အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) စေ့စပ်ကြောင်းလမ်းခြင်း၊ လူငယ်တစ်ယောက်ကို အထင်မသေးသင့်ပေ
"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်"
မက်မွန်ဥယျာဉ်အတွင်း၌ ချီရှောက်ယန်က တည်ငြိမ်စွာ ဝင်ရောက်လာပြီး ချီကျန်းနန်၏ ကျောပြင်ကို ကြည့်ကာ ခါးညွှတ် အရိုအသေပေးလိုက်သည်။
"သူတို့နှစ်ယောက်ကို စမ်းသပ်ကြည့်တာ ကျန်းချဲ့နဲ့ ဝေ့ကျွင်းကျဲအပေါ် မင်း ဘယ်လိုမြင်လဲ"
ချီကျန်းနန်က လှည့်လာပြီး ချီရှောက်ယန်ကို စူးစိုက်ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ကျန်းချဲ့ရဲ့ စိတ်နေသဘောထားက သာမန်ထက်ကဲလွန်ပြီး ပါရမီကလည်း ထူးချွန်လှပါတယ် သားတော်အမြင်မှာတော့ အဆင့်တူအချင်းချင်းဆိုရင် သူ့ကို ယှဉ်နိုင်မယ့်သူ ရှားပါလိမ့်မယ် သူ့ကိုသာ မြေတောင်မြှောက်ပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ချီမိသားစုအတွက် ကြီးမားတဲ့ အင်အားတစ်ခု ဖြစ်လာမှာ သေချာပါတယ် ဝမ်ကျင်းကို သူနဲ့လက်ထပ်ပေးဖို့က အရမ်းကို သင့်တော်ပါတယ်"
"ဒီလောက်တောင် အထင်ကြီးနေတာလား"
"မွေးရာပါအဆင့် ကျင့်ကြံမှုနဲ့ သားတော်ကို တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး ရှုံးနိမ့်မယ့် အရိပ်အယောင် လုံးဝ မပြခဲ့ဘူး အောက်စီးကို အနည်းငယ်လောက်ပဲ ရောက်သွားတာပါ ဒီလို ရှားပါးတဲ့ ပါရမီရှင်မျိုးကို ဘယ်လောက်ပဲ ချီးကျူးချီးကျူး တန်ပါတယ် ဒီယောက်ဖကို သားတော် အရမ်း သဘောကျတယ်"
"ဝေ့ကျွင်းကျဲကရော"
ချီရှောက်ယန်က ဖခင်ဖြစ်သူကို စူးစိုက်ကြည့်ပြီး အတိုချုပ် ပြန်ဖြေလိုက်သည်။
"အမှိုက်ပါပဲ"
"ဟင်"
"ဝေ့မိသားစုရဲ့ သခင်လေး ဖြစ်ပါလျက်နဲ့ နာမည်ဂုဏ်သတင်းကလည်း ပျက်ယွင်းနေတယ် စိတ်ဓာတ်ကလည်း မကောင်းဘူး သူ့ရဲ့ ကျင့်ကြံမှုကလည်း အခြေခံမကောင်းဘူး ဝေ့မိသားစု ခေါင်းဆောင်က ဝိညာဉ်ဆေးဝါးတွေနဲ့ အတင်းအကျပ် အဆင့်တက်ပေးထားတာ သိသာလွန်းတယ် သူ့ရဲ့ စွမ်းအားက အဆင့်တူအချင်းချင်းကြားမှာတောင် သာမန်လောက်ပဲ ရှိတယ် နောင်တစ်ချိန် ဝေ့မိသားစုက အရင်းအမြစ်တွေ ဘယ်လောက်ပဲ ထောက်ပံ့ပေးပေး အမြင့်ဆုံး ရောက်နိုင်မယ့်အဆင့်က ရွှမ်တန်အဆင့်ပဲ ကျန်းချဲ့နဲ့ ယှဉ်လိုက်ရင် အမှိုက်လို့ မခေါ်သင့်ဘူးလား ဝေ့မိသားစုက ဘာတွေတွေးနေလဲဆိုတာ တကယ် နားမလည်နိုင်တော့ဘူး မျိုးနွယ်စုထဲမှာ လူငယ်ပါရမီရှင်တွေ အများကြီး ရှိပါလျက်နဲ့ ဒီလိုလူမျိုးကို ဝေ့မိသားစုရဲ့ သခင်လေးအဖြစ် ရွေးချယ်ထားတာ တကယ်ကို မိုက်မဲလွန်းတယ်"
ချီရှောက်ယန်က သူ၏ ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
ချီကျန်းနန်က ချီရှောက်ယန်ကို စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေပြီးနောက် ဆက်ပြောလိုက်သည်။
"သူတို့နှစ်ယောက်ကို လမ်းခုလတ်မှာ ကြားဖြတ်တားဆီးပြီး စမ်းသပ်လို့ ဝေ့ကျွင်းကျဲ မျက်နှာ အကြီးအကျယ် ပျက်သွားအောင် လုပ်တာက နင်ပင်းရဲ့ အကြံအစည်မလား"
