အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) ပေလင်တွင် နာမည်ကျော်ကြားသွားခြင်း... ချီမိသားစု၏ သမက်ကောင်း
"အကြီးအကဲချုပ်..."
အဘိုးအိုကို တွေ့သည်နှင့် ချီရှောက်ယန်က ဘက်သို့လှည့်ကာ ချက်ချင်း ခါးညွှတ် အရိုအသေပေးလိုက်သည်။
၎င်းကိုမြင်သောအခါ ကျန်းချဲ့ကလည်း အလျင်စလို လက်ချင်းယှက်လိုက်ပြီး "မျိုးဆက်သစ် ကျန်းချဲ့ပါ... အကြီးအကဲချုပ်ကို ဂါရဝပြုပါတယ်..."
ချီမိသားစုရှိ အင်အားကြီးမားသူများ၏ စွမ်းအားနှင့်ပတ်သက်၍ ချီဆန်းကျားနှင့် ဆွေးနွေးဖူးရာ ချီမိသားစုတွင် ရွှမ်တန်အဆင့် သိုင်းသခင်များသည် အလယ်အလတ် တိုက်ခိုက်ရေးအင်အားသာဖြစ်ပြီး ရှန်ရှန်းအဆင့် အင်အားကြီးသူများမှသာ တကယ့် အဆုံးအဖြတ်ပေးနိုင်သူများဖြစ်ကြောင်း သူ သိရှိထားပေသည်။ ဥပမာအားဖြင့် ချီမိသားစု ခေါင်းဆောင် ချီကျန်းနန်နှင့် အကြီးအကဲချုပ်၊ ဒုတိယအကြီးအကဲတို့မှာ ရှန်ရှန်းအဆင့် တည်ရှိမှုများဖြစ်ကြပြီး သိုင်းလောကတွင် ကြီးမားလှသော နာမည်ဂုဏ်သတင်းများကို ရရှိခဲ့ဖူးသူများ ဖြစ်ကြသည်။
‘ ဒီလို အင်အားကြီးသူမှသာ ငါနဲ့ ချီရှောက်ယန်ရဲ့ သိုင်းစိတ်ဆန္ဒကို အသံတိတ်လွယ်လွယ်လေး ခွဲထုတ်ပစ်နိုင်တာ...' ဟု သူ တွေးမိလိုက်သည်။
"ဟားဟား... အားနာစရာ မလိုပါဘူး..."
ချီမိသားစု အကြီးအကဲချုပ်က ကျန်းချဲ့ကို ပြုံးရွှင်စွာ ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် အလွန်ကျေနပ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။ ချီရှောက်ယန်နှင့် ဤမျှလောက်အထိ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်းက ကျန်းချဲ့၏ စွမ်းအားနှင့် ပါရမီမှာ သာမန်မဟုတ်ကြောင်းကို လုံလောက်စွာ သက်သေပြနေပေသည်။
မည်သို့ပင်ဆိုစေ ချီရှောက်ယန်က ချီမိသားစု၏ သခင်လေးဖြစ်ပြီး လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း ချီမိသားစုတွင် ပါရမီအကောင်းဆုံးသော တပည့်တစ်ယောက် ဖြစ်သည်။ သို့သော် ဤသို့ဖြစ်နေလျှင်တောင် ကျန်းချဲ့ထက် အဆင့်တစ်ခု ပိုမြင့်နေသည့် အခြေအနေမျိုးတွင်ပင် သူ့ကို လုံးဝ ဖိနှိပ်မထားနိုင်ခဲ့ပေ။
ဤကဲ့သို့သော ပါရမီမျိုးက သူ့ကို အံ့အားသင့်သွားစေပြီး အလွန်အလေးထားလာစေခဲ့သည်။ ထို့ကြောင့် သူ၏ သဘောထားကို အလွန်နွေးထွေးစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။
သူက ကျန်းချဲ့နှင့် ချီရှောက်ယန်တို့ကို ခွဲထုတ်လိုက်ရခြင်းမှာ ကျန်းချဲ့၏ ကျင့်ကြံမှုနှင့် ပါရမီကို အပြည့်အဝ မြင်တွေ့ခဲ့ရပြီဖြစ်ရာ ဆက်လက် စမ်းသပ်ရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက မလိုလားအပ်သော ဒဏ်ရာများ ရရှိသွားနိုင်သည်။
မည်သို့ပင်ဆိုစေ သိုင်းစိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုသည်မှာ သာမန်ကိစ္စမဟုတ်ဘဲ အနည်းငယ်လေး မှားယွင်းသွားသည်နှင့် စိတ်နှလုံးကို ထိခိုက်သွားစေနိုင်ပေသည်။ မည်သူ ထိခိုက်သွားသည်ဖြစ်စေ သူ မမြင်တွေ့ချင်သော အရာများသာ ဖြစ်သည်။
"စောစောက တိုက်ခိုက်တုန်းက ဒဏ်ရာရသွားသေးလား..."
"အပေါ်ယံ ဒဏ်ရာလေးတွေပါပဲ... အကြီးအကဲချုပ်ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်..."
"ကောင်းတယ်... တကယ့်ကို သိုင်းလောကက လူငယ်ပါရမီရှင် ပီသပါပေတယ်... ရှောက်ယန်... ကျန်းချဲ့ကို မင်းပဲ တာဝန်ယူလိုက်တော့... ငါကိုယ်တော်နဲ့ မိသားစုခေါင်းဆောင်က မျိုးနွယ်စုထဲမှာ မင်းတို့ကို စောင့်နေမယ်..." အကြီးအကဲချုပ်က ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်ကဲ့... အကြီးအကဲချုပ် စိတ်ချပါ..."
