← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) အစွမ်းကုန် ယှဉ်ပြိုင်ခြင်း... ချီမိသားစု အံ့အားသင့်သွားခြင်း

ဤအခိုက်အတန့်တွင် အချိန်များပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ကျန်းချဲ့၏ လက်မောင်းနှစ်ဖက်စလုံး အနည်းငယ် တုန်ယင်နေပြီး လက်ဖဝါးများပင် ချီရှောက်ယန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် ပေါက်ပြဲသွားခဲ့သည်။ ကိုယ်တွင်းအင်္ဂါများ ဆူပွက်နေပြီး သွေးတစ်လုတ်က လည်ချောင်းဝသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူက အတင်းအကျပ် ပြန်မြိုချထားလိုက်သည်။

အရမ်း အစွမ်းထက်လွန်းတယ်။

ချီရှောက်ယန်၏ စွမ်းအားက ယခုအချိန်အထိ ကျန်းချဲ့ ကြုံတွေ့ဖူးသမျှ အစွမ်းအထက်ဆုံးသူ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့အပြင် တစ်ဖက်လူက... အစွမ်းကုန် မထုတ်သေးဘဲ မိမိ၏ ကျင့်ကြံမှုကိုပင် ဖိနှိပ်ထားသေးသည်။

သို့သော် ဤသို့ဖြစ်နေလျှင်တောင် သူ့ကို ဒဏ်ရာအများအပြား ရရှိစေခဲ့သည်။

လေဟာနယ်ထဲတွင် ချီရှောက်ယန်က လှံကိုကိုင်ကာ ရပ်နေပြီး ကျန်းချဲ့ကို အပေါ်စီးမှနေ၍ ငုံ့ကြည့်နေကာ မျက်နှာပေါ်တွင် ပြုံးရွှင်သည့် အမူအရာများ ရှိနေပေသည်။ ယခုအချိန်တွင် ကျန်းချဲ့က အောက်စီးသို့ ရောက်ရှိနေသော်လည်း လုံးဝ ရှုံးနိမ့်သွားခြင်း မရှိသေးပေ။ ထို့အပြင် တစ်ဖက်လူ၏ စွမ်းအားကလည်း သူ့ကို အလွန် အံ့အားသင့်သွားစေခဲ့သည်။

မည်သို့ပင်ဆိုစေ သူက ရွှမ်တန်အဆင့် သိုင်းသခင်၏ စွမ်းအားဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ချီမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် သိုင်းလောကသို့ စတင် ဝင်ရောက်လာကတည်းက ထိပ်တန်း အရင်းအမြစ်များ အားလုံးက သူ့အပေါ်သို့ စုပုံနေခဲ့ပြီး အမြဲတမ်း အဆင့်ကျော် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ကျန်းချဲ့၏ အဆင့်ကျော် တိုက်ခိုက်ခြင်းကို ခံလိုက်ရပေသည်။

အကယ်၍ သူသာ မွေးရာပါအဆင့် ဖြစ်နေမည်ဆိုပါက ကျန်းချဲ့၏ ပြိုင်ဘက် လုံးဝ ဖြစ်မည်မဟုတ်ကြောင်း သူ ထင်မြင်မိသည်။

ဤကဲ့သို့သော ပါရမီမျိုးက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ အဖေက ဘာဖြစ်လို့ ဝမ်ကျင်းကို သူ့ကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့လဲ ဆိုတာကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

သူ အလွန် ကျေနပ်ပေသည်။

ဤကဲ့သို့သော လောကတွင် ရှားပါးလှသည့် ထိပ်တန်း ပါရမီရှင်မျိုးမှသာ သူ၏ ယောက်ဖ ဖြစ်ရန် ထိုက်တန်ပေသည်။

"ဘယ်လိုလဲ... ဆက်တိုက်နိုင်သေးလား..."

ချီရှောက်ယန်က ကျန်းချဲ့ကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။

"တိုက်မယ်..."

ကျန်းချဲ့က ခေါင်းကို လေးနက်စွာ ညိတ်လိုက်ပြီး မျက်လုံးများထဲတွင် သွေးရောင် အလင်းတန်းများက လေဟာနယ်ကို ဖောက်ထွင်းသွားတော့မည့် အလား ဖြစ်နေပေသည်။

သူ မရှုံးသေးဘူး...

"ဟား..."

တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး ကျန်းချဲ့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများက အဆက်မပြတ် ဆူပွက်လာကာ နဂါးဟိန်းသံများပင် ထွက်ပေါ်လာခဲ့သည်။ မိစ္ဆာဓားက ခေါင်းပေါ်တွင် လွင့်မျောနေပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အားကုန် ဆုပ်လိုက်ရာ နောက်တစ်ခဏတွင် ပတ်ဝန်းကျင် ပေဆယ်ဂဏန်းအတွင်းရှိ သဘာဝ ယွမ်ချီစွမ်းအင်များ အားလုံးက သူ့ဆီသို့ ရူးသွပ်စွာ စုစည်းလာကြသည်။

"ဂါး..."

"ဂါး..."

"ဂါး..."