"ဒါက သားတော်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ နင်ပင်းက မင်္ဂလာကိစ္စကို သားတော်ကို အမှန်အတိုင်း ပြောပြရုံသက်သက်ပါ အစ်ကိုတစ်ယောက်အနေနဲ့ သူ့ကို မီးတွင်းထဲ ခုန်ဆင်းသွားတာကို သားတော် ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ အကယ်၍ မိခင်သာ သက်ရှိထင်ရှား ရှိနေသေးရင်တောင် သားတော်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှာပါ"
ချီရှောက်ယန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး ဖခင်ဖြစ်သူနှင့် မျက်လုံးချင်းဆုံကာ လုံးဝ အလျှော့မပေးခဲ့ပေ။
"မင်း ဆိုလိုတာက ငါ့ကို အပြစ်တင်နေတာလား"
ချီကျန်းနန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး မျက်လုံးများ မှေးကျဉ်းသွားကာ ဖိအားတစ်ခုက ကိုယ်ပေါ်တွင် လွှမ်းခြုံလာခဲ့သည်။
"သားတော်က အဲဒီလို မဆိုလိုပါဘူး ရင်ထဲမှာ မခံစားနိုင်လို့ပါ ကျန်းချဲ့က လက်တွဲဖော်ကောင်း တစ်ယောက်မို့လို့ ဝမ်ကျင်းကို သူနဲ့ လက်ထပ်ပေးတာကို သားတော် ဘာမှ မကန့်ကွက်ပါဘူး အဲဒီအစား လက်နှစ်ဖက်စလုံး မြှောက်ပြီးတောင် ထောက်ခံပါတယ် ဒါပေမဲ့ ဝေ့ကျွင်းကျဲက ဘာကောင်မို့လို့လဲ အမှိုက်တစ်ကောင်က နင်ပင်းကို လက်ထပ်ဖို့ ထိုက်တန်လို့လား"
"အကယ်၍ ငါက နင်ပင်းကို ဝေ့မိသားစုဆီ အတင်းအကျပ် လက်ထပ်ပေးမယ်ဆိုရင်ရော"
"သားတော် ဝေ့ကျွင်းကျဲကို လူပုံအလယ်မှာ သတ်ပစ်မယ် အဲဒီအခါကျရင် ချီမိသားစုနဲ့ ဝေ့မိသားစုက ရန်သူတွေ ဖြစ်သွားမှာပဲ ဒါဆို နင်ပင်းရဲ့ မင်္ဂလာကိစ္စလည်း သေချာပေါက် ပျက်သွားမှာပဲ"
ချီရှောက်ယန်က စကားလုံး တစ်လုံးချင်းစီကို ဖြည်းညင်းစွာ ပြောလိုက်ပြီး သူ၏ မျက်လုံးများက အလွန် ပြတ်သားနေပေသည်။
"မင်း ငါ ဒေါသထွက်မှာကို မကြောက်ဘူးလား"
"အစ်ကိုတစ်ယောက်အနေနဲ့ ညီမလေးရဲ့ တစ်သက်စာ မင်္ဂလာကိစ္စကို သားတော် သေချာပေါက် စစ်ဆေးပေးရပါမယ် ခမည်းတော်က သားတော်ကို ချီမိသားစု သခင်လေးနေရာကနေ ဖယ်ရှားမယ်ဆိုရင်တောင် သားတော် သေချာပေါက် ဒီလိုပဲ လုပ်မှာပါ"
"ရှောက်ယန် မင်းက အပြင်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပါလျက်နဲ့ မိသားစုရဲ့ အခြေခံ အကျိုးစီးပွားကိုတောင် ဂရုမစိုက်တော့ဘူးလား နင်ပင်းသာ ဝေ့မိသားစုကို လက်ထပ်သွားမယ်ဆိုရင် ချီမိသားစုက ဘယ်လောက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာမလဲဆိုတာ မင်း သိရဲ့လား ဝေ့မိသားစုနဲ့ မဟာမိတ် ဖွဲ့လိုက်တာနဲ့ ချီမိသားစုရဲ့ လက်တံတွေက ယွဲ့ပြည်နယ်အထိ လုံးဝ ရောက်ရှိသွားမှာ လျှို့ဝှက်နယ်မြေ နှစ်ခုလုံးကို ရလာမှာ ဒီဟာက ချီမိသားစုရဲ့ အင်အားကို ဘယ်လောက်အထိ တိုးတက်လာစေနိုင်မလဲဆိုတာ မင်း သိရဲ့လား ငါကိုယ်တိုင်တောင် ရှန်ရှန်းအဆင့်အထက်ကို ရောက်နိုင်မယ့် အခွင့်အရေး ရှိလာနိုင်တယ်"
