် သို့ ရောက်ရှိလာခြင်းကို ရှင်းပြရန် လုံးဝ မဖြစ်နိုင်ပေ။ သူ၏ ဆယ်နှစ်ကျော် အားထုတ်မှု များနှင့်ပင် တူညီနေပေသည်။
"အဆုံးအဖြတ် တိုက်ပွဲပဲလေ... ဖူလုံကျောင်းတော် နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း က လက်ရွေးစင် တပည့်တွေ အကုန်လုံး ဒီမှာ ရှိနေတာ ဆိုတော့ ဆုံးရှုံးမှု တချို့ ရှိတာတော့ ရှောင်လွှဲလို့ မရပါဘူး... သူတို့ အတွက် နောက်ပိုင်း ထောက်ပံ့ကြေး တွေကို အပြည့်အဝ ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."
"မင်း ကများ... ငါကိုယ်တော်ကို အထင်သေးနေတာလား..."
"ငယ်သား မဝံ့ရဲပါဘူး..."
"ကျန်းချဲ့... ဒီဖူလုံကျောင်းတော် က တပည့်တွေ နည်းနည်း ထူးဆန်းနေတယ် လို့ မင်း မထင်ဘူးလား..."
ချီဆန်းကျားက ရုတ်တရက် မေးလိုက်သည်။
"လီတောက်ဖျင် ဒီနေရာမှာ မရှိဘူး... ဖူလုံကျောင်းတော် ထဲမှာ အသက် ဆယ့်ခြောက်နှစ် အောက် တပည့်တွေလည်း မရှိဘူး..."
ကျန်းချဲ့က ချီဆန်းကျား၏ မေးခွန်းကို တိုက်ရိုက် ထိမိစွာ ပြန်ဖြေလိုက်သည်။
အမှန်တကယ်တော့ အစကတည်းက တိုက်ပွဲ မစတင်မီ အချိန်ကပင် ဤအပြောင်းအလဲကို သူ သတိထားမိခဲ့ပြီး ဖြစ်သည်။ သို့သော် သူ အများကြီး မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလွန် ပုံမှန် ဖြစ်လွန်းနေသောကြောင့် ပင် ဖြစ်သည်။
ကျင်းယွမ်ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားပြီ ဖြစ်ရာ ဖူလုံကျောင်းတော် အနေဖြင့် မိမိတို့၏ စွမ်းအားကို မိမိတို့ ယုံကြည်နေလျှင်တောင် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားမည်မှာ သေချာပေသည်။ မမျှော်လင့်ထားသော အခြေအနေများ အတွက် လူငယ် တပည့် အချို့ကို ဂိုဏ်းမှ ထွက်ခွာခိုင်းထားခြင်း ပင် ဖြစ်သည်။
"ဒီလီတောက်ဖျင် ဆိုတဲ့ ကောင်လေး က ရိခုန်း ထက် မနိမ့်ကျဘူး... နောက်ပိုင်း သူသာ ကြီးပြင်းလာမယ် ဆိုရင် ပြဿနာ တစ်ခု ဖြစ်လာနိုင်တယ်... ဒီကိစ္စကို မင်း သတိထားရမယ်နော်..."
