← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇) အရှေ့စွန်းနန်းတော်... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း

ချီဆန်းကျား ဤသို့ မေးလိုက်ခြင်းမှာ အပြစ်တင်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ပြသလိုက်သော စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ခန္ဓာကိုယ် လှုပ်ရှားမှု အမြန်နှုန်း၊ ခွန်အား နှင့် အရှိန်အဝါ တို့မှာ ဖူလုံကျောင်းတော် တိုက်ပွဲက အခြေအနေထက် အများကြီး သာလွန်နေသောကြောင့် ပင် ဖြစ်သည်။

ခဏလေးသာ မြင်တွေ့လိုက်ရပြီး ကျန်းချဲ့ ၏ တိုက်ခိုက်မှု က အစမှ အဆုံးထိ အလွန် မြန်ဆန်ခဲ့သော်လည်း သူ က အရိပ်အယောင် အချို့ကို ရိပ်မိလိုက်သေးသည်။

ထို့အပြင် ကျန်းချဲ့ ၏ ကျင့်ကြံမှု က အကြိမ်ကြိမ် အဆင့်တက်လှမ်းနေခြင်း ကြောင့် သူ၏ ရင်ထဲတွင် ဤအတွေး ပေါ်လာရခြင်း ပင် ဖြစ်သည်။

အကယ်၍ အခြားသူ တစ်ယောက်သာ ဖြစ်မည် ဆိုပါက ချီဆန်းကျား အနေဖြင့် ဤကဲ့သို့သော အတွေးမျိုး သေချာပေါက် ရှိမည် မဟုတ်ပေ။ သို့သော် ကျန်းချဲ့ ဖြစ်နေမည် ဆိုပါကတော့ တစ်မျိုး စဉ်းစားရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ အခြေအနေ က ပုံမှန် မဟုတ်လွန်းပေ။

"တပ်မှူးချုပ် က ငယ်သား ကို အရမ်း အထင်ကြီးနေပါပြီ... ရွှမ်တန်အဆင့် ဆိုတာက ကြီးမားတဲ့ အတားအဆီး ကြီး တစ်ခုပါ... ဘယ်လိုလုပ်ပြီး အလွယ်တကူ အဆင့်တက်နိုင်မှာလဲ..."

ကျန်းချဲ့ က နှိမ့်ချစွာဖြင့် ပြုံးလိုက်သည်။

"ဒါဆို မင်းက..."

ချီဆန်းကျား ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"ကံကောင်းမှု အချို့ ရလိုက်လို့... ကျင့်ကြံမှု နည်းနည်းလေး တိုးလာတာပါ..."

"ရှန်ကွမ်းအဆင့် အထွတ်အထိပ် လား..."

"ခန့်မှန်းခြေ အဲ့ဒီလောက်တော့ ရှိပါတယ်..."

ချီဆန်းကျား မှာ ဆွံ့အသွားခဲ့သည်။

ဤအခိုက်အတန့် တွင် ချီဆန်းကျား မှာ လူသေ တစ်ယောက်လို တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ရှန်ကွမ်းအဆင့် သို့ ရောက်ရှိသွားသည်မှာ မကြာသေးမီ ကမှ ဖြစ်သော်လည်း ကျင့်ကြံမှု က အဆက်မပြတ် တိုးတက်နေဆဲ ပင် ဖြစ်သည်။

ကျင့်ကြံမှု တိုးတက်ဖို့ ဆိုတာ တကယ်ပဲ ထမင်းစား ရေသောက် သလို လွယ်ကူနေတာလား။

သူ ဆိုလျှင် နှစ်ပေါင်း ဆယ်ကျော်တိုင်တိုင် ကျင့်ကြံခဲ့ရပြီး ကျင့်ကြံရေး အရင်းအမြစ် များ မလုံလောက်မှု မရှိသည့် အခြေအနေ မျိုး တွင်ပင် လွန်ခဲ့သော ငါးနှစ် ခန့်ကမှ ရှန်ကွမ်းအဆင့် အထွတ်အထိပ် သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းချဲ့ ကတော့... မွေးရာပါအဆင့် သို့ ရောက်ရှိပြီး ကတည်းက အခုချိန်ထိ... ငါးလတောင် ပြည့်ပြီလား။

'မပြည့်သေးဘူး... လုံးဝ မပြည့်သေးဘူး…’

"ကြည့်ရတာ... နောက်ထပ် ရက်အနည်းငယ် ဆိုရင်... မင်း ငါ့ကို ကျော်တက်သွားတော့မယ် ထင်တယ်..."

ချီဆန်းကျား က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"တပ်မှူးချုပ် နောက်နေပြန်ပါပြီ..."

ကျန်းချဲ့ ကို ခေတ္တမျှ စူးစိုက်ကြည့်လိုက်ပြီး ချီဆန်းကျား က နောက်နေခြင်း ဖြစ်သည်ဟု လုံးဝ မထင်မိပေ။ သို့သော် ဤကိစ္စကို ဆက်လက် မေးမြန်းနေရန် လည်း မရည်ရွယ်တော့ပေ။ ပိုမို မေးမြန်းလေလေ သူ ပိုမို စိတ်ဓာတ်ကျလေလေ ဖြစ်မည်သာ ဖြစ်သည်။ ထို့အပြင် ကျန်းချဲ့ ကိုလည်း သတိဝင်သွားစေလိမ့်မည်။

"မင်းရဲ့ ကျင့်ကြံမှု က အရမ်း မြန်ဆန်လွန်းနေပြီ... ပါရမီရှင် ဆိုတဲ့ စကားလုံး နဲ့တောင် ရှင်းပြလို့ မရတော့ဘူး... ငါ အပြင်ဘက်ကို သတင်းတစ်ခု လွှင့်ပေးလိုက်မယ်... အရင်က ယွီရှန်း လုမိသားစု မှာ မင်း အဆင့်တက်ခဲ့တာ က နတ်စွမ်းရည် တစ်ခုကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တာ သက်သက်ပါ...

