← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) အကြွင်းမဲ့ ဖိနှိပ်ခြင်း... အရာအားလုံးကို ဖုံးလွှမ်းသွားခြင်း

ချီရှောက်ယန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး -

"အဖေ က နင်ပင်း နဲ့ ဝမ်ကျင်း တို့ကို မင်္ဂလာ ဆောင်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတော့... ခင်ဗျားတို့ နှစ်ယောက် က သေချာပေါက် လူငယ် ပါရမီရှင် တွေ ဖြစ်မှာပဲ... အရမ်းကြီး နှိမ့်ချ မနေပါနဲ့တော့... ငါတို့ ချီမိသားစု ရဲ့ အလှပန်း နှစ်ပွင့် က သာမန် လူတွေကိုတော့ ဘယ်လိုလုပ် လက်ထပ်ပေးနိုင်မှာလဲ..."

"သခင်လေး..."

ကျန်းချဲ့ နှင့် ဝေ့ကျွင်းကျဲ တို့ကို သွားရောက် ဖိတ်ခေါ်ခဲ့သော ချီမိသားစု မှ သိုင်းသခင် ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဤနေရာသို့ မလာရောက်မီ အချိန်က မိသားစု ခေါင်းဆောင် က ဤကဲ့သို့ လုပ်ဆောင်ရန် လုံးဝ အမိန့်ပေးထားခြင်း မရှိခဲ့ပေ။

ချီရှောက်ယန် ၏ သဘောထား ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေပေသည်။

ချီရှောက်ယန် က လက်ကို မြှောက်ကာ ဦးလေး ဆယ့်သုံး ၏ စကားကို တားဆီးလိုက်ပြီး ကျန်းချဲ့ တို့ နှစ်ယောက် ကို ကြည့်ကာ -

"ကျွန်တော် က ဝမ်ကျင်း နဲ့ နင်ပင်း တို့ရဲ့ အစ်ကို အရင်း ပါ... သူတို့ ကြီးပြင်းလာတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ... ငယ်ငယ် ကတည်းက အရမ်း အလိုလိုက် ထားခဲ့တာ... အခု သူတို့ လည်း အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီ ဆိုတော့... အစ်ကို တစ်ယောက် အနေနဲ့ ကျွန်တော် လည်း ကိုယ့်တာဝန် ကိုယ် ထမ်းဆောင်ရမှာပေါ့...

သူတို့ အတွက် သေချာ စစ်ဆေးပေးရမှာပေါ့... ဒီလိုဆိုရင် သူတို့ အိမ်ထောင်ကျသွားရင်တောင် စိတ်အေးရမှာ... ခင်ဗျားတို့ နှစ်ယောက် လည်း သဘောမတူစရာ မရှိပါဘူး နော်..."

ချီရှောက်ယန် က ပြုံးလျက် ပြောလိုက်သည်။

ကျန်းချဲ့ က ချီဆန်းကျား ကို လှမ်းကြည့်လိုက်ရာ ချီဆန်းကျား က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ ချီရှောက်ယန် က ဘာဖြစ်လို့ ရုတ်တရက် ပေါ်လာသလဲ ဆိုတာကို မသိသော်လည်း သူ က ချီမိသားစု ကို ကိုယ်စားပြုနေသည် ဖြစ်ရာ ဤသည်က ချီမိသားစု ၏ သူတို့ နှစ်ယောက် အပေါ် စမ်းသပ်မှု ပင် ဖြစ်ပေလိမ့်မည်။

"အစ်ကိုချီ က ဘယ်လို စမ်းသပ်ချင်လို့လဲ..."

"ငါတို့ အားလုံး က သိုင်းသမား တွေ ဆိုတော့... စကား အပိုတွေ ပြောနေစရာ မလိုပါဘူး... မင်းတို့ နှစ်ယောက် စလုံး က လူငယ် ပါရမီရှင် တွေ ဆိုတော့... အနည်းအကျဉ်း လောက် လက်ရည် စမ်းကြည့်ကြတာပေါ့... သေချာတာပေါ့... ငါ က မင်းတို့ နှစ်ယောက် ထက် အသက် နည်းနည်း ပိုကြီးတယ် ဆိုတော့... တိုက်ခိုက်တဲ့ အခါ ကျင့်ကြံမှုကို ရွှမ်တန်အဆင့် အစပိုင်း အဖြစ်ပဲ ဖိနှိပ်ထားပါ့မယ်...

ပြီးတော့ ကျွန်တော့်ကို မဖြစ်မနေ အနိုင်ယူရမယ် လို့လည်း မပြောပါဘူး... အစွမ်းကုန် သာ တိုက်ခိုက်ကြပါ..."

ချီရှောက်ယန် က ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ကျွန်တော် က အစ်ကိုချီ ရဲ့ စွမ်းရည် တွေကို သင်ယူပါ့မယ်..."

ချီမိသားစု သို့ မလာရောက်မီ အချိန် ကတည်းက ကျန်းချဲ့ က ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ချီမိသားစု က ကောလာဟလ များကိုသာ ယုံကြည်ပြီး သူ၏ ပါရမီ နှင့် စွမ်းအား များကို အလွယ်တကူ လက်ခံမည် မဟုတ်ကြောင်း ကို သူ သိရှိထားပေသည်။

အရာအားလုံး က လက်တွေ့ စွမ်းအား အပေါ် တွင်သာ မူတည်နေပေသည်။

မိမိ ပြသနိုင်သော စွမ်းအား က ပိုမို ကြီးမားလေလေ ချီမိသားစု ၏ အလေးထားမှု က ပိုမို ကြီးမားလေလေ ပင် ဖြစ်သည်။

