အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉) စေ့စပ်ကြောင်းလမ်းခြင်း
အကြီးအကဲချုပ် ၏ ဩဇာအာဏာ က အလွန် ကြီးမားလှပေသည်။ သူ၏ ရှန်ရှန်းအဆင့် ကျင့်ကြံမှု ကြောင့် သာမက သူ၏ ကြီးမားလှသော ဂုဏ်သိက္ခာ ကြောင့်လည်း ဖြစ်ပေသည်။
ပေလင် ချီမိသားစု တစ်ခုလုံး တွင် ဘိုးဘေး နှင့် မိသားစု ခေါင်းဆောင် တို့မှလွဲ၍ သူ့ကိုသာ အကြီးအကဲ အဖြစ် အလေးထားကြပေသည်။ ထို့ကြောင့် သူ စကား စလိုက်သည် နှင့် ဘိုးဘေး ခန်းမဆောင် အတွင်းရှိ အကြီးအကဲ အများအပြား ချက်ချင်း အသံ တိတ်သွားကြပြီး သူ့ကိုသာ စူးစိုက်ကြည့်ကာ သူ၏ စကားကို စောင့်ဆိုင်း နေကြပေသည်။
"သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး တစ်ယောက် နဲ့ ဆိုရင်တော့ ကျန်းချဲ့ လို ပါရမီရှင် မျိုး နဲ့ မထိုက်တန်တာ အမှန်ပဲ... မိသားစု နောက်ခံ ကို ပြောရမယ် ဆိုရင်... ဟွန့်... ငါတို့ ချီမိသားစု က တခြား မိသားစု တွေ နဲ့ မင်္ဂလာ လက်ထပ်ပေးတယ် ဆိုတာကလည်း အပြန်အလှန် ယှဉ်ပြိုင်ဖို့ အတွက်ပဲလေ...
မိန်းကလေး ဆိုတာ အိမ်ထောင်ကျသွားရင် သွန်ပစ်လိုက်တဲ့ ရေ နဲ့ အတူတူပဲ... ငါကိုယ်တော် ကတော့ ဘာနောက်ခံ မှ မရှိတဲ့ သမက် မျိုးကိုပဲ ပိုလိုချင်တယ်... ဒီလို လူမျိုး မှသာ ငါတို့ ချီမိသားစု အတွက် တကယ့် အကူအညီ ဖြစ်လာမှာ...
ငါကိုယ်တော် ရဲ့ အမြင်ကတော့ ဝမ်ကျင်း ဒါမှမဟုတ် နင်ပင်း ကို လက်ထပ်ပေးသင့်တယ် လို့ ထင်တယ်... အကယ်လို့ သူတို့ သဘောမတူဘူး ဆိုရင်တောင် ငါကိုယ်တော် မှာလည်း မြေးမလေး တွေ အများကြီး ရှိပါသေးတယ်... ကျန်းချဲ့ လို လူမျိုး နဲ့ လက်ထပ်ပေးတာက သူတို့ အတွက် သိက္ခာကျစရာ မရှိပါဘူး..."
အကြီးအကဲချုပ် စကား စလိုက်သည် နှင့် လူတိုင်း ကို အံ့အားသင့် သွားစေခဲ့သည်။
အကြီးအကဲချုပ် က ကျန်းချဲ့ ကို ဤမျှလောက် အထိ ထောက်ခံလိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို ကျန်းချဲ့ ကို သူ၏ မြေးမက် အဖြစ် ရွေးချယ်ချင်နေလိမ့်မည် ဟုလည်း မထင်မှတ်ထားခဲ့သဖြင့် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
"ငါကိုယ်တော် မှာလည်း သမီး တစ်ယောက် ရှိသေးတယ်... ဝမ်ကျင်း နဲ့ နင်ပင်း တို့ကို မမီဘူး ဆိုပေမယ့်... သိပ်တော့ မဆိုးပါဘူး... အဲ့ဒီ ကျန်းချဲ့ ရောက်လာရင် အရင်ဆုံး တွေ့ခိုင်းကြည့်လို့ ရပါတယ်..."
"ငါကိုယ်တော် လည်း..."
အကြီးအကဲချုပ် ၏ စကား အဆုံးတွင် အခြေအနေ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ယခင်က ချီဝမ်ကျင်း သို့မဟုတ် ချီနင်ပင်း တို့ကို ကျန်းချဲ့ နှင့် လက်ထပ်ပေးရန် သဘောမတူခဲ့သော အကြီးအကဲ များ ပင်လျှင် ချက်ချင်း ထောက်ခံလာကြသည်။ သူတို့ အားလုံး က ကျန်းချဲ့ ၏ ပါရမီ ကို မျက်စိကျနေကြခြင်း ပင် ဖြစ်သည်။
ချီမိသားစု က တစ်သားတည်း ဖြစ်သည် ဆိုသော်လည်း မိသားစု အကြီးအငယ် ခွဲခြားမှု များတော့ ရှိနေသေးပေသည်။ အကယ်၍ ထူးချွန်သော သမက် သို့မဟုတ် မြေးမက် တစ်ယောက် ရရှိမည် ဆိုပါက သူတို့၏ အာဏာ လည်း ပိုမို ကြီးမားလာမည် မဟုတ်ပါလော။
သမီး သို့မဟုတ် မြေးမလေး အချို့ကို ပေးဆပ်ရမည် ဆိုလျှင်တောင် သူတို့ နှမြောမည် မဟုတ်ပေ။
သေချာသည်မှာ မကျေနပ်သော အကြီးအကဲ များလည်း ရှိနေသေးသည်။ အချို့ အကြီးအကဲ များ က ကျန်းချဲ့ တစ်ယောက်တည်း အတွက် နှင့် ဤမျှလောက် အလုအယက် ဖြစ်နေကြခြင်း က ပေလင် ချီမိသားစု ၏ ဂုဏ်သိက္ခာ ကို အနည်းငယ် ထိခိုက်စေသည်ဟု ထင်မြင်နေကြပေသည်။
ကျန်းချဲ့ ၏ ပါရမီ က ဘယ်လောက် ပင် ကောင်းမွန်နေပါစေ သူ က တကယ်တမ်း စွမ်းအား အပြည့်အဝ မရရှိသေးသော မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်သာ ဖြစ်သေးရာ ဤမျှလောက် အထိ လုပ်ဆောင်ရန် လိုအပ်ပါသလား။
"အဟွတ်... အဟွတ်... အကြီးအကဲ တို့ ရဲ့ အမြင်ကို ကျုပ် နားလည်ပါပြီ... ဒါပေမဲ့ အခု ဆွေးနွေးနေတာက ကျန်းချဲ့ နဲ့ ကျုပ်ရဲ့ သမီး နှစ်ယောက် ထဲက တစ်ယောက် ကို လက်ထပ်ပေးဖို့ ကိစ္စပါ... အကယ်လို့ တကယ် သဘောမတူဘူး ဆိုမှ တခြား ကိစ္စတွေကို ဆက်ပြောတာပေါ့..."