တကယ်တမ်းတော့ မင်း က အစောကြီး ကတည်းက ရှန်ကွမ်းအဆင့် သို့ ရောက်ရှိနေပြီလို့ ပြောလိုက်မယ်... ဒီလို ဆိုရင်တော့ လူတွေ သံသယ ဖြစ်ကြဦးမယ် ဆိုပေမယ့်... အရမ်းကြီးတော့ ကြောက်ရွံ့နေကြမှာ မဟုတ်တော့ဘူး..."

"တပ်မှူးချုပ် ကို ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့ က လက်အုပ်ချီကာ အလေးပြုလိုက်သည်။ ချီဆန်းကျား က သူ့အတွက် စဉ်းစားပေးနေခြင်း ဖြစ်ကြောင်း ကို သူ သိရှိထားပေသည်။ မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ကျင့်ကြံမှု အမြန်နှုန်း က တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

"ဒါ့အပြင်... ချီမိသားစု ဆီကို သွားတဲ့ အခါ... မင်း အနေနဲ့ အလှပန်း နှစ်ပွင့် ထဲက တစ်ယောက်ကို မဖြစ်မနေ လက်ထပ်နိုင်အောင် လုပ်ရမယ်... ထိပ်တန်း အင်အားစု ရဲ့ ကျောထောက်နောက်ခံ မရှိဘူး ဆိုရင် မင်းရဲ့ ကျင့်ကြံမှု တွေ အဆက်မပြတ် တိုးတက်နေတဲ့ လျှို့ဝှက်ချက် ကို စပ်စုချင်တဲ့ လူတွေ သေချာပေါက် အများကြီး ရှိလာလိမ့်မယ်... ဒါကို သေချာ မှတ်ထားပါ..."

ချီဆန်းကျား က အဓိပ္ပာယ် ပါပါ စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

အမှန်တကယ်တော့ ဤအခိုက်အတန့် တွင် သူ ကိုယ်တိုင် ပင်လျှင် ကျန်းချဲ့ ၌ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော အစွမ်းထက်သည့် ရတနာ တစ်ခုခု ရှိနေမည်ဟု သံသယ ဝင်နေမိသည်။ မဟုတ်လျှင် တကယ်ကို ရှင်းပြ၍ မရနိုင်ပေ။ အကယ်၍ ကျန်းချဲ့ သာ ရတနာ တစ်ခု ရရှိထားမည် ဆိုပါက...

အတွေး ပေါ်လာသည် နှင့် ချီဆန်းကျား က ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်သည်။

ဤအတွေးမျိုး လုံးဝ မရှိသင့်ပေ။

အကယ်၍ သူသာ လိုချင်တပ်မက်စိတ် ရှိခဲ့မည် ဆိုပါက အစောကြီး ကတည်းက လှုပ်ရှားခဲ့သင့်သည်။ ယခုအခါတွင်တော့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ က ကျန်းချဲ့ အပေါ် အချိန် နှင့် အားထုတ်မှု အများအပြား ရင်းနှီးမြှုပ်နှံထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ကျန်းချဲ့ ပြသလိုက်သော စွမ်းအား များကို ကြည့်မည် ဆိုပါက သူ ကိုယ်တိုင် ပင်လျှင် ကျန်းချဲ့ ကို အနိုင်ယူနိုင်မည်လား ဆိုသည်ကို ရာနှုန်းပြည့် ယုံကြည်ချက် မရှိပေ။

ဤသည်က သူ့ကို စွမ်းအား အမှန် များကို ပြသလိုက်ခြင်း များလား။

ချီဆန်းကျား ၏ ရင်ထဲတွင် ဤသံသယ တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။

သို့သော် မည်သို့ပင် ဖြစ်စေ ကျန်းချဲ့ က သာမန် လူတစ်ယောက် မဟုတ်ဘဲ သေချာပေါက် လျှို့ဝှက်ချက် တစ်ခုခု ရှိနေကြောင်းကို သက်သေပြနေပေသည်။ အကယ်၍ သူသာ လိုချင်တပ်မက်စိတ် ရှိမည် ဆိုပါက ယခင်က သူ၏ အားထုတ်မှု များ အားလုံး သဲထဲရေသွန် သလို ဖြစ်သွားမည် ဖြစ်သည်။

လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ချီဆန်းကျား က ရှုပ်ထွေးနေသော အတွေး များကို ဖယ်ရှားလိုက်ကာ လင်းကျင်းကွမ်း ၏ ကိုယ်ပေါ်သို့ အကြည့် ရောက်သွားခဲ့သည်။

ကျန်းချဲ့ လည်း ခြေထောက်ကို ဖယ်ရှားလိုက်သည်။ ချီဆန်းကျား ၏ ရင်ထဲတွင် တိုတောင်းလှသော အချိန်လေး အတွင်း ဖြစ်ပေါ်သွားခဲ့သော ရုန်းကန်မှု များနှင့် ဆုံးဖြတ်ချက် များကို သူ လုံးဝ မသိရှိခဲ့ပေ။ သူ လှုပ်ရှားလိုက်ရခြင်း အကြောင်းအရင်း မှာ လင်းကျင်းကွမ်း က သူ၏ အမြန်နှုန်း က အလွန် မြန်ဆန်ကြောင်း ပြောဆိုခဲ့သောကြောင့် ပင် ဖြစ်သည်။

သူ့ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝ မပေးချင်သောကြောင့် ပင် ဖြစ်သည်။

"ချင်းထျန်းဂိုဏ်း ရဲ့ လက်တံ က တော်တော် ရှည်တာပဲ..."