"အင်း..."
အကြီးအကဲချုပ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး ဤနေရာသို့ လုံးဝ မရောက်ရှိခဲ့ဖူးသကဲ့သို့ပင် ဖြစ်နေပေသည်။
"အစ်ကိုချီ..."
"အစ်ကိုချီလို့ ခေါ်စရာ မလိုပါဘူး... အရမ်း စိမ်းသက်လွန်းတယ်... နောင်တစ်ချိန်ကျရင် ငါတို့က တစ်မိသားစုတည်း ဖြစ်သွားမှာဆိုတော့... အစ်ကိုကြီးလို့ပဲ ခေါ်ပါ..." ချီရှောက်ယန်က လက်ဝှေ့ယမ်းပြလိုက်သည်။ ဤတစ်ကြိမ် တိုက်ခိုက်မှုအပြီးတွင် သူက ကျန်းချဲ့ကို လုံးဝ အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။
ကျန်းချဲ့က အနိုင်မရရှိခဲ့သော်လည်း သူ၏ အောက်စီးသို့ ရောက်သွားခဲ့သည်ဆိုလျှင်တောင် သူတို့နှစ်ယောက်၏ အဆင့်ကွာဟချက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ တစ်ယောက်က ရွှမ်တန်အဆင့်ဖြစ်ပြီး နောက်တစ်ယောက်က မွေးရာပါအဆင့်သာ ရှိသေးသည်။
အထူးသဖြင့် သူ၏ စွမ်းအားက သာမန် ရွှမ်တန်အဆင့်များနှင့် မတူညီဘဲ အလွန်အစွမ်းထက်လှပေသည်။ ကျန်းချဲ့က ဤအဆင့်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး အကယ်၍ သူသာဆိုလျှင် လုံးဝ လုပ်နိုင်မည်မဟုတ်ကြောင်းကို သူ ယုံကြည်ပေသည်။ ဝေ့ကျွင်းကျဲနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့နှစ်ယောက်က ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။
ကျန်းချဲ့၏ အစွမ်းထက်မှုက အဘက်ဘက်တွင် အစွမ်းထက်နေခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး နတ်စွမ်းရည်များက အလွန်အစွမ်းထက်လှပြီး အာရုံခံနိုင်စွမ်းကလည်း အလွန်ထက်မြက်ကာ ခန္ဓာကိုယ်ကလည်း သူ့ထက် အများကြီး မနိမ့်ကျပေ။ ထို့အပြင် သိုင်းစိတ်ဆန္ဒလည်း ရှိနေသေးရာ စောစောက သိုင်းစိတ်ဆန္ဒ အချင်းချင်း ယှဉ်ပြိုင်ခဲ့သော အချိန်တိုလေးအတွင်းမှာပင် သူက ကျန်းချဲ့၏ အခြေအနေအမှန်ကို ရိပ်မိခဲ့ပြီး ကျန်းချဲ့က ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါ အနည်းငယ်ကို နားလည်သဘောပေါက်နေပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
ကျန်းချဲ့က ရွှမ်တန်အဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားသည်နှင့် စွမ်းအားအရှိန်အဝါကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ ဤကဲ့သို့သော ထိပ်တန်း ပါရမီရှင်မျိုးက တကယ့်ကို ရှားပါးလှပြီး အစစ်အမှန် နတ်ဂိုဏ်းကြီးများမှ တိုက်ရိုက်တပည့်များနှင့်သာ ယှဉ်ပြိုင်နိုင်လောက်ပြီ ဖြစ်သည်။
ယောက်ဖတစ်ယောက်၏ အမြင်အရဆိုလျှင် ဤကဲ့သို့သော ယောက်ဖမျိုးကို သူက အလွန် သဘောကျ ကျေနပ်ပေသည်။ ညီမလေးကို လက်ထပ်ပေးလိုက်မည်ဆိုပါက လုံးဝ စိတ်အေးရမည် ဖြစ်သည်။
"အစ်ကိုကြီး..."
ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ချက်ချင်း လက်ချင်းယှက်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
'ငါ့ရဲ့ စွမ်းရည်တွေကို အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး ချီမိသားစုရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားပြီဆိုတော့ မင်္ဂလာကိစ္စက လုံးဝ သေချာသွားပြီပဲ...' ဟု သူ တွေးလိုက်မိသည်။ ဤတစ်ကြိမ် သူ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ခဲ့ရခြင်းက အလကား မဖြစ်ခဲ့ပေ။
အဝေးတွင်...
