အခန်း ၁၂၃
Vol. 7 Ch. 123
အပိုင်း(၁၂၃) သူ့စကားကို မယုံနဲ့
"ချူချယ်... ကြည့်လိုက်... ဒီကျောင်းက ငါတို့ မရဏနတ် ဂိုဏ်းရဲ့ ဌာနချုပ်ပဲ"
"ဒီကျောင်းက ငါတို့ မရဏနတ် ဂိုဏ်းရဲ့ နတ်သမီးကို ကိုးကွယ်တဲ့နေရာပဲ... အစစ်အမှန် နတ်သမီးပေါ့... မင်း သူ့ကို မြင်တွေ့ရလိမ့်မယ်"
"ကျောင်းဝင်းထဲမှာ ရှိနေသရွေ့ ဘာအန္တရာယ်မှ မရှိနိုင်ဘူး... ဘာလို့လဲဆိုတော့ ဒီနေရာက မရဏနတ်သမီးရဲ့ နယ်မြေဖြစ်နေလို့ပဲ"
ယခုအချိန်တွင် ချူချယ်က ဝူကျန့်ရှန်း၏ လျှောက်ပြောနေမှုများကို နားထောင်ရန် စိတ်မဝင်စားတော့ဘဲ သူ၏ မျက်လုံးများက နေရာအနှံ့သို့ ရှာဖွေနေ၏။
အခြားသော လမ်းပြသူများက ဤနေရာတွင် အမှတ်အသား ချန်ထားခဲ့မှတော့ အခြားအမှတ်အသားများလည်း သေချာပေါက် ရှိနေဦးမည် ဖြစ်သည်။ သေချာပေါက် ရှိနေရမည်။
ကားသည် တဖွဲဖွဲကျဆင်းနေသော နှင်းပွင့်များကြားမှ ကျောင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။
အချိန်မှာ နေဝင်ရီတရောဖြစ်နေပြီဖြစ်ပြီး ကောင်းကင်ယံမှ အလင်းရောင်သည်လည်း မှိန်ဖျော့ဖျော့ ဝါကြင့်ကြင့် ဖြစ်နေပြီ။
ကောင်းကင်အပြည့် ကျဆင်းနေသော နှင်းများအပြင် လေထုထဲရှိ အပူချိန်ကျဆင်းမှုကြောင့် အလွန်ချမ်းအေးကာ လူကို တုန်ယင်သွားစေသည်။
အလွန်ထူထဲသော အနွေးထည်များကို ဝတ်ဆင်ထားလျှင်ပင် ချမ်းအေးမှုကို ခံစားနေရဆဲ ဖြစ်၏။
ပါးစပ်မှ ထွက်လာသော လေနွေးများသည် အပြင်သို့ရောက်သည်နှင့် တစ်ပြိုင်နက် မြူခိုးဖြူများအဖြစ်သို့ ပြောင်းလဲကာ လွင့်ပျံ့သွားလေသည်။
သို့သော် တံခါးဝတွင် ရပ်နေကြသော အနက်ရောင်ဝတ်ရုံရှင်များမှာမူ တစ်ယောက်ချင်းစီ၏ မျက်နှာတွင် အေးချမ်းငြိမ်သက်နေကြပြီး ဤအရိုးကွဲမတတ် ချမ်းအေးမှုကို လုံးဝ ဂရုစိုက်ပုံ မရကြပေ။
ချူချယ်၏ စိတ်ထဲတွင်မူ မြက်ပင်များ ပေါက်နေသကဲ့သို့ ရှုပ်ထွေးပူပန်နေ၏။
"မြန်မြန်ထွက်ပြေး" ဟူသော စကား၏ အဓိပ္ပာယ်မှာ မည်သို့ဆိုလိုကြောင်းကို သူ အဆက်မပြတ် တွေးတောနေမိသည်။
ဤနေရာတွင် တကယ်ကို ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ လမ်းပြသူက ဘာကြောင့် "မြန်မြန်ထွက်ပြေး" ဆိုသည့် စကားလုံး နှစ်လုံးကို ချန်ထားခဲ့ရတာလဲ။
သူမှလွဲ၍ အခြားမည်သူကမျှ ဤစကားလုံး နှစ်လုံးကို မမြင်နိုင်ကြသည့်ပုံပင်။
"ချူချယ်... ရောက်ပြီ... မင်း ဘာတွေ စဉ်းစားနေတာလဲ"