ချီဆန်းကျား က လင်းကျင်းကွမ်း ကို စူးစိုက်ကြည့်လိုက်သည်။ စောစောက ကျန်းချဲ့ နှင့် သူ၏ စကားပြောဆိုမှု များကို သူ ရှင်းလင်းစွာ ကြားသိခဲ့ရပြီး ချင်းထျန်းဂိုဏ်း က ဆွဲဆောင်နေခြင်း နှင့် နောက်ကွယ်မှ သူပုန်ထမှု များကို ကြိုးကိုင်နေခြင်း တို့ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

"ဟွန့်..."

လင်းကျင်းကွမ်း ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုသည့် အမူအရာများ ပေါ်ထွက်လာခဲ့ပြီးနောက် ကျန်းချဲ့ ကို ကြည့်ကာ...

"ကျန်းချဲ့... မင်း က သိုင်းလောက စည်းကမ်း ကို လုံးဝ မလိုက်နာဘူး... နောက်ကွယ် ကနေ ခိုးပြီး ချုံခို တိုက်ခိုက်တယ်..."

"မမျှော်လင့်ထားတဲ့ အခြေအနေ တွေ မဖြစ်အောင် ကြိုတင် ကာကွယ်ထားရုံ သက်သက်ပါ... မင်းတို့ ချင်းထျန်းဂိုဏ်း က ဒီလောက်တောင် ရိုးသားလိမ့်မယ် လို့ ဘယ်သူက ထင်မှာလဲ... ရှန်ကွမ်းအဆင့် သိုင်းသမား တစ်ယောက်တည်း ကိုပဲ လွှတ်လိုက်တယ်... ငါကိုယ်တော် က သိုင်းသခင် ကိုတောင် ပြန်တိုက်နိုင်တယ် ဆိုတာကို သိသိကြီး နဲ့တောင် ဒီလောက် ပေါ့ဆနေမှတော့... မင်း မသေလို့ ဘယ်သူ သေရမှာလဲ..."

ကျန်းချဲ့ က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မင်း..."

လင်းကျင်းကွမ်း မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့သော်လည်း ရင်ထဲရှိ မွန်းကျပ်မှု များကို ဘယ်မှာ သွားပြောရမည်မှန်း မသိတော့ပေ။ ကျန်းချဲ့ က ဒီလောက်တောင် စွမ်းအား ကြီးမားနေမည်ဟု ဘယ်သူကများ ထင်မှတ်ထားခဲ့မည်နည်း။ သူ၏ အမြန်နှုန်း ကို အားကိုးပြီး ကျန်းချဲ့ နှင့် ရင်ဆိုင်မည် ဆိုလျှင်တောင် ဘာပြဿနာ မှ မရှိနိုင်ဘူး ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။

ရလဒ် အနေဖြင့်တော့ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရခြင်း ပင် ဖြစ်သည်။

"ကဲပါ... အခုဆို မင်း က သုံ့ပန်း တစ်ယောက် ဖြစ်နေပြီ ဆိုတော့... အခြေအနေ ကို နားလည်ရင် ကောင်းမယ်... ဒါမှ မဟုတ်ရင် ညှဉ်းပန်း နှိပ်စက် တာတွေ ခံရလိမ့်မယ်... မင်း ဘယ်လို ထင်လဲ..."

"ဟွန့်... အိပ်မက် မက်နေလိုက်..."

လင်းကျင်းကွမ်း က အေးစက်စက် နှာမှုတ်လိုက်ပြီး စိတ်အာရုံ ကို လုံးဝ ပိတ်ချလိုက်ရာ မျက်ခုံး ကြားတွင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ချီဆန်းကျား ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အလျင်စလို တားဆီးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူ က ကိုယ်ပိုင် ဝိညာဉ် နယ်မြေ အတွင်းရှိ နတ်အလင်းတန်း ကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

"ချင်းထျန်းဂိုဏ်း က လူတွေက... တကယ်ကို နာမည် နဲ့ လိုက်ဖက်တာပဲ..."

ချီဆန်းကျား ၏ မျက်နှာထား က အနည်းငယ် ရုပ်ဆိုးသွားခဲ့သည်။ သူ၏ မျက်စိရှေ့မှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး သူ ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့သဖြင့် တကယ်ကို မွန်းကျပ်သွားစေခဲ့သည်။

"ဒါက ဘယ်လို နည်းလမ်း မျိုးလဲ..."

ကျန်းချဲ့ လည်း ဝိညာဉ် နယ်မြေ အတွင်းရှိ နတ်အလင်းတန်း ကို ကိုယ်တိုင် ဖျက်ဆီးပစ်နိုင်သူ ကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ရာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"ချင်းထျန်းဂိုဏ်း ရဲ့ လျှို့ဝှက် နည်းလမ်း ပဲ... နတ်လက်သင်္ကေတ နဲ့ ချိတ်ဆက်ထားပြီး အတွေး တစ်ချက် နဲ့တင် ဝိညာဉ် နယ်မြေ ထဲက နတ်အလင်းတန်း ကို ဖျက်ဆီးပစ်လို့ ရတယ်... ဒီအကြောင်းကြောင့်ပဲ... နှစ်ပေါင်းများစွာ အတွင်း အစိုးရ က ချင်းထျန်းဂိုဏ်း ရဲ့ သူပုန် တွေကို ဖမ်းဆီးရာမှာ အောင်မြင်မှု သိပ်မရှိရတဲ့ အကြောင်းရင်း တွေထဲက တစ်ခုပဲ..."

