အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) နဂါးစွမ်းအင်ကို ရရှိခြင်းနှင့် သိုင်းလောက၏ တုံ့ပြန်မှု
ဖူလုံကျောင်းတော် ပျက်သုဉ်းသွားခြင်းက ထိုက်အန်းဒေသ အတွင်း၌ ကျန်းချဲ့ နှင့် ချီဆန်းကျား တို့ကို ဆန့်ကျင်ရဲမည့် သိုင်းလောက အင်အားစု နောက်ထပ် မရှိတော့ကြောင်းကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ကျန်းဟိုင်နန်းတော် နှင့် ဝမ်ရှိုခြံဝင်း တို့ကလည်း အစိုးရဘက်သို့ ပူးပေါင်းသွားခဲ့ကြပြီ ဖြစ်သည်။ ဤသည်မှာ ကျန်းချဲ့ နှင့် ချီဆန်းကျား တို့ နှစ်ယောက်သာ ဆန္ဒရှိပါက ထိုက်အန်းဒေသ အတွင်း၌ သူတို့ လုံးဝ ကြီးစိုး လွှမ်းမိုးနိုင်ပြီ ဖြစ်ကြောင်းကို ဆိုလိုနေပေသည်။
မည်သူကမျှ သူတို့၏ ဆန္ဒကို ဆန့်ကျင်ရဲမည် မဟုတ်တော့ပေ။
တစ်ချိန်တည်းမှာပင် ဤတစ်ကြိမ်၌ သူတို့ ထပ်မံ၍ အမြတ်ကြီးစား ရဦးမည် ဖြစ်ကြောင်းကိုလည်း ကိုယ်စားပြုနေပေသည်။ ယခင်က ကျင်းယွမ်ဘုန်းကြီးကျောင်းကို အမြစ်ပြတ် ချေမှုန်းခဲ့စဉ်ကပင် သူတို့ အများအပြား ရရှိခဲ့ပြီး ဖြစ်ရာ အဆင့်အတန်း တူညီသော ဖူလုံကျောင်းတော် မှ ရရှိမည့် အကျိုးအမြတ်များမှာလည်း ကျင်းယွမ်ဘုန်းကြီးကျောင်း ထက် လျော့နည်းမည် မဟုတ်သည်မှာ သေချာလှပေသည်။
လီတောက်ဖျင် က ဖူလုံကျောင်းတော် မှ တပည့်အချို့ နှင့် အရင်းအမြစ်များကို ယူဆောင်သွားခဲ့သည် ဆိုသော်ငြားလည်း ပစ္စည်းသိမ်းဆည်းသည့် မှော်လက်နက်များ မရှိဘဲ သူတို့ မည်မျှ များများ ယူဆောင်သွားနိုင်မည်နည်း။ အကယ်၍ လှုပ်ရှားမှုများ အရမ်း ကြီးမားနေပါက သေလမ်းကို ရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ချီဆန်းကျား နှင့် ကျန်းချဲ့ တို့က လူအများ ခြံရံလျက် ဖူလုံကျောင်းတော် ၏ ဧည့်ခံခန်းမဆောင်ဆီသို့ လျှောက်သွားခဲ့ကြပြီး ကျန်ရှိနေသော မြို့စောင့်တပ် စစ်သည်များကတော့ သေဆုံးဒဏ်ရာရမှု များနှင့် သိမ်းဆည်းရမိသော ပစ္စည်းများကို ချက်ချင်း စာရင်းပြုစုနေကြပေသည်။
ကျန်းဟိုင်နန်းတော် နှင့် ဝမ်ရှိုခြံဝင်း မှ တပည့်များ ကတော့ စာရင်းပြုစုရန် လုံးဝ အခွင့်အရေး မရှိခဲ့ပေ။
နှစ်နာရီခန့် ကြာပြီးနောက် ဤတိုက်ပွဲ၏ စုစုပေါင်း သေဆုံးဒဏ်ရာရမှု စာရင်းများ ထွက်ပေါ်လာခဲ့သည်။ ဖူလုံကျောင်းတော် မှ တပည့်များ နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ တပည့်များ စုစုပေါင်း တစ်ထောင်ကျော်ခန့် အားလုံး သေဆုံးသွားခဲ့ပြီး အသက်ရှင်မနေစေရန် သေချာစေရန်အတွက် ခေါင်းများကိုပါ ဖြတ်တောက်ထားခဲ့ကြသည်။