ဝူကျန့်ရှန်း၏ အသံ ထွက်ပေါ်လာမှသာ ချူချယ် လန့်နိုးသွားတော့သည်။
ဝူကျန့်ရှန်း၏ မျက်လုံးများက ပတ်ဝန်းကျင်ကို သံသယဖြင့် လိုက်လံ ကြည့်ရှုနေပြီး ချူချယ် ခုနက ငေးကြည့်နေခဲ့သော နေရာကို အဓိကထား၍ ကြည့်လိုက်၏။
သို့သော် ဘာကိုမျှ မတွေ့ရပေ။
"အင်း... အခု ဆင်းပြီ"
ယာဉ်တန်းကြီးမှာ ရပ်တန့်သွားပြီ ဖြစ်သည်။
ချန်းရီက ကားပေါ်မှ ဆင်းလာပြီး ဤကျောင်းကို သိချင်စိတ် ပြင်းပြစွာဖြင့် အကဲခတ် ကြည့်ရှုလိုက်သည်။
ဝူကျန့်ရှန်း၏ အနီးသို့ လျှောက်သွားကာ ဝူကျန့်ရှန်း၏ လည်ပင်းကို ရုတ်တရက် လှမ်းဖက်လိုက်ပြီး "ဟား... ကျန့်ရှန်း... မင်းကတော့ မိုက်တယ်ကွာ... အခုလို ကမ္ဘာပျက်ကပ်ကြီးထဲမှာတောင် မင်းက သီးသန့် ကမ္ဘာလေးတစ်ခု ဖန်တီးထားနိုင်တယ်... တကယ် မဆိုးဘူးပဲ"
"ဒါမျိုးမှန်း စောစောကတည်းက သိရင် ငါ မင်းဆီကို စောစော လာပူးပေါင်းတာပေါ့ကွာ... အခုတော့ ဒုက္ခတွေ အများကြီး ခံလိုက်ရတယ်"
ချန်းရီ၏ ဤကဲ့သို့သော အမူအကျင့်မျိုးသည် ရင်းနှီးသော ညီအစ်ကို သူငယ်ချင်းများကြားတွင်ဆိုလျှင် ဘာပြဿနာမှ မရှိပေ။
အချို့လူများက မူလက လူမှုဆက်ဆံရေးကို ကြောက်ရွံ့တတ်သူများ ဖြစ်သော်လည်း မိမိ၏ ရင်းနှီးသော ညီအစ်ကို သူငယ်ချင်း၊ မိတ်ဆွေများရှေ့တွင်မူ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတတ်ကြသည်။
ချန်းရီသည် အပြင်လူများရှေ့တွင်ဆိုလျှင် ကောက်ကျစ်စဉ်းလဲကာ ရက်စက်ပြီး ရန်စရန် မကောင်းသော လူတစ်ယောက် ဖြစ်သည်။
သို့သော် နှစ်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းကောင်းရှေ့တွင်မူ အခြားတစ်မျိုး ဖြစ်နေပြန်သည်။
ယခု မျက်မှောက်တွင် ရှိနေသော ချန်းရီသည် ထိုသို့ အခြားတစ်မျိုး ပြောင်းလဲနေခြင်း ဖြစ်၏။
သို့သော် ဝူကျန့်ရှန်း၏ အသက်သည် ချန်းရီထက် ဆယ်နှစ်ကျော် ပိုကြီးနေသည့်အပြင် မရဏနတ် ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးလည်း ဖြစ်နေသေးသည်။
သူသည် ချန်းရီ အမှန်တကယ် သိကျွမ်းခဲ့သော ထိုလူ လုံးဝ မဟုတ်ပေ။
ဝူကျန့်ရှန်းသည် အစပိုင်းတွင် ကြောင်သွားပြီးနောက် နဖူးမှ သွေးကြောများ ထောင်ထလာသည်။ သို့သော် ဒေါသကို မြိုသိပ်ကာ မသိမသာဖြင့် ချန်းရီ၏ လက်မောင်းကို ဖြုတ်ချလိုက်သည်။
ချန်းရီသည် ဖြုတ်ချခံလိုက်ရသော သူ၏ လက်မောင်းကို ကြည့်ရင်း မျက်လုံးများက အံ့အားသင့်သွားကာ ထို့နောက် တဖြည်းဖြည်း သံသယဝင်လာတော့သည်။
