← Chapters

အခန်း ၁၂၇

Vol. 7 Ch. 127

အခန်း ၁၂၇

Vol. 7 Ch. 127

အပိုင်း(၁၂၇) အစွမ်းအစ တိုးတက်လာခြင်း

"မင်းတို့ အရင်အိပ်နှင့်ကြ... ငါ အပြင်ထွက်ပြီး ဆေးလိပ်သွားသောက်လိုက်ဦးမယ်"

ထိုစကားကို ပြောပြီးနောက် ချန်းရီက အပေါ်ဝတ်အင်္ကျီကို ခြုံကာ စတုတ္ထနှစ် အခန်း (၃) မှ ထွက်လာခဲ့သည်။

စာသင်ခန်းထဲမှ ထွက်ထွက်ချင်း စင်္ကြံလမ်းသို့ ရောက်သည်နှင့် မျက်နှာပေါ်သို့ ဖြတ်သန်းတိုက်ခတ်လာသော လေအေးများကြောင့် ချန်းရီ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားသည်။

သူက ဆေးလိပ်တစ်လိပ်ကို အလွယ်တကူ မီးညှိကာ နှုတ်ခမ်းတွင် ခဲထားလိုက်၏။

ချန်းရီက ယဉ်ကျေးလွန်း၍ ချူချယ်နှင့် ထယ်ရှီးတို့ အခန်းထဲတွင် ရှိနေသောကြောင့် အပြင်ထွက်ကာ ဆေးလိပ်သောက်ခြင်းမျိုး လုံးဝ မဟုတ်ပေ။

အမှန်မှာ ချန်းရီသည် အဆင့်မြှင့်တင်ထားသော မရဏနတ်သမီး သွေးမျက်ရည်က မည်သည့်အကျိုးသက်ရောက်မှု ရှိမည်ကို သိချင်နေခြင်းသာ ဖြစ်သည်။

အခန်းထဲတွင် လွတ်လပ်မှုဆိုသည်မှာ လုံးဝ မရှိပေ။

ကိုယ်ဘာလုပ်လုပ် ထိုနှစ်ယောက်က မြင်တွေ့နေရမည် ဖြစ်သည်။

ထယ်ရှီးကတော့ ကိစ္စမရှိပေ။ ထိုကောင်က အလွန်အမင်း ထိုင်းမှိုင်းလွန်းလှရာ ချန်းရီက သူ၏ အဆင့်မြှင့်တင်ရေး စနစ်ကို ပေါ်ပေါ်တင်တင် ပြသလိုက်လျှင်ပင် ထိုကောင်က ဘာမှန်း သိမည်မဟုတ်ချေ။

ပြဿနာက ချူချယ်ပင် ဖြစ်သည်။

ထိုကောင်က မျောက်တစ်ကောင်လို ပါးနပ်လွန်းလှရာ သဲလွန်စ အနည်းငယ်လောက် ပြမိသည်နှင့် သူက အရာအားလုံးကို ခန့်မှန်းမိသွားနိုင်ပေသည်။

ထိုကောင့်ကို ရှောင်ရှားနေခြင်းက ပိုကောင်းပေလိမ့်မည်။

နောင်တစ်ချိန် အချင်းချင်း မျက်နှာပျက်ရမည့် အခြေအနေမျိုး ဖြစ်လာခဲ့လျှင် ပြဿနာ ရှိနိုင်သည်။

ဘေးဘက်တွင်တော့ စတုတ္ထနှစ် အခန်း (၄) ရှိပြီး တင်းတုံနှင့် စွန်းချန်းချန်းတို့ ထိုနေရာတွင် နေထိုင်ကြသည်။

ထိုအချိန်မှာပင် ချန်းရီက ခေါင်းမပါသော မည်းမည်းသဏ္ဌာန် အရပ်ပုပု သေးသေးလေးတစ်ခု လွင့်မျောလာသည်ကို မြင်လိုက်ရသည်။

တစ်ခဏချင်းမှာပင် ချန်းရီ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။

ဒီခွေးကောင်က...