မြက်ကို ရှင်းလင်းလျှင် အမြစ်ပါ မကျန်အောင် ရှင်းရမည်။ မဟုတ်လျှင် နွေဦးလေ တိုက်ခတ်လာသည်နှင့် ပြန်လည် ရှင်သန်လာမည် ဖြစ်သည်။
ချီဆန်းကျား က ဤအချက်ကို ကောင်းစွာ သိရှိထားသော်လည်း ယခုအခါ လီတောက်ဖျင်ကို လိုက်လံ ဖမ်းဆီးရန် သူ့တွင် အချိန်နှင့် အင်အား မရှိတော့ပေ။ စစ်တပ်၏ အင်အား အများစုကို သူ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး လီတောက်ဖျင် ဘယ်ကို ထွက်ပြေးသွားသလဲ ဆိုသည်ကိုလည်း သူ မသိရှိပေ။ လိုက်လံ ရှာဖွေရန် ဆိုသည်မှာ သမုဒ္ဒရာ ထဲတွင် အပ်ကျပျောက် ရှာသကဲ့သို့ ပင် ဖြစ်သည်။
ဤသဘောတရားကို ကျန်းချဲ့ လည်း ကောင်းစွာ သိရှိထားသော်လည်း အဓိက ပြဿနာ မှာ လီတောက်ဖျင်ကို လုံးဝ ရှာမတွေ့နိုင်ခြင်း ပင် ဖြစ်သည်။ ဖူလုံကျောင်းတော် ပျက်သုဉ်းသွားသည့် သတင်းသာ ပြန့်သွားပါက လီတောက်ဖျင် လည်း ဤသတင်းကို ကြားသိသည်နှင့် ပိုမို နက်ရှိုင်းစွာ ပုန်းအောင်းသွားမည်မှာ သေချာလှပေသည်။
သို့သော် ဤကိစ္စ နှင့် ပတ်သက်၍ ကျန်းချဲ့ က အရမ်းကြီး စိုးရိမ် ပူပန်မနေပေ။ ချီဆန်းကျားကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကျန်းချဲ့ က ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
"လီတောက်ဖျင် နဲ့ နာမည်တူတဲ့ ရိခုန်း တောင် အခုဆိုရင် ကျွန်တော့်ဆီမှာ လုံးဝ အညံ့ခံနေပြီပဲ... လီတောက်ဖျင် က ဘာများ အရေးပါလို့လဲ... သူ ကျွန်တော့်ကို လိုက်မီအောင် ကြိုးစားဖို့ အချိန်ပေးလိုက်ပါမယ်... သူ လုံးဝ မျှော်လင့်ချက် မဲ့သွားတဲ့ အချိန်အထိပေါ့..."
ယုံကြည်ချက်။ ယခုအခါ ကျန်းချဲ့၏ တစ်ကိုယ်လုံးတွင် လွှမ်းခြုံနေသည်မှာ ယုံကြည်ချက် တစ်ခုတည်းသာ ဖြစ်သည်။
ချီဆန်းကျား လည်း ဆွံ့အ တိတ်ဆိတ်သွားခဲ့သည်။ အကယ်၍ အခြားသူ တစ်ယောက် ကသာ ဤကဲ့သို့ ရိုင်းစိုင်း မောက်မာသော စကားကို ပြောမည် ဆိုပါက သူ သေချာပေါက် ယုံကြည်မည် မဟုတ်ဘဲ တစ်ဖက်လူကို ရန်သူကို အထင်မသေးရန် ပင် ဆူပူ ကြိမ်းမောင်းမိမည် ဖြစ်သည်။ သို့သော် ဤစကားကို ပြောသူမှာ ကျန်းချဲ့ ဖြစ်နေမည် ဆိုပါက ဘာပြဿနာ မှ မရှိတော့ပေ။
လအနည်းငယ် အတွင်း ရှန်ကွမ်းအဆင့် သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီး သူ့ကို နောက်ထပ် လအနည်းငယ် အချိန် ထပ်ပေးလိုက်မည် ဆိုပါက ရွှမ်တန်အဆင့် သို့များ ချိုးဖောက် ဝင်ရောက်သွားမလား ဆိုသည်ကို ဘယ်သူ ကများ သိနိုင်မည်နည်း။
လီတောက်ဖျင် က တကယ်ကို ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ယွဲ့ပြည်နယ် တွင် နာမည် အနည်းငယ် ရထားသော်လည်း ကျန်းချဲ့ နှင့် နှိုင်းယှဉ်မည် ဆိုပါက... အများကြီး ကွာခြားနေဆဲ ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ က လုံးဝ ကျင့်ကြံရေး မိစ္ဆာ တစ်ကောင် ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။
အောက်ဘက်တွင် ကျန်းချဲ့ နှင့် ချီဆန်းကျား တို့ ပေါ်ထွက်လာပြီးနောက် ဖူလုံကျောင်းတော် မှ တပည့်များ၏ နောက်ဆုံး မျှော်လင့်ချက် လေး လည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အချို့က အမှန်တရား ကို လက်မခံနိုင်ဘဲ နောက်ပြန် လှည့်ကာ ပြေးဝင် တိုက်ခိုက်လာကြသည်။ သူတို့ ခက်ခက်ခဲခဲ ဖန်တီးထားသော အစီအရင် ကို ဖြတ်ကျော်ပြီး မျက်လုံးများ နီရဲစွာဖြင့် ပြေးထွက်လာခဲ့သော်လည်း သူတို့၏ အဆုံးသတ် ကတော့ မြားရာချီ အပစ်ခံရပြီး သေဆုံးသွားကြရခြင်း ပင် ဖြစ်သည်။
မင်ဟယ်တာအိုဆရာ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ သူ ဆက်လက် တောင့်ခံနေနိုင်ခြင်းမှာ သေရန် ဆုံးဖြတ်ထားသည့် အပြင် အကြီးအကဲချုပ် ရှိနေသေးသောကြောင့် ပင် ဖြစ်သည်။ အကြီးအကဲချုပ် သာ ထွက်ပေါ်လာမည် ဆိုပါက သူတို့ ရှုံးနိမ့်မှုကို ပြန်လည် အဖတ်ဆယ်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါတွင်တော့...