"မိသားစုရဲ့ အကျိုးစီးပွားက ကြီးမားတာ မှန်ပါတယ် ဒါပေမဲ့ သားတော်က နင်ပင်းရဲ့ အစ်ကိုဆိုတာပဲ သိတယ် ခမည်းတော် သမီးတစ်ယောက်ရဲ့ မင်္ဂလာကိစ္စကို အသုံးချပြီး အကျိုးအမြတ် ရှာရလောက်တဲ့အထိ နှစ်ထောင်ချီ တည်တံ့လာခဲ့တဲ့ ချီမိသားစုကြီးက ဘယ်တုန်းက အဲဒီလောက်အထိ အောက်တန်းကျသွားတာလဲ အကယ်၍ ဝေ့မိသားစုနဲ့ လက်ထပ်ရမယ့်သူက လူငယ်ပါရမီရှင် တစ်ယောက်သာဆိုရင် ကျန်းချဲ့လောက် မတော်ရင်တောင် သားတော် ဘာမှ ပြောမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဝေ့ကျွင်းကျဲ ကတော့ လုံးဝ မဖြစ်ဘူး ဝေ့မိသားစုကို ပြောရမယ်ဆိုရင် ခမည်းတော် သားတော်ကို ဆယ်နှစ်လောက် အချိန်ပေးပါ ခမည်းတော် လိုချင်တာ မှန်သမျှ သားတော် ရှာပေးနိုင်ပါတယ်"
ချီရှောက်ယန်က ချီကျန်းနန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"စကားသက်သက်ပဲ မင်း ဘာနဲ့ ရှာပေးမှာလဲ"
"ခမည်းတော်က အကျိုးအမြတ်ကို ပိုဂရုစိုက်တာလား ဒါမှမဟုတ် သားတော်ကို ပိုဂရုစိုက်တာလား"
"မင်းကောင်လေး"
ချီကျန်းနန်က ရုတ်တရက် ရယ်မောလိုက်ပြီး ချီရှောက်ယန်၏ သဘောထားနှင့် ယုံကြည်ချက်ကို အလွန် ကျေနပ်နေပုံ ရပေသည်။
"ခမည်းတော် ဘာလို့ ရယ်နေတာလဲ"
ချီရှောက်ယန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး နားမလည်နိုင်အောင် ဖြစ်နေပေသည်။
ချီကျန်းနန်က ဖြည်းညင်းစွာ ထိုင်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ဘေးရှိ လက်ဖက်ရည်အိုးထဲမှ ရေနှစ်ကြောင်းက လက်ဖက်ရည်ခွက်များ အတွင်းသို့ စီးကျသွားသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပေသည်။
ခဏအကြာမှ သူက စကားစလိုက်သည်။
"ဝေ့မိသားစုနဲ့ မင်္ဂလာကိစ္စကို မင်းက အရမ်း တစ်ဖက်သတ် ဆန်လွန်းတယ် စေ့စပ်ထားတယ်ဆိုရင်တောင် နင်ပင်းက ချက်ချင်း လက်ထပ်သွားမှာမှ မဟုတ်တာ အဖေ လိုချင်တာက အဲဒီ အချိန်လေးပဲ ဒါပေမဲ့ မင်း အခုလို လုပ်လိုက်တော့ မိသားစုထဲမှာ ဆူညံသွားပြီး ဝေ့မိသားစုက လူတွေလည်း မအပါဘူး ငါတို့ ချီမိသားစုရဲ့ သဘောထားကို သူတို့ သေချာပေါက် ရိပ်မိသွားမှာပဲ"
အကယ်၍ ချီရှောက်ယန်ကသာ လမ်းခုလတ်တွင် ကြားဖြတ် မတားဆီးခဲ့လျှင် သူကိုယ်တိုင်လည်း သူတို့ နှစ်ယောက်ကို စမ်းသပ်မည်သာ ဖြစ်သည်။ သို့သော် ဝေ့ကျွင်းကျဲကို ဤမျှလောက် အရှက်ကွဲအောင်တော့ လုပ်မည်မဟုတ်ပေ။ ယခုတော့ ချီမိသားစုဝင် အများစုက ဆန့်ကျင်နေကြပြီ ဖြစ်ရာ သူ့ကို အနည်းငယ် အခက်တွေ့သွားစေခဲ့သည်။
"ခမည်းတော်က ဝေ့မိသားစုကို လှည့်စားချင်နေတာလား"
ချီရှောက်ယန်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ သံသယဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ ဖခင်၏ စကားကို သူ အပြည့်အဝ မယုံကြည်နိုင်ဘဲ သူ့ကို လှည့်စားနေသည်ဟုသာ ထင်မြင်နေမိသည်။
"အစတုန်းကတော့ ဒီမင်္ဂလာကိစ္စကို တကယ်ပဲ အောင်မြင်အောင် လုပ်ချင်ခဲ့တာပါ ဘယ်လိုပဲဖြစ်ဖြစ် ဝေ့ကျွင်းကျဲက ဝေ့မိသားစုရဲ့ သခင်လေးပဲလေ နင်ပင်း လက်ထပ်သွားရင် ဝေ့မိသားစုရဲ့ သခင်မလေး ဖြစ်သွားမှာပဲ ဝေ့ကျွင်းကျဲက အသုံးမကျရင်တောင်မှ အနည်းဆုံးတော့ နင်ပင်းက စည်းစိမ်ချမ်းသာကို ခံစားရမှာပေါ့ ဒါပေမဲ့ မင်းနဲ့ နင်ပင်းရဲ့ တုံ့ပြန်မှုက ဒီလောက်တောင် ပြင်းထန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး မင်္ဂလာကိစ္စ ပျက်သွားအောင် ဝေ့ကျွင်းကျဲကိုတောင် သတ်ပစ်မယ်လို့ ပြောတဲ့အထိပဲ"