ချီကျန်းနန် က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ခန်းမဆောင် အတွင်းရှိ အကြီးအကဲ များ၏ အငြင်းပွားမှု ကို တားဆီးလိုက်သည်။
အကြီးအကဲချုပ် က ချီကျန်းနန် ကို အဓိပ္ပာယ် ပါပါ တစ်ချက် ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောကာ တောင်ဝှေး ကို ခေါက်လိုက်ပြီး...
"ဒီလို ဆိုမှတော့... မိသားစု ခေါင်းဆောင် အနေနဲ့ ဝမ်ကျင်း နဲ့ နင်ပင်း... ဘယ်သူ့ကို လက်ထပ်ပေးဖို့ စဉ်းစားထားလဲ..."
"အကြီးအကဲ တွေကို ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျုပ် အရင်က ယွဲ့ပြည်နယ် က ဝေ့မိသားစု ခေါင်းဆောင် နဲ့ မင်္ဂလာ ကိစ္စ ပြောခဲ့ဖူးပါတယ်... နင်ပင်း ကို ဝေ့မိသားစု က သခင်လေး နဲ့ လက်ထပ်ပေးမယ် လို့ နှုတ်ကတိ ပေးထားခဲ့တော့ အခု ပြန်ပြောင်းဖို့က သိပ်မကောင်းဘူး ထင်တယ်...
အကယ်လို့ လက်ထပ်ပေးရမယ် ဆိုရင်တော့ ဝမ်ကျင်း ကိုပဲ လက်ထပ်ပေးလို့ ရမှာပါ..."
"ဘယ်တုန်းက ကိစ္စလဲ... ဘာလို့ ငါကိုယ်တော် မသိရတာလဲ..."
"ဟုတ်တယ်လေ... မိသားစု ခေါင်းဆောင် ရဲ့ သမီး တွေ လက်ထပ်မယ့် ကိစ္စ ဆိုတာ အရေးကြီးတဲ့ ကိစ္စပဲ... ငါတို့ ဘာလို့ မသိရတာလဲ..."
"အဲ့ဒီ ဝေ့မိသားစု ရဲ့ သခင်လေး ဝေ့ကျွင်းကျဲ က ပါရမီ အလယ်အလတ် လောက်ပဲ ရှိတာလို့ ကြားဖူးတယ်... ပြီးတော့ နာမည် ကလည်း သိပ်မကောင်းဘူး... နင်ပင်း ကို အဲ့ဒီလို လူမျိုး နဲ့ လက်ထပ်ပေးတာ သိပ်မသင့်တော်ဘူး ထင်တယ်နော်..."
"ငါကိုယ်တော် လည်း သဘောမတူဘူး... နင်ပင်း ဆိုတဲ့ ကောင်မလေး က အရမ်းကို သွက်လက် ချက်ချာတာ... ဝေ့မိသားစု ရဲ့ သခင်လေး နဲ့ လက်ထပ်ပေးလိုက်ရင် သေချာပေါက် နစ်နာသွားမှာပေါ့..."
"အကြီးအကဲ တို့ မလောပါနဲ့... နှုတ်ကတိ လေး ပေးထားရုံ သက်သက်ပါ..."
ချီကျန်းနန် က ရှင်းပြလိုက်သည်။
"ကျန်းနန်... မင်း က ချီမိသားစု ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါလျက် နဲ့ ဘယ်လိုလုပ်ပြီး ဒီလို ပေါ့ပေါ့ဆဆ လုပ်ရတာလဲ... သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး တွေ ဆိုရင်တောင် ထားလိုက်ပါတော့... နင်ပင်း က ဝိညာဉ် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး ပါရမီ လည်း အရမ်း ကောင်းတယ်... သူ့ကို အိမ်စောင့်သမက် တစ်ယောက် နဲ့ လက်ထပ်ပေးတာကမှ အကောင်းဆုံး နည်းလမ်းပဲ...
အကယ်လို့ ပါရမီ ကောင်းတဲ့ ကလေး တစ်ယောက် မွေးလာရင် ငါတို့ ချီမိသားစု ရဲ့ ကံကောင်းမှု ပဲလေ..."
အကြီးအကဲချုပ် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
"အကြီးအကဲချုပ် ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ဒီကိစ္စကို လုံးဝ ဆုံးဖြတ်ပြီးတာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျုပ် က ကတိပေးပြီးသား ဆိုတော့ ကတိဖျက်ရင် တခြား သူတွေ လှောင်ပြောင်တာ ခံရမှာပေါ့..."
