အခန်း ၁၃၀
Vol. 7 Ch. 130
အပိုင်း(၁၃၀) ထယ်ရှီးမှလွဲ၍ မည်သူမျှ အရူးမဟုတ်ကြ
ချူချယ်က ဂါထာမန္တန်များ ရေးဆွဲထားသော အဖြူရောင် အဝတ်အိတ်လေးကို ထုတ်ယူလိုက်၏။
သူက အိတ်ကိုဖွင့်ကာ သွေးသံရဲရဲဖြစ်နေသော မျက်လုံးတစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။
ဝူကျန့်ရှန်းက ထိုမျက်လုံးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားပြီး အလျင်အမြန် မေးလိုက်၏။
"ဒါ ဘယ်ကနေ ရလာတာလဲ"
ချူချယ်က ယနေ့နံနက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို နောက်တစ်ကြိမ် ပြန်လည်ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ဝူကျန့်ရှန်းက စိတ်ထဲရှိ ဖိအားများနှင့် ဒေါသများကို လျော့ကျသွားစေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုမျက်လုံးကို လှမ်းဖမ်းလိုက်ပြီး လက်ဝါးဖြင့် အားကုန်ညှစ်ကာ မျက်လုံးကို အစိမ်းလိုက် ဖောက်ခွဲပစ်လိုက်သည်။
ကွဲကြေသွားသော မျက်လုံးမှ သွေးနှင့် အသားစများက ဝူကျန့်ရှန်း၏ လက်တစ်ဖက်လုံးတွင် ပေကျံသွား၏။
ဝူကျန့်ရှန်းက ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်ပြီး အိတ်ကပ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ သူ၏ လက်ဝါးကို ပေါ့ပေါ့ပါးပါးပင် သုတ်ပစ်လိုက်သည်။
"ချန်ဝမ်ရပ်ကွက်မှာ မရဏနတ်သမီးအပြင် နောက်ထပ် နှစ်ကောင် ရှိသေးတယ်"
နောက်ဆုံးစကားလုံးဖြစ်သော "ထူးဆန်းသည့်အရာ" ဟူသည့် စကားလုံးကိုမူ သူ အတင်းအဓမ္မ မြိုချလိုက်၏။
"တစ်ကောင်ကို မင်းတို့ မြင်ဖူးပြီးပြီ... အဲဒါက ခြေလက်ရှစ်ဖက်နဲ့ လူမျက်နှာပါတဲ့ကောင်လေ... နောက်တစ်ကောင်ကတော့ အသူရာသွေးမျက်လုံး လို့ ခေါ်တယ်"
"ဒီမျက်လုံးက အသူရာသွေးမျက်လုံးရဲ့ မျက်လုံးအပွားတစ်ခုပဲ... မျက်လုံးအပွားတစ်ခုချင်းစီတိုင်းကနေတစ်ဆင့် အသူရာသွေးမျက်လုံးက အရာအားလုံးကို မြင်နိုင်စွမ်းရှိတယ်... အဲဒီမျက်လုံးအပွားတွေကို စောင့်ကြည့်ကင်မရာတွေလို့ မင်းတို့ သဘောထားလို့ ရတယ်"
"ဒီမျက်လုံးကတော့ ရှောင်ချောင်ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ထုတ်ယူလိုက်တာ ဖြစ်လောက်တယ်"
ဝူကျန့်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ။
ထိုနေရာရှိ လူအားလုံးက ကျောရိုးတစ်လျှောက် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဤမျက်လုံးအပွားလေးက ဤနေရာတွင် ရှိနေခြင်းသည် ထို အသူရာသွေးမျက်လုံးက ကျောင်းကို မျက်စိကျနေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
တကယ်ပင် ထူးဆန်းသောအရာ တစ်ကောင်ချင်းစီတိုင်း၏ အစွမ်းများက လူတွေကို မထင်မှတ်ထားနိုင်လောက်အောင် ဖြစ်စေ၏။
"ချန်ဝမ်ရပ်ကွက်မှာရှိတဲ့ ထူးဆန်းတဲ့အရာတိုင်းက ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူဘူး... ဒါကြောင့် အခုချိန်မှာ မင်းတို့ ကျောင်းထဲမှာ နေတာကမှ အလုံခြုံဆုံးပဲ"
"ဒါပေမဲ့ မင်းတို့လည်း စိုးရိမ်စရာ မလိုပါဘူး... ဒီကိစ္စကို မရဏနတ်သမီးဆီမှာ ငါ ဆုတောင်းပေးပါ့မယ်... မရဏနတ်သမီးက ဒီ မကောင်းဆိုးဝါးတွေကို မကြာခင်မှာ အကုန်လုံး ရှင်းလင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်"
"မရဏနတ်သမီး ကာကွယ်စောင့်ရှောက်ပါစေ"
ယနေ့နံနက်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများက သေးငယ်သော ကြားဖြတ်ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများက လူသေဆုံးမှုများအတွက် သိပ်ပြီး ဝမ်းနည်းနေခြင်း မရှိကြပေ။ ရှောင်ချောင်နှင့် အလွန်ရင်းနှီးသော အသက်ရှင်ကျန်ရစ်သူ နှစ်ဦးသာလျှင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ် ရှိသွားပုံရ၏။
အခြားသူများအနေဖြင့်မူ...
ယခုတလော အပြင်မထွက်ရန် သတိပေးခံရခြင်းမှလွဲ၍ သူတို့၏ နေထိုင်မှုဘဝများတွင် မည်သည့် အပြောင်းအလဲမျှ မတွေ့ရပေ။
လူသေဆုံးခြင်းကဲ့သို့သော ကိစ္စမျိုးကို ကမ္ဘာပျက်ကပ်တွင် အလွန်တရာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
"ရှောင်ချောင်... မင်း... အခု ဘယ်လိုခံစားနေရလဲ"
တတိယတန်း အခန်း (၂) တွင် နေထိုင်သူများမှာ ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
မျက်လုံးနှစ်လုံးနေရာတွင် သွေးအပေါက်ကြီး နှစ်ပေါက် ဖြစ်နေသော လူငယ်တစ်ဦးက ကုတင်ပေါ်တွင် ကြောင်တောင်တောင်ဖြင့် လှဲလျောင်းနေ၏။
တစ်စုံတစ်ယောက်က သူ့အား ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်ကို တိုက်ကျွေးထားသဖြင့် ယခုအချိန်တွင် သိသိသာသာ ပြန်လည်သက်သာလာပြီး သတိလည်လာပြီ ဖြစ်သည်။
"ကျွန်တော်အဆင်ပြေပါတယ်... အမရှောင်ရှောင်... အားလုံးကို ဒုက္ခပေးမိပြီ"
ဤအချိန်တွင် လူငယ်လေး၏ ဘေးနား၌ ရှိနေသူမှာ အခြားသူမဟုတ်ဘဲ ကျိုးရှောင်ရှောင်ပင် ဖြစ်သည်။
ယာဉ်တန်းထဲရှိ လူများထဲတွင် ကျိုးရှောင်ရှောင်နှင့် စကားအနည်းအကျဉ်း ပြောဆိုနိုင်သူဆို၍ သိပ်မရှိလှပေ။ ရှောင်ချောင်နှင့် သူ၏ ချစ်သူကောင်မလေးတို့ နှစ်ဦးကိုလည်း ထိုအထဲတွင် ထည့်တွက်၍ ရ၏။
သူမ၏ အမဖြစ်သူ သဲမုန်တိုင်းထဲတွင် ပျောက်ဆုံးသွားခဲ့ပြီးကတည်းက ကျိုးရှောင်ရှောင်က အပြင်လူများနှင့် သိပ်ပြီး ဆက်ဆံချင်စိတ် မရှိတော့ကြောင်း သိထားသင့်သည်။
ကမ္ဘာပျက်ကပ်တွင် လူစိတ်က ထူးဆန်းသည့်အရာများထက် ပို၍ ကြောက်စရာကောင်းလှ၏။
ရှောင်ချောင်နှင့် သူ၏ကောင်မလေးတို့သည် အမဖြစ်သူ ကျိုးလန်၏ ရုပ်ရှင်ပရိသတ်များ ဖြစ်ကြောင်း အမှတ်မထင် သိလိုက်ရမှသာ ကျိုးရှောင်ရှောင်က သူမ၏ သတိထားမှုများကို အနည်းငယ် လျှော့ချခဲ့ခြင်း ဖြစ်သည်။
ယခုတော့...
ကိစ္စရပ်များက ဤကဲ့သို့ အခြေအနေမျိုးအထိ ရောက်ရှိသွားလိမ့်မည်ဟု ကျိုးရှောင်ရှောင် လုံးဝ မထင်မှတ်ထားခဲ့ပေ။
သူမက ရှောင်ချောင်ဟု ခေါ်သော ဤလူငယ်လေးကို အလွန် ကူညီပေးချင်ခဲ့သည်။
သို့သော် မျက်လုံးနှစ်လုံး ဆုံးရှုံးသွားပြီးနောက် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ဆက်လက် အသက်ရှင်သန်နိုင်ရန်မှာ အလွန် ခက်ခဲလှကြောင်းကို သူမ ကောင်းကောင်း သိထား၏။
"ယွမ်ယွမ်လည်း နင် အခုလိုပုံစံ ဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ဘူး... နင် သေချာ အသက်ရှင်အောင် နေပါ... အရာအားလုံးက ပြီးဆုံးသွားမှာပါ"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အမရှောင်ရှောင်... အခု မနက်စာစားရမယ့် အချိန် ရောက်နေပြီထင်တယ်"
ကျိုးရှောင်ရှောင်က လူအချို့ အတန်းထဲမှ အပြင်သို့ စတင်ထွက်ခွာသွားသည်ကို မြင်လိုက်ရမှသာ စကားဆိုလိုက်သည်။
"ခဏစောင့်နေနော်... ငါ နင့်အတွက် ထမင်းသွားယူပြီး ပြန်လာခဲ့မယ်... နင် ငြိမ်ငြိမ်လေးနေဦး"
"ဟုတ်ကဲ့... အမရှောင်ရှောင်... စိတ်ချပါ... ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"
ကျိုးရှောင်ရှောင်က ရှောင်ဟူ၏ ထမင်းချိုင့်ကို ကိုင်ကာ ပထမထပ်ရှိ စားသောက်ဆောင်ဆီသို့ သွားရန် ပြင်ဆင်လိုက်၏။
ပထမတန်း အခန်း (၁) နှင့် ပထမတန်း အခန်း (၂) တို့ကို စားသောက်ဆောင်အဖြစ် ပြောင်းလဲထားသည်။
ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြား စုဝေးနေကြပြီး အားလုံးက စည်းကမ်းတကျ တန်းစီနေကြ၏။
ထိုစဉ် သေးငယ်သော ကောင်မလေးတစ်ဦးက ထမင်းချိုင့် နှစ်ချိုင့်ကို ပိုက်ကာ လူတန်းထဲသို့ ဖြတ်ဝင်လာသည်။
ကြီးမားကျယ်ပြန့်သော အမွေးပွ အင်္ကျီကြီးက ထိုကောင်မလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။
အသက်ရှင်ကျန်ရစ်သူများက ဤလုပ်ရပ်ကို ဒေါသထွက်ကြသော်လည်း နှုတ်မှ ထုတ်မပြောရဲကြပေ။
ဘာမှမတတ်နိုင်ပေ။ ရှောင်ယွီက စွန်းချန်းချန်း၏ လူဖြစ်နေသဖြင့် မည်သူကမျှ သူမကို မစော်ကားရဲကြချေ။
ထယ်ရှီး လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းသွားခဲ့လျှင်ပင် ထို ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ပြိုင်ဘက် မဟုတ်သေးပေ။ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယာဉ်တန်း၏ နံပါတ်တစ် အတော်ဆုံးလူ ဖြစ်နေဆဲပင်။
လမ်းစဉ် အစွမ်းပိုင်ရှင်များကမူ သူတို့နှင့်အတူ စားသောက်ဆောင်သို့ လာရောက်ပြီး ထမင်းလာယူလေ့ မရှိကြပေ။
ဤကိစ္စများကို လုပ်ဆောင်ပေးရန် သူတို့၏ ကိုယ်ပိုင် ကိုယ်စားလှယ်များ ရှိကြသည်မှာ သဘာဝပင်။
ချန်းရီအတွက် ထမင်းယူပေးရမည့် ကိစ္စကို ရွှီနန်က ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူထားလေသည်။
အစွမ်းပိုင်ရှင်များ စားရသော အစားအစာများကလည်း သူတို့နှင့် မတူညီပေ။ အားလုံးမှာ စားဖိုမှူးကြီး ကိုယ်တိုင် အကောင်းဆုံးသော ဟင်းချက်စရာများကို အသုံးပြု၍ သီးသန့် ချက်ပြုတ်ပေးထားခြင်း ဖြစ်၏။
မရဏနတ် ဂိုဏ်းထဲတွင် ဂိုဏ်းသားတစ်ဦး ရှိပြီး သူသည် ကမ္ဘာပျက်ကပ် မတိုင်မီက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုမှ စားဖိုမှူးကြီး ဖြစ်သည်။
ထိုနယ်ပယ်တွင် အလွန် နာမည်ကြီးသူဖြစ်ပြီး သာမန်လူများအနေဖြင့် သူ ချက်ပြုတ်သော အစားအစာများကို လုံးဝ စားခွင့်မရနိုင်ပေ။
အရေးကြီးသော ပုဂ္ဂိုလ်များ ပေါ်လာသည့် အချိန်မျိုးမှသာ သူ ကိုယ်တိုင် ထွက်လာပြီး ချက်ပြုတ်ပေးလေ့ရှိသည်။
ယခုအခါ ဤစားဖိုမှူးကြီးသည် မရဏနတ် ဂိုဏ်း၏ အထက်တန်းအဆင့်ရှိသူများအတွက် သီးသန့် စားဖိုမှူး ဖြစ်နေခဲ့ချေပြီ။
စတုတ္ထတန်း အခန်း (၃) ၏ လသာဆောင်ပေါ်တွင်။
ချန်းရီက ရွှီနန် ယူလာပေးသော နံနက်စာကို ကိုင်ထားရင်း စတုတ္ထထပ်ရှိ ဆရာများ၏ ရုံးခန်းရှိရာဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေ၏။
ထိုနေရာသည် ဝူကျန့်ရှန်း နေထိုင်ရာ နေရာပင် ဖြစ်သည်။
ချန်းရီက အစားအစာ လာပို့ပေးသော မရဏနတ် ဂိုဏ်းသား ထွက်ခွာသွားသည်ကို ကြည့်နေရင်း သူ၏ မျက်လုံးများက အရောင်လက်ကာ တည်ငြိမ်မှု မရှိဖြစ်နေသည်။
ဘေးနားရှိ ရွှီနန်၏ မျက်လုံးများကလည်း ဂနာမငြိမ် ဖြစ်နေ၏။
တစ်စုံတစ်ခု ပြောချင်နေပုံရသော်လည်း အလွန် အခက်တွေ့နေပြီး ထုတ်ပြောသင့် မပြောသင့် ဝေခွဲမရဖြစ်နေပုံ ပေါ်သည်။
ချန်းရီက ရွှီနန်အား အပိုအကြည့်တစ်ချက်ပင် မကြည့်ဘဲ သူ၏ ကိုယ်ပိုင် အစီအစဉ်များကိုသာ စဉ်းစားနေ၏။
"ဆရာချန်း"
နောက်ဆုံးတွင် ရွှီနန်က သူ ပြောချင်သော စကားများကို ဖွင့်ဟပြောဆိုရန် ပြင်လိုက်ချိန်တွင်...
ဤကိစ္စက အလွန် အရေးကြီးလှသည် မဟုတ်ပါလော။
ချန်းရီက ကျန်နေသော နံနက်စာကို နှစ်လုပ်တည်းဖြင့် ပါးစပ်ထဲသို့ သွင်းလိုက်ပြီးနောက် ထမင်းချိုင့် အလွတ်ကို ရွှီနန်၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်ကာ ဆရာများ၏ ရုံးခန်းရှိရာသို့ တိုက်ရိုက် လျှောက်သွားလေတော့သည်။
ရွှီနန်က ပါးစပ် ဟသွားသော်လည်း နောက်ဆက်တွဲ စကားလုံးများမှာ လည်ချောင်းထဲသို့ တိုက်ရိုက် ပြန်လည် မျိုချခံလိုက်ရ၏။
ထိုအချိန်မှာပင် ချူချယ်က မြေခွေးအိုကြီး တစ်ကောင်ကဲ့သို့ ပြုံးဖြီးဖြီးဖြင့် တတိယတန်း အခန်း (၄) ၏ အတန်းတံခါးဝတွင် ပေါ်လာသည်။
"ကဲ... ပြောစရာရှိတာ နောက်မှ ဆက်ပြောကြတာပေါ့... မင်းဆရာချန်းက အလုပ်များနေတယ်... လုပ်စရာ စီးပွားရေးအလုပ်ကြီးတစ်ခု ရှိသေးတယ်လေ"
"ဟုတ်ကဲ့... ခေါင်းဆောင်ချူ"
ရွှီနန်က အလိုက်တသိဖြင့် ချူချယ်၏ ထမင်းချိုင့်ကို လှမ်းယူလိုက်ပြီး လှည့်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။
ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ပန်းကန်ဆေးရခြင်းက သိပ်ပြီး ပျော်စရာကောင်းသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
သို့သော် ဤအရာက ချူချယ်နှင့် ချန်းရီတို့အား မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။
အနည်းဆုံးတော့ ခေါင်းဆောင်ချူနှင့် ချန်းရီတို့က သူ၏ နာမည်ကို သိထားကြ၏။
ယာဉ်တန်းထဲတွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိသော်လည်း ခေါင်းဆောင်ချူနှင့် ချန်းရီတို့က ထိုသူများ၏ နာမည်ကို သိမည်မဟုတ်ပေ။
"ဦးလေးအားပေါင်... ဒီနေ့မှာပဲ မရဏနတ် ဂိုဏ်းထဲကို ဝင်ချင်တဲ့သူတွေ ရှိနေပြီလို့ ဦးလေး ပြောလိုက်တာလား"
ချူချယ်က သူ၏ ဘေးနားရှိ ဦးလေးအားပေါင်ကို မေးလိုက်၏။
ဦးလေးအားပေါင်က အထူစား အမွေးပွအင်္ကျီ တစ်ထည်ကို ဝတ်ဆင်ထားသည်။
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ဦးလေးအားပေါင်မှာ အဝတ်အစားများစွာ ဝတ်ဆင်ထားလျှင်ပင် အနည်းငယ် အေးစိမ့်နေဆဲဟု ခံစားနေရ၏။
သက်ကြီးရွယ်အိုများအတွက် ဆောင်းရာသီကို ဖြတ်သန်းရခြင်းက သေရေးရှင်ရေး တံခါးပေါက်ကို ဖြတ်သန်းရသည်နှင့် တူသည်ဟု လူတိုင်းက ဆိုကြသည်။
ဤမျှ အေးခဲနေသော ရာသီဥတုက ဦးလေးအားပေါင်အတွက် အလွန် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ်... ရှောင်ချယ်... ဒီက ဘဝက ဆက်ပြီး ရွှေ့ပြောင်းနေစရာ မလိုတော့ဘူးဆိုတာကို မြင်ပြီး တချို့လူတွေက စိတ်လှုပ်ရှားနေကြပြီ"
"အင်း... ဦးလေးအားပေါင်... အဲဒီလူတွေကို အရင် ငြိမ်နေအောင် လုပ်ထားလိုက်... နောက်ထပ် ရက်အနည်းငယ်လောက် အခြေအနေကို စောင့်ကြည့်ဖို့ သူတို့ကို ပြောလိုက်"
မည်သို့ပင်ဆိုစေ သူတို့က ယာဉ်တန်းထဲမှ လူများသာ ဖြစ်ကြသည်။
ဤလူများက ဤနေရာသို့ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် ဦးလေးအားပေါင်၏ စကားကို နားတစ်ဖက်မှ ဝင်ပြီး နားတစ်ဖက်မှ ထွက်သွားသကဲ့သို့ မသိကျိုးကျွန် ပြုရဲကြမည် မဟုတ်ပေ။
"အေးအေး... ဦးလေး သိပါပြီ"
"ရှောင်ချယ်... ငါတို့ ဘယ်တော့လောက် ထွက်သွားကြမလဲ"
ချူချယ်က လှည့်ကာ ဦးလေးအားပေါင်ကို ကြည့်လိုက်သည်။
"ဦးလေးအားပေါင်... အားလုံးက ဒီမှာပဲ နေခဲ့ချင်နေကြတာကို... ဦးလေးက ထွက်သွားချင်နေတာလား"
ဦးလေးအားပေါင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ပြောလိုက်၏။
"ဒီနေရာက တစ်ခုခု ထူးဆန်းနေတယ်လို့ ဦးလေး အမြဲ ခံစားနေရတယ်"
"အချိန်မရွေး မကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်လာနိုင်သလိုမျိုးပဲ"
ချူချယ်က ဘာမှ ပြန်မပြောဘဲ လသာဆောင်၏ အပြင်ဘက်ကိုသာ အမူအရာ မဲ့စွာဖြင့် လှမ်းကြည့်နေသည်။
နှင်းများက ကျဆင်းနေဆဲပင်။
ရာသီဥတုက မနေ့က သူတို့ ရောက်ခါစအချိန်ကထက် ပို၍ အေးခဲလာသကဲ့သို့ ထင်ရ၏။
ဤကဲ့သို့သော ရာသီဥတုမျိုးတွင် သူကိုယ်တိုင်ပင်လျှင် အအေးဒဏ်ခံနိုင်သော အဝတ်အစားများ မရှိပါက နှင်းပြင်ထဲ၌ အေးခဲသေဆုံးသွားနိုင်ပေသည်။
သူ၏ အာရုံခံနိုင်စွမ်းများအရ ချန်ဝမ်ရပ်ကွက် တစ်ခုလုံးတွင် ထူးဆန်းသည့်အရာ သုံးကောင်ထက် မကတော့ပေ။
ချန်ဝမ်ရပ်ကွက်၏ အစွန်အဖျားပိုင်းများရှိ သိပ်သည်းများပြားလှသော ထူးဆန်းသည့်အရာများ၏ အငွေ့အသက်များက ချူချယ်၏ ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေသည်။
ခြံဝင်းငယ်လေးထဲတွင် လူပေါင်း တစ်ရာကျော် နေထိုင်နေကြပြီ ဖြစ်ရာ ထိုအရာက ထူးဆန်းသည့်အရာများအတွက် အလွန် ကြီးမားသော သွေးဆောင်ဖြားယောင်းမှုကြီးတစ်ခု ဖြစ်နေ၏။
ထို "မရဏနတ်သမီး" ဆိုသည့်အရာ တစ်ခုတည်းဖြင့် ထိန်းချုပ်ထားရန် မဖြစ်နိုင်သည်မှာ သိသာထင်ရှားလှသည်။
ထူးဆန်းသည့်အရာများ အားလုံး တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မည့် နေ့ရက်ကျရောက်လာမှသာ သူတို့ ထွက်ခွာရမည့် အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။
ချူချယ်က ထိုအရာကို ဝန်မခံချင်သော်လည်း ထိုနေ့ရက် ရောက်ရှိလာပါက လူအများအပြားမှာ အိမ်မြောင်တစ်ကောင်၏ ပြတ်ကျန်ခဲ့သော အမြီးများကဲ့သို့ အသုံးချခံ ဖြစ်သွားရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်သည်။
ဤသို့လုပ်မှသာ အသက်ရှင်သန်နိုင်မည့် လမ်းစလေး တစ်ခုကို ရရှိနိုင်မည် ဖြစ်၏။
အစကတည်းက ဤနေရာသို့ မလာခဲ့သင့်ခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
"ဦးလေးအားပေါင်... ဒီရက်ပိုင်းအတွင်းမှာ ရိက္ခာပစ္စည်းတွေကို တတ်နိုင်သမျှ များများ စုဆောင်းထားလိုက်... ပြီးတော့ ဒီအနီးအနားမှာ ဓာတ်ဆီဆိုင် ဘယ်နားမှာ ရှိလဲဆိုတာကိုလည်း စုံစမ်းကြည့်ဦး... ကျွန်တော်တို့ဆီမှာ လောင်စာဆီ သိုလှောင်ထားတာ သိပ်မကျန်တော့ဘူး"
"ဒါပေမဲ့ ပတ်ဝန်းကျင်က လူတွေ ထိတ်လန့်သွားအောင် မလုပ်မိဖို့တော့ မှတ်ထားဦး"
ဦးလေးအားပေါင်၏ အိုမင်းနေသော မျက်လုံးများထဲတွင် ထက်မြက်သော အရောင်တစ်ခု လင်းလက်သွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း ပြင်ဆင်ရန် ထွက်သွားလေသည်။
ချန်းရီက ဆရာများ၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်၏။
ဤအခန်းကို မူလက ဆရာများ၏ ရုံးခန်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ပြီးနောက် အိပ်ခန်းနှင့် ရုံးခန်း တွဲဖက်ထားသော ဘက်စုံသုံး အခန်းတစ်ခန်း ဖြစ်လာခဲ့ပြီ။
ဝူကျန့်ရှန်းက ကျယ်ပြန့်သော ရုံးစားပွဲကြီး၏ အနောက်တွင် ထိုင်ကာ တစ်စုံတစ်ခုကို ရေးသားနေပုံရသည်။
တံခါးတွန်းဖွင့်ကာ ဝင်လာသူ ရှိကြောင်း သူ ကြားလိုက်ရ၏။
ဝင်လာသူမှာ ချန်းရီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဝူကျန့်ရှန်း၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း သူက အလျင်အမြန်ပင် အတင်းအဓမ္မ ဖိနှိပ်ထားလိုက်သည်။
ယခုအချိန်သည် မျက်နှာပြောင်တိုက်၍ ရန်သူအဖြစ် ကြေညာရမည့် အချိန် မဟုတ်သေးပေ။
ဝူကျန့်ရှန်းက သူ၏ စိတ်ထဲတွင် တိတ်တဆိတ် သတိပေးလိုက်၏။
"ဘာလဲ... ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားဖိုမှူးကြီး လုပ်ပေးတဲ့ အမဲသားကင်က မင်းရဲ့ အကြိုက်နဲ့ မကိုက်ညီဘူးလား"
ချန်းရီက ပြုံးဖြီးဖြီးဖြင့် ဘေးဘက်ရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူ၏ အမူအရာက ပေါ့ပါးကာ သက်တောင့်သက်သာ ရှိလှသည်။
ရုံးစားပွဲပေါ်ရှိ ပန်းကန်ပြားထဲတွင် ပုံပန်းသွင်ပြင် အလွန်ကောင်းမွန်သော အမဲသားကင် တစ်တုံး ရှိနေသည်။
၎င်းသည် ထို ကြယ်ငါးပွင့်အဆင့် စားဖိုမှူးကြီး ကိုယ်တိုင်ချက်ပြုတ်ထားခြင်းဖြစ်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤအမဲသားကင်တစ်တုံးကို စားနိုင်ရန် အနည်းဆုံး ဂဏန်းလေးလုံးအထက် ပေးရသည်ဟု ဆိုကြ၏။
သို့သော် ယခုအခါ ထိုအမဲသားကင်က ထိုနေရာတွင် ဒီအတိုင်းလေး ရှိနေပြီး လုံးဝ တို့ထိမထားသည့်ပုံရ၏။
ဤကဲ့သို့သော အဆင့်မြင့် အမဲသားကင်မျိုးက ကမ္ဘာပျက်ကပ် မတိုင်မီကပင် မဆိုထားနှင့် ကမ္ဘာပျက်ကပ် ဖြစ်ပြီးနောက်ပိုင်းတွင်လည်း အလွန်အမင်း ရှားပါးသော ရိက္ခာပစ္စည်းတစ်ခု ဖြစ်သည်။
ဤ မရဏနတ် ဂိုဏ်းသားများက မည်သို့ ရှာဖွေလာခဲ့သည်ကိုမူ မသိရပေ။
ဝူကျန့်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ငါ့ကို လာရှာတာ ဒီကိစ္စကြောင့်လား"
"ကဲပါ... ငါတို့က ညီအစ်ကိုတွေဖြစ်နေတဲ့ အခြေအနေကို ထောက်ထားပြီး ပြောရရင်... မင်းက ငါတို့လူတွေကို မရဏနတ် ဂိုဏ်းထဲ ဝင်စေချင်နေတာ မဟုတ်လား"
ဝူကျန့်ရှန်းက မျက်ခုံးပင့်လိုက်ပြီး မျက်နှာပေါ်ရှိ အမူအရာက အနည်းငယ် ပြေလျော့သွား၏။
"မင်းက ငါတို့ ညီအစ်ကိုတွေဆိုတာကို သိသေးတာပဲ... ဒါဆို မင်းက ငါစကားပြောနေတာကို ခဏခဏ ဖြတ်ပြောနေတာက ဘာသဘောလဲ"
ချန်းရီက လုံးဝ အနေခက်မသွားဘဲ ရယ်မောကာ ပြောလိုက်သည်။
"မင်းက ငါတို့ကို စတွေ့ကတည်းက ဂိုဏ်းထဲကို ဝင်ခိုင်းချင်နေတာ... ဒါက အရူးတောင် ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတာ သိနိုင်တယ်"
"ငါတို့ကသာ ညီအစ်ကိုတွေလေ... ချူချယ်က မဟုတ်ဘူး... အဲဒီကောင်က တော်တော်ကို ကောက်ကျစ်စဉ်းလဲတာ... မင်းက အဲဒီလို ပြောလိုက်မှတော့ သူက မသင်္ကာမဖြစ်ဘဲ နေပါ့မလား"
ဝူကျန့်ရှန်းက မည်သို့မျှ မတုံ့ပြန်ပေ။
"ငါနဲ့ သူ့ကြားက ဆက်ဆံရေးက မင်းထက် တိမ်တယ်လို့တော့ မထင်ဘူးနော်"
နတ်ကိုးကွယ်ခြင်း လမ်းစဉ်၏ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးအောက်တွင် ဝူကျန့်ရှန်း၏ ချူချယ်အပေါ်ထားရှိသော အဆင့်အတန်းမှာလည်း အလွန် အရေးပါလှသည်။
"ဒါဆို သူက ဘာလို့ ချက်ချင်း လက်မခံလိုက်တာလဲ"
"ဒါ..."
သူက ဘာမှ ပြန်မပြောချေ။
ချန်းရီက တိုက်ရိုက်ပင် ပြောလိုက်၏။
"ငါလည်း မင်းနဲ့ ကွေ့ဝိုက်မနေတော့ဘူး... မင်းသူတို့ကို ဘာကြောင့် မရဏနတ် ဂိုဏ်းထဲ ဝင်စေချင်ရတာလဲဆိုတာကိုတော့ ငါ မသိဘူး"
"ဒါပေမဲ့ ငါတို့ ညီအစ်ကိုဆိုတဲ့ သံယောဇဉ်ကို ထောက်ထားပြီး ဒီကိစ္စကို မင်းအတွက် ငါ ဖြေရှင်းပေးမယ်"
"ငါကိုယ်တိုင်တင်မကဘူး... ငါ့ရဲ့ အဖော်တွေနဲ့ တခြား အသက်ရှင်ကျန်ရစ်သူတွေ အားလုံးကိုပါ မရဏနတ် ဂိုဏ်းထဲကို ဝင်ခိုင်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ"
"ဒါပေမဲ့ မင်း အစက ငါ့ကို ကတိပေးထားတဲ့ ကိစ္စကိုတော့ မှတ်ထားရမယ်နော်... ငါ့ကို ဒုဂိုဏ်းချုပ် နေရာလောက်တော့ ပေးရမယ်"
ဝူကျန့်ရှန်းက ချန်းရီအား အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း ဘာလိုချင်လို့လဲ"
ချန်းရီက တဟီးဟီး ရယ်မောလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်၏။
"မရဏနတ်သမီးရဲ့ သွေးမျက်ရည် ငါ့ကို တစ်ပုလင်းလောက် ပေး... အာ... မဟုတ်ဘူး... အစက်တစ်ရာ ပေး... ဒါဆိုရင် ဒီကိစ္စကို မင်းအတွက် ငါ ရှင်းပေးမယ်"
ဝူကျန့်ရှန်း၏ တစ်ပုလင်းဆိုသည်မှာ နှစ်စက်မျှသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး နှစ်စက်တည်းနှင့်တော့ မလုံလောက်နိုင်ပေ။
ချန်းရီက သူ၏ ရည်ရွယ်ချက်များကို ဝူကျန့်ရှန်းအား ဖုံးကွယ်ထားရန် လုံးဝ မစဉ်းစားခဲ့ပေ။
ထယ်ရှီးမှလွဲ၍ ဤကမ္ဘာပေါ်ရှိ လူအများစု၏ ဉာဏ်ရည်ဉာဏ်သွေးမှာ သိပ်ပြီး ကွာခြားမှုမရှိဟု ချန်းရီက အမြဲ ယူဆထား၏။
တိုက်တန် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးမှာ ဉာဏ်ရည်ကျဆင်းသွားခြင်း ဖြစ်ပြီး ဤကောင်များ၏ ဦးနှောက်ကလည်း ပို၍ပို၍ ထိုင်းမှိုင်းလာကြသည်။
ဝူကျန့်ရှန်းအား လှည့်စားရန်မှာ အလွန် ခက်ခဲလှသည်။ ထို့အပြင် ဤနေရာက ဝူကျန့်ရှန်း၏ နယ်မြေလည်း ဖြစ်နေသေး၏။
ဆက်ရန်...