ဝူကျန့်ရှန်းက ဒီနေရာမှာ ထူးဆန်းတဲ့အရာတွေ မရှိဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။

ဒါက ဘာကောင်ကြီးလဲ။

ချန်းရီသည် မီးခိုးငွေ့တစ်ဝိုက်ကို မှုတ်ထုတ်လိုက်ရာ စင်္ကြံလမ်းတစ်လျှောက် မီးခိုးငွေ့များ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

"ချန်းရီ"

ခေါင်းမပါသော ထိုအရာဆီမှ ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသဖြင့် ချန်းရီ လန့်သွားသည်။

"သောက်ကျိုးနည်း... မင်းက ဘာကောင်မို့လို့ ငါ့နာမည်ကို သိနေရတာလဲ"

"ချန်းရီ... လူယုတ်မာ... ရှင် ဆေးလိပ်သောက်နေပြန်ပြီ... တစ်နေ့ အဲ့ဆေးလိပ်ကြောင့် သေလိမ့်မယ်"

"ရှောင်... ယွီ..."

"ဟွန့်"

ထိုအချိန်မှသာ ချန်းရီသည် သေချာစွာ မြင်တွေ့လိုက်ရပြီး ၎င်းက ထူးဆန်းသောအရာ လုံးဝ မဟုတ်ကြောင်း သိလိုက်ရသည်။

ခေါင်းမပါရခြင်း အကြောင်းအရင်းမှာ ရှောင်ယွီက အောက်ခံအင်္ကျီအရှည်ကြီး တစ်ထည်ကို ဝတ်ဆင်ထားပြီး ထိုအင်္ကျီက သူမ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကာ ခေါင်းပင် ပေါ်မလာသောကြောင့် ဖြစ်သည်။

ရှောင်ယွီသည် စတုတ္ထနှစ် အခန်း (၄) ၏ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ ချန်းရီကို မျက်စောင်းထိုးကြည့်လိုက်ပြီးနောက် အခန်းထဲသို့ ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ဝင်သွားလေသည်။

"ဒုန်း"

စာသင်ခန်းတံခါးမှာ ပြင်းထန်စွာ ပိတ်ခံလိုက်ရသည်။

တံခါးအပြင်ဘက်ရှိ ကျန်ရစ်နေသော ဆီးနှင်းများပင် လွင့်စင်သွားရသည်။

ချန်းရီက ဆွံ့အသွားသည်။

ဒီကလေးမလေးက အရပ်သာ ပုပေမဲ့ မျက်နှာထားကတော့ မာကျောလွန်းလှသည်။

အခန်းတွင်းမှ စကားပြောသံများကိုလည်း သူ ကြားနေရသည်။

"ရှောင်ယွီ... အပြင်မှာ ဘယ်သူလဲ"

"ဘယ်သူရှိရမှာလဲ... ချန်းရီပေါ့... အပြင်မှာ ရပ်ပြီး ဆေးလိပ်သောက်နေတာ... တစ်နေ့ သူ အဲ့ဆေးလိပ်ကြောင့်သေမှာ"

"ခစ်ခစ်... သူက ဆေးလိပ်သောက်ရင်း သေမှာ မဟုတ်ဘူး... သူ့ရဲ့ အစွမ်းက မီးခိုးငွေ့ကို ထိန်းချုပ်တာလေ"

အောက်ထပ်မှလည်း အသက်ရှင်ကျန်ရစ်သူများ၏ စိတ်လှုပ်ရှားနေသော စကားသံများကို ကြားနေရသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ခန်းထဲတွင် အိပ်စက်ခွင့် ရသောကြောင့် ထိုလူများအတွက် ယနေ့ညသည် စိတ်လှုပ်ရှားဖွယ် ညတစ်ည ဖြစ်နေသည်မှာ သေချာပေသည်။

ကျိုးရှောင်ရှောင်သည် စောင်ထဲတွင် ပုန်းအောင်းနေပြီး အခန်းထဲရှိ အခြားသူများ၏ စကားဝိုင်းတွင် ပါဝင်ရန် စိတ်ဝင်စားမှု မရှိဘဲ ပြတင်းပေါက်အပြင်ဘက်မှ နှင်းများကိုသာ စိုက်ကြည့်နေသည်။

