အခန်း ၁၂၈
Vol. 7 Ch. 128
အပိုင်း(၁၂၈) ဒီနေရာက မလုံခြုံတော့ဘူး
ထိုစူးရှသော အော်ဟစ်သံကြောင့် ရုံမြို့ မူလတန်းကျောင်း၏ မနက်ခင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွား၏။
ချန်းရီ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ အနီးရှိ ထင်းခုတ်ဓားမကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်ပြီး ခေါင်းဆောင်ချူ၊ ချူချယ်၏ လက်ထဲတွင် သတ္တုမီးခြစ်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်က ရင်ခွင်ထဲသို့ ထိုးထည့်ထားသည်ကို တစ်ချက်တည်းဖြင့် မြင်လိုက်ရသည်။
ခေါင်းဆောင်ချူ၏ ရင်ခွင်ထဲတွင် လျှို့ဝှက်လက်နက် ရှိနေသေးသည်ပေါ့။
ဤလူလည်ကောင်က တကယ်ကို မရိုးသားဘူးပဲ။
ချန်းရီ၏ အကြည့်က မီးခြစ်ပေါ်မှ ဖြတ်သွားကာ ခေါင်းဆောင်ချူ၏ ရင်ခွင်ဆီသို့ ရောက်သွားပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ အကြည့်ကို အေးဆေးစွာ လွှဲဖယ်လိုက်သည်။
ချူချယ်ကလည်း ရင်ခွင်ထဲမှ လက်ကို ပြန်ထုတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေသည်။
သူတို့နှစ်ယောက်သည် အဝတ်အစားများ ဝတ်ဆင်လိုက်သော်လည်း အခန်းထဲမှ ချက်ချင်း ထွက်မသွားခဲ့ပေ။
အခန်းထဲတွင် ငါးမိနစ်ခန့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပြီး အပြင်ဘက်မှ ခြေသံများ ပိုမို များပြားလာသည်ကို ကြားရမှသာ သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာခဲ့ကြသည်။
ထယ်ရှီးဆိုသည့်ကောင်ကမူ ဟောက်သံပေးကာ အိပ်မောကျနေဆဲဖြစ်ပြီး ထိုစူးရှသော အော်ဟစ်သံကို လုံးဝ မကြားလိုက်ရသည့်ပုံပင်။
ဤကောင်၏ အိပ်မောကျနိုင်စွမ်းကို မနာလို ဖြစ်ရုံမှလွဲ၍ တခြားမရှိတော့ပေ။
ဦးနှောက်ထိုင်းမှိုင်းသွားပြီးနောက်တွင် အိပ်မပျော်သည့် ပြဿနာလည်း ပျောက်ကွယ်သွားပုံရသည်။
စင်္ကြံလမ်းပေါ်သို့ ရောက်သည်နှင့် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး အဖြူရောင် လွှမ်းနေသည်ကို မြင်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်မှ နှင်းများက မနေ့ကထက် များစွာ ပိုထူနေပြီ ဖြစ်သည်။
ကောင်းကင်ယံတွင်မူ နှင်းများ ကျဆင်းနေဆဲပင်။
ကျောင်းဂိတ်ပေါက်ရာ ဘက်တွင်မူ လူအုပ်ကြီး တစ်စု ရောက်ရှိစုဝေးနေကြပြီ ဖြစ်သည်။
ထိုအထဲတွင် မရဏနတ် ဂိုဏ်းမှ အနက်ရောင် ဝတ်ရုံဝတ် အသက်ရှင်ကျန်ရစ်သူများ ပါဝင်သလို ယာဉ်တန်းဘက်မှ လူများလည်း ပါဝင်ကြသည်။