"နေပါဦး ကျန့်ရှန်း... မင်းက အခု ကြီးပွားနေပြီဆိုတော့ ငါ့လို ညီအစ်ကိုကိုတောင် အသိအမှတ်မပြုချင်တော့ဘူးလား"
"မင်း အရင်တုန်းက ကျောင်းတက်ခဲ့တဲ့အချိန်တွေကို မေ့သွားပြီလား"
"မင်းက အတုကြီးများလား"
ချန်းရီ၏ အမူအရာက သိမ်မွေ့ရှုပ်ထွေးလာသည်ကို မြင်လိုက်ရသည်။
ဝူကျန့်ရှန်းက စိတ်ထဲမှ ဒုက္ခပဲဟု ရေရွတ်လိုက်မိသည်။ အထူးသဖြင့် ချန်းရီ၏ "မင်းက အတုကြီးများလား" ဟူသော စကားကြောင့် ဖြစ်သည်။
အကယ်၍ သူသည် ချန်းရီ သိကျွမ်းခဲ့သော "ကျန့်ရှန်း" မဟုတ်ကြောင်းကို ချန်းရီသာ သိသွားပါက အနာဂတ်တွင် ရေတွက်၍မရနိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပေသည်။
ထိုသို့ဖြစ်လာပါက သူ၏ အစီအစဉ်များအားလုံးကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။
ထို့ကြောင့် သူက ဟန်လုပ်ရယ်မောကာ အလျင်အမြန် ရှင်းပြလိုက်ရသည်။ "ရှောင်ရီ... ဒီနေရာက ဘယ်နေရာလဲဆိုတာကိုလည်း ကြည့်ဦးလေ... ငါက ဘယ်လိုပဲဖြစ်ဖြစ် မရဏနတ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်နေပြီ... ငါ့ကိုလည်း မျက်နှာသာလေး ဘာလေး နည်းနည်း ပေးပါဦး"
ယခုအချိန်တွင် ဝူကျန့်ရှန်းမှာ သူ၏ ဤကိုယ်ပိုင်အမည်ကို အသုံးပြုမိသည်ကို အကြိမ်တစ်ရာမက နောင်တရနေမိသည်။
ထိုအနက်ရောင်ဝတ်ရုံရှင်များသည် သူတို့၏ ဂိုဏ်းချုပ်ကြီးမှာ ဤကဲ့သို့ ဆက်ဆံခံရသည်တိုင်အောင် ဒေါသမထွက်သည်ကို မြင်လိုက်ရ၏။
ခဏချင်းမှာပင် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး တစ်ချိန်တည်းမှာပင် ချန်းရီကို စူးစိုက်ကြည့်ကာ စိတ်ထဲတွင် ချန်းရီအား အမည်တပ်လိုက်ကြသည်။ "ဒီလူက ဂိုဏ်းချုပ်ကြီးနဲ့ အရမ်းရင်းနှီးတဲ့သူပဲ... နောင်ကျရင် သူ့ကို ပြဿနာမရှာမိစေနဲ့"
အခြားလူများမှာမူ သူတို့၏ မျက်လုံးများထဲတွင် အားကျမှု၊ တမ်းတမှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ရှိနေကြသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ကျောင်းဆိုသည်မှာ ပညာသင်ကြားရာ နေရာ၊ ခမ်းနားထည်ဝါသော နေရာတစ်ခုသာဖြစ်ပြီး ဟိုတယ်၊ တည်းခိုခန်းများ မဟုတ်ခဲ့ပေ။
သို့သော် ယခုအချိန်၌ ဤကျောင်းသည် ထိုသူများ၏ မျက်စိထဲတွင် အလွန် ခမ်းနားကြီးကျယ်သော ဇိမ်ခံစံအိမ်ကြီး တစ်ခု ဖြစ်နေလေပြီ။