လုံးဝ မျှော်လင့်ချက် မရှိတော့ပေ။ နှစ်ပေါင်း လေးရာ တည်တံ့လာခဲ့သော ဖူလုံကျောင်းတော်ကြီး ဤနေ့တွင် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
"ဖွပ်..."
မင်ဟယ်တာအိုဆရာ အာရုံလွှဲသွားသည့် အချိန်လေးကို ချန်ရှန်တုန်း က အလွန် လျင်မြန်စွာ ဖမ်းဆုပ်လိုက်နိုင်ပြီး လက်ထဲရှိ ဝိညာဉ် ဓားကို ပစ်လွှတ်လိုက်ရာ မင်ဟယ်တာအိုဆရာ၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့သည်။
ဝမ်မိသားစု ဘိုးဘေး ကလည်း လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ပြီး အစွမ်းထက်သော အတွင်းအား များက သူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ မင်ဟယ်တာအိုဆရာ ကို သွေးများ အဆက်မပြတ် အန်ထုတ်သွားစေပြီး လေဟာနယ် ထဲမှ မြေကြီး ပေါ်သို့ ပြုတ်ကျသွားစေခဲ့သည်။
"ဘန်း..."
ဖုန်လုံးကြီးများ လွင့်စင်သွားပြီး ပေပေါင်း များစွာ အထိ မြင့်တက်သွားခဲ့သည်။
မင်ဟယ်တာအိုဆရာ က မိမိ ကိုယ်ပေါ်ရှိ အသက်ဓာတ်များ တဖြည်းဖြည်းချင်း လျော့ကျသွားကြောင်း ကို ခံစားသိရှိနေပြီး မျက်လုံးများ ပင်လျှင် တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ သေဆုံးခါနီး အချိန်တွင် သူ၏ မျက်လုံးထဲ၌ ပေါ်ထွက်လာသည်မှာ လီတောက်ဖျင် ၏ ပုံရိပ် ပင် ဖြစ်သည်။ ဤသည်မှာ ဖူလုံကျောင်းတော် တစ်ခုလုံး၏ မျှော်လင့်ချက် ပင် ဖြစ်သည်။
လီတောက်ဖျင် ရှိနေသရွေ့ ဖူလုံကျောင်းတော် ကို ပြန်လည် တည်ဆောက်နိုင်မည့် နေ့တစ်နေ့ ရှိလာမည်ဟု သူ ယုံကြည်ပေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာခဲ့သည်။
လီတောက်ဖျင် ဖူလုံကျောင်းတော် မှ ထွက်ခွာသွားပြီးနောက် သူ က လီတောက်ဖျင် အတွက် တိတ်တဆိတ် ဗေဒင် တွက်ပေးခဲ့ကြောင်း ကို မည်သူကမျှ မသိရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် လီတောက်ဖျင် ထွက်ခွာသွားမည် ဆိုပါက ကံကောင်းမလား ကံဆိုးမလား ဆိုသည်ကို သူ တကယ် သိချင်နေခဲ့သောကြောင့် ပင် ဖြစ်သည်။ အနာဂတ် ကို ကြိုတင် သိရှိပြီး သူ၏ ရင်ထဲတွင် နောင်တ မရှိစေရန် အတွက် ပင် ဖြစ်သည်။
ဗေဒင် အဟော ကလည်း သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ လီတောက်ဖျင် ၏ ဗေဒင် အဟော မှာ အလွန် ကောင်းသော နိမိတ် မဟုတ်သော်လည်း ကံကောင်းခြင်း နှင့် ကံဆိုးခြင်း ဒွန်တွဲနေပြီး ကံကောင်းခြင်း အရိပ်အယောင် က ပိုမို များပြားနေပေသည်။ ဆိုလိုသည်မှာ လီတောက်ဖျင် အနေဖြင့် အစိုးရ ၏ ဖမ်းဆီးမှု အောက်တွင် သေချာပေါက် သေဆုံးမည် မဟုတ်ကြောင်း ကို ကိုယ်စားပြုနေပြီး သူ့ကို လုံးဝ စိတ်အေးသွားစေခဲ့သည်။
"တောက်ဖျင်... ဆရာဦးလေး မင်းအတွက်... နောက်ထပ် လမ်းညွှန်ပေးလို့ မရတော့ဘူး... နောင်တစ်ချိန် မင်းတစ်ယောက်တည်း လျှောက်သွားရတော့မယ်... ငါ့ကို စိတ်မပျက်စေနဲ့... ငါတို့ အားလုံးကို စိတ်မပျက်စေနဲ့... ဖူလုံကျောင်းတော် ကို... မင်းဆီ အပ်လိုက်ပြီ..."