ဝေ့ကျွင်းကျဲ ၏ နှုတ်ခမ်းထောင့် က တွန့်ကွေးသွားပြီး အနည်းငယ် စိုးရိမ် ပူပန်နေသော်လည်း ချီရှောက်ယန် က ဤအခြေအနေ အထိ ပြောလာပြီး ကျန်းချဲ့ လည်း သဘောတူလိုက်ပြီ ဖြစ်ရာ သူ ကသာ ငြင်းဆိုလိုက်မည် ဆိုပါက သူ အလွန် အားနည်းသည် ဟု အထင်ခံရပေလိမ့်မည်။

သို့သော် ချီရှောက်ယန် ၏ စွမ်းအား ကိုလည်း သူ သိရှိထားပေသည်။ ချီမိသားစု ၏ သခင်လေး အဖြစ် လောက တစ်ခုလုံး တွင် နာမည်ကျော်ကြား နေသော လူငယ် ပါရမီရှင် တစ်ယောက် ဖြစ်ရာ ချီရှောက်ယန် မှာ သူ လုံးဝ ယှဉ်ပြိုင်နိုင်မည့် သူမျိုး မဟုတ်ပေ။

သူ့ကို အနိုင်ယူရန် မရည်ရွယ်ဘဲ ကျန်းချဲ့ ထက် ပိုမို ကောင်းမွန်အောင် ပြသနိုင်လျှင် လုံလောက်ပြီ ဟုသာ သူ စဉ်းစားထားပေသည်။

ဦးလေးချင်း ၏ သတိပေးချက် များကို နားထောင်ပြီးနောက် ဤတစ်ကြိမ် မင်္ဂလာ ကိစ္စ တွင် အဓိက အရေးကြီးဆုံးမှာ တည်ငြိမ်စွာ ရင်ဆိုင်ရန် ဖြစ်ကြောင်း သူ သိရှိထားပေသည်။ သူ က အရမ်း ဆိုးရွားလွန်းခြင်း မရှိသရွေ့ ချီကျန်းနန် က သူ၏ ကတိ ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ကို သူ ယုံကြည်ပေသည်။

"ကောင်းပြီ..."

သူ ခေါင်းညိတ်လိုက်သည်။

"ဒီလို ဆိုမှတော့... ဝေ့သခင်လေး က အရင် စလိုက်ပါ... ဝေ့မိသားစု ရဲ့ လက်သင်္ကေတ သုံးပါး နတ်စွမ်းရည် က ယွဲ့ပြည်နယ် မှာ နာမည်ကျော်ကြား နေတာ ဆိုတော့... ကျွန်တော် လည်း ကြည့်ဖူးချင်နေတာ ကြာပြီ..."

ချီရှောက်ယန် က ဝေ့ကျွင်းကျဲ ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။

အမှန်တကယ် ပြောရမည် ဆိုလျှင် ဤတစ်ကြိမ် သူ၏ စမ်းသပ်မှု က ဝေ့ကျွင်းကျဲ ကို အဓိက ပစ်မှတ်ထားခြင်း ပင် ဖြစ်သည်။

ဖခင် ၏ ဆုံးဖြတ်ချက် ကို သူ မပြောင်းလဲနိုင်သော်လည်း ညီမလေး အတွက် အစွမ်းကုန် ကြိုးစားပေးမည် ဖြစ်သည်။ ဝေ့ကျွင်းကျဲ ကို အလွန် ဆိုးရွားအောင် လုပ်ပြနိုင်မည် ဆိုပါက ချီမိသားစု အတွင်းမှ အချို့သော လူများ က မင်္ဂလာ ကိစ္စကို ဆန့်ကျင်လာကြမည် ဖြစ်သည်။

ချီမိသားစု ၏ အလှပန်း နှစ်ပွင့် ဆိုတာ ခွေး၊ ကြောင် ကဲ့သို့ သာမန် လူတွေ နဲ့ အလွယ်တကူ လက်ထပ်ပေးလို့ ရတဲ့ သူမျိုး မဟုတ်ဘူး လေ။

"ဟုတ်... ဟုတ်ကဲ့ပါ..."

ဝေ့ကျွင်းကျဲ လည်း ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိရှိသွားပြီး လေးနက်သော မျက်နှာထား ဖြင့် ခေါင်းညိတ်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့ တို့ လူစု လည်း ပေသုံးရာ အကွာ သို့ နောက်ဆုတ်သွားကြပြီး သူတို့ နှစ်ယောက် တိုက်ခိုက်ရန် အတွက် နေရာ ဖယ်ပေးလိုက်ကြသည်။ ချီရှောက်ယန် ဤတစ်ကြိမ် ရောက်လာခြင်း မှာ ရည်ရွယ်ချက် ကောင်းဖြင့် လာခြင်း မဟုတ်ကြောင်း ကို သူ ချက်ချင်း ရိပ်မိလိုက်သည်။

အထူးသဖြင့် ဝေ့ကျွင်းကျဲ ကို ကြည့်သည့် အကြည့်များ က အနည်းငယ် မကျေနပ်သည့် အရိပ်အယောင် များ ပါဝင်နေပေသည်။

ဤသည်မှာ ချီဝမ်ကျင်း နှင့် သေချာပေါက် ပတ်သက်နေမည်မှာ အသေအချာ ပင် ဖြစ်သည်။

သူ ကိုယ်တိုင် ပင်လျှင် ချီရှောက်ယန် ကို အကူအညီ တောင်းပြီး ဝေ့ကျွင်းကျဲ ကို ဆုံးမပေးရန် ရည်ရွယ်ခဲ့ခြင်း ပင် ဖြစ်ပေလိမ့်မည်။

သို့သော် ဤသည်က သူ နှင့် မသက်ဆိုင်ပေ။ သူတို့ နှစ်ယောက် တိုက်ခိုက်သည့် အချိန်ကို အခွင့်ကောင်းယူပြီး ချီရှောက်ယန် ၏ စွမ်းအား များကို အကဲခတ်ရန် သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ ကလည်း ချီမိသားစု တွင် အနည်းငယ် လှုပ်ရှားမှု များ ဖန်တီးရန် ရည်ရွယ်ထားသည် မဟုတ်ပါလော။

မိမိ၏ ပါရမီ ကို အပြည့်အဝ ပြသနိုင်မှသာ ချီမိသားစု က သူ့ကို စိတ်လိုလက်ရ ကူညီပေးမည် ဖြစ်သည်။

"စတင် တိုက်ခိုက်ပါ..."