ချီဆန်းကျား က အတွေ့အကြုံ ပိုများသဖြင့် ကျန်းချဲ့ ကို အနည်းငယ် ရှင်းပြလိုက်သည်။

"တားဆီးလို့ ရတဲ့ နည်းလမ်း မရှိဘူးလား..."

"ရှိတယ်... မင်း ရွှမ်တန်အဆင့် ကို ရောက်ပြီး နတ်အာရုံ တွေ အများကြီး တိုးတက်လာတဲ့ အခါ... ပိတ်လှောင်တဲ့ နည်းလမ်း တချို့ကို သင်ယူထားမယ် ဆိုရင် တားဆီးလို့ ရတယ်... ဒါပေမဲ့... အဲ့ဒီလို ဆိုရင်တောင် အချိန်ကိုက် လုပ်နိုင်ဖို့ လိုတယ်... ဘာလို့လဲ ဆိုတော့ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်း က အရမ်း မြန်လွန်းလို့ပဲ...

တကယ့်ကို အသေခံ တပ်သား တွေလိုပဲ..."

"ငယ်သား နားလည်ပါပြီ..."

ကျန်းချဲ့ က ခေါင်းညိတ်လိုက်ပြီး အတွေ့အကြုံ တစ်ခု ထပ်တိုးသွားခဲ့သည်။

"အရင်က ချင်းထျန်းဂိုဏ်း က မင်းကို ကမ်းလှမ်းခဲ့တဲ့ စည်းကမ်းချက် တွေကို လုံးဝ မယုံကြည်နဲ့နော်... နတ်လက်သင်္ကေတ ရိုက်နှိပ်ခံလိုက်ရပြီ ဆိုတာနဲ့ ချင်းထျန်းဂိုဏ်း က မင်းရဲ့ အသက် ကို အချိန်မရွေး ထိန်းချုပ်လို့ ရသွားပြီ... အရင်းအမြစ် နည်းနည်းလေး နဲ့ ကိုယ့်အသက် ကို လဲရတာ က... ကွာဟချက် က အရမ်း ကြီးမားလွန်းတယ်..."

ချီဆန်းကျား က မနေနိုင်ဘဲ သတိပေးလိုက်မိသည်။

ကျန်းချဲ့ လို ထူးချွန်တဲ့ လူငယ် တစ်ယောက် ကို ချင်းထျန်းဂိုဏ်း ရဲ့ ဖြားယောင်း သွေးဆောင်မှု နောက် ပါသွားမှာကို သူ မလိုလားပေ။

အဲ့ဒါက သေလမ်း သက်သက်ပဲ။

"တပ်မှူးချုပ် စိတ်ချပါ... ငယ်သား ကောင်းကောင်း နားလည်ပါတယ်..."

ကျန်းချဲ့ အနေဖြင့် အရင်းအမြစ် များကို မည်မျှပင် လိုချင်နေပါစေ သူ၏ အသက်ကို အခြားသူ ၏ လက်ထဲသို့ လုံးဝ အပ်နှံထားမည် မဟုတ်ပေ။ ဤလောက တွင် မည်သူကမျှ သူ၏ အသက်ကို ထိန်းချုပ်ပိုင်ခွင့် မရှိပေ။

"သွားရအောင်... ထိုက်ရှန်းမြို့ ကို ပြန်မယ်..."

"ဟုတ်ကဲ့..."

"ပြည်နယ် မြို့တော် ဘက်က သတင်းက... တော်တော်လေး မြန်တာပဲ..."

ထိုက်ရှန်းမြို့ သို့ ပြန်ရောက်ပြီးနောက် ချီဆန်းကျား က လက်အောက်ငယ်သား တစ်ယောက် ထံမှ တောင်ပိုင်း စစ်သူကြီး ၏ စာကို လက်ခံရရှိခဲ့ပြီး မနေနိုင်ဘဲ သက်ပြင်း တိုးတိုးလေး ချလိုက်မိသည်။

ရက်အနည်းငယ်မျှသာ ကြာသေးသော်လည်း ပြည်နယ် မြို့တော် ဘက်မှ ထိုက်အန်းဒေသ တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ချီဆန်းကျား ကို ကျန်းချဲ့ အား ယွဲ့ပြည်နယ် စစ်စခန်း သို့ အမြန်ဆုံး ခေါ်ဆောင်လာရန် အမိန့်ပေးထားပြီး တောင်ပိုင်း စစ်သူကြီး ကိုယ်တိုင် ကျန်းချဲ့ ကို တွေ့ဆုံချင်သည်ဟု ဆိုထားပေသည်။

သို့သော် ချီဆန်းကျား အနေဖြင့် လုံးဝ သဘောတူမည် မဟုတ်ပေ။

တောင်ပိုင်း စစ်သူကြီး ၏ အကြံအစည် က ဘာလဲ ဆိုတာကို သူ ကောင်းကောင်း သိရှိထားပေသည်။ ကျန်းချဲ့ နာမည် ကျော်ကြားလာသည့် အချိန်ကို အခွင့်ကောင်းယူပြီး သူ့ကို ဆွဲဆောင်ရန် နှင့် ကျေးဇူးတင်စေရန် အတွက် မွေးစားသား အဖြစ်ပင် လက်ခံကောင်း လက်ခံနိုင်ပေသည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ပါရမီရှင် မျိုးမှာ တကယ်ကို ရှားပါးလှပေသည်။