ချီကျန်းနန်က ခေါင်းယမ်းလိုက်သည်။
"ဒါဆို ခမည်းတော် ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ"
"အခြေအနေ ကြည့်ပြီးမှ ဆက်လုပ်ရမှာပေါ့ ဒါပေမဲ့ ဝေ့မိသားစုနဲ့ မင်္ဂလာကိစ္စကိုတော့ ဖြတ်ပစ်လို့ မရဘူး မိသားစုထဲက အသံတွေကို ဖိနှိပ်ထားဖို့ ငါ လူလွှတ်လိုက်မယ် လျှို့ဝှက်နယ်မြေကို အရင်ရအောင် ယူရမယ် သေချာတာပေါ့ နင်ပင်း မလက်ထပ်ခင် အရာအားလုံးကို အပြီးသတ်နိုင်အောင် အဖေ အစွမ်းကုန် ကြိုးစားပါ့မယ် မင်းကတော့ တခြားကိစ္စတွေနဲ့ အဖေ့ကို လာမခြိမ်းခြောက်နဲ့ နားလည်လား"
"ခမည်းတော်က ဒီမင်္ဂလာကိစ္စကို အောင်မြင်အောင် လုပ်ချင်နေတုန်းပဲကိုး"
ချီရှောက်ယန်က အင်္ကျီလက်အောက်ရှိ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ ဖခင်၏ ဆိုလိုရင်းကို သူ နားမလည်စရာ အကြောင်းမရှိပေ။ သူ၏ ခြိမ်းခြောက်မှုကြောင့် ယိမ်းယိုင်သွားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်တော့ ရည်ရွယ်ချက်က ပြတ်သားနေဆဲပင် ဖြစ်သည်။
"ရှောက်ယန် မင်းက အဖေ့ကို မယုံဘူးလား"
ချီကျန်းနန်၏ မျက်နှာပေါ်တွင် ဒေါသထွက်သည့် အမူအရာများ ပေါ်လာခဲ့သည်။
"သားတော် မဝံ့ရဲပါဘူး"
ချီရှောက်ယန်က ခေါင်းငုံ့လိုက်သည်။ သူ တကယ် မယုံကြည်သော်လည်း စကားက ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ သူ၏ စကားအနည်းငယ်ဖြင့် ဖခင်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
ထို့အပြင် အကယ်၍ အခြေအနေများ ပြန်လည် မကယ်တင်နိုင်သည့် အဆင့်အထိ ရောက်သွားခဲ့လျှင် ဤမင်္ဂလာကိစ္စကို တားဆီးရန် သူ၏ ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြုမည်ဟု သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ချီမိသားစု၏ သခင်လေး နေရာကို စွန့်လွှတ်ရမည်ဆိုလျှင်တောင် သူ ဝန်လေးမည် မဟုတ်ပေ။
"နင်ပင်းကို မင်း သေချာ ဖျောင်းဖျလိုက်ပါဦး သူ့ကို တစ်နှစ်လောက် သည်းခံခိုင်းလိုက် သူကလည်း အဖေ့ရဲ့ သမီးပဲလေ ငါ ဘယ်လိုလုပ် မချစ်ဘဲ နေမှာလဲ စိတ်ချပါ နင်ပင်းက တကယ် မလိုလားဘူးဆိုရင် ဝေ့ကျွင်းကျဲကို လက်ထပ်ဖို့ ငါ အတင်းအကျပ် မလုပ်ပါဘူး"
"ဟုတ်ကဲ့ သားတော် နားလည်ပါပြီ"
ချီရှောက်ယန်က ခေါင်းငုံ့ထားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
"ပြန်တော့"
"သားတော် ခွင့်ပြုပါဦး"
ချီရှောက်ယန် ထွက်သွားပြီးနောက် ချီကျန်းနန်က မျက်လုံးများကို ဖွင့်ကာ မက်မွန်ဥယျာဉ် တစ်ခုလုံးကို ကြည့်ရင်း အဓိပ္ပာယ်ပါပါ တွေးတောနေပေသည်။
မကြာမီ ချီကျန်းနန်၏ တမင်တကာ ဖိနှိပ်မှုအောက်တွင် ချီနင်ပင်းနှင့် ဝေ့ကျွင်းကျဲတို့၏ မင်္ဂလာကိစ္စကို ဆန့်ကျင်နေသော ချီမိသားစုအတွင်းရှိ အသံများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လူအများအပြား မကျေနပ်ကြသော်လည်း မိသားစုခေါင်းဆောင်၏ အမိန့်ကို အကြီးအကဲ အနည်းငယ်မှလွဲ၍ မည်သူကမျှ မဆန့်ကျင်ရဲကြပေ။
