← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) ယောက်ဖနှင့် ခယ်မ

"သခင်လေး... သေချာစုံစမ်းပြီးပါပြီ... အပေါ်ဆုံးထပ်မှာ တည်းခိုနေတာက ထိုက်အန်း က ကျန်းချဲ့ပါ..."

ချီမိသားစု၏ ဧည့်ရိပ်သာ အတွင်း၌ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ယောက်က ဘေးဘက်တွင် ရှုခင်း ကြည့်နေသော အဖြူရောင် ဝတ်စုံဝတ် အမျိုးသားကို ခါးညွှတ်ကာ လျှောက်တင်လိုက်သည်။

ဝေ့မိသားစု၏ သခင်လေး ဝေ့ကျွင်းကျဲ သည် လရောင်ကဲ့သို့ ဖြူဖွေးသော ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ စည်းနှောင်ထားသော ဆံပင်ရှည်များမှ ဆံစအချို့က ပါးပြင်ပေါ်သို့ ကျဆင်းနေသဖြင့် စည်းကမ်းမဲ့ကာ လွတ်လပ်ပေါ့ပါးလွန်းသည့်ဟန် ရှိနေပေသည်။ ထိုစကားကို ကြားသောအခါ သူက ဖြည်းညင်းစွာ လှည့်လာပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

"ကျန်းချဲ့... ဒီနာမည်ကို ဘယ်နေရာမှာ ကြားဖူးသလိုပဲ..."

"လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီလူက နာမည်ကျော်ကြားလာပြီး ထိုက်အန်းဒေသမှာ တော်တော်လေး သတင်းမွှေးနေတာပါ... သိုင်းလောကသား အများအပြားလည်း ဆွေးနွေးနေကြတော့ သခင်လေး အနေနဲ့ တခြားလူတွေဆီကနေ ကြားဖူးတာ ဖြစ်နိုင်ပါတယ်..."

အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားက တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်တွင် သံသယဖြစ်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ သူက ချီမိသားစု ၏ ဧည့်ခံသည့် စည်းကမ်းများကို သိရှိထားပေသည်။ ပုံမှန်အားဖြင့် ဤလင်ကျန်း အဆောက်အအုံသို့သာ ဖိတ်ခေါ်လေ့ ရှိပေသည်။

တည်းခိုရသော အထပ်မှာ ချီမိသားစု၏ အမြင်တွင် ဧည့်သည်၏ အရေးပါမှုကို ကိုယ်စားပြုနေပေသည်။ သူက ဝေ့မိသားစု၏ သခင်လေး ဖြစ်ပါလျက်နှင့် ဆဋ္ဌမထပ် တွင်သာ တည်းခိုရသော်လည်း ထိုကျန်းချဲ့က သူ့ထက် တစ်ထပ် ပိုမြင့်နေပေသည်။ ဤအချက်က သူ့ကို အနည်းငယ် နားလည်ရခက်စေခဲ့သည်။

"ဒီကောင်လေးက ဘာနောက်ခံများ ရှိလို့... သူ တည်းတဲ့ အထပ်က ငါ့ထက်တောင် တစ်ထပ် ပိုမြင့်နေရတာလဲ..."

"ထိုက်အန်းဒေသ ထိုက်ရှန်းမြို့ရဲ့ မြို့စောင့်တပ်မှူးပါ... ရာထူးအဆင့်က အဆင့်ခြောက် ရှိပါတယ်..."

"ဂိုဏ်းကြီး တစ်ခုခုက တပည့်လား... ဒါမှမဟုတ် အထက်တန်းလွှာ မိသားစု က ဆင်းသက်လာတာလား..."

"ကျွန်တော် ဒီလူ့အကြောင်းကို ကြားဖူးပါတယ်... သတင်းတွေ အရတော့ သာမန် နောက်ခံကနေ ဆင်းသက်လာတာတဲ့... အစိုးရ အသိုင်းအဝိုင်းထဲ မဝင်ခင်တုန်းက တံငါသည် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့တာပါ... နောက်တော့ ကံကောင်းပြီး ထိုက်အန်းဒေသ မြို့စောင့်တပ်မှူးချုပ် ချီဆန်းကျား ရဲ့ မြေတောင်မြှောက်ပေးမှုကို ခံရပြီး... အဲဒီကနေစပြီး သိုင်းလောကမှာ နာမည်ကျော်လာတာပါ..."

အစိမ်းရောင် ဝတ်ရုံဝတ် လူလတ်ပိုင်းက ဆက်လက် လျှောက်တင်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဝေ့ကျွင်းကျဲ က ခပ်ဖွဖွ နှာမှုတ်လိုက်ပြီး အဝေးမှ စီးဆင်းနေသော မြစ်ပြင်ကြီးကို ကြည့်ကာ အနည်းငယ် မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။

"ချီမိသားစု က တကယ်ကို မာနကြီးတဲ့ အထက်တန်းလွှာ မိသားစုကြီးပဲ... လွတ်လပ်စွာ ကျင့်ကြံသူ တစ်ယောက်က ဝေ့မိသားစု ထက် ပိုပြီး အရေးပါတယ်လို့ ထင်နေတာကိုး..."