သို့သော် ကျန်းချဲ့ က ချီမိသားစု ၏ သမက်လောင်း အဖြစ် သတ်မှတ်ခံထားရပြီ မဟုတ်ပါလော။ ပေလင် ချီမိသားစု ဘက်မှ ယခုအချိန် အထိ စာပြန်ကြားခြင်း မရှိသေးသော်လည်း ၎င်းမှာ လမ်းခရီး ဝေးကွာသောကြောင့်သာ ဖြစ်သည်။ ချီမိသားစု က မမိုက်မဲသရွေ့ သေချာပေါက် တုံ့ပြန်မှု တစ်ခုခု ရှိလာမည်ဟု သူ ယုံကြည်ပေသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ချီဆန်းကျား က တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်ပြီး လက်ထဲရှိ စာကို လေဟာနယ် ထဲတွင် ပျောက်ကွယ်သွားအောင် ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းဟိုင်နန်းတော် သို့ သွားရောက်ပြီး ကျန်းချဲ့ ကို ရှာဖွေရန် လူလွှတ်လိုက်သည်။

သူ ဆက်ပြီး မစောင့်ဆိုင်းနိုင်တော့ပေ။ ဤအချိန်ကို အခွင့်ကောင်းယူပြီး ကျန်းချဲ့ ကို ယွင်ပြည်နယ် သို့ သွားရောက်ကာ မင်္ဂလာ ကိစ္စ အတွက် တွေ့ဆုံခိုင်းရမည် ဖြစ်သည်။

ဤသို့ လုပ်ဆောင်ခြင်း ကြောင့် တောင်ပိုင်း စစ်သူကြီး ၏ မကျေနပ်မှုကို ခံရမည် ဆိုလျှင်တောင် တန်ပေသည်။ မဟုတ်လျှင် ကျန်းချဲ့ ဘယ်သူ့ လက်ထဲ ရောက်သွားမလဲ ဆိုသည်ကို မသိနိုင်ပေ။

ချင်းထျန်းဂိုဏ်း လိုမျိုး ကျန်းချဲ့ ကို ဆွဲဆောင်မည့် အင်အားစု အများအပြား ရှိလာမည်မှာ သေချာလှပေသည်။

ကျန်းဟိုင်နန်းတော်။

ယွီရှန်း လုမိသားစု ခြံဝင်းမှ ထွက်ခွာလာပြီးနောက် ကျန်းချဲ့ က ချီဆန်းကျား နှင့်အတူ ထိုက်ရှန်းမြို့ သို့ ပြန်မသွားခဲ့ဘဲ ကျန်းဟိုင်နန်းတော် သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ချန်ရှန်တုန်း ကို တွေ့ဆုံပြီး ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို ရယူရမည် ဖြစ်သည်။

ဤသည်က သူ၏ နောက်ပိုင်း ကျင့်ကြံမှု နှင့် သက်ဆိုင်နေပေသည်။

အာဏာ ကို အသုံးပြုပြီး ဖိအားပေးရမည် ဖြစ်စေ၊ အဖိုးအခ အချို့ ပေးဆပ်ရမည် ဖြစ်စေ ဤနဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို မဖြစ်မနေ ရယူရမည် ဖြစ်သည်။ မဟုတ်လျှင် ကျင့်စဉ် ကို ပြောင်းလဲ ကျင့်ကြံရုံသာ ရှိတော့သည်။ သို့သော် ကျင့်စဉ် ပြောင်းလဲရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် ကျန်းချဲ့ အနေဖြင့် ပြောင်းလဲမည် မဟုတ်ပေ။

ကျန်းချဲ့ ကို လာရောက် ကြိုဆိုသူမှာ ချန်ရှန်တုန်း မဟုတ်ဘဲ မွေးရာပါအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော ကျူးရွှီ ပင် ဖြစ်သည်။ ကျန်းချဲ့ ကို မြင်သောအခါ သူ က အလွန် ရိုသေ လေးစားစွာ ဆက်ဆံပြီး လုံးဝ မာနကြီးသည့် အမူအရာ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ၏ ထောက်ပံ့မှု သာ မရှိခဲ့လျှင် သူ က ဤမျှလောက် အချိန်တိုလေး အတွင်း မွေးရာပါအဆင့် သို့ ချိုးဖောက် ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း ကို သူ ကောင်းကောင်း သိရှိထားသောကြောင့် ပင် ဖြစ်သည်။ ထို့အပြင် ယခုအခါ ကျန်းချဲ့ ၏ တိုက်ပွဲ မှတ်တမ်း များ ကလည်း ထိုက်အန်းဒေသ တစ်ခုလုံး သို့ ပြန့်နှံ့နေပြီ ဖြစ်ပြီး နန်းတော်သခင် ချန်ရှန်တုန်း ပင်လျှင် ကျန်းချဲ့ ၏ ပြိုင်ဘက် မဟုတ်တော့ပေ။

ထိုက်အန်းဒေသ တစ်ခုလုံး တွင် ချီဆန်းကျား မှလွဲ၍ ကျန်းချဲ့ ၌ ပြိုင်ဘက် မရှိတော့ပေ။

ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ ဆက်ဆံရဲမည်နည်း။

"မဆိုးဘူး... ငါ့ရဲ့ မျှော်လင့်ချက် တွေကို စိတ်ပျက်မသွားစေဘူး..."