ချူချယ်က လူအားလုံး၏ အမူအရာများကို အကဲခတ်ကြည့်ရှုရင်း သူ၏ စိတ်နှလုံးမှာ တဖြည်းဖြည်း လေးလံကျဆင်းလာ၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ဤကဲ့သို့သော နေရာမျိုးတွင် အလွန် နေထိုင်ချင်နေပုံရသည်။
တင်းတုံမှာမူ တိတ်ဆိတ်ငြိမ်သက်နေပြီး နောင်တွင် မည်သည့်နေရာ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရမည်ကို စတင် စဉ်းစားနေပြီ ဖြစ်သည်။ ဤမျှ ကျယ်ဝန်းသော ကျောင်းကြီးထဲတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် နေရာတစ်ကွက် ရှာဖွေရသည်မှာ မခက်ခဲနိုင်ပေ။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို မစားရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။
ထယ်ရှီး ဆိုသည့်ကောင်ကမူ အူကြောင်ကြောင်ဖြင့် ရယ်မောနေပြီး သူ၏ အခြား ဦးခေါင်းတစ်ခုမှာမူ အိပ်မောကျနေပြီ ဖြစ်သည်။
ဤနေရာတွင် ပြဿနာရှိနေကြောင်း သက်သေပြနိုင်မည့် ခိုင်လုံသော အထောက်အထား တစ်ခုခုကိုသာ သူ မထုတ်ပြနိုင်ပါက ဤအသင်းဖော်များသည် သူ့ကိုပင် ပြန်လည် သံသယဝင်လာနိုင်ကြောင်း ချူချယ် သိထားသည်။
သူက သူတို့၏ အသင်းခေါင်းဆောင် ဖြစ်သည်။ ဝူကျန့်ရှန်းကရော သူတို့၏ ဆွေမျိုး၊ သူငယ်ချင်း မဟုတ်ဘူးလား။
ဆက်ဆံရေးက ပို၍ပင် ရင်းနှီးနေသေးသည် မဟုတ်ပါလော။
ချူချယ် ကိုယ်တိုင်ပင်လျှင် ခုနက မြင်တွေ့ခဲ့ရသော လမ်းပြသူ ချန်ထားခဲ့သည့် အမှတ်အသားကို မယုံကြည်ချင်ခဲ့ပေ။
ထိုတောက်ပနေသော စာလုံးနှစ်လုံးသည် ယခုအခါ ချန်းရီ၏ အနီး (၆) ပေခန့် အကွာအဝေးအတွင်း၌သာ ရှိနေသည်။
ချန်းရီ။
ဟုတ်သားပဲ... ဒီကောင်။
ချူချယ်က ချန်းရီဘက်သို့ ကြည့်လိုက်သည်။ ယခုအချိန်တွင် ချန်းရီသည် အကြောင်းပြချက်ရသည်နှင့် လက်လွတ်မခံတတ်သော ပုံစံဖြင့် ဝူကျန့်ရှန်းကို ဆွဲကိုင်ကာ တစ်ခုခု ပြောဆိုနေသည်။ ထိုမျက်နှာအမူအရာမှာ လူဆိုးလူမိုက် တစ်ယောက်နှင့် ပုံစံတူလှသည်။
ဒီကောင်က အရှက်အကြောက် အကင်းဆုံးနဲ့ သံသယအများဆုံး ကောင်ပဲ။ သူတစ်ခုခု လုပ်နိုင်လောက်တယ်...
"အရှင်သခင်က... အသက်ရှင်ကျန်ရစ်သူ ညီအစ်ကိုမောင်နှမများ မရဏနတ် ဂိုဏ်းသို့ ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်"
ကျောင်းတံခါးဝရှိ လူဆယ်ဂဏန်းခန့်က ပြိုင်တူ အော်ဟစ်ပြောဆိုလိုက်ကြသည်။
"အဆုံးသတ်ကို စီရင်သော တံစဉ်ကိုင်ရှင်... သနားကရုဏာသက်၍ လမ်းမှားရောက်နေသော ဝိညာဉ်များကို လမ်းပြ ကယ်တင်တော်မူပါ..."
