← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) လူတိုင်း အံ့ဩတုန်လှုပ်သွားခြင်း... မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်း

"မိသားစု ခေါင်းဆောင်... သခင်လေး က ကျန်းချဲ့ နဲ့ ဝေ့ကျွင်းကျဲ တို့ကို ကြားဖြတ် တားဆီးလိုက်ပါပြီ... အခုဆိုရင် တိုက်တောင် တိုက်နေကြပြီ ထင်ပါတယ်..."

ချီရှောက်ယန် ကြားဖြတ် တားဆီးပြီး တိုက်ခိုက်နေသည့် အချိန်တွင် ချီမိသားစု မှ လူများ က သတင်း အချက်အလက် ကို လျင်မြန်စွာ ရရှိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ပေလင်ဒေသ တစ်ခုလုံး က ချီမိသားစု ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး မြို့တော် မှ ချီမိသားစု ပင်မ အိမ်တော် သို့ ခရီး က သိပ်မနီးသော်လည်း အလွန်အမင်း ဝေးကွာနေသည်တော့ မဟုတ်ပေ။

ထို့ကြောင့် ဤအခြေအနေ ကို သိရှိသွားသည် နှင့် ချက်ချင်း ပင် ချီကျန်းနန် ထံသို့ လာရောက် သတင်းပို့ကြခြင်း ပင် ဖြစ်သည်။

"ဘာ..."

ချီကျန်းနန် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး မျက်လုံးများ မှေးကျဉ်းကာ အနည်းငယ် ဒေါသထွက်နေသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"သခင်လေး ရဲ့ ကိစ္စ ဆိုတော့... ကျွန်တော်တို့ လည်း ဝင်မစွက်ဖက်ရဲပါဘူး... မိသားစု ခေါင်းဆောင် ပဲ အမိန့်ပေးပါ..."

သတင်း လာပို့သူ က ခါးညွှတ်ကာ လျှောက်တင်လိုက်သည်။

ချီကျန်းနန် က အချိန်ခဏမျှ စဉ်းစားပြီးနောက် လက်ဝှေ့ယမ်းကာ သူ့ကို ထွက်သွားရန် အချက်ပြလိုက်ပြီး...

"ဒီကိစ္စကို ဂရုစိုက်မနေနဲ့တော့... ရှောက်ယန် က အတိုင်းအတာ ကို သိပါတယ်..."

"ဟုတ်ကဲ့..."

သတင်း လာပို့သူ ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာသော်လည်း ချက်ချင်း ပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

သတင်း လာပို့သူ ထွက်သွားပြီးနောက် ချီကျန်းနန် ၏ ပုံရိပ် ကလည်း မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ဤအခိုက်အတန့် တွင် ချီရှောက်ယန် ဘာကြောင့် ကြားဖြတ် တားဆီးရသလဲ ဆိုတာကို သူ ခန့်မှန်းမိသွားပြီ ဖြစ်သော်လည်း မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန် အတွက် သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

မင်္ဂလာ ကိစ္စ နှင့် ပတ်သက်နေသဖြင့် ပေါ့ဆ၍ မရနိုင်ပေ။

အခြား တစ်ဖက်တွင် ချီနင်ပင်း ကလည်း ချီဝမ်ကျင်း ကို လျင်မြန်စွာ သွားရောက် ရှာဖွေပြီး အစ်ကိုကြီး ကို အကူအညီ တောင်းထားသည့် ကိစ္စကို ပြောပြလိုက်သည်။

"နင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."

"စိတ်ချပါ အစ်မကြီး... အစ်ကိုကြီး က အတိုင်းအတာ ကို သိပါတယ်... ပြီးတော့ ဝေ့ကျွင်းကျဲ ကို သီးသန့် ပစ်မှတ်ထားတာ မဟုတ်ပါဘူး... အစ်မကြီး နဲ့ ညီမလေး တို့ နှစ်ယောက် အတွက် ယောက်ဖလောင်း တွေကို စမ်းသပ်ပေးတာ သက်သက်ပါ...

ဘယ်လိုလဲ... အတူတူ သွားကြည့်ကြမလား..."

ချီဝမ်ကျင်း ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး အနည်းငယ် တွန့်ဆုတ် နေပေသည်။

"ဒီ..."

"အစ်မကြီး ရယ်... အဲဒီ ကျန်းချဲ့ ရဲ့ စွမ်းအား ကို မကြည့်ချင်ဘူးလား... အစ်မကြီး ရဲ့ အနာဂတ် ယောက်ဖ က စွမ်းအား အရမ်း ကြီးတယ် လို့ ကြားဖူးတယ်လေ... အစ်မကြီး က ပြောဖူးတယ် မလား... အစ်မကြီး ကို လက်ထပ်ချင်ရင် အစ်မကြီး ကို အရင် အနိုင်ယူရမယ် ဆိုတာကို..."

"ကောင်းပြီလေ... ဒါဆိုလည်း သွားကြည့်ကြတာပေါ့..."

