အခန်း ၁၂၅
Vol. 7 Ch. 125
အပိုင်း(၁၂၅) မင်းက ငါ့ညီအစ်ကို မဟုတ်တော့ဘူးလား
ကျောင်း၏ ခန်းမဆောင်ကြီးထဲတွင်။
ဤခန်းမဆောင်ကြီးက မူလက ကျောင်းတစ်ခုလုံး အစည်းအဝေးလုပ်ရန် အသုံးပြုသော နေရာဖြစ်၏။
သို့သော် ယခုအခါတွင်မူ မရဏနတ် ဂိုဏ်း၏ အခမ်းအနား ကျင်းပရာ နေရာအဖြစ်သို့ ရောက်ရှိနေလေပြီ။
စင်မြင့်ပေါ်တွင် ဧရာမကုလားထိုင်ကြီး တစ်လုံးရှိပြီး ကုလားထိုင်ပေါ်၌ အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ထိုင်နေ၏။
ထိုအမျိုးသမီးက သွေးရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဖော်ပြနေသော အသားအရေက နှင်းပွင့်များထက်ပင် ပို၍ ဖြူစင်ကာ အလှပဆုံးသော ကျောက်စိမ်းထက်ပင် ပိုမို ကြည်လင်တောက်ပနေသည်။
အလှပဆုံးသော မိန်းမချောလေးများပင်လျှင် ထိုအမျိုးသမီးကို မြင်လိုက်ရပါက ရှက်ရွံ့သွားကြပေလိမ့်မည်။
အမျိုးသမီး၏ ခြေထောက်တွင် ဖိနပ်စီးမထားဘဲ ရှည်လျားသော ခြေတံနှစ်ချောင်းကို ချိတ်ကာ ထိုင်နေပြီး အနည်းငယ် ဖော်ပြနေသော ခြေကျင်းဝတ်လေးကပင် မြင်ရသူကို တွေဝေမိန်းမောသွားစေ၏။
အမျိုးသမီးက ကုလားထိုင်နောက်မှီတွင် သက်တောင့်သက်သာ မှီထိုင်နေသော်လည်း မျက်လုံးအစုံကိုမူ မှိတ်ထားလေသည်။
ဤအမျိုးသမီး၌ မလှပသော နေရာဟူ၍ တစ်နေရာမျှ မရှိပေ။
မနုနယ် မလှပသော နေရာဟူ၍လည်း မရှိချေ။
ကံကြမ္မာက ဤအမျိုးသမီးကို မျက်နှာသာပေးထားသကဲ့သို့ အကောင်းဆုံးနှင့် အလှပဆုံးသော အရာအားလုံးကို သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါင်းစပ်ပေးထားပုံရ၏။
သို့သော် ထိုကဲ့သို့ လှပလွန်းလှသော အလှသခင်မ၏ အရပ်အမောင်းကမူ အလွန်တရာ အံ့မခန်း ဖြစ်နေသည်။
အမျိုးသမီးရှေ့တွင် ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းနေကြသော ဝတ်ရုံနက်ဝတ်ဆင်ထားသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုအမျိုးသမီး၏ အရပ်သည် ခန့်မှန်းခြေအားဖြင့် (၁၀) ပေခန့် ရှိပေလိမ့်မည်။
မရဏနတ်သမီးဟု ခေါ်ဆိုသော ထိုအမျိုးသမီးကို ထပ်မံ မြင်တွေ့လိုက်ရချိန်တွင် ချန်းရီ၏ အကြည့်များက သူမ၏ ခန္ဓာကိုယ်ပေါ်၌ လောဘတကြီး လှည့်လည်ကြည့်ရှုနေ၏။
ချန်းရီက နှာဘူးထနေခြင်း မဟုတ်ပေ။
ထူးဆန်းသောအရာများကို ယခုလို အနီးကပ် ကြည့်ရှုခွင့်ရခြင်းသည် နှစ်တစ်ရာအတွင်း တစ်ကြိမ်ပင် ရနိုင်ရန် ခဲယဉ်းလှသော အခွင့်အရေး ဖြစ်သောကြောင့်ပင်။
သူက အလွန် စွမ်းအားကြီးမားသော ပစ်မှတ်တစ်ခုကို ပုံတူကူးယူရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်။
ယခု သူ့ရှေ့တွင်ရှိနေသော ဤထူးဆန်းသည့်အရာသည် သေချာပေါက် အကောင်းဆုံး ပစ်မှတ်ပင် ဖြစ်၏။
သူမ၏ စွမ်းအား (၃၀) ရာခိုင်နှုန်းကို ပုံတူကူးယူနိုင်မည် ဆိုလျှင်ပင်... မဟုတ်သေး... (၁၀) ရာခိုင်နှုန်း ဒါမှမဟုတ် (၅) ရာခိုင်နှုန်းလောက်ကို ပုံတူကူးယူနိုင်မည် ဆိုလျှင်ပင်...