ချီရှောက်ယန် က လက်နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထား ဖြင့် ပြောလိုက်ပြီး ဝေ့ကျွင်းကျဲ ကို မျက်စိထဲ မထားသည့် အလား ဖြစ်နေပေသည်။

"ကောင်းပြီ... ဒါဆို ကျွန်တော် စလိုက်ပြီနော်..."

တစ်ဖက်လူ ၏ အကြည့်များ က ဝေ့ကျွင်းကျဲ ကို အနည်းငယ် မကျေမနပ် ဖြစ်သွားစေခဲ့သည်။ ချီမိသားစု ၏ သခင်လေး ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူ လည်း ဝေ့မိသားစု ၏ သခင်လေး ပဲလေ... အသက် နည်းနည်း ကြီးတာလေး ကို အခွင့်ကောင်းယူပြီး ဘာတွေ မာန ကြီးနေတာလဲ။

"ဟား..."

တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး ဝေ့ကျွင်းကျဲ ၏ မျက်လုံးများ မှေးကျဉ်းသွားကာ လက်နှစ်ဖက်ဖြင့် လက်သင်္ကေတ ပြုလုပ်လိုက်ရာ တစ်ကိုယ်လုံးရှိ အတွင်းအား များ ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ပေဆယ်ဂဏန်း အတွင်းရှိ သဘာဝ ယွမ်ချီ စွမ်းအင် များ က သူ၏ ဆီသို့ ရူးသွပ်စွာ စုစည်းလာကာ အလွန် ကြီးမားသော အရှိန်အဝါ ကို ထုတ်လွှတ်နေပေသည်။

နောက်တစ်ခဏ တွင် သူ၏ လက်ဖဝါး အတွင်းမှ အနီရောင် ရင့်ရင့် အလင်းတန်း များ အဆက်မပြတ် လင်းလက်လာပြီး အရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်သည်။

ကျောက်တုံးများ အဆက်မပြတ် စုစည်းလာပြီး ဧရာမ လေဆင်နှာမောင်း ကြီး တစ်ခု အဖြစ် ပြောင်းလဲကာ ချီရှောက်ယန် ဆီသို့ ပြေးဝင် တိုက်ခိုက်သွားပြီး ဖြတ်သန်းသွားရာ မြေကြီး ပေါ်ရှိ နေရာတိုင်းတွင် အပျက်အစီးများ အဖြစ် ပြောင်းလဲသွားစေခဲ့သည်။

"ဟက်..."

ခပ်ဖွဖွ ရယ်မောလိုက်ပြီး ချီရှောက်ယန် ၏ မျက်နှာပေါ်တွင် လှောင်ပြောင်ချင်သည့် အမူအရာ များ ပေါ်ထွက်လာကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ မျက်စိတစ်မှိတ် အတွင်း ပေဆယ်ဂဏန်းခန့် အကွာအဝေး ကို ဖြတ်ကျော်သွားပြီး တစ်ကိုယ်လုံး တွင် အပြာရောင် ဖျော့ဖျော့ အတွင်းအား အကာအကွယ် တစ်ခု ချက်ချင်း ထွက်ပေါ်လာကာ အရှေ့ရှိ သုံးပေ ပတ်လည် ကို ကာကွယ်ထားလိုက်သည်။

"ဝုန်း..."

လေဆင်နှာမောင်း ကြီး က ပြေးဝင်လာပြီး အပြာရောင် အတွင်းအား အကာအကွယ် အပေါ်သို့ ဝင်တိုက်မိသွားရာ မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ သို့သော် လှုပ်ရှားမှု များ ကြီးမားလှသော်လည်း ချီရှောက်ယန် ၏ အတွင်းအား အကာအကွယ် ကိုပင် မဖောက်ထွင်း နိုင်ခဲ့ပေ။

ဤမြင်ကွင်း ကို ဝေ့ကျွင်းကျဲ က စောစောကတည်းက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ပုံ ရပေသည်။ အဖြူရောင် ဝတ်ရုံ ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အကောင်းဆုံး ဝိညာဉ် ဓား တစ်လက် က အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ လက်ထဲသို့ ရောက်ရှိလာပြီး ဓားရှည် ကို မြှောက်ကာ ဓားစွမ်းအင် များကို ရူးသွပ်စွာ စုစည်းလိုက်သည်။

"ပျက်စမ်း..."

ဓားလက်သင်္ကေတ ကို ဆန့်ထုတ်လိုက်ရာ ကြီးမားလှသော ဓားစွမ်းအင် များ ရူးသွပ်စွာ ထွက်ပေါ်လာပြီး ထက်မြက်လှသော အရှိန်အဝါ များကို ထုတ်လွှတ်နေပေသည်။

ဝေ့ချင်း က ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ အနည်းဆုံးတော့ ယခု အချိန်အထိ သခင်လေး ၏ တိုက်ခိုက်မှု များ က ပုံမှန် အဆင့် တွင် ရှိနေဆဲ ပင် ဖြစ်သည်။ အရမ်း ဆိုးရွားလွန်းခြင်း မရှိသရွေ့ မင်္ဂလာ ကိစ္စ မှာ ပြဿနာ ရှိမည် မဟုတ်ဘူး ဟု သူ ယုံကြည်ပေသည်။

ကြီးမားလှသော ဓားစွမ်းအင် များ က ဓားမြစ် ကြီး တစ်စင်း အဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်း ကြီး ပျောက်ကွယ်သွားပြီးနောက် ဓားစွမ်းအင် ရာချီ က ချီရှောက်ယန် ၏ အတွင်းအား အကာအကွယ် အပေါ်သို့ ပြေးဝင် တိုက်ခိုက်သွားကာ အလွန် အစွမ်းထက်သော ပေါက်ကွဲသံကြီး များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

"ဝေ့မိသားစု ရဲ့ သခင်လေး က အသုံးမကျဘူး လို့ ပြောကြပေမယ့်... ကျွန်တော့် အမြင် မှာတော့... သိပ်မဆိုးလှပါဘူး..."