ချီဝမ်ကျင်း က ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ ထဲတွင် ပြတ်သားသော အရိပ်အယောင် များ ပြည့်နှက်နေပေသည်။

သူမ ကိုယ်တိုင် ဝင်မပါသော်လည်း အစ်ကိုကြီး က ဝင်ရောက် စမ်းသပ်ပေးခြင်း ကလည်း အတူတူ ပင် ဖြစ်သည်။ အနည်းဆုံးတော့ အခြေအနေ အမှန်ကို မြင်တွေ့ရမည် ဖြစ်သည်။ ယခင်က ညီမလေး ပြန်လာပြီးနောက် ကျန်းချဲ့ က လက်တွဲဖော် ကောင်း တစ်ယောက် ဖြစ်ကြောင်း၊ လက်လွတ် မခံသင့်ကြောင်း အဆက်မပြတ် ချီးကျူး နေခဲ့သဖြင့် သူမ ၏ ရင်ထဲတွင်လည်း စူးစမ်း လိုစိတ် များ ဖြစ်ပေါ်လာခဲ့သည်။

အမြဲတမ်း မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတတ်သော ညီမလေး က ကျန်းချဲ့ အပေါ် ဤမျှလောက် အထိ အထင်ကြီး နေသည်ကို ကြည့်ခြင်း အားဖြင့် ကျန်းချဲ့ က တကယ်ပဲ သူမ ပြောသလောက် ကောင်းမွန်နေသလား ဆိုတာကို သွားရောက် မြင်တွေ့ချင်မိသည်။

ယခုအခါ ချီကျန်းနန် နှင့် ချီဝမ်ကျင်း ညီအစ်မ တို့ သာမက ချီမိသားစု မှ လူအများအပြား လည်း ချီရှောက်ယန် က ကျောက်တုံး တောအုပ် အနီးတွင် ကျန်းချဲ့ နှင့် ဝေ့မိသားစု ၏ သခင်လေး တို့ကို ကြားဖြတ် တားဆီးလိုက်သည့် ကိစ္စ ကို သိရှိသွားကြပြီ ဖြစ်သည်။

ချီရှောက်ယန် က သူ၏ အနာဂတ် ယောက်ဖ များကို စမ်းသပ်ချင်နေသည်ကို အားလုံး က ခန့်မှန်းမိသွားကြပြီး ချက်ချင်း ပင် စိတ်ဝင်စားသွားကာ ကျောက်တုံး တောအုပ် ဆီသို့ အသီးသီး ထွက်ခွာသွားကြသည်။ ချီမိသားစု မှ အကြီးအကဲ အချို့ ကလည်း ကျန်းချဲ့ ကို သွားရောက် ကြည့်ရှုချင်ကြပြီး ချီဆန်းကျား ၏ စာထဲတွင် ပြောထားသကဲ့သို့ တကယ်ပဲ ထူးချွန်သလား ဆိုသည်ကို သိရှိလိုကြပေသည်။

"အရမ်း ကောင်းတယ်... မင်း ဒီထက်ပိုပြီး တောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်..."

ချီရှောက်ယန် ၏ အကြည့်များ က ကျန်းချဲ့ ကို အကဲခတ် ကြည့်ရှုနေပြီး ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် ဤသတ္တိ ကို အတော်လေး ကျေနပ်သွားမိသည်။ သူ၏ စွမ်းအား က ဘယ်လိုပဲ ဖြစ်နေပါစေ အနည်းဆုံးတော့ ဤသတ္တိ က ဝေ့ကျွင်းကျဲ ထက် အများကြီး သာလွန်နေပေသည်။

သူ၏ စွမ်းအား ကတော့ လက်တွေ့ တိုက်ခိုက်ကြည့်မှ သာ သိရမည် ဖြစ်သည်။

သူ က ညီမလေး ၏ အနာဂတ် ခင်ပွန်း အပေါ် ထားရှိသော တင်းကျပ်သည့် သတ်မှတ်ချက် များကို ကောင်းစွာ သိရှိထားပေသည်။ ယခု အခွင့်အရေး ရတုန်း စမ်းသပ်ကြည့်ရမည်။

"ကောင်းပြီ..."

"ငါ က ခင်ဗျား ထက် အသက် နည်းနည်း ကြီးတယ် ဆိုတော့... အခွင့်အရေး မယူပါဘူး... မင်း အရင် စတိုက်ပါ..."

ချီရှောက်ယန် က လက်နောက်ပစ်ကာ ပြုံးရွှင်သော မျက်နှာထား ဖြင့် ပြောလိုက်ပြီး အစကနေ အဆုံး အထိ အလွန် ယုံကြည်မှု ရှိနေပေသည်။

သူ၏ အမြင်တွင် မွေးရာပါအဆင့် သာ ရှိသေးသော ကျန်းချဲ့ က သူ့ကို အန္တရာယ် ပေးနိုင်ရန် တကယ်ကို ခက်ခဲလှပေသည်။

အောက်ဘက်တွင် ဝေ့ကျွင်းကျဲ နှင့် ဝေ့ချင်း တို့ နှစ်ယောက် ကလည်း လေဟာနယ် ထဲရှိ ချီရှောက်ယန် နှင့် မျက်နှာချင်းဆိုင် ရပ်နေသော ကျန်းချဲ့ ကို စူးစိုက်ကြည့်နေကြသည်။ ဝေ့ကျွင်းကျဲ ၏ ရင်ထဲတွင် ကျန်းချဲ့ မှာ အပြင်ပန်းတွင် သာ ကြည့်ကောင်းပြီး တကယ်တမ်း တွင် အသုံးမကျသူ တစ်ယောက် ဖြစ်ပါစေဟု အဆက်မပြတ် ဆုတောင်းနေပေသည်။

သူ့ထက် ပိုပြီး ဆိုးရွားအောင် လုပ်ပြနိုင်မည် ဆိုပါက ပိုကောင်းပေမည်။ ဤသို့ဆိုလျှင် သူတို့ နှစ်ယောက် စလုံး ရှုံးနိမ့်သွားပြီ ဖြစ်ရာ သူ လည်း အရှက်ကွဲစရာ မလိုတော့ပေ။ မည်သို့ပင်ဆိုစေ ပြိုင်ဘက် က ချီမိသားစု ၏ သခင်လေး ဖြစ်နေသည် မဟုတ်ပါလော။