အကြီးအကဲချုပ်က ထွက်ပေါ်လာပြီး ကျန်းချဲ့နှင့် ချီရှောက်ယန်တို့၏ တိုက်ပွဲကို တားဆီးလိုက်သည့် မြင်ကွင်းကို ချီနင်ပင်းနှင့် ချီဝမ်ကျင်း ညီအစ်မ နှစ်ယောက်ကလည်း မြင်တွေ့ခဲ့ကြသည်။
"ကြည့်ရတာ... ယောက်ဖလောင်းက စမ်းသပ်မှုကို အောင်မြင်သွားပြီ ထင်တယ်..." ချီနင်ပင်း၏ မျက်နှာပေါ်တွင် ပြုံးရွှင်သည့် အမူအရာများ ပေါ်ထွက်လာပြီး ချီဝမ်ကျင်းကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
"မင်္ဂလာမှ မဆောင်ရသေးတာ... ဘာယောက်ဖလဲ... သတင်းပြန့်သွားရင် ငါ အိမ်ထောင်မကျနိုင်ဘူးလို့ ထင်သွားကြလိမ့်မယ်..." ချီဝမ်ကျင်းက နှာမှုတ်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သော်လည်း မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားသည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။
"အို... အစ်မက ရှက်နေတာလား... အစ်မကြီး... ဒါက အစ်မရဲ့ စရိုက်မဟုတ်ဘူးနော်..."
"ငါက ဘာစရိုက်မျိုးလဲ..."
"အစ်မကြီးက ပြောဖူးတယ်မလား... အစ်မကြီးကို နိုင်မှပဲ အစ်မကြီးရဲ့ ခင်ပွန်းဖြစ်နိုင်မယ်ဆိုတာလေ... အခု အစ်ကိုကြီးနဲ့ ယောက်ဖလောင်းတို့ တိုက်ခိုက်တာ ပြီးသွားပြီဆိုတော့... အစ်မကြီး အခုထွက်သွားပြီး ယောက်ဖလောင်းနဲ့ တစ်ခေါက်လောက် လက်ရည်စမ်းကြည့်ပါလား..."
"အစ်ကိုကြီးတောင် စမ်းသပ်ပြီးပြီ ဆိုမှတော့... ငါက ဘာသွားလုပ်ရဦးမှာလဲ..."
"အစ်မကြီးက ယောက်ဖလောင်းကို မနိုင်မှာ ကြောက်နေတာလား..." ချီနင်ပင်းက ဟီးဟီးရယ်မောလိုက်ပြီး ချီဝမ်ကျင်း ဒုက္ခရောက်နေသည့် ပုံစံကို ကြည့်ရသည်ကို အလွန်သဘောကျ နေပေသည်။
"တကယ် တိုက်မယ်ဆိုရင်တောင်... ငါက သူ့ထက် အများကြီး နိမ့်ကျမှာ မဟုတ်ဘူး..." ချီဝမ်ကျင်းက ခေါင်းကိုမော့ကာ ပြောလိုက်သော်လည်း လေသံက ယခင်ကလောက် ပြတ်သားမှု မရှိတော့ပေ။
ကျန်းချဲ့နှင့် အစ်ကိုကြီးတို့၏ တိုက်ပွဲကို သူမက အစမှအဆုံးထိ မြင်တွေ့ခဲ့ရပြီး ကျန်းချဲ့၏ စွမ်းအားကို ရှင်းလင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူမက ယောကျ်ားလေးများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်မှာ မှန်သော်လည်း သူမအနေဖြင့် ဝန်ခံရမည်ဆိုပါက... တကယ် အသေအလဲ တိုက်ခိုက်မည်ဆိုပါက သူမအနေဖြင့် အနိုင်ရရန် အလွန် ခက်ခဲလှပေသည်။
"ကောင်းပြီ... ကောင်းပြီ... ညီမလေး အစ်မကြီးနဲ့ မငြင်းတော့ပါဘူး... ဒါပေမဲ့... အစ်မကြီးက တကယ်ပဲ ယောက်ဖလောင်းနဲ့ တစ်ခေါက်လောက် မတွေ့ချင်ဘူးလား... ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲလေ... အစ်မကြီးက ကောင်းကင်ကနေ ဆင်းသက်လာပြီး သံချပ်ကာ ပါးပါးလေးကို ဝတ်ဆင်ထားမယ်ဆိုရင်... သေချာပေါက် ယောက်ဖလောင်းရဲ့ မျက်စိကို ဖမ်းစားနိုင်မှာပဲ..."