နဂါးပုံသဏ္ဍာန် အတွင်းအား ဆယ်ခုကျော်က မြေကြီးပေါ်မှ ထိုးတက်လာပြီး ချီရှောက်ယန်ဆီသို့ ဟိန်းဟောက် ပြေးဝင်သွားကြသည်။ ကျန်းချဲ့ ကိုယ်တိုင်လည်း မြေကြီးပေါ်မှ ခုန်တက်ကာ ကောင်းကင်သို့ ထိုးတက်သွားပြီး အပေါ်စီးမှ ငုံ့ကြည့်မည်ဆိုပါက ဤအခိုက်အတန့်တွင် မြေကြီးများပင် တုန်ခါနေကြောင်း မြင်တွေ့နိုင်ပေသည်။

ဤမြင်ကွင်းက ဘေးတွင် ရပ်ကြည့်နေသော ဝေ့ကျွင်းကျဲကို မျက်လုံးများ တွေဝေသွားစေပြီး မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားသည့် အမူအရာများ ပေါ်ထွက်လာစေခဲ့သည်။ ကျန်းချဲ့နှင့် ချီရှောက်ယန်တို့၏ တိုက်ပွဲကို သူ အစမှ အဆုံးထိ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ရင်ထဲတွင် အလွန်တရာ အံ့အားသင့် တုန်လှုပ်နေပေသည်။

'ကျန်းချဲ့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... ‘

'ကျန်းချဲ့က ဘာကို အားကိုးပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... ,

မွေးရာပါအဆင့် ကျင့်ကြံမှုဖြင့် ရွှမ်တန်အဆင့် ချီရှောက်ယန်ကို ယှဉ်ပြိုင် တိုက်ခိုက်နေပြီး အောက်စီးသို့ ရောက်သွားရုံ သက်သက်သာ ဖြစ်ကာ လုံးဝ ရှုံးနိမ့်သွားခြင်း မရှိပေ။ ထို့အပြင် ယခုအချိန်အထိ တိုက်ခိုက်ပြီးသည့်တိုင်အောင် ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။

ကျန်းချဲ့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူ ယခင်က တိုက်ခိုက်ခဲ့ခြင်းမှာ ရယ်စရာ တစ်ခု သက်သက်သာ ဖြစ်ပေသည်။

ချီရှောက်ယန်ကို လက်နက်တောင် မထုတ်ခိုင်းနိုင်ခဲ့ပေ။

သူ၏ မျက်လုံးများက အနည်းငယ် စိတ်ပျက်အားငယ်နေပေသည်။ ကျန်းချဲ့ကဲ့သို့ အောက်ခြေ ဘဝမှ တက်လာသူများက စွမ်းအား အလွန် ကြီးမားမည်ဖြစ်ပြီး သူ့ထက် အနည်းငယ် သာလွန်မည်ဆိုသည်ကို သူ သိရှိထားသော်လည်း ဤမျှလောက် အထိ သာလွန်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"သခင်လေး... ကျန်းချဲ့လို ပါရမီရှင်မျိုးက လောကတစ်ခုလုံးမှာတောင် လက်ချိုးရေတွက်လို့ ရပါတယ်... သူနဲ့ သွားပြီး နှိုင်းယှဉ်နေစရာ မလိုပါဘူး..."

ဝေ့ချင်းက ဝေ့ကျွင်းကျဲကို ဖျောင်းဖျရန် စကားလုံးများကို သေချာ စဉ်းစား ရွေးချယ်နေပေသည်။

ယခုလေးတင် ယုံကြည်မှု ပြန်လည် ရရှိလာသော သူ့ကို နောက်တစ်ကြိမ် ထပ်မံ စိတ်ပျက် အားငယ်သွားမည်ကို သူ လုံးဝ မလိုလားပေ။

ဤသည်မှာ မိသားစုခေါင်းဆောင်၏ ရည်ရွယ်ချက် မဟုတ်ပေ။

"ကျွန်တော် သိပါတယ်..."

ဝေ့ကျွင်းကျဲက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။

သိတာက သိပေမယ့်... ရင်ထဲမှာတော့ တကယ်ကို ခံစားရ ခက်နေတာပဲ။

ဘယ်သူကများ ကိုယ့်ထက် သာလွန်သွားတာကို မြင်ချင်မှာလဲ။

သူက ဝေ့မိသားစု၏ သခင်လေး တစ်ယောက် ဖြစ်ပါလျက်နှင့် တံငါသည် ဘဝမှ တက်လာသည့် သာမန် လူတစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးလား။

ထို့အပြင် ကွာဟချက်ကလည်း အလွန် ကြီးမားလှပေသည်။

ထိုရှုံးနိမ့်မှု ခံစားချက်က သူ့ကို ရင်ထဲတွင် အလွန် ခံစားရ ခက်စေပေသည်။

အံ့အားသင့် တုန်လှုပ်နေသူမှာ ဝေ့မိသားစုမှ လူနှစ်ယောက်တည်း မဟုတ်ဘဲ ချီဆန်းကျား ကိုယ်တိုင်လည်း အလွန်အမင်း ထိတ်လန့်နေပေသည်။ မျက်နှာထားက ပုံမှန်အတိုင်း ဖြစ်နေသော်လည်း ရင်ထဲတွင်တော့ ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ပင် ဖြစ်နေပေသည်။

ကျန်းချဲ့ကို စွမ်းအားများ လုံးဝ မဖုံးကွယ်ထားဘဲ ပါရမီနှင့် စွမ်းအားကို အစွမ်းကုန် ပြသရန်သာ သူ ပြောခဲ့သည်။

သို့သော် ကျန်းချဲ့က ဤမျှလောက် အထိ အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

တိုက်ပွဲကို ကြည့်ရှုနေစဉ် အတွင်း သူ စဉ်းစားနေမိသည်မှာ အကယ်၍ ကျန်းချဲ့နှင့် တိုက်ခိုက်နေသူက ချီမိသားစု၏ သခင်လေး ချီရှောက်ယန် မဟုတ်ဘဲ သူ ကိုယ်တိုင်သာ ဖြစ်မည်ဆိုပါက ဘယ်လို အဆုံးသတ်မျိုး ဖြစ်သွားမလဲ ဆိုသည်ကိုပင် ဖြစ်သည်။ သို့သော် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီးနောက်... အကယ်၍ သူသာ ဆိုလျှင် ကျန်းချဲ့နှင့် အခြေခံအားဖြင့် အင်အား တူညီနိုင်ရုံသာ ရှိမည်ဟု သူ တွေ့ရှိလိုက်ရသည်။