ဝေ့ချင်း ကတော့ ဤသို့ မထင်မြင်ပေ။ ကျန်းချဲ့ က ထိပ်တိုက် ရင်ဆိုင်ရန် ရဲဝံ့စွာ တက်သွားသည် ကို ကြည့်ခြင်း အားဖြင့် သေချာပေါက် လျှို့ဝှက် ဖဲချပ် များ ရှိနေမည် ဖြစ်ပြီး လူတိုင်းကို အံ့အားသင့် သွားစေမည့် လုပ်ရပ် များကို လုပ်ပြနိုင်မည် ဟု ထင်မြင်မိပေသည်။ သူ ၏ ရင်ထဲတွင်လည်း ဤနာမည်ကျော်ကြား လာသော လူငယ် ပါရမီရှင် ကို အလွန် စိတ်ဝင်စား နေမိပေသည်။

ချီဆန်းကျား တစ်ယောက်တည်း သာ ကျန်းချဲ့ အပေါ် ယုံကြည်ချက် အပြည့် ရှိနေပေသည်။

ကျန်းချဲ့ က ချီရှောက်ယန် ၏ ပြိုင်ဘက် မဖြစ်နိုင်သည် ကတော့ သေချာပေသည်။ သို့သော် သူ၏ စွမ်းအား က ဝေ့ကျွင်းကျဲ ထက် အများကြီး သာလွန်နေပြီး ချီရှောက်ယန် ကို သေချာပေါက် အံ့အားသင့် သွားစေမည် မှာ အသေအချာ ပင် ဖြစ်သည်။ နှမြောစရာ ကောင်းသည်မှာ ပွဲကြည့် ပရိသတ် အရမ်း နည်းလွန်းနေခြင်း ပင် ဖြစ်သည်။

အကယ်၍ ချီမိသားစု မှ လူများ အားလုံး ဤနေရာသို့ ရောက်ရှိနေမည် ဆိုပါက ဘယ်လောက် ကောင်းမည်နည်း။

ကျန်းချဲ့ က သေချာပေါက် လူတိုင်းကို အံ့အားသင့် သွားစေပြီး ချီမိသားစု ကို အကြီးအကျယ် တုန်လှုပ် သွားစေမည် ဖြစ်သည်။

ပေဆယ်ဂဏန်း အကွာအဝေး ရှိ ချီရှောက်ယန် ကို စူးစိုက်ကြည့်ရင်း ကျန်းချဲ့ က စိတ်နှလုံး ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ စောစောက ချီရှောက်ယန် နှင့် ဝေ့ကျွင်းကျဲ တို့၏ တိုက်ပွဲ ကို ကြည့်ပြီးနောက် ချီရှောက်ယန် ၏ စွမ်းအား က သာမန် လူများ ထက် အများကြီး သာလွန်နေကြောင်း ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

သူ က အနည်းငယ်မျှ ပေါ့ဆ၍ မရနိုင်ပေ။

စတင် တိုက်ခိုက်သည် နှင့် အစွမ်းကုန် တိုက်ခိုက်ရမည် ဖြစ်သည်။

'သတ်ဖြတ်လိုစိတ် သုံးပါး... ပွင့်စမ်း…’

'သွေးပင်လယ် စေတီတော်... ပွင့်စမ်း…’

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့ ၏ တစ်ကိုယ်လုံး ရှိ အရှိန်အဝါ များ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အလွန် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အငွေ့အသက် များ က ပတ်ဝန်းကျင် ပေအနည်းငယ် အတွင်းသို့ လွှမ်းခြုံသွားကာ မျက်လုံး နှစ်လုံး ထဲတွင်လည်း သွေးရောင် အလင်းတန်း များ လင်းလက်လာခဲ့သည်။

သဘာဝ ယွမ်ချီ စွမ်းအင် များ က သူ၏ ဆီသို့ ရူးသွပ်စွာ စုစည်းလာခဲ့သည်။

'သွေးပင်လယ်... သတ်ဖြတ်ခြင်း ကပ်ဆိုး…’

လက်နှစ်ဖက် ဖြင့် မိစ္ဆာဓား ကို ကိုင်ကာ... ခုတ်ချလိုက်သည်။

ဓား မြှောက်လာပြီး ဓား ကျဆင်းသွားသည်။

မျက်စိတစ်မှိတ် အတွင်း ကောင်းကင်နှင့် မြေကြီး ကို လင်းထိန်သွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး ပေနှစ်ဆယ်ကျော် ခန့် ရှည်လျားသော မှောင်မိုက်သည့် ရွှေရောင် ဓားအလင်းတန်း က ဓားထိပ်ဖျား မှနေ၍ ပြေးထွက်လာကာ အရှေ့သို့ တိုးဝင်သွားပြီး အရာအားလုံး ကို ခုတ်ပိုင်းပစ်မည့် အရှိန်အဝါ များကို သယ်ဆောင်လာခဲ့သည်။

ချီရှောက်ယန် ဆီသို့... တိုက်ရိုက် ခုတ်ချလိုက်လေသည်။

'ဝုန်း...'