"သခင်လေး အနေနဲ့ ဒီကောင်လေးကို အထင်မသေးပါနဲ့... ဒီကျန်းချဲ့က အောက်ခြေကနေ ဆင်းသက်လာတယ် ဆိုပေမယ့် ပါရမီက အရမ်းကောင်းပါတယ်... လျှို့ဝှက်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတယ်လို့ ထင်ရတယ်... တစ်နှစ် နှစ်နှစ် အတွင်းမှာတင် နာမည်ကျော်လာပြီး အသက် နှစ်ဆယ်တောင် မပြည့်သေးဘဲ မွေးရာပါ ရှန်ကွမ်းအဆင့်ကို ချိုးဖောက် ဝင်ရောက်သွားတာပါ... ဒါ့အပြင် သူက ရွှမ်တန်အဆင့် သိုင်းသခင်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအား ရှိတယ်လို့လည်း ကောလာဟလ တွေ ထွက်နေပါတယ်... ထိုက်အန်းဒေသ ရဲ့ နှစ်တစ်ရာ အတွင်း ပထမဆုံး ပါရမီရှင် လို့ သတ်မှတ်ခံထားရပြီး ကျင်းယွမ် ဘုန်းကြီးကျောင်းက ရိခုန်း နဲ့ ဖူလုံကျောင်းတော်က လီတောက်ဖျင် တို့ကိုတောင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့တာပါ... ပြီးတော့ သူက ယွဲ့ပြည်နယ်က ဆင်းသက်လာတာ ဆိုတော့... ဒီလူကို ဝေ့မိသားစု အတွက် အသုံးချဖို့ ဆွဲဆောင်သင့်တယ် လို့ ကျွန်တော် ထင်ပါတယ်..."

ဝေ့ချင်း က ကျန်းချဲ့ အကြောင်းကို ပြောပြရာတွင် မျက်နှာထားက အနည်းငယ် လေးနက်နေပေသည်။ ဤကဲ့သို့သော ပါရမီရှင်မျိုး ဆိုသည်မှာ သိုင်းလောကတွင် အလွန် ရှားပါးလှရာ ချီမိသားစု၏ ဧည့်ဝတ်ကျေပွန်မှုကို ရရှိခြင်းမှာ သဘာဝကျပေသည်။

ဝေ့ကျွင်းကျဲ က ဤအချက်ကို ချက်ချင်း တွေးမိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသာဆိုလျှင်လည်း ဤကဲ့သို့သော ကျင့်ကြံရေး ပါရမီရှင်မျိုးကို အထူးတလည် မျက်နှာသာပေးမည်သာ ဖြစ်သည်။ သူက အပြင်ပန်းတွင် စည်းကမ်းမဲ့လွတ်လပ်စွာ နေထိုင်တတ်သော်လည်း လုံးဝ မမိုက်မဲပေ။

"ဒီလိုဆိုမှတော့... ချီမိသားစု က ကျန်းချဲ့ကို ဖိတ်ခေါ်တာက... သူ့ကို ထောက်ပံ့ပြီး ဆွဲဆောင်ချင်လို့ပေါ့..."

ဝေ့ချင်း က အချိန်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အမှန်တိုင်း လျှောက်တင်ရန် ဆုံးဖြတ်လိုက်သည်။

"လင်ကျန်း အဆောက်အအုံက တာဝန်ခံရဲ့ ပါးစပ်ကနေ ကြားသိရသလောက်တော့... ဒီကောင်လေးက... သခင်လေး လိုပါပဲ... မင်္ဂလာကိစ္စ အတွက် လာတာပါ..."

ဝေ့ကျွင်းကျဲ က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး အံ့ဩမသွားခဲ့ပေ။ အထက်တန်းလွှာ မိသားစုများက သိုင်းဂိုဏ်းများနှင့် မတူဘဲ သိုင်းလောကမှ ပါရမီရှင်များကို ကျယ်ပြန့်စွာ လက်ခံနိုင်ပေသည်။ ပင်မမျိုးနွယ်စုမှ လွဲ၍ အခြားသော နည်းလမ်းမျိုးစုံဖြင့် လွတ်လပ်စွာ ကျင့်ကြံသူ ပါရမီရှင်များ သို့မဟုတ် ဩဇာအာဏာရှိသူများကို ဆွဲဆောင်ကာ အင်အားစုကို ချဲ့ထွင်လေ့ ရှိကြပေသည်။

"ဦးလေးချင်း ပြောတာကို ကြည့်ရရင်... ချီမိသားစု က ဒီလူကို ဆွဲဆောင်တာ အရမ်း ပုံမှန်ပါပဲ... တိုက်ရိုက်မျိုးဆက် မိန်းကလေး တစ်ယောက်ယောက်ကို ပေးစားပြီး ဆွဲဆောင်မလို့ နေမှာပေါ့... ဟက်... ချီမိသားစု က တကယ်ကို အစွမ်းထက်တာပဲ... ယွဲ့ပြည်နယ် အထိတောင် လက်လှမ်းမီနေပြီ..."

"သခင်လေး... ဒီကောင်လေး ရဲ့ မင်္ဂလာကိစ္စ က သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး တစ်ယောက်ကို လက်ထပ်ပေးမှာ မဟုတ်ဘူး..."

"ဘာအဓိပ္ပာယ်လဲ..."

"လင်ကျန်း အဆောက်အအုံက တာဝန်ခံ ပြောပြချက် အရတော့... ချီမိသားစု ပင်မမျိုးနွယ်စု က အလှပန်း နှစ်ပွင့်ထဲက တစ်ယောက်ကို လက်ထပ်ပေးဖို့ ရည်ရွယ်ထားတယ် တဲ့... သူက ဧည့်သည်တော် ဖြစ်နေလို့ သစ္စာရှိမှုကို ပြသတဲ့ အနေနဲ့ အပေါ်ဆုံးထပ်မှာ နေရာချပေးထားတာပါ..."