ချီကျန်းနန် လည်း မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်ပါလျက် နဲ့ ဆူပူ ကြိမ်းမောင်း ခံလိုက်ရသဖြင့် မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။
အကြီးအကဲချုပ် က နှာမှုတ်လိုက်သည်။ သူ အလေးထားသည်မှာ မင်္ဂလာ ကိစ္စ မဟုတ်ဘဲ ချီကျန်းနန် က မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်ပါလျက် နဲ့ မင်္ဂလာ ကိစ္စ ကို တိတ်တဆိတ် သဘောတူခဲ့ခြင်း ကို ပင် ဖြစ်သည်။ ဤကဲ့သို့သော တိုက်ရိုက်မျိုးဆက် သမီး ၏ မင်္ဂလာ ကိစ္စ မျိုးကို အကြီးအကဲချုပ် တစ်ယောက် ဖြစ်သော သူ က မသိရှိရခြင်း ကို ဒေါသထွက်နေခြင်း ပင် ဖြစ်သည်။
သို့သော် ယခုအခါ ပြုပြင်၍ မရနိုင်တော့ပေ။ ဝေ့မိသားစု က ချီမိသားစု လောက် အင်အား မကြီးမားသော်လည်း လျှော့တွက်၍ မရနိုင်ပေ။ ယွဲ့ပြည်နယ် တွင် ထိပ်တန်း မိသားစု များထဲမှ တစ်ခု ဖြစ်ရာ ကတိပေးပြီးမှ ဖျက်သိမ်းရန် ဆိုသည်မှာ တကယ်ကို မကောင်းလှပေ။
"ထားလိုက်ပါတော့... ဝမ်ကျင်း ရဲ့ ကိစ္စ ကိုပဲ ဆက်ပြောကြတာပေါ့..."
"ဝမ်ကျင်း ဆိုတဲ့ ကလေးမ က စိတ်သဘောထား အရမ်း ခက်ထန်တယ်... ဂီတ နဲ့ စာပေ တွေကို လုံးဝ စိတ်မဝင်စားဘဲ ဓားနဲ့ လှံကိုပဲ ဝါသနာပါတာ... ပုံမှန် အချိန် တွေမှာလည်း မင်္ဂလာ ကိစ္စ ဆိုရင် အရမ်း ဆန့်ကျင်တတ်တယ်... အခု တစ်ခါတော့ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး..."
"ဟုတ်တယ်... နင်ပင်း ရဲ့ စိတ်နေသဘောထား ကမှ အဆင်ပြေသေးတယ်... ဝမ်ကျင်း ရဲ့ စိတ်နေသဘောထား က အရမ်း ခက်ထန်လွန်းတယ်..."
ဘိုးဘေး ခန်းမဆောင် အတွင်းရှိ အကြီးအကဲ အားလုံး က ချီမိသားစု ၏ တိုက်ရိုက် မျိုးဆက် များ ဖြစ်ကြရာ အောက်ခြေမှ သားသမီး များ၏ စိတ်နေသဘောထား များကို ကောင်းစွာ သိရှိထားကြသည်။
ချီဝမ်ကျင်း ၏ စိတ်နေသဘောထား က မည်သို့ ရှိသည်ကို သူတို့ ကောင်းစွာ သိရှိထားပြီး သူမ အနေဖြင့် ဆုံးဖြတ်ချက် တစ်ခုခု ချထားပြီး ဆိုလျှင် မိသားစု အာဏာ ဖြင့် ဖိအားပေးမည် ဆိုလျှင်တောင် မင်္ဂလာ ကိစ္စကို သဘောတူလိမ့်မည် မဟုတ်ကြောင်း ကို သိရှိထားကြပေသည်။
"မိသားစု ရဲ့ အကျိုးကျေးဇူး တွေကို ခံစားပြီးမှတော့... မိသားစု ရဲ့ အခက်အခဲ တွေကို ဖြေရှင်းပေးရမှာပေါ့... အဲ့ဒီ ကျန်းချဲ့ ဆိုတာ ကလည်း ငယ်ငယ်ရွယ်ရွယ် နဲ့ နာမည်ကျော်ကြား နေပြီး ပါရမီ ကလည်း အရမ်း ကောင်းတယ်... သူ့မှာ ဝိညာဉ် ခန္ဓာကိုယ် မျိုး ရှိနေလောက်တယ်... ဒါဆို ဝမ်ကျင်း နဲ့ လက်ထပ်ပေးတာက သူ့ကို စော်ကားတာမှ မဟုတ်တာ... အကယ်လို့ သူ သဘောမတူဘူး ဆိုရင် မိသားစု စည်းမျဉ်း ဥပဒေ တွေ နဲ့ အပြစ်ပေးရမှာပေါ့..."
ဒုတိယ အကြီးအကဲ ၏ မျက်နှာထား က အနည်းငယ် မှိုင်းညို့သွားပြီး မိသားစု မှ မျိုးဆက်သစ် များ က အုပ်ချုပ်မှုကို မနာခံသည်ကို လုံးဝ မကြည့်ရက်ပေ။
"ဒုတိယ အကြီးအကဲ အရမ်း မစိုးရိမ်ပါနဲ့... ဝမ်ကျင်း လည်း အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီ ဆိုတော့... ကျုပ် သေချာ ဖြောင်းဖျပေးပါ့မယ်..."
ချီကျန်းနန် က တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်္ဂလာ ကိစ္စ ဆိုတာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး... ကျန်းချဲ့ ရဲ့ စိတ်နေသဘောထား က သိပ်မဆိုးဘူး လို့ စုံစမ်းထားတယ် ဆိုပေမယ့်... တကယ်တမ်းတော့ တွေ့ကြည့်ရဦးမှာပဲ... တကယ်ပဲ နာမည် နဲ့ လိုက်ဖက်မှု ရှိမရှိ ဆိုတာကို သေချာ ကြည့်ပြီးမှ ဆုံးဖြတ်ချက် ချသင့်တယ်...