ထိုလူများက တီးတိုး ဆူညံစွာ စကားပြောဆိုနေကြပြီး နှင်းထုကြီးထဲတွင် ခြောက်ကပ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးသည် ကျောင်းဂိတ်ပေါက်ဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်ကြသည်။
တင်းတုံနှင့် စွန်းချန်းချန်းတို့ နှစ်ဦးက ထိုနေရာသို့ ကြိုတင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ဦးလေးအားပေါင်တို့ပင် ရောက်နေကြသည်။
ဝူကျန့်ရှန်း တစ်ယောက်ကိုသာ မတွေ့ရပေ။
ချန်းရီနှင့် ချူချယ်တို့သည် လူအုပ်ကြီး၏ အလယ်သို့ အလွယ်တကူပင် တိုးဝင်သွားနိုင်ခဲ့သည်။
ပထမဆုံး မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် လဲကျနေသော လူငယ်တစ်ဦးပင် ဖြစ်သည်။
လူငယ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး မနေ့ကမှ ရှာတွေ့ထားသော ငှက်မွေးအင်္ကျီကို ဝတ်ဆင်ထားကာ ယခုအခါ သူ၏ ကိုယ်ပေါ်တွင် နှင်းပါးပါးလေး တစ်လွှာ ကျရောက်နေပြီ ဖြစ်သည်။
မူလက မျက်လုံးရှိသင့်သော နေရာတွင် ကြောက်မက်ဖွယ် သွေးတွင်းပေါက် နှစ်ခုသာ ရှိနေပြီး နီရဲသော သွေးများက မြေပြင်ပေါ်တွင် စီးကျနေကာ အဖြူရောင် နှင်းများနှင့် လျင်မြန်စွာ ရောနှောသွားပြီး နေရာအနှံ့ ရဲရဲနီသွားစေသည်။
ဤလူ၏ မျက်လုံးများ ပျောက်ဆုံးနေသည်။
သို့တည်းမဟုတ် ဤလူ၏ မျက်လုံးများကို တစ်စုံတစ်ယောက်က ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်။
ချန်းရီက ထိုသူ့ကို ရင်းနှီးနေသလို ခံစားရပြီး ယခင်က ယာဉ်တန်းထဲတွင် မြင်ဖူးသကဲ့သို့ ရှိကာ ကုလားအုတ်ယာဉ်တန်းဘက်မှ ရောက်လာသူ ဖြစ်ပုံရသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ရှောင်ချောင်လေ... ရှောင်ချောင်ရဲ့ မျက်လုံးတွေ အဖောက်ခံလိုက်ရပြီ"
ဦးလေးအားပေါင်က အလွန် ဆိုးရွားနေသော မျက်နှာထားဖြင့် ပြောလိုက်ပြီး နှင်းပွင့်များက သူ၏ မျက်ခုံးမွှေးများပေါ်သို့ ကျရောက်နေသဖြင့် ဦးလေးအားပေါင် တစ်ယောက်လုံး ပို၍ အိုမင်းသွားသကဲ့သို့ ထင်ရသည်။
"မင်းပဲ ရှင်းပြလိုက်"
ဦးလေးအားပေါင်က ငှက်မွေးအင်္ကျီ ဝတ်ဆင်ထားသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ထိုသူသည် အခြေအနေကို ပထမဆုံး တွေ့ရှိခဲ့သော အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်ပြီး ယာဉ်တန်းဘက်မှ လူတစ်ဦးလည်း ဖြစ်ကြောင်း သိသာလှသည်။
ထိုသူက ထိတ်လန့်တကြား မျက်လုံးပြူးနေပြီး သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုများ အပြည့် ရှိနေသည်။