ထိုသူများ၏ ပါးစပ်မှ ထွက်ပေါ်လာသော ရွတ်ဆိုသံများသည် ဖော်ပြရန် ခက်ခဲသော စွမ်းအားအချို့ ပါဝင်နေသကဲ့သို့ ရှိသည်။
ကောင်းကင်မှ ကျဆင်းနေသော နှင်းပွင့်ကြီးများသည်ပင် ထိုစွမ်းအားများကြောင့် ဤအနက်ရောင်ဝတ်ရုံရှင်များ၏ အပေါ်သို့ မကျရောက်နိုင်သကဲ့သို့ ဖြစ်နေသည်။
မမြင်ရသော နေရာမှ ထူးခြားဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ကျဆင်းလာနေသကဲ့သို့ ခံစားရ၏။
ချန်းရီကလည်း ဝူကျန့်ရှန်း၏ အင်္ကျီကော်လာကို လွှတ်ပေးလိုက်သည်။
ဝူကျန့်ရှန်းသည် ဒေါသကြောင့် မျက်နှာများ၊ နားရွက်များ နီရဲနေပြီး ကော်လာမှ တွန့်ကြေနေသည်များကို အလျင်အမြန် ဖြီးသင်ကာ သူ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
စိတ်ထဲတွင်မူ ချန်းရီကို သေဒဏ်ပေးပြီးသွားခဲ့ပြီ ဖြစ်သည်။
ဝူကျန့်ရှန်းသည် ယာဉ်တန်းရှိ အသက်ရှင်ကျန်ရစ်သူများအားလုံး၏ အရှေ့၊ ကျောင်းတံခါးဝသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ယခုအချိန်တွင် အနက်ရောင်ဝတ်ရုံရှင် နှစ်စုသည် ဝူကျန့်ရှန်း၏ အနောက်၌ ရပ်နေကြသည်။
ယခုမှသာ သူသည် မရဏနတ် ဂိုဏ်း၏ အစစ်အမှန် ဂိုဏ်းချုပ်ကြီးနှင့် တူသွားပြီး ဩဇာတိက္ကမ ကြီးမားကာ၊ မြင့်မြတ်ပြီး အေးစက်စက်နိုင်လှသည်။
ခုနက ချန်းရီနှင့် ရန်ဖြစ်နေခဲ့သူမှာ လုံးဝ အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ချန်းရီ တစ်ယောက်တည်း၏ မျက်နှာသာ အနည်းငယ် ပြောင်းလဲသွား၏။
ဒီ ကျန့်ရှန်း... တကယ်ကို မတူတော့ဘူးပဲ။
နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ ညီအစ်ကို သံယောဇဉ်တွေက လျော့ပါးသွားခဲ့ပြီလား။ တကယ်ပဲ လူတွေက ပြောင်းလဲတတ်ကြပြီး ချစ်ခြင်းမေတ္တာတွေကလည်း ပျောက်ကွယ်သွားတတ်ကြတာပဲ။
ဒါမှမဟုတ်...
ချန်းရီ ခုနက ထိုသို့ ပြုမူခဲ့ခြင်းမှာ လုံးဝ စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ ချူချယ်၏ အကြည့်များက ရောက်ရှိလာသည်။
ဉာဏ်များတဲ့ကောင် နှစ်ကောင်၏ အကြည့်ချင်း ဆုံမိသွားသည်နှင့် တစ်ဖက်လူ၏ မျက်လုံးများထဲတွင် တူညီသော ခံစားချက်များကို အပြန်အလှန် မြင်တွေ့လိုက်ရသည်။
ချန်းရီက "ကျန့်ရှန်း" ၏ ကိုယ်ပိုင်လက္ခဏာကို သံသယမဝင်သော်လည်း "ကျန့်ရှန်း" ပြောင်းလဲသွားပြီဖြစ်ကြောင်းကိုမူ သံသယ ဝင်နေသည်။
ချူချယ်၏ လက်ရှိ စိတ်ကူးသည်လည်း အတူတူလောက်ပင် ဖြစ်သည်။
ထို့ထက်မက ယခုအချိန်တွင် ချူချယ်သည် လမ်းပြသူ၏ အမှတ်အသား သတိပေးချက်ကြောင့် စိတ်ထဲရှိ သံသယများက ပို၍ပင် ကြီးမားနေသည်။
