အခန်း ၁၂၂
Vol. 7 Ch. 122
အပိုင်း(၁၂၂) မြန်မြန်ထွက်ပြေး
ဝူကျန့်ရှန်းက သူကိုယ်တိုင်ပင် သူ့ရှေ့ရှိ ဤလမ်းပြသူ လမ်းစဉ် အစွမ်းပိုင်ရှင်၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ဆိုသည်မှာ နတ်ကိုးကွယ်ခြင်း လမ်းစဉ်၏ အစောပိုင်းကာလတွင် အလွန်အားကောင်းသော စွမ်းရည်တစ်ခု ဖြစ်သော်လည်း၊ ၎င်းတွင် ထိန်းချုပ်၍မရနိုင်သော အစိတ်အပိုင်းများလည်း ပါဝင်နေသည်။
စွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက်၊ ပစ်မှတ်က သူ၏ မှတ်ဉာဏ်ထဲတွင် အစွဲလန်းဆုံးဖြစ်နေသော လူတစ်ဦးနှင့် မိမိကို တစ်ထပ်တည်း ကျစေမည် ဖြစ်ပြီး၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်နိုင်မှု အတိုင်းအတာမှာ အလွန်နည်းပါးလှသည်။
ထိုသို့ ဝင်ရောက်စွက်ဖက်မှု နည်းပါးလေလေ၊ ပစ်မှတ်အနေဖြင့် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းအပေါ် သံသယဖြစ်ရန် ခက်ခဲလေလေ ဖြစ်သည်။
အကယ်၍ ပစ်မှတ်သည် သာမန်လူတစ်ယောက်သာ ဖြစ်မည်ဆိုပါက ဝူကျန့်ရှန်းက သူ၏ အချက်အလက်များကို အနည်းငယ် ပြင်ဆင်ပြောင်းလဲနိုင်ပေလိမ့်မည်။
သို့သော် ပစ်မှတ်သည် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေပါက၊ ဝူကျန့်ရှန်းက အစွမ်းပိုင်ရှင်များ ရိပ်မိသွားမည်ကို ရှောင်ရှားရန်အတွက် အချက်အလက်များကို ဝင်ရောက် ပြင်ဆင်လေ့မရှိပေ။
ထို့ကြောင့်ပင် ချန်းရီသည် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသက်ကြီးသူ ဆွေမျိုးတစ်ဦး ဖြစ်သွားခဲ့ရသည့် အရှုပ်အထွေးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ယခုအချိန်တွင်၊ ချူချယ်က သူ၏ နှလုံးသားထဲမှ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကို မျက်မှောက်ရှိ ဝူကျန့်ရှန်းနှင့် ပေါင်းစပ်လိုက်ပြီ ဖြစ်ကာ၊ သူ့ရှေ့မှ လူသည် သူ၏ ခေါင်းဆောင်ဟောင်း ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်၌ ချူချယ်၏ စိတ်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။
"ချူချယ်... ခဏလေးနေပါဦး... မင်းတို့ဆီမှာ လူနာတွေ အများကြီးရှိတယ်လို့ ငါကြားတယ်... ငါ ဆေးတွေ ယူလာတယ်... လူနာတွေကို အရင်ကယ်ဖို့က အရေးကြီးတယ်"
"ဟုတ်တယ်... ဟုတ်တယ်... လူနာတွေကို အရင်ကယ်ဖို့ အရေးကြီးတယ်... လူတွေကို အရင်ကယ်ရအောင်"
ထိုအခါမှသာ ချူချယ် သတိဝင်လာတော့သည်။
"ခေါင်းဆောင်ဝူပီသတယ်... ဒီလောက် အချိန်တွေ ကြာသွားတာတောင်... အရင်လိုပဲ သဘောကောင်းနေတုန်းပဲ... အဲ့ဒီတုန်းက ခေါင်းဆောင်သာ အဲ့လိုသာမလုပ်ခဲ့ရင်"
"ဒါနဲ့ ခေါင်းဆောင်... အဲ့ဒီတုန်းက သုတေသနစင်တာကြီး ပျက်စီးသွားတာ ကျွန်တော် မှတ်မိနေတယ်... ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး လွတ်လာတာလဲ"
ချူချယ်၏ စိတ်နှလုံးထဲတွင် ဤခေါင်းဆောင်သည် သူ့အတွက် အလွန် အရေးပါသော လူတစ်ယောက် ဖြစ်သည်။
သူကိုယ်တိုင် လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာစေရန် လမ်းပြပေးခဲ့သော ဆရာတစ်ဦးလည်း ဖြစ်သည်။