ဝေ့ချင်း က စကားလုံးများကို သေချာရွေးချယ်ပြီး လျှောက်တင်လိုက်သည်။

ဝေ့ကျွင်းကျဲ ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ယခင်ကလို တည်ငြိမ်မှုများ လုံးဝ မရှိတော့ပေ။

"ဘာ..."

"ချီမိသားစု က ရူးနေပြီလား... ဘယ်လိုလုပ်ပြီး အလှပန်း နှစ်ပွင့်ကို အလွယ်တကူ လက်ထပ်ပေးနိုင်မှာလဲ... အဲဒီ ကျန်းချဲ့ က ပါရမီ ကောင်းတယ် ဆိုပေမယ့်လည်း... အလှပန်း နှစ်ပွင့် နဲ့ မင်္ဂလာဆောင်ပေးရလောက်တဲ့ အထိတော့ မဟုတ်ပါဘူး... ဒီကိစ္စက သတင်းမှားနေတာများလား..."

သူ ဤသို့ ဖြစ်သွားသည်မှာ မဆန်းပေ။ အမှန်တကယ်ကို မွန်းကျပ်သွားသည်ဟု ခံစားလိုက်ရသည်။ သူလို ဝေ့မိသားစု၏ သခင်လေး တစ်ယောက်က ချီနင်ပင်းကို လက်ထပ်ချင်သည်ကိုပင် သူ၏ဖခင်က ကြီးမားလှသော အဖိုးအခများကို ပေးဆပ်ခဲ့ရပြီးမှသာ ချီကျန်းနန် က သဘောတူခဲ့ခြင်း ဖြစ်သည်။

ကျန်းချဲ့လို လွတ်လပ်စွာ ကျင့်ကြံသူ တစ်ယောက်က ချီမိသားစု၏ ဤမျှလောက် အလေးထားမှုကို ဘယ်လိုလုပ်ပြီး ရရှိနိုင်မည်နည်း။ ဤသည်မှာ ကျန်းချဲ့က သူ့ထက် အဘက်ဘက်တွင် သာလွန်သည်ဟု မှတ်ယူထားကြောင်း အလွန် သိသာထင်ရှားလှပေသည်။

"သတင်းမှားဖို့တော့ မဖြစ်နိုင်ပါဘူး... ဒါပေမဲ့ လင်ကျန်း အဆောက်အအုံက အဲဒီ တာဝန်ခံ က ဒီကိစ္စကို ပြောပြတာ နည်းနည်းတော့ ရည်ရွယ်ချက် မကောင်းဘူးလို့ ကျွန်တော် ထင်ပါတယ်... သခင်လေး လည်း မင်္ဂလာကိစ္စ အတွက် လာတာဆိုတာကို သိသိကြီးနဲ့ ဒီကိစ္စကို ကျွန်တော့်ဆီ ပြောပြတာက... သခင်လေး ကို အဲဒီ ကျန်းချဲ့ အပေါ် မကျေမနပ် ဖြစ်စေချင်လို့များလား..."

ဝေ့ချင်း က သူ၏ သံသယကို ထုတ်ဖော် ပြောဆိုလိုက်သည်။ သူက ယွမ်ကျောက်တုံးများ ပေးပြီးမှ ထိုတာဝန်ခံကို ပြောပြစေခဲ့ခြင်း ဖြစ်သော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရဆဲပင်။

"ချီမိသားစု က အစ်မကြီး ကို ပေးစားမှာလား ဒါမှမဟုတ် ညီမလေး ကို ပေးစားမှာလား..."

ဝေ့ကျွင်းကျဲ က မျက်နှာထား မှိုင်းညို့စွာဖြင့် ဆက်မေးလိုက်သည်။

"အဲဒီ တာဝန်ခံ က သေချာ မသိဘူးလို့ ပြောပါတယ်... ဒါပေမဲ့ ချီကျန်းနန် က အိမ်တော်သခင် နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးသွားပြီ ဆိုမှတော့... သေချာပေါက် ချီဝမ်ကျင်း ပဲ ဖြစ်ရပါမယ်... မဟုတ်ရင် ကျွန်တော်တို့ ဝေ့မိသားစု နဲ့ အလကားသက်သက် ရန်ငြိုးဖွဲ့သလို ဖြစ်သွားမှာပေါ့..."

"ဒီကိစ္စက သေချာ မပြောနိုင်သေးဘူး... အဲဒီ အစ်မကြီး ချီဝမ်ကျင်း က စိတ်နေသဘောထား အရမ်း ပြတ်သားပြီး ယောကျ်ားလေးတွေနဲ့ တန်းတူ ယှဉ်နိုင်တယ်လို့ ကြားဖူးတယ်... အရင်ကတောင် မင်္ဂလာ မဆောင်ဘူးလို့ ပြောဖူးသေးတာ... သေချာတဲ့ သတင်းကို အရင် စုံစမ်းရမယ်... အကယ်လို့ ချီကျန်းနန် က တကယ်ပဲ ကတိဖျက်မယ် ဆိုရင်တော့... အဖေ့ကိုပဲ အကူအညီ တောင်းရတော့မှာပေါ့..."

