အခန်း ၁၂၆
Vol. 7 Ch. 126
အပိုင်း(၁၂၆) နောက်တစ်ပုလင်း
မကောင်းမှု ပြုထားသူများက အမြဲတမ်း စိတ်လိပ်ပြာမလုံ ဖြစ်တတ်ကြစမြဲပင်။
အထူးလေ့ကျင့်မှု ခံယူထားသူများမှလွဲ၍ပေါ့။
ဝူကျန့်ရှန်းက ထိုကဲ့သို့သော လူမျိုး မဟုတ်သည်ကတော့ အလွန် သိသာလှသည်။ ကမ္ဘာပျက်ကပ် မတိုင်မီက သူသည် ဘဝတွင် အရှုံးသမားတစ်ယောက်မျှသာ ဖြစ်ပြီး ဤကမ္ဘာပျက်ကပ်ကြီးကသာ သူ့ကို ဒုတိယမြောက် ဘဝတစ်ခု ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ချန်းရီ တွေးနေသည်က ထိုမရဏနတ်သမီး သွေးမျက်ရည်ကို မဖြစ်မနေ ရယူရန်ပင် ဖြစ်သည်။
ထိုသို့ရရှိရန်အတွက် ချန်းရီက တက္ကသိုလ်တက်စဉ်က "ဝူကျန့်ရှန်း" အပေါ် သူပြုခဲ့ဖူးသော ကျေးဇူးများကိုပင် အသေးစိတ် ပြန်လည်ရေတွက်ပြရန် ဝန်မလေးခဲ့ပေ။
လွယ်လွယ်ပြောရလျှင် ကျေးဇူးဆပ်ရန် အကျပ်ကိုင်ခြင်းပင် ဖြစ်သည်။
"ကျန့်ရှန်း... အရင်တုန်းက အတန်းတက်တိုင်း မင်းအတွက် ဘယ်သူက အမြဲတမ်း ရိုးကောပေးခဲ့တာလဲဆိုတာ မှတ်မိသေးလား"
"ဟွာထင်ကို သဘောကျတယ်လို့ မင်းပြောတော့... ငါက တုံ့ဆိုင်းမနေဘဲ ချက်ချင်း နောက်ဆုတ်ပေးခဲ့တာလေ"
"ပြီးတော့... အရင်က မင်းကို တခြားခန်းကကောင်တွေ ဝိုင်းပိတ်ထားတုန်းက... မင်းကို သွားကယ်ခဲ့တာ ဘယ်သူလဲ"
"နောက်ပိုင်း ငါ အပြစ်ကျူးလွန်တယ်လို့ မှတ်တမ်းတင်ခံရတာ... ဘယ်သူ့ကြောင့်လဲဆိုတာရော မင်း မှတ်မိသေးလား"
ချန်းရီက "ဝူကျန့်ရှန်း" နှင့် သူ့ကြားက တက္ကသိုလ်ကျောင်းသားဘဝ အရှက်ရဖွယ် ဇာတ်လမ်းများကို ပြောရာတွင် အလွန်ပင် လွယ်ကူချောမွေ့နေခဲ့သည်။
ချန်းရီ၏ စကားများအရ သူ၏ ဤကိုယ်ပိုင်အမှတ်လက္ခဏာနှင့် ဝူကျန့်ရှန်း၏ ဆက်ဆံရေးက ဘောင်းဘီတစ်ထည်တည်း အတူဝတ်၍ရလောက်သည့်အထိ အလွန် ရင်းနှီးပုံရသည်။
ချန်းရီ တက္ကသိုလ်မှ ထုတ်ပယ်ခံရခြင်းကပင် ဤအမှတ်လက္ခဏာကြောင့် ဖြစ်နေသည်။
ဝူကျန့်ရှန်းမှာ နားငြီးလွန်းလှသော်လည်း သူ့တွင် လုပ်စရာ အရေးကြီးကိစ္စများ ရှိနေသေးသည်။
နောက်ဆုံးတွင်တော့ ချန်းရီကို သွေးမျက်ရည် နှစ်စက် ပေးရန်သာ သဘောတူလိုက်ရတော့သည်။
တကယ်တမ်းတော့ ဤအရာက အဖိုးတန်သည်ဆိုသော်လည်း ထင်ထားသလောက်တော့ မရှားပါးလှပေ။
သူကိုယ်တိုင် မရဏနတ် ဂိုဏ်း၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်နေသရွေ့ နေ့စဉ်နေ့တိုင်း သွေးမျက်ရည် အစက်အနည်းငယ်ခန့် စုဆောင်းရရှိနိုင်သေးသည်။
ဤအရာက အစွမ်းပိုင်ရှင်များအတွက် အတိုင်းအတာတစ်ခုအထိ အဆင့်မြင့်တက်စေနိုင်စွမ်း ရှိကြောင်းကို ဝူကျန့်ရှန်း သိထားသည်။
သို့သော် ထိုအဆင့်မြင့်တက်စေမှုက အလွန် သေးငယ်လှသည်။