သို့သော် စိတ်သဘောထား အနည်းငယ် ပျော့ညံ့ပြီး အလွန်အကျွံ သဘောကောင်းလွန်းလှသည်။
အဲ့ဒီတုန်းကသာ သာမန်လူ အနည်းငယ်ကို ကယ်တင်ရန် မကြိုးစားခဲ့ပါက၊ ယခု ယာဉ်တန်းထဲတွင် ဤခေါင်းဆောင်အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေမည် ဖြစ်သည်။
ဝူကျန့်ရှန်း၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။ သူက ဘယ်လိုလုပ်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သလဲဆိုတာကို သူ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
နေပါဦး၊ သုတေသနစင်တာ ဟုတ်လား။
ဒီလူ့ရဲ့ နောက်ခံအကြောင်းအရာက နည်းနည်းတော့ ပြဿနာရှိနေပြီပဲ။
ယခင်က ဝူကျန့်ရှန်း ကြုံတွေ့ခဲ့ရဖူးသော ပစ်မှတ်များမှာ အများအားဖြင့် နောက်ခံအကြောင်းအရာ ရိုးရှင်းကြပြီး၊ လှည့်စားရန်လည်း အလွန် လွယ်ကူခဲ့ကြသည်။
ဥပမာအားဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးမျိုး ဖြစ်သည်။ လူချင်းတွေ့လိုက်သည်နှင့်၊ ဝူကျန့်ရှန်းက စကားပင် အများကြီး မပြောရသေးဘဲ၊ ထိုကောင်မလေးက ဝူကျန့်ရှန်း၏ အချက်အလက်များကို သူမဘာသာ ချောချောမွေ့မွေ့ ဖြည့်စွက်ပေးပြီး ဖြစ်နေသည်။
ယခု ချူချယ်ကဲ့သို့ ရှုပ်ထွေးလှသော နောက်ခံမျိုး ရှိသူမှာမူ အလွန် ရှားပါးလှပေသည်။
ယခုအချိန်အထိ ချန်းရီတို့လို အဖွဲ့သားများသည်ပင်လျှင်၊ ကမ္ဘာပျက်ကပ် မတိုင်မီက ချူချယ်၏ တကယ့် နောက်ခံအစစ်အမှန်မှာ မည်သို့ရှိသည်ကို မသိကြသေးပေ။
ဝူကျန့်ရှန်း၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားပြီး အတင်းပြုံးကာ ပြောလိုက်သည်။
"လူတွေကို အရင်ကယ်ရအောင်... လူတွေကို အရင်ကယ်မယ်"
ထို့နောက်တွင် ဝူကျန့်ရှန်းက သွေးကဲ့သို့ နီရဲနေသော ဆေးရည်ပုလင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် ရေသန့်တစ်ပုံးထဲသို့ တစ်စက် ချလိုက်၏။
ထိုသွေးရောင် ဆေးရည်စက်လေးသည် အသက်ရှိနေသည့်အလား ရေပုံးထဲတွင် အပြင်းအထန် ရုန်းကန်နေခဲ့ပြီး၊ နောက်ဆုံးတွင်မူ မတတ်သာတော့ဘဲ ရေထဲတွင် ပျော်ဝင်သွားကာ ရေတစ်ပုံးလုံးကို ပန်းနုရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
ဝူကျန့်ရှန်းအပေါ် ယုံကြည်မှုကြောင့်၊ မည်သူကမျှ ဤဆေးရည်၏ အာနိသင်အပေါ် သံသယ မဖြစ်ခဲ့ကြပေ။
ချန်းရီ တစ်ယောက်သာလျှင် ဆေးရည်ကို အကဲဖြတ်စစ်ဆေးခြင်း အစွမ်းဖြင့် တိတ်တဆိတ် စမ်းသပ်ကြည့်လိုက်သည်။
အရင်က သူငယ်ချင်းဟောင်းကို တွေ့လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားနေခဲ့သောကြောင့် အကဲဖြတ်စစ်ဆေးရန် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ယခု စစ်ဆေးကြည့်မည်ဆိုလျှင်လည်း နောက်မကျသေးပေ။
ချန်းရီကဲ့သို့သော လူမျိုးသည် သံသယစိတ် အလွန် ကြီးမားလှသည်ဟု ဝန်ခံရပေမည်။
ဝူကျန့်ရှန်း၏ အမြင်တွင်မူ သူငယ်ချင်းဟောင်းချင်း ပြန်လည်ဆုံတွေ့ရချိန်၌ မည်သို့သော သံသယစိတ်မျိုးမှ ရှိနေစရာ အကြောင်းမရှိပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် လူအများစုမှာ သူငယ်ချင်းဟောင်းနှင့်အတူ ညလုံးပေါက် စကားတွေပြောရင်း၊ အတိတ်က ပျော်ရွှင်စရာ အဖြစ်အပျက်များကို ပြန်လည်ပြောပြချင်ကြမည်သာ ဖြစ်သည်။