ဝေ့ကျွင်းကျဲ က အဖြူရောင် ဝတ်ရုံအောက်ရှိ လက်သီးနှစ်ဖက်ကို အနည်းငယ် ဆုပ်ထားလိုက်ပြီး မျက်လုံးထောင့်များ ကျုံ့ဝင်သွားခဲ့သည်။

ချီနင်ပင်းကို လက်ထပ်ရမည့် ကိစ္စတွင် သူက လုံးဝ အမှားခံမည် မဟုတ်ပေ။ သူ၏ဖခင်က ဤကိစ္စကို အစောကြီးကတည်းက သူ့အား ရှင်းပြထားခဲ့ပြီး ဖြစ်သည်။ ယခင်နှစ်များက သူ၏ နာမည်ဂုဏ်သတင်း မကောင်းမှုနှင့် ကျင့်ကြံရေး ပါရမီ အလယ်အလတ်သာ ရှိမှုတို့ကြောင့် ဝေ့မိသားစုမှ အကြီးအကဲ အချို့၏ မကျေနပ်မှုကို စောစောကတည်းက ရရှိနေခဲ့သည်။ သူ၏ဖခင်ကသာ အစွမ်းကုန် မထောက်ခံပေးခဲ့လျှင် သူ၏ သခင်လေး နေရာမှာ လုံးဝ တည်မြဲမည် မဟုတ်ပေ။ ထို့ကြောင့် ချီမိသားစုနှင့် မင်္ဂလာကိစ္စ စီစဉ်ရခြင်း ဖြစ်သည်။

ချီနင်ပင်းကိုသာ လက်ထပ်နိုင်မည် ဆိုပါက ချီမိသားစု၏ ထောက်ခံမှုဖြင့် ဝေ့မိသားစု အတွင်းရှိ ဆန့်ကျင်သော အသံများကို အပြည့်အဝ ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။

"အခုချိန်မှာ စုံစမ်းမယ် ဆိုရင်... ချီမိသားစု က လူတွေ မကျေမနပ် ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်..."

ဝေ့ချင်း ၏ မျက်နှာပေါ်တွင် ခက်ခဲသည့် အမူအရာ ပေါ်လာခဲ့သည်။ ဤနေရာက ယွဲ့ပြည်နယ် မဟုတ်ပေ။ ဝေ့မိသားစု၏ လက်တံများက ပေလင်ဒေသ အတွင်းသို့ မရောက်ရှိနိုင်ပေ။ ဤနေရာတွင် နေရာတိုင်း၌ ချီမိသားစု၏ သူလျှိုများ ရှိနေပြီး အခြေအနေ အနည်းငယ် ထူးခြားသည်နှင့် ချီမိသားစုက သိရှိသွားမည် ဖြစ်သည်။ ချီမိသားစု၏ အလှပန်း နှစ်ပွင့်မှာ ချီမိသားစု၏ မျက်နှာစာများ ဖြစ်ကြရာ မင်္ဂလာကိစ္စ မသေချာသေးမီ ဤကဲ့သို့ စုံစမ်းခြင်းက ချီမိသားစုကို မယုံကြည်ကြောင်း အလွန် သိသာထင်ရှားလှပေသည်။

"ကျန်းချဲ့ က အပေါ်ဆုံးထပ်မှာ ရှိနေတာ မဟုတ်ဘူးလား... သူ့ကို သွားမေးကြည့်ရင် သိရမှာပေါ့..."

အကယ်၍ ကျန်းချဲ့ နှင့် လက်ထပ်မည့်သူမှာ အစ်မကြီး ချီဝမ်ကျင်း ဖြစ်မည်ဆိုပါက သူက အလွန် မကျေနပ်သော်လည်း သူနှင့် တိုက်ရိုက် ပတ်သက်မှု မရှိသဖြင့် ဤကဲ့သို့သော ပါရမီရှင်မျိုးကို အလကားသက်သက် အငြိုးဖွဲ့မည် မဟုတ်ပေ။ သို့သော် အကယ်၍ ကျန်းချဲ့က ချီနင်ပင်း အတွက် တကယ် လာရောက်ခြင်း ဖြစ်မည်ဆိုလျှင်တော့... ၎င်းမှာ ဝေ့မိသားစု၏ မျက်နှာကို ရိုက်ချလိုက်ခြင်းပင် ဖြစ်သည်။

"ဒါက..."

ဝေ့ချင်း က အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ ကျန်းချဲ့က ဝေ့မိသားစု၏ လက်အောက်ခံ မဟုတ်သလို ချီမိသားစု၏ ဧည့်သည်တော် ကျင့်ကြံရေး ပါရမီရှင် တစ်ယောက် ဖြစ်ရာ ဝေ့ကျွင်းကျဲ က ခေါ်လိုက်လျှင် လာရမည် မဟုတ်ပေ။ ဤကဲ့သို့သော ဆက်ဆံရေးမျိုးက တစ်ဖက်လူနှင့် ရန်ငြိုးဖွဲ့ရန်သာ ဖြစ်လာလိမ့်မည်။

"စိတ်ချပါ... ငါက ဒီလူကို အထင်သေးလောက်တဲ့ အထိ မဖြစ်သေးပါဘူး... ငါ ကိုယ်တိုင် သွားမယ်..."

အောက်ခြေ ဘဝမှနေ၍ သိုင်းလောကတွင် နာမည်ကျော်ကြားလာသူတိုင်းက ရိုးရှင်းသော သူများ မဟုတ်ကြပေ။ ဝေ့ကျွင်းကျဲ ကလည်း တစ်ဖက်လူ အနေဖြင့် လိမ္မာစွာ စကားနားထောင်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သို့သော် သူက ဝေ့မိသားစု၏ သခင်လေး အဆင့်အတန်းဖြင့် တစ်ဖက်လူနှင့် မိတ်ဆွေဖွဲ့မည် ဆိုလျှင်တော့ တစ်မျိုး ဖြစ်သွားမည်။ သူက ဤကဲ့သို့သော အောက်ခြေမှ တက်လာသည့် ပါရမီရှင် အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။ လက်တွေ့တွင် သူတို့ အားလုံးက အလွန် ပါးနပ်ကြပြီး ကြီးမားသော အကျိုးစီးပွား ပဋိပက္ခ မရှိပါက အထက်တန်းလွှာ မိသားစုများမှ သားသမီးများနှင့် ပြဿနာ ရှာလေ့ မရှိကြပေ။ မည်သို့ပင်ဆိုစေ မအောင်မြင်သေးသော ပါရမီရှင် ဆိုသည်မှာ ပါရမီရှင် အဆင့်တွင်သာ ရှိသေးသည် မဟုတ်ပါလော။

"သခင်လေး ကိုယ်တိုင် သွားမယ် ဆိုရင်တော့... တကယ်ကို အသင့်တော်ဆုံး ပါပဲ..."