လေဟာနယ် က ဤအခိုက်အတန့် တွင် တုန်ခါသွားပြီး ရူးသွပ်သော စွမ်းအား များ က အရာအားလုံး ကို ခွဲခြမ်းပစ်လိုက်သည်။

မူလက ချီရှောက်ယန် က ဝေ့ကျွင်းကျဲ ကို ရင်ဆိုင်ခဲ့စဉ် က ကဲ့သို့ အတွင်းအား အကာအကွယ် ဖြင့်သာ ကာကွယ်ရန် ပြင်ဆင်ထားခဲ့ပြီး အခြား မည်သည့် လှုပ်ရှားမှု မျှ မရှိခဲ့ပေ။ သို့သော် ရုတ်တရက် ကျဆင်းလာသော အလွန် အစွမ်းထက်သည့် ဓားအလင်းတန်း ကို ကြည့်ရင်း သူ၏ မျက်လုံးများ ထဲတွင် အံ့အားသင့် သွားသည့် အရိပ်အယောင် များ ဖြတ်ပြေးသွားခဲ့သည်။

'အရမ်း အစွမ်းထက်တဲ့ ဓားစိတ်ဆန္ဒ ပဲ...'

ဓားအရှိန်အဝါ အနည်းငယ် ပင် ပါဝင်နေသေးသည်။

သူ က ကျန်းချဲ့ ၏ အကြောင်း ကို ကောလာဟလ အနည်းငယ် သာ ကြားဖူးခဲ့ပြီး ချီမိသားစု နှင့် မင်္ဂလာ ဆောင်ရန် ဖိတ်ခေါ်ခြင်း ခံရသော သိုင်းလောက မှ လူငယ် ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း သာ သိရှိထားခဲ့သည်။ အောက်ခြေ ဘဝ မှ တက်လာသော သူ တစ်ယောက် က ဤမျှလောက် အစွမ်းထက်သည့် စွမ်းအား ကို ပိုင်ဆိုင်နေလိမ့်မည် ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

စတင် တိုက်ခိုက်လိုက်သည် နှင့် ချီရှောက်ယန် က ကျန်းချဲ့ မှာ သာမန် လူ မဟုတ်ကြောင်း ကို ချက်ချင်း သိရှိသွားခဲ့သည်။

သို့သော် ဤကဲ့သို့ ဆိုလျှင် သာ ဝမ်ကျင်း နှင့် ထိုက်တန်မည် မဟုတ်ပါလော။

နှုတ်ခမ်းထောင့် တွင် စိတ်လှုပ်ရှားသည့် အပြုံး တစ်ခု ပေါ်လာပြီး ချီရှောက်ယန် က လက်နှစ်ဖက် ဖြင့် လက်သင်္ကေတ ပြုလုပ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား များ က ဒန်တျန် အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ အတွင်းအား အကာအကွယ် အပေါ်သို့ လွှမ်းခြုံသွားကာ မျက်စိတစ်မှိတ် အတွင်း အပြာရောင် အလင်းတန်း များ လင်းလက်လာခဲ့သည်။

ကျန်းချဲ့ ၏ အစွမ်းထက်မှု က သူ၏ မျှော်လင့်ချက် ကို ကျော်လွန်နေသော်လည်း သူ က စကားကို ပြန်ရုပ်သိမ်းမည့် သူမျိုး မဟုတ်ပေ။ ပထမဆုံး တိုက်ခိုက်မှု ကို သူ လုံးဝ ရှောင်တိမ်းမည် မဟုတ်သလို ပြန်လည် တိုက်ခိုက်မည် လည်း မဟုတ်ပေ။ လက်ခံရုံ သာ ရှိမည် ဖြစ်သည်။

"ဝုန်း..."

ဓားအလင်းတန်း က အပြာရောင် ဖျော့ဖျော့ အတွင်းအား အကာအကွယ် အပေါ်သို့ ကျရောက်သွားရာ မျက်စိတစ်မှိတ် အတွင်း အလွန် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါ က ဝေ့ကျွင်းကျဲ အသုံးပြုခဲ့သော လက်သင်္ကေတ သုံးပါး နတ်စွမ်းရည် ထက်ပင် အများကြီး သာလွန်နေပေသည်။

အပူလှိုင်း များ က အရပ်လေးမျက်နှာ သို့ လွင့်စင်သွားခဲ့သည်။

ပြင်းထန်သော တုန်ခါမှု များ ကြောင့် မြေကြီး ပင်လျှင် တုန်ခါသွားခဲ့ရသည်။

ချီရှောက်ယန် မှာလည်း ရူးသွပ်သော ယွမ်ချီ စွမ်းအင် များ ကြားတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

"ဘာ..."

ဝေ့ကျွင်းကျဲ ၏ မျက်နှာထား က ချက်ချင်း မည်းမှောင်သွားပြီး အလွန် ရုပ်ဆိုးသွားခဲ့သည်။

'ဒီဓားချက် က အရမ်း အစွမ်းထက်လွန်းတယ်...'

ကျန်းချဲ့ က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက် နေရတာလဲ။ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်မည် ဆိုပါက အကယ်၍ သူသာ ကျန်းချဲ့ ၏ ဤဓားချက် ကို လက်ခံရမည် ဆိုလျှင် အခြေခံအားဖြင့် ကာကွယ်နိုင်ရန် အလွန် ခက်ခဲလှပေမည်။ ဤသည်မှာ သူ က ကျန်းချဲ့ ထက် အများကြီး အားနည်းနေသည် ဟု ဆိုလိုနေသည် မဟုတ်ပါလော။

"သခင်လေး... ဒီလူ ရဲ့ လက်ထဲက ဓား က သာမန် မဟုတ်ဘူး... နတ်လက်နက် အဆင့်အတန်း ရှိတဲ့ ပစ္စည်း ဖြစ်နိုင်တယ်..."