မင်ဟယ်တာအိုဆရာ ၏ စကားသံ အဆုံးတွင် ပြုံးလျက် မျက်လုံးများ မှိတ်သွားပြီး အသက်ဓာတ် များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ထိုက်အန်းဒေသ နယ်စပ်ရှိ တောင်တန်း တစ်ခု ကြားတွင် လူငယ် တပည့် ဆယ်ယောက်ကျော် က အချင်းချင်း မှီတွယ် နေကြပြီး သူတို့ အများစု၏ မျက်လုံးများ ထဲတွင် တွေဝေမှု များနှင့် ထိတ်လန့် ကြောက်ရွံ့မှု များ ပြည့်နှက်နေပေသည်။
လီတောက်ဖျင် တစ်ယောက်တည်း သာ ကျောက်တုံး တစ်တုံး အပေါ်တွင် ရပ်နေပြီး ဖူလုံကျောင်းတော် ရှိရာ ဘက်သို့ လှမ်းကြည့်နေကာ မျက်လုံးများက ရှုပ်ထွေးနေပေသည်။
သူ ကြောက်ရွံ့နေပေသည်။ ဖူလုံကျောင်းတော် ပျက်သုဉ်းသွားသည့် သတင်းကို ကြားရမည်ကို သူ ကြောက်ရွံ့နေသည်။ ကျောင်းတော် အတွင်းရှိ ဆရာတူ ညီအစ်ကို များ၊ ဆရာဦးလေး နှင့် ဆရာဘိုးဘိုး များ သေဆုံးသွားမည့် သတင်းကို လည်း သူ ကြောက်ရွံ့နေပေသည်။
ဤသည်က နောက်ပိုင်းတွင် ဖူလုံကျောင်းတော် ၏ တာဝန်ကြီး က သူ၏ ပခုံးပေါ်သို့ လုံးဝ ရောက်ရှိလာတော့မည် ဆိုသည်ကို ကိုယ်စားပြုနေပေသည်။
သူ၏ စိတ်နေသဘောထား အရ သူ က အေးအေးဆေးဆေး နေတတ်ပြီး တိုက်ခိုက်ခြင်းကို မနှစ်သက်ပေ။ ပုံမှန် အချိန်များတွင် အရက်သောက်ပြီး အိပ်နေရသည်ကိုသာ နှစ်သက်ပြီး အရာအားလုံးကို သဘာဝ အတိုင်း ထားလေ့ရှိသည်။ သို့သော် အန္တရာယ် များ နီးကပ်လာသော အခါမှသာ သူ၏ ပေါ့ပါးမှု နှင့် တည်ငြိမ်မှုများ အားလုံးက လူကြီးများ က သူ့အတွက် လေမုန်တိုင်း များကို ကာကွယ်ပေးထားသောကြောင့် ဖြစ်ကြောင်း သူ နားလည် သဘောပေါက်သွားခဲ့သည်။
လူကြီးများ ထွက်ခွာသွားသည် နှင့် သူ ကိုယ်တိုင် လေမုန်တိုင်း များကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"ငါ အရင်တုန်းက အရာအားလုံးကို အရမ်း လွယ်လွယ်လေး တွေးထားခဲ့တာပဲ..."