ဆိုလိုသည်မှာ ကျန်းချဲ့၏ ယခု လက်ရှိ စွမ်းအားက တကယ့် အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင်များနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လွန်ခဲ့သော တစ်လကျော် အချိန်ကို ပြန်လည် စဉ်းစားကြည့်မည် ဆိုပါက ကျန်းချဲ့က သိုင်းသခင်များကို အနည်းငယ်မျှသာ ခြိမ်းခြောက်နိုင်စွမ်း ရှိသေးသည်။ ယခုအခါတွင်တော့ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် ဖြစ်သွားသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တိုးတက်မှုနှုန်းက အရမ်း မြန်ဆန်လွန်းသည်။

မြန်လွန်းလို့ သူကိုယ်တိုင်ပင် လက်ခံနိုင်ရန် ခက်ခဲနေပေသည်။

အကယ်၍ ယခင်က သူသာ လောဘစိတ်များကို မထိန်းချုပ်နိုင်ခဲ့လျှင်... တစ်သက်လုံး နောင်တရသွားရမည်မှာ အသေအချာပင် ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးက မည်သူကမျှ သူ၏ အစွမ်းအစများကို ဖုံးကွယ်ထား၍ မရနိုင်ဘဲ မိတ်ဆွေ အဖြစ်သာ ပေါင်းသင်းသင့်ပြီး ရန်သူ အဖြစ် လုံးဝ မသတ်မှတ်သင့်ပေ။

"ဟူး..."

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ချီဆန်းကျားက စိတ်နှလုံး ရှင်းလင်းသွားသည်ကို ခံစားလိုက်ရသည်။

တော်သေးတာပေါ့... သူ ရွေးချယ်မှု မှန်ကန်သွားခဲ့တယ်။

ကျန်းချဲ့သာ ကြီးပြင်းလာမည်ဆိုပါက သူ ပေးဆပ်ခဲ့သမျှ အားလုံးက ကြီးမားလှသော အကျိုးအမြတ်များ အဖြစ် ပြန်လည် ရရှိလာမည် ဖြစ်သည်။

"ဒီကောင်လေးက... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."

ပေတစ်ထောင် အကွာအဝေးရှိ တိမ်တိုက်များ ကြားတွင် ချီကျန်းနန် နှင့် ချီမိသားစု၏ အကြီးအကဲချုပ် တို့ကလည်း ကျန်းချဲ့နှင့် ချီရှောက်ယန် တို့၏ တိုက်ပွဲကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြပြီး ကျန်းချဲ့ အပေါ် အကဲဖြတ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"အကယ်လို့ ရှောက်ယန် နဲ့ ဒီကောင်လေးသာ အဆင့်တူ အချင်းချင်း တိုက်ခိုက်ကြမယ် ဆိုရင်... သေချာပေါက် အနိုင်မရနိုင်ဘူး..."

အကြီးအကဲချုပ် က လက်ထဲရှိ နဂါးခေါင်း တောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မေးအောက်ရှိ မုတ်ဆိတ်မွေးများကို သပ်ရင်း မနေနိုင်ဘဲ သက်ပြင်းချကာ ပြောလိုက်သည်။

"တကယ်ကို ဟုတ်ပါတယ်..."

ချီကျန်းနန် ကလည်း လေးနက်စွာ ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ကျန်းချဲ့ ရဲ့ လက်ထဲက အဲဒီ ဓားက တော်တော်လေး ထူးခြားတယ်... နတ်လက်နက် ဖြစ်လောက်တယ်... ဒီကောင်လေးမှာ ဒီလို ကံကောင်းမှုမျိုး ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး..."

သူတို့ နှစ်ယောက်၏ အမြင်အာရုံဖြင့် ဆိုလျှင် ပေတစ်ထောင် အကွာအဝေးမှနေ၍ သူတို့၏ တိုက်ပွဲကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိပေသည်။

သဘာဝကျကျပင် ကျန်းချဲ့၏ လက်ထဲရှိ မိစ္ဆာဓား ၏ ထူးခြားမှုကိုလည်း သတိပြုမိသွားကြသည်။

ဤသည်က သူတို့ကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်။ နတ်လက်နက် ဆိုသည်မှာ သာမန် ပစ္စည်း မဟုတ်ဘဲ ရွှမ်တန်အဆင့် သိုင်းသခင်များ ပင်လျှင် ပိုင်ဆိုင်နိုင်သူ အလွန် ရှားပါးလှပြီး ချီမိသားစု တစ်ခုလုံး တွင် ရှိသော နတ်လက်နက်များက လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

လက်နက် တိုင်းက တန်ဖိုး မဖြတ်နိုင်အောင် ကြီးမားလှပေသည်။

သေချာသည်မှာ သူတို့က လိုချင်တပ်မက်စိတ် ရှိနေခြင်း မဟုတ်ပေ။ သူတို့၏ စိတ်နေသဘောထား အရ မျိုးဆက်သစ် လူငယ် တစ်ယောက်၏ လက်နက်ကို လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာလောက်သည့် အထိ မဖြစ်နိုင်ပေ။ ကျန်းချဲ့ က နောက်ခံ အင်အား မရှိဘဲနှင့် နတ်လက်နက် အဆင့်အတန်း ရှိသော မိစ္ဆာဓားကို ရရှိနိုင်ခြင်းကိုသာ အံ့အားသင့်နေခြင်း ဖြစ်သည်။

ဒီကံကောင်းမှု... ဒီကံကြမ္မာ အထောက်အပံ့... တကယ်ကို သာမန် မဟုတ်ဘူး။

"ဝမ်ကျင်း က ဘယ်လို သဘောထားမျိုး ရှိလဲ... အကယ်လို့ သူ တကယ် သဘောမတူဘူး ဆိုရင်... ဒီကောင်လေးကို တခြား မိသားစုတွေ နဲ့ လုံးဝ မင်္ဂလာ ဆောင်ခွင့် ပေးလို့ မဖြစ်ဘူး... ငါကိုယ်တော့် ရဲ့ မြေးမလေး နဲ့ပဲ လက်ထပ်ပေးလိုက်ရုံပေါ့..."