မြို့စောင့်တပ် ဘက်မှ စစ်သည် ခြောက်ရာကျော် သေဆုံးခဲ့ပြီး ကျန်းဟိုင်နန်းတော် မှ လက်ရွေးစင် တပည့် တစ်ရာကျော် နှင့် ဝမ်ရှိုခြံဝင်း မှ တပည့် တစ်ရာကျော် သေဆုံးဒဏ်ရာ ရရှိခဲ့ကြသည်။ စုစုပေါင်း သေဆုံးဒဏ်ရာရသူ အရေအတွက် ရှစ်ရာကျော် ရှိနေသဖြင့် အထိနာသည်ဟု ဆိုနိုင်ပေသည်။ ယခင် ကျင်းယွမ်ဘုန်းကြီးကျောင်း တိုက်ပွဲထက် များစွာ သာလွန်နေပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ရင်ဆိုင်ခဲ့ရသည်မှာ ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့၏ လက်ရွေးစင် တပည့်များ ဖြစ်ပြီး စွမ်းအား အလွန် ကြီးမားကြသောကြောင့် ဖြစ်သည်။ ထို့အပြင် အသာစီး ရရှိစေရန် အတွက် ဖူလုံကျောင်းတော် က ဂိုဏ်းတွင် သိမ်းဆည်းထားသော အဖိုးတန် လက်နက်များ အားလုံးကို တပည့်များအား ခွဲဝေပေးထားခဲ့သည်။
တစ်ဦးချင်း စွမ်းအား အရ နှိုင်းယှဉ်မည် ဆိုပါက သာမန် မြို့စောင့်တပ် စစ်သည်များထက် အများကြီး သာလွန်နေကြပေသည်။
သူတို့ဘက်တွင် အင်အား များပြားနေခြင်းနှင့် ကျန်းချဲ့ က အမြန်ဆုံး နှုန်းဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ခြင်း တို့သာ မရှိခဲ့လျှင် သေဆုံးမှုများက ယခုထက် ပိုမို များပြားနေမည် ဖြစ်သည်။ ဤကဲ့သို့သော တိုက်ပွဲ ရလဒ် ကို ကြားသိရသောအခါ ချီဆန်းကျား မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး အခြား မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။
တိုက်ပွဲ မစတင်မီကတည်းက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို သူတို့ ကြိုတင် တွေးတောထားခဲ့ပြီး ဖြစ်သည်။
သေဆုံးဒဏ်ရာရမှု စာရင်းများကို နားထောင်ပြီးနောက် ကျန်းချဲ့ က ခေတ္တမျှ တိတ်ဆိတ်နေပြီး ချီဆန်းကျား ကို လက်အုပ်ချီကာ ပြောလိုက်သည်။
"တပ်မှူးချုပ်... ငယ်သား အပြင်ဘက်ကို ခဏလောက် သွားကြည့်လိုက်ပါဦးမယ်..."
"အင်း... သွားလေ..."
ချီဆန်းကျားက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။
ကျန်းချဲ့ အနေဖြင့် သိမ်းဆည်းရမိသော ပစ္စည်းများထဲမှ တစ်ခုခုကို သွားယူရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သူ သိရှိထားပေသည်။ သို့သော် အရမ်းကြီး လွန်ကျူးမသွားသရွေ့ သူ လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ၏ အရေးပါမှု က အရင်းအမြစ် ပစ္စည်း ဥစ္စာ များထက် အများကြီး ပိုမို သာလွန်နေသောကြောင့် ပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်..."
ဖူလုံကျောင်းတော် ၏ တောင်တန်းများ အတွင်း၌ လမ်းလျှောက်ရင်း ကျန်းချဲ့ က မြေနဂါးစွမ်းအင် ရှိနိုင်မည့် နေရာများကို သေချာစွာ လိုက်လံ ရှာဖွေနေပေသည်။ ယခုအခါ သူ့ထံတွင် တိကျသော သတင်းအချက်အလက် များ မရှိသလို ဖူလုံကျောင်းတော် အတွင်း၌ တောင်ထွတ်ပေါင်း ဆယ်ခုကျော် ရှိနေပေသည်။
မည်သည့် တောင်ထွတ်တွင်မဆို မြေနဂါးစွမ်းအင် ရှိနေနိုင်ပေသည်။
တောင်ထွတ် တစ်ခုပြီး တစ်ခု ကို ကျန်းချဲ့ က အသေးစိတ် လိုက်လံ ရှာဖွေခဲ့သည်။ နောက်ဆုံးတွင်တော့ ကြိုးစားသူကို ဘုရားသခင်က မျက်နှာသာ ပေးခဲ့ပေသည်။ ဖူလုံကျောင်းတော် အတွင်းရှိ သာမန် တောင်ထွတ်ပုလေး တစ်ခု အတွင်း၌ ပုံမှန်မဟုတ်သော အခြေအနေ အချို့ကို သူ ရှာတွေ့သွားခဲ့သည်။
'ဝုန်း...'