သူမ၏ စိတ်ထဲတွင် တစ်ခါတရံ အစ်မဖြစ်သူ၏ ပုံရိပ်များ၊ တစ်ခါတရံ ချန်းရီ၏ ပုံရိပ်များနှင့် မိဘများ၏ ပုံရိပ်များကလည်း ပေါ်လာတတ်သည်။

အခြားအခန်းတစ်ခုတွင်မူ...

လုမြို့မှ ထွက်လာသော ညီအစ်ကို လေးယောက်အနက် အစ်ကိုကြီးနှင့် ညီ၄သာ ကျန်ရှိတော့သည်။

ညီ၄မှာ ဟယ်လောင်စစ် ဖြစ်ပြီး သူ၏ ထူးချွန်သော ခိုးဝှက်မှု စွမ်းရည်ကြောင့် ယခုအခါ အသက်ရှင်ကျန်ရစ်သူများကြားတွင် အလွန် နာမည်ကြီးနေသူ ဖြစ်သည်။

အစ်ကိုကြီး ဆိုသူကတော့...

အစ်ကိုကြီး၏ မျိုးရိုးနာမည်မှာ ကောင်း ဖြစ်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီက အစ်ကိုကြီးကောင်းဟု လူသိများကာ ဒေသတွင်း၌ သြဇာညောင်းသူ တစ်ဦး ဖြစ်ခဲ့သည်။

သူ ထောင်ကျခဲ့ရခြင်းမှာ အာဏာပြလွန်းပြီး လူအများ ဒေါသထွက်စေမည့် ကိစ္စတစ်ခုကို လုပ်ခဲ့မိသောကြောင့် ဖြစ်သည်။

နောင်တွင် ထိုကိစ္စကို အင်တာနက်ပေါ် တင်လိုက်ရာမှ လူထု၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထောင်ကျခြင်းဆိုသည်မှာလည်း ဟန်ပြသက်သက်သာ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရလျှင်ပင် နောင်တစ်ချိန်တွင် သူ ပြန်လည်လွတ်မြောက်လာနိုင်သေးသည်။

အလွန်ဆုံးရှိလှ စာရွက်ပေါ်တွင်သာ ပြစ်ဒဏ်ကျခံရခြင်း မျိုးဖြစ်သည်။

ဤကဲ့သို့သော လုပ်ရပ်များက အလွန် အဖြစ်များလွန်းလှသည်။

သာမန်လူများသာ မသိကြခြင်း ဖြစ်၏။

သို့သော် သူ ထောင်မှ မလွတ်မီမှာပင် ကမ္ဘာပျက်ကပ်ကြီး ပေါက်ကွဲဖြစ်ပေါ်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

ကမ္ဘာပျက်ကပ် ရောက်ပြီးနောက် ကမ္ဘာကြီး ပြောင်းလဲသွားကာ ယခင်က အရာအားလုံး ပျက်စီးသွားခဲ့သည်။

တစ်ချိန်က အထက်စီးမှ နေခဲ့သော အစ်ကိုကြီးကောင်းသည် ယခုအခါ အသက်ရှင်သန်ရန် ရုန်းကန်နေရသည့် သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှသာ ဖြစ်သွားခဲ့သည်။

ဤနေရာတွင် သူ့ကို မည်သူကမျှ မသိကြပေ။

ယခင်က ရှိခဲ့သော အာဏာနှင့် ဂုဏ်သိက္ခာများ အားလုံး သုညသို့ ရောက်သွားခဲ့ပြီ။

ယခု အစ်ကိုကြီးကောင်းက ထိုမိစ္ဆာကောင်နှင့် တတ်နိုင်သမျှ ဝေးဝေးနေကာ အေးအေးချမ်းချမ်း အသက်ရှင်ချင်ရုံသာ ရှိတော့သည်။