သူ၏ စွမ်းအားများသည် မိုးနှင့်မြေလို ကွာခြားသွားလောက်အောင် ပြောင်းလဲသွားမည်ဟု ချန်းရီ ယုံကြည်ထား၏။
"အဆုံးသတ်ကို ပိုင်စိုးတဲ့ တံစဉ်ပိုင်ရှင်... ကမ္ဘာပျက်ကပ် မီးတောက်တွေက ကမ္ဘာဟောင်းကို လောင်ကျွမ်းဖျက်ဆီးပစ်တဲ့ အချိန်မှာ... အရှင်မရဲ့ တရားစီရင်မှုက သန့်စင်တဲ့ ကယ်တင်ခြင်း ဖြစ်လာပါစေ"
ဝူကျန့်ရှန်းက အရှေ့ဆုံးတွင် ရပ်နေပြီး မရဏနတ်သမီးနှင့် အနီးဆုံးတွင် ရှိနေသော်လည်း သူက ခေါင်းပင် မမော့ရဲဘဲ ပါးစပ်မှ ဆုတောင်းစာများကို တတွတ်တွတ် ရွတ်ဆိုနေကာ သူ၏ မျက်နှာအမူအရာက အလွန်တရာ ရိုသေကိုင်းရှိုင်းနေပုံရသည်။
သူ၏ အနောက်တွင်ရှိသော အခြား ဝတ်ရုံနက်ဝတ်ဆင်ထားသူများမှာ မရဏနတ် ဂိုဏ်း၏ ဂိုဏ်းဝင်များ ဖြစ်ကြပြီး လူတိုင်းက ခေါင်းငုံ့ထားကြကာ ထိုပြည့်စုံလွန်းလှသော ပုံရိပ်ကို မကြည့်ရဲကြပေ။
သို့သော် သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အလွန်တရာ ရိုသေကိုင်းရှိုင်းနေကြမည်ကို ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။
ချန်းရီနှင့် အခြားသူများကမူ အနောက်ဆုံးတွင် ရပ်နေကြပြီး ဤမရဏနတ် ဂိုဏ်းဝင်များ၏ လုပ်ရပ်များကို ကြည့်ရှုနေကြ၏။
ဆုတောင်းစာများကို နာရီဝက်နီးပါးခန့် ရွတ်ဆိုပြီးမှသာ ရပ်တန့်သွားကြသည်။
"မရဏနတ်သမီး... ဒီလူတွေက ကျွန်တော်တို့ မရဏနတ် ဂိုဏ်းရဲ့ မိတ်ဆွေတွေပါ... သူတို့ရဲ့ အငွေ့အသက်ကို မှတ်သားထားပြီး အကာအကွယ် ပေးသနားတော်မူပါ... သူတို့ကို အမှောင်ထုရဲ့ ညစ်ညမ်းမှုတွေကနေ ကင်းဝေးစေတော်မူပါ"
ဝူကျန့်ရှန်းက မရဏနတ်သမီး၏ ရှေ့တွင် ဒူးထောက်ကာ နတ်ဝင်သည်တစ်ဦးကဲ့သို့သော လေသံဖြင့် ပြောလိုက်သည်။
မရဏနတ်သမီးက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူမ၏ မျက်လုံးများ မှိတ်ထားသည်မှာ သိသာနေသော်လည်း သူတို့ကို ကြည့်နေသကဲ့သို့ ခံစားရစေ၏။
ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းလှသော ဖိအားကြီးတစ်ခုက ဤပြည့်စုံလှသော အမျိုးသမီး၏ ခန္ဓာကိုယ်မှနေ၍ ဖြာထွက်လာသည်။