ဤကိစ္စကို သိရှိပြီးနောက် ချီနင်ပင်းမှာ တိတ်ဆိတ်သွားခဲ့သည်။
ချီမိသားစု၏ မကျေနပ်မှုများကို မည်မျှပင် လှုံ့ဆော်ခဲ့ပါစေ နောက်ဆုံးတွင် ဖခင်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ပေ။ အကယ်၍ သူမ ဆက်လက် ပြဿနာရှာနေမည်ဆိုပါက မင်္ဂလာရက်က ပိုမို စောသွားနိုင်သည်ဟုပင် သူမ ထင်မြင်မိပေသည်။
သေချာသည်မှာ ချီရှောက်ယန်ကလည်း ချီကျန်းနန်၏ စကားများကို ချီနင်ပင်းအား ပြန်လည် ပြောပြခဲ့ပေသည်။ သို့သော် သူရော ချီနင်ပင်းပါ ဤစကားများကို မယုံကြည်ခဲ့ကြပေ။ မင်္ဂလာ စေ့စပ်ပြီးပါက ဝေ့ကျွင်းကျဲ တကယ် မသေဆုံးသရွေ့ ပြောင်းလဲရန် အလွန် ခက်ခဲလှပေသည်။ ဤသည်မှာ ဖခင်က သူမကို စိတ်သက်သာရာ ရစေရန်နှင့် ဆက်လက် ပြဿနာမရှာစေရန် သက်သက်သာ ပြောဆိုခြင်းဖြစ်သည်ဟု သူတို့ ထင်မြင်မိကြသည်။
"အစ်ကိုကြီး ခမည်းတော်ရဲ့ ဆိုလိုရင်းကို ညီမ နားလည်ပါတယ် အရင်က ကိစ္စတွေ အတွက် ကျေးဇူးတင်ပါတယ်"
ချီနင်ပင်းက ရေကန်ထဲရှိ ဝိညာဉ် ငါးအချို့ကို အစာကျွေးရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"နင်ပင်း စိတ်ချပါ အစ်ကိုကြီး ရှိနေသရွေ့ ညီမလေး မီးတွင်းထဲ ခုန်ဆင်းသွားတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ဝေ့ကျွင်းကျဲက ဘယ်လောက်ပဲ တုံးအပါစေ တစ်ယောက်ယောက်က ဒီကိစ္စကို နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတာ သူ သိမှာပဲ အကယ်၍ ညီမလေး တကယ်ပဲ သူ့ကို လက်ထပ်လိုက်ရရင် သူက ညီမလေးကို ကောင်းကောင်း ဆက်ဆံမှာ မဟုတ်ဘူး အကယ်၍ ခမည်းတော်က ညီမလေးကို ဝေ့မိသားစုဆီ အတင်းအကျပ် လက်ထပ်ပေးမယ်ဆိုရင် အစ်ကိုကြီး ဝေ့ကျွင်းကျဲကို သတ်ပစ်မယ်"
ချီရှောက်ယန်က ချက်ချင်း ကတိပေးလိုက်သည်။
"အစ်ကိုကြီး မလုပ်ပါနဲ့"
ချီနင်ပင်းက လှည့်လာပြီး ချီရှောက်ယန်၏ အကြံအစည်ကို ငြင်းပယ်လိုက်သည်။
"ဝေ့မိသားစုက ယွဲ့ပြည်နယ်မှာ အမြစ်တွယ်နေတာ ကြာပြီ အင်အားလည်း ကြီးတယ် ချီမိသားစုလောက် မကြီးမားဘူးဆိုပေမယ့် လုံးဝတော့ မသေးပါဘူး အကယ်၍ အစ်ကိုကြီးက ဝေ့ကျွင်းကျဲကို သတ်လိုက်ရင် ချီမိသားစုအတွက် အလကားသက်သက် ရန်သူကြီး တစ်ယောက် တိုးလာစေမှာပဲ ပြီးတော့ ချီမိသားစုရဲ့ နာမည်လည်း လုံးဝ ပျက်စီးသွားလိမ့်မယ် မင်္ဂလာဆောင်ရုံ သက်သက်ပါပဲ ဒါက ညီမရဲ့ ကံကြမ္မာပဲလေ ညီမ လက်ခံပါတယ်"
"နင် ဘာကို လက်ခံတာလဲ"
ချီဝမ်ကျင်း၏ မျက်နှာထားက အေးစက်သွားပြီး
"ငါ ခမည်းတော်ဆီ သွားပြီး မင်္ဂလာမဆောင်ချင်ဘူးလို့ ပြောလိုက်မယ် နင် ကျန်းချဲ့နဲ့ သွားလက်ထပ်လိုက်"
"ဝမ်ကျင်း မလျှောက်လုပ်နဲ့"
"အစ်မကြီး ဘာတွေ လျှောက်ပြောနေတာလဲ အစ်မကြီးနဲ့ ကျန်းချဲ့ လက်ထပ်ရမယ်ဆိုတာကို ချီမိသားစု တစ်ခုလုံး သိနေတာ အစ်မကြီးသာ ပြဿနာ ရှာလိုက်ရင် ခမည်းတော် ပိုပြီး ဒေါသထွက်သွားလိမ့်မယ် ပြီးတော့ အစ်မကြီးက ကျန်းချဲ့ကို ညီမဆီ လွှဲပေးလိုက်ရင် အစ်မကြီးကရော အစ်မကြီးက ဝေ့ကျွင်းကျဲကို လက်ထပ်မှာလား ဒီကိစ္စကို ထပ်မပြောနဲ့တော့"