ဝေ့ကျွင်းကျဲ ပိုမို ပါးနပ်လာသည်ကို မြင်သောအခါ ဝေ့ချင်း ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပေါ်လာခဲ့သည်။ ချီမိသားစုသို့ မလာရောက်မီ အချိန်က အိမ်တော်သခင် က သူ့ကို သခင်လေးအား သေချာ စောင့်ကြည့်ရန် နှင့် ချီမိသားစုတွင် ပြဿနာ မရှာစေရန် အကြိမ်ကြိမ် မှာကြားခဲ့သည်။ မဟုတ်လျှင် ပြန်ရောက်သောအခါ ဆူပူကြိမ်းမောင်း ခံရမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

"နင်ပင်း... ဝေ့ကျွင်းကျဲ နဲ့ ကျန်းချဲ့ တို့ ပြဿနာ တက်အောင် လင်ကျန်း အဆောက်အအုံက တာဝန်ခံကို နင် တမင် စီစဉ်ခိုင်းလိုက်တာလား..."

ချီဝမ်ကျင်း က ဤကိစ္စကို သိရှိသွားပြီးနောက် ချီနင်ပင်း ထံသို့ ချက်ချင်း သွားရောက်ကာ မျက်မှောင်ကြုတ်လျက် တိုက်ရိုက် မေးလိုက်သည်။

"ဦးလေး ခုနစ် က အစ်မကြီးကို ပြောပြလိုက်တာလား..."

ချီနင်ပင်း က တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

"ဟုတ်တယ်... ဦးလေး ခုနစ် က နင့်ကို အဖေ ဆူမှာ စိုးလို့... ဒီကိစ္စကို ငါ့ကို လာပြောပြတာ... နင်ပင်း နင် ရူးနေတာလား... ဒီလောက် သိသာတဲ့ သွေးထိုးမှုကို ဝေ့ကျွင်းကျဲ ဘယ်လောက်ပဲ တုံးအပါစေ မြင်နိုင်တာပေါ့... သူတို့ နှစ်ယောက် တကယ်ပဲ ပြဿနာ တစ်ခုခု တက်သွားပြီ ဆိုတာနဲ့ အဖေ က နင့်ဆီကို ချက်ချင်း လိုက်ရှာတွေ့သွားမှာပဲ... ပြီးတော့ နင် ဒီလို လုပ်လို့ ဘာအကျိုး ထူးလာမှာမို့လို့လဲ..."

ချီဝမ်ကျင်း က မျက်မှောင်ကြုတ်ကာ ညီမလေး အတွက် မနေနိုင်ဘဲ စိုးရိမ်နေမိသည်။

"အစ်မကြီး အထင်လွဲနေပြီ... ညီမ က သွေးထိုးတာ မဟုတ်ပါဘူး... ကိုယ့်ဘာသာ ကြုံသလို စီစဉ်လိုက်ရုံ သက်သက်ပါ... ကျန်းချဲ့ က မင်္ဂလာကိစ္စ အတွက် လာတာ ဆိုတာကို ဝေ့ကျွင်းကျဲ က အနှေးနဲ့ အမြန် သိသွားမှာပဲလေ... တကယ်လို့ ပြဿနာ တက်သွားတယ် ဆိုရင်လည်း ဒီလူ တုံးအလို့ပဲ ဖြစ်မှာပေါ့..."

"ဒါပေမဲ့ နင် ဒီလို လုပ်လို့ ဘာအကျိုး ထူးမှာလဲ... မိသားစု က ငါ့ကို ကျန်းချဲ့ နဲ့ လက်ထပ်ပေးပြီး နင့်ကို ဝေ့ကျွင်းကျဲ နဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ထားတာလေ... သူတို့ ကြားမှာ ဘာပဋိပက္ခ မှ မရှိနိုင်ဘူး..."

ချီဝမ်ကျင်း က ညီမလေး ၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေပေသည်။

"ချီမိသားစု ထဲမှာ အစ်မကြီး နဲ့ ကျန်းချဲ့ တို့ လက်ထပ်မယ့် ကိစ္စကို သိတာ အကြီးအကဲ အနည်းငယ် နဲ့ မိသားစုထဲက တပည့် တချို့ပဲ ရှိတာလေ... ဒီကိစ္စ မသေချာသေးခင် အချိန်အထိ ဘယ်သူကမှ လျှောက်ပြောနေမှာ မဟုတ်ဘူး... အစ်မကြီး ရဲ့ အပြင်ဘက်က နာမည်က မင်္ဂလာကိစ္စကို ဆန့်ကျင်တယ် ဆိုတာပဲ... ဒီအတွက် နယ်စပ် ကိုတောင် သွားပြီး သဘောထားကို ပြသခဲ့သေးတာပဲ... ဝေ့ကျွင်းကျဲ လို လူမျိုးက တကယ်ပဲ မြင်နိုင်ပါ့မလား... ညီမ ဒီလို လုပ်တာက အဖေ့ကို မြင်စေချင်လို့ပါ... အဖေ အတင်းအကျပ် ရွေးချယ်ပေးထားတဲ့ ခင်ပွန်းလောင်း က တကယ် ဘယ်လို အရည်အချင်း မျိုး ရှိလဲ ဆိုတာကိုပေါ့..."