ချန်းရီက ညည်းတွားသံ တစ်ချက် ထွက်သွားပြီး သူ၏ တစ်ကိုယ်လုံး တောင်ကြီးတစ်လုံးဖြင့် အသာအယာ ဝင်တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဒဏ်ရာ မရခဲ့သော်လည်း ချန်းရီကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့သည်။
ဘေးနားရှိ စွန်းချန်းချန်း၊ တင်းတုံနှင့် ထယ်ရှီးတို့၏ မျက်နှာအမူအရာများမှာလည်း သက်သောင့်သက်သာ ရှိမနေကြပေ။
သာမန် အသက်ရှင်ကျန်ရစ်သူများမှာမူ သူတို့၏ ခန္ဓာကိုယ်ကို လေပြေညင်းလေး ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်တွင်းရှိ ပင်ပန်းနွမ်းနယ်မှုများကို သယ်ဆောင်သွားကာ အလွန် သက်တောင့်သက်သာ ဖြစ်သွားကြ၏။
ချူချယ်၏ ခံစားချက်ကမူ အားလုံးနှင့် အကွာခြားဆုံး ဖြစ်နေသည်။
ယခုအချိန်တွင် သူ၏ နဖူးမှ ချွေးစေးတစ်ပေါက် ကျဆင်းလာ၏။
သူက ကျားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားနေရပြီး ထိုခံစားချက်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကံကောင်းစွာဖြင့် ထိုဖိအားက ကြာရှည်မခံဘဲ တစ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။
သို့သော် ထိုတစ်စက္ကန့်မျှ အချိန်လေးအတွင်းမှာပင်...
ချူချယ်သည် သူ၏ အတွင်းခံအင်္ကျီ တစ်ခုလုံး စိုရွှဲသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။
"ချန်းရီ"
ချူချယ်က အက်ကွဲနေသော လေသံဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ချန်းရီက အရှေ့ရှိ မရဏနတ်သမီးကို စိုက်ကြည့်နေရင်း ခေါင်းကို အနည်းငယ် စောင်းကာ ချူချယ်၏ ခေါ်သံကို တိုးတိတ်စွာ ပြန်ထူးလိုက်၏။
ချူချယ်က အသက်ရှူသံ ပြင်းပြင်းဖြင့် နှစ်ချက်ခန့် ရှိုက်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ဆက်မပြောတော့ချေ။
ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ အခမ်းအနားမှာ အပြောင်းအလဲ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
စားပွဲကြီး တစ်လုံးကို သယ်ဆောင်လာကြ၏။
၎င်းမှာ ထမင်းစားပွဲ တစ်လုံး ဖြစ်သည်။
စားပွဲပေါ်တွင် ဓားနှင့် ခက်ရင်း တစ်စုံသာ ပါရှိပြီး... အမဲသားကင် တစ်ပွဲလည်း ရှိနေသလား...