"နောင်တစ်ချိန်ကျရင် တွေ့ရမှာပဲလေ... ဘာလို့ ဒီလောက် လောနေရတာလဲ..." ချီဝမ်ကျင်းက ခေါင်းကိုလွှဲကာ ကျန်းချဲ့ရှိရာဘက်သို့ လှမ်းကြည့်ရင်း မျက်လုံးများထဲတွင် တွေဝေမှုများနှင့် တွန့်ဆုတ်နေမှုများ ရှိနေပေသည်။
သူမက ကျန်းချဲ့နှင့် တစ်ခါမှ အဆက်အသွယ် မလုပ်ဖူးသေးသော်လည်း ညီမလေးနှင့် ဖခင်၏ ပါးစပ်မှတစ်ဆင့်၊ ထို့အပြင် ယနေ့ ဤတိုက်ပွဲကြောင့် သူမ နားလည်သဘောပေါက်သွားခဲ့သည်မှာ ကျန်းချဲ့က တကယ်ကို ရှားပါးလှသော လက်တွဲဖော်ကောင်း တစ်ယောက်ဖြစ်ကြောင်းပင် ဖြစ်သည်။ ဤလူကို လက်လွတ်လိုက်ရမည်ဆိုပါက သူမ တစ်သက်လုံး နောင်တရနေရမည် ဖြစ်သည်။
သို့သော်... ညီမလေး၏ မျက်နှာပေါ်တွင် ရံဖန်ရံခါ ဖြတ်ပြေးသွားလေ့ရှိသော ဝမ်းနည်းမှုများနှင့် စိတ်ပျက်အားငယ်မှုများကို မြင်တွေ့ရသောအခါ ညီမလေးကို ဝေ့ကျွင်းကျဲနှင့် လက်ထပ်ပြီး တစ်သက်လုံး မပျော်မရွှင်ဖြစ်နေရမည်ကို သူမ လုံးဝ မကြည့်ရက်ပေ။ သူမ၏ ရင်ထဲတွင် အလွန် တွေဝေနေစေသော အတွေးတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤအတွေးက သူမကို တကယ်ကို ဆုံးဖြတ်ချက်ချရန် ခက်ခဲစေပေသည်။
"သွားရအောင်... အိမ်ပြန်မယ်..." သူမက ညီမလေးကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် သူက အစ်မကြီးရဲ့ ခင်ပွန်းပဲ... အစ်မကြီး မတွေ့ချင်ဘူးဆိုမှတော့ ညီမလေးလည်း ဘာမှ မတတ်နိုင်ဘူး... ပြန်ရင် ပြန်တာပေါ့... ဒါပေမဲ့ အစ်မကြီး... ညီမလေး ခန့်မှန်းကြည့်တာတော့... ဒီနေ့ တိုက်ပွဲက ညီမတို့ ချီမိသားစုမှာ အကြီးအကျယ် တုန်လှုပ်သွားစေလိမ့်မယ် ထင်တယ်..."
"မဆိုးဘူး..."
ချီဆန်းကျားက ဝမ်ကျဲ့ မိစ္ဆာဓားကို ကျန်းချဲ့ထံသို့ ကမ်းပေးလိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သည့် အမူအရာများကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ကျန်းချဲ့၏ စွမ်းဆောင်ရည်က တကယ်ကို အလွန်လှပလွန်းလှပြီး ဝေ့ကျွင်းကျဲနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပို၍ပင် သိသာထင်ရှားလှပေသည်။
ချီမိသားစုက ကျန်းချဲ့အပေါ် မည်သို့ သဘောထားမည်ကို သူ ခန့်မှန်းမိနေပြီ ဖြစ်သည်။
'ဧည့်သည်တော်... သေချာပေါက် ဧည့်သည်တော်အဖြစ် သတ်မှတ်မှာပဲ...' ဟု သူ တွေးလိုက်သည်။
"တပ်မှူးချုပ် အထင်ကြီးလွန်းနေပါပြီ..." ကျန်းချဲ့က ပြုံးလိုက်ပြီး မာနလည်းမကြီးသလို နှိမ့်ချလည်းမနေခဲ့ပေ။
ဘေးတွင် ရောင်ရမ်းနေသော မျက်နှာဖြင့် ဝေ့ကျွင်းကျဲကတော့ မျက်နှာထားက အလွန် ရုပ်ဆိုးနေပေသည်။ ကျန်းချဲ့၏ စွမ်းဆောင်ရည်က သူ့ကို လုံးဝ ဖိနှိပ်ထားလိုက်ပြီဖြစ်ကြောင်း သူလည်း သိရှိထားပြီး ချီမိသားစုတွင် သူနှင့် ကျန်းချဲ့၏ နာမည်တွေက ဘယ်လို ပျံ့နှံ့သွားမလဲဆိုတာကို သူ ကြိုတင်ခန့်မှန်းမိနေပြီ ဖြစ်သည်။
'အတူတူ မင်္ဂလာကိစ္စအတွက် လာရောက်တဲ့ လူငယ်ပါရမီရှင်တွေ ဖြစ်ကြပေမယ့် ငါက ချီရှောက်ယန်ရဲ့ လက်ထဲမှာ တစ်ကွက်တောင် မခံနိုင်ဘဲ ရိုက်နှက်ခံရပြီး မျက်နှာပျက်ခဲ့ရတယ်…ကျန်းချဲ့ကကျတော့ မိနစ်နှစ်ဆယ်လောက် တိုက်ခိုက်ပြီး အောက်စီးကို ရောက်သွားရုံ သက်သက်ပဲ….အဆင့်အတန်းတွေက ချက်ချင်း ကွာခြားသွားပြီ...' ဟု သူ တွေးကာ မချိတင်ကဲ ဖြစ်နေမိသည်။
"သခင်လေး..." ဝေ့ချင်းလည်း ဘယ်လို နှစ်သိမ့်ပေးရမှန်းမသိအောင် ဖြစ်နေပေသည်။
လေဟာနယ်ထဲမှ ချီရှောက်ယန် ဆင်းသက်လာပြီး လေချွန်သံတစ်ခုကို မှုတ်ထုတ်လိုက်ရာ လေဟာနယ်ထဲတွင် လှည့်ပတ်နေသော ထိုအပြာရောင် သိမ်းငှက်သားရဲကြီးကလည်း လျင်မြန်စွာ ဆင်းသက်လာပြီး လူတိုင်း၏ ခေါင်းပေါ် ပေဆယ်ဂဏန်းခန့်တွင် လှည့်ပတ်နေပေသည်။ ဖြန့်ကားထားသော အတောင်ပံများက ပေသုံးဆယ်နီးပါးရှိပြီး အလွန်အစွမ်းထက်သော ဖိအားများကို ထုတ်လွှတ်နေပေသည်။
"ဒါက ငါ့ရဲ့ စီးတော်ယာဉ် အပြာရောင် အတောင်ပံ သိမ်းငှက်ပါ... တစ်နေ့ကို မိုင်သုံးထောင်လောက် သွားနိုင်ပြီး လူသုံးယောက် စီးလို့ရပါတယ်... တက်ခဲ့ပါ... ငါနဲ့ အတူတူ ချီမိသားစုကို ပြန်ကြတာပေါ့..."