အလွန်အကျွံ တောင်းဆိုမှုမျိုး မဟုတ်ပါက၊ သူငယ်ချင်းဟောင်းချင်း ပြန်လည်ဆုံတွေ့ရသည့် သံယောဇဉ်ကြောင့် သေချာပေါက် သဘောတူ လက်ခံပေးကြမည် ဖြစ်သည်။
သို့သော် ချန်းရီ တွေးနေသည်ကမူ ဤမျှ အချိန်အကြာကြီး မတွေ့ခဲ့ရဘဲ ယခုလို ကမ္ဘာပျက်ကပ် အခြေအနေမျိုးတွင် လူတွေ၏ စိတ်သဘောထားကို အကဲခတ်ရန် ခက်ခဲလှသည် ဟူ၍ ဖြစ်သည်။
မင်း ဘယ်လိုလူမျိုး အဖြစ်ကို ပြောင်းလဲသွားပြီလဲ ဆိုတာကို ဘယ်သူ သိနိုင်မည်နည်း။
မင်းက အရင်တုန်းက ငါ့ရဲ့ ညီအစ်ကိုကောင်း ဖြစ်နေသေးရဲ့လား ဆိုတာကိုရော ဘယ်သူ သိနိုင်မည်နည်း။
ငါ့အတွက် အသက်သေရဲတဲ့အထိ ကူညီပေးနိုင်သေးရဲ့လား ဆိုတာကိုရော ဘယ်သူ သိနိုင်မည်နည်း။
သတ်ဖြတ်မှတ် (၁၅) မှတ် ကုန်ဆုံးသွားသည်။
[အမည် - အားပျော့အောင် ပြုလုပ်ထားသော မရဏနတ်သမီး၏ သွေးမျက်ရည်]
[ထူးဆန်းသော မရဏနတ်သမီးထံမှ ရရှိသော သွေးမျက်ရည် ဖြစ်ပြီး ယုံကြည်နိုင်ဖွယ်မရှိသော စွမ်းအင်များ ပါဝင်သည်။ သာမန်လူများ သောက်သုံးပါက ရောဂါဝေဒနာ အများစုကို သက်သာစေနိုင်ပြီး ပျောက်ကင်းစေနိုင်စွမ်းပင် ရှိသည်။ ပြင်းအားများသော မရဏနတ်သမီး၏ သွေးမျက်ရည်သည် လမ်းစဉ် အစွမ်းပိုင်ရှင်များအတွက် အစွမ်းကို တိုးမြှင့်ပေးနိုင်သော အာနိသင် ရှိသည်။]
(မင်မင် အရှေ့မှာ မရဏနတ်မင်းလို့ပြန်ထားတာကို မရဏနတ်သမီးလို့ပဲ ဆက်ပြန်ပါမယ်)
ချန်းရီ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။
ဒီပစ္စည်းက လမ်းစဉ် အစွမ်းကို တိုးမြှင့်ပေးနိုင်တဲ့ အာနိသင်တောင် ရှိသေးတယ်ပေါ့။
မကြာမီမှာပင် အားပျော့အောင် ပြုလုပ်ထားသော မရဏနတ်သမီး၏ သွေးမျက်ရည်ကို သောက်သုံးခဲ့ကြသည့် အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများမှာ သွေးရောင်လွှမ်းလာပြီး၊ တစ်မိနစ်ပင် မကြာလိုက်ဘဲ အချို့ဆိုလျှင် မြေပြင်ပေါ်မှ မတ်တတ်ပင် ရပ်နိုင်နေပြီ ဖြစ်သည်။
အားပျော့အောင် ပြုလုပ်ထားသော မရဏနတ်သမီး၏ သွေးမျက်ရည်က လူအားလုံးကို ထပ်မံ အံ့အားသင့်သွားစေပြန်သည်။
"ခေါင်းဆောင်... ဒါက"
ချူချယ်သည် ဘာဆက်ပြောရမည်ကိုပင် မသိတော့ပေ။
"ဦးလေး... ဦးလေးက တကယ် တော်တာပဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ဦးလေးသည် အလွန်တော်ကြောင်း ဂုဏ်ယူနေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။
ထယ်ရှီးသည်လည်း အရူးတစ်ယောက်လို အူကြောင်ကြောင် ပြုံးရယ်နေသည်။
တင်းတုံ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေသည်။
ချန်းရီ တစ်ယောက်တည်းသာ သူတို့နှင့် မတူဘဲ၊ သူ့မျက်နှာပေါ်တွင် လောဘရမ္မက်များ အထင်းသား ပေါ်လွင်နေလေသည်။
မကြာမီမှာပင် စခန်းချရာ နေရာ၌ ပြန်လည် ဆူညံ သက်ဝင်လာခဲ့သည်။ အအေးဒဏ်ကို ကာကွယ်နိုင်မည့် အဝတ်အစားများ ရရှိလာသည့်အပြင် ယာဉ်တန်းထဲတွင် ကားနှစ်စီး ထပ်တိုးလာသောကြောင့် ဖြစ်သည်။
ဤကိစ္စများအားလုံးသည် စခန်းအတွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ကြသည်။