ချီဆန်းကျား က ဝေ့ကျွင်းကျဲ ၏ တိုက်ခိုက်မှု ကို ကြည့်ရင်း သုံးသပ်လိုက်သည်။

"ရှန်ကွမ်းအဆင့် အထွတ်အထိပ် ရဲ့ ကျင့်ကြံမှု နဲ့ ကြည့်မယ် ဆိုရင်တော့... ကျင်းယွမ် ကျောင်း က ချန်ဖုန်းဘုန်းကြီး လောက် အဆင့် ရှိပါတယ်... ပုံမှန် အဆင့် ပါပဲ... ထူးခြားတဲ့ အချက် တော့ မရှိပါဘူး..."

ကျန်းချဲ့ က အနည်းငယ် စိတ်ပျက်စွာ ဖြင့် ပြောလိုက်သည်။

ဝေ့ကျွင်းကျဲ က သူ၏ စွမ်းအား ကို အနည်းငယ် လောက်တော့ ပြသနိုင်လိမ့်မည် ဟု သူ ထင်မှတ်ထားခဲ့သည်။

သို့သော် ဤမျှလောက်လေး သာ ဖြစ်နေမည် ဆိုပါက ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး ၏ လက်အောက် တွင် အချိန် အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။

"ချန်ဖုန်းဘုန်းကြီး..."

ချီဆန်းကျား မှာ ဆွံ့အ တိတ်ဆိတ်သွားခဲ့သည်။ ချန်ဖုန်းဘုန်းကြီး ကို ကျန်းချဲ့ က ဓားတစ်ချက်တည်း ဖြင့် ခုတ်ပိုင်းခဲ့သည့် မြင်ကွင်း ကို သူ မှတ်မိနေသေးသည်။ ဆိုလိုသည်မှာ ကျန်းချဲ့ ၏ အမြင် တွင် ဝေ့ကျွင်းကျဲ ကလည်း ဓားတစ်ချက်တည်း ဖြင့် ဖြေရှင်းနိုင်သည့် ပြိုင်ဘက် ပင် ဖြစ်နေပေသည်။

တကယ်ကို ယုံကြည်ချက် ရှိလွန်းလှပေသည်။ သို့သော် သူ့တွင် ဤကဲ့သို့ ယုံကြည်ချက် ရှိရန် လုံလောက်သော စွမ်းအား လည်း ရှိပေသည်။

'ချလပ်... ချလပ်... ချလပ်...'

ဓားစွမ်းအင် များ က အပြာရောင် ဖျော့ဖျော့ အကာအကွယ် အပေါ်သို့ ပြေးဝင် တိုက်ခိုက်သွားပြီး သံမဏိများ ရိုက်ခတ်သည့် အသံ များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သို့သော် ဤကဲ့သို့သော နည်းလမ်း များ က ချီရှောက်ယန် ၏ မျက်နှာ ပေါ်တွင် မည်သည့် အမူအရာ မျှ ပြောင်းလဲသွားစေခြင်း မရှိဘဲ အမြဲတမ်း တည်ငြိမ်နေခဲ့သည်။

ထို့အပြင် သူ က အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားနေသေးသည်။

ကိုယ်ပိုင် အတွင်းအား အကာအကွယ် တစ်ခုတည်း ဖြင့် တစ်ဖက်လူ ၏ ဓားစွမ်းအင် များကို အပြည့်အဝ ကာကွယ်ထားလိုက်ခြင်း ပင် ဖြစ်သည်။

အချိန်တိုလေး အတွင်းမှာပင် ဝေ့ကျွင်းကျဲ ၏ ပေသုံးဆယ် အကွာအဝေး သို့ ရောက်ရှိသွားပြီး တစ်ဖက်လူကို တည့်တည့် စိုက်ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"ထက်မြက်လှပေမယ့် သိုင်းစိတ်ဆန္ဒ လုံးဝ မရှိဘူး... ဒီလို နည်းလမ်း မျိုး နဲ့ ငါ့ရဲ့ အတွင်းအား အကာအကွယ် ကိုတောင် မဖျက်ဆီးနိုင်ဘူး... ဒါက ဝေ့မိသားစု သခင်လေး ရဲ့ စွမ်းအား လား..."

ပြောပြီးသည် နှင့် ညာဘက် ခြေထောက် ကို မြေကြီး ပေါ်သို့ နင်းချလိုက်ရာ သူ့ကို ဗဟိုပြုပြီး ပတ်ဝန်းကျင် ပေရာချီ အတွင်း ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်လုံးကြီး များ လွင့်စင်သွားကာ သူ၏ ကိုယ်ပတ်လည် တွင် ရှိနေသော ဓားစွမ်းအင် များ အားလုံး ချက်ချင်း ပေါက်ကွဲ ပျက်စီးသွားပြီး အကောင်းဆုံး ဝိညာဉ် ဓား တစ်လက် သာလျှင် နောက်သို့ လွင့်စင်သွားခဲ့သည်။

ဝေ့ကျွင်းကျဲ က ဓားကို ကိုင်ကာ လေဟာနယ် ထဲသို့ ခုန်တက်သွားပြီး လက်ထဲရှိ ဝိညာဉ် ဓားကို တည်ငြိမ်စွာ ဖမ်းဆုပ်လိုက်ကာ လေးနက်သော မျက်နှာထား ဖြင့် ကြည့်နေပေသည်။

"ဒီလို ဆိုမှတော့... အစ်ကိုချီ အနေနဲ့ ကျွန်တော်တို့ ဝေ့မိသားစု ရဲ့ လက်သင်္ကေတ သုံးပါး နတ်စွမ်းရည် ကို ခံကြည့်လိုက်ပါ..."