အရင်က ဝူကျန့်ရှန်းသည် နေ့စဉ်နေ့တိုင်း အနည်းငယ်စီ သောက်သုံးခဲ့သော်လည်း ယခုအခါတွင်မူ။
သူ၏ ခန္ဓာကိုယ်က ဤအရာအပေါ် ဆေးယဉ်ပါးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
မရဏနတ်သမီး သွေးမျက်ရည်က သူ့အတွက် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိတော့ချေ။
ချန်းရီ၏ နှောင့်ယှက်မှုများကို ရင်ဆိုင်ရာတွင် ဝူကျန့်ရှန်းက ချန်းရီအား ဟာကွက်များ မသိစေချင်ပေ။
ချန်းရီ၏ အပြောအရ သူ၏ ဤအမှတ်လက္ခဏာက ချန်းရီနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်လှရာ မပေးလျှင် သံသယဝင်သွားနိုင်ပြီး မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်ချေရှိသည်။
ထို့ကြောင့် ဝူကျန့်ရှန်းက သွေးမျက်ရည် နှစ်စက် ပေးလိုက်ပြီး တစ်ခါတည်း ပြတ်စဲသွားစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
ဒီတစ်ကြိမ် သွေးမျက်ရည် ပေးပြီးတာတောင် နောက်ဆိုရင် ငါ့ကို ထပ်နှောင့်ယှက်ရဲဦးမလား ကြည့်ကြသေးတာပေါ့။
မည်သို့ပင်ဖြစ်စေ သူတို့လည်း ရက်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည် မဟုတ်ပါလော။
ထိုအတွေးများနှင့်အတူ ဝူကျန့်ရှန်းက လှည့်ထွက်သွားခဲ့သည်။
သူ့ရှေ့ရှိ ဖန်ပုလင်းအကြည်လေးကို ကြည့်ရင်း ချန်းရီ၏ နှုတ်ခမ်းထောင့်များက မသိမသာ ကွေးတက်သွားသည်။
စွမ်းအားများ မြင့်တက်လာစေရန်၊ ဆက်လက် အသက်ရှင်သန်နိုင်ရန်။
အရှက်မရှိ မျက်နှာပြောင်တိုက်ရလျှင်ရော ဘာဖြစ်သနည်း။
အသက်ရှင်နိုင်မည် ဆိုပါက ချန်းရီက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိသည်။
ရှေ့မှ မရဏနတ်သမီး သွေးမျက်ရည်ကို ကြည့်ကာ ချန်းရီ၏ မျက်လုံးများက အရောင်လက်နေ၏။
"စနစ်... မရဏနတ်သမီး သွေးမျက်ရည်ကို အဆင့်မြှင့်တင်ပြီး လမ်းစဉ် သဘာဝလွန်အစွမ်း တိုးတက်စေတဲ့ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေး"
ချန်းရီက စိတ်ထဲမှနေ၍ စနစ်ဆီသို့ တာဝန်တစ်ခု ပေးအပ်လိုက်သည်။
စနစ်ထံမှ တုံ့ပြန်မှု ချက်ချင်း ထွက်ပေါ်လာ၏။
[မရဏနတ်သမီး သွေးမျက်ရည်ကို အဆင့်မြှင့်တင်ရန်အတွက် သတ်ဖြတ်မှတ် (၅၀၀၀) လိုအပ်ပြီး အဆင့်မြှင့်တင်ချိန် (၆) နာရီ ကြာမြင့်မည် ဖြစ်ပါသည်... အဆင့်မြှင့်တင်လိုပါသလား]
ဤမျှလောက်တောင် ဈေးကြီးရသလား။
"စနစ်... မရဏနတ်သမီး သွေးမျက်ရည် တစ်စက်ကို လဲလှယ်မယ်ဆိုရင် သတ်ဖြတ်မှတ် ဘယ်လောက် လိုအပ်လဲ"
[အဆင့်မြှင့်တင် သန့်စင်ထားခြင်း မရှိသော မရဏနတ်သမီး သွေးမျက်ရည် တစ်စက်ကို လဲလှယ်ရန် သတ်ဖြတ်မှတ် (၂၀၀၀၀) လိုအပ်ပါသည်]
ချန်းရီ "..."