အသက်ရှင်ကျန်ရစ်သူများက ကားနှစ်စီးကို ဝိုင်းရံကာ အဆက်မပြတ် စကားပြောနေကြသည်။
ဟယ်လောင်စစ်သည်ပင်လျှင် အသက်ရှင်ကျန်ရစ်သူများကြားတွင် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့ပြီး လူများစွာက သူ့ကို ဝိုင်းရံကာ မြှောက်ပင့် ပြောဆိုနေကြသည်။
ခန့်မှန်းရသလောက်တော့ သူတို့အားလုံးက ဟယ်လောင်စစ်ကို ကားတစ်စီးရှာပေးရန် အကူအညီ တောင်းချင်နေကြပုံရသည်။
သို့သော် ဤလူများ မသိကြသည်မှာ၊ သူတို့ကို ကားတစ်စီး ရှာပေးလိုက်လျှင်ပင်၊ ထိုကားကို ထိန်းသိမ်းထားနိုင်ရန် နည်းလမ်း မရှိခြင်းပင် ဖြစ်သည်။
လောင်စာဆီ ပြဿနာ တစ်ခုတည်းကပင် အသက်ရှင်ကျန်ရစ်သူ အများအပြားကို အခက်တွေ့သွားစေနိုင်ပေသည်။
"ချူချယ်... မင်းတို့က တစ်ချိန်လုံး ဒီလိုပဲ ဖြတ်သန်းလာခဲ့ကြတာလား"
ဝူကျန့်ရှန်းက ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရင်း မနေနိုင်တော့ဘဲ မေးလိုက်သည်။
ချူချယ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ခေါင်းဆောင်... ခေါင်းဆောင်လည်း သိတဲ့အတိုင်းပဲ... ကျွန်တော်တို့က တစ်နေရာတည်းမှာ အကြာကြီး နေဖို့ဆိုတာ အရမ်း ခက်ခဲတယ်"
ချူချယ်က ယာဉ်တန်း၏ အခြေအနေ အချို့ကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ဝူကျန့်ရှန်း၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"ချူချယ်... ဒီလိုလုပ်တာ ပိုမကောင်းဘူးလား... မင်း သူတို့ကို ခေါ်ပြီး ငါနဲ့ ရုံမြို့ ကို လိုက်နေပါလား"
"မြို့ထဲ သွားနေရမယ် ဟုတ်လား"
ဝူကျန့်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ၊ ထိုနေရာရှိ လူအချို့၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် မြို့ထဲသို့ သွားရောက်နေထိုင်ရမည်ဟု ကြားလိုက်သည်နှင့်၊ လူအများစု တွေးမိကြမည်မှာ ကောင်းမွန်သော နေထိုင်မှု ပတ်ဝန်းကျင်၊ ကြွယ်ဝသော လူသုံးကုန်ပစ္စည်းများ၊ ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် အဆင်ပြေချောမွေ့သော ဘဝနေထိုင်မှု စသည်တို့ပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ မြို့ပြဟု ပြောလိုက်သည်နှင့် လူတိုင်းမှာ ကျားကိုမြင်ရသလို ကြောက်လန့်တကြား ဖြစ်သွားကြတော့သည်။
"ဦးလေး"
"ဘထွေး"
"မင်းတို့ စိတ်မပူကြပါနဲ့... ငါပြောတာကို အရင်နားထောင်... ငါက နတ်ကိုးကွယ်ခြင်း လမ်းစဉ်ကပါ... အခုဆိုရင် မရဏနတ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်နေပြီ... ငါတို့ ကိုးကွယ်တာက မရဏနတ်သမီးပဲ... သူမရဲ့ အကာအကွယ် ရှိနေတော့ ဘာပြဿနာမှ မရှိနိုင်ဘူး"
"အဲ့ဒီ ထူးဆန်းတဲ့အရာကြီးလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပါးစပ်မှ ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။ သူမသည် ထူးဆန်းသောအရာများအပေါ် သဘာဝအရကို မယုံကြည်မှု တစ်မျိုး ရှိနေတတ်သည်။
ဝူကျန့်ရှန်း၏ မျက်နှာက ပထမဆုံးအကြိမ်အဖြစ် တင်းမာသွားပြီး အမှားပြင်ပေးလိုက်သည်။
"မရဏနတ်သမီးပါ"