အကောင်းဆုံး ဝိညာဉ် ဓား က ခေါင်းပေါ်တွင် လွင့်မျောနေပြီး ဝေ့ကျွင်းကျဲ က မျက်လုံးများကို မှိတ်ကာ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး လက်သင်္ကေတ များကို အဆက်မပြတ် ပြောင်းလဲလိုက်ရာ ရူးသွပ်သော သဘာဝ ယွမ်ချီ စွမ်းအင် များ က ဧရာမ လေဝဲကြီး တစ်ခု အဖြစ် ပြောင်းလဲကာ သူ၏ လက်ဖဝါး အတွင်းသို့ ရူးသွပ်စွာ စုစည်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပတ်လည် တွင် လေပြင်းများ ကလည်း အဆက်မပြတ် တိုက်ခတ်နေပေသည်။

လက်သင်္ကေတ သုံးပါး နတ်စွမ်းရည်... တောင်ဖြို လက်သင်္ကေတ...

ဝေ့ကျွင်းကျဲ က လေဟာနယ် တွင် ခြေချရပ်နေပြီး လက်မောင်း နှစ်ဖက်လုံး အဆက်မပြတ် တုန်ယင်နေကာ လက်ဖဝါး အတွင်းရှိ အနီရောင် ရင့်ရင့် အလင်းတန်း တစ်ခု က မျက်စိတစ်မှိတ် အတွင်း ပေအနည်းငယ်ခန့် အထိ ကြီးမားသွားခဲ့ပြီး အလင်းတန်း အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား များ ကိုလည်း ဖုံးကွယ်ထားပေသည်။

"ဖိနှိပ်စမ်း..."

အနီရောင် ရင့်ရင့် အလင်းတန်း က ကောင်းကင် မှနေ၍ ကျဆင်းလာပြီး ကောင်းကင် မှ ကျဆင်းလာသော ကြယ်တံခွန် တစ်စင်း အလား အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖိအား ကြီး တစ်ခု ကလည်း အလင်းတန်း ၏ ပတ်လည်တွင် လွှမ်းခြုံထားကာ နောက်တစ်ခဏ တွင် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ဟွန့်..."

အေးစက်စက် နှာမှုတ်လိုက်ပြီး ချီရှောက်ယန် ၏ တစ်ကိုယ်လုံး က အမြောက်ဆံ တစ်ခု ကဲ့သို့ အောက်ဘက် မှနေ၍ အပေါ်သို့ ထိုးတက်သွားပြီး အလွန် အစွမ်းထက်သော ခွန်အား များ ကြောင့် မြေကြီး ပင်လျှင် တုန်ခါသွားကာ ကျဆင်းလာသော အလင်းတန်း ကို မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်ရန် ပြင်လိုက်သည်။

လုံးဝ နောက်ဆုတ်သွားမည့် အရိပ်အယောင် မရှိပေ။

သူ၏ လက်ဖဝါး အတွင်း၌လည်း အပြာရောင် အလင်းတန်း များ လင်းလက်နေပေသည်။

နောက်တစ်စက္ကန့် တွင်...

နှစ်ခုစလုံး ဝင်တိုက်မိသွားကြသည်။

"ဝုန်း..."

အလွန် အစွမ်းထက်သော ပေါက်ကွဲသံကြီး တစ်ခု က မျက်စိတစ်မှိတ် အတွင်း ကောင်းကင်နှင့် မြေကြီး တွင် ပဲ့တင်ထပ်သွားပြီး ရူးသွပ်သော စွမ်းအား များ က အပူလှိုင်း တစ်ခု ကို ဖန်တီးကာ အရပ်လေးမျက်နှာ သို့ လွင့်စင်သွားပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံး ကို ဖျက်ဆီးပစ်လိုက်သည်။

လူတိုင်း ၏ အကြည့်များ က ပေါက်ကွဲမှု ၏ အလယ်ဗဟို သို့ စုစည်းသွားကြပြီး အဆုံးသတ် ကို စောစောကတည်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့သော်လည်း ချီရှောက်ယန် ၏ အခြေအနေ က ဘယ်လို ရှိနေသလဲ ဆိုတာကို သူတို့ လုံးဝ သိချင်နေဆဲ ပင် ဖြစ်သည်။

ဤလူများ ထဲတွင် ဝေ့ကျွင်းကျဲ လည်း သေချာပေါက် ပါဝင်ပေသည်။ ဤတိုက်ခိုက်မှု ဖြင့် ချီရှောက်ယန် ကို သတ်ဖြတ်နိုင်မည် ဟု သူ လုံးဝ မထင်မှတ်ထားသော်လည်း တစ်ဖက်လူ ၏ အတွင်းအား အကာအကွယ် ကို ဖျက်ဆီးပစ်နိုင်ပြီး ဒဏ်ရာ အနည်းငယ် ရရှိစေနိုင်မည် ဆိုပါက သူ ၏ တာဝန် ကျေပွန်ပြီ ဟု သတ်မှတ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူ က ရှန်ကွမ်းအဆင့် အထွတ်အထိပ် ကျင့်ကြံမှု သာ ရှိသေးပြီး ချီရှောက်ယန် ကတော့ တကယ့် အစစ်အမှန် ရွှမ်တန်အဆင့် အလယ်အလတ် သိုင်းသခင် တစ်ပါး ဖြစ်ကာ လောက တစ်ခုလုံး တွင် နာမည်ကျော်ကြား နေသော သူ ဖြစ်သည်။