ချီရှောက်ယန်က လေဟာနယ်ထဲသို့ ခုန်တက်သွားပြီး သားရဲကြီး၏ ကျောပေါ်တွင် တည်ငြိမ်စွာရပ်ကာ ကျန်းချဲ့နှင့် ချီဆန်းကျားတို့ကို ကြည့်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..." ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် သိမ်းငှက်၏ ကျောပေါ်သို့ ခုန်တက်သွားခဲ့သည်။ ဤကဲ့သို့သော အဆင့်မြင့် စီးတော်ယာဉ်မျိုးကို သူ ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်ရာ တကယ်ကို ခံစားချက်က မတူညီဘူးဟု ထင်မြင်မိပေသည်။
"သခင်လေးကို ကျေးဇူးတင်ပါတယ်..." ချီဆန်းကျားလည်း အနောက်မှ လိုက်ပါသွားပြီး သားရဲကြီး၏ ကျောပေါ်တွင် နေရာယူလိုက်သည်။
"အစ်ကို... အစ်ကိုကြီး..." ချီရှောက်ယန်က ကျန်းချဲ့ကို ဖိတ်ခေါ်လိုက်သည်ကို မြင်သောအခါ ဝေ့ကျွင်းကျဲ၏ မျက်နှာက ပိုမို ရုပ်ဆိုးသွားခဲ့ပြီး အလျင်စလို လက်ချင်းယှက်ကာ မျက်လုံးများထဲတွင် 'ကျွန်တော့်ကိုကော ခေါ်သွားလို့ မရဘူးလား' ဆိုသည့် အဓိပ္ပာယ်များ ပါဝင်နေပေသည်။
'ကျန်းချဲ့က ပါသွားပြီး ငါက ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်ရမယ်ဆိုတော့ ငါ့မျက်နှာက တကယ်ကို အရှက်ကွဲသွားပြီပေါ့။း.. ဒါက သိသိသာသာ ခွဲခြားဆက်ဆံတာပဲ...' ဟု သူ တွေးလိုက်မိသည်။
ချီရှောက်ယန်၏ အကြည့်များက ဝေ့ကျွင်းကျဲ၏ အပေါ်သို့ ရောက်ရှိသွားပြီး မျက်နှာထားက အနည်းငယ် အေးစက်သွားကာ "ဝေ့သခင်လေး... ခင်ဗျားရဲ့ အစ်ကိုကြီးဆိုတဲ့ အခေါ်အဝေါ်က ဘယ်ကနေ ရောက်လာတာလဲ... သိပ်မသင့်တော်ဘူး ထင်တယ်နော်... ကျွန်တော့်မှာ ဝေ့မျိုးရိုးနဲ့ ညီအစ်ကို မရှိပါဘူး... ဒီသိမ်းငှက်ကလည်း ခင်ဗျား စောစောက ကြားတဲ့အတိုင်း လူသုံးယောက်ပဲ စီးလို့ရတာ... ခင်ဗျားတို့ကတော့ ဖြည်းဖြည်းချင်း လမ်းလျှောက် လိုက်ခဲ့ကြပါတော့..."
ပြောပြီးသည်နှင့် လှည့်ပတ်နေသော အပြာရောင် အတောင်ပံ သိမ်းငှက်က ချက်ချင်း ပျံတက်သွားပြီး လေဟာနယ်ကို ခွင်း၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ၏ အဆုံးသို့ ပျောက်ကွယ်သွားခဲ့လေသည်။
ဝေ့ကျွင်းကျဲက အင်္ကျီလက်အောက်ရှိ လက်သီးနှစ်ဖက်လုံးကို တင်းကျပ်စွာ ဆုပ်ထားပြီး မျက်လုံးများထဲတွင် ဒေါသများနှင့် အမုန်းတရားများ ပြည့်နှက်နေပေသည်။
'အရှက်ရစရာ... ကြီးမားလှတဲ့ အရှက်ရမှုကြီး...' သူ ဝေ့မိသားစု၏ သခင်လေးအဖြစ် သတ်မှတ်ခံရပြီးကတည်းက အချို့လူများက နောက်ကွယ်တွင် မကျေမနပ် ဖြစ်နေကြသော်လည်း မည်သူကမျှ အပြင်ပန်းတွင် ဤကဲ့သို့ ဆက်ဆံရန် မဝံ့ရဲခဲ့ကြပေ။ သူ့ကို လုံးဝ မျက်စိထဲ မထားသကဲ့သို့ပင် ဖြစ်နေပေသည်။
"သခင်လေး... အောင်မြင်မယ့်သူက..."
"ချီမိသားစုက ကျွန်တော့်ကို အရမ်း အနိုင်ကျင့်လွန်းတယ်..."