"ချန်းချန်း... မင်း အရင်က နားမလည်လို့ ငါ ခွင့်လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ အခုကစပြီး မရဏနတ်သမီးကို ထူးဆန်းတဲ့အရာလို့ မခေါ်ရဘူး... ဒါက နတ်ကို စော်ကားတဲ့ လုပ်ရပ်ပဲ"
"ငါ ကိုးကွယ်သူ တစ်ယောက် ဖြစ်လာတဲ့ အချိန်ကစပြီး... သူက နတ် တစ်ပါးပဲ ဖြစ်ရမယ်"
ဤစကားကို အလွန် ပြတ်သားစွာ ပြောလိုက်ခြင်းဖြစ်ပြီး၊ ၎င်းတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ခိုင်မာသော ယုံကြည်မှု တစ်မျိုး ပါဝင်နေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လျှာလေးထုတ်လိုက်ပြီး သမီး မှားသွားပါတယ် ဆိုသည့် မျက်နှာထားမျိုး လုပ်ပြလိုက်သည်။
ချန်းရီကတော့ ဂရုစိုက်ပုံ မရပေ။
ထူးဆန်းတဲ့အရာဆိုတာ ထူးဆန်းတဲ့အရာပဲလေ။
သို့သော် သူသည် ယခုအချိန်တွင် ညီအစ်ကိုကောင်းနှင့် အငြင်းပွားရန်လောက်အထိ တုံးအသူ မဟုတ်ပေ။
"မင်းတို့လည်း အတူတူပဲ... အားလုံး မြို့ထဲကို သွားနေကြပါ"
"အခု မြို့ထဲမှာ အိမ်လွတ်တွေ အများကြီး ရှိတယ်... ရိက္ခာတွေလည်း လုံလောက်တယ်... ကားထဲမှာ နေရတာ... တဲတွေထဲမှာ နေရတာထက်တော့ အများကြီး ပိုကောင်းမှာပါ"
"အခု ရာသီဥတုက ဒီလောက် အေးနေတာ... တဲထဲမှာ နေရင် လူသေနိုင်တယ်"
လူတိုင်းမှာ တွေဝေသွားကြသည်။
နေစရာ အိမ်ရှိနေလျက်နှင့် မည်သူက ကားထဲတွင် နေချင်ပါမည်နည်း။
ချန်းရီပင်လျှင် ကားထဲတွင် မနေချင်ပေ။
အရင်က တဲထဲတွင် နေရသည်မှာ ပြောလို့ရသေးသော်လည်း၊ ယခုကဲ့သို့ အပူချိန် ကျဆင်းနေချိန်တွင် တဲထဲ၌ နေထိုင်ခြင်းက သေလမ်းရှာခြင်းပင် ဖြစ်သည်။
ကားထဲတွင်လည်း သိပ်ပြီး သက်တောင့်သက်သာ မရှိလှပေ။
ချန်းရီသည် မနေ့ညက ကားထဲတွင် အိပ်ခဲ့ရသည်။ သူ၏ အရပ်အမောင်းဖြင့်ဆိုလျှင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား သည် အခြားကားများထက် တစ်ဆခန့် ပိုကြီးနေလျှင်ပင်။
သူ့အတွက် သက်တောင့်သက်သာ အိပ်စက်နိုင်ရန် နည်းလမ်းမရှိခဲ့ပေ။
ထို့အပြင် ကားထဲတွင် အပူပေးစနစ်လည်း မရှိပေ။
အိမ်ထဲတွင် အပူပေးစနစ် မရှိလျှင်တောင်မှ ကားထဲတွင် နေရသည်ထက် အများကြီး ပို၍ သက်တောင့်သက်သာ ရှိသေးသည်။
လူတိုင်း တွေဝေနေကြပြီး စိတ်လှုပ်ရှားနေကြသည်။
လုံခြုံရေး ပြဿနာကိုသာ စိတ်ပူစရာ မလိုပါက အိမ်ထဲတွင် နေထိုင်ခြင်းက ခြေသလုံးအိမ်တိုင် သွားလာနေရသည်ထက် အများကြီး ပို၍ သက်တောင့်သက်သာ ရှိမည်မှာ သေချာသည်။
"ပြီးတော့... မင်းတို့ မရဏနတ် ဂိုဏ်းကို ဝင်လိုက်တာနဲ့ မရဏနတ်သမီးရဲ့ အကာအကွယ်ကို ရမယ်... မင်းတို့ရဲ့ အစွမ်းပိုင်ရှင် ဆိုတဲ့ အဆင့်အတန်းနဲ့ဆိုရင် အအေးဒဏ်နဲ့ နှင်းမုန်တိုင်းတွေကို ကြောက်စရာ မလိုတော့ဘူး"
"ဘယ်လိုလဲ... ချူချယ်... ချန်းရီ... ချန်းချန်း... တင်းတုံနဲ့ ထယ်ရှီး... မင်းတို့အားလုံး ငါ့ရဲ့ မရဏနတ် ဂိုဏ်းကို ဝင်လိုက်ကြပါလား"
"ငါ မင်းတို့ကို ဂိုဏ်းစောင့်တွေ... ဒုဂိုဏ်းချုပ်တွေ လုပ်ခိုင်းလို့ရတယ်"
"မင်းတို့ အပြင်မှာ ပြေးလွှားနေရတာထက်တော့ အများကြီး ပိုကောင်းမှာပါ"
နာရီအနည်းငယ်မျှသာ သိကျွမ်းခဲ့ရသော်လည်း ဤသည်မှာ ဝူကျန့်ရှန်း၏ ဒုတိယအကြိမ် ဖိတ်ခေါ်မှုပင် ဖြစ်သည်။