ချီနင်ပင်း ၏ မျက်နှာထားက ရေခဲတမျှ အေးစက်နေပြီး လေသံကလည်း အလွန် အေးစက်နေပေသည်။ သူမ ယခင်က ဖခင်ကို တောင်းပန်ခဲ့ဖူးသော်လည်း သူမ မည်မျှပင် ငိုယို တောင်းပန်ပါစေ၊ သေဆုံးသွားသော မိခင် ၏ နောက်ဆုံး သေတမ်းစာ ကိုပင် ထုတ်ပြောခဲ့သော်လည်း ချီကျန်းနန် ၏ ဆုံးဖြတ်ချက်ကို လုံးဝ မပြောင်းလဲနိုင်ခဲ့ပေ။ ချီမိသားစု နှင့် ဝေ့မိသားစု မင်္ဂလာ ဆောင်ရခြင်းမှာ ကတိကဝတ် ရှိနေရုံသာမက မိသားစု ၏ အကျိုးစီးပွား ကြောင့်လည်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ဖခင် ဘက်မှ မအောင်မြင်သောအခါ သူမ ကိုယ်တိုင် နည်းလမ်း ရှာရုံသာ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ သူမ အနေဖြင့် ဝေ့ကျွင်းကျဲ ဆိုသော အသုံးမကျသည့် လူကို လုံးဝ လက်ထပ်မည် မဟုတ်ပေ။ ထိုလူက သူမ နှင့် လုံးဝ မထိုက်တန်ပေ။ သူမ ၏ ယောကျ်ား က ရုပ်ရည် သာမန် ဖြစ်နိုင်သည်၊ နောက်ခံ အသိုင်းအဝိုင်း သာမန် ဖြစ်နိုင်သော်လည်း သေချာပေါက် ထူးချွန်သော အရည်အချင်းများ ရှိရမည် ပင် ဖြစ်သည်။

အစ်မကြီး ၏ မင်္ဂလာ ဆောင်ရမည့် ကျန်းချဲ့ မှာ အောက်ခြေ ဘဝမှ ဆင်းသက်လာသော်လည်း ထူးချွန်သူ တစ်ယောက် ဖြစ်ကြောင်း ငြင်းမရပေ။ သူမ က ငယ်စဉ် ကတည်းက အစ်မကြီး နှင့် အမြဲတမ်း အနိုင်အရှုံး ယှဉ်ပြိုင်လေ့ ရှိပြီး တစ်ခါမှ မရှုံးဖူးခဲ့ပေ။ ဤတစ်ကြိမ် တွင်လည်း အတူတူပင် ဖြစ်သည်။ သူမ ၏ အနာဂတ် ခင်ပွန်း က ယောက်ဖ ကို မဖိနှိပ် နိုင်လျှင်တောင် နှစ်ဖက်စလုံး က အားသာချက် ကိုယ်စီ ရှိရမည် ပင် ဖြစ်သည်။

"နင်..."

ချီဝမ်ကျင်း က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားခဲ့သည်။

"အစ်မကြီး... အစ်မကြီး လည်း ညီမလေး နောက်ပိုင်း မပျော်မရွှင် ဖြစ်ရတာကို မမြင်ချင်ဘူး မလား..."

ချီနင်ပင်း က တစ်ဖက်လူကို တည့်တည့် စိုက်ကြည့်ရင်း စကားလုံး တစ်လုံးချင်းစီ တိုင်းကို သေချာစွာ ပြောလိုက်သည်။

"ဒါ့အပြင်... နင် ဘာတွေ စီစဉ်ထားသေးလဲ... အရမ်း မလွန်ကဲစေနဲ့နော်... အကြီးအကဲ တွေ မကျေမနပ် ဖြစ်လိမ့်မယ်... သတင်း ပြန့်သွားရင် ချီမိသားစု ရဲ့ မျက်နှာ ပဲ ပျက်ရမှာ..."

ချီဝမ်ကျင်း က သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်သည်။ အစ်မ တစ်ယောက် အနေဖြင့် ညီမလေး ၏ ဉာဏ်ကောင်းမှုကို သူမ ကောင်းစွာ သိရှိထားပေသည်။ အမြဲတမ်း ဉာဏ်နီဉာဏ်နက် များတတ်သူ ဖြစ်သည်။

"ညီမ အစ်ကိုကြီး ကို သွားပင့်ခိုင်းလိုက်ပြီ... ညီမလေး မင်္ဂလာ ဆောင်ရမယ့် ကိစ္စမှာ... အစ်ကို အရင်း က ဘယ်လိုလုပ် ဝင်မပါဘဲ နေမှာလဲ..."

ချီနင်ပင်း ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာခဲ့သည်။

"နင် က အစ်ကိုကြီး ကို အဖေ့ကို ဖျောင်းဖျ ခိုင်းမလို့လား..."

"မဟုတ်ပါဘူး... အဖေ က ဒီလောက်တောင် သဘောထား ပြတ်သား နေပြီ ဆိုတော့... အလွယ်တကူ ပြောင်းလဲမှာ မဟုတ်ပါဘူး... ညီမ က အစ်ကိုကြီး ကို သူတို့ နှစ်ယောက် ကို စမ်းသပ်ကြည့်ခိုင်းမလို့ပါ... အစ်ကိုကြီး ရဲ့ ယောက်ဖ နေရာ နဲ့ ထိုက်တန်ရဲ့လား ဆိုတာ ကြည့်ရအောင် လို့ပါ... ဒါက အစ်ကိုကြီး အရင်က ပြောခဲ့ဖူးတဲ့ စကားလေ... အစ်မကြီး မေ့သွားတာတော့ မဟုတ်ပါဘူးနော်..."