"အဟွတ်... အဟွတ်... ဝေ့သခင်လေး... သွားကြရအောင်..." ဘေးတွင်ရပ်နေသော ချီမိသားစုမှ သိုင်းသခင်က ဝေ့ကျွင်းကျဲ၏ စကားကို ကြားသောအခါ မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး ချောင်းနှစ်ချက် ဟန့်ကာ သူ၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။
"ဟွန့်..." ဝေ့ကျွင်းကျဲက သူ့ကို ဂရုမစိုက်တော့ဘဲ အပြာရောင် သိမ်းငှက် ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။
သတင်းများက အလွန်လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ နေ့လယ်ပိုင်း တိုက်ပွဲအကြောင်းက ဝေ့ကျွင်းကျဲတို့ ချီမိသားစုသို့ ရောက်ရှိလာသည့်အချိန်တွင် သတင်းက ချီမိသားစု တစ်ခုလုံးသို့ လုံးဝ ပြန့်နှံ့သွားခဲ့ပြီဖြစ်ပြီး အကြီးအကျယ် တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
နှစ်ထောင်ချီ တည်တံ့လာခဲ့သော မိသားစုကြီး တစ်ခုအနေဖြင့် ပေလင် ချီမိသားစုက ပါရမီရှင်များကို မမြင်ဖူးသည် မဟုတ်ပေ။ ချီမိသားစု၏ မျိုးဆက်တိုင်းတွင် ပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လေ့ရှိပြီး ချီမိသားစု၏ တပည့်အများအပြားလည်း သိုင်းလောကတွင် ကြီးမားလှသော နာမည်ဂုဏ်သတင်းများကို ရရှိခဲ့ကြဖူးပေသည်။ သို့သော် ကျန်းချဲ့ကဲ့သို့သော ပါရမီရှင်မျိုးကိုတော့ အလွန် တွေ့ရခဲပေသည်။
မွေးရာပါအဆင့်ဖြင့် ရွှမ်တန်အဆင့်ကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်း...
အရေးအကြီးဆုံးက ရွှမ်တန်အဆင့် သိုင်းသခင်က ချီမိသားစု၏ သခင်လေး ချီရှောက်ယန် ဖြစ်နေခြင်းပင် ဖြစ်သည်။ သူတို့က ချီရှောက်ယန်သည် ကျင့်ကြံမှုကို ရွှမ်တန်အဆင့် အစပိုင်းအဖြစ် ဖိနှိပ်ထားကြောင်း ကြားသိခဲ့ရသော်လည်း သူက ရွှမ်တန်အဆင့် သိုင်းသခင်ပဲ မဟုတ်ပါလော။
မွေးရာပါအဆင့်ဖြင့် သိုင်းသခင်ကို ယှဉ်ပြိုင်တိုက်ခိုက်ပြီး မိနစ်နှစ်ဆယ်လောက်အထိ မရှုံးနိမ့်ခဲ့ဘူးဆိုလျှင်... အကယ်၍ သာမန် သိုင်းသခင်တစ်ပါးနှင့်သာဆိုရင် ကျန်းချဲ့က ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိနေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလားဟု သူတို့ တွေးတောမိကြသည်။
ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။ အဆင့်ကျော် တိုက်ခိုက်တယ်ဆိုတာကို သူတို့ ကြားဖူးပေမယ့် အဓိကက ဒီအဆင့်က အသေးစား အဆင့်တွေကို ပြောတာလေ... ကျန်းချဲ့ကကျတော့ အကြီးစား အဆင့်ကြီး တစ်ခုလုံးကို ကျော်လွန်ပြီး တိုက်ခိုက်နိုင်ခဲ့တာ... ဒီလို တိုက်ပွဲမှတ်တမ်းမျိုး သတင်းပြန့်သွားရင် လူတိုင်းကို ထိတ်လန့်သွားစေမှာ သေချာသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့က ချီမိသားစုသို့ မင်္ဂလာကိစ္စအတွက် လာရောက်ခြင်းဖြစ်ကြောင်းလည်း ချီမိသားစုအတွင်း၌ လုံးဝ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ မင်္ဂလာဆောင်မည့်သူမှာ ချီမိသားစု၏ အလှပန်းနှစ်ပွင့်ထဲမှ တစ်ယောက်ဖြစ်သော ချီဝမ်ကျင်း ဖြစ်သော်လည်း ချီမိသားစုမှ လူများအားလုံးက လိုက်ဖက်ညီသော စုံတွဲတစ်တွဲဟု သတ်မှတ်ကြပေသည်။