အကြီးအကဲချုပ် က ယခုအချိန်အထိ အလျှော့မပေးသေးဘဲ သူ၏ မြေးမလေး အတွက် အခွင့်အရေး တစ်ခု ရှာဖွေပေးချင်နေသေးသည်။

ဤကဲ့သို့သော ပါရမီရှင်မျိုး က တကယ့် အစစ်အမှန် လျှို့ဝှက် နဂါး တစ်ကောင် ပင် ဖြစ်သည်။

လေမုန်တိုင်း များနှင့် တွေ့ဆုံသည်နှင့် သေချာပေါက် နဂါး တစ်ကောင် အဖြစ် ပြောင်းလဲသွားမည် ပင် ဖြစ်သည်။

"ဝမ်ကျင်း က ဘာမှ ကန့်ကွက်စရာ မရှိပါဘူး... အကြီးအကဲချုပ် အနေနဲ့ ဒီအတွေးကို လက်လျှော့လိုက်ပါတော့... ဝမ်ကျင်း နဲ့ နင်ပင်း က ငါတို့ ချီမိသားစု ရဲ့ မျက်နှာစာ တွေလေ... နာမည်ကျော်ကြား နေတာ ဆိုတော့ သူတို့ နဲ့ မင်္ဂလာ ဆောင်ပေးတာကမှ အသင့်တော်ဆုံး ဖြစ်မှာပါ..."

"ဒါလည်း ဟုတ်တာပဲ..."

အကြီးအကဲချုပ် က သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်သည်။ မိမိ၏ မြေးမလေး က အသုံးမကျသဖြင့် သိုင်းလောက တွင် မည်သည့် နာမည်ဂုဏ်သတင်း မျှ မရရှိခဲ့သည် ကိုသာ အပြစ်တင်ရတော့မည်။ မဟုတ်လျှင် မျက်နှာ အနည်းငယ် အရှက်ကွဲခံပြီး မင်္ဂလာ ကိစ္စကို အတည်ပြုခိုင်းမည် ဖြစ်သည်။

"ဒီကောင်လေး က အမြုတေ မတည်ရသေးဘူး ဆိုတော့... ငါတို့ ချီမိသားစု ကို ကိုယ်စားပြုပြီး ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲကို သွားခိုင်းရင် ဘယ်လိုလဲ..."

ချီကျန်းနန် က အချိန်ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ရွှမ်လင် လျှို့ဝှက်နယ်မြေ... ဒါ... ဒါ သိပ်မသင့်တော်ဘူး ထင်တယ်နော်... ဒါက ငါတို့ မိသားစု အနည်းငယ် ပူးပေါင်းပြီး ထိန်းချုပ်ထားတဲ့ လျှို့ဝှက်နယ်မြေ လေ... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကတည်းက အပြင်လူတွေ ဝင်ခွင့် မပြုဘူးလို့ စည်းကမ်း သတ်မှတ်ထားတာ...

အဲဒီ မိသားစု တွေ သဘောတူပါ့မလား..."

အကြီးအကဲချုပ် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။

"ဟွန့်... ဘယ်သူက သူက အပြင်လူ လို့ ပြောလို့လဲ... သူက ကျုပ်ရဲ့ သမက်လေ... သမက် ဆိုတာ သားတစ်ပိုင်း ပဲ... ကျန်းချဲ့ က ဝမ်ကျင်း နဲ့ မင်္ဂလာ ဆောင်မယ် ဆိုရင်... ကျုပ် ရဲ့ သားတစ်ပိုင်း ဖြစ်သွားပြီပေါ့... ဘယ်သူ ကများ သူ့ကို အပြင်လူ လို့ ပြောရဲသေးလဲ..."

ချီကျန်းနန် က အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟားဟားဟား... မင်း ကတော့..."

အကြီးအကဲချုပ် က မနေနိုင်ဘဲ ရယ်မောလိုက်မိသော်လည်း ချက်ချင်း ပင် မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး သက်ပြင်း တစ်ချက် ချကာ...

"ဝမ်ကျင်း ကတော့ ခိုကိုးရာ ရသွားပြီ... ဒါပေမဲ့ နင်ပင်း ကတော့..."

သူတို့ က ဝေ့ကျွင်းကျဲ နှင့် ချီရှောက်ယန် တို့၏ တိုက်ပွဲကို မမြင်တွေ့ခဲ့ရသော်လည်း ဝေ့ကျွင်းကျဲ ၏ ရောင်ရမ်းနေသော မျက်နှာကို ကြည့်ခြင်း အားဖြင့် ချီရှောက်ယန် ၏ အကြီးအကျယ် ဆုံးမခြင်းကို ခံလိုက်ရကြောင်း သိသာ ထင်ရှားလှပေသည်။

သေချာပေါက် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့မည် ပင် ဖြစ်သည်။

ချီကျန်းနန် ၏ အကြည့်များ က အဝေးသို့ ရောက်ရှိသွားပြီး...