ညီအစ်ကို လေးယောက်အနက် နှစ်ယောက်က ထိုမိစ္ဆာကောင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

အစ်ကိုကြီးကောင်း၌ ကလဲ့စားချေလိုစိတ် လုံးဝ မရှိတော့ပေ။

သူက အေးအေးချမ်းချမ်းဖြင့် နောက်ထပ် တစ်ရက်လောက် ပိုပြီး အသက်ရှင်ချင်ရုံသာ။

လက်ရှိ အစ်ကိုကြီးကောင်း အမုန်းဆုံးအရာမှာ ယခင်က သူ့ကို သိကျွမ်းခဲ့သူများနှင့် တွေ့ဆုံရခြင်းပင် ဖြစ်သည်။

တစ်ချိန်က ခွန်အားကြီးမားခဲ့သူသည် ယခုအခါ ရွှံ့နွံထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

...

ကြားဖြတ်ကိစ္စလေးများ ပြီးဆုံးသွားပြီးနောက် ချန်းရီသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

လေ့ကျင့်ရန် သင့်လျော်သော နေရာတစ်ခုကို ရှာဖွေရသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။

နေရာအတော်များများက မြင်သာထင်သာလွန်းလှသည်။

ယခင်က ဝူကျန့်ရှန်းက ပဉ္စမထပ်သို့ မတက်ရန် ပြောထားခဲ့သည်။

ချန်းရီက ဝူကျန့်ရှန်း၏ အာဏာကို စိန်ခေါ်ရန် မရည်ရွယ်သလို ပဉ္စမထပ်ကိုလည်း စူးစမ်းလိုစိတ် မရှိပေ။

သို့သော် ခေါင်မိုးပေါ်သို့ မတက်ရဟုတော့ သူမပြောခဲ့ပေ။

သူက မီးခိုးငွေ့တစ်ဝိုက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်ရာ မီးခိုးငွေ့များက သူ့မျက်စိရှေ့တွင် လှေကားတစ်စင်းအသွင် ပြောင်းလဲသွားသည်။

တဖွဲဖွဲ ကျဆင်းနေသော ဆီးနှင်းများကြားတွင် ချန်းရီသည် မီးခိုးငွေ့ဖြင့် ဖန်တီးထားသော လှေကားပေါ်သို့ တစ်လှမ်းချင်း တက်ကာ ပဉ္စမထပ် ခေါင်မိုးပေါ်သို့ ရောက်ရှိသွားလေသည်။

ရုံမြို့ ဒုတိယ မူလတန်းကျောင်း၏ စာသင်ဆောင်သည် ကျောင်းဝင်းအတွင်း အမြင့်ဆုံး အဆောက်အအုံ ဖြစ်သည်။

ခေါင်မိုးပေါ်တွင် ဆီးနှင်းများ ဖုံးလွှမ်းနေသည်။

မီးခိုးငွေ့များက ဆီးနှင်းများကို ဖယ်ရှားကာ နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ပြီးနောက် ချန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ အဆင့်မြှင့်တင်ထားသော မရဏနတ်သမီး သွေးမျက်ရည်ကို အလျင်စလို စစ်ဆေးကြည့်လိုက်သည်။

[ပစ္စည်းအမည် - သန့်စင်ထားသော မရဏနတ်သမီး သွေးမျက်ရည်]

[အကျိုးသက်ရောက်မှု - အဆင့်နိမ့် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ စွမ်းအားကို တိုးတက်စေရန် အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိပြီး ရှားပါးလှသော အရန်ကျင့်စဉ် ဆေးဝါး ဖြစ်ပါသည်]

[သုံးသပ်ချက် - ဤဆေးဝါးကို မရဏနတ်သမီး သွေးမျက်ရည်မှ သန့်စင်ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိဘဲ ဘေးကင်းလုံခြုံမှု မြင့်မားပါသည်။ ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေ မရှိသော်လည်း ရေရှည် သုံးစွဲပါက ဆေးယဉ်ပါးမှု ဖြစ်ပေါ်နိုင်ပါသည်]