အကယ်လို့ တကယ်ကို အဆင်မပြေဘူး ဆိုရင်လည်း... သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး တစ်ယောက် နဲ့ပဲ လက်ထပ်ပေးလိုက်ရုံပေါ့..."
"ဟုတ်တယ်... အဲ့ဒီ ကောင်လေး ကို တစ်ခေါက်လောက် လာခိုင်းပြီး အခြေအနေ ကို အရင် ကြည့်ရမယ်..."
အကြီးအကဲ တစ်ယောက် က အကြံပြုလိုက်သည်။
"အကြီးအကဲ တို့ စိတ်ချပါ... ကျုပ် လူလွှတ်ပြီး ယွဲ့ပြည်နယ် ထိုက်အန်းဒေသ ကို ညတွင်းချင်း အပြေးအလွှား သွားခိုင်းထားပါတယ်... ချီဆန်းကျား ကို ကျန်းချဲ့ နဲ့ အတူ ခေါ်လာဖို့ မှာလိုက်ပါတယ်... တကယ်လို့ တကယ်ပဲ လူတော် တစ်ယောက် ဖြစ်နေမယ် ဆိုရင်... သေချာပေါက် ပံ့ပိုးပေးရမှာပေါ့..."
ချီကျန်းနန် က လေးနက်စွာ ပြောလိုက်သည်။
"ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ထပ်ပြီး ဆွေးနွေးနေစရာ မလိုတော့ပါဘူး... အကယ်လို့ ကျန်းချဲ့ က ငါတို့ကို သဘောကျအောင် လုပ်နိုင်မယ် ဆိုရင်... ဝမ်ကျင်း ကို သူနဲ့ လက်ထပ်ပေးလိုက်မယ်..."
အကြီးအကဲချုပ် က နောက်ဆုံး ဆုံးဖြတ်ချက် ကို ချမှတ်ပေးလိုက်သည်။
"ကောင်းပြီ..."
"ကောင်းပြီ..."
အကြီးအကဲ အများအပြား က ခေါင်းညိတ်ကာ အကြီးအကဲချုပ် ၏ အကြံအစည် ကို သဘောတူလိုက်ကြသည်။
"တခြား အရေးကြီးတဲ့ ကိစ္စ မရှိတော့ဘူး ဆိုရင်လည်း အားလုံး ကိုယ့်အလုပ် ကိုယ် သွားလုပ်ကြတော့... ငါကိုယ်တော် မိသားစု ခေါင်းဆောင် နဲ့ ဆွေးနွေးစရာ လေး ရှိသေးတယ်..."
အကြီးအကဲချုပ် က အားလုံးကို တစ်ချက် ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ခဏကြာပြီးနောက် ဘိုးဘေး ခန်းမဆောင် အတွင်းရှိ အကြီးအကဲ များ အားလုံး ထွက်ခွာသွားကြပြီး အကြီးအကဲချုပ် နှင့် ချီကျန်းနန် တို့ နှစ်ယောက်တည်း သာ ကျန်ရစ်ခဲ့ကာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
"အကြီးအကဲချုပ် ဘာများ ဆွေးနွေးစရာ ရှိလို့လဲ..."
ချီကျန်းနန် က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး တိုက်ရိုက် မေးလိုက်သည်။
ပေလင် ချီမိသားစု အတွင်း၌ အကြီးအကဲချုပ် ၏ ဩဇာအာဏာ က သူ့ထက်ပင် ပိုမို ကြီးမားလှသဖြင့် အလွန် အရေးကြီးသော ကိစ္စများ မဟုတ်လျှင် ချီကျန်းနန် အနေဖြင့် အကြီးအကဲချုပ် ၏ အကြံပြုချက် များကို အမြဲတမ်း နားထောင်လေ့ ရှိပေသည်။
"ဒီကျန်းချဲ့ ရဲ့ ကိစ္စ ပါပဲ... အရင်တုန်းက မင်္ဂလာ ကိစ္စ တွေ ဆိုရင် မိသားစု ခေါင်းဆောင် က အကြီးအကဲ တွေ ရဲ့ အကြံဉာဏ် ကို အရင် တောင်းခံလေ့ ရှိတယ်... ဒါပေမဲ့ ဒီတစ်ခါကျတော့ မိသားစု ခေါင်းဆောင် က အစောကြီး ကတည်းက ဆုံးဖြတ်ထားပြီးသား လို ဖြစ်နေတယ်... ကျန်းချဲ့ ကိုတောင် မျက်နှာချင်းဆိုင် မတွေ့ရသေးဘဲ နဲ့ကို...
အဲ့ဒါ ဘာကြောင့်လဲ ဆိုတာကို ငါကိုယ်တော် ကို ပြောပြလို့ ရမလား..."
အကြီးအကဲချုပ် က ချီကျန်းနန် ကို အဓိပ္ပာယ် ပါပါ စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ စောစောကတည်းက ဤကိစ္စကို သူ စဉ်းစားနေခဲ့သော်လည်း နားမလည်နိုင်သဖြင့် တိုက်ရိုက် မေးလိုက်ခြင်း ပင် ဖြစ်သည်။
"အကြီးအကဲချုပ် ရဲ့ အမြင်က တကယ်ကို စူးရှလွန်းပါတယ်..."
ချီကျန်းနန် က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ကြည့်ရတာ... တကယ်ပဲ အကြောင်းအရင်း ရှိနေတာပေါ့..."