ချန်းရီ၏ ဗီဇက အလိုအလျောက် သတိထားမိသွားစေသည်။
သူသည် မည်သည့် အဖွဲ့အစည်း၊ ဂိုဏ်းအဖွဲ့မျိုးကိုမဆို အလွန်အမင်း သတိထားတတ်ပြီး၊ အထူးသဖြင့် ကမ္ဘာပျက်ကပ်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ပို၍ပင် သတိထားတတ်သည်။
သို့သော် ထယ်ရှီးကဲ့သို့သော အရူးကမူ ယခုအချိန်တွင် စဉ်းစားနေပုံရပြီး၊ ပါးစပ်ဟ၍ပင် သဘောတူရန် ပြင်နေလေသည်။
ဉာဏ်ရည်ကျဆင်းနေသော တိုက်တန် လမ်းစဉ် မှ ထယ်ရှီး၏ စိတ်ထဲတွင် မိမိ၏ ဘထွေးက မိမိကို ဘယ်လိုလုပ်ပြီး လိမ်ညာနိုင်ပါမည်နည်းဟု တွေးနေသည်။
သူက မိမိကို ဂိုဏ်းထဲ ဝင်စေချင်သည်ဆိုလျှင် ၎င်းက မိမိအတွက် ကောင်းကျိုးဖြစ်စေရန် သေချာပေါက် ရည်ရွယ်ခြင်း ဖြစ်ရမည်။
ခွန်ရှီးကမူ ခုနက ပြန်လာသည့် လမ်းမှာတင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။
ချန်းရီက အမြန် ဝင်ရောက် ဖြတ်ပြောလိုက်သည်။
"ကျန့်ရှန်း... မင်း ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ... ဂိုဏ်းထဲ ဝင်မယ့် ကိစ္စက နောက်မှ ပြောကြတာပေါ့... မြို့ထဲမှာ သွားနေရမယ့် ကိစ္စက ဘယ်လိုလဲဆိုတာ အရင် ပြောစမ်းပါဦး"
ဝူကျန့်ရှန်းက စိတ်ထဲမှနေ၍ ချန်းရီကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲလိုက်သော်လည်း၊ သည်းခံကာ မြို့ထဲတွင် သွားရောက် နေထိုင်မည့် ကိစ္စကို လူအများအား ရှင်းပြလိုက်သည်။
ထိုအကြောင်းကြောင့် လူတိုင်းမှာ အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။
အသက်ရှင်ကျန်ရစ်သူများကမူ မြို့ထဲသို့ သွားရောက် နေထိုင်ရမည်ကို သိလိုက်ရသောအခါ အုံးအုံးကျွက်ကျွက် ဖြစ်သွားကြသည်။
ဤလူများသည် နေရာအနှံ့ ရွှေ့ပြောင်းသွားလာခဲ့ရသည်မှာ ကြာပြီဖြစ်ရာ၊ တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အတည်တကျ နေထိုင်ချင်သည့် စိတ်ဆန္ဒက အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချူချယ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုအချိန်တွင် သူ သဘောမတူ၍လည်း မရတော့ပေ။
အကယ်၍ သူသာ သဘောမတူဝံ့ပါက၊ ဤသာမန် အသက်ရှင်ကျန်ရစ်သူများက သူ့ကို ပုန်ကန်ကြမည်မှာ သေချာသည်။
"ဒါဆိုရင်လည်း... ကောင်းပြီလေ"
"ဝေးးးးး"
ချူချယ်က ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်၊ စခန်းတစ်ခုလုံးတွင် မိုးလုံလေလုံ အော်ဟစ် အောင်ပွဲခံသံများ ထွက်ပေါ်လာပြီး ပွဲတော်ကျင်းပနေသည်ထက်ပင် ပို၍ ပျော်ရွှင်ဆူညံနေကြသည်။
ယာဉ်တန်းသည် ဆယ်မိနစ်မျှသာ အချိန်ယူလိုက်ရပြီး ပစ္စည်းများအားလုံးကို သိမ်းဆည်း ပြီးစီးသွားသည်။
ချန်းရီ အရင်က ခုတ်ထားခဲ့သော သစ်ပင်စည်များကို မူလက ထင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ထားပြီး ထွက်ခွာမည့် အချိန်တွင် ယူဆောင်သွားရန် ဖြစ်သည်။
ယခုမူ မြို့ထဲသို့ သွားရောက် နေထိုင်ရတော့မည် ဖြစ်ရာ၊ မည်သူကမျှ ဤအရာများကို ဂရုမစိုက်ကြတော့ပေ။
ချန်းရီသည် မတတ်သာတော့ဘဲ တင်းတုံနှင့် ထယ်ရှီးတို့ကို အကူအညီတောင်းကာ ထိုသစ်ပင်စည်များကို ခုတ်ပိုင်း၍ ထိုအမိုးပါ ကုန်တင်ကားထဲသို့ ထိုးသိပ်ထည့်လိုက်ရသည်။