ကျန်းချဲ့ က ကျူးရွှီ ကို ခေတ္တမျှ ကြည့်ပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

"တပ်မှူး ရဲ့ အကူအညီ တွေကြောင့်ပါ... ကျူးရွှီ ရင်ထဲမှာ အမြဲတမ်း မှတ်ထားပါတယ်..."

"ဟားဟား... နန်းတော်သခင် ချန် က မင်းကို လာကြိုခိုင်းလိုက်တာလား..."

"ဟုတ်ပါတယ်... နန်းတော်သခင် က နည်းနည်းလေး နှောင့်နှေးသွားလို့... တပ်မှူး အနေနဲ့ အထင်မလွဲပါနဲ့ လို့ မှာလိုက်ပါတယ်..."

"ဟားဟား... ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ..."

ကျန်းချဲ့ က ခပ်ဖွဖွ ရယ်မောလိုက်သည်။ ဤအချိန်မျိုး တွင် ချန်ရှန်တုန်း အနေဖြင့် မိုက်မဲသော အလုပ်မျိုး လုပ်မည် မဟုတ်ကြောင်း ကို သူ သိရှိထားပေသည်။ ချန်ရှန်တုန်း ၏ ဉာဏ်ရည် က ထိုမျှလောက် မနိမ့်ကျပေ။ တစ်ခုခု ကြောင့် နောက်ကျနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူတို့ နှစ်ယောက် ကျန်းဟိုင်နန်းတော် အတွင်းသို့ ဝင်ရောက်သွားပြီး လမ်းလျှောက်ရင်း စကားပြောနေကြသည်။ သို့သော် ကျူးရွှီ ၏ မျက်နှာပေါ်တွင် တစ်ခုခု ပြောချင်နေသော်လည်း မပြောရဲသည့် အမူအရာ မျိုး ဖြစ်နေသည်ကို ကျန်းချဲ့ သတိပြုမိသွားသဖြင့် ချက်ချင်း မေးလိုက်သည်။

"တစ်ခုခု ပြောစရာ ရှိနေလို့လား..."

ကျူးရွှီ က အနည်းငယ် ရှက်ရွံ့စွာ ဖြင့် ခေါင်းညိတ်လိုက်သည်။

"ပြောလေ..."

"ကျွန်တော့် အမေ ပါ... အမေ က ဒီတလော စိတ်ဝင်စားမှု သိပ်မရှိဘူး ဖြစ်နေတယ်... စိတ်ညစ်စရာ တစ်ခုခု ရှိနေသလိုပဲ... တပ်မှူး ကျန်း... ခင်ဗျား အားတဲ့ အချိန်လေး ခြံထဲကို လာလည်လို့ ရမလား... ခင်ဗျားကို မြင်ရင် အမေ သေချာပေါက် ပျော်သွားလိမ့်မယ် လို့ ထင်တယ်..."

အမှန်တကယ်တော့ ကျူးရွှီ က ကျန်းချဲ့ နှင့် သူ၏ မိခင် တို့ ကြားတွင် လျှို့ဝှက်ချက် အချို့ ရှိနေကြောင်း ကို ရိပ်မိနေပြီ ဖြစ်သည်။ အကယ်၍ အခြားသူ တစ်ယောက်သာ ဖြစ်မည် ဆိုပါက သူ က တစ်မိသားစုလုံး ကို အမြစ်ပြတ် သတ်ဖြတ်ပစ်ပြီး လောက်ပြီ ဖြစ်သည်။ သို့သော် ထိုသူ က နာမည်ကျော်ကြား နေသော ကျန်းချဲ့ ဖြစ်နေမည် ဆိုပါကတော့...

အဖေ့ ကို တောင်းပန်ရုံ သာ ရှိတော့သည်။

ကျန်းချဲ့ ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။ သူ ယခုတလော တွင် ထိုကိစ္စ များနှင့် ပတ်သက်၍ အမှန်တကယ် စိတ်ဝင်စားမှု မရှိပေ။ ကြီးမားသော တိုက်ပွဲကြီး ပြီးဆုံးသွားကာစ ဖြစ်ပြီး အရာအားလုံး ကို သူ ကိုယ်တိုင် ဆုံးဖြတ်နေရသဖြင့် ဟွမ်ရှန်းရှန်း ကို ပင် လစ်လျူရှု ထားမိခဲ့သည်။

ဘယ်လိုလုပ်ပြီး ကျူးမိသားစု ခြံဝင်း သို့ သွားရောက်ရန် အချိန်ရမည်နည်း။

သို့သော် ကျူးရွှီ က ပင် ဤကဲ့သို့ ပြောလာမှတော့ အချိန်ရလျှင် သွားရောက် တွေ့ဆုံရမည် ပင် ဖြစ်သည်။

စိတ်အပန်းဖြေ ရုံ သက်သက် ပေါ့။

"အင်း... အချိန်ရရင် သွားလိုက်ပါ့မယ်..."

"ကျေးဇူးတင်ပါတယ် တပ်မှူး..."

"ဟားဟား... ကိုယ့်လူတွေချည်းပဲ... ကျေးဇူးတင်စရာ မလိုပါဘူး..."