"ဝေ့မိသားစု က ယွဲ့ပြည်နယ် နဲ့ တောင်ပိုင်း နယ်စပ် တွေမှာ အင်အား အများကြီး ရှိတယ်... ငါ က ချီမိသားစု ရဲ့ အင်အား တွေကို ဝေ့မိသားစု ကတစ်ဆင့် အဲဒီထဲကို ဝင်ရောက်ချင်လို့... အဲဒီအထဲမှာ လျှို့ဝှက်နယ်မြေ နှစ်ခု နဲ့ အရင်းအမြစ် တွေ အများကြီး ပါဝင်တယ်... ဝေ့မိသားစု နဲ့ မင်္ဂလာ ဆောင်ဖို့ ဆိုတာက... နင်ပင်း ကို နည်းနည်း နစ်နာခံခိုင်းရမှာပဲ..."

"တခြား တိုက်ရိုက်မျိုးဆက် မိန်းကလေး တွေ မရဘူးလား..."

"ဝေ့မိသားစု ခေါင်းဆောင် က နင်ပင်း နဲ့ မင်္ဂလာ ဆောင်ပြီး ဝေ့ကျွင်းကျဲ ရဲ့ သခင်လေး နေရာကို ခိုင်မာအောင် လုပ်ချင်နေတာ... ချီမိသားစု ရဲ့ အင်အား ကို အသုံးပြုပြီး ဝေ့မိသားစု ထဲက အကြီးအကဲ တွေကို အသံတိတ်သွားအောင် လုပ်ချင်တာ... သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး တွေ ဆိုရင် ဒီလောက် အကျိုးသက်ရောက်မှု မရှိနိုင်ဘူး...

မဟုတ်ရင်... ငါ က ဘာလို့ နင်ပင်း ကို ဝေ့ကျွင်းကျဲ နဲ့ လက်ထပ်ပေးဖို့ သဘောတူမှာလဲ..."

"ဟူး..."

အကြီးအကဲချုပ် က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

"ယောက်ဖ လောင်း က တကယ်ကို အရမ်း အစွမ်းထက်တာပဲ... အစ်မကြီး... အစ်မကြီး သဘောကျရဲ့လား..." ကျောက်တုံး တောအုပ် အနီးတွင် ချီနင်ပင်း နှင့် ချီဝမ်ကျင်း ညီအစ်မ နှစ်ယောက် ကလည်း ယခုလေးတင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး သူတို့ နှစ်ယောက် ၏ လေဟာနယ် ထဲရှိ တိုက်ပွဲကို မြင်တွေ့လိုက်ရပေသည်။

"သူ အရမ်း အစွမ်းထက်တယ်..."

ချီဝမ်ကျင်း က သဘောထား ကို ထုတ်ဖော် မပြောဆိုသော်လည်း ဤစကား တစ်ခွန်း ကိုတော့ မနေနိုင်ဘဲ ပြောလိုက်မိသည်။ သို့သော် ထူးဆန်းသည်မှာ ဤတစ်ကြိမ် တွင်တော့ ချီနင်ပင်း ၏ ယောက်ဖ ဆိုသည့် အခေါ်အဝေါ် ကို သူမ က မဆန့်ကျင်ခဲ့ခြင်း ပင် ဖြစ်သည်။

"အစ်ကိုကြီး လည်း တော်တော်လေး သဘောကျနေပုံ ရတယ်နော်..."

"မွေးရာပါအဆင့် ကျင့်ကြံမှု နဲ့ ဒီလောက် အထိ တိုက်ခိုက်နိုင်တာ... အစ်ကိုကြီး က သေချာပေါက် သဘောမကျဘဲ နေမှာ မဟုတ်ဘူး..."

"အစ်မကြီး... အကယ်လို့ အစ်မတို့ နှစ်ယောက် သာ တိုက်ခိုက်ကြမယ် ဆိုရင်... အစ်မကြီး က သူ့ကို နိုင်ဖို့ ယုံကြည်ချက် ရှိလား..."

ချီနင်ပင်း က ကိုယ့်အစ်မကြီး ၏ စွမ်းအားကို သိရှိထားသဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။

"မသိဘူး..."

ချီဝမ်ကျင်း တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ မှတ်တမ်း များ ရှိခဲ့ဖူးပြီး နယ်စပ် တွင် နာမည်ကျော်ကြား ခဲ့ဖူးသော်လည်း သူမ ကိုယ်တိုင် သာ သိရှိထားသည်မှာ... လူရိုင်း တွေ ထဲက ရှန်ကွမ်းအဆင့် အထွတ်အထိပ် သိုင်းသမား တစ်ယောက်ကို လှံတစ်ချက်တည်း ဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

အဓိက အကြောင်းရင်း က သူမ အသုံးပြုခဲ့သည်မှာ ချီရှောက်ယန် က သူမ အား ပေးထားခဲ့သော ဝိညာဉ် လက်ဖွဲ့ တစ်ခု ၏ ပံ့ပိုးမှု ကြောင့် ပင် ဖြစ်သည်။

မဟုတ်လျှင် ယွမ်ဟိုင်အဆင့် ကျင့်ကြံမှု ဖြင့် ရှန်ကွမ်းအဆင့် သိုင်းသမား တစ်ယောက်ကို ဘယ်လိုလုပ် လှံတစ်ချက်တည်း ဖြင့် သတ်ဖြတ်နိုင်မည်နည်း။

"အစ်မကြီး ကို ဂုဏ်ပြုပါတယ်... ကိုယ် သဘောကျတဲ့ လူကို ရှာတွေ့သွားလို့..."

ခဏတာ တိတ်ဆိတ် သွားပြီးနောက် ချီနင်ပင်း က အတင်း အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်သည်။

"နင်ပင်း... ငါ..." ချီဝမ်ကျင်း က ချီနင်ပင်း ၏ လက်ကောက်ဝတ် ကို မနေနိုင်ဘဲ ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများ ထဲတွင် တွန့်ဆုတ် နေသည့် အရိပ်အယောင် များ ရှိနေသော်လည်း သူမ စကား မပြောရသေးမီ မှာပင် တစ်ဖက်လူ ၏ ဖြတ်ပြောခြင်း ကို ခံလိုက်ရသည်။

"အစ်မကြီး... ဟိုမှာ ကြည့်... ကျန်းချဲ့ က မရှုံးသေးဘူး..."