ကျောက်တံခါး ကို လက်သီးဖြင့် တစ်ချက် ထိုးခွဲလိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့ က ခံစားချက် မရှိသော မျက်နှာထားဖြင့် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အတွင်းဘက်တွင် လုံးဝ မှောင်မည်းနေပြီး တောင် တစ်ခုလုံးကို အတွင်းမှ လှိုက်စား ဖောက်လုပ်ထားသည့် အလား ဖြစ်နေပေသည်။
အတွင်းပိုင်း သို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပတ်ဝန်းကျင်ရှိ သဘာဝ ယွမ်ချီ စွမ်းအင်များ ပိုမို သိပ်သည်းလာကြောင်း ကို ကျန်းချဲ့ ခံစားသိရှိလာရလေလေ ဖြစ်သည်။
ယွမ်ချီ စုစည်းခြင်း အစီအရင် ရှိနေသည်။
ဤအချက်ကို ကျန်းချဲ့ ချက်ချင်း တွေးမိသွားခဲ့သည်။
ယခုအခါ သူ က သိုင်းလောကသို့ စတင် ဝင်ရောက်လာသော လူသစ်လေး တစ်ယောက် မဟုတ်တော့ပေ။ အခြေအနေ အမျိုးမျိုး ကို အနည်းနှင့်အများ သိရှိထားပြီး ဖြစ်သည်။ လျှို့ဝှက် နယ်မြေများ သို့မဟုတ် တောင်တန်းကြီး တစ်သောင်း ကဲ့သို့သော နေရာများမှလွဲ၍ အခြားနေရာများတွင် ယွမ်ချီ စွမ်းအင်များ သိပ်သည်းနေခြင်းမျိုး အလွန် ရှားပါးလှပေသည်။
သဘာဝ ယွမ်ချီ စွမ်းအင်များကို စုစည်းရန် အတွက် အစီအရင် များကိုသာ အသုံးပြုရပေသည်။ ဆေးဘုရင်တောင်ကြား မှ ဆေးဥယျာဉ် နှင့် လုမိသားစု ၏ တားမြစ်နယ်မြေ တို့မှာ ဤနည်းအတိုင်းသာ ဖြစ်သည်။
ဤနေရာတွင် အစီအရင် ၏ လက္ခဏာ များ ရှိနေခြင်း က ရတနာများ သေချာပေါက် ရှိနေကြောင်းကို ပြသနေပေသည်။
အချိန် အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့ က လိုဏ်ဂူ၏ အဆုံးသို့ ရောက်ရှိသွားခဲ့ပြီး မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။ သူ၏ အရှေ့ရှိ ကျောက်နံရံ နှင့် မြေကြီး အပေါ်တွင် အစီအရင် မျဉ်းကြောင်းများ ရေးဆွဲထားပြီး ယွမ်ကျောက်တုံး ဆယ်ခုကျော်ကို အစီအရင် ၏ အချက်အချာ နေရာများတွင် တပ်ဆင်ထားပေသည်။
သို့သော် ပြဿနာမှာ ဤနေရာရှိ အစီအရင် က မပြည့်စုံဘဲ အပျက်အစီး တစ်ခု ဖြစ်နေကြောင်းကို သူ တွေ့ရှိလိုက်ရခြင်း ပင် ဖြစ်သည်။ သို့သော် ထူးဆန်းစွာပင် အလုပ်လုပ်နေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်တွင် မြေနဂါးစွမ်းအင် ၏ အရိပ်အယောင် လုံးဝ မတွေ့ရပေ။
သို့သော် ကျန်းချဲ့ က စိုးရိမ် ပူပန်မနေပေ။ သူ့တွင် အထူး နည်းလမ်း ရှိနေသောကြောင့် ပင် ဖြစ်သည်။
အတွေးတစ်ခု ပေါ်လာသည် နှင့် ကျန်းချဲ့ က ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ကို လှုံ့ဆော်လိုက်ရာ မျက်စိတစ်မှိတ် အတွင်း လျှို့ဝှက်ဆန်းကြယ်သော ဆွဲငင်အား တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် တွင် ပစ္စည်းများ သိမ်းဆည်းနိုင်သော နေရာလွတ် တစ်ခု ပါရှိသော်လည်း ပူဇော်မည့် ယဇ်ကောင် များကိုသာ သိမ်းဆည်းထားနိုင်ပေသည်။ ထို့ကြောင့် ယခင်က ကျန်းချဲ့ အနေဖြင့် သတ်ဖြတ်ခြင်း အရှိန်အဝါ များကို သိမ်းဆည်းခဲ့စဉ်က အတွေး တစ်ချက်ဖြင့် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က အလိုအလျောက် စုပ်ယူသွားခဲ့ခြင်း ပင် ဖြစ်သည်။
ယခုအခါ တွင်လည်း အတူတူပင် ဖြစ်သည်။
ကျန်းချဲ့ ၏ အတွေး ပေါ်လာသည့် အချိန်တွင် ပတ်ဝန်းကျင်ရှိ မြေကြီးများ ဖြည်းညင်းစွာ တုန်ခါလာကြောင်း ကို သူ ရှင်းလင်းစွာ ခံစားသိရှိလိုက်ရသည်။ မြေကြီး အောက်တွင် အစွမ်းထက်သော စွမ်းအား တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာနေသည့် အလား ဖြစ်နေပေသည်။
အဝါရောင် ရင့်ရင့် ဓာတ်ငွေ့များ အဆက်မပြတ် ထွက်ပေါ်လာပြီး လေဟာနယ် ထဲတွင် စုစည်းလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ နဂါးပုံသဏ္ဍာန် စွမ်းအင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တကယ်ပဲ မြေနဂါးစွမ်းအင် ဖြစ်နေသည်။
နဂါးပုံသဏ္ဍာန် စွမ်းအင်ကြီး က လေဟာနယ် ထဲတွင် လှည့်ပတ်နေပြီး ကျန်းချဲ့ ၏ စုပ်ယူမှုကို အလွန် ဆန့်ကျင်နေသည့် အလား ဖြစ်နေသော်လည်း လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ ကျန်းချဲ့ ၏ ကိုယ်ပေါ်သို့ လှည့်ပတ်ကာ ဝင်ရောက်သွားခဲ့သည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်း၌...