တကယ်ပင်။ စနစ်အား အစအဆုံး တာဝန်ယူခိုင်းခြင်းက တကယ့်ကို ဈေးကြီးလှသည်။
ယခင်က လဲလှယ်ခဲ့သော လမ်းစဉ်ဆေးထိုးအပ်က ဈေးပေါသည်မှလွဲ၍ ကျန်သည်များကို ချန်းရီ ယခုမှ သတိထားမိသွားသည်။
အခြားသော ဆေးရည်များက မယုံနိုင်လောက်အောင် ဈေးကြီးနေကြသည်။
စွမ်းအားများကို မြှင့်တင်ပေးနိုင်သည့် ဆေးဝါးကဲ့သို့သော အရာများသည် စနစ်၏ စည်းမျဉ်းများအောက်တွင် အလွန် ဈေးကြီးနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
ကျန်ရှိနေသေးသော သတ်ဖြတ်မှတ် တစ်သောင်းကျော်ကို ကြည့်ရင်း ချန်းရီက အံကြိတ်ကာ အတည်ပြုရန်ကို တိုက်ရိုက် ရွေးချယ်လိုက်သည်။
ယခင်က သတ်ဖြတ်မှတ် ငါးထောင်ခန့် ကျန်ရှိခဲ့ပြီး နောက်ပိုင်း ခြေရှစ်ချောင်း လူမျက်နှာကောင်နှင့် တိုက်ခိုက်ရာတွင် သတ်ဖြတ်မှတ် အချို့ ထပ်မံရရှိခဲ့ရာ စုစုပေါင်း သတ်ဖြတ်မှတ် တစ်သောင်းကျော် ရှိနေသည်။
မရဏနတ်သမီး သွေးမျက်ရည်ကို နှစ်ကြိမ် အဆင့်မြှင့်တင်ရန်အတွက် လုံလောက်ပေသည်။
ခြေရှစ်ချောင်း လူမျက်နှာကောင်ကို ရင်ဆိုင်ရာတွင် ချန်းရီအနေဖြင့် အကျိုးအမြတ် များများစားစား မရရှိခဲ့ပေ။
အဓိကအချက်မှာ နောက်ဆုံးတွင် ကောင်းကင်ဝေလငါးကို အတုယူ၍ တိုက်ခိုက်ခဲ့သော ထိုတိုက်ကွက်ကြောင့်ပင် ဖြစ်သည်။
လက်ရှိအချိန်အထိ ယာဉ်မှာ သုံးလောက်သည်ဟု ဆိုနိုင်ပြီး ကောင်းမွန်သော သဘာဝလွန်ပစ္စည်းများ မရှိသဖြင့် လောလောဆယ် အဆင့်မြှင့်တင်ရန် မလိုအပ်သေးချေ။
သို့သော် စွမ်းအားများ မြှင့်တင်ရန်ကမူ အလွန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
လမ်းစဉ် အဆင့် (၃) ပင် ပေါ်ထွက်လာပြီဖြစ်ရာ သူကိုယ်တိုင်က လမ်းစဉ် အဆင့် (၁) သာ ရှိသေးသဖြင့် အမှန်တကယ်ပင် အားနည်းလွန်းနေသည်။
မကြာမီမှာပင် ဖန်ပုလင်းအကြည်လေးပေါ်တွင် ရေတွက်စနစ် တစ်ခု ပေါ်လာ၏။
[၀၅:၅၉:၅၉]
ရုံမြို့ ဒုတိယ မူလတန်းကျောင်း၏ စတုတ္ထတန်း အခန်း (၃) တွင် ဖြစ်သည်။
"ဟီးဟီး... အရင်တုန်းက ငါ့အဖေက သတ္တုတွင်းမှာ အလုပ်လုပ်ပြီး... ငါ့အမေကတော့ မြို့လေးထဲမှာ စူပါမားကတ်အသေးလေး ဖွင့်ထားတာ... ဆေးလိပ်၊ အရက်နဲ့ တခြား စားစရာလေးတွေ ရောင်းတာပေါ့"