ချီကျန်းနန် က ခေါင်းညိတ်လိုက်ပြီး မငြင်းဆိုဘဲ ပြန်ဖြေလိုက်သည်။
"ကျန်းချဲ့ ဆိုတဲ့ ကောင်လေး ကို ကျုပ် တကယ်ပဲ သဘောကျပါတယ်... အကယ်လို့ ဒီလူ ရဲ့ စိတ်နေသဘောထား ကို အကြီးအကဲ တွေ က သဘောကျတယ် ဆိုရင်... ဝမ်ကျင်း က သဘောမတူရင်တောင် ကျုပ် အတင်းအကျပ် လက်ထပ်ခိုင်းမှာပါ...
အကြောင်းအရင်း ကတော့..."
သူ ခဏလောက် ရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။
"အကြောင်းအရင်း ကတော့... ချီဆန်းကျား က ကျုပ်ဆီကို နောက်ထပ် စာတစ်စောင် ပို့ခဲ့လို့ပါပဲ... အဲ့ဒီ စာထဲမှာ သူက ကျန်းချဲ့ ကို ကောင်းကင်ဘုံ က ရွေးချယ်ခံရတဲ့ သူ တစ်ယောက် လို့ သံသယ ရှိနေကြောင်း ရေးထားတယ်... ကျန်းချဲ့ က သိုင်းလောက ကို စတင် ဝင်ရောက်လာကတည်းက လုပ်ခဲ့တဲ့ ကိစ္စ တချို့ကိုလည်း ထည့်ရေးထားသေးတယ်...
စာကို ဖတ်ပြီးသွားတော့... တကယ်ပဲ ကံကောင်းမှု တွေ အများကြီး ရှိတဲ့ လူတစ်ယောက် လို ဖြစ်နေတယ်... အန္တရာယ် တွေ နဲ့ ကြုံတွေ့ရတိုင်း ကံကောင်းမှု တွေ နဲ့ လွတ်မြောက်နိုင်တယ်... လုပ်သမျှ ကိစ္စ တိုင်း လည်း အောင်မြင်တယ်... ပြီးတော့ ဒီလူ က အရမ်း သတိထားတတ်ပြီး ဉာဏ်လည်း ကောင်းတယ်... တကယ့် ခေါင်းဆောင်ကောင်း တစ်ယောက် ရဲ့ အရည်အချင်း မျိုး ရှိတယ်...
ဒါပေမဲ့ အခုလောလောဆယ် ကတော့ ချီဆန်းကျား တစ်ယောက်တည်း ရဲ့ စကား ပဲ ရှိသေးတာ ဆိုတော့... ကျုပ် ကိုယ်တိုင် သူ့ကို တွေ့ကြည့်ပြီး အတည်ပြုဖို့ လိုသေးတယ်..."
"ကောင်းကင်ဘုံ က ရွေးချယ်ခံရတဲ့ သူ..."
အကြီးအကဲချုပ် ၏ မျက်နှာထား က အနည်းငယ် ပြောင်းလဲသွားပြီး လေးနက်စွာ စဉ်းစားလိုက်သည်။
ချီမိသားစု က သာမန် အင်အားစု တစ်ခု မဟုတ်ဘဲ နှစ်ထောင်ချီ တည်တံ့လာခဲ့သော မိသားစု ကြီး တစ်ခု ဖြစ်သည်။ တာ့ကျိုး နိုင်ငံတော် မတည်ထောင်မီ အချိန် ကတည်းက နှစ်ပေါင်း ရာချီတိုင်တိုင် တည်ရှိနေခဲ့ပြီး အပြောင်းအလဲ များစွာ ကို မြင်တွေ့ခဲ့ဖူးပေသည်။
ထို့ကြောင့် ဤလောက ရှိ လျှို့ဝှက်ချက် အချို့ကိုလည်း သိရှိထားကြပေသည်။
ခေတ်ကာလ တိုင်း တွင် ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ များ ပေါ်ထွက်လာတတ်ပြီး ၎င်းတို့ က လုပ်ဆောင်သမျှ ကိစ္စ တိုင်း ကို အလိုရှိတိုင်း အောင်မြင်နိုင်ကာ အန္တရာယ် များနှင့် ကြုံတွေ့ရလျှင်တောင် ကံကောင်းမှု များနှင့် လွတ်မြောက်နိုင်ကြပေသည်။
သာမန် သိုင်းသမား များ အတွက် ကံကောင်းမှု ဆိုသည်မှာ အလွန် ရခဲလှသော်လည်း ဤကဲ့သို့သော သူများ အတွက်မူ ထမင်းစား ရေသောက် သကဲ့သို့ လွယ်ကူနေပေသည်။
ထိုကဲ့သို့သော သူများ က အများအားဖြင့် အောင်မြင်မှု ကြီးမားတတ်ကြပေသည်။
ဥပမာ အားဖြင့် ချီမိသားစု ၏ ဘိုးဘေး ဆိုလျှင်လည်း ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ ဟု သတ်မှတ်ခံခဲ့ရပြီး ထိုခေတ်ကာလ က အထူးချွန်ဆုံး ပါရမီရှင် မဟုတ်ခဲ့သော်လည်း အောက်ခြေ ဘဝမှ စတင်ကာ နှစ်တစ်ရာ အတွင်းမှာပင် ကြီးမားလှသော အောင်မြင်မှု များကို တည်ဆောက်နိုင်ခဲ့သူ ပင် ဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ တစ်ယောက် ကိုသာ ဆွဲဆောင်နိုင်မည် ဆိုပါက မိသားစု ၏ မျိုးဆက် အဆက်ဆက် ကြီးပွား တိုးတက်မှုကို အာမခံနိုင်မည် ဖြစ်သည်။
သို့သော် ဤကဲ့သို့သော သူများ က အလွန် ရှားပါးလွန်းပြီး အချို့ က ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ခြေနင်းတုံး သက်သက်သာ ဖြစ်နေတတ်ပေသည်။ ထို့ကြောင့် မိသားစု ကြီး များ က ဤကဲ့သို့သော သူများကို မျှော်လင့်နေကြသော်လည်း အားစိုက်ပြီး လိုက်လံ ရှာဖွေခြင်းမျိုး တော့ မရှိကြပေ။
"အကယ်လို့ တကယ်ပဲ ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ ဖြစ်နေမယ် ဆိုရင်... သူနဲ့ လက်ထပ်ပေးတာ က တကယ့်ကို ကံကောင်းမှု ကြီး တစ်ခုပဲ... ဒါပေမဲ့... သူ မဟုတ်နေမှာ ကိုပဲ စိုးရိမ်ရတာ..."