မျက်စိရှေ့ရှိ ဖန်ပုလင်း အကြည်လေးထဲတွင် သွေးရောင် မရဏနတ်သမီး သွေးမျက်ရည် နှစ်ပေါက်က သွေးရောင်လမင်းအောက်တွင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည်။

အသက်ရှိနေသကဲ့သို့ပင်။

ကြည့်ရသည်မှာ အလွန် ထူးဆန်းလှသည်။

သို့သော် စနစ်အပေါ် ယုံကြည်မှုကြောင့် ချန်းရီသည် သန့်စင်ထားသော သွေးမျက်ရည် နှစ်ပေါက်ကို နှုတ်ခမ်းထဲသို့ တွေဝေခြင်းမရှိဘဲ ညှစ်ထည့်လိုက်သည်။

ပါးစပ်ထဲ ရောက်ရောက်ချင်းမှာပင် ချန်းရီသည် ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော စွမ်းအင်များ အဆက်မပြတ် စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး ပြင်းထန်သော လှုံ့ဆော်မှု တစ်ရပ်က ဦးနှောက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်းရီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ခေါင်းပေါ်မှ အပူငွေ့များ ထွက်ပေါ်လာသည်။

ကွမ်းသီး ပထမဆုံးအကြိမ် စားဖူးသကဲ့သို့ ခံစားချက်မျိုးပင်။

သူက သွေးရောင်လမင်း အသက်ရှူကျင့်စဉ်ကို အလျင်အမြန် စတင်လေ့ကျင့်လိုက်သည်။

အသက်ရှူကျင့်စဉ်၏ အခြေခံသဘောတရားမှာ စွမ်းအင်များကို စုပ်ယူနိုင်ရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ သဘာဝလွန်အစွမ်း၏ လှိုင်းနှုန်းများကို ချိန်ညှိပေးခြင်း ဖြစ်သည်။

သွေးရောင်လမင်း စွမ်းအင်သည်လည်း စွမ်းအင်တစ်မျိုး ဖြစ်သည်။

မရဏနတ်သမီး သွေးမျက်ရည်၏ စွမ်းအင်သည်လည်း စွမ်းအင်တစ်မျိုးပင် ဖြစ်သည်။

စွမ်းအင်ဖြစ်နေသရွေ့တော့ စုပ်ယူနိုင်မည်မှာ သေချာသည်။

ချန်းရီ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပြီး မရဏနတ်သမီး သွေးမျက်ရည်၏ စွမ်းအင်များကို ချန်းရီက ဖြည်းညင်းစွာ စုပ်ယူနေလေတော့သည်။

...

ချန်းရီ စာသင်ခန်းထဲမှ ထွက်သွားပြီးနောက် ချူချယ်သည်လည်း အင်္ကျီကို စတင် ဝတ်ဆင်လိုက်သည်။

ထယ်ရှီးက မျက်မှောင်ကြုတ်ကာ "ခေါင်းဆောင်... မင်းရော ဆေးလိပ်သွားသောက်မလို့လား"

"မင်း စောစောအိပ်နှင့်... ငါ အပြင်မှာ ကိစ္စလေးရှိလို့"

ထယ်ရှီးက ပွစိပွစိဖြင့် "တစ်ယောက်ပြီး တစ်ယောက်... လျှို့ဝှက်ချက်တွေနဲ့ချည်းပဲ... တကယ်ပါပဲ"

ချူချယ်က ဘာမှပြန်မပြောဘဲ စာသင်ခန်းထဲမှ ထွက်လာကာ ကားထဲသို့ တစ်ယောက်တည်း ပြန်သွားလေသည်။

ထိုအချိန်တွင် ကားထဲ၌ မည်သူမျှ မရှိပေ။

ခေါင်းဆောင်ချူက ခိုးနားထောင်သည့် ရေဒီယိုကို ထုတ်ယူကာ ခလုတ်ဖွင့်ပြီး ရေဒီယိုလှိုင်းများကို စတင် ရှာဖွေလေတော့သည်။

"ရှဲ... ရှဲ..."