ချီနင်ပင်းက ချက်ချင်း ငြင်းပယ်လိုက်သည်။ သူမက ချီဝမ်ကျင်းနှင့် ငယ်စဉ်ကတည်းက ပစ္စည်းများ လုယူလေ့ရှိသော်လည်း ယောက်ဖကိုတော့ လုယူမည်မဟုတ်ပေ။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို သူမ မလုပ်နိုင်သလို ညီမလေးကြောင့် အစ်မကြီး နစ်နာသွားမည်ကိုလည်း လုံးဝ မကြည့်ရက်ပေ။
"ဒါလည်း မရဘူး ဟိုဟာလည်း မရဘူး ဒါဆို ဘယ်လို လုပ်မလဲ"
ချီဝမ်ကျင်းက မျက်နှာကို တင်းထားပြီး ဘေးတွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
"မင်္ဂလာ စေ့စပ်ထားတယ် ဆိုရင်တောင် နောက်ထပ် တစ်နှစ်လောက် ကြာမှ လက်ထပ်ရမှာပဲလေ အဆိုးဆုံး အခြေအနေ ရောက်ရင်တော့ ညီမ ချီမိသားစု ကနေ ထွက်ပြေးမှာပေါ့ အဲဒီအခါကျရင် အစ်ကိုကြီးတို့ ကူညီရမယ်နော်"
ချီနင်ပင်းက အတင်း အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်သည်။
"ခမည်းတော်က တကယ်ကို အသက်ကြီးပြီး ဉာဏ်နည်းနေပြီ"
ညီမလေး နှစ်ယောက်၏ ဝမ်းနည်းပူဆွေးမှုများကို နားထောင်ပြီးနောက် ချီရှောက်ယန်က အေးစက်စက် နှာမှုတ်လိုက်သည်။
ချီမိသားစုသို့ ရောက်ရှိပြီးနောက် ကျန်းချဲ့က ဤနေရာတွင် သုံးရက် ဆက်တိုက် နေထိုင်ခဲ့ရသည်။ ချီမိသားစုက အလွန် ဧည့်ဝတ်ကျေပွန်ပြီး နေထိုင်စရာ အသုံးအဆောင်များ အားလုံး ပြည့်စုံရုံသာမက ချီမိသားစု၏ သခင်လေး ချီရှောက်ယန် ကိုယ်တိုင်လည်း သူ့ထံသို့ မကြာခဏ လာရောက်ကာ စကားစမြည် ပြောဆိုလေ့ ရှိပေသည်။
သေချာသည်မှာ အချိန်အများစုတွင် ချီရှောက်ယန်က ကျန်းချဲ့၏ ကျင့်ကြံမှုနှင့် ပတ်သက်၍ လမ်းညွှန်ပြသပေးခြင်း ပင် ဖြစ်သည်။
သူတို့ နှစ်ယောက်၏ ဆက်ဆံရေးကလည်း တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
ကျန်းချဲ့က သူ၏ သံသယကိုလည်း မေးမြန်းလိုက်သည်။
"အစ်ကိုကြီး ကျွန်တော် ဒီမှာ အချိန်အကြာကြီး နေရဦးမှာလား"
"ဟားဟား မင်း အထင်လွဲနေပြီ မင်းကို ဒီမှာ ရက်အနည်းငယ်လောက် နားခိုင်းထားတာက မင်္ဂလာစာချုပ်နဲ့ တခြား ပြင်ဆင်စရာတွေကို လုပ်နေလို့ပါ"
ချီရှောက်ယန်က ရယ်မောကာ ပြန်ဖြေလိုက်သည်။
မူလ လုပ်ငန်းစဉ်က ချီမိသားစုက စမ်းသပ်မှု ပြုလုပ်ရန် ဖြစ်သော်လည်း သူက စမ်းသပ်ပြီးပြီ ဖြစ်ရာ ကျန်းချဲ့၏ စွမ်းအားနှင့် ပါရမီကို အတည်ပြုပြီးဖြစ်၍ အရာအားလုံးကို ကျော်ဖြတ်လိုက်ခြင်း ပင် ဖြစ်သည်။ စေ့စပ်ကြောင်းလမ်းသည့် အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
"သြော် အဲဒီလိုကိုး"
ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်က မင်္ဂလာကိစ္စကို လာရောက် ဆွေးနွေးခြင်းသာ ဖြစ်ပြီး မင်္ဂလာ စေ့စပ်ရန်အတွက် ပြင်ဆင်စရာများ အများကြီး လိုအပ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤမျှလောက် မြန်မြန်ဆန်ဆန် ပြီးစီးသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သေချာသည်မှာ ကျန်းချဲ့ မသိရှိခဲ့သည်မှာ သူ၏ လုပ်ငန်းစဉ်များက အရှိန်မြှင့်တင်ထားခြင်း ဖြစ်ကြောင်းကို ပင် ဖြစ်သည်။