သခင်လေး ၏ စိတ်ဓာတ် အကြီးအကျယ် ကျဆင်းသွားသည် ကို မြင်သောအခါ ဝေ့ချင်း က အလျင်စလို ရှင်းပြလိုက်သည်။

ဝေ့ကျွင်းကျဲ ၏ မျက်နှာထား က ထိုအခါမှသာ အနည်းငယ် ကောင်းမွန်လာခဲ့သည်။ ကျန်းချဲ့ ၏ စွမ်းအား က နတ်လက်နက် ကြောင့်သာ မဟုတ်ကြောင်း ကို သူ သိရှိထားသော်လည်း အနည်းငယ် တော့ စိတ်သက်သာရာ ရသွားစေခဲ့သည်။ အကယ်၍ သူ အသုံးပြုသည် ကလည်း နတ်လက်နက် သာ ဖြစ်မည် ဆိုပါက စွမ်းအား က သေချာပေါက် နောက်တစ်ဆင့် ထပ်မံ တိုးတက်လာမည် ပင် ဖြစ်သည်။

"ကောင်းတယ်..."

ဤဓားချက် ကို ကြည့်ရင်း ချီဆန်းကျား က မနေနိုင်ဘဲ စိတ်ထဲမှ အော်ဟစ် ချီးကျူးလိုက်မိသည်။

သူ၏ အမြင် အရ ဆိုလျှင် ကျန်းချဲ့ ၏ စွမ်းအား က ဖူလုံတောင် တိုက်ပွဲ တုန်းကထက် ပိုမို အစွမ်းထက် လာကြောင်း ကို မြင်တွေ့နေရပြီး ကောင်းကင်ဘုံ က ရွေးချယ်ခံရသူ ဟူသော အမည် နှင့် အလွန် လိုက်ဖက်လှပေသည်။

"ဟား..."

ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည့် အချိန်မှာပင် ကျန်းချဲ့ က ယခင်က ဝေ့ကျွင်းကျဲ ကဲ့သို့ အရူး တစ်ယောက် လို ရပ်ကြည့်မနေဘဲ မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားလိုက်ပြီး လက်ကို မြှောက်ကာ နောက်ထပ် ဓားတစ်ချက် ကို ခုတ်ချလိုက်ပြီး တစ်ဖက်လူ ကို လုံးဝ အခွင့်အရေး မပေးခဲ့ပေ။

တစ်ချိန်တည်းမှာပင် နတ်အာရုံ ကို အရပ်လေးမျက်နှာ သို့ ဖြန့်ကြက်ထားပြီး ချီရှောက်ယန် ၏ ရုတ်တရက် တိုက်ခိုက်မှု ကို ကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။

ယခင်က ဝေ့ကျွင်းကျဲ နှင့် ချီရှောက်ယန် တို့၏ တိုက်ပွဲ တွင် ကျန်းချဲ့ က ဤလူ ၏ အခြေအနေ ကို မေးမြန်းထားခဲ့ပြီး ဖြစ်သည်။ ချီဆန်းကျား က သူ့ကို ချီရှောက်ယန် သည် ရွှမ်တန်အဆင့် အလယ်အလတ် ကျင့်ကြံမှု ရှိကြောင်း၊ စွမ်းအား ကလည်း သာမန် မဟုတ်ကြောင်း ပြောပြခဲ့သည်။

သူ က အသက်အရွယ် ကြီးခြင်း ကို အားကိုးပြီး အနိုင်မကျင့်ချင်သဖြင့် စွမ်းအား ကို ဖိနှိပ်ထားမည် ဟု ပြောဆိုခဲ့သော်လည်း ယခင်က ကျင်းယွမ်ဘုန်းကြီးကျောင်း မှ တုနန်ဆရာတော် နှင့် ဖူလုံကျောင်းတော် မှ ရွှီယွမ်တာအိုဆရာ တို့ လို လူမျိုး မဟုတ်ရာ အနည်းငယ်မျှ ပေါ့ဆ၍ မရနိုင်ပေ။

ဤတိုက်ပွဲ ကို သူ အနိုင်ရရန် မမျှော်လင့်သော်လည်း သူ၏ စွမ်းအား များကို အစွမ်းကုန် ပြသနိုင်ရန် သာ လိုအပ်ပေသည်။

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

စူးရှ တောက်ပသော ဓားအလင်းတန်း များ က ချီရှောက်ယန် ရှိရာ နေရာသို့ အဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်လာပြီး ပေါက်ကွဲသံကြီး များ အဆက်မပြတ် ထွက်ပေါ်နေကာ လွင့်စင်သွားသော ဂယက်လှိုင်း များ ကြောင့် မြေကြီး ပေါ်တွင် တွင်းပေါက်ကြီး များ ပင် ဖြစ်ပေါ်နေပေသည်။

သို့သော် ချီရှောက်ယန် ကတော့ ယခုအချိန် အထိ ထွက်ပေါ်မလာသေးပေ။

"မဆိုးဘူး..."

နားထဲတွင် ရင်းနှီးနေသော အသံ တစ်သံ ထွက်ပေါ်လာရာ ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် က တွန့်ကွေးသွားပြီး ကြိုတင် စုစည်းထားသော ညာဘက် လက်သီး ကို အပေါ်သို့ ရုတ်တရက် ထိုးနှက်လိုက်သည်။

"ဂါး..."