ချီကျန်းနန် က ပြုံးလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အကယ်လို့ မဟုတ်ဘူး ဆိုရင်တောင်... သူ့ရဲ့ ပါရမီ တွေ ကို ကြည့်ရင် လက်ထပ်ပြီး မြေတောင်မြှောက်ပေးဖို့ တန်ပါတယ်... အခု လောက ကြီး က အေးချမ်းနေတယ် လို့ ထင်ရပေမယ့်... ကျုပ် ရဲ့ အမြင်မှာတော့ လေမုန်တိုင်း မလာခင် နောက်ဆုံး တိတ်ဆိတ်မှု လို့ ထင်တယ်...
မြောက်ပိုင်း က လူရိုင်း တွေ က အမြဲတမ်း မျက်စိကျ နေပြီး နှစ်တိုင်း လာရောက် တိုက်ခိုက်နေကြတယ်... ပင်လယ်ရပ်ခြား က နတ်ဆိုး တွေ ရဲ့ အရိပ်အယောင် တွေလည်း ထွက်ပေါ်နေပြီ... တောင်ပိုင်း က တောင်တန်းကြီး တစ်သောင်း ကလည်း လှုပ်ရှားနေကြပြီ... ပြီးတော့ ပိုင်လျန်ဂိုဏ်း၊ မြင့်မြတ်သော ဂိုဏ်းတော် (ခေါ်) အစိမ်းရောင်ကောင်းကင်ယံ မိစ္ဆာဂိုဏ်း လိုမျိုး သူပုန် တွေကလည်း အမြဲတမ်း မီးမွှေးနေကြတယ်...
ဒီလောက ကြီး က အမြန်ဆုံး ဆယ်နှစ်... အကြာဆုံး နှစ်တစ်ရာ အတွင်းမှာ... သေချာပေါက် အကြီးအကျယ် ရှုပ်ထွေးလာတော့မှာ...
ခေတ်ပျက် ကြီး ဆိုတာ သူရဲကောင်း တွေ ပေါ်ထွက်လာမယ့် အချိန်ပဲ... ချီမိသားစု က နှစ်ထောင်ချီ တည်တံ့လာခဲ့ပြီး ကြီးမားတဲ့ ဘေးဒုက္ခ တွေကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရပေမယ့်... မောက်မာလို့ မရဘူး... အစောကြီး ကတည်းက ကြိုတင် ပြင်ဆင်ထားရမယ်... ဒါကြောင့်ပဲ ကျုပ် က ချီမိသားစု ကို စစ်တပ် ထဲမှာ နေရာယူဖို့ ကြိုးစားခဲ့တာပါ...
တခြား မိသားစု တွေ ကလည်း ဒါကို မြင်ကြမှာပါ... အားလုံး က အင်အား တွေ စုဆောင်းနေကြတယ်... ချီမိသားစု က နောက်ထပ် နှစ်ထောင်ချီ ဆက်လက် တည်တံ့ချင်တယ် ဆိုရင် အင်အားကြီးသူ တွေကို ဆွဲဆောင်ပြီး နောက်ဆုံး အချိန်ထိ ရပ်တည်နိုင်အောင် ကြိုးစားရမှာပဲ..."
အကြီးအကဲချုပ် က လေးနက်စွာ စဉ်းစားနေပြီး အချိန် အတော်ကြာ မှ ခေါင်းညိတ်လိုက်ကာ...
"မင်း ပြောတာ မှန်တယ်... ခေတ်ပျက် ကြီး ရောက်လာတော့မယ် ဆိုတော့... သူရဲကောင်း တွေ သေချာပေါက် ပေါ်ထွက်လာတော့မှာပဲ... ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ တွေလည်း တဖြည်းဖြည်း ပေါ်လာကြလိမ့်မယ်... ဒီကျန်းချဲ့ ရဲ့ စိတ်နေသဘောထား သာ ကောင်းမယ် ဆိုရင် သူ့ကို မြေတောင်မြှောက်ပေးပြီး နောက်ပိုင်း အတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်..."
"ကျုပ် ကြားထားတဲ့ သတင်း အရ ဆိုရင်... မြောက်ပိုင်း က လူရိုင်း တွေ ရဲ့ လူရိုင်း ဘုရင်လေး မွေးဖွားလာတုန်းက... ကောင်းကင် ကနေ ပန်းပွင့် တွေ ကျလာပြီး မြေကြီး ကနေ ရွှေကြာပန်း တွေ ပွင့်လာတယ်တဲ့... မြင့်မြတ်သော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး လူရိုင်း ဘုရား ရဲ့ ဝင်စားမှု လို့ ပြောကြတယ်...
နတ်ဂိုဏ်း တွေ ထဲမှာလည်း နတ်ဘုရား တွေ ဝင်စားတယ် ဆိုတဲ့ ကောလာဟလ တွေ ရှိနေတယ်..."
"ဟားဟား... အဲ့ဒါတွေက ချဲ့ကား ပြောဆိုနေကြတာပါ... ဒီလို ကောလာဟလ မျိုး တွေက ဘယ်တုန်းက ရပ်တန့်သွားဖူးလို့လဲ..."
အကြီးအကဲချုပ် က ခပ်ဖွဖွ ရယ်မောလိုက်ပြီး...