"အဲဒီအချိန်တုန်းက ငါတို့အိမ် အခြေအနေက တော်တော်ကောင်းတာ... အချိန်တိုင်း အသားငါးတွေ စားရတယ်လို့ မဆိုလိုပေမဲ့... ဘာပဲဖြစ်ဖြစ် တစ်ရက်ခြား နှစ်ရက်ခြားလောက်တော့ အသားဟင်းလေးတွေ စားရတယ်လေ"
စတုတ္ထတန်း အခန်း (၃) စာသင်ခန်းထဲတွင် ထယ်ရှီးက ကုတင်ပေါ်၌ လှဲလျောင်းရင်း အတိတ်ကို ပြန်တွေးကာ တဟီးဟီး ရယ်မောနေပြီး သူ၏ မျက်လုံးများထဲတွင် နွေးထွေးသော အလင်းရောင်များ ပြည့်နှက်နေသည်။
ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးကတော့ ဘာစကားမှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။
ထယ်ရှီးက ဤကဲ့သို့ စကားတွေ အများကြီး ပြောတတ်ခဲပြီး ယခုက သူ၏ ကိုယ်ပိုင်အကြောင်းများကို ပြောနေခြင်းဖြစ်ရာ ချန်းရီအနေဖြင့် ပို၍ပင် ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။
"ငါတို့မိသားစုမှာ ညီအစ်ကို မောင်နှမ စုစုပေါင်း ငါးယောက် ရှိတယ်... ဟီးဟီး"
"အဲဒီအချိန်တုန်းက ထမင်းစားရင်တောင် လုစားရတာ"
"ဟာ... မင်းတို့ မိသားစုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အများကြီး မွေးထားရတာလဲ"
ချန်းရီက အံ့သြတကြီး မေးလိုက်သည်။
ထယ်ရှီးက တဟီးဟီး ရယ်မောလိုက်ပြီး "ဟီးဟီး... ဘယ်လိုလုပ်ရမှာလဲ... ဒဏ်ကြေးဆောင်ရတာပေါ့... ငါ့အဖေနဲ့ အမေ ပြောတာကြားဖူးတာတော့... အဲဒီနှစ်တွေတုန်းက နှစ်တိုင်း ဒဏ်ကြေးဆောင်ရတယ်တဲ့... တစ်နှစ်ပတ်လုံး ရှာထားသမျှ ပိုက်ဆံတွေ အကုန်လုံး ဒဏ်ကြေးထဲ ပါသွားတာပဲ"
"ငါတို့မိသားစု ဝင်ငွေက သိပ်မများပေမဲ့ စားဖို့သောက်ဖို့တော့ လောက်ငပါတယ်... ဒါပေမဲ့ ဒဏ်ကြေးတွေက များလွန်းတော့ မခံနိုင်ဘူးလေ... အိမ်မှာကလည်း စားရမယ့် ပါးစပ်တွေက အများကြီးကိုး"
"ငါက အိမ်မှာ အကြီးဆုံးပေါ့... ငါ့အောက်မှာ ညီနှစ်ယောက်နဲ့ ညီမနှစ်ယောက် ရှိသေးတယ်"
"ဒုတိယ တစ်ယောက်က ယောကျ်ားလေးပဲ... စကားနားမထောင်လို့ ခဏခဏ အရိုက်ခံရတယ်"
"တတိယ တစ်ယောက်ကလည်း ယောကျ်ားလေးပဲ... ငါ့အဖေက မိန်းကလေး လိုချင်နေတာ... သမီးမိန်းကလေးကမှ ရင်နှစ်သည်းချာလေးလို့ ပြောတာကိုး"
"စတုတ္ထ တစ်ယောက်ကျမှ မနည်း သမီးမိန်းကလေး မွေးလာတာ... ငါ့အဖေကတော့ အသည်းအနှစ်ကို ဖြစ်လို့"