နဂါးဟိန်းသံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး နဂါးပုံသဏ္ဍာန် အတွင်းအား တစ်ခု မျက်စိတစ်မှိတ် အတွင်း ပြေးထွက်သွားခဲ့သည်။

ချီရှောက်ယန် အချိန်အကြာကြီး ထွက်မလာ ကတည်းက ကျန်းချဲ့ က တစ်ဖက်လူ သည် နေရာ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ကို ခန့်မှန်းမိခဲ့ပြီး မိမိကိုယ်တိုင် လည်း ကြိုတင် ပြင်ဆင်မှု များကို အပြည့်အဝ ပြုလုပ်ထားကာ နတ်အာရုံ ကို ပေတစ်ရာ ပတ်လည် အထိ ဖြန့်ကြက်ထားခဲ့သည်။

တစ်ဖက်လူ ၏ ရုတ်တရက် တိုက်ခိုက်မှု ကို ကာကွယ်ရန် အတွက် ဖြစ်ပြီး ဝေ့ကျွင်းကျဲ ကဲ့သို့ ပြန်လည် ခုခံနိုင်စွမ်း မရှိအောင် အရိုက်ခံရမည့် အဖြစ်မျိုး မှ ရှောင်လွှဲရန် ပင် ဖြစ်သည်။

"ဟင်..."

လေဟာနယ် ထဲရှိ ချီရှောက်ယန် ဤတစ်ကြိမ် တွင်တော့ တကယ် လေးနက်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းချဲ့ က ဤမျှလောက် အချိန်ကိုက် တုံ့ပြန်နိုင်လိမ့်မည် ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ က ရုတ်တရက် တိုက်ခိုက်ခြင်း မဟုတ်သော်လည်း အခြေအနေ က အတူတူ ပင် ဖြစ်သည်။

ဤကဲ့သို့သော တုံ့ပြန်မှု မျိုး က သာမန် လူများ လုပ်နိုင်သည့် အရာ မဟုတ်ပေ။

သူ လည်း မွေးရာပါအဆင့် ကို ဖြတ်သန်းလာခဲ့သူ ဖြစ်ရာ မွေးရာပါအဆင့် သိုင်းသမား များ၏ နတ်အာရုံ က အလွန် အားနည်းပြီး အများဆုံး ပေဆယ်ဂဏန်း ခန့်သာ ရှိကြောင်း ကို ကောင်းစွာ သိရှိထားပေသည်။ သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှု အမြန်နှုန်း က အတွေး တစ်ချက် ဖြင့် ရောက်ရှိနိုင်ပေသည်။

ကျန်းချဲ့ ကို အထိနာစေရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ဘဲ သူ ကိုယ်တိုင် ပြန်လည် တိုက်ခိုက် ခံလိုက်ရသည်။

"ဝုန်း..."

ဤတိုက်ခိုက်မှု က ချီရှောက်ယန် ကို ပေဆယ်ဂဏန်းခန့် နောက်ဆုတ်သွားစေပြီး သူ၏ ကိုယ်ပတ်လည် ရှိ အတွင်းအား အကာအကွယ် လည်း မှေးမှိန်သွားခဲ့သည်။ သို့သော် သူ၏ မျက်လုံးများ ကတော့ အလွန် တောက်ပနေပေသည်။

ဒီကျန်းချဲ့ က သူ့ကို အံ့အားသင့်စရာ တွေ အများကြီး ပေးစွမ်းနိုင်ခဲ့တယ်။

မဆိုးဘူး...

တကယ်ကို မဆိုးဘူး...

"ဒီလို ဆိုမှတော့... ငါကိုယ်တော် က မင်း နဲ့ သေချာ အားရပါးရ တိုက်ခိုက်ကြည့်ရတာပေါ့..."

ချီရှောက်ယန် က ဟားဟား ရယ်မောလိုက်ပြီး အင်္ကျီလက် ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လှံရှည် တစ်လက် လက်ထဲသို့ ရောက်ရှိလာပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

“ဝုန်း…”

မျက်စိတစ်မှိတ် အတွင်းမှာပင် ချီရှောက်ယန် က ကျန်းချဲ့ ၏ အရှေ့ ပေအနည်းငယ် အကွာ သို့ ရောက်ရှိသွားပြီး လှံရှည် ကို မြှောက်ကာ အားကုန် ရိုက်ချလိုက်ရာ သောင်းချီသော ခွန်အား များ ကျဆင်းလာပြီး လေဟာနယ် ကို ပင် အသံများ ထွက်ပေါ်လာစေခဲ့သည်။

ကျန်းချဲ့ ၏ ဓား အပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

"ဘန်း..."

ကြီးမားလှသော ခွန်အား များ က မျက်စိတစ်မှိတ် အတွင်း ရောက်ရှိလာပြီး ကျန်းချဲ့ မှာ တောင်ကြီး တစ်လုံး ဖိချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ကျောပြင် ပင် ကိုင်းညွတ်သွားပြီး ပေရာချီ ခန့် အနောက်သို့ လွင့်စင်သွားကာ ကောင်းကင်ယံ မှ မြေကြီး ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်လုံးကြီး များ လွင့်စင်သွားစေခဲ့သည်။

ဝေ့ကျွင်းကျဲ ပြုတ်ကျခဲ့စဉ် က မြင်ကွင်း နှင့် အတူတူ ပင် ဖြစ်သော်လည်း ဝေ့ကျွင်းကျဲ ကို စိတ်ပျက်သွားစေသည်မှာ ကျန်းချဲ့ က ဤတိုက်ခိုက်မှု ကြောင့် ဒဏ်ရာ မရရှိခဲ့ခြင်း ပင် ဖြစ်သည်။ ပြုတ်ကျသွားသည့် မျက်စိတစ်မှိတ် အတွင်းမှာပင် မြေကြီး ပေါ်မှ ပြန်လည် ခုန်တက်လာခဲ့သည်။

ချီရှောက်ယန် ဆီသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

"ဟား..."