မြို့ထဲကို ရောက်သွားလျှင်ပင် အနွေးဓာတ်ယူရန်နှင့် ထမင်းဟင်း ချက်ပြုတ်ရန် လိုအပ်သေးသည်။
ယခုအချိန်တွင် မြို့ထဲ၌ အသက်ရှင်နေသူ လူအနည်းငယ်မျှသာ ရှိတော့ရာ၊ ဂတ်စ်နှင့် လျှပ်စစ်မီး စသည်တို့ ပြတ်တောက်နေသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
ထယ်ရှီးသည် သွေးသား လက်နက်တပ်ဆင်ခြင်း အစွမ်းကို ထပ်မံ အသုံးပြုလိုက်ပြီး၊ လက်တစ်ဖက်ကို သွေးသား ပုဆိန်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုသစ်ပင်စည်များကို ခဏတွင်းချင်း ထင်းအဖြစ် ခုတ်ပိုင်းလိုက်သည်။
အလုပ်ပိုမြန်စေရန်အတွက် ထိုကောင်က လမ်းစဉ် အစွမ်းကိုပင် အသုံးပြုလိုက်သေးသည်။
လူအုပ်ကြီးသည် မြို့ထဲသို့ တခမ်းတနား ကြီးကျယ်စွာဖြင့် မောင်းနှင်ထွက်ခွာသွားကြသည်။
ယခင်က ကျောင်းကားထဲတွင် လူများဖြင့် ပြည့်ကျပ်နေခဲ့သည်။
ယခုမူ ခရီးသည်တင် ကားကြီးတစ်စီး ထပ်မံ ရရှိလာသဖြင့် လူများကို ခွဲဝေတင်ဆောင်နိုင်သောကြောင့် ကျောင်းကားထဲတွင် ထိုမျှလောက် မကျပ်တည်းတော့ပေ။
ဝူကျန့်ရှန်း၏ လမ်းညွှန်မှုဖြင့် ကားများသည် ရုံမြို့ ချန်ဝမ်ရပ်ကွက် သို့ အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဝူကျန့်ရှန်း၏ ဌာနချုပ်မှာ ချန်ဝမ်ရပ်ကွက်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ဖြစ်သည်။
ရုံမြို့ အမှတ်(၂) မူလတန်းကျောင်း။
လူအုပ်ကြီး မရောက်မီမှာပင် ကျောင်းပေါက်ဝ၌ လူဆယ်ဂဏန်းခန့် ရပ်နေကြပြီး၊ ထိုလူများအားလုံးသည် ဦးထုပ်ပါသော အမည်းရောင် ဝတ်ရုံရှည်ကြီးများကို တူညီစွာ ဝတ်ဆင်ထားလျက် နှင်းမုန်တိုင်းထဲတွင် ရပ်နေကြသည်။
ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ခံစားချက်မျိုးကိုပင် ပေးစွမ်းနေလေသည်။
အလွန် ဆွဲဆောင်မှုရှိသော ထိုမရဏနတ်သမီး၏ အရိပ်အယောင်ကိုမူ မတွေ့ရတော့ပေ။
ချူချယ်က ကားပြတင်းပေါက်မှတစ်ဆင့် ထိုမူလတန်းကျောင်းကို လှမ်းကြည့်နေပြီး၊ သူ၏ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်နေပုံလည်း ပေါ်သလို တစ်ဖက်တွင်လည်း စိတ်အေးသွားသည့် ပုံပေါ်နေသည်။
သူ၏ အာရုံခံစားမှုအရ ရုံမြို့ တစ်မြို့လုံးတွင် ထူးဆန်းသောအရာများ မရေမတွက်နိုင်အောင် ရှိသော်လည်း၊ ချန်ဝမ်ရပ်ကွက်တွင်မူ သုံးကောင်သာ ရှိသည်။ ဤသည်မှာ သူ ယခင်က အာရုံခံမိခဲ့သည်နှင့် ကိုက်ညီနေသည်။
အင်အားအကြီးဆုံးဖြစ်သော ထိုထူးဆန်းသောအရာကြီးမှာမူ သူ၏ရှေ့ရှိ ကျောင်းဝင်းထဲတွင်ပင် ရှိနေသည်။
ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မှာ ယခင်က တစ်ခါမှ မကြုံဖူးလောက်အောင်ပင် ဖြစ်သည်။
ဤမျှများပြားသော ထူးဆန်းသောအရာများနှင့် ဤမျှနီးကပ်စွာ နေရခြင်းကို ချူချယ် တစ်ခါမှ မကြုံဖူးခဲ့ပေ။ ဤထူးဆန်းသောအရာများက အချိန်မရွေး ခုန်အုပ်လာနိုင်သကဲ့သို့ ခံစားနေရသည်။
ခေါင်းဆောင်ကသာ ထပ်တလဲလဲ အာမခံမထားပါက၊ သူသည် ကားကို နောက်ပြန်လှည့်၍ ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။