"တကယ်က ပဉ္စမမြောက်ကို မလိုချင်တော့တာ... ဒါပေမဲ့ ကိုယ်ဝန်ရလာတော့လည်း ငါ့အဖေနဲ့ အမေက မဖျက်ချရက်တာနဲ့ မွေးလိုက်ရတာပဲ"
"ပဉ္စမ တစ်ယောက်က အလည်ဆုံးနဲ့ အလိမ္မာဆုံးပဲ... တကယ်တော့ ညီမနှစ်ယောက်စလုံးက လိမ္မာပြီး အကင်းပါးကြတာပါ"
ထယ်ရှီးက ရိုးအအဖြင့် ရယ်မောနေပြီး သူ၏ မျက်စိရှေ့တွင် ညီငယ် ညီမငယ်များ၏ ပုံရိပ်များကို မြင်ယောင်နေပုံရသည်။
ဤလူသန်ကြီးက စကားများကို တတွတ်တွတ် ပြောဆိုနေ၏။
ချန်းရီက တိတ်ဆိတ်စွာ နားထောင်နေသည်။ ပြတင်းပေါက် အပြင်ဘက်တွင် တဖွဲဖွဲ ကျဆင်းနေသော နှင်းကျသံများကို ကြားနေရပြီး ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်လျှင် သွေးရောင်လမင်းကြီးအောက်တွင် နှင်းများက ရပ်တန့်မသွားဘဲ ဆက်တိုက် ကျဆင်းနေသည်ကို မြင်တွေ့နိုင်သည်။ သို့သော် အစပိုင်းကလို ငန်းမွေးကဲ့သို့ ကြီးမားသော နှင်းပွင့်ကြီးများတော့ မဟုတ်တော့ပေ။
ပြတင်းပေါက် အပြင်ဘက်ရှိ ကမ္ဘာကြီးက ဖြူဖွေးသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဒီပုံအတိုင်းသာ ဆက်ကျနေမည်ဆိုပါက မနက်ဖြန် မနက်တွင် မြေပြင်ပေါ်ရှိ နှင်းများမှာ မနည်းမနော ရှိနေမည်ဟု ခန့်မှန်းရသည်။
ယနေ့ လမ်းခရီးကပင် အလွန် သွားရခက်ခဲနေပြီ ဖြစ်သည်။
ချူချယ်ကလည်း တိတ်ဆိတ်စွာ နားထောင်နေ၏။
သူကိုယ်တိုင်လည်း သူ့ကိစ္စများကို တွေးတောနေသည်။
လွန်ခဲ့သော နှစ်များက ကိစ္စရပ်များမှာ အလွန် ရှုပ်ထွေးလှသည်။ ခေါင်းဆောင်က ယခုထက်တိုင် အသက်ရှင်နေသေးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
သို့သော် ဤခေါင်းဆောင်က မူလခေါင်းဆောင်နှင့် မတူညီသကဲ့သို့ ခံစားရသည်။
တစ်နည်းနည်းဖြင့် ထူးဆန်းနေသည်ဟု အမြဲ ခံစားနေရ၏။
ရင်းနှီးသော ဆက်ဆံရေး၏ အာနိသင်များက ချူချယ်၏ ဦးနှောက်ထဲတွင် ရှိနေဆဲဖြစ်ပြီး အဓိပ္ပာယ်မရှိသော အကြောင်းအရာများအားလုံးကို အလိုအလျောက် ပေါင်းစပ် ဖြေရှင်းပေးနေသည်။
ချူချယ်သည် ကျောက်သင်ပုန်းပေါ်ရှိ စာလုံး လေးလုံးကို ကြည့်ရင်း စိတ်မအေးနိုင်ဖြစ်နေမိသည်။
"နောက်ပိုင်း ငါ့အဖေက အဆုတ်ထဲ ဖုန်မှုန့်ဝင်တဲ့ ရောဂါ ဖြစ်သွားတယ်... မင်းတို့ အဲဒီရောဂါကို သိကြလား"
ထယ်ရှီးက ဆက်ပြောသည်။