ချန်းရီ၏ ဤမျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချူချယ်၏ စိတ်ထဲတွင် "အသက်ပေးရဲသည့်ရဲဘော်ရဲဘက်" ဆိုသည့် ခံစားချက်မျိုးပင် ဖြစ်ပေါ်လာ၏။
တကယ်ပါပဲ... ယာဉ်တန်းတစ်ခုလုံးမှာ ယုံကြည်လို့ရတာဆိုလို့ ချန်းရီ ဒီတစ်ကောင်ပဲ ရှိတယ်။
"မိတ်ဆွေတို့... ဒီနေရာက ငါတို့ မရဏနတ် ဂိုဏ်းရဲ့ ဌာနချုပ်ပဲ... ဒီနေရာမှာ ရှိနေသရွေ့ ဘယ်လို ထူးဆန်းတဲ့ အရာတွေရဲ့ တိုက်ခိုက်မှုကိုမှ မခံရဘူးလို့ ငါ အာမခံပါတယ်"
"ရုံမြို့က အရမ်းကြီးတယ်... ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆိုရင် ခရီးသွားမြို့တော် တစ်ခုဖြစ်ခဲ့ပြီး အမြဲတမ်း နေထိုင်တဲ့ လူဦးရေက သန်းချီရှိတယ်... ခရီးသွားတွေကိုပါ ထည့်ပေါင်းလိုက်ရင် လူဦးရေက အများကြီး ပိုများမှာ..."
"ဒါပေမဲ့ အခုတော့ မိတ်ဆွေတို့ သိကြတဲ့အတိုင်းပဲ... ကမ္ဘာပျက်ကပ် ပြီးနောက်ပိုင်း မြို့ကြီးလေလေ ပိုအန္တရာယ်များလေလေပဲ... ဒီနေရာက လုံခြုံနေလို့ ရုံမြို့ တစ်မြို့လုံး လုံခြုံနေပြီလို့ မထင်လိုက်ကြနဲ့"
"ချန်ဝမ်ရပ်ကွက် ထဲမှာတင် အရမ်းကို အစွမ်းထက်တဲ့ ထူးဆန်းတဲ့ အရာ နှစ်ကောင် ရှိတယ်... တစ်ကောင်ကိုတော့ တချို့လူတွေ မြင်ဖူးကြလောက်ပြီ... အဲ့ဒါက ခြေလက်ရှစ်ဖက်နဲ့ လူမျက်နှာကောင်ပဲ... နောက်တစ်ကောင်ကတော့ အဲ့ဒီကောင်ထက် ပိုပြီး ကြောက်စရာကောင်းတယ်... မိတ်ဆွေတို့ အဲ့ဒီကောင်ကို တွေ့ချင်ကြမှာ မဟုတ်ဘူး"
"ချန်ဝမ်ရပ်ကွက်ရဲ့ အပြင်ဘက်ဆိုရင်တော့ ငရဲပြည်ထက် သိပ်မသာဘူးလို့ ငါ ရဲရဲကြီး အာမခံရဲတယ်"
"..."
ပြောလိုက်သော စကားများမှာ အများကြီးဖြစ်သော်လည်း ရုံမြို့၏ အခြားနေရာများက မည်မျှ အန္တရာယ်များပြီး ဤနေရာက မည်မျှ လုံခြုံကြောင်းကိုသာ ပြောဆိုနေခြင်း ဖြစ်သည်။
ဤစကားများ၏ အဓိပ္ပာယ်ကို နားထောင်ကြည့်လျှင် ဤလူများအား လိမ္မာရေးခြားရှိစွာ စကားနားထောင်ပြီး နေရာအနှံ့ လျှောက်မသွားရန် သွယ်ဝိုက်၍ သတိပေးနေပုံရသည်။
ထိုအချိန်တွင် ချူချယ်၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။
အဘယ်ကြောင့်ဆိုသော် သူသည် ဒုတိယမြောက် အမှတ်အသားကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအရာက လမ်းပြသူ၏ အမှတ်အသားပြုခြင်း စွမ်းရည်သာ ဖြစ်ပြီး တောက်ပနေသော စာလုံးများသည် အပြင်ဘက်ရှိ နီယွန်ဆိုင်းဘုတ် စာလုံးများနှင့် အလွန်တူနေသည်။
"သူ ပြောသမျှ စကားတိုင်းကို မယုံလိုက်နဲ့"
ဆက်ရန်...