ဤတစ်ကြိမ် တွင် တစ်ဖက်လူ က ကျင့်ကြံမှု ကို ရွှမ်တန်အဆင့် အစပိုင်း အဖြစ်သာ ဖိနှိပ်ထားမည် ဟု ပြောထားသော်လည်း သူ က တကယ့် အစစ်အမှန် သိုင်းသခင် တစ်ပါး ဖြစ်ပြီး မည်သူ ကမျှ လွယ်လွယ်ကူကူ ယှဉ်ပြိုင်နိုင်မည့် သူမျိုး မဟုတ်ပေ။

ပေါက်ကွဲသံ များ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဗဟိုချက် တွင် ရှိနေသော မြင်ကွင်း က ဝေ့ကျွင်းကျဲ ၏ မျက်လုံးများကို ချက်ချင်း ကျုံ့ဝင်သွားစေခဲ့သည်။

လူကော...

ချီရှောက်ယန် က သူ၏ မျက်စိရှေ့မှာပင် သူ့ကို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ လုံးဝ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ ဤတိုက်ခိုက်မှု ဖြင့် ချီရှောက်ယန် ကို သတ်ဖြတ်နိုင်မည် ဟုလည်း သူ လုံးဝ မထင်မှတ်ထားပေ။

ဒါဆိုရင် ဖြစ်နိုင်ချေ တစ်ခုတည်း သာ ရှိတော့သည်။

ပေါက်ကွဲသံ ထွက်ပေါ်လာသည့် မျက်စိတစ်မှိတ် အတွင်း တစ်ဖက်လူ က သူ၏ ကိုယ်ခံပညာ လှုပ်ရှားမှု ကို အသုံးပြုလိုက်ခြင်း ပင် ဖြစ်သည်။

ဒါဆို... သူ ဘယ်နေရာ ကို ရောက်သွားတာလဲ။

ဝေ့ကျွင်းကျဲ က အခြေအနေ ကို တွက်ချက်ကြည့်ပြီး မျက်နှာထား အနည်းငယ် ရုပ်ဆိုးသွားကာ အနောက်ဘက် သို့ ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း အနောက်ဘက် တွင် မည်သူမျှ မရှိပေ။ အရပ်လေးမျက်နှာ သို့ လိုက်လံ ရှာဖွေနေစဉ် ခေါင်းပေါ် မှနေ၍ အသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဝေ့မိသားစု ရဲ့ လက်သင်္ကေတ သုံးပါး နတ်စွမ်းရည်... ဒီလောက်လေး ပါပဲလား..."

"ဘာ..."

ဝေ့ကျွင်းကျဲ က ချက်ချင်း ခေါင်းမော့ ကြည့်လိုက်ရာ နောက်တစ်ခဏ တွင် ခြေထောက် တစ်ချက် က သူ၏ မျက်နှာ ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး အလွန် အစွမ်းထက်သော ခွန်အား များ ကြောင့် ဝေ့ကျွင်းကျဲ မှာ မျက်စိတစ်မှိတ် အတွင်း နားအူ သွားပြီး ခေါင်းများ မူးဝေသွားခဲ့ရသည်။

"ဝေ့သခင်လေး ရဲ့ နည်းလမ်းတွေ ကုန်သွားပြီ မလား... အခု ငါ့အလှည့် ရောက်ပြီ..."

ချီရှောက်ယန် ၏ အေးစက်သော အသံ က နားထဲမှ ထွက်ပေါ်လာသကဲ့သို့ ပင် ဖြစ်နေပြီး ခေါင်းများ မူးဝေနေသော ဝေ့ကျွင်းကျဲ ကို ချက်ချင်း သတိဝင်သွားစေကာ အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး နောက်သို့ ချက်ချင်း ဆုတ်ခွာရန် ပြင်လိုက်သည်။

သို့သော် သူ့ကို ကြိုဆိုနေသည်မှာ နောက်ထပ် ခြေထောက် တစ်ချက် ပင် ဖြစ်သည်။

"ဘန်း..."

"ဘန်း..."

"ဘန်း..."

ဝေ့ကျွင်းကျဲ မှာ ယခုအခါ ဘောလုံး တစ်လုံး ကဲ့သို့ အပေါ် အောက်၊ ဘယ် ညာ အဆက်မပြတ် လွင့်စင်နေပြီး ချီရှောက်ယန် ကတော့ အကြိမ်တိုင်း တွင် သူ၏ အနီးသို့ တိကျစွာ ရောက်ရှိလာကာ သူ အနေဖြင့် အရပ် မျက်နှာ ကိုပင် ခွဲခြား၍ မရနိုင်အောင် ဖြစ်နေပေသည်။

အတွင်းအား အကာအကွယ် ပင်လျှင် တစ်ဖက်လူ ၏ ပြင်းထန်သော ခြေထောက် ရိုက်ချက် ကို လုံးဝ မကာကွယ်နိုင်ပေ။

ကိုယ်တွင်း အင်္ဂါများ ဆူပွက်နေပြီး သွေးချီ များ အဆက်မပြတ် တုန်ခါနေကာ ဝေ့ကျွင်းကျဲ မှာ ယခုအခါ တစ်ကိုယ်လုံး ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ခံစားနေရပြီး သွေးတစ်လုတ် က လည်ချောင်းဝ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဖူး..."

ဘယ်နေရာ ကနေ ကျဆင်းလာမှန်း မသိသော နောက်ထပ် တိုက်ခိုက်မှု တစ်ခု အောက်တွင် ဝေ့ကျွင်းကျဲ က ရင်ထဲရှိ သွေးများကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ဘဲ တိုက်ရိုက် အန်ထုတ်လိုက်ရသည်။

"သခင်လေးချီ... ကျေးဇူးပြုပြီး သက်ညှာပေးပါ..."