ကျောက်တုံးတောအုပ် တိုက်ပွဲက သတင်း ပြန့်နှံ့သွားပြီ ဖြစ်ရာ မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန်အတွက် ချီမိသားစုက ကျန်းချဲ့ကို လုံးဝ ပြန်လွှတ်မည် မဟုတ်ဘဲ မင်္ဂလာကိစ္စကို အရင်ဆုံး စေ့စပ်ထားမည် ဖြစ်သည်။ မင်္ဂလာ လက်ဖွဲ့ ပစ္စည်းများ အပါအဝင် အရာအားလုံးကို ချီမိသားစုက တာဝန်ယူ စီစဉ်ပေးခဲ့သည်။
ကျန်းချဲ့ အနေဖြင့် လူကိုယ်တိုင် လာရောက်ရန်သာ လိုအပ်ပြီး ကျန်သည်များကို အစီအစဉ်အတိုင်း လိုက်နာရုံသာ ရှိပေသည်။ ချီဆန်းကျားကတော့ ကျန်းချဲ့၏ လူကြီးမိဘ နေရာမှနေ၍ အရာအားလုံးကို တာဝန်ယူ စီစဉ်ပေးခဲ့သည်။
ချီမိသားစုက ကျန်းချဲ့၏ သတင်းအချက်အလက် မျိုးစုံကို လေ့လာထားပြီးဖြစ်ရာ သူက မိဘမဲ့ တစ်ယောက် ဖြစ်ပြီး အုပ်ထိန်းသူ လူကြီးမရှိကြောင်း သိရှိထားသဖြင့် အလွန် ရှုပ်ထွေးအောင် မလုပ်ဆောင်ခဲ့ပေ။ ဤသည်ကို ကျန်းချဲ့ကလည်း အလွန် သဘောကျ ကျေနပ်ပေသည်။
မည်သို့ပင်ဆိုစေ သူက 'ချီဝမ်ကျင်း' ကို တွေ့ဖူးပြီးဖြစ်ရာ သူမ၏ ရုပ်ရည်၊ နောက်ခံ၊ စိတ်နေသဘောထား အားလုံးကို အလွန် သဘောကျမိပေသည်။ စိတ်သဘောထားက အနည်းငယ် ကြမ်းတမ်းသော်လည်း ဘာမှ မဖြစ်ပေ။ ဒီမြင်းရိုင်းမလေးကို သူ ယဉ်ပါးအောင် ဆုံးမနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။
"သခင်လေးကျန်း မိသားစု ခေါင်းဆောင်က ဖိတ်ခေါ်နေ ပါတယ်"
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ချီမိသားစု၏ ဧည့်သည်တော် အကြီးအကဲ တစ်ယောက်က အနီးသို့ ရောက်လာပြီး လက်ချင်းယှက်ကာ ရိုသေစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင်တော့ အားကျသည့် အရိပ်အယောင်များ ပါဝင်နေပေသည်။ သူလည်း ချီမိသားစု၏ သမက် တစ်ယောက် ဖြစ်သော်လည်း ကျန်းချဲ့၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကောင်းကင်နှင့် မြေကြီးလို ကွာခြားလွန်းလှပေသည်။
ချီမိသားစုတွင် သူ၏ အခန်းကဏ္ဍက မျိုးဆက်ပြန့်ပွားရန် သက်သက်သာ ဖြစ်ပြီး လွတ်လပ်ခွင့် သိပ်မရှိပေ။ သို့သော် ကျန်းချဲ့ကတော့ နောက်ခံ သိပ်မကောင်းသော်လည်း ပါရမီက အလွန် ထူးချွန်သဖြင့် ချီမိသားစုက နောက်ခံ အသိုင်းအဝိုင်းကို လုံးဝ လစ်လျူရှုကာ သူ့ကို ဧည့်သည်တော် တစ်ယောက်လို ဆက်ဆံခဲ့သည်။ မိသားစု ခေါင်းဆောင် ကိုယ်တိုင် ပင်လျှင် မျက်နှာသာပေးပြီး ခိုင်းစေချင်တိုင်း ခိုင်းစေခြင်းမျိုး မရှိခဲ့ပေ။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုလျို"
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ချီရှောက်ယန်ကို နှုတ်ဆက်ကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် တစ်ဖက်လူ၏ နောက်သို့ လိုက်ပါကာ ချီမိသားစု၏ နောက်ဘက်ခြံဝင်းသို့ လျှောက်သွားခဲ့သည်။ ထိုနေရာတွင် စောင့်ဆိုင်းနေသော ဝေ့ကျွင်းကျဲကိုလည်း သူ တွေ့မြင်လိုက်ရသည်။