အဝါရောင် ရင့်ရင့် နဂါးပုံသဏ္ဍာန် စွမ်းအင် တစ်ခု က ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။ မြေကြီး တုန်ခါမှုများ လုံးဝ ရပ်တန့်သွားသည့် အချိန်အထိ ဖူလုံကျောင်းတော် မှ နှစ်ပေါင်း ရာချီတိုင်တိုင် ပြုစုပျိုးထောင်ထားခဲ့သော မြေနဂါးစွမ်းအင် မှာ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ၏ နေရာလွတ် အတွင်းသို့ အပြီးတိုင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချဲ့ က မျက်လုံးများကို ဖွင့်လိုက်ရာ မျက်လုံးအိမ် အတွင်းရှိ ဝမ်းမြောက်မှု များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
ပူဇော်မည့် ယဇ်ကောင် များ အားလုံး စုံလင်သွားခဲ့ပြီ ဖြစ်သည်။
ယွမ်ကျောက်တုံး၊ မြေနဂါးစွမ်းအင် နှင့် ဗောဓိဝိညာဉ်အနှစ်သာရ... ယခုအခါ အားလုံး ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်း၌ ရှိနေပြီ ဖြစ်သည်။ ကျန်းချဲ့ သာ ဆန္ဒရှိပါက ယခု ချက်ချင်း ပူဇော်မှု ပြုလုပ်ပြီး ရှန်ကွမ်းအဆင့် အထွတ်အထိပ် သို့ ချိုးဖောက် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကိုလည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
သို့သော် စဉ်းစားရုံသာ စဉ်းစားလိုက်ပြီး ကျန်းချဲ့ က ဤအတွေးကို ယာယီ ဖိနှိပ်ထားလိုက်သည်။ ယခုအခါ မည်သည့် အန္တရာယ်မှ နီးကပ်လာခြင်း မရှိရာ ဤမျှလောက် အလောတကြီး လုပ်ဆောင်ရန် လုံးဝ မလိုအပ်ပေ။
ယခင်က အဆင့်တက်လှမ်းမှု များကို ပြန်လည် သုံးသပ်ကြည့်မည် ဆိုပါက သူ၏ ကျင့်ကြံမှု မြင့်မားလာလေလေ ပူဇော်မှု ပြုလုပ်ရာတွင် ဖြစ်ပေါ်လာသော လှုပ်ရှားမှုများ ပိုမို ကြီးမားလာလေလေ ဖြစ်ကြောင်း သူ သိရှိထားပေသည်။ အကယ်၍ အဆင့်တက်လှမ်းလိုက်ပါက လူတိုင်း၏ အာရုံစိုက်မှုကို သေချာပေါက် ရရှိသွားမည် ဖြစ်သည်။
သူ၏ အဆင့်တက်လှမ်းမှု က အရမ်း မြန်ဆန်လွန်းနေပြီ ဖြစ်ရာ လူအများ၏ သံသယကို ဖြစ်ပေါ်စေနိုင်ပေသည်။ ကိုယ့်ဒုက္ခ ကိုယ်ရှာရန် ဘာအကြောင်း ရှိမည်နည်း။ ပူဇော်မှု ပြုလုပ်မည် ဆိုလျှင်တောင် လူသူ ကင်းမဲ့သော နေရာ တစ်ခုကို ရှာဖွေပြီး တစ်ယောက်တည်း အဆင့်တက်လှမ်းရမည် ဖြစ်သည်။
သူ့အကြောင်း နှင့် ပတ်သက်ပြီး ကြောက်မက်ဖွယ် ကောင်းလွန်းသော ကောလာဟလ များ ပြန့်နှံ့သွားသည်ကို သူ လုံးဝ မလိုလားပေ။
မြေကြီးပေါ်ရှိ ယွမ်ကျောက်တုံး များကို တစ်ခုချင်းစီ လိုက်လံ ကောက်ယူသိမ်းဆည်းလိုက်ပြီးနောက် ကျန်းချဲ့ က တစ်ခုမှ မကျန်တော့ကြောင်း သေချာစွာ စစ်ဆေးပြီးမှ လိုဏ်ဂူ အတွင်းမှ တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်ခွာလာခဲ့သည်။ ထိုက်ရှန်းမြို့ သို့ ပြန်ရောက်မှသာ တိတ်တဆိတ် ပူဇော်မှု ပြုလုပ်ရန် ပြင်ဆင်ထားလိုက်သည်။
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ် အတွင်း လေးငါးနာရီခန့် ကြာမြင့်သွားခဲ့ကာ ကောင်းကင်ယံ လည်း တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာရရှိထားသော စစ်သည် အချို့ က ထိုက်ရှန်းမြို့ သို့ စတင် ပြန်လည် ထွက်ခွာနေကြပြီ ဖြစ်သည်။
ဖူလုံကျောင်းတော် တစ်ခုလုံး၏ ရရှိမှုများ ကိုလည်း အခြေခံအားဖြင့် စာရင်းပြုစုပြီးသွားပြီ ဖြစ်သည်။