အောက်ဘက်တွင် ဝေ့ကျွင်းကျဲ ညှဉ်းပန်း နှိပ်စက် ခံနေရသည်ကို ကြည့်ရင်း ဝေ့ချင်း ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်မှု များနှင့် ကြောက်ရွံ့မှု များ ပြည့်နှက်နေပြီး အထူးသဖြင့် ဝေ့ကျွင်းကျဲ သွေးအန်လိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ပင် စိုးရိမ်သွားပြီး တစ်ဖက်လူကို သက်ညှာပေးရန် အလျင်စလို အော်ဟစ် တောင်းပန်လိုက်သည်။

ဒီထက် ပိုရိုက်ရင်... သေတော့မှာပဲ။

သေချာသည်မှာ ဤတစ်ကြိမ် က မင်္ဂလာ ကိစ္စ အတွက် လာရောက်ခြင်း ဖြစ်ပြီး စမ်းသပ်မှု တစ်ခု သာ ဖြစ်သဖြင့် ချီရှောက်ယန် အနေဖြင့် အတိုင်းအတာ ကို သိရှိမည် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ သို့သော် ဘယ်လောက်ပဲ အတိုင်းအတာ ကို သိနေပါစေ ဒီလောက် အထိ ရိုက်နှက်နေတာ ကတော့ လွန်လွန်းနေပြီ မဟုတ်ပါလော။

ချီရှောက်ယန် ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ မှတ်တမ်း များကိုသာ မသိရှိခဲ့လျှင် သူ ကိုယ်တိုင် ဝင်ရောက် တားဆီးမိမည်မှာ သေချာပေသည်။

"အစ်ကို... အစ်ကိုချီ..."

"ကျွန်တော်..."

"ဖူး..."

"အရှုံးပေးပါတယ်..."

အခွင့်အရေး ရသည် နှင့် ဝေ့ကျွင်းကျဲ က ချက်ချင်း အရှုံးပေးလိုက်သည်။

"ဟွန့်..."

နားထဲတွင် အေးစက်သော နှာမှုတ်သံ တစ်ခု ကို ကြားလိုက်ရပြီးနောက် ဝေ့ကျွင်းကျဲ လည်း တစ်ကိုယ်လုံး ကောင်းကင် ကိုးထပ် မှနေ၍ ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ် တွင် ပြင်းထန်သော တိုက်ခိုက်မှု ကို ခံလိုက်ရကာ လေဟာနယ် ထဲမှနေ၍ ရုတ်တရက် ကျဆင်းသွားခဲ့သည်။

မြေကြီး ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး ဖုန်လုံးကြီး များ လွင့်စင်သွားခဲ့သည်။

ဝေ့ချင်း လည်း အလျင်စလို ပြေးသွားပြီး ဖုန်လုံးကြီး များ အတွင်းမှ ဝေ့ကျွင်းကျဲ ကို သွားရောက် ရှာဖွေလိုက်သည်။

"အဟွတ်... အဟွတ်..."

ဝေ့ကျွင်းကျဲ က မြေကြီး ကို ဆုပ်ကိုင်ထားပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေကြောင်း ကို ခံစားနေရသည်။ အထူးသဖြင့် ရင်ဘတ် ရှိ နံရိုး အချို့ ကျိုးသွားပြီ ဖြစ်ကြောင်း သေချာနေပြီး ရင်ထဲတွင် အမုန်းတရား များ အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။

သေစမ်း... ချီရှောက်ယန်... သူ့ကို ဒီလိုမျိုး လုပ်ရက်တယ်...

သူ့ မျက်နှာ ကို တမင်သက်သက် ရိုက်ချိုးပစ်နေတာပဲ။

"သခင်လေး... သခင်လေး... အဆင်ပြေရဲ့လား..."

"ဘာမှ... ဖူး..."

ဘာမှ မဖြစ်ပါဘူး ဟု ပြောရန် ပြင်လိုက်သော်လည်း ဝေ့ကျွင်းကျဲ က သွေးတစ်လုတ် ကို နောက်တစ်ကြိမ် အန်ထုတ်လိုက်ရပြန်သည်။

လေဟာနယ် ထဲတွင် ချီရှောက်ယန် က လက်နောက်ပစ်ကာ ရပ်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်နေပေသည်။ သူ က သေချာပေါက် သက်ညှာပေးထားခြင်း ပင် ဖြစ်သည်။ မဟုတ်လျှင် ဝေ့ကျွင်းကျဲ အနေဖြင့် တိုက်ခိုက်မှု တစ်ချက် ကိုတောင် ခံနိုင်မည် မဟုတ်ပေ။ သူ့ကို အပေါ်ယံ ဒဏ်ရာ အနည်းငယ် သာ ရရှိစေခဲ့ခြင်း ပင် ဖြစ်သည်။

မဟုတ်လျှင် သတင်း ပြန့်သွားပါက ချီမိသားစု ၏ မျက်နှာ ပျက်ရမည် ပင် ဖြစ်သည်။

တိုက်ပွဲ အပြီးတွင် ဝေ့ကျွင်းကျဲ ၏ စွမ်းအား ကို သူ အခြေခံအားဖြင့် သိရှိသွားခဲ့ပြီ ဖြစ်သည်။ သာမန် ရှန်ကွမ်းအဆင့် သိုင်းသမား များ ထက် အနည်းငယ် ပိုကောင်းသော်လည်း အရမ်းကြီး မကောင်းမွန်လှပေ။ အကယ်၍ သာမန် လူတစ်ယောက် တွင် ဤကဲ့သို့သော စွမ်းအား မျိုး ရှိနေမည် ဆိုပါက မဆိုးဘူး ဟု သတ်မှတ်နိုင်ပေသည်။

သို့သော် ဝေ့မိသားစု ၏ သခင်လေး တစ်ယောက် ဖြစ်နေပြီး အရင်းအမြစ် များစွာ ထောက်ပံ့ ပေးထားပါလျက် နှင့် ဤမျှလောက်သာ ရှိနေခြင်း ကတော့ တကယ်ကို အသုံးမကျလွန်းလှပေ။

ချီရှောက်ယန် က ဝိညာဉ် ဆေး တစ်ပုလင်း ကို ဝေ့ကျွင်းကျဲ ၏ ဘေးသို့ ပစ်ချပေးလိုက်ပြီး...