ကျန်းချဲ့ က ကျူးရွှီ ၏ တုံ့ပြန်မှု ကို ကြည့်ရင်း ရယ်မောလိုက်မိသည်။ ဤကောင်လေး က တကယ်ကို စိတ်ဝင်စားစရာ ကောင်းသူ ပင် ဖြစ်သည်။ ပြဿနာ ရှိနေမှန်း သိသိကြီး နဲ့တောင် ဤကိစ္စကို ဖြစ်မြောက်အောင် ကြိုးစားနေသေးသည်။ တကယ့်ကို အောင်မြင်မည့် သူ တစ်ယောက် ၏ စိတ်နေသဘောထား မျိုး ပင် ဖြစ်သည်။

"တပ်မှူး ကျန်း... စောစောက အလုပ်လေး နည်းနည်း များသွားလို့ ထွက်မကြိုလိုက်ရဘူး... စိတ်မဆိုးပါနဲ့နော်..."

ကျန်းချဲ့ ထိုင်ခုံ တွင် ထိုင်လိုက်သည် နှင့် ချန်ရှန်တုန်း က အလျင်စလို ရောက်ရှိလာခဲ့သည်။

"ကိစ္စမရှိပါဘူး... အကြီးအကဲ ချန် အလုပ်များနေတယ် ဆိုတာကို ကျုပ် သိပါတယ်..."

ကျန်းဟိုင်နန်းတော် က ဖူလုံတောင် ကို ရရှိသွားပြီးနောက် ယခုတလော တွင် တပည့်များ နှင့် အရင်းအမြစ် များကို တဖြည်းဖြည်း ရွှေ့ပြောင်းနေပြီး ဖူလုံတောင် ကို ပြုပြင်မွမ်းမံ မှုများ လုပ်ဆောင်နေကြောင်း ကို ကျန်းချဲ့ ကောင်းစွာ သိရှိထားပေသည်။ ထို့ကြောင့် သူ လုံးဝ အပြစ်မတင်ပေ။

"တပ်မှူး ကျန်း ကမှ တကယ့်ကို အလုပ်များတဲ့ သူပါ..."

"အကြီးအကဲ ချန်... ပွင့်ပွင့်လင်းလင်း ပြောရရင်... ဒီတစ်ကြိမ် ကျုပ် လာရတဲ့ အကြောင်းရင်း က ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် အတွက် လာခဲ့တာပါ... ဒီကျင့်စဉ် က နောက်ပိုင်း ကျုပ်ရဲ့ ကျင့်ကြံမှု တွေ အတွက် အများကြီး အရေးပါလို့ မဖြစ်မနေ ရယူရမှာပါ...

အကြီးအကဲ ချန် အနေနဲ့ စည်းကမ်းချက် တွေ စိတ်ကြိုက် တောင်းဆိုလို့ ရပါတယ်... ကျုပ် လုပ်နိုင်သမျှ ဆိုရင် လုံးဝ ငြင်းပယ်မှာ မဟုတ်ပါဘူး..."

စကား အနည်းငယ် ပြောပြီးနောက် ကျန်းချဲ့ က အဓိက အကြောင်းအရာ သို့ တိုက်ရိုက် ဝင်လိုက်သည်။

"ဒီကိစ္စ က..."

ချန်ရှန်တုန်း ၏ မျက်နှာပေါ်တွင် ခက်ခဲသည့် အမူအရာ မျိုး ပေါ်ထွက်လာခဲ့သည်။ အမှန်တကယ်တော့ ဤနေ့ ရောက်လာမည် ကို သူ ကြိုတင် သိရှိထားခဲ့သော်လည်း ဤကိစ္စ က တကယ်ကို ခက်ခဲလွန်းလှပေသည်။

ကျန်းချဲ့ ကလည်း မလောဘဲ တစ်ဖက်လူ ၏ အဖြေကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

"တပ်မှူး ကျန်း... ဟို နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို ပြန်လည် ပြုပြင်ပြီးပြီလား..."

ချန်ရှန်တုန်း က ရုတ်တရက် မေးလိုက်သည်။

ယခင်က ကျန်းချဲ့ ပေးခဲ့သည်မှာ မပြည့်စုံသော ကျင့်စဉ် တစ်ခု ဖြစ်သော်လည်း အများစုကို ပြန်လည် ပြုပြင်ပြီးသား ဖြစ်ပေသည်။

"ပြန်လည် ပြုပြင်ပြီးသွားပါပြီ... အချိန်မရွေး အကြီးအကဲ ချန် ဆီကို ပေးလို့ ရပါတယ်..."

နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အထွတ်အထိပ် သို့ ရောက်ရှိအောင် ပူဇော်မှု ပြုလုပ်ပြီးနောက် ကျင့်စဉ် ၏ စာသားများ အားလုံး က သူ၏ ရင်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

"တကယ်တော့... အရင်တုန်းက ကျုပ် တပ်မှူး ကျန်း ကို လိမ်ပြောခဲ့တာ မဟုတ်ပါဘူး... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် က ကျန်းဟိုင်နန်းတော် ထဲမှာ တကယ်ကို မရှိတော့တာပါ..."

ချန်ရှန်တုန်း က ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အစောပိုင်း တွေ့ဆုံစဉ်က ပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရသွားခဲ့သည်။

"ဒါဆို... ဘယ်မှာလဲ..."

ကျန်းချဲ့ က တစ်ဖက်လူကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

အားနည်းနေချိန် တွင် အငြင်းပွားမှု များကို ဘေးဖယ်ထားပြီး အားကောင်းလာချိန် တွင် မူလပိုင်ရှင် ဖြစ်ကြောင်း ပြောဆိုရမည်။

ယခင်က ကျန်းချဲ့ အနေဖြင့် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို ရယူရန် နည်းလမ်း မရှိခဲ့သော်လည်း ယခုအခါ လျှို့ဝှက်ချက် အချို့ ရှိနေလျှင်တောင် ချန်ရှန်တုန်း က သူ့ကို ဖုံးကွယ်ထားမည် မဟုတ်ကြောင်း ကို ယုံကြည်ထားပေသည်။ အခြေအနေကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

"အရှေ့ပင်လယ် က အရှေ့စွန်းနန်းတော် မှာပါ..."