သို့သော် ယခု မြင်တွေ့နေရသမျှအရာအားလုံးမှာ လုံခြုံစိတ်ချရသည့် ပုံပေါက်နေသည်။
ထူးဆန်းသောအရာများ ဝိုင်းဝန်းတိုက်ခိုက်လာမည့် အခြေအနေမျိုး မရှိပေ။
ခေါင်းဆောင် ပြောတာ မှန်ကောင်း မှန်လိမ့်မည်။
ထို မရဏနတ်သမီး ဆိုသည်က လူအားလုံးကို တကယ်ပဲ အကာအကွယ် ပေးနိုင်စွမ်း ရှိပေလိမ့်မည်။
"ဒီနေရာပဲ"
"မရဏနတ်သမီးက ဒီနေရာမှာပဲ ရှိတယ်... ငါတို့က မရဏနတ်သမီးနဲ့ အတူတူ ရှိနေတာ... မရဏနတ်သမီး ရှိနေတဲ့ နေရာတိုင်းမှာ ဘာအန္တရာယ်မှ မရှိနိုင်ဘူး"
ဝူကျန့်ရှန်းသည် ဤတစ်ကြိမ်တွင် ချူချယ်၏ ကားထဲ၌ လိုက်ပါလာခဲ့သည်။
မူလက ချန်းရီသည် သူ့ကို မိမိ၏ ကားထဲတွင် လိုက်ပါရန် ဖိတ်ခေါ်ချင်ခဲ့သည်။
သို့သော် ဝူကျန့်ရှန်းက သေသည့်တိုင်အောင် သဘောမတူခဲ့ပေ။
ရုတ်တရက်... ချူချယ်သည် ကျောင်းပေါက်ဝ၏ အဓိက တံခါးမကြီးကို လှမ်းကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များမှာ အပ်ဖျားအရွယ်အစားလောက်အထိ ချက်ချင်း ကျုံ့ဝင်သွားတော့သည်။
ချူချယ်၏ သူငယ်အိမ်ထဲတွင် ထိုအဓိက တံခါးမကြီးနေရာ၌ ထူးဆန်းသော တောက်ပနေသည့် စာလုံးကြီးများဖြင့် ရေးသားထားသည်ကို မြင်လိုက်ရသည်။
"မြန်မြန်ထွက်ပြေး"
ထိုကြီးမားလှသော စာလုံးကြီးသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာတစ်ခု ခုန်ပေါက်နေသည့်အလား ထင်မှတ်ရသည်။
ချူချယ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး၊ ဦးလေးအားပေါင်ဘက်သို့ အမြန် လှည့်ကြည့်လိုက်သည်။
ဦးလေးအားပေါင်၏ မျက်နှာပေါ်တွင် မျှော်လင့်တောင့်တနေသည့် အပြုံးများ ပြည့်နှက်နေပြီး ထိုစာလုံးများကို လုံးဝ မြင်တွေ့ရပုံ မပေါ်ပေ။
ယာဉ်တန်း လက်ထောက် ရှောင်ဝမ် သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ဦးလေးအားပေါင်ထက်ပင် ပို၍ သိသာနေပြီး ထိုစာလုံးများကို မတွေ့မြင်ရပေ။
ဝူကျန့်ရှန်းကိုယ်တိုင်ပင် ထိုစာလုံးများကို မမြင်ရသည့် ပုံပေါ်နေပြီး၊ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ကျေနပ်ဂုဏ်ယူနေသော်လည်း အနည်းငယ် ထူးဆန်းကျောချမ်းဖွယ် ကောင်းနေလေသည်။
ချူချယ် တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားသည်။
တစ်ခုခုတော့ မှားယွင်းနေပြီ။
ဒါက လမ်းပြသူ လမ်းစဉ် အဆင့် (၂) ပုန်းကွယ်သူ၏ အစွမ်းဖြစ်သော အမှတ်အသားပြုခြင်းပင် ဖြစ်သည်။
အမှတ်အသားပြုခြင်းသည် သတ်မှတ်ထားသော နေရာတစ်ခုတွင် သတင်းအချက်အလက်များကို ချန်ထားရစ်နိုင်ပြီး အခြားသူများအား မြင်တွေ့နိုင်စေသကဲ့သို့၊ တစ်ချိန်တည်းမှာပင် ထိုအချက်အလက်များကို ဖုံးကွယ်ထားကာ အချို့သော လူများအား မမြင်တွေ့နိုင်အောင်လည်း ပြုလုပ်ထားနိုင်သည်။
သိသာထင်ရှားသည်မှာ ဤအမှတ်အသားကို ယခင် လမ်းပြသူ တစ်ဦးက ချန်ရစ်ထားခဲ့ခြင်း ဖြစ်ပြီး၊ လမ်းပြသူ လမ်းစဉ် မှ အစွမ်းပိုင်ရှင် အချင်းချင်းကိုသာ မြင်တွေ့စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သူ ဤနေရာတွင် ဘာတွေများ ဖြစ်ခဲ့သနည်း။
အဘယ်ကြောင့် မိမိအား မြန်မြန်ထွက်ပြေးရန် ပြောနေရသနည်း။
ဆက်ရန်...