ယွမ်ကျောက်တုံး စုစုပေါင်း ခုနစ်ရာကျော်၊ ရွှေစင် သုံးသောင်းကျော် နှင့် ငွေသား တစ်သိန်းကျော် အပြင် ရှေးဟောင်း ပစ္စည်းများ၊ ပန်းချီကားများ၊ ကြွေထည်များ နှင့် မြေဂရန် များ စုစုပေါင်း တန်ဖိုး ငွေသား နှစ်သိန်းကျော်ခန့် ရရှိခဲ့ပေသည်။
ထို့အပြင် အမျိုးမျိုးသော သတ္တုတွင်း များ နှင့် ဘဏ္ဍာတိုက်၊ ဆေးဥယျာဉ် များ အတွင်းရှိ ဝိညာဉ် ဆေးပင် များလည်း မနည်းလှပေ။ သို့သော် ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့နည်းနေပေသည်။ ဤသည်မှာ လီတောက်ဖျင် က အချို့ကို ယူဆောင်သွားခြင်းကြောင့် ဖြစ်မည်ဟု ကျန်းချဲ့ တွက်ဆထားလိုက်သည်။
သို့သော် ဤသို့ ဖြစ်နေလျှင်တောင် ကြီးမားလှသော အကျိုးအမြတ် တစ်ခု ပင် ဖြစ်သည်။
တိုက်ပွဲဝင်ခဲ့သူ အားလုံး အမြတ်ကြီးစား ရမည် ဖြစ်ပြီး စစ်သည် အများအပြားကို ပြုံးပျော်သွားစေခဲ့သည်။ သူတို့ က အနည်းအကျဉ်းသာ ရရှိမည် ဆိုလျှင်တောင် သူတို့၏ နှစ်ပေါင်းများစွာ လုပ်အားခ လစာ ထက် အများကြီး သာလွန်နေပေသည်။
အချို့ကတော့ ဤကဲ့သို့သော ဂိုဏ်းများကို အမြစ်ပြတ် ချေမှုန်းသည့် အလုပ်မျိုး ထပ်မံ လုပ်ဆောင်ချင်သေးကြောင်း မျှော်လင့်နေကြပေသည်။ သို့သော် ကံမကောင်းစွာပင် ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့ ပျက်သုဉ်းသွားပြီ ဖြစ်ရာ ထိုက်အန်းဒေသ တစ်ခုလုံး အတွင်း၌ အစိုးရကို ဆန့်ကျင်ရဲသည့် အင်အားစု နောက်ထပ် ရှိတော့မည် မဟုတ်ပေ။ အကယ်၍ ရှိခဲ့လျှင်လည်း တကယ့် အရူးများသာ ဖြစ်ပေလိမ့်မည်။
"တပ်မှူးချုပ် ချီ... တပ်မှူး ကျန်း... ကျုပ်မှာ တောင်းဆိုစရာလေး တစ်ခု ရှိနေပါတယ်... ခွင့်ပြုနိုင်မလားတော့ မသိဘူး..."
လက်အောက်ငယ်သား များ၏ ရရှိမှု စာရင်း တင်ပြချက်ကို နားထောင်ပြီးနောက် ချန်ရှန်တုန်း က ရုတ်တရက် စကားစလိုက်သည်။
ချီဆန်းကျား က ကျန်းချဲ့ ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်ကာ...
"နန်းတော်သခင် ချန်... ပြောစရာရှိတာ တိုက်ရိုက်သာ ပြောပါ..."
"ဒီတိုက်ပွဲရဲ့ ရလဒ်တွေကို ကျုပ်တို့ ထပ်ပြီး ခွဲဝေမယူတော့ပါဘူး... ဒီဖူလုံတောင် နေရာကိုပဲ ကျုပ်တို့ ကျန်းဟိုင်နန်းတော် ရဲ့ အခြေစိုက်စခန်း အဖြစ် သတ်မှတ်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်..."
မူလ အခြေစိုက်စခန်း နှင့် နှိုင်းယှဉ်ပါက ဖူလုံကျောင်းတော် က ပြင်းထန်သော တိုက်ပွဲကြီး တစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း ပျက်စီးသွားသော နေရာများ သိပ်မများလှပေ။ နေရာ အများအပြားတွင် အစီအရင် များ ရှိနေသေးပြီး နှစ်အနည်းငယ်မျှ သေချာစွာ ပြန်လည် တည်ဆောက်မည် ဆိုပါက သေချာပေါက် အလွန် ရှားပါးလှသော ရတနာမြေ တစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။
ထို့အပြင် ဖူလုံတောင် က ကြီးမားလှသော သင်္ကေတ တစ်ခုလည်း ဖြစ်ပေသည်။
ကျန်းဟိုင်နန်းတော် ကသာ ဤနေရာကို သိမ်းပိုက်နိုင်မည် ဆိုပါက အခြားသူများ၏ အမြင်တွင် မူလ ဖူလုံကျောင်းတော် ၏ နေရာကို အစားထိုး ဝင်ရောက်သွားသည် ဟု မှတ်ယူကြမည် ဖြစ်သည်။ ဤသည်က ရတနာ ပစ္စည်းများ ခွဲဝေယူခြင်းထက် အများကြီး ပိုမို ကောင်းမွန်လှပေသည်။
"တပ်မှူး ကျန်း ရော ဘယ်လိုထင်လဲ..."
ချီဆန်းကျား က ပြဿနာကို ကျန်းချဲ့ ဆီသို့ လွှဲချလိုက်ပြီး သူ့ကို ဆုံးဖြတ်ခိုင်းလိုက်သည်။
"အကြီးအကဲ ချန် က ဒီလို ဆန္ဒရှိနေမှတော့... ကျုပ် အနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုပေးရမှာပေါ့..."