"နင်ပင်း... နင် က အဲဒီ ဝေ့ကျွင်းကျဲ ကို တကယ်ပဲ ဆန့်ကျင်နေတယ် ဆိုရင်... ငါ သွားပြီး အဖေ့ကို တောင်းပန်လိုက်မယ်... အဲဒီ ကျန်းချဲ့ ကို နင်နဲ့ လက်ထပ်ပေးဖို့ ပြောလိုက်မယ်... ဘယ်လိုလဲ..."

ချီဝမ်ကျင်း က မင်္ဂလာ ကိစ္စကို မူလကတည်းက အနည်းငယ် ဆန့်ကျင်နေသူ ဖြစ်ရာ ယခုအချိန်တွင် ဤအခွင့်အရေးကို ယူပြီး ညီမလေးကို ကူညီလိုက်ခြင်းက ပိုကောင်းမည်ဟု ထင်မြင်မိသည်။

"အစ်မကြီး ဘာတွေ လျှောက်ပြောနေတာလဲ... အကြီးအကဲ တွေ အားလုံး က အစ်မကြီး နဲ့ ကျန်းချဲ့ ကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ လေ... အကယ်လို့ လမ်းခုလတ်မှာ လူစားလဲလိုက်ရင်... သတင်း ပြန့်သွားတဲ့အခါ ညီအစ်မ နှစ်ယောက် တစ်လင်တည်း ယူတယ် လို့ ထင်သွားကြမှာပေါ့..."

ချီနင်ပင်း က သူမ ကို မျက်စောင်း ထိုးလိုက်သည်။ အစ်မကြီး ၏ စွမ်းအား က သူမ ထက် ပိုကောင်းသော်လည်း ဉာဏ်ရည် ဉာဏ်သွေး အရ ကြည့်မည် ဆိုလျှင်တော့ အနည်းငယ် နိမ့်ကျနေပေသည်။ အမြဲတမ်း အဓိပ္ပာယ် မရှိသော စကားများကို ပြောလေ့ ရှိသည်။ ချီမိသားစု က မျက်နှာ ကို အလွန် ဂရုစိုက်ကြောင်း ကို မသိဘူးလား။

ချီဝမ်ကျင်း က စကား ထွက်သွားပြီးနောက် မှ မိမိ မှားယွင်းသွားကြောင်း ကို သိလိုက်ရပြီး ညီမလေး ၏ ဤကဲ့သို့ သတိပေးမှုကို ခံလိုက်ရသောအခါ မျက်နှာ ပေါ်တွင် ရှက်သွေးဖြာ သွားခဲ့သည်။

"ဒါ့အပြင်... အဖေ က မိသားစု ရဲ့ အကျိုးစီးပွား အတွက် ဝေ့မိသားစု နဲ့ မင်္ဂလာ ဆောင်ရမယ် လို့ ပြောထားတာ ဆိုတော့... အကယ်လို့ ညီမ သာ ဝေ့ကျွင်းကျဲ ကို မလက်ထပ်ဘူး ဆိုရင်... ချီမိသားစု တစ်ခုလုံး မှာ ဝေ့ကျွင်းကျဲ ရဲ့ အဆင့်အတန်း နဲ့ လိုက်ဖက်တာ ဆိုလို့ အစ်မကြီး ပဲ ရှိတော့တာလေ... အစ်မကြီး က သူ့ကို လက်ထပ်ဖို့ ပြင်ထားလို့လား..."

"မဖြစ်နိုင်ဘူး... ဒီလို အသုံးမကျတဲ့... အပြင်ပန်းမှာသာ လူကောင်းသူကောင်းယောင်ဆောင်နေပြီး အတွင်းစိတ်ကတော့ ယုတ်မာကောက်ကျစ်တဲ့ လူယုတ်မာကို ငါ လုံးဝ လက်မထပ်ဘူး... အဖေ့ ရဲ့ ဆုံးဖြတ်ချက် ကို ဆန့်ကျင်ပြီး ချီမိသားစု ကနေ ထွက်သွားရမယ် ဆိုရင်တောင်မှ... ကိုယ့်ကိုယ်ကိုယ် အနစ်နာခံမှာ မဟုတ်ဘူး..."

ချီဝမ်ကျင်း ၏ မျက်နှာထား က ချက်ချင်း ပြတ်သားသွားခဲ့သည်။ အားလုံး က အထက်တန်းလွှာ မိသားစု များ မှ သားသမီးများ ဖြစ်ကြရာ ဝေ့ကျွင်းကျဲ က ဘယ်လို လူမျိုးလဲ ဆိုတာကို ညီမလေး အတွက် သူမ သေချာ စုံစမ်းပေးခဲ့ပြီး ဖြစ်သည်။ အပြင်ပန်းတွင် ကြည့်ကောင်းသော်လည်း တကယ်တမ်း တွင်တော့ နာမည် အလွန် ဆိုးရွားလှပေသည်။ ယခင်က ယွဲ့ပြည်နယ် ရှိ ဂိုဏ်းချုပ် တစ်ယောက် ၏ သမီး နှင့် မင်္ဂလာ စေ့စပ်ထားခဲ့ဖူးသော်လည်း သူ၏ မိုက်မဲမှု ကြောင့် စေ့စပ်ထားခြင်း ကို ဖျက်သိမ်းခံခဲ့ရသည်။ အခြား မိန်းမများ မလိုချင်သော အရာကို သူမ လည်း လုံးဝ လိုချင်မည် မဟုတ်ပေ။

"ဟုတ်တယ်လေ... အစ်မကြီး တောင် လက်မထပ်ချင်တာ... ညီမ က ဘယ်လိုလုပ် လက်ထပ်ချင်မှာလဲ..."