"ဟင်..."

"လာစမ်း..."

ချီရှောက်ယန် မှာ ယခုအခါ တိုက်ခိုက်လိုစိတ် များ အပြည့်အဝ ဖြစ်နေပြီး ကျန်းချဲ့ ၏ စွမ်းအား များ က ပိုမို အစွမ်းထက် လာသည်ကို မြင်သောအခါ နေရာမှာတင် အော်ဟစ်လိုက်ပြီး လက်ထဲရှိ လှံရှည် ကို စွန့်လွှတ်ကာ အင်္ကျီလက် အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထို့နောက် လက်နှစ်ဖက်ဖြင့် လက်သင်္ကေတ ပြုလုပ်လိုက်ရာ အဆုံးအစ မရှိသော ကျားဟိန်းသံ များ က ကောင်းကင် တွင် ပဲ့တင်ထပ်သွားပြီး သဘာဝ ယွမ်ချီ စွမ်းအင် များ လှိမ့်တက်လာခဲ့သည်။

"ဂါး..."

လက်နှစ်ဖက် ကို အရှေ့သို့ တွန်းထုတ်လိုက်ရာ ကျားဟိန်းသံ က ကောင်းကင် ကို တုန်လှုပ်သွားစေပြီး ကျားပုံသဏ္ဍာန် အတွင်းအား အများအပြား က စုစည်းလာကာ နဂါးပုံသဏ္ဍာန် အတွင်းအား ဆယ်ခုကျော် နှင့် ဝင်တိုက်မိသွားပြီး လေဟာနယ် ထဲတွင် ပေါက်ကွဲသံကြီး များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချီရှောက်ယန် က ရှေ့တစ်လှမ်း တိုးလိုက်ရာ ပုံရိပ် က မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားပြီး လက်နက် မပါဘဲ ကျန်းချဲ့ နှင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။

ချီရှောက်ယန် က လက်နက် ကို စွန့်လွှတ်လိုက်သည် ကို ကြည့်ရင်း ကျန်းချဲ့ က အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဝမ်ကျဲ့ မိစ္ဆာဓား ကိုလည်း ချီဆန်းကျား ထံသို့ ပစ်ပေးလိုက်ကာ လက်နက်မဲ့ တိုက်ခိုက်ခြင်း ကို သူ အနည်းငယ်မျှ ပင် မကြောက်ရွံ့ပေ။ လက်မောင်း နှစ်ဖက် ကို တုန်ခါလိုက်ရာ နဂါးဟိန်းသံ က မာနထောင်လွှားစွာ ထွက်ပေါ်လာခဲ့သည်။

ရေခဲ ဖီးနစ် ၏ ဝိညာဉ် စွမ်းအင် နှင့် မြေနဂါးစွမ်းအင် တို့ ၏ သန့်စင်ပေးမှု ကြောင့် ကျန်းချဲ့ က မွေးရာပါ ရွှမ်ခန္ဓာကိုယ် ကို အောင်မြင်စွာ ရရှိသွားခဲ့ရုံ သာမက သူ၏ ခန္ဓာကိုယ် စွမ်းအား ကိုလည်း အများကြီး တိုးတက်လာစေခဲ့သည်။

ယခင်ကလို အားနည်းချက် တစ်ခု လုံးဝ မဟုတ်တော့ပေ။

"ဘန်း..."

"ဘန်း..."

"ဘန်း..."

သူတို့ နှစ်ယောက် က လက်သီးချင်း လက်ဝါးချင်း အဆက်မပြတ် တိုက်ခိုက်နေကြပြီး အကြိမ်တိုင်း တွင် ခန္ဓာကိုယ် ၏ အမြင့်ဆုံးသော စွမ်းအား များ ဖြင့် တိုက်ခိုက်နေကြရာ ပေါက်ကွဲသံကြီး များ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျောက်တုံး ကြီး နှစ်တုံး ဝင်တိုက်မိသကဲ့သို့ မိုးကြိုးသံ များ အဆက်မပြတ် ထွက်ပေါ်နေပေသည်။

ဤအခိုက်အတန့် တွင် သူတို့ နှစ်ယောက် ၏ တိုက်ပွဲ က မွေးရာပါအဆင့် အောက်ရှိ သိုင်းသမား များ၏ တိုက်ပွဲ နှင့် တူညီနေပြီး အနီးကပ် တိုက်ခိုက်နေကြခြင်း ပင် ဖြစ်သည်။ သို့သော် သေချာ ကြည့်မည် ဆိုပါက လုံးဝ မဟုတ်ကြောင်း တွေ့ရမည် ဖြစ်သည်။

သူတို့ နှစ်ယောက် ၏ လက်သီး စွမ်းအား နှင့် လက်ဝါး စွမ်းအား များ တွင် အလွန် အစွမ်းထက်သော ခွန်အား များ ပါဝင်နေဆဲ ပင် ဖြစ်သည်။

ဂယက်လှိုင်း များ က အောက်ဘက်ရှိ ကျောက်တုံး များကို အဆက်မပြတ် ဖျက်ဆီးပစ်နေပေသည်။

သူတို့ နှစ်ယောက် က မြေကြီး ပေါ်မှနေ၍ လေဟာနယ် ထဲသို့ တိုက်ခိုက်သွားကြပြီး လေဟာနယ် ထဲမှနေ၍ မြေကြီး ပေါ်သို့ ပြန်လည် တိုက်ခိုက်လာကြကာ တိုက်ပွဲ နေရာ က အဆက်မပြတ် ပြောင်းရွှေ့နေပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံး ကြီး များ က သူတို့ နှစ်ယောက် ၏ ဂယက်လှိုင်း များ အောက်တွင် အဆက်မပြတ် ပေါက်ကွဲ ပျက်စီးနေကာ မြေကြီး ပေါ်တွင်လည်း တွင်းပေါက်ကြီး များ အများအပြား ဖြစ်ပေါ်နေပေသည်။

"ကောင်းတယ်..."