ကျန်းချဲ့ က ချန်ရှန်တုန်း ကို ပြုံးရွှင်စွာ ကြည့်ရင်း အလွယ်တကူ ကျေးဇူးပြုလိုက်လေသည်။
ဖူလုံကျောင်းတော် ၏ ဤနေရာက တကယ်ကို ကောင်းမွန်သော်လည်း သူ၏ အတွက်တော့ အသုံးမဝင်ပေ။ ထို့ကြောင့် ကျန်းဟိုင်နန်းတော် ကို ပေးလိုက်ခြင်းက ပိုမို ကောင်းမွန်ပေသည်။ ဤသို့ ဆိုမှသာ နောက်ပိုင်းတွင် ကျန်းချဲ့ အနေဖြင့် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို တောင်းဆိုရာတွင် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
ကျန်းချဲ့ က အာဏာကို အသုံးပြုပြီး ဖိအားပေးနိုင်သော်လည်း ယခုအခါ သူတို့က မဟာမိတ်များ ဖြစ်ကြရာ မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် ကျန်းချဲ့ က ရန်သူ အဖြစ် ပြောင်းလဲမည် မဟုတ်ပေ။ သို့သော် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကိုတော့ ကျန်းချဲ့ မဖြစ်မနေ ရယူရမည် ဖြစ်သည်။
သူ စတင် ကျင့်ကြံသည့် အချိန်ကတည်းက နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အပေါ် ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့ပြီး ဤကျင့်စဉ်၏ အစွမ်းထက်မှု များကိုလည်း ပိုမို သိရှိလာခဲ့ကာ သူ နှင့် အလွန် လိုက်ဖက်ကြောင်း သိရှိထားပေသည်။
ကျန်းချဲ့ တွင် ယခု လက်ရှိ စွမ်းအားများ ရှိနေခြင်းမှာ သုံးပုံ တစ်ပုံခန့်က နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အပေါ် အခြေခံထားခြင်း ဖြစ်ပြီး မည်သည့် ထိပ်တန်း ကျင့်စဉ် ကိုမျှ အရှုံးပေးမည် မဟုတ်ပေ။ ထို့ကြောင့် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို သူ အနည်းငယ် မျှော်လင့်ထားခြင်း ပင် ဖြစ်သည်။
ရနိုင်မည် ဆိုပါက ကျင့်စဉ် များကို အလွယ်တကူ ပြောင်းလဲ ကျင့်ကြံချင်စိတ် မရှိပေ။
"ဒါဆိုရင်လည်း တပ်မှူးချုပ် ချီ နဲ့ တပ်မှူး ကျန်း တို့ကို ကျေးဇူးအများကြီး တင်ပါတယ်..."
ချန်ရှန်တုန်း က အလျင်စလို လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဘေးဘက်ရှိ ဝမ်နျန်ကွေ့ နှင့် ဝမ်မိသားစု ဘိုးဘေး တို့မှာ တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့ ဘာကြောင့် ဤနေရာကို သိမ်းပိုက်ရန် မတွေးမိခဲ့ကြသနည်း။
ဖူလုံတောင် နှင့် အများကြီး မကွာခြားသော အခြား နေရာတစ်ခု ရှိနေသေးသော်လည်း ကျင်းယွမ်ဘုန်းကြီးကျောင်း မှာ ပြာကျသွားခဲ့ပြီ ဖြစ်ပြီး အစီအရင် လက္ခဏာ များ အားလုံးလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သူတို့ ရရှိခဲ့လျှင်တောင် အသုံးမဝင်တော့ပေ။
ပြန်လည် တည်ဆောက်ရန် ဆိုပါက ပေးဆပ်ရမည့် အဖိုးအခ များပြားလွန်းသဖြင့် လက်လျှော့လိုက်ရုံသာ ရှိပေသည်။
"ကိုယ့်လူတွေချည်းပဲ... ကျေးဇူးတင်စရာ မလိုပါဘူး... ပြီးတော့ ဦးလေး ဝမ်... ကျင်းယွမ်ဘုန်းကြီးကျောင်း ရဲ့ နေရာကလည်း အလွတ်ကြီး ဖြစ်နေတာ ဆိုတော့ ဝမ်ရှိုခြံဝင်း အနေနဲ့ ဆန္ဒရှိရင် ကိုယ်ပိုင် နေရာအဖြစ် ယူသုံးလို့ ရပါတယ်... ကျင်းယွမ်ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် တို့ မရှိတော့တဲ့ နောက်ပိုင်းမှာ သိုင်းလောက ကို ကျန်းဟိုင်နန်းတော် နဲ့ ဝမ်ရှိုခြံဝင်း တို့ကပဲ ဦးဆောင်ရတော့မှာပါ... ကျုပ်နဲ့ တပ်မှူးချုပ် ချီ တို့ ကလည်း သိုင်းလောက အေးချမ်းဖို့ အတွက် ထိပ်တန်း အင်အားစု နှစ်ခု ထပ်ပေါ်လာတာကို မြင်တွေ့ချင်ပါတယ်..."
ဤသည်မှာ ကျန်းချဲ့ နှင့် ချီဆန်းကျား တို့ စောစောကတည်းက တိုင်ပင်ထားခဲ့သော ကိစ္စ ပင် ဖြစ်သည်။
အစိုးရကို သူတို့ ထိန်းချုပ်ထားပြီး သိုင်းလောက ကိုလည်း သူတို့ ထောက်ပံ့ထားသော အင်အားစုများ ရှိနေရန် လိုအပ်ပေသည်။
ဝမ်ရှိုခြံဝင်း နှင့် ကျန်းဟိုင်နန်းတော် တို့က ဤနေရာကို အစားထိုးရန် အတွက် ပင် ဖြစ်သည်။ သူတို့ နှစ်ဖွဲ့ကို ဆက်လက် ပြိုင်ဆိုင်ခိုင်းပြီး အချင်းချင်း အားပြိုင်နေစေရန် ဖြစ်သည်။ ဤသို့ ဆိုမှသာ သိုင်းလောက အင်အားစု များ တစ်သားတည်း ဖြစ်သွားခြင်းမျိုး မရှိတော့မည် ဖြစ်သည်။ သေချာသည်မှာ ထိုအထဲတွင် ကျန်းချဲ့ ၏ ထျန်းယာ မဟာမိတ်အဖွဲ့ ကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။
"တပ်မှူး ကျန်း ကို ကျေးဇူးတင်ပါတယ်..."