ရေဒီယိုထဲမှ လျှပ်စစ်စီးသံများ ထွက်ပေါ်လာပြီး အလွန် ဆူညံနေသည်။

...

ခေါင်မိုးထပ်တွင် ချန်းရီက မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။

လက်ကောက်ဝတ်ရှိ ဒစ်ဂျစ်တယ် နာရီကို ကြည့်လိုက်ရာ ယခုအချိန်သည် မနက် သုံးနာရီခွဲ ရှိနေပြီ ဖြစ်သည်။

အချိန်တွေ ဒီလောက်တောင် ကုန်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် ချန်းရီ၏ စိတ်ထဲတွင်မူ စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

သန့်စင်ပြီးသော မရဏနတ်သမီး သွေးမျက်ရည်က သူ့ကို အံ့အားသင့်စရာများစွာ ပေးစွမ်းနိုင်ခဲ့သည်။

ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

ပြင်းထန်သော မီးခိုးငွေ့များက ဆီးနှင်းများ ကျဆင်းနေသော ခေါင်မိုးထပ် တစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး ပေ ၄၀ ပတ်လည်ခန့်ရှိသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

တစ်ခါ မှုတ်ထုတ်လိုက်ရုံဖြင့် မီးခိုးငွေ့ မြူခိုးများကို မည်မျှ ကျယ်ပြန့်စွာ ဖန်တီးနိုင်သနည်း ဆိုသည်မှာ ယခုအခါ ချန်းရီ၏ စွမ်းအား တိုးတက်မှုကို တိုင်းတာသည့် အထင်ရှားဆုံး စံနှုန်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မီးခိုးငွေ့များကြားမှ တောခွေးရိုင်းအချို့ ရုန်းကန်ထွက်ပေါ်လာကြသည်။

ထိုတောခွေးရိုင်းများသည် ကုလားအုတ်ယာဉ်တန်းမှ ထွက်ပြေးသွားသော တိရစ္ဆာန်မွေးမြူရေး လမ်းစဉ်ပိုင်ရှင်၏ အစွမ်းကို အတုယူထားခြင်း ဖြစ်သည်။

အစွမ်းသတ္တိအနေဖြင့် ထိုလမ်းစဉ်ပိုင်ရှင် မွေးမြူထားသော ခွေးရိုင်းများနှင့် မယှဉ်နိုင်သော်လည်း အသုံးဝင်မှုတွင်တော့ လုံလောက်ပြီး ဆုံးရှုံးသွားပါကလည်း ပြန်လည် အစားထိုးနိုင်သေးသည်။

ယခင်က ၎င်းတို့ကို တိုက်ပွဲတွင် အသုံးမပြုခဲ့ခြင်းမှာ သင့်လျော်သော ရန်သူနှင့် မတွေ့ခဲ့ရသောကြောင့်သာ ဖြစ်သည်။

မြေပြင်ပေါ်တွင် သွားလာတတ်သော ထူးဆန်းသည့် အရာများနှင့် တွေ့ဆုံပါက ဤအတုယူထားသော မီးခိုးပုံဖော်ခြင်း ခွေးရိုင်းများက အလွန် အသုံးဝင်မည်ဟု သူ ယုံကြည်သည်။

ခြေလက်ရှစ်ချောင်းပါ လူမျက်နှာကဲ့သို့ လေထဲတွင် လွင့်မျောနေတတ်သော အရာများအတွက်တော့ ဤခွေးရိုင်းများကို အသုံးပြု၍ မရနိုင်ပေ။

ယခင်က ချန်းရီသည် ခွေးရိုင်း ၅ ကောင်ကိုသာ တစ်ပြိုင်နက်တည်း ဖန်တီးနိုင်ခဲ့သည်။

ယခုမူ ချန်းရီက ခွေးရိုင်း ၆ ကောင်ကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်နေပြီ ဖြစ်သည်။

သဘာဝလွန် စွမ်းအားများ တိုးတက်လာမှုသည် မီးခိုးပုံဖော်ခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိသော်လည်း မီးခိုးငွေ့ မြူခိုးလောက်တော့ သိသာထင်ရှားမှု မရှိပေ။