ဤသည်မှာ ချီရှောက်ယန် က ဘယ်နှစ်ကြိမ်မြောက် အော်ဟစ် ချီးကျူးလိုက်သည် ကို မသိတော့သော်လည်း တစ်ဖက်လူ ကို ချီးကျူးချင်စိတ် များကို မထိန်းချုပ် နိုင်တော့ပေ။ ကျန်းချဲ့ ၏ ခန္ဓာကိုယ် စွမ်းအား က သူထက် အများကြီး မနိမ့်ကျပေ။

သူ က ရွှမ်တန်အဆင့် သို့ ရောက်ရှိပြီး ခန္ဓာကိုယ် ကို သန့်စင်ထားခဲ့ရုံ သာမက ကိုယ်ခံပညာ လေ့ကျင့်ရေး ကျင့်စဉ် တစ်ခု ကိုပါ ကျင့်ကြံထားခဲ့သူ ဖြစ်သည် ကို သိထားရမည်။

ရလဒ် အနေဖြင့် အများကြီး အသာစီး မရရှိခဲ့ခြင်း မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။

ကျန်းချဲ့ က အဘက်ဘက် တွင် အစွမ်းထက် နေပြီး ခန္ဓာကိုယ် လှုပ်ရှားမှု အမြန်နှုန်း မှလွဲ၍ အခြား အားနည်းချက် လုံးဝ မရှိသလောက် ပင် ဖြစ်သည်။

ဤသည်က သူ့ကို ပို၍ပင် စိတ်လှုပ်ရှား လာစေခဲ့သည်။

"တိုက်မယ်..."

ကျန်းချဲ့ က ချီရှောက်ယန် ၏ ဘယ်ဘက် လက်မောင်း ကို လက်သီး တစ်ချက် ထိုးနှက်လိုက်ပြီး ဤအခွင့်အရေး ကို အသုံးချကာ အသာစီး ရယူရန်၊ ဘယ်ဘက် လက်သီး ဖြင့် တစ်ဖက်လူ ၏ ကာကွယ်မှု ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ သို့သော် တစ်ဖက်လူ ၏ တုံ့ပြန်မှု ကလည်း အလွန် မြန်ဆန်လှပြီး မျက်စိတစ်မှိတ် အတွင်း အကွာအဝေး ကို ပြန်လည် ချဲ့ထွင်လိုက်သည်။

နောက်တစ်ခဏ တွင် ချီရှောက်ယန် က သူ့ကို ကြည့်ပြီး ပြုံးလိုက်ကာ ခန္ဓာကိုယ် က လေပြင်း တစ်ခု အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

အရပ်လေးမျက်နှာ မှနေ၍ ကျန်းချဲ့ ကို တိုက်ခိုက်လာခဲ့သည်။

ယခုအခါ ကျန်းချဲ့ က ပစ်မှတ် တစ်ခု အလား ဖြစ်နေပြီး ချီရှောက်ယန် ၏ အမြန်နှုန်း ကို လုံးဝ မလိုက်မီနိုင်တော့ပေ။ တစ်ဖက်လူ က ကိုယ်ပွား များ ရှိနေသည့် အလား အထက်အောက် ဘယ်ညာ အရပ် မျက်နှာ အသီးသီး မှ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့သည်။

လှုပ်ရှားသွားသော ပုံရိပ်ယောင် များ က အစစ်အမှန် အဖြစ်သို့ ပင် ပြောင်းလဲသွားလုနီးပါး ဖြစ်နေပေသည်။

ကျန်းချဲ့ မှာလည်း ချီရှောက်ယန် ၏ ခြေထောက် ရိုက်ချက် အများအပြား ကို အမှန်တကယ် ပင် ခံလိုက်ရပြီး နှုတ်ခမ်းထောင့် တွင် သွေးစက်လေး တစ်စက် ပင် စီးကျလာခဲ့သည်။ သူ က သတ်ဖြတ်လိုစိတ် သုံးပါး ကို ဖွင့်လှစ်ထားပြီး အာရုံခံနိုင်စွမ်း ခြောက်ပါး ကို ပိုမို ထက်မြက်အောင် လုပ်ထားသော်လည်း တစ်ဖက်လူ ၏ တိုက်ခိုက်မှု တိုင်းကို တိကျစွာ မဖမ်းဆုပ်နိုင်သေးပေ။

ဒီလို ဆက်လုပ်နေလို့တော့ မရဘူး။

ကျန်းချဲ့ ၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။ အကယ်၍ တစ်ဖက်လူ ကသာ ဤအမြန်နှုန်း ကို အမြဲတမ်း ထိန်းသိမ်းထားမည် ဆိုပါက သူ လုံးဝ မလိုက်မီနိုင်တော့ပေ။ မျက်လုံး နှစ်လုံး ထဲရှိ သွေးရောင် အလင်းတန်း များ က ပတ်ဝန်းကျင် ပေအနည်းငယ် အတွင်းကို လွှမ်းခြုံသွားပြီး သွေးပင်လယ် စေတီတော် သိုင်းစိတ်ဆန္ဒ ကို အပြည့်အဝ ဖွင့်လှစ်လိုက်သည်။