"မင်း လည်း ဒါတွေကို အရမ်း ဂရုစိုက်မနေပါနဲ့... စိတ်ရှုပ်စရာ တွေ ဖြစ်လာလိမ့်မယ်..."
"အဲ့ဒါတွေက ကောလာဟလ တွေ ဆိုပေမယ့်... တကယ်ပဲ ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ တစ်ယောက် ရှိနေတယ် ဆိုတာကိုတော့ ကျုပ် အတည်ပြုနိုင်တယ်..."
"ဘယ်သူလဲ..."
အကြီးအကဲချုပ် ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
"တောင်ပိုင်း ကနေ လာတဲ့ သတင်း တွေ အရ ဆိုရင်... တောင်တန်းကြီး တစ်သောင်း က လူမျိုးစု တစ်ခု ထဲမှာ... အရမ်း သာမန် လိုပဲ ထင်ရတဲ့ လူငယ်လေး တစ်ယောက် ရှိတယ်တဲ့... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက အဲ့ဒီ လူငယ်လေး က ကံကောင်းမှု တွေ ဆက်တိုက် ရလာပြီး အင်အားကြီးသူ တွေရဲ့ ကံကောင်းမှု တွေကို အလွယ်တကူ ရရှိလာတယ်တဲ့...
ကျင့်ကြံမှု ကလည်း တစ်ရက် ထဲမှာတင် အရမ်းကို မြန်ဆန်လွန်းတယ် လို့ ပြောတယ်... ပြီးတော့ တောင်တန်းကြီး တစ်သောင်း က အင်အားကြီးသူ တစ်ယောက် က အဲ့ဒီ လူငယ်လေး ရဲ့ အပြစ်ကင်းတဲ့ အပြုံး ကို မြင်လိုက်တာ နဲ့ သဘောကျသွားပြီး စုန်းနတ်ဘုရား ကျောင်းတော် ကို ခေါ်သွားတယ်တဲ့..."
"အပြစ်ကင်းတဲ့ အပြုံး ဟုတ်လား..."
အကြီးအကဲချုပ် က ကြားပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး အလွန် ရယ်စရာ ကောင်းသည်ဟု ထင်မြင်မိပေသည်။
"ဒီသတင်း က တောင်ပိုင်း က လျှို့ဝှက် လူတွေ ဆီကနေ ရလာတာ ဆိုတော့ လိမ်တာတော့ မဖြစ်နိုင်ဘူး ထင်တယ်..."
"ထားလိုက်ပါတော့... အခုချိန်မှာ ဒါတွေကို ပြောဖို့ စောလွန်းပါသေးတယ်... မင်း လည်း ပြန်သွားပြီး ဝမ်ကျင်း ကို ဖြောင်းဖျကြည့်လိုက်ပါဦး... အကြီးအကဲ တွေ ရဲ့ ဆုံးဖြတ်ချက် ကို မဆန့်ကျင်ဖို့ ပြောလိုက်... မင်္ဂလာ ကိစ္စ ဆိုတာ ဆုံးဖြတ်ပြီးရင် သူ့သဘော အတိုင်း လုပ်ခွင့် မပေးနိုင်ဘူး..."
အကြီးအကဲချုပ် က လက်ဝှေ့ယမ်းလိုက်သည်။
"အကြီးအကဲချုပ် စိတ်ချပါ... ဝမ်ကျင်း က... တော်တော်လေး နားလည်မှု ရှိပါတယ်..."
"အကယ်လို့ ဝမ်ကျင်း က တကယ်ပဲ အသေခံပြီး ဆန့်ကျင်မယ် ဆိုရင်လည်း... ငါကိုယ်တော် ရဲ့ မြေးမလေး နဲ့ လက်ထပ်ပေးလိုက်လို့ ရပါတယ်... သူ ကလည်း ရွှမ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး ပါရမီ လည်း မဆိုးပါဘူး... ကျန်းချဲ့ လည်း သဘောကျမှာပါ..."
အကြီးအကဲချုပ် က ဆက်ပြောလိုက်သည်။
"ဟားဟားဟား..."
ချီကျန်းနန် က ရယ်မောလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အကယ်လို့ ကျန်းချဲ့ ကသာ စစ်ဆေးမှု ကို အောင်မြင်မယ် ဆိုရင် သူ သဘောကျတဲ့ သမက် ဖြစ်လာမှာလေ... ဘယ်လိုလုပ်ပြီး တခြား လူကို ပေးလို့ ရမှာလဲ... ဒီလို ထိပ်တန်း ပါရမီရှင် မျိုးကို သူ လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘူး။
"ဘာ... မင်္ဂလာ လက်ထပ်ရမယ်..."