ချန်ရှန်တုန်း က လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာ တုန်းက ကျန်းဟိုင်နန်းတော် ကို ဖျက်ဆီးခဲ့တာ က အရှေ့စွန်းနန်းတော် ပါပဲ... ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားရုံ သာမက အင်အားကြီးသူ တွေ အားလုံး သေဆုံးခဲ့ပြီး ဂိုဏ်းနေရာ လည်း သိမ်းပိုက်ခံခဲ့ရတယ်... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကလည်း ဂိုဏ်းရဲ့ လျှို့ဝှက် နယ်မြေ ထဲမှာ ရှိနေတာပါ...

တပ်မှူး ကျန်း အနေနဲ့ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို လိုချင်တယ် ဆိုရင်... တော်တော်လေး ခက်ခဲပါလိမ့်မယ်..."

ချန်ရှန်တုန်း ၏ စကားကို ကြားပြီးနောက် ကျန်းချဲ့ ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။

ချန်ရှန်တုန်း က ရန်သူ ကို ဘယ်တုန်းကမှ ထုတ်ဖော် မပြောဆိုခဲ့ခြင်းမှာ မဆန်းပေ။ အမှန်တကယ်တော့ ဟိုင်ပြည်နယ် က အရှေ့စွန်းနန်းတော် ပင် ဖြစ်နေပေသည်။

ကျန်းချဲ့ က တာ့ကျိုး နိုင်ငံ အတွင်းရှိ အင်အားစု များ ၏ အနေအထား ကို လေ့လာဖူးပေသည်။ နှစ်ပေါင်း ထောင်ချီတိုင်တိုင် တည်တံ့လာခဲ့သော နတ်ဂိုဏ်း အချို့မှလွဲ၍ တကယ့် အစွမ်းထက်သော အင်အားကြီးသူ များ ဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း အင်အားစု များ လည်း အများအပြား ရှိနေပေသည်။

ယွဲ့ပြည်နယ် ရှိ လုံဟူ တာအိုဂိုဏ်း နှင့် ထျန်းလုံဘုန်းကြီးကျောင်း တို့မှာ တစ်ခု အပါအဝင် ဖြစ်ပြီး ပေလင် ချီမိသားစု လည်း ပါဝင်ပေသည်။ ဤအရှေ့စွန်းနန်းတော် မှာ ထိုကဲ့သို့သော ထိပ်တန်း အင်အားစု များနှင့် မယှဉ်နိုင်သော်လည်း အများကြီး မကွာခြားလှပေ။

ဂိုဏ်း အတွင်း၌ ရွှမ်တန်အဆင့် အထက် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ရှိနေပြီး ဟိုင်ပြည်နယ် တွင် အင်အား အကြီးဆုံး အင်အားစု များထဲမှ တစ်ခု လည်း ဖြစ်ပေသည်။ ကျန်းချဲ့ ၏ ယခု လက်ရှိ စွမ်းအား ဖြင့် ဆိုလျှင် အမှန်တကယ် ပင် ရယူရန် ခက်ခဲလှပေသည်။

တကယ်ပဲ ကျင့်စဉ် ပြောင်းလဲရတော့မှာလား။

ကျန်းချဲ့ က အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ချန်ရှန်တုန်း ကို ကြည့်ကာ မေးလိုက်သည်။

"အပြည့်အစုံ မရှိရင်လည်း... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ရဲ့ အစိတ်အပိုင်း လေးတွေ ဖြစ်ဖြစ် ရနိုင်မလား... အဲ့ဒါဆိုရင် ကျုပ် ပြန်လည် ပြုပြင်ကြည့်လို့ ရနိုင်တယ်..."

သူ၏ အထူး နည်းလမ်း (ရွှေလက်ချောင်း) ၏ အစွမ်းထက်မှု ကို သူ လုံးဝ မမေ့သေးပေ။ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကိုတောင် ပြန်လည် ပြုပြင်နိုင်ခဲ့ရာ ဤရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကိုလည်း သေချာပေါက် ပြန်လည် ပြုပြင်နိုင်မည် ဖြစ်သည်။ ဤနေရာသို့ မလာရောက်မီ အချိန်ကတည်းက ကျန်းချဲ့ က ဤကိစ္စ အတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

"ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို ပြန်လည် ပြုပြင်မယ် ဟုတ်လား..."

အကယ်၍ အခြားသူ တစ်ယောက် ကသာ ဤကဲ့သို့ ပြောမည် ဆိုပါက ချန်ရှန်တုန်း အနေဖြင့် သေချာပေါက် ယုံကြည်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ဆိုသည်မှာ သာမန် ကျင့်စဉ် တစ်ခု မဟုတ်ဘဲ သိုင်းသခင် အဆင့် သိုင်းသမား များ ကျင့်ကြံရသော ကျင့်စဉ် တစ်ခု ဖြစ်သောကြောင့် ပင် ဖြစ်သည်။

သို့သော် ကျန်းချဲ့ ကတော့ မတူပေ။ သူ က ဤအရည်အချင်း ရှိသူ ပင် ဖြစ်သည်။ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို ပင် ပြန်လည် ပြုပြင်နိုင်ခဲ့သည် မဟုတ်ပါလော။

လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ဒါပေမဲ့…

All Chapters