"အပေါ်ယံ ဒဏ်ရာ လေးတွေ ပါပဲ... ရက်အနည်းငယ် လောက် အနားယူလိုက်ရင် သက်သာသွားမှာပါ..."

ဝေ့ကျွင်းကျဲ ၏ ဘယ်ဘက် ပါးပြင် က အကြီးအကျယ် ရောင်ရမ်းနေပြီး ချီရှောက်ယန် ၏ ပုံရိပ် ကို မော့ကြည့်ကာ နှုတ်ခမ်း ကို တွန့်ကွေးလျက်...

"ကျေး... ကျေးဇူးတင်ပါတယ် အစ်ကိုချီ... သက်ညှာပေးတဲ့ အတွက်..."

"မင်း က ချီမိသားစု ရဲ့ ဧည့်သည်တော် ပဲလေ... အဖေ မျက်စိကျနေတဲ့ လူငယ် ပါရမီရှင် တွေ ဆိုတော့... သက်ညှာ မပေးလို့ ဘယ်ရပါ့မလဲ... ဒါပေမဲ့... မင်း ပြန်ရောက်ရင် နည်းနည်းလောက် ထပ်ပြီး လေ့ကျင့်လိုက်ပါဦး လို့ အကြံပေးချင်ပါတယ်... ဝေ့မိသားစု ရဲ့ သခင်လေး တစ်ယောက် အနေနဲ့ ဒီလောက် စွမ်းအား လေး ပဲ ရှိတယ် ဆိုရင်တော့... ဝေ့မိသားစု ရဲ့ မျက်နှာ ကို အရှက်ခွဲရာ ကျလိမ့်မယ်..."

"အစ်ကိုချီ ပြောတာ မှန်ပါတယ်..."

ဝေ့ကျွင်းကျဲ က ခေါင်းငုံ့ထားပြီး ပြန်လည် ချေပရန် အနည်းငယ်မျှ ပင် မဝံ့ရဲပေ။ ရင်ထဲတွင် အမုန်းတရား များ ရှိနေလျှင်တောင် မျိုသိပ်ထားရုံ သာ ရှိတော့သည်။ မဟုတ်လျှင် ချီရှောက်ယန် က သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်မည် ကို ကြောက်ရွံ့ နေမိပေသည်။ အဲဒီလို ဆိုရင်တော့ တကယ်ကို အရှုံးကြီး ရှုံးသွားမှာပဲ။

ယခု အချိန်တွင် သူ ၏ ရင်ထဲ၌ အတွေး တစ်ခုတည်း သာ ရှိနေပေသည်။ အဲဒါကတော့ ချီရှောက်ယန် အနေဖြင့် ကျန်းချဲ့ ကို တိုက်ခိုက်တဲ့ အခါ လုံးဝ သက်ညှာ မပေးဖို့ ပါပဲ။

အရာရာ တိုင်း က နှိုင်းယှဉ်ကြည့်ဖို့ လိုတယ် လေ... ကျန်းချဲ့ ထက် သာနေရင် ရပြီ မဟုတ်လား။

ဝေ့ကျွင်းကျဲ ကို ငုံ့ကြည့်ပြီးနောက် ချီရှောက်ယန် က အကြည့် များကို ရွှေ့ကာ အဝေးရှိ ကျန်းချဲ့ ထံသို့ ရောက်ရှိသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ စွမ်းအား ကို မင်း မြင်ပြီးပြီ မလား... ငါ နဲ့ တိုက်ခိုက်ရဲသေးလား..."

"အကယ်လို့ မရဲဘူး ဆိုရင်လည်း... ထားလိုက်ပါတော့..."

သူ ၏ အဓိက ရည်ရွယ်ချက် က ဝေ့ကျွင်းကျဲ ကို ဆုံးမရန် ဖြစ်သော်လည်း စမ်းသပ်လိုသည့် အကြံအစည် လည်း ပါဝင်ပေသည်။ စကား ကို ဤသို့ ပြောလိုက်သော်လည်း ကျန်းချဲ့ က တစ်ကြိမ်လေး ပင် မတိုက်ခိုက်ရဲဘူး ဆိုပါက ဤလူကို သူ အများကြီး အထင်ကြီးတော့မည် မဟုတ်ပေ။

"ဘာ..."

ပါးစပ် ရောင်နေသော ဝေ့ကျွင်းကျဲ က ခေါင်းမော့ ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ချီရှောက်ယန် က သူ့ကို ရိုက်ဖို့ သက်သက် လာတာများလား။

ဘာလို့ ကျန်းချဲ့ ကိုကျတော့ တိုက်ခိုက်ဖို့ ငြင်းပယ်ခွင့် ပေးထားရတာလဲ။

ဒါက မတရားဘူး လေ။

ကျန်းချဲ့ က ပြုံးလိုက်ပြီး လေဟာနယ် ထဲသို့ တစ်လှမ်းချင်း တက်သွားကာ အရှေ့ရှိ ခန့်ညား ထည်ဝါပြီး အလွန် အစွမ်းထက်သည့် ချီရှောက်ယန် ကို စူးစိုက်ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သိုင်းပညာ ကို ကျင့်ကြံပြီးမှတော့... တိုက်ခိုက်ရမှာကို ဘာလို့ ကြောက်နေရမှာလဲ..."

"အစ်ကိုချီ... စလိုက်ရအောင်…”

All Chapters