"ငါတို့ဆီမှာ လူတော်တော်များများ ဒီရောဂါ ဖြစ်ကြတယ်... ကျောက်မီးသွေး ဖုန်မှုန့်တွေကို အချိန်ကြာကြာ ရှူရှိုက်မိလို့ ဖြစ်တာလို့ ကြားဖူးတယ်"
"နောက်ပိုင်း ငါ့အဖေ ဆုံးသွားတော့... သတ္တုတွင်းက လျော်ကြေးငွေ နည်းနည်း ပေးတယ်"
"အဲဒီအချိန်တုန်းက ငါ့အမေက နေ့တိုင်း ငိုတယ်... ငါ့ညီမလေး နှစ်ယောက်ကလည်း နေ့တိုင်း ငိုတယ်... အိမ်မှာက နေ့တိုင်း ငိုသံတွေချည်းပဲ"
"တစ်ရက်ကျတော့ ငါ့အမေ ဈေးသွားဝယ်ရင်း စိတ်လွင့်နေလို့ ကားတိုက်ခံလိုက်ရတယ်"
"အဲဒီနောက်ပိုင်းကျတော့... ငါကပဲ ငါ့ညီတွေ ညီမတွေကို ခေါ်ပြီး အတူတူ နေထိုင်ခဲ့ရတာပေါ့"
"ငါက အကြီးဆုံးလေ... အိမ်မှာ အဖေရော အမေရော မရှိတော့ဘူးဆိုတော့ ငါကပဲ သူတို့ကို စောင့်ရှောက်ရတော့မှာပေါ့... အဲဒီနေ့က အိမ်ကို ဆွေမျိုးတွေ အများကြီး ရောက်လာကြတယ်... သိတဲ့လူတွေရော မသိတဲ့လူတွေရောပါပဲ"
"နောက်ပိုင်း ငါ့ဘထွေး ပြန်ရောက်လာတယ်... ငါ့ဘထွေးသာ ပြန်မရောက်လာဘူးဆိုရင်... ငါတို့မိသားစုက ဆွေမျိုးတွေရဲ့ အမြတ်ထုတ် အနိုင်ကျင့်တာကို ခံရတော့မှာ"
"အမြတ်ထုတ် အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ မင်းတို့ သိကြလား"
"ဒီခေတ်ကြီးမှာ ဒီလိုကိစ္စမျိုးတွေ ရှိနေသေးတာလား"
ချန်းရီက ဝင်ပြောလိုက်သည်။
"အေး... ရှိသေးတယ်... မင်းတို့လို မြို့ကြီးသားတွေကတော့ သိမှာမဟုတ်ပါဘူး... ငါတို့ဆီက မြို့သိမ်မြို့ငယ်လေးလေ"
"ဘထွေးသာ မရှိရင်... ငါ့ညီတွေ ညီမတွေကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးနိုင်မယ် မထင်ဘူး"
"ဘထွေးက ငါတို့ကို သူ့အိမ်မှာ ခေါ်ထားခဲ့တာ"
"ဘထွေးက ငါတို့ဆီက ပိုက်ဆံ တစ်ပြားမှ မယူဘူး... ညီတွေ ညီမတွေ ကျောင်းတက်ဖို့အတွက် စုထားပေးပါဆိုပြီး ပြောတယ်"
"နောက်ပိုင်း ငါတို့ ညီအစ်ကို မောင်နှမတွေကြောင့်ပဲ ဘထွေးရဲ့ မိန်းမက ဘထွေးနဲ့ ကွာရှင်းသွားတယ်... ဘထွေးကလည်း နောက်ထပ် အိမ်ထောင် မပြုတော့ဘူး... အစကတော့ ငါကပဲ ဘထွေးကို သက်ကြီးရွယ်အိုဘဝမှာ ပြုစုစောင့်ရှောက်ပြီး သင်္ဂြိုဟ်ပေးဖို့ စဉ်းစားထားတာ"
"နောက်ပိုင်းကျတော့... ငါက ကားမောင်းသင်ပြီး ခရီးသည်တင် ဘတ်စ်ကား ဒရိုင်ဘာ ဖြစ်လာတာပဲ"