ဤစွမ်းရည်နှစ်ခု၏ ဦးတည်ချက်နှင့် အမျိုးအစားမှာလည်း တူညီမှု မရှိပေ။

သို့သော် ဤကဲ့သို့ တိုးတက်လာသည့် နှုန်းက ချန်းရီကို အလွန် စိတ်လှုပ်ရှားစေသည်။

ဤအတိုင်းသာ ဆက်သွားပါက ဝူကျန့်ရှန်းဆီမှ မရဏနတ်သမီး သွေးမျက်ရည် အချို့ကို ထပ်မံရယူနိုင်လျှင် လမ်းစဉ် အဆင့် (၂) သို့ တိုက်ရိုက် တက်လှမ်းနိုင်ပေလိမ့်မည်။

လမ်းစဉ် အဆင့်တစ်ခု တက်သွားတိုင်း ထိုအဆင့်နှင့် သက်ဆိုင်သော မွေးရာပါ စွမ်းရည်အချို့ကို ရရှိမည် ဖြစ်သည်။

ယခင်က လမ်းစဉ် အဆင့် (၁) သို့ တက်လှမ်းစဉ်က နီကိုတင်း ခံနိုင်ရည်၊ မီးခိုးငွေ့နှင့် မီးခိုးပုံဖော်ခြင်း တို့ကို ရရှိခဲ့သကဲ့သို့ပင်။

မီးခိုးပုံဖော်ခြင်းနှင့် မီးခိုးငွေ့များအတွက် တိုးတက်နိုင်ခြေ အများအပြား ကျန်ရှိနေသေးသည်။

လမ်းစဉ် အဆင့် မြင့်တက်လာသည်နှင့်အမျှ ဤစွမ်းရည်နှစ်ခုသည်လည်း ၎င်းတို့၏ စွမ်းအားများကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာမည် ဖြစ်သည်။

ချန်းရီသည် မူလက သာမန်အရည်အချင်းသာ ရှိသူဖြစ်ရာ မိစ္ဆာသစ်သီး စားထားသော ပန်းရောင်ဆံပင်နှင့် ကောင်မလေးကဲ့သို့ အနည်းငယ် လေ့ကျင့်ရုံဖြင့် ဓားပျံပညာရပ်ကို တတ်မြောက်နိုင်စွမ်း မရှိပေ။

သို့သော် ချန်းရီက ကျေနပ်နေပြီ ဖြစ်သည်။

သူ၏ ထူးဆန်းသော ပစ္စည်းနှစ်ခုနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ အသက်ရှင်သန်နိုင်စွမ်းမှာ ကြီးမားစွာ တိုးတက်လာပြီဟု ဆိုနိုင်သည်။

စတုတ္ထနှစ် အခန်း (၃) သို့ ပြန်ရောက်သောအခါ ထယ်ရှီးက ကုတင်ပေါ်တွင် ဟောက်သံပေးကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ချူမှာမူ ဘယ်ရောက်နေမှန်း မသိတော့ပေ။ ချန်းရီက ထိုအကြံသမားကြီးကို စိတ်ထဲမှ ဆဲရေးလိုက်ပြီးနောက် ကုတင်ပေါ်သို့ ပြန်တက်ကာ အနားယူလိုက်သည်။

ခဏအကြာတွင် အိပ်မောကျသွားလေတော့သည်။

"အား..."

မိုးလင်းခါနီးအချိန် ချန်းရီ အိပ်မောကျနေဆဲမှာပင်...

အလွန်တရာ စူးရှလှသော အော်ဟစ်သံကြီးတစ်ခုက တိတ်ဆိတ်နေသော ရုံမြို့ ဒုတိယ မူလတန်းကျောင်း၏ လေထုကို ခွဲထွက်သွားလေသည်။

ထိုအသံက ချန်းရီကိုလည်း လန့်နိုးသွားစေတော့သည်။

ဆက်ရန်...

All Chapters