အလှပန်း နှစ်ပွင့်ကို သိုင်းလောကမှ လူများက အမွှမ်းတင် ချီးကျူးနေကြသဖြင့် ချီမိသားစုမှ လူများ၏ အမြင်ကလည်း ပိုမို မြင့်မားလာခဲ့ကြသော်လည်း ကျန်းချဲ့၏ အံ့အားသင့်ဖွယ်ရာ တိုက်ပွဲမှတ်တမ်းများ အရှေ့တွင်တော့ ကျန်းချဲ့က မြင့်မားသော နေရာကို လှမ်းတက်လာသည်ဟု မည်သူကမျှ မထင်မြင်ကြတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် မိသားစု၏ အလွန်ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုဟုသာ ထင်မြင်ကြပေသည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ ပါရမီကို မည်သူမဆို မြင်တွေ့နိုင်ပြီး လမ်းခုလတ်တွင်သာ မသေဆုံးသွားခဲ့လျှင် နောင်တစ်ချိန်တွင် အစွမ်းထက်သော အင်အားကြီးသူတစ်ဦး သေချာပေါက် ဖြစ်လာမည်ပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် နောက်ထပ် မင်္ဂလာကိစ္စအတွက် လာရောက်သော ဝေ့မိသားစု၏ သခင်လေးကိုတော့ လူအများအပြားက ကဲ့ရဲ့ရှုတ်ချနေကြပေသည်။ အတူတူ မင်္ဂလာကိစ္စအတွက် လာရောက်သော လူငယ်ပါရမီရှင်တွေ ဖြစ်ကြပေမယ့် တစ်ယောက်က သိုင်းသခင်နဲ့ မိနစ်နှစ်ဆယ်လောက်အထိ မရှုံးနိမ့်ခဲ့ဘူး၊ နောက်တစ်ယောက်ကကျတော့ တစ်ကွက်တောင် မခံနိုင်ဘူး၊ သူတို့နှစ်ယောက်ကြားက ကွာဟချက်က ဘယ်လောက် ကြီးမားလဲဆိုတာကို ထပ်ပြောနေစရာ လိုသေးလို့လားဟု ဝေဖန်ကြသည်။
ဝေ့ကျွင်းကျဲ ယခင်က စိုးရိမ်ခဲ့သည့်အတိုင်းပင် အရာရာတိုင်းက နှိုင်းယှဉ်ကြည့်ဖို့ လိုတယ်လေ။ ဒီလို နှိုင်းယှဉ်ကြည့်လိုက်တော့ ဝေ့ကျွင်းကျဲက အသုံးမကျတဲ့ လူတစ်ယောက်လို ဖြစ်သွားတာပေါ့။
အစ်မကြီး ချီဝမ်ကျင်းက ကျန်းချဲ့နဲ့ မင်္ဂလာဆောင်ရမယ်ဆိုတာကို သူတို့ ဘာမှ မပြောကြပေမယ့် ညီမလေး ချီနင်ပင်းက ဝေ့ကျွင်းကျဲနဲ့ လက်ထပ်ရမယ်ဆိုတာကိုတော့ လူအများအပြားက ဒေါသထွက်နေကြပြီး အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်က အရမ်း ပေါ့ဆလွန်းတယ်လို့ ထင်မြင်နေကြပေသည်။
ချီနင်ပင်းကို ဝေ့ကျွင်းကျဲနဲ့ ဘယ်လိုလုပ်ပြီး လက်ထပ်ပေးနိုင်မှာလဲ။ ဒီလူက စွမ်းအားလည်း အားနည်းတယ်၊ နာမည်ကလည်း ဆိုးတယ်၊ ချီမိသားစုရဲ့ အလှပန်း နှစ်ပွင့်ကို ဘယ်လိုလုပ်ပြီး ဒီလို လူမျိုးနဲ့ လက်ထပ်ပေးနိုင်မှာလဲ ဟု သူတို့တွေးမိကြသည်။
ယွဲ့ပြည်နယ် ဝေ့မိသားစု၏ နာမည်ဂုဏ်သတင်း ဆိုသည်မှာလည်း ချီမိသားစုမှ လူများ၏ အမြင်တွင် လုံးဝ ထည့်သွင်းစဉ်းစားစရာ မလိုပေ။
နှစ်ထောင်ချီ တည်တံ့လာခဲ့သော ပေလင် ချီမိသားစုနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဝေ့မိသားစုက လုံးဝ ယှဉ်ပြိုင်၍ မရနိုင်ပေ။ သူတို့ နှစ်ဖက်ကြားတွင် ကွာဟချက် အနည်းငယ်သာ ရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ ကြီးမားလှသော ကွာဟချက်ကြီးတစ်ခု ရှိနေပေသည်။ ဝေ့မိသားစု၏ သခင်လေး ဖြစ်လျှင်တောင် သူတို့က အရမ်းကြီး အရေးထားမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤလောကတွင် အရေးအကြီးဆုံးအရာက လူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းအားနှင့် ပါရမီသာဖြစ်ပြီး ဝေ့ကျွင်းကျဲက သခင်လေး ဖြစ်နေလျှင်တောင် ဝေ့မိသားစု တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သောကြောင့်ပင် ဖြစ်သည်။
အချုပ်အားဖြင့် ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့၏ မင်္ဂလာကိစ္စက ချီမိသားစုတွင် လျင်မြန်စွာ ကြီးမားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ဆွေးနွေးပြောဆိုသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝေ့ကျွင်းကျဲက ချီမိသားစုသို့ ရောက်ရှိလာသည့်အချိန်တွင် လူအများအပြား၏ လစ်လျူရှုခြင်းကို ခံခဲ့ရပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းချဲ့ကိုတော့ ချီမိသားစုက ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံခဲ့ကြပေသည်။