လီတောက်ဖျင် က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ နှင့် ကျန်းချဲ့ တို့မှာ မျိုးဆက်သစ် လူငယ်များ ဖြစ်ကြသော်လည်း သူတို့၏ ကွာဟချက် က စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။ ယခင်က ကျန်းချဲ့ ၏ ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများ ဖြင့် အသက်ရှင် နေရခြင်း မှာ သူ၏ စိတ်နေသဘောထား ပုံမှန် မဟုတ်သောကြောင့် ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
ယခုမှသာ ကျန်းချဲ့ က သူ့ထက် ပိုမို ရင့်ကျက် တည်ငြိမ်ကြောင်း နားလည်သွားခဲ့သည်။ ကျင်းယွမ် ဘုန်းကြီးကျောင်း ကို သစ္စာဖောက်သွားသော ရိခုန်း ပင်လျှင် သူ့ထက် ပိုမို ရင့်ကျက် တည်ငြိမ်လောက်မည် ပင် ဖြစ်သည်။
"ဆရာဦးလေး တောက်ဖျင်... ကျွန်တော်တို့... ကျွန်တော်တို့ ဂိုဏ်းကို ပြန်မသွားတော့ဘူးလား..."
လူငယ် တာအိုဆရာလေး တစ်ယောက် က လီတောက်ဖျင် ကို ကြောက်ရွံ့စွာ ကြည့်ရင်း မေးလိုက်သည်။
"ပြန်သွားလို့ မရတော့ဘူး... ဂိုဏ်း က အန္တရာယ် တွေ့နေပြီ... ပြန်သွားရင် သေဖို့ပဲ ရှိတယ်..."
လီတောက်ဖျင် က ခေါင်းယမ်းလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ဘယ်သွားကြမလဲ..."
လီတောက်ဖျင် က အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက်...
"တောင်ပိုင်း နယ်စပ် က တောင်တန်းကြီး တစ်သောင်း ဆီကို အရင် သွားကြမယ်..."
မူလက ဖူလုံကျောင်းတော် မှ အကြီးအကဲများ က လီတောက်ဖျင် ကို ပေးအပ်ထားသော အမိန့် မှာ ကျန်ရှိနေသော တပည့်များကို ခေါ်ဆောင်ပြီး လုံဟူ တာအိုဂိုဏ်း သို့ သွားရောက် အကူအညီ တောင်းခံရန် ပင် ဖြစ်သည်။ ဤသို့ ဆိုမှသာ အစိုးရ ၏ ဖမ်းဆီးမှု နှင့် လိုက်လံ ရှာဖွေမှု များကို မကြောက်ရွံ့ဘဲ နေနိုင်မည် ဖြစ်သည်။
သို့သော် အဓိက ပြဿနာ မှာ သူ၏ ဘေးတွင် ဝန်ထုပ်ဝန်ပိုး တွေ အများကြီး ပါလာခြင်း ပင် ဖြစ်သည်။ ဤလူငယ် တပည့်များ၏ ကျင့်ကြံမှု က အလွန် အားနည်းလွန်းပြီး လုံဟူ တာအိုဂိုဏ်း သို့ သွားရမည့် ခရီးစဉ် ကလည်း အလွန် ဝေးကွာလှပေသည်။ သတင်းသာ ပြန့်သွားပါက အစိုးရ ၏ လိုက်လံ ဖမ်းဆီးမှု ကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ထိုလမ်းက အသက်ရှင်မည့် လမ်း မဟုတ်ဘဲ သေရမည့် လမ်း ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ အနေဖြင့် သူတို့၏ ပစ်မှတ်ကို ကြိုတင် ခန့်မှန်းနိုင်မည်ဟု သူ ထင်မြင်သောကြောင့် ဖြစ်သည်။ လမ်းခရီးတွင် ချုံခို တိုက်ခိုက်ခံရပါက အသက်ရှင်ရန် အခွင့်အရေး အလွန် နည်းပါးလှပေသည်။ ရည်ရွယ်ချက်က အလွန် သိသာ ထင်ရှားလွန်းနေသောကြောင့် ပင် ဖြစ်သည်။
တောင်ပိုင်း နယ်စပ် ဆီသို့ သွားမည် ဆိုပါက ဤအန္တရာယ် များကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
"ဘယ်တော့... သွားကြမလဲ..."