တစ်ဖက်လူ ကို မဖြစ်မနေ ဖိနှိပ်ထားရမည်။

ထင်သည့်အတိုင်းပင် ကျန်းချဲ့ က သိုင်းစိတ်ဆန္ဒ ကို ဖွင့်လှစ်လိုက်သည့် အခိုက်အတန့် တွင် ချီရှောက်ယန် ၏ အမြန်နှုန်း က နှေးကွေးသွားခဲ့ပြီး ကျန်းချဲ့ က တိုက်ခိုက်မှု တိုင်းကို တိကျစွာ ဖမ်းဆုပ်နိုင်ခဲ့ကာ ရင်ဘတ် ကိုပင် လက်သီး တစ်ချက် ထိုးနှက်နိုင်ခဲ့သည်။

"အရမ်း အစွမ်းထက်တဲ့ သိုင်းစိတ်ဆန္ဒ ပဲ... ဒီလို ဆိုမှတော့... စမ်းကြည့်ကြတာပေါ့..."

ချီရှောက်ယန် ၏ ကိုယ်ပတ်လည် တွင် အလင်းရောင်များ ကြီးမားစွာ တောက်ပလာပြီး သိုင်းစိတ်ဆန္ဒ ကို အပြည့်အဝ ဖွင့်လှစ်လိုက်ကာ ကျန်းချဲ့ ၏ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ နှင့် ပေါင်းစပ်လိုက်ပြီး နှစ်ဖက်စလုံး က လေဟာနယ် ထဲတွင် ပေဆယ်ဂဏန်း ခန့် အကွာအဝေး တွင် အပြည့်အဝ ရပ်တန့်သွားခဲ့ကြသည်။

ဤတစ်ကြိမ် က သိုင်းစိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ခြင်း ပင် ဖြစ်သည်။

အနီရောင် ရင့်ရင့် အလင်းတန်း နှင့် အပြာရောင် ဖျော့ဖျော့ အလင်းတန်း များ က အစစ်အမှန် အဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် ယှက်နွယ် နေကြကာ မိုးလေဝသ ကိုပင် ပြောင်းလဲသွားစေပြီး အနက်ရောင် တိမ်တိုက် များ စုစည်းလာကာ မိုးကြိုးသံ များ အဆက်မပြတ် ထွက်ပေါ်နေပေသည်။

"ဒေါင်..."

သူတို့ နှစ်ယောက် သိုင်းစိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်နေစဉ် တွင် ဗုံသံ ကဲ့သို့သော အသံ တစ်သံ က ကောင်းကင်နှင့် မြေကြီး တွင် ပဲ့တင်ထပ်သွားပြီး နောက်တစ်ခဏ တွင် ကောင်းကင်နှင့် မြေကြီး က ဤဗုံသံ အောက်တွင် ရပ်တန့်သွားသကဲ့သို့ ပင် ဖြစ်နေပေသည်။

ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခု က ပတ်ဝန်းကျင် ပေရာချီ အတွင်း ကို လွှမ်းခြုံသွားပြီး လေဟာနယ် ထဲတွင် စုစည်းနေသော အနက်ရောင် တိမ်တိုက် များ က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မူလက ယှက်နွယ်နေသော သိုင်းစိတ်ဆန္ဒ နှစ်ခု ကလည်း လျင်မြန်စွာ ခွဲထွက်သွားပြီး ရေလှိုင်း များ ကဲ့သို့ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။

ကျန်းချဲ့ နှင့် ချီရှောက်ယန် တို့ က တစ်ပြိုင်နက်တည်း မျက်လုံးများ ဖွင့်လိုက်ပြီး အဝေး သို့ လှမ်းကြည့်လိုက်ကြသည်။

ထိုအထဲတွင် ကျန်းချဲ့ ၏ မျက်နှာထား က အလွန် လေးနက်နေပေသည်။

အရမ်း အစွမ်းထက်တဲ့ စွမ်းအား ပဲ... ဗုံသံ တစ်ချက်တည်း နဲ့တင် သူတို့ နှစ်ယောက် ယှက်နွယ်နေတဲ့ သိုင်းစိတ်ဆန္ဒ ကို ခွဲထုတ်ပစ်နိုင်ခဲ့သည်။

ဤကဲ့သို့သော နည်းလမ်း မျိုး ကို ကျန်းချဲ့ ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ပင် ဖြစ်သည်။

ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိခြင်း က တိုက်ခိုက်သူ ၏ စွမ်းအား မှာ သူ နှင့် ချီရှောက်ယန် တို့ထက် အများကြီး သာလွန်နေကြောင်း ကို ပြသနေပြီး မဟုတ်လျှင် သူတို့ နှစ်ယောက် ၏ သိုင်းစိတ်ဆန္ဒ ကို ဤမျှလောက် အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူတို့ နှစ်ယောက် စလုံး ကို အနည်းငယ်မျှ ပင် မထိခိုက်စေခဲ့ပေ။

ချီမိသားစု ၏ အင်အားကြီးသူ ဝင်ပါလာပြီ ဟု ခန့်မှန်းရပေသည်။

ကျန်းချဲ့ ထင်မှတ်ထားသည့် အတိုင်းပင် သူတို့ နှစ်ယောက် ခွဲထွက်သွားသည့် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြူဖွေးသော ဆံပင် နှင့် မုတ်ဆိတ်မွေး များ ရှိပြီး အညိုရောင် ဝတ်ရုံ ရှည် ကို ဝတ်ဆင်ကာ နဂါးခေါင်း တောင်ဝှေး ကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦး က လေဟာနယ် ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

သူတို့ နှစ်ယောက် ကို ပြုံးရွှင်စွာ ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

"လက်ရည် စမ်းတာ... ဒီလောက်နဲ့ပဲ တော်ကြတော့…”

All Chapters