"ဒုတိယ တစ်ယောက်က အသုံးမကျဘူး... အထက်တန်းအထိပဲ တက်ပြီး ကျောင်းထွက်သွားတယ်"
"စတုတ္ထ ညီမလေးနဲ့ အငယ်ဆုံး ညီမလေးကတော့ ဉာဏ်ကောင်းကြတယ်... နှစ်ယောက်စလုံး တက္ကသိုလ် တက်ရတယ်လေ"
"တတိယ တစ်ယောက်ကတော့"
ထယ်ရှီး၏ တတွတ်တွတ် ပြောဆိုနေမှုများကို နားထောင်ရင်း ချန်းရီ သဘောပေါက်သွားသည်။
ထယ်ရှီးသည် ဝူကျန့်ရှန်းကို မြင်လိုက်ရချိန်တွင် အဘယ်ကြောင့် ထိုမျှလောက် ဝမ်းသာသွားခဲ့သနည်း ဆိုသည်ကိုပင်။
ဘထွေးသည် ထယ်ရှီး၏ ဘဝတွင် အလွန် အရေးပါသော နေရာတစ်ခုတွင် ရှိနေပြီး ဒုတိယမြောက် ဖခင်တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
ချန်းရီက နားထောင်ရင်း မျက်မှောင်ကြုတ်သွား၏။
ကျန့်ရှန်း၏ ဤကိစ္စရပ်များကို သူ ဘာကြောင့် မသိခဲ့ရသနည်း။
သူက ငါ့ကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး။
နေပါဦး၊ ကျန့်ရှန်းက အရင်က မြို့ငယ်လေးက မဟုတ်ပါဘူး၊ သူက ကျန်းချန်မြို့ခံ မဟုတ်ဘူးလား။
သေချာ မမှတ်မိတော့ပေ။
ဟူး၊ ဆက်မတွေးတာပဲကောင်းမည်။ ခေါင်းကိုက်လာပြီ ဖြစ်သည်။
ချန်းရီက ဟာကွက်များကို သတိထားမိချိန်မှာပင် ဦးနှောက်က အလိုအလျောက် ဝေဝေဝါးဝါး ဖြစ်လာပြီး ဤပြဿနာကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့သည်။
သို့သော် ထယ်ရှီးနှင့် ကျန့်ရှန်း၏ ဤဆက်ဆံရေးက။
အကယ်၍ နောက်ပိုင်းတွင် သူနှင့် ကျန့်ရှန်းတို့ မျက်နှာပျက်ခဲ့လျှင် ထယ်ရှီးက ဘယ်သူ့ဘက်က ရပ်တည်မည်ကို မသိရချေ။
ထို့ပြင် သူ့တွင် သတ်ဖြတ်မှတ် ငါးထောင်ကျော် ကျန်ရှိနေသေးသည်။
မရဏနတ်သမီး သွေးမျက်ရည်ကို နောက်ထပ် တစ်ကြိမ် အဆင့်မြှင့်တင်ရန်အတွက် လုံလောက်ပေသည်။
မနက်ဖြန်ကျမှ ကျန့်ရှန်းဆီသွားပြီး နောက်တစ်ပုလင်း ထပ်တောင်းတော့မည်။
မပေးလျှင် ညီအစ်ကိုကောင်း မဟုတ်တော့ပေ။
မရဏနတ်သမီး သွေးမျက်ရည် နည်းနည်းလေးကိုများ။
ဤမျှလောက်ထိတော့ ကပ်စေးမနှဲလောက်ပါပေ။
၎င်းက သူနှင့်မှ မတူတာ။
အရင်တုန်းကဆိုလျှင် သူတို့နှစ်ဦးမှာ အတွင်းခံဘောင်းဘီကိုပင် အချင်းချင်း လဲလှယ်ဝတ်ဆင်နိုင်ခဲ့ကြသည် မဟုတ်ပါလော။
ထိုအချိန်မှာပင် မရဏနတ်သမီး သွေးမျက်ရည် အဆင့်မြှင့်တင်ခြင်း ပြီးစီးကြောင်း စနစ်၏ အသိပေးချက်ကို ချန်းရီ ကြားလိုက်ရသည်။
ဆက်ရန်...