"ခဏလောက် ထပ်စောင့်ကြည့်ရအောင်..."
လီတောက်ဖျင် ၏ ရင်ထဲတွင် မျှော်လင့်ချက် လေးတစ်ခု ရှိနေသေးသည်။ ဤတိုက်ပွဲတွင် ဂိုဏ်းက ဘေးကင်း လုံခြုံစွာ ကျော်ဖြတ်နိုင်မည်လား ဟု မျှော်လင့်နေခြင်း ဖြစ်သည်။ မဖြစ်မနေ အခြေအနေ သို့မဟုတ် သတင်း တစ်ခုခု မရမချင်း လူသူ ကင်းမဲ့သော နေရာသို့ သွားရောက် ရှင်သန်ရန် သူ မရည်ရွယ်သေးပေ။
"သြော်..."
"ချင်ချိုး... မင်းက ချင် မျိုးဆက် ရဲ့ အစ်ကိုကြီး အနေနဲ့... ဆရာညီအစ်ကို တွေကို သေချာ ထိန်းသိမ်းထားရမယ်... အခုက ဂိုဏ်းရဲ့ အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်းကို ဆုံးဖြတ်နေတဲ့ အချိန်ပဲ... ငါတို့ရဲ့ အနာဂတ် ကလည်း မသေချာ မရေရာသေးဘူး... ပြဿနာ အပိုတွေ မရှာကြနဲ့တော့..."
"ဟုတ်ကဲ့... တပည့် နားလည်ပါပြီ..."
"သွားတော့လေ..."
"တပည့် ခွင့်ပြုပါဦး..."
ချင်ချိုး ဟု အမည်ရသော လူငယ် တပည့်လေး က ဖြည်းညင်းစွာ နောက်ဆုတ်သွားပြီး လီတောက်ဖျင် တစ်ယောက်တည်း သာ ဖူလုံကျောင်းတော် ရှိရာ ဘက်သို့ အဝေးမှ လှမ်းကြည့်နေခဲ့သည်။ အလွန်အမင်း စိုးရိမ် ပူပန်နေသောကြောင့်လားတော့ မသိ၊ ယခုအခါ သူ၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ နာကျင်မှုကို သဲ့သဲ့လေး ခံစားနေရပေသည်။
ဖူလုံကျောင်းတော် အတွင်း၌။
မင်ဟယ်တာအိုဆရာ လုံးဝ သေဆုံးသွားပြီးနောက် ကျန်ရှိနေသော သတ်ဖြတ်မှုများ၏ အရှိန်အဟုန် ကလည်း အလွန် မြန်ဆန်လာခဲ့သည်။ ဆယ့်ငါးမိနစ်ခန့် အတွင်းမှာပင် မြေကြီး ပေါ်တွင် မတ်တပ် ရပ်နေသော ဖူလုံကျောင်းတော် မှ အကြွင်းအကျန် တစ်ယောက်မျှ မရှိတော့ပေ။
အားလုံးက စစ်သည်များ ၏ လက်ထဲတွင် သေဆုံးသွားကြရပြီ ဖြစ်သည်။
မြေကြီး ပေါ်တွင် သွေးများဖြင့် အနီရောင် လွှမ်းနေပြီး ရွှံ့မြေများ ပင်လျှင် သွေးရောင် စွန်းထင်းနေကာ ညှီစော်နံသော အနံ့များ နှင့် အမျိုးမျိုးသော အနံ့အသက် များ ရောနှောကာ အလွန် ဆိုးရွားလှပေသည်။
ဤသည်က အဆုံးအဖြတ် ပေးလိုက်ပြီ ဖြစ်သည်။
ထိုက်အန်းဒေသ ၏ သိုင်းလောက အရှင်သခင် များထဲမှ တစ်ခု ဖြစ်သော နှစ်ပေါင်း လေးရာတိုင်တိုင် ရပ်တည်လာခဲ့သည့် ဖူလုံကျောင်းတော် ကြီး... ယနေ့တွင် အပြီးတိုင် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်လေတော့သတည်း။