ချီမိသားစု ၏ အိမ်နောက်ဖေး တွင် သံချပ်ကာ ပါးပါးလေး ဝတ်ဆင်ထားပြီး လက်ထဲတွင် လှံရှည် တစ်လက် ကိုင်ဆောင်ထားသော ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာများ ပေါ်ထွက်လာပြီး မျက်မှောင်ကြုတ်ကာ အလွန်အမင်း ဆန့်ကျင်နေပေသည်။
သူမ ၏ အမြင်တွင် မင်္ဂလာ လက်ထပ်ခြင်း ဆိုသည်မှာ မိန်းကလေး များကို ကုန်ပစ္စည်း တစ်ခု အလား ရောင်းဝယ် ဖောက်ကား နေခြင်းသာ ဖြစ်ပြီး လုံးဝ ဂုဏ်သိက္ခာ မရှိဘူး ဟု ထင်မြင်ပေသည်။ သူမ က ငယ်စဉ် ကတည်းက ကိုယ်ခံပညာ များကို လေ့ကျင့်ခဲ့ပြီး အကြီးအကဲ များကို သူမ ၏ အရည်အချင်း ကို မြင်တွေ့စေကာ ဤကဲ့သို့သော ကိစ္စများကို ရှောင်လွှဲနိုင်ရန် ကြိုးစားခဲ့ခြင်း ပင် ဖြစ်သည်။
မထင်မှတ်ဘဲ နောက်ဆုံးတွင်တော့ ရောက်လာခဲ့ပြီ ဖြစ်သည်။
"ဒီကိစ္စကို အပြီးအပိုင် မဆုံးဖြတ်ရသေးပေမယ့်... သေချာသလောက် ရှိနေပါပြီ... သမီး စိတ်ချပါ... အဖေ က သမီး အတွက် ရွေးချယ်ပေးထားတဲ့ သမက် က လောက မှာ အကောင်းဆုံး လူ တစ်ယောက် ဖြစ်ရပါမယ်... သမီးကို လုံးဝ နစ်နာစေမှာ မဟုတ်ပါဘူး... အဲ့ဒီ ကောင်လေး က အောက်ခြေ ကနေ တက်လာတာ ဆိုပေမယ့် အများကြီး ကြိုးစားပြီး ပါရမီ တွေ အများကြီး ပြသနိုင်ခဲ့တယ်...
အကယ်လို့ အဖေ သာ ကြိုတင် မသတ်မှတ်ထားခဲ့ရင် ဒီလို သမက် မျိုးကို တခြား အကြီးအကဲ တွေ က အလုအယက် ခေါ်သွားကြမှာပဲ... ဝမ်ကျင်း ရေ... သမီး အဖေ့ ရဲ့ စေတနာ ကို နားလည်ပေးပါ..."
ချီကျန်းနန် က ပြုံးရွှင်သော မျက်နှာထား ဖြင့် ဖြောင်းဖျလိုက်သည်။
သို့သော် ရင်ထဲတွင်တော့ အနည်းငယ် ခေါင်းကိုက် နေပေသည်။ အကြီးမလေး ချီဝမ်ကျင်း က နာမည် နှင့် လိုက်ဖက်အောင် သိမ်မွေ့မှု လုံးဝ မရှိဘဲ ဂီတ နှင့် စာပေ များကို လုံးဝ စိတ်မဝင်စားဘဲ ဓားနှင့် လှံ များကိုသာ ဝါသနာပါပေသည်။ ကိုယ်ခံပညာ လမ်းကြောင်း ကိုသာ ရွေးချယ်ချင်ပြီး ယခင်က ပင်လျှင် သူ့ကို အသိမပေးဘဲ နယ်စပ်ရှိ ဦးလေး ဖြစ်သူ ထံသို့ တိတ်တဆိတ် ထွက်ပြေးခဲ့ဖူးပေသည်။
ဒုတိယ သမီးလေး ကလည်း အဆင်မပြေပေ။ ချီနင်ပင်း ဟု အမည်ရသော်လည်း အလွန် သွက်လက် ချက်ချာပြီး စကားနားထောင်သလို ထင်ရသော်လည်း တကယ်တမ်းတော့ အလွန် ခေါင်းမာသူ ပင် ဖြစ်သည်။ ဝေ့မိသားစု ၏ သခင်လေး နှင့် လက်ထပ်ရမည် ဆိုသည်ကို သိသွားပါက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို သူ လုံးဝ မတွေးတတ်အောင် ဖြစ်နေပေသည်။
တကယ်ကို ခေါင်းကိုက်စရာ ပင် ဖြစ်သည်။
သမီး နှစ်ယောက် စလုံး က လုံးဝ အဆင်မပြေပေ။
"အဖေ... အမေ့ ကို ကတိပေးထားတယ် မလား... သမီး ရဲ့ မင်္ဂလာ ကိစ္စ ကို အတင်းအကျပ် မလုပ်ဘူးလို့..."
ချီဝမ်ကျင်း က ချီကျန်းနန် ကို စူးစိုက်ကြည့်ပြီး နှုတ်ခမ်းလေး စူကာ အနည်းငယ် ဝမ်းနည်းစွာ ဖြင့် ပြောလိုက်သည်။
"ဝမ်ကျင်း... အဖေ က သမီး ကို ကတိပေးခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သမီး က အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီလေ... အိမ်စောင့်သမက် ကို ခေါ်ယူဖို့ စဉ်းစားနေတာလား... အဖေ က သမီး ကို တစ်သက်လုံး မပျော်မရွှင် ဖြစ်နေရမှာကို မလိုလားပါဘူး..."
"ဒီကျန်းချဲ့ နဲ့ လက်ထပ်လိုက်ရင် ရော သေချာပေါက် ပျော်ရွှင်ရမှာလား..."
ချီဝမ်ကျင်း က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အနည်းဆုံးတော့ အိမ်စောင့်သမက် နဲ့ တခြား မိသားစု က သခင်လေး တွေထက်တော့ ပိုကောင်းမှာပါ... သမီး ရဲ့ စိတ်နေသဘောထား က အရမ်း ပြတ်သားပြီး တခြား မိသားစု က သခင်လေး တွေကို လုံးဝ မုန်းတီးတယ် ဆိုတာ အဖေ သိလို့... ဒီလို သမက် မျိုးကို ရွေးချယ်ပေးခဲ့တာပါ..."
"ဆွေးနွေးလို့ မရတော့ဘူးလား..."
"ဒါက အကြီးအကဲ တွေ ရဲ့ ဆုံးဖြတ်ချက်ပဲ..."
ချီဝမ်ကျင်း က သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှူသွင်းလိုက်ပြီး အချိန် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မှ စကား စလိုက်သည်။
"လက်မထပ်ခင်... သမီး သူ့ကို အရင် တွေ့ကြည့်ချင်တယ်... သမီး အလွယ်တကူ နဲ့ အိမ်ထောင် မပြုချင်ဘူး…”