တစ်ဖက်လူက သူ့ကို အေးစက်စက် ပြုံးပြလိုက်ပြီး အလွန် ဂုဏ်ယူနေပုံ ရပေသည်။
'ဒီဟာက ဘာကို ဆိုလိုတာလဲ မင်္ဂလာကိစ္စ အဆင်ပြေသွားပြီ ဆိုတာကို ပြသနေတာပေါ့ ငါ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ' ဟု ဝေ့ကျွင်းကျဲ တွေးကာ ကျေနပ်နေမိသည်။
မူလက ချီမိသားစု၏ ဆွေးနွေးပြောဆိုမှုများကြောင့် မင်္ဂလာကိစ္စ ပျက်သွားနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ချီမိသားစုက သူ့အပေါ် ဝေဖန်မှုများကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်ကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသောကြောင့်ပင်။
သို့သော် ကျန်းချဲ့က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက် လစ်လျူရှုလိုက်သည်။
'ဒီကောင်က ဘာဉာဏ်နီဉာဏ်နက်မှ မရှိတဲ့ သိုင်းလောက မိသားစုကြီးက သခင်လေး တစ်ယောက်သာ ဖြစ်ပြီး အတွေးတွေ အားလုံးက မျက်နှာပေါ်မှာ ပေါ်လွင်နေတာပဲ...' ဟု ကျန်းချဲ့ တွေးကာ သူ့ကို လစ်လျူရှုထားလိုက်သည်။ အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် ဝေ့ကျွင်းကျဲ၏ စရိုက်ကို သူ ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်ရာ ပေါင်းသင်းဆက်ဆံရန် လုံးဝ မလိုအပ်ကြောင်း ထင်မြင်မိပေသည်။
ကျန်းချဲ့၏ လစ်လျူရှုမှုက ဝေ့ကျွင်းကျဲ၏ မျက်နှာထားကို အနည်းငယ် ရုပ်ဆိုးသွားစေခဲ့သည်။ သူ ဘာကြောင့် ကျန်းချဲ့ကို ဤသို့ ပြုံးပြမိမှန်း မသိသော်လည်း မိမိကိုယ်ကို သက်သေပြချင်သည့် ဆန္ဒ တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ရလဒ်အနေဖြင့် ခပ်ခွာခွာ ဆက်ဆံမှုကိုသာ ရရှိခဲ့သည်။
"ကျန်းချဲ့ မင်း ပါရမီကောင်းတယ် စွမ်းရည်မြင့်တယ် ဆိုတာကို ငါ ဝန်ခံပါတယ် ဒါပေမဲ့ အရမ်း မာနမကြီးပါနဲ့ဦး အနှစ်သုံးဆယ် မြစ်အရှေ့ဘက် အနှစ်သုံးဆယ် မြစ်အနောက်ဘက်ပဲ လူငယ် တစ်ယောက်ကို အထင်မသေးသင့်ဘူးကွ နောင်တစ်ချိန် ငါက မင်းကို ကျော်တက်သွားနိုင်တဲ့ အချိန် ရှိလာဦးမှာပါ"
ကျန်းချဲ့က သူ၏ ဘေးမှ ဖြတ်သွားစဉ် ဝေ့ကျွင်းကျဲက ပြတ်သားသော အကြည့်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
"ဟက်"
ကျန်းချဲ့က သူ့ကို တစ်ချက် ကြည့်ပြီး ခပ်ဖွဖွ ရယ်မောလိုက်ကာ တိုက်ရိုက် ထွက်သွားခဲ့ပြီး ဝေ့ကျွင်းကျဲကို ကျောပြင်သာ ပြထားခဲ့လေသည်။
"ဟွန့်"
ကျန်းချဲ့၏ အကြည့်များက သူ့ကို အလွန် နာကျင်စေခဲ့သည်။ ထိုအကြည့်က 'မင်းနဲ့ တန်လို့လား' ဟု ပြောနေသကဲ့သို့ ပင် ဖြစ်နေပေသည်။ သို့သော် ဤနေရာက ဘယ်နေရာလဲ ဆိုတာကို သူ ကောင်းစွာ သိရှိထားသဖြင့် ရင်ထဲတွင် ဒေါသထွက်နေသော်လည်း အတင်းအကျပ် ဖိနှိပ်ထားပြီး လျင်မြန်စွာ လိုက်ပါသွားခဲ့သည်။
မကြာမီ ကျန်းချဲ့တို့ နှစ်ယောက် ချီမိသားစု၏ ပင်မ ခန်းမဆောင် အတွင်းသို့ ရောက်ရှိသွားကြသည်။ တစ်စုံတစ်ယောက်က သတင်းပို့ပြီးနောက် ကျန်းချဲ့နှင့် ဝေ့ကျွင်းကျဲတို့ နှစ်ယောက် အတွင်းသို့ ဝင်ရောက်သွားကြသည်။