ချီနင်ပင်း က ခပ်ဖွဖွ ရယ်မောလိုက်ပြီး နောက်သို့ လှည့်ကာ အဝေးရှိ တိမ်တိုက်များကို ငေးကြည့်ရင်း တွေဝေသွားခဲ့သည်။ ချီဝမ်ကျင်း က နှုတ်ခမ်းကို ကိုက်ကာ ဆက်လက် မချေပတော့ပေ။ ညီမလေး ၏ အတွေးကို သူမ နားလည်ပေသည်။ ယခုအချိန်တွင် သူမ ကိုယ်တိုင် လည်း အလွန် မကျေမနပ် ဖြစ်နေမိသည်။ ဖခင် က ဘာကြောင့် ဤမျှလောက် မိုက်မဲရသနည်း။ ညီမလေး ၏ စိတ်နေသဘောထား အရ ဆိုလျှင် နောက်ခံ သန့်ရှင်းပြီး အကျင့်စာရိတ္တ ကောင်းမွန်သော အထက်တန်းလွှာ မိသားစု မှ သခင်လေး တစ်ယောက်ကိုသာ ရွေးချယ်ပေးမည် ဆိုပါက သူမ လုံးဝ ဆန့်ကျင်မည် မဟုတ်ပေ။

"အကယ်လို့ ငါ ကူညီပေးနိုင်တာ တစ်ခုခု ရှိရင်... သေချာပေါက် ပြောပါ... ငါတို့ က သွေးသားရင်းချာ ညီအစ်မ တွေပဲ... ညီမလေး မီးတွင်း ထဲကို ခုန်ဆင်းသွားတာကို ငါ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး..."

ချီဝမ်ကျင်း က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မကြီး... ဒါနဲ့... အစ်မကြီး အဲဒီ ကျန်းချဲ့ ကို သွားတွေ့ဦးမှာလား..."

"ငါ..."

ချီဝမ်ကျင်း က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို လေးနက်စွာ ညိတ်လိုက်သည်။

"မင်္ဂလာကိစ္စ မသတ်မှတ်ခင်... သူ့ကို သေချာပေါက် တွေ့ကြည့်ရမယ်..."

"ညီမ သွားတွေ့ပေးမယ်... ဘယ်လိုလဲ..."

ရုတ်တရက် ချီနင်ပင်း က နောက်သို့ လှည့်လာပြီး သူမ ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပေသည်။

"နင် သွားမယ် ဟုတ်လား..."

ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင် သံသယဖြစ်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"အစ်မကြီး က ညီမ ရဲ့ အစ်မ ပဲလေ... ငါတို့ က အတူတူ ကြီးပြင်းလာခဲ့တာ... အခု အစ်မကြီး က အိမ်ထောင်ပြုတော့မှာ ဆိုတော့... ဒီလူ က ညီမ ရဲ့ ယောက်ဖ နေရာ နဲ့ ထိုက်တန်ရဲ့လား ဆိုတာကို ညီမ လည်း သွားကြည့်ရမှာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် အစ်မကြီး နဲ့ ညီမ နဲ့ က ရုပ်ရည် ဆင်တူတယ် လေ... အဲဒီ ကျန်းချဲ့ ကလည်း အစ်မကြီး ကို မမြင်ဖူးဘူး... ညီမ က အစ်မကြီး ရဲ့ နာမည် ကို သုံးပြီး သွားတွေ့ရင်... သူလည်း မှတ်မိမှာ မဟုတ်ဘူး..."

"ဒါ... ဒါက သိပ်မကောင်းဘူး ထင်တယ်နော်..."

ချီဝမ်ကျင်း က ညီမလေး ၏ ရည်ရွယ်ချက် က ဤမျှလောက် ရိုးရှင်းမည် မဟုတ်ကြောင်း အမြဲတမ်း ခံစားနေရသည်။ အခြား အစီအစဉ် များ ရှိနေနိုင်သော်လည်း တိတိကျကျ ဘာလဲ ဆိုတာကိုတော့ သူမ စဉ်းစား၍ မရသေးပေ။

"ဒီမှာ ဘာ မကောင်းစရာ ရှိလို့လဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ကောင်းကင် နဲ့ မြေကြီး ပဲ သိတယ်... အစ်မကြီး သိတယ်... ညီမ သိတယ်... ဒါ့အပြင်... ညီမ က ကျန်းချဲ့ ကို အကူအညီ တစ်ခုလောက် တောင်းမလို့ ပြင်ထားသေးတယ်..."

ချီနင်ပင်း က မျက်နှာ ပွင့်လင်းစွာ ပြုံးလိုက်သည်။

"နင့်ကို သွားခွင့်ပြုလို့ ရတယ်... ဒါပေမဲ့ နင် စည်းလွတ်ဝါးလွတ် မလုပ်ရဘူးနော်..."

ချီဝမ်ကျင်း က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သူက ညီမ ရဲ့ အနာဂတ် ယောက်ဖ ပဲ... ညီမ က သူ့ရဲ့ အနာဂတ် ခယ်မ လေ... ညီမ အတိုင်းအတာ သိပါတယ်…”

All Chapters