အစ်ကိုကြီး ချီရှောက်ယန်ကိုယ်တိုင် ကျန်းချဲ့ကို ချီမိသားစု၏ ဧည့်ရိပ်သာမှ ပထမတန်းစား ဧည့်သည်တော်အခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဝိညာဉ် လက်ဖက်ရည်နှင့် ဝိညာဉ်အရက်များကိုပါ လာပို့ခိုင်းကာ ဧည့်သည်တော်တစ်ယောက်လို အပြည့်အဝ ဆက်ဆံခဲ့ပေသည်။ သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် စကားပြောဆိုခဲ့ကြပြီး နှစ်ဖက်စလုံးက အလွန် ကျေနပ်နေကြပေသည်။
ချီရှောက်ယန်က မောက်မာခြင်း လုံးဝမရှိဘဲ ကျန်းချဲ့ကို ညီမလေး၏ခင်ပွန်းအဖြစ် အမှန်တကယ် သဘောထားကာ အလွန် ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး ကျန်းချဲ့ကို ကျင့်ကြံမှုဆိုင်ရာ အဓိက အချက်အချို့ကိုပင် လမ်းညွှန်ပြသပေးခဲ့သည်။ ကျန်းချဲ့၏ တိုက်ခိုက်ရေးစွမ်းရည်များနှင့် ပတ်သက်၍လည်း သူ၏ ကိုယ်ပိုင်အမြင်များကို တစ်ခုချင်းစီ ရှင်းပြပေးခဲ့သည်။
ချီမိသားစု၏ သခင်လေးဖြစ်သော သူ၏ ကျင့်ကြံမှု အတွေ့အကြုံများက ကျန်းချဲ့ကဲ့သို့သော အခြေခံမရှိသည့် သိုင်းသမားတစ်ဦးအတွက် အလွန် အသုံးဝင်လှပေသည်။ မင်္ဂလာမဆောင်ရသေးသော်လည်း ဤယောက်ဖကြီးကို သူ အလွန် ကျေနပ်မိသည်။ တစ်ဖက်လူ၏ သဘောထားက သာမန် မိသားစုဝင်များနှင့် လုံးဝ မတူဘဲ သူ့ကို လမ်းညွှန်ပြသမှုများစွာ ပေးအပ်သည့်အပြင် မောက်မာခြင်းလည်း လုံးဝမရှိဘဲ ညီအစ်ကိုအရင်းအလား ဆက်ဆံပေးခဲ့သည်။
သေချာသည်မှာ ကျန်းချဲ့၏ တုံ့ပြန်မှုကလည်း ဆိုးရွားမနေဘဲ မောက်မာခြင်းမရှိသလို ယဉ်ကျေးသိမ်မွေ့သဖြင့် ချီရှောက်ယန်ကို အလွန် ကျေနပ်စေခဲ့သည်။ သူ သိုင်းလောကတွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ မိသားစုကြီးများမှ သားသမီးများနှင့် သိုင်းလောကမှ သူရဲကောင်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သူ၏ အကဲဖြတ်မှုအရ ကျန်းချဲ့က မည်သည့်ကဏ္ဍတွင်မဆို တကယ်ကို ကောင်းမွန်လွန်းလှသဖြင့် ဖခင်ဖြစ်သူ စီစဉ်ပေးခဲ့သော ဤမင်္ဂလာကိစ္စကို သူ အလွန်အမင်း ကျေနပ်အားရမိသည်။
သူသည် ငယ်စဉ်ကတည်းက ညီမလေးနှစ်ဦးကို အလွန် ချစ်ခင်မြတ်နိုးခဲ့သဖြင့် သူတို့၏ အနာဂတ်အတွက် ကိုယ်တိုင် စမ်းသပ်စစ်ဆေးချင်ခဲ့ခြင်း ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ညီမလေးနှစ်ဦးရှိသော်လည်း ခင်ပွန်းကောင်းတစ်ဦးတည်းသာ ရှိနေခြင်း ဖြစ်သည်။ ဝေ့ကျွင်းကျဲကိုတော့ သူ လုံးဝ ဂရုမစိုက်ပေ။ ထိုကဲ့သို့သော လူမျိုးက သူ၏ ညီမလေးကို လက်ထပ်ရန် လုံးဝ မထိုက်တန်ပေ။
ကျင့်ကြံမှုက အခြေခံမရှိဘဲ ဆေးဝါးများကို အလွန်အမင်း အသုံးပြုပြီး တက်လှမ်းထားခြင်း ဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။ တိုက်ခိုက်ရေး အတွေ့အကြုံလည်း လုံးဝမရှိဘဲ မည်သည့် သေရေးရှင်ရေး တိုက်ပွဲကိုမျှ ဖြတ်သန်းခဲ့ဖူးပုံမရသည့်အပြင် စိတ်ဓာတ်ကလည်း အလွန် ဆိုးရွားလှသည်။ ဝေ့မိသားစုက ဤကဲ့သို့သော လူမျိုးကို ဘာကြောင့် သခင်လေးအဖြစ် တင်မြှောက်ခဲ့သလဲဆိုသည်ကို သူ တကယ်ကို နားမလည်နိုင် ဖြစ်နေရသည်။
သူ သိရှိထားသမျှအရ ဝေ့မိသားစုအတွင်း ထူးချွန်သော လူငယ်အချို့ ရှိနေသေးသော်လည်း နောက်ဆုံးတွင်တော့ ဤကဲ့သို့သော အသုံးမကျသူက သခင်လေးနေရာကို သိမ်းပိုက်သွားခဲ့ရသဖြင့် ဝေ့မိသားစုအနေဖြင့် နောင်တစ်ချိန်တွင် သေချာပေါက် နောင်တရရပေလိမ့်မည်။
ညနေပိုင်းအချိန်တွင် ချီရှောက်ယန်ကို ချီကျန်းနန်က လူလွှတ်ခေါ်ယူလိုက်သဖြင့် သူတို့နှစ်ဦး၏ ဆွေးနွေးမှုများကို ရပ်တန့်လိုက်ကြရတော့သည်။