စူးရှ တောက်ပသော ဓားအလင်းတန်း က ကောင်းကင်နှင့် မြေကြီး ကို လင်းထိန်သွားစေပြီး အရာအားလုံး ကို ခုတ်ပိုင်းပစ်မည့် အရှိန်အဝါ ဖြင့် ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

"ဝုန်း..."

သူတို့ နှစ်ယောက် က ဥက္ကာခဲ နှစ်ခု ကဲ့သို့ တိုက်ရိုက် ဝင်တိုက်မိသွားကြပြီး နေရာမှာတင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက် က တစ်ပြိုင်နက်တည်း အနောက်သို့ ဆုတ်ခွာသွားကြပြီး ကြယ်တံခွန် နှစ်စင်း ကဲ့သို့ အဆက်မပြတ် ဝင်တိုက်လိုက်၊ နောက်ဆုတ်လိုက် ဖြင့် တိုက်ခိုက်နေကြသည်။

အချိန်တိုလေး အတွင်းမှာပင် သူတို့ နှစ်ယောက် ၏ နေရာ က ပေရာချီ အကွာအဝေး သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အကြိမ် ဆယ်ဂဏန်းခန့် ဝင်တိုက်မိကြပြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာအားလုံး အပျက်အစီးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ကျောက်တုံးများ အားလုံး အမှုန့် အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် မှ မိုးကြိုး ပစ်ချလိုက်သကဲ့သို့ အရာအားလုံး ကို ဖျက်ဆီးပစ်နေပေသည်။

"ဟားဟား... အရမ်း ကောင်းတယ်..."

ချီရှောက်ယန် မှာ တိုက်ခိုက်လေ ပိုမို အံ့အားသင့်လေ ဖြစ်နေပြီး ကျန်းချဲ့ က သူ၏ ဖိနှိပ်မှုကို ခံနေရသော်လည်း အလွန် အစွမ်းထက်သော ပြန်လည် ခုခံနိုင်စွမ်း ရှိနေသေးရာ သူ ကိုယ်တိုင် လည်း အနည်းငယ်မျှ ပေါ့ဆ၍ မရနိုင်ကြောင်း သိရှိထားပေသည်။ ဤကဲ့သို့သော စွမ်းအား မျိုး က မွေးရာပါအဆင့် တွင် လုံးဝ ထိပ်တန်း အဆင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ သူ က ရွှမ်တန်အဆင့် ကျင့်ကြံမှု ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

စွမ်းအား ကို ဖိနှိပ်ထားလျှင်တောင် ရွှမ်တန်အဆင့် သာ ဖြစ်ပြီး မွေးရာပါအဆင့် နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

ကျန်းချဲ့ တွင် ဤကဲ့သို့သော စွမ်းအား မျိုး ရှိနေခြင်း က မျိုးဆက်တူ များ ကြားတွင် ပြိုင်ဘက်ကင်း နေပြီ ဖြစ်သည်။

"ဆက်တိုက်မယ်..."

ကျန်းချဲ့ လည်း ယခုအခါ အလွန် စိတ်လှုပ်ရှား နေပေသည်။ ဤကဲ့သို့သော တိုက်ပွဲ မျိုး ကို သူ မကြုံတွေ့ရသည်မှာ အချိန် အတော် ကြာမြင့်နေပြီ ဖြစ်ပြီး ချီရှောက်ယန် ပေးစွမ်းသော ဖိအား က သူ၏ တိုက်ခိုက်လိုစိတ် များကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်ခြင်း ပင် ဖြစ်သည်။

မျက်လုံး နှစ်လုံး အတွင်း၌ သွေးရောင် အလင်းတန်း များ လင်းလက်နေပြီး အလွန် ရက်စက် ကြမ်းကြုတ်ကာ လက်မောင်း ပေါ်တွင်လည်း အကြောစိမ်း များ ထောင်ထနေပြီး သံမဏိ ညှပ် ကြီး ကဲ့သို့ ဝမ်ကျဲ့ မိစ္ဆာဓား ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ နောက်ပြန် ဓားတစ်ချက် ခုတ်ချလိုက်သည်။

'ဝှီး...'

'ဝုန်း...'

ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ချီရှောက်ယန် က လေဟာနယ် ထဲသို့ ခုန်တက်သွားပြီး ဤတိုက်ခိုက်မှု ကို ရှောင်လွှဲလိုက်သဖြင့် ဓားအလင်းတန်း က ကျောက်တုံး တစ်တုံး အပေါ်သို့ ကျရောက်သွားပြီး တောင်ထွတ် တစ်ခု ကို တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်ကာ ပေရာချီ အမြင့် မှနေ၍ ပြုတ်ကျသွားစေခဲ့သည်။

တကယ်ကို ကောင်းကင်နှင့် မြေကြီး ကို တုန်လှုပ်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

တိုက်ပွဲ နေရာ က အဆက်မပြတ် ပြောင်းရွှေ့နေပြီး ခဏအကြာတွင် သူတို့ နှစ်ယောက် က ကျောက်တုံး တောအုပ် တစ်ခု အတွင်းသို့ ရောက်ရှိသွားကြသည်။ ချီရှောက်ယန် က လက်သီး တစ်ချက် ထိုးနှက်လိုက်ရာ အပြာရောင် အလင်းတိုင် ကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး ကျန်းချဲ့ ၏ မျက်လုံးများ ကျုံ့ဝင်သွားကာ ချက်ချင်း အတွင်းအား အကာအကွယ် ကို ဖန်တီးပြီး ဓား ကို အရှေ့တွင် ကာကွယ်ထားလိုက်သည်။