ထားလိုက်ပါတော့... ချန်းရီလည်း အဲဒါ ဘာကြီးလဲဆိုတာ သေချာ မသိချေ။
ဝူကျန့်ရှန်းက မရဏနတ်သမီး၏ ဘေးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားပြီး ဓားဖြင့် အသားတစ်ဖဲ့ကို လှီးဖြတ်ကာ မရဏနတ်သမီး၏ ရဲရဲနီနေသော နှုတ်ခမ်းနားသို့ သတိထား၍ တေ့ပေးလိုက်သည်။
မရဏနတ်သမီးက ပါးစပ်ဟကာ ထိုအသားတစ်ဖဲ့ကို ဗိုက်ထဲသို့ မျိုချလိုက်၏။
မရဏနတ်သမီးက ထိုအသားတစ်ဖဲ့ကို မျိုချလိုက်သည်ကို မြင်သောအခါ ဝူကျန့်ရှန်းက သက်ပြင်းချကာ စိတ်အေးသွားပုံရသည်။
ထို့နောက် ဆက်ကျွေးလေသည်။
ထို အမဲသားကင်... လောလောဆယ်တော့ အမဲသားကင်ပဲ ထားပါတော့။
တစ်ဝက်ခန့် စားပြီးသွားချိန်တွင် မရဏနတ်သမီး၏ မှိတ်ထားသော မျက်လုံးများဆီမှ သွေးမျက်ရည်များ ရုတ်တရက် စီးကျလာသည်။
ဝူကျန့်ရှန်းက ထိုမြင်ကွင်းကို မြင်သည်နှင့် ဘေးနားရှိ ဂိုဏ်းဝင်တစ်ဦး၏ လက်ထဲမှ ဖန်ပြွန်တစ်ခုကို အမြန်ဆွဲယူကာ ထိုသွေးမျက်ရည်ကို သတိကြီးစွာဖြင့် ခံယူလိုက်၏။
ထိုသွေးမျက်ရည်များကို မြင်လိုက်ရချိန်တွင်...
ယခင်က ဝူကျန့်ရှန်း ပေးခဲ့သော မရဏနတ်သမီး၏ သွေးမျက်ရည် ဆိုသည်မှာ ဤအရာပင် ဖြစ်ကြောင်း ချန်းရီ ရုတ်တရက် နားလည်သွားခဲ့သည်။
အစပိုင်းတုန်းကတော့ မရဏနတ်သမီး၏ သွေးမျက်ရည် ဆိုသည်မှာ အမည်နာမသက်သက်သာ ဖြစ်လိမ့်မည်ဟု ချန်းရီ ထင်မှတ်ထားခဲ့မိ၏။
တကယ်တမ်း မရဏနတ်သမီး၏ သွေးမျက်ရည် အစစ်ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မရဏနတ်သမီး၏ သွေးမျက်ရည်က နှစ်ပေါက်၊ သုံးပေါက်ခန့်သာ ရှိသည်။
ဖန်ပြွန်ထဲရှိ သွေးမျက်ရည်ကို ကြည့်ရင်း ဝူကျန့်ရှန်းက သူ့လက်ဖြင့် ကိုယ်တိုင် သတိကြီးစွာ သိမ်းဆည်းလိုက်၏။
စင်အောက်ရှိ ဂိုဏ်းဝင်များက ဖန်ပြွန်ထဲမှ သွေးမျက်ရည် နှစ်ပေါက် သုံးပေါက်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများထဲတွင် ရူးသွပ်မတတ် လောဘရမ္မက်များ ပေါ်လွင်လာကြသည်။
သေချာပေါက်ပင် ထိုလောဘရမ္မက်ပြည့်နှက်နေသော အကြည့်များထဲတွင် ချန်းရီလည်း ပါဝင်နေ၏။
သူ၏ စစ်ဆေးမှုအရ မရဏနတ်သမီး၏ သွေးမျက်ရည်က အစွမ်းပိုင်ရှင်များအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိကြောင်း သိရသည်။ သို့သော် အကျိုးသက်ရောက်မှုမှာ အနည်းငယ် အားနည်းနေရုံမျှသာ ဖြစ်၏။
သို့သော်လည်း ချန်းရီက လိုချင်နေမိသည်။
လူတိုင်းက အလွန်လှပသော မရဏနတ်သမီးက ကျန်နေသော အမဲသားကင်ကို စားသောက်ပြီးစီးသွားသည်အထိ စောင့်ကြည့်နေကြသည်။
ဝန်ခံရမည်ဆိုလျှင် သူမ၏ မရဏနတ်သမီးဆိုသည့် ဂုဏ်ပုဒ်ကို ဖယ်ထားပြီး အမျိုးသမီးတစ်ဦးအနေဖြင့်သာ ကြည့်မည်ဆိုပါက...