ဝမ်နျန်ကွေ့ က အဆက်မပြတ် ခေါင်းညိတ်ကာ ကျန်းချဲ့ ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
သို့သော် ဤသည်ကလည်း သူ၏ ဆန္ဒနှင့် ကိုက်ညီနေပေသည်။ ဝမ်မိသားစု ဘိုးဘေး ၏ သက်တမ်း ကလည်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲကြီးကို ဖြတ်သန်းပြီးနောက် သက်တမ်း များစွာ မကျန်တော့ပေ။ အကယ်၍ ကျန်းချဲ့ ၏ ထောက်ပံ့မှုသာ မရှိခဲ့လျှင် ကျန်းဟိုင်နန်းတော် နှင့် တန်းတူ ရပ်တည်ရန် လုံးဝ အရည်အချင်း ရှိမည် မဟုတ်ပေ။
ဝမ်ရှိုခြံဝင်း ကို ကျန်းချဲ့ ၏ လက်အောက်ခံ အဖြစ် ထားရှိရန် သူ စိတ်မခုပေ။ ဝမ်ရှိုခြံဝင်း ကို ဦးဆောင်ပြီး ကြီးစိုးသော အင်အားစု တစ်ခု ဖြစ်လာနိုင်မည် ဆိုပါက သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။
"ကျုပ်လည်း အသက်ကြီးလာပြီ ဆိုတော့ ခွန်အားတွေ လျော့နည်းနေပါပြီ... ကျန်းဟိုင်နန်းတော် က ဒီနေရာကို ရသွားတယ် ဆိုပေမယ့် ဖူလုံကျောင်းတော် ရဲ့ နေရာကို အစားထိုးဖို့ အရည်အချင်း မရှိသေးပါဘူး... နောင်တစ်ချိန်မှာ တပ်မှူးချုပ် ချီ နဲ့ တပ်မှူး ကျန်း တို့ကိုပဲ အများကြီး အားထားရဦးမှာပါ... ခင်ဗျားတို့ နှစ်ယောက် က အမိန့်တစ်ခွန်း ပေးလိုက်တာနဲ့ ကျန်းဟိုင်နန်းတော် က သေချာပေါက် လိုက်နာဆောင်ရွက်ပါ့မယ်..."
ချန်ရှန်တုန်း ကလည်း အလျင်စလို သဘောထား ပြသလိုက်သည်။
ယခု လက်ရှိ ကျန်းဟိုင်နန်းတော် က ကျန်းချဲ့ နှင့် ချီဆန်းကျား တို့၏ ရှေ့တွင် မောက်မာရန် အရည်အချင်း မရှိပေ။ ဖူလုံကျောင်းတော် လို အင်အားကြီး ဂိုဏ်းကြီး ပင်လျှင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ရာ ရှန်ကွမ်းအဆင့် သိုင်းသမား နှစ်ယောက်သာ ရှိသော ကျန်းဟိုင်နန်းတော် ၏ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း ကလည်း သူတို့ နှစ်ယောက်၏ ဆန္ဒ တစ်ခုတည်း အပေါ်တွင်သာ မူတည်နေကြောင်းကို သူ ရှင်းလင်းစွာ မြင်တွေ့ထားပေသည်။
"ဟားဟားဟား... အစ်ကို ချန် ကတော့ အရမ်းတွေ အားနာနေပါပြီ..."
ချီဆန်းကျား က ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်၏ အခြေအနေကို နားလည်မှုကို အလွန် ကျေနပ်သွားခဲ့သည်။
သူတို့ က ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် ကို အမြစ်ပြတ် ချေမှုန်းခဲ့ခြင်းမှာ ထိုက်အန်းဒေသ ၏ သိုင်းလောက ကို ထိန်းချုပ်ရန် အတွက် ပင် ဖြစ်သည်။ အကယ်၍ ကျန်းဟိုင်နန်းတော် နှင့် ဝမ်ရှိုခြံဝင်း တို့က အခြေအနေကို နားမလည်ခဲ့လျှင် သူတို့ အနေဖြင့် အခြား အင်အားစု တစ်ခု နှစ်ခုကို ထပ်မံ မြေတောင်မြှောက်ပေးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
"ကျုပ် လူတွေကို စားသောက်ကြဖို့ ပြင်ဆင်ခိုင်းထားပါတယ်... သုံးမယ့် အရက်တွေ ကလည်း ဖူလုံကျောင်းတော် ရဲ့ ဘဏ္ဍာတိုက် ထဲက သိမ်းဆည်းထားတဲ့ ဝိညာဉ်အရက် တွေပါပဲ... အခုလည်း မိုးချုပ်နေပြီ ဆိုတော့ ဒီနေရာမှာပဲ အောင်ပွဲခံကြတာပေါ့... ဖူလုံကျောင်းတော် ရဲ့ သွေးတွေနဲ့ ငါတို့ရဲ့ အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ကြတာပေါ့..."
ကျန်းချဲ့ က မတ်တပ် ရပ်လိုက်ပြီး လူတိုင်းကို စူးစိုက်ကြည့်လိုက်လေသည်။
ဖူလုံကျောင်းတော် ပျက်သုဉ်းသွားသည့် သတင်း က အလွန် လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ က စစ်တပ်ကို ဦးဆောင်ပြီး ဖူလုံကျောင်းတော် ကို လာရောက် တိုက်ခိုက်သည့် အချိန်တွင် ယခင်ကလို လျှို့ဝှက်စွာ မဟုတ်ဘဲ အားလုံး ရှေ့တွင် ရှင်းလင်းစွာ ချီတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မြင်တွေ့လိုက်ရသူ အများအပြား ရှိနေပေသည်။
ဤတိုက်ပွဲကို အာရုံစိုက်နေကြသော သိုင်းလောက အင်အားစု များ ကလည်း အများအပြား ရှိနေပေသည်။
အနီးကပ် သွားရောက် ကြည့်ရှုရန် မဝံ့ရဲဘဲ အဝေးမှသာ လှမ်းကြည့်နေခဲ့ကြရသော်လည်း ဖူလုံကျောင်းတော် အတွင်းရှိ ကြီးမားလှသော တိုက်ပွဲကြီး၊ ဖူလုံကျောင်းတော် မှ တပည့်များ၏ သေဆုံးမှု များနှင့် ရွှမ်တန်အဆင့် သိုင်းသခင် များ၏ အကြိတ်အနယ် တိုက်ပွဲ များကို သူတို့ မြင်တွေ့ခဲ့ကြရပေသည်။
ထို့အပြင် ဒဏ်ရာရရှိထားသော စစ်သည် အဖွဲ့များ ထိုက်ရှန်းမြို့ သို့ ပြန်လည် ရောက်ရှိလာခြင်း နှင့်အတူ သတင်းအချက်အလက် များကိုလည်း သူတို့ စုံစမ်း သိရှိခဲ့ကြရပေသည်။
ဖူလုံကျောင်းတော် ၏ ရွှမ်တန်အဆင့် သိုင်းသခင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖူလုံကျောင်းတော် ၏ ကျောင်းတော်သခင် ရွှမ်ဟယ်တာအိုဆရာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျင်းယွမ်ဘုန်းကြီးကျောင်း ၏ ကျောင်းထိုင်ဆရာတော် ဝမ်ချန် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
မင်ဟယ်တာအိုဆရာ၊ မင်ထူတာအိုဆရာ၊ ချန်ဖုန်းဘုန်းကြီး၊ ကျဲထန်ဘုန်းကြီး... ဤကဲ့သို့သော ထိုက်အန်းဒေသ အတွင်း၌ နာမည်ကျော်ကြားခဲ့သည့် သူများ အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ကျန်းချဲ့ နှင့် ချီဆန်းကျား တို့၏ လက်ထဲတွင် အသက် ပေးလိုက်ရခြင်း ပင် ဖြစ်သည်။ ဖူလုံကျောင်းတော် လည်း ကျင်းယွမ်ဘုန်းကြီးကျောင်း ကဲ့သို့ပင် အပြီးတိုင် ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
ဤသတင်းများ က သိုင်းလောက တစ်ခုလုံးကို ရူးသွပ်စွာ ပြန့်နှံ့သွားခဲ့သည်။
ဤသတင်း က သိုင်းလောက အင်အားစု အများအပြား နှင့် သိုင်းသမား များ အတွက် ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပင် ဖြစ်နေပေသည်။ ဤသတင်းကို ကြားသိရသူ တိုင်း က ယခုအခါ ထိုက်အန်းဒေသ ၏ သိုင်းလောက ကြီး လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို သိရှိသွားကြပေသည်။
အချို့က ဝမ်းနည်း ဒေါသထွက် နေကြပြီး အချို့က သက်ပြင်းချ နေကြကာ အချို့ကတော့ သေလူ တစ်ယောက်လို တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။
ယခင်က ကျင်းယွမ်ဘုန်းကြီးကျောင်း ဖျက်ဆီးခံလိုက်ရခြင်း ကပင် သူတို့ကို အလွန် အံ့အားသင့် တုန်လှုပ်သွားစေခဲ့ပြီး ဖြစ်ရာ ယခုအခါ ဖူလုံကျောင်းတော် ပါ ထပ်မံ ပျက်သုဉ်းသွားခြင်း က သိုင်းလောက အင်အားစု များ၏ နောက်ဆုံး မျှော်လင့်ချက် လေးကို လုံးဝ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ခြင်း ပင် ဖြစ်သည်။
ယခု အချိန်မှ စတင်၍ ထိုက်အန်းဒေသ ၏ သိုင်းလောက က ကျန်းချဲ့ နှင့် ချီဆန်းကျား တို့၏ ခြေအောက်တွင် လုံးဝ အညံ့ခံရတော့မည် ဖြစ်ကြောင်း ကို သူတို့ သိရှိသွားကြပေသည်။
ဆန့်ကျင်ရဲသည့် မည်သည့် အင်အားစု မဆို ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရမည် သို့မဟုတ် မျိုးနွယ် တစ်ခုလုံး သုတ်သင်ခံရမည် ပင် ဖြစ်သည်။ အချိန်တိုလေး အတွင်းမှာပင် လူအများအပြား က ဤအမှန်တရား ကို လက်ခံရန် ခက်ခဲနေကြသော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။
ကျန်းချဲ့ နှင့် ချီဆန်းကျား တို့ထံသို့ ကြီးမားလှသော အခွန်ဘဏ္ဍာ များ ဆက်သရန် အတွက် ပြင်ဆင်ထားရုံသာ ရှိပေသည်။ သူတို့ တွင် ဆန့်ကျင်ရန် အရည်အချင်း မရှိသလို သတ္တိ လည်း မရှိကြပေ။ အညံ့ခံခြင်း ဖြင့်သာ အသက်ရှင်မည့် လမ်း တစ်ခုကို ရှာဖွေနိုင်မည် ဖြစ်လေတော့သတည်း။