သို့သော် ချီရှောက်ယန် ၏ တိုက်ခိုက်မှု ကို သူ မကာကွယ်နိုင်ခဲ့ပေ။ အတွင်းအား အကာအကွယ် က စက္ကူ လို လွယ်လွယ်ကူကူ ပျက်စီးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား များ က ဓားကိုယ်ထည် အပေါ်သို့ ကျရောက်သွားကာ သူ့ကို လေဟာနယ် ထဲမှ မြေကြီး ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။

ကျန်းချဲ့ က ခန္ဓာကိုယ် ကို လှည့်ပတ်ပြီး လေဟာနယ် ထဲတွင် လှုပ်ရှားကာ ကျောပြင် ကို လိမ်လိုက်ပြီးမှသာ ဤစွမ်းအား များ၏ ရိုက်ခတ်မှု ကို လျှော့ချနိုင်ခဲ့ပြီး ကိုယ်တွင်း အင်္ဂါများ ဆူပွက်နေသည်ကို ခံစားလိုက်ရသည်။

ခြေမချရသေးမီ မှာပင် ကျန်းချဲ့ က ချီရှောက်ယန် လုံးဝ အလွတ်ပေးမည် မဟုတ်ကြောင်း ကို သိရှိထားပြီး ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင် များကို ရူးသွပ်စွာ ထုတ်လွှတ်ကာ လက်ဖဝါး အတွင်း၌ စုစည်းလိုက်သည်။

ထင်သည့်အတိုင်းပင် နောက်တစ်ခဏ တွင် ချီရှောက်ယန် က ကောင်းကင် မှနေ၍ ကျဆင်းလာခဲ့သည်။

လက်တစ်ဖက် ဖြင့် လှံရှည် ကို ကိုင်ကာ ကောင်းကင် ကို ဖုံးလွှမ်းမည့် အရှိန်အဝါ များဖြင့်...

ကြောက်မက်ဖွယ်ကောင်းသော ဖိအား များ က ချက်ချင်း ပေါက်ကွဲ ထွက်လာပြီး အရှိန်အဝါ က ကျန်းချဲ့ ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။

"ဟား..."

တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး ကျန်းချဲ့ က လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရာ နဂါးပုံသဏ္ဍာန် အတွင်းအား ကြီး တစ်ခု က အပေါ်သို့ ဟိန်းဟောက် ပြေးထွက်သွားပြီး ကောင်းကင် မှ ကျဆင်းလာသော ချီရှောက်ယန် ၏ အပေါ်သို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်သွားကာ မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ကျန်းချဲ့ အချိန်အကြာကြီး စုစည်းထားခဲ့သော်လည်း ချီရှောက်ယန် ၏ တိုက်ခိုက်မှု ကို လုံးဝ မဖျက်ဆီးနိုင်ခဲ့ပေ။

ဤအခိုက်အတန့် တွင် တစ်ဖက်လူ က ကျဆင်းလာသော ဥက္ကာခဲ တစ်ခု ကဲ့သို့ တုန်လှုပ်ဖွယ်ရာ ကောင်းသော စွမ်းအား များကို သယ်ဆောင်လာခဲ့သည်။

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

ကျန်းချဲ့ က ဤတိုက်ခိုက်မှု ကို ကာကွယ်ရန် အလွန် ခက်ခဲကြောင်း သိရှိထားသဖြင့် အဆက်မပြတ် နောက်ဆုတ်နေရင်း နဂါးပုံသဏ္ဍာန် အတွင်းအား များကို ဆက်တိုက် ရိုက်ထုတ်ကာ တစ်ဖက်လူ ၏ စွမ်းအား ကို ဖြည်းဖြည်းချင်း လျှော့ချနေပြီး ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင် များ ကိုလည်း ရေလို သုံးစွဲနေပေသည်။

သို့သော် အားလုံး က ချီရှောက်ယန် ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ အောက်တွင် ပျက်စီးသွားကြပြီး အဆုံးအဖြတ် ပေးနိုင်မည့် အကျိုး သက်ရောက်မှု လုံးဝ မရှိခဲ့ပေ။

"သတ်..."

သွေးပင်လယ် သတ်ဖြတ်ခြင်း ကပ်ဆိုး က နောက်တစ်ကြိမ် ပေါက်ကွဲ ထွက်လာပြီး ကျန်းချဲ့ က ဓားကို မြှောက်ကာ ခုတ်ချလိုက်ရာ တိုက်ခိုက်မှု နှစ်ခု က နောက်ဆုံးတွင် အပြည့်အဝ ဝင်တိုက်မိသွားကြလေတော့သည်။

'ဒိုင်း...'

'ဝုန်း...'

ကျန်းချဲ့ ချက်ချင်း မြေကြီး ပေါ်သို့ ပြုတ်ကျသွားပြီး ခြေထောက် နှစ်ဖက်လုံး ရွှံ့မြေ ထဲသို့ နစ်ဝင်သွားကာ အလွန် အစွမ်းထက်သော စွမ်းအား များ ကြောင့် ပတ်ဝန်းကျင် ပေရာချီ အတွင်းရှိ မြေကြီး များ ချက်ချင်း ပြိုကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဂယက်လှိုင်း များ က အရပ်လေးမျက်နှာ သို့ လွင့်စင်သွားကာ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ကြီးမားလှသော ကျောက်တုံးကြီး များ အားလုံး အမှုန့် အဖြစ် ပြောင်းလဲသွားခဲ့လေတော့သည်။

All Chapters