အလွန် မျက်စိပသာဒ ဖြစ်စရာကောင်းလှ၏။
ထိုထမင်းစားပွဲသည် ဆယ်မိနစ်ကျော်ခန့် ကြာမြင့်ပြီးမှသာ ပြီးဆုံးသွားလေသည်။
ထိုအခါမှသာ လူအများက ခန်းမဆောင်ထဲမှ တန်းစီ၍ ထွက်လာကြတော့သည်။
ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များကတော့ အလွန် သက်သောင့်သက်သာ ရှိလှသည်။
ချန်းရီတို့ အဖွဲ့ကို ကြိုဆိုရန်အတွက်...
ဝူကျန့်ရှန်းက ညစာစားပွဲ တစ်ခုကို အထူးတလည် ပြင်ဆင်ထားပေး၏။
ဝူကျန့်ရှန်းက စာသင်ခန်း နှစ်ခန်းကို ရှင်းလင်းပြီး ညစာစားပွဲ ကျင်းပရာ နေရာအဖြစ် အသုံးပြုခဲ့သည်။
ညစာစားပွဲ၏ ကြီးကျယ်ခမ်းနားမှုက ချန်းရီတို့အဖွဲ့ ဤခြောက်လတာ ကာလအတွင်း မြင်တွေ့ခဲ့ရသမျှထဲတွင် အခမ်းနားဆုံးပင် ဖြစ်သည်။
တကယ်တမ်းတွင်မူ အသားဘူးများနှင့် သစ်သီးဘူး အနည်းငယ်မျှသာ ဖြစ်၏။
ထို့အပြင် ဂျုံပြားကဲ့သို့သော အစားအစာများလည်း ပါဝင်သည်။
မရဏနတ် ဂိုဏ်းက မြို့ထဲတွင် အခြေချထားသောကြောင့် ယာဉ်တန်းများထက် ရိက္ခာရှာဖွေရန် ပိုမို လွယ်ကူ၍လည်း ဖြစ်နိုင်ပေသည်။
လူဦးရေ သန်းချီရှိသော မြို့ကြီးတွင် ယခုအခါ လူဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့၏။
ကျန်ရှိနေသော ရိက္ခာများမှာ မများပြားဘဲ မနေနိုင်တော့ပေ။
သေချာသည်ကတော့ အသားဘူးများနှင့် အခြားအစားအစာအချို့မှာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သည်။
သို့သော် ယခုလိုအချိန်မျိုးတွင် မည်သူက ထိုကိစ္စများကို ဂရုစိုက်နေမည်နည်း။ စားစရာ ရှိနေသည်ကပင် ကောင်းလှပြီ မဟုတ်ပါလော။
ချန်းရီတို့ အဖွဲ့ကလည်း ကုလားအုတ် အသားခြောက်များကို ထုတ်ယူလာကြ၏။
ထို့ကြောင့် မရဏနတ် ဂိုဏ်းဝင်များကိုလည်း ကောင်းစွာ စားသောက်ခွင့် ရစေခဲ့သည်။
ရိက္ခာ အလွန် ရှားပါးနေချိန်တွင် အသက်ရှင်ကျန်ရစ်သူများက ကုလားအုတ်အသားကို သဲထဲမြှုပ်၍ ပြုလုပ်ထားသော အသားခြောက်များမှာ ယခု မြည်းစမ်းကြည့်သောအခါ ထူးခြားသော အရသာတစ်မျိုး ရှိနေပေသည်။
လူတစ်ယောက်က စာသင်ခန်းအလယ်တွင် မီးပုံတစ်ခု ဖိုပေးထားသည်။
ပြတင်းပေါက်အပြင်ဘက်တွင်မူ နှင်းများ တဖွဲဖွဲ ကျဆင်းနေ၏။
အခန်းတွင်း၌မူ နွေဦးရာသီကဲ့သို့ နွေးထွေးနေသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ယခင်က သူတို့၏ ဘဝကြီးသည် အလွန် ဝေးကွာလှသော အိပ်မက်တစ်ခုကဲ့သို့ ခံစားမိကာ တွေဝေသွားကြသည်။
အရက်နှင့် သောက်စရာများလည်း မနည်းလှပေ။
လူတိုင်းက အနည်းငယ်စီ ခွဲတမ်းရရှိကြ၏။
များများစားစား မဟုတ်သော်လည်း လူအများအပြားကို စိတ်အပန်းပြေစေခဲ့သည်။
ကျိုးရှောင်ရှောင်က ထောင့်တစ်နေရာတွင် ထိုင်ကာ ဂျုံပြားတစ်ချပ်ကို ကိုင်၍ တိတ်ဆိတ်စွာ ကိုက်စားနေသည်။
ယခုအချိန်တွင် သူမက မည်သူကမျှ အရေးမလုပ်သော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေ၏။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပျော်ရွှင်နေကြပြီး အချို့ကမူ စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ကာ မျက်ရည်ကျနေကြသည်။
အချို့ကလည်း ဟားတိုက်ရယ်မောနေကြကာ သူတို့ရင်ထဲတွင် ဖိနှိပ်ထားသော စိတ်ခံစားချက်များကို လွှတ်ချပစ်လိုက်ပုံရ၏။
"မင်္ဂလာပါ... ကျိုး... ရှောင်ရှောင်... အဲ့လိုခေါ်လို့ ရမလားရှင့်"
အနည်းငယ် ထူးဆန်းနေသော လေသံကို ကြားလိုက်ရသဖြင့် ကျိုးရှောင်ရှောင်က ခေါင်းမော့ကြည့်လိုက်သည်။
"ချွဲဆိုအွန်း... ရှင်... ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
ချွဲဆိုအွန်းက ဘယ်ညာ ဝဲယာသို့ ကြည့်လိုက်ပြီးမှ ကျိုးရှောင်ရှောင်၏ ဘေးတွင် သတိထား၍ ဝင်ထိုင်လိုက်၏။
"အင်း... ကျွန်မ ရှနိုင်ငံမှာ အလုပ်ရှိလို့ ရောက်လာတာ... ရောက်ပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာပျက်ကပ်ကြီး ဖြစ်သွားတော့တာပဲ"
ချွဲဆိုအွန်းက သူမ၏ အနည်းငယ် ထူးဆန်းနေသော လေသံဖြင့် သူမ၏ ဇာတ်ကြောင်းကို ပြောပြနေ၏။
ဤအမျိုးသမီးသည် ယခင်က ရှနိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ နာမည်ကြီးခဲ့ပြီး ရှနိုင်ငံမှ ပရိသတ်များအတွက် ရှနိုင်ငံ သီချင်းတစ်ပုဒ်ကိုပင် အထူးတလည် လေ့လာသင်ယူကာ သီဆိုပြခဲ့ဖူးသည်။
ထို့ကြောင့် ဤအမျိုးသမီးသည် သူတို့နိုင်ငံမှ အခြားသော အဆိုတော်များ၊ အနုပညာရှင်များနှင့် မတူဘဲ ရှနိုင်ငံသားများက သူမအပေါ် မကောင်းမြင်စိတ် မရှိကြပေ။
ချွဲဆိုအွန်း၏ အကြောင်းကို နားထောင်ပြီးနောက် ကျိုးရှောင်ရှောင်လည်း မနေနိုင်ဘဲ ခဏမျှ တိတ်ဆိတ်သွားမိသည်။
"ဒါနဲ့ ရှောင်ရှောင်... ရှင့်အမရော... သူက ရှင်နဲ့အတူတူ မရှိဘူးလား"
ကျိုးရှောင်ရှောင်က အမဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာလေး ညှိုးနွမ်းသွား၏။
"ဆောရီးနော်... ကျွန်မ စကားမှားသွားတယ်... တကယ်ကို တောင်းပန်ပါတယ်"
ချွဲဆိုအွန်းက ကျိုးရှောင်ရှောင်၏ အမူအရာကို ကြည့်ပြီး အခြေအနေကို ချက်ချင်း ရိပ်မိသွားကာ အလျင်အမြန် တောင်းပန်လိုက်သည်။
ကျိုးရှောင်ရှောင်က လက်ကာပြလိုက်ပြီး "ရပါတယ်... ဒါနဲ့ ချွဲဆိုအွန်း... အနည်းဆုံးတော့ ကျွန်မတို့တွေ အသက်ရှင်နေကြသေးတယ် မဟုတ်လား... ရှင် ဒီမှာ နေရတာ အဆင်ပြေပုံရတယ်နော်... ရှင် အစကတည်းက ဒီမှာ နေခဲ့ရတာကို တကယ် အားကျမိတယ်"
ချွဲဆိုအွန်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး တိုးတိတ်သော လေသံဖြင့် ပြောလိုက်သည်။ "ကျိုးရှောင်ရှောင်... ရှင့်ကို ကိစ္စတစ်ခုလောက် အကူအညီတောင်းလို့ ရမလားဟင်"
"ဟင်"
"ရှင်တို့ ထွက်သွားတဲ့အခါ... ကျွန်မကိုပါ တစ်ပါတည်း ခေါ်သွားပေးလို့ ရမလားဟင်... ရှင့်ကို တောင်းပန်ပါတယ်နော်"
ချွဲဆိုအွန်းက တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများဖြင့် ကျိုးရှောင်ရှောင်ကို ကြည့်လိုက်၏။
ထိုနိုင်ငံမှ အမျိုးသမီးများတွင် မျက်နှာအမူအရာ ထိန်းချုပ်မှုဆိုင်ရာ သီးသန့် သင်ခန်းစာများ ရှိနေသလားမသိ။ ကျိုးရှောင်ရှောင်ကို တောင်းပန်နေချိန်တွင် သူမ၏ ပုံစံလေးက တကယ်ပင် သနားကရုဏာ သက်ဖွယ်ကောင်းနေသည်။
ကျိုးရှောင်ရှောင်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာ ပေါ်လာသည်။ ယာဉ်တန်းထဲတွင် သူမကိုယ်တိုင်ကပင် အရေးပါသူ တစ်ယောက် မဟုတ်ခဲ့ပေ။
ဤကဲ့သို့သော ကိစ္စမျိုးကို သူမက ဆုံးဖြတ်ချက်ချပေး၍ မရနိုင်ချေ။
"အင်း... ချွဲဆိုအွန်း... ရှင် ကျွန်မတို့နဲ့ လိုက်ချင်တယ်ဆိုရင်တောင် ကျွန်မ ဆုံးဖြတ်ပေးလို့ မရဘူး... ဒါပေမဲ့ ရှင် သူ့ကို သွားအကူအညီတောင်းကြည့်လို့ ရတယ်"
ကျိုးရှောင်ရှောင်က ချန်းရီရှိရာဘက်သို့ တိတ်တဆိတ် လက်ညှိုးထိုးပြလိုက်၏။
"သူက... အစွမ်းပိုင်ရှင်လေ"
ချွဲဆိုအွန်း၏ မျက်နှာလေး အနည်းငယ် ပြောင်းလဲသွားပြီး ရှုပ်ထွေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် ချန်းရီမှာမူ မရဏနတ်သမီး၏ သွေးမျက်ရည်ကို မည်သို့ ရယူရမည်ကို စိတ်ထဲ၌ ကြံစည်တွက်ချက်နေ၏။
ဝူကျန့်ရှန်းက ချူချယ်နှင့် ခွက်ချင်းတိုက် သောက်ပြီးသည်နှင့် ချက်ချင်းလှည့်ကာ တံခါးဝဆီသို့ ထွက်သွားသည်ကို သူ မြင်လိုက်ရသည်။
ချန်းရီလည်း အလျင်အမြန် နောက်မှ လိုက်သွားလေသည်။
ဝူကျန့်ရှန်း အပြင်သို့ ထွက်လာသည်နှင့် ချန်းရီက သူ၏လည်ပင်းကို အတင်းဖက်လိုက်၏။
"ကျန့်ရှန်း... ခွေးကောင်... ငါ့ကို မြင်တာနဲ့ ဘာလို့ ပြေးတာလဲ... ငါတို့က ဘယ်တုန်းက ဒီလောက် စိမ်းသက်သွားကြတာလဲကွ"
ဝူကျန့်ရှန်းက ချန်းရီကို မြင်လိုက်ချိန်တွင် သူ၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။
သူက ဤကောင်လေးနှင့် အတူရှိနေပါက ကောင်းသောကိစ္စများ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ဟု အမြဲတမ်း ခံစားနေရ၏။
ထို့ကြောင့်ပင် ခုနက အခြားသူများနှင့် ခွက်ချင်းတိုက်ချိန်တွင် ချန်းရီ တစ်ယောက်တည်းကိုသာ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုကောင်လေးက အနောက်မှ လိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ချန်းရီ... မင်း ဘာလိုချင်လို့လဲ"
"ငါ ဘာလိုချင်ရမှာလဲ... သောက်ကျိုးနည်း... ကျန့်ရှန်း... မင်းက ပစ္စည်းကောင်းလေးရတာကို ကိုယ့်ချင်းချင်းတွေအတွက် တစ်ခုမှ ဖယ်မထားပေးဘူးပေါ့လေ"
"မင်း ဘာတွေပြောနေတာလဲ... ငါ နားမလည်ဘူး"
"မင်းက ဟန်ဆောင်နေသေးတယ်... မင်းရဲ့ မရဏနတ်သမီး သွေးမျက်ရည်လေး ငါ့ကို နည်းနည်းလောက် ပေးစမ်းပါ... ငါလခွမ်း... အရင်တုန်းက ကျောင်းတက်တုန်းက မင်း စားစရိတ်မလောက်လို့ မင်းကို ဘယ်သူက ထမင်းကျွေးခဲ့ရတာလဲဆိုတာ မေ့သွားပြီလား"
ချန်းရီက မရဏနတ်သမီး၏ သွေးမျက်ရည်ကို လိုချင်နေကြောင်း ကြားလိုက်ရသောအခါ...
ဝူကျန့်ရှန်းက အလျင်အမြန် ခေါင်းခါယမ်းလိုက်ပြီး "မဖြစ်နိုင်ဘူး... မရဘူး... အဲ့ဒါက ငါ့ဆီမှာလည်း သိပ်အများကြီး မရှိဘူးကွ"
"ငါလခွမ်း... ကျန့်ရှန်း... မင်း ငါ့ကို ဒီလို လာလုပ်တာလား... မင်းက ငါ့ညီအစ်ကို မဟုတ်တော့ဘူးလားကွ"
ဝူကျန့်ရှန်းက ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏ စိတ်ကူးများကို ချန်းရီက အကဲခတ်မိသွားပြီဟု ခံစားလိုက်ရပြီး စိတ်ထဲတွင် စတင် ထိတ်လန့်လာတော့သည်။
ချန်းရီများ သိသွားတာလား...။
ဆက်ရန်...