"ဒီမနက် ကျွန်တော် အိမ်သာကနေ အပြန်မှာ... ကျွန်တော် တွေ့လိုက်တာ"
ဒုတိယ မူလတန်းကျောင်းတွင် နေထိုင်ရသည်မှာ အရာအားလုံး ကောင်းမွန်သော်လည်း တစ်ခုတည်းသော အဆင်မပြေမှုမှာ အခန်းတွင်း ရေချိုးခန်း အိမ်သာ မရှိခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖြေရှင်းလိုပါက အထပ်တိုင်းရှိ အများသုံး အိမ်သာများသို့သာ သွားရသည်။
ထိုအသက်ရှင်ကျန်ရစ်သူသည် မနက်အိပ်ရာထ အိမ်သာသွားပြီးနောက် ပြန်အလာတွင် ကျောင်းဂိတ်ပေါက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်မိသည်။
ရုတ်တရက် ရင်းနှီးနေသော အရိပ်တစ်ခု ကျောင်းဘက်သို့ တယိမ်းတယိုင် လျှောက်လာသည်ကို တွေ့လိုက်ရပြီး ဒဏ်ရာရထားသည့်ပုံပင်။
သေချာ ကြည့်လိုက်ပြီးနောက်မှ ထိုအရိပ်သည် ရှောင်ချောင် ဖြစ်နေကြောင်း သိလိုက်ရသည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပုံမှန်အားဖြင့် မဆိုးလှပေ။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် ဘာဖြစ်လာသလဲ ဆိုတာကို ကြည့်ရန် ကျောင်းဂိတ်ပေါက်ဆီသို့ လျှောက်သွားရင်း စိတ်ထဲတွင်လည်း သံသယ ဝင်နေမိသည်။
မနက်စောစောစီးစီး ရှောင်ချောင် တစ်ယောက် ဘာကြောင့် အပြင်ကနေ ရုတ်တရက် ပြန်ရောက်လာတာလဲ။
ရှောင်ချောင်၏ မျက်လုံးနေရာမှ သွေးတွင်းပေါက် နှစ်ခုကို မြင်လိုက်ရချိန်တွင်မှ ထိုသူက ထိတ်လန့်တကြား အော်ဟစ်လိုက်မိခြင်း ဖြစ်သည်။
ရှောင်ချောင်သည်လည်း တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ချန်းရီတို့ အခြေအနေကို နားလည်သွားချိန်တွင် ဦးလေးအားပေါင်က ရှောင်ချောင် ဆိုသော လူငယ်ကို ကျောင်းထဲသို့ သယ်ဆောင်သွားရန် လူများကို ခိုင်းစေလိုက်ပြီ ဖြစ်သည်။
သို့သော် အားလုံး၏ စိတ်ထဲတွင် နားလည်ထားကြသည်။
မျက်စိရှေ့ရှိ ဤလူသည် သေချာပေါက် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
မျက်လုံး မရှိရုံဖြင့် လူတစ်ယောက် သေချင်မှ သေမည်။
သို့သော် ဤအချိန်က ကမ္ဘာပျက်ကပ် ကာလ ဖြစ်သည်။
အားပျော့အောင် ပြုလုပ်ထားသော မရဏနတ်သမီး၏ သွေးမျက်ရည်က အသက်ကယ်နိုင်လျှင်ပင် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် မျက်လုံးမရှိခြင်းက ရှင်သန်ရန် လမ်းစ မရှိတော့ကြောင်းကို ကိုယ်စားပြုနေသည်။
ထိုမရဏနတ်သမီး၏ သွေးမျက်ရည်က ဤလူ၏ မျက်လုံးများကို ပြန်လည် ထွက်ပေါ်လာစေနိုင်မှသာ အသက်ရှင်နိုင်ပေလိမ့်မည်။
"သွေးမျက်လုံးပဲ... သေချာပေါက် သွေးမျက်လုံးပဲ"
အနီးအနားမှ အနည်းငယ် ထူးဆန်းသော လေယူလေသိမ်းဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာ သွေးမျက်လုံးလဲ"
ချန်းရီက ခေါင်းလှည့်ကြည့်လိုက်ရာ အနက်ရောင် ဝတ်ရုံထဲတွင် ပုန်းကွယ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီး၏ မျက်နှာအသွင်အပြင်များက အလွန် သေသပ်လှပပြီး ကြည့်ရသည်မှာလည်း အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိသည်။
"အသူရာ သွေးမျက်လုံးလေ... ရှင်တို့က အခုမှ ရောက်လာတာဆိုတော့ သိမှာ မဟုတ်ဘူး... ချန်ဝမ်ရပ်ကွက်မှာ စုစုပေါင်း ထူးဆန်းတဲ့ အရာ သုံးကောင်... အဲ မှားလို့... နှစ်ကောင် ရှိတယ်"
ဤနေရာသို့ ရောက်သောအခါ အမျိုးသမီးက အလွန် သတိထားကာ ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီး ခုနက သူမ၏ စကားမှားသွားမှုကို တစ်ယောက်ယောက် ကြားသွားမည်ကို အလွန် ကြောက်ရွံ့နေပုံရသည်။
"တစ်ကောင်ကတော့ ရှင်တို့ မြင်ဖူးတဲ့ ခြေရှစ်ချောင်း လူမျက်နှာကောင်နဲ့... နောက်တစ်ကောင်က ဒီ အသူရာ သွေးမျက်လုံးပဲ"
"အဲဒီကောင်က လူတွေရဲ့ မျက်လုံးကို ဖောက်ထုတ်ရတာ အကြိုက်ဆုံးပဲ... အရမ်း ကြောက်စရာကောင်းတယ်"
ဤနေရာသို့ ရောက်သောအခါ ထိုအမျိုးသမီး၏ မျက်လုံးထဲမှ ဖုံးကွယ်၍မရသော ကြောက်ရွံ့မှု အငွေ့အသက်လေးကို ချန်းရီ မြင်တွေ့လိုက်ရသည်။
"ခင်ဗျားက ဘာလို့ ကျွန်တော်တို့ကို ဒါတွေ လာပြောပြနေတာလဲ"
အနက်ရောင် ဝတ်ရုံဝတ်သူများ အများအပြား ရှိနေသော်လည်း ရှနိုင်ငံသူ မဟုတ်မှန်း သိသာလှသော ဤအမျိုးသမီး တစ်ဦးသာ သူတို့ကို လာရောက် သတိပေးခြင်း ဖြစ်သည်။
ချူချယ်က သံသယဖြစ်သွားသည်မှာ သိသာလှသည်။
"ကျွန်မ နာမည် ချွဲဆိုအွန်းပါ... တကယ်လို့ ရှင်တို့ ဒီနေရာကနေ ထွက်ခွာနိုင်ခဲ့ရင် ကျွန်မကိုပါ ခေါ်သွားပေးဖို့ သတိရပေးပါ... ကျေးဇူးတင်ပါတယ်"
"နင်က ဟို နိုင်ငံတော်ရဲ့ အဆိုတော်... တကယ်ပဲ နင်လား"
ချူချယ်က စကားမပြောသော်လည်း ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ အံ့သြတကြီး အော်ဟစ်လိုက်သည်။
ချွဲဆိုအွန်းက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ယဉ်ကျေးပြီး အနေရခက်သော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် လှည့်ကာ အမြန် ထွက်ခွာသွားသည်။
အသူရာ သွေးမျက်လုံး။
"ဝူကျန့်က ဒီနေရာမှာ ရှိနေသရွေ့ လုံခြုံတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"
"သူ ဘာလို့ ပေါ်မလာသေးတာလဲ"
ချန်းရီက ဘယ်ညာသို့ ကြည့်လိုက်ပြီး အနက်ရောင် ဝတ်ရုံဝတ် တစ်ဦးကို ဆွဲဖမ်းကာ မေးလိုက်သည်။ "ဝူကျန့် ဘယ်မှာလဲ"
ထိုသူသည် ရုတ်တရက် အဖမ်းခံလိုက်ရသဖြင့် မူလက အလွန် စိတ်တိုကာ ဆဲဆိုလိုသော်လည်း ချန်းရီ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် သူ၏ မျက်နှာပေါ်ရှိ အမူအရာက ချက်ချင်း ရိုသေလေးစားသွားလေသည်။
"ဂိုဏ်းအုပ်ကြီးက ကျမ်းစာ ရွတ်ဖတ်နေပါတယ်"
"သူ ဘယ်မှာလဲ... ငါ့ကို လိုက်ပို့ပေး... ဒီလောက် ကိစ္စကြီး ဖြစ်နေတာကို သူက မျက်နှာတောင် လာမပြဘူးပေါ့"
တကယ်တော့ ချန်းရီသည် ဤကိစ္စကို ဖြေရှင်းပေးရန် ဝူကျန့်ရှန်းကို လာရောက် မျက်နှာပြခိုင်းရန် လုံးဝ မရည်ရွယ်ပေ။
လူသေရုံမျှသာ။ ကမ္ဘာပျက်ကပ်တွင် ဘယ်နေ့များ လူမသေဘဲ နေဖူးလို့လဲ။
ချန်းရီက ဝူကျန့်ရှန်းထံမှ မရဏနတ်မင်း သွေးမျက်ရည်ကို တောင်းခံလိုခြင်း ဖြစ်သည်။
ယခုအချိန်တွင် အစွမ်း မြှင့်တင်ရေးကသာ အရာရာ ဖြစ်သည်။
ဤစကားကို ပြောလိုက်သည်နှင့် ထိုအနက်ရောင် ဝတ်ရုံဝတ်၏ နဖူးမှ ချွေးအေးများ ချက်ချင်း ကျဆင်းလာမည်ကို မည်သူက သိမည်နည်း။
"မရပါဘူး... ဂိုဏ်းအုပ်ကြီးက မနက်တိုင်း နှစ်နာရီကြာ ကျမ်းစာ ရွတ်ဖတ်ရတာပါ... ဘယ်သူမှ နှောင့်ယှက်လို့ မရပါဘူး"
"အဲဒီလိုမှ မဟုတ်ရင် လူသေလိမ့်မယ်... ကျွန်တော် တောင်းပန်ပါတယ်... ခွင့်လွှတ်ပါ... ကျွန်တော် မသွားဘူး"
စကားဆုံးသည်နှင့် ထိုသူက ချန်းရီ၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်ကာ လှည့်ပြီး အမြန် ထွက်ပြေးသွားတော့သည်။
နေ့တိုင်း နှစ်နာရီကြာ ကျမ်းစာ ရွတ်ရမယ် ဟုတ်လား။
ဘယ်သူမှ နှောင့်ယှက်လို့ မရဘူး ဟုတ်လား။
ချန်းရီက မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးများက အဆက်မပြတ် အရောင်လက်နေ၏။
ရှောင်ချောင် ဆိုသော လူငယ်လေးမှာ ကျောင်း၏ စာသင်ခန်းထဲသို့ ပြန်လည် သယ်ဆောင်ခြင်း ခံလိုက်ရသည်။
ဦးလေးအားပေါင်က ဤလူ မနက်အစောကြီး ထွက်သွားရသည့် အကြောင်းရင်းကို စုံစမ်းရန် သွားခဲ့သည်။
လျင်မြန်စွာပင် အဖြေတစ်ခု ရရှိခဲ့သည်။
"ဒီကောင်လေးက အရင်က ကုလားအုတ်ယာဉ်တန်းဘက်ကပဲ... နောက်ပိုင်းမှ သူ့ကောင်မလေးနဲ့အတူ ယာဉ်တန်းထဲကို ဝင်လာတာ... ပြီးတော့မှ ကျောင်းကားပေါ် ရောက်လာတာ"
"မနက်အစောကြီး အပြင်ထွက်သွားတာက သူလည်း ကားတစ်စီး လိုချင်လို့တဲ့"
"ရှောင်ချောင်... သူ့ကောင်မလေးက ယန်ကျိုးမှာ ကျန်ခဲ့တာ... သူက ပြန်သွားပြီး ရှာချင်နေတာ"
"ဟူး"
ဤနေရာသို့ ရောက်သောအခါ ဦးလေးအားပေါင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
ယန်ကျိုးတွင် ရှိနေစဉ်က ယာဉ်တန်းမှ လူများစွာ သေဆုံးခဲ့ပြီး လူများစွာလည်း ပျောက်ဆုံးခဲ့ရသည်။
ရှောင်ချောင်၏ ကောင်မလေးသည်လည်း ထိုအထဲမှ တစ်ယောက်ပင် ဖြစ်သည်။
ရှောင်ချောင်သည် သူ၏ ကောင်မလေးကို အမြဲတမ်း ပြန်သွားရှာလိုခဲ့သည်။ သို့သော် ယာဉ်တန်းမှ နောက်ကျန်ရစ်ခဲ့ခြင်းတွင် ရလဒ်တစ်ခုတည်းသာ ရှိကြောင်း အားလုံး သိထားကြသည်။
၎င်းမှာ သေဆုံးခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အားလုံးကလည်း အမြဲတမ်း အတတ်နိုင်ဆုံး တားဆီးခဲ့ကြသည်။
သို့သော် ရှောင်ချောင်ကမူ အရှုံးမပေးခဲ့ဘဲ ပြန်သွားရန်သာ အမြဲတစေ တွေးတောနေခဲ့ပြီး သေလျှင်ပင် အတူတူ သေမည်ဟု ပြောခဲ့သည်။
မြို့ထဲသို့ ရောက်လာပြီး ကားများစွာကို မြင်တွေ့ရချိန်အထိ၊ အထူးသဖြင့် တင်းတုံနှင့် ဟယ်လောင်စစ်တို့ တစ်ယောက် ကားသစ် တစ်စီးစီ မောင်းပြန်လာချိန်အထိပင်။
ဤကဲ့သို့သော အတွေးကို မထိန်းချုပ်နိုင်တော့ပေ။
ဟယ်လောင်စစ်ကို တစ်ညလုံး တောင်းပန်ခဲ့သော်လည်း ဟယ်လောင်စစ်က သူနှင့်အတူ ကားသွားရှာရန် သဘောမတူခဲ့ပေ။
ဝူကျန့်ရှန်းက ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင် တစ်ဝိုက်လုံးသည် မရဏနတ် ဂိုဏ်း၏ နယ်မြေဖြစ်၍ အလွန် လုံခြုံသည်ဟု ပြောခဲ့သော်လည်း သူက အပြင်ထွက်၍ ဤကိစ္စကို လုပ်ဆောင်ရန် မရည်ရွယ်ခဲ့ပေ။
လမ်းစဉ် အစွမ်းပိုင်ရှင် အချို့က နှုတ်ဟလာမှသာ ဖြစ်မည်။
နောက်ဆုံးတွင် ရှောင်ချောင်၏ အတင်းအကြပ် တောင်းဆိုမှုကို မလွန်ဆန်နိုင်တော့သဖြင့် ဟယ်လောင်စစ်က သော့မရှိဘဲ ကားတစ်စီးကို မည်သို့ မောင်းနှင်ရမည် ဆိုသည်ကို နှုတ်ဖြင့် ရှင်းပြလိုက်ရသည်။
ရှောင်ချောင်သည် ဒီမနက် အိပ်ရာထသည်နှင့် ချက်ချင်း ထွက်ခွာသွားခဲ့သည်။
မူလက ကားရှာတွေ့ပြီးနောက် ပစ္စည်းအချို့ စုဆောင်းကာ ယန်ကျိုးသို့ ပြန်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကတော့ ရှောင်ချောင်သည် မျက်လုံး မရှိဘဲ ပြန်ရောက်လာခြင်းပင်။
ဤရလဒ်ကို ကြားရပြီးနောက် လူအချို့ တိတ်ဆိတ်သွားကြသည်။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး လွင့်ပျံ့နေသော ဆေးလိပ်ငွေ့များကြားတွင် သူ၏ အကြည့်က သံသယများဖြင့် တောက်ပနေသည်။
သူကမူ ဤဇာတ်လမ်းက မည်မျှ စိတ်ထိခိုက်ဖွယ် ကောင်းသည်ကို ဂရုမစိုက်ခဲ့ပေ။
ကမ္ဘာပျက်ကပ်တွင် စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းများက အများအပြား ရှိနေသည်။
လူတိုင်းနီးပါးတွင် မျက်ရည်ကျရမည့် အတိတ်တစ်ခုစီ ရှိကြစမြဲပင်။
မနေ့ညကမှ သူသည် ဝူဟိုင်ဖုန်း၏ ဇာတ်လမ်းကို နားထောင်ပြီးခဲ့သေးသည်။
ဝူဟိုင်ဖုန်း ဆိုသည်မှာ ထယ်ရှီးပင် ဖြစ်ပြီး ထိုနာမည်ကို အချိန်ကြာမြင့်စွာ မခေါ်ဆိုဖြစ်ကြသဖြင့် အားလုံးက ထယ်ရှီး၏ နာမည်ရင်းကို မေ့လျော့နေကြပြီ ဖြစ်သည်။
"သူက မနက်ကမှ ထွက်သွားတာ ဆိုတော့ မိုးလင်းပြီးမှပေါ့"
"ချန်းရီ... နင့်မှာ တကယ်ရော နှလုံးသား ရှိရဲ့လား... ဒီအချိန်မှာ ဒါကိုပဲ ဂရုစိုက်နေသေးတာလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ရှောင်ချောင်၏ ဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားသွားပြီး တစ်ခဏမျှ ဝမ်းနည်းသွားခဲ့သည်။
ဤကောင်မလေးမှာ များစွာ ရင့်ကျက်လာခဲ့သော်လည်း အသက် (၁၈) နှစ်သာ ရှိသေးသဖြင့် ခံစားလွယ်သော အရွယ်ပင် ဖြစ်သည်။
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ခံစားလွယ်မှုကို လျစ်လျူရှုကာ ဦးလေးအားပေါင်ကိုသာ ကြည့်လိုက်သည်။
ဦးလေးအားပေါင်၏ မျက်နှာကလည်း ပျက်ယွင်းလာပြီး ချန်းရီ၏ စကားမှာ မည်သည့်အဓိပ္ပာယ် ရှိသည်ကို သေချာပေါက် နားလည်သွားသည်။
"မနက် မိုးလင်းပြီးနောက်မှ ထွက်သွားတာ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင်လျှင် သတိထားမိသွားပြီး ခံစားလွယ်သော စိတ်ခံစားမှုက သူမ၏ ကိုယ်ပေါ်တွင် စက္ကန့်အနည်းငယ်မျှသာ တည်ရှိခဲ့သည်။
တင်းတုံ၏ မျက်နှာကလည်း လေးနက်သွားသည်။
ချန်းရီက ဆေးလိပ်ကို ကိုက်ထားပြီး ဆေးလိပ်ထိပ်မှ မီးရောင်က မှိန်ဖျော့နေကာ သူ၏ အကြည့်က နက်ရှိုင်းပြီး အန္တရာယ်များလှသည်။ "မနက်ဆိုတာလည်း နေ့ဘက်ပဲလေ... ရှောင်ချောင်ရဲ့ လမ်းလျှောက်နှုန်းနဲ့ ပတ်ဝန်းကျင်မှာ နှင်းထူနေတဲ့ အခြေအနေမျိုးဆိုရင်"
"သူ သိပ်အဝေးကြီးတော့ ရောက်နိုင်မှာ မဟုတ်ဘူး"
"ကျောင်းပတ်ဝန်းကျင်မှာပဲ ဖြစ်ရမယ်... မြို့ထဲမှာ ကားတွေ နေရာတိုင်း ရှိနေတာပဲ... သူ ကားတစ်စီး ရှာတွေ့ဖို့ဆိုတာ မခက်ပါဘူး"
ချန်းရီ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရပြီးနောက် အားလုံး စကားမပြောနိုင်ကြတော့ပေ။
ချန်းရီက အေးစက်စက် လေသံဖြင့် ဆက်ပြောလိုက်သည်။ "ဒီနေရာက မလုံခြုံတော့ဘူး... ငါတို့ ထပ်ပြီး ခရီးဆက်ရတော့မယ့်ပုံပဲ"
ဆက်ရန်...