အခန်း ၁၃၄
Vol. 7 Ch. 134
အပိုင်း(၁၃၄) သဘာဝလွန်အစွမ်းများ၏ လက်တွေ့ကျသော အသုံးချမှု
ယာဉ်တန်းက ရိက္ခာပစ္စည်းများ သွားရောက်ရှာဖွေစုဆောင်းမည့်ကိစ္စမှာ အလျင်အမြန်ပင် သတင်းပျံ့နှံ့သွားခဲ့သည်။
ဒုတိယနေ့ နံနက်ခင်းတွင် ယာဉ်တန်းနှင့်အတူ ရိက္ခာလိုက်လံရှာဖွေလိုသူ ငါးယောက်သာ ရှိနေခဲ့သည်မှာ အံ့သြစရာပင်။
ကျိုးရှောင်ရှောင်၊ ရွှီနန်၊ အစ်ကိုကြီးကောင်းနှင့် အခြား အသက်ရှင်ကျန်ရစ်သူ နှစ်ဦးတို့ ဖြစ်ကြသည်။
ကျိုးရှောင်ရှောင်နှင့် ရွှီနန်တို့နှစ်ဦး ပါဝင်ခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။
ကျိုးရှောင်ရှောင်က ယာဉ်တန်းသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ယခုအထိ ရိက္ခာရှာဖွေသည့် တာဝန်များတွင် အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးသဖြင့် အတွေ့အကြုံ အလွန်ရင့်ကျက်သော အသက်ရှင်ကျန်ရစ်သူ တစ်ဦးဟု ဆိုနိုင်သည်။
ရွှီနန်သည်လည်း သူ့၏မျက်နှာကို ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ပြီးနောက်ပိုင်းတွင် သတ္တိနှင့် ပြတ်သားရက်စက်မှုတို့ကို အတိုင်းအတာတစ်ခုအထိ ပြသနိုင်ခဲ့သည်။
ယခုလက်ရှိ ရွှီနန်သည် ယာဉ်တန်းထဲတွင် နာမည်အနည်းငယ် ရနေပြီဖြစ်ကာ အသက်ရှင်ကျန်ရစ်သူများကြားတွင်လည်း ထင်ပေါ်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
အစ်ကိုကြီးကောင်း ပါဝင်လာမည်ကိုမူ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
လုမြို့မှ ထွက်ပြေးလာခဲ့ကြသော ညီအစ်ကိုလေးယောက်အနက် နှစ်ယောက်မှာ ချန်းရီ၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရပြီးနောက် အစ်ကိုကြီးကောင်းနှင့် ဟယ်လောင်စစ်တို့မှာ များစွာ လိမ္မာငြိမ်သက်သွားခဲ့ကြသည်။
ယခုအခါတွင်မူ ဟယ်လောင်စစ်သည် သူ၏ ကားခိုးသည့် ကျွမ်းကျင်မှုဖြင့် အသက်ရှင်ကျန်ရစ်သူများကြားတွင် နေရာတစ်ခု ရနေခဲ့ပြီ ဖြစ်သည်။
အစ်ကိုကြီးကောင်းကမူ အလွန်တရာ နှိမ့်ချနေထိုင်ခဲ့သည်။
သို့သော် ထိုအစ်ကိုကြီးကောင်းက ယခုအခါ ရိက္ခာရှာဖွေရေးအဖွဲ့ထဲသို့ ဝင်ရောက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
ကျန်ရှိနေသော နှစ်ဦးမှာမူ ညီအစ်ကိုများ ဖြစ်ကြကြောင်း သိသာလှသည်။
မျက်မှန်းတန်းမိသော်လည်း ချန်းရီက ထိုညီအစ်ကိုနှစ်ဦး၏ နာမည်များကို မသိပေ။
ချန်းရီက သူတို့ဘက်သို့ လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ ထိုညီအစ်ကိုနှစ်ဦး၏ မျက်နှာပေါ်တွင် အလျင်အမြန် ဖားယားလိုသော အမူအရာများ ပေါ်ထွက်လာသည်။
အစ်ကိုကြီးကောင်းသည်လည်း ချန်းရီ သူ့ကို ကြည့်နေကြောင်း မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် မသက်မသာ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ချန်းရီ၏ အကြည့်ကို ရှောင်ဖယ်သွားခဲ့သည်။
ဦးလေးအားပေါင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"သက်တောင့်သက်သာ နေရတာများလာတော့... တချို့လူတွေက အပြင်ဘက်က အန္တရာယ်တွေကို မေ့သွားကြပြီ"
"ကိစ္စမရှိပါဘူး... မလာချင်ရင်လည်း မလာကြပါစေနဲ့... လူတိုင်းမှာ ကိုယ်လျှောက်ရမယ့်လမ်း ကိုယ်ရှိကြတာပဲ"
"ပြီးတော့ အခု ကျောင်းထဲမှာ စားစရာ သောက်စရာတွေ အဆင်သင့်ရှိနေတာ... ဘယ်သူက အလကားသက်သက် အပြင်ထွက်ပြီး အသေခံချင်ပါ့မလဲ"
ချူချယ်က ဤကိစ္စကို သိပ်ပြီး ဂရုမစိုက်ပေ။
လူသေနည်းလျှင်လည်း ကောင်းသည်သာ ဖြစ်သည်။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူပြောခဲ့သည်များမှာ အမှန်တရားပင် ဖြစ်သည်။ ယခုအချိန်တွင် အပြင်ဘက်၌ ထူးဆန်းသောအရာများ ရှိနေကြောင်းကို မသိသူဟူ၍ မရှိတော့ပေ။
သို့သော် လတ်တလောတွင် ဘေးကင်းသည်ဟု ဆိုနိုင်သည်။ မရဏနတ် ဂိုဏ်းမှ ထောက်ပံ့ပေးထားသော စားနပ်ရိက္ခာများမှာ သိပ်မကောင်းလှသော်လည်း အနည်းဆုံးတော့ ငတ်မသေနိုင်ပေ။
ထို့ကြောင့် မည်သူကမျှ အပြင်ထွက်၍ အန္တရာယ်အဖြစ်မခံလိုကြခြင်း ဖြစ်သည်။
ယာဉ်တန်း၏ စည်းမျဉ်းမှာ မည်သူမဆို ကိုယ်တိုင် ရှာဖွေစုဆောင်းရရှိသော ရိက္ခာသည် ထိုသူ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်ဟူ၍ ဖြစ်သည်။
သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်များပင်လျှင် သာမန်လူများ၏ ရိက္ခာများကို လုယူမည် မဟုတ်ပေ။
ဤစည်းမျဉ်းက ယခုအချိန်အထိ ယာဉ်တန်း၏ အခြေခံ တရားမျှတမှုကို အာမခံပေးထားခဲ့သဖြင့် အသက်ရှင်ကျန်ရစ်သူ အများအပြားက ချူချယ်ကို အလွန် ထောက်ခံအားပေးကြသည်။
သေချာသည်မှာ အဓိကအားဖြင့် သာမန်လူများ၏ စွမ်းဆောင်ရည်မှာ ကန့်သတ်ချက် ရှိနေသဖြင့် သူတို့ ရှာဖွေရရှိသော ရိက္ခာအများစုမှာ သိပ်မများပြားလှခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီး စတင်ချိန်မှ ယနေ့အထိ လူသားတို့သည် ကုန်ထုတ်လုပ်မှု စွမ်းအားကို ပြန်လည် မရရှိကြသေးပေ။
ထို့ကြောင့် ယခုအချိန်အထိ လူတိုင်းအတွက် ရိက္ခာရရှိရေးမှာ ရှာဖွေစုဆောင်းခြင်းကိုသာ အဓိက မှီခိုနေရဆဲ ဖြစ်သည်။
ယနေ့အတွက် အဓိကတာဝန်မှာ လောင်စာဆီ ရှာဖွေရန်ဖြစ်ပြီး အခြားရိက္ခာများ ရှာဖွေရေးမှာ ဒုတိယဦးစားပေးသာ ဖြစ်သည်။
ချန်းရီအတွက်လည်း လောင်စာဆီမှာ သေချာပေါက် ပထမဦးစားပေး ရွေးချယ်မှုပင် ဖြစ်၏။
အကယ်၍ ထိုအခြေအနေသို့ တကယ်ရောက်လာခဲ့ပါက သူ့တွင် အစားထိုး အစီအစဉ်များ ရှိနေပြီး ဖြစ်သည်။
ယခုအချိန်အထိ ချန်းရီ လူသတ်ခဲ့သမျှတွင် အကြောင်းပြချက် တစ်ခုစီ အမြဲရှိခဲ့သည်။
ထိုအကြောင်းပြချက်သည် ယုတ္တိမတန်သကဲ့သို့ ဖြစ်နေစေကာမူ၊ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်နေစေကာမူ သို့မဟုတ် အကြောင်းပြချက် မခိုင်လုံလှဟု ထင်ရစေကာမူ အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့သည်။
၎င်းက ချန်းရီ၏ နောက်ဆုံးခံတပ် စည်းမျဉ်းပင် ဖြစ်သည်။
ထိုစည်းမျဉ်းက အနည်းငယ် နိမ့်ကျနေသည် ဆိုလျှင်တောင်မှပေါ့။
သို့သော် အနည်းဆုံးတော့ သူသည် အခြေခံစည်းမျဉ်းရှိသော လူတစ်ယောက် ဖြစ်နေဆဲပင်။
သို့မဟုတ်ပါက သူသည် သတ်ဖြတ်မှတ်များ စုဆောင်းရန်အတွက် စောစောစီးစီးကတည်းက လူတွေကို လိုက်လံ သတ်ဖြတ်နေခဲ့လောက်ပြီ ဖြစ်သည်။
လူများစွာ အကြွေးတင်ခြင်း၏ ပထမခြေလှမ်းမှာ ခရက်ဒစ်ကတ် တစ်ကတ် စတင် ပြုလုပ်ခြင်းမှ အစပြုခဲ့သည် မဟုတ်ပါလော။
ပန်းရောင်ဆံပင်နှင့်ကောင်မလေးသည် သမ်းဝေရင်း တင်းတုံနှင့်အတူ ထွက်ပေါ်လာပြီး သူတို့နောက်တွင်မူ သေးသေးကွေးကွေးလေးဖြစ်သော ရှောင်ယွီက ကပ်ပါလာသည်။
ထယ်ရှီးလည်း ပါသေး၏။
ယခုတစ်ကြိမ်တွင်မူ ထယ်ရှီးသည် လောင်လီကို ထိုကျောင်းကားကြီး မောင်းနှင်၍ နောက်မှလိုက်လာရန် အမိန့်မပေးတော့ဘဲ တင်းတုံနှင့်အတူ သွားရန် ရွေးချယ်ခဲ့သည်။
သူမ၏ အမိုးပါ ကုန်တင်ကားလေးမှာ ရိက္ခာစုဆောင်းရန်အတွက် လုံလောက်မှု ရှိပေသည်။
ကျိုးရှောင်ရှောင်မှာမူ ထိုမိန်းမက သူမ၏ ဇိမ်ခံကားလေးကိုသာ ဆက်လက် မောင်းနှင်လာခဲ့သည်။
သို့သော် ယခု ကြည့်ရသည်မှာ ထိုကားလေးသည် ဇိမ်ခံဟူသော စကားလုံးနှင့် အနည်းငယ်မျှပင် မသက်ဆိုင်တော့ချေ။
ကားဘီးများတွင်လည်း ချော်မသွားစေရန် သတ္တုချိန်းကြိုးများ ပတ်ချည်ထားသည်။
ဟယ်လောင်စစ်၏ ခရီးသည်တင်ကားကိုလည်း အစ်ကိုကြီးကောင်းက ငှားရမ်းယူဆောင်လာခဲ့သည်။
ကားဘီးများပေါ်တွင် သတ္တုချိန်းကြိုးများ ချည်နှောင်ထားသေး၏။
နှင်းလမ်းသုံး တာယာများ ဆိုသည်မှာမူ လုံးဝ မရှိခဲ့ပေ။
ဟယ်လောင်စစ်နှင့် အစ်ကိုကြီးကောင်းတို့ သဘောတူညီချက် ရယူထားသည်မှာ ယခုတစ်ကြိမ် ရရှိမည့် ရိက္ခာများကို နှစ်ယောက် တန်းတူ ခွဲဝေယူကြရန် ဖြစ်သည်။
ဟယ်လောင်စစ်တစ်ယောက် အတောင်ပံပေါက်နေပြီဟုပင် ဆိုရပေမည်။
ကျန်ရှိနေသော ထိုညီအစ်ကိုနှစ်ယောက်သည်လည်း အစ်ကိုကြီးကောင်း၏ ကားပေါ်သို့ တက်ထိုင်လိုက်ကြသည်။
သူတို့နှစ်ဦး ဤတစ်ကြိမ် ရှာဖွေရရှိမည့် ရိက္ခာများထဲမှ တစ်စိတ်တစ်ပိုင်းကို ကားခအဖြစ် အစ်ကိုကြီးကောင်းကို ခွဲဝေပေးရမည် ဖြစ်သည်။
ရွှီနန်မှာမူ ချန်းရီ၏ ကားပေါ်တွင် လိုက်ပါရန် လုံးဝ စိတ်ကူးမရှိခဲ့ပေ။
ဤမျှ ကြာရှည်စွာ အတူနေထိုင်လာခဲ့ပြီးနောက် ချန်းရီသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို ရွှီနန်လည်း နားလည်နေပြီ ဖြစ်သည်။
ရွှီနန်သည် အစ်ကိုကြီးကောင်းတို့နှင့်အတူ တိုးဝှေ့ လိုက်ပါလာပြီး ယခုတစ်ကြိမ် သူမ ရှာဖွေရရှိမည့် ရိက္ခာများကိုလည်း အစ်ကိုကြီးကောင်းအား တစ်ဝေ ပေးရမည်သာ ဖြစ်သည်။
သို့သော် ယခုလက်ရှိတွင် ရွှီနန်သည် ယာဉ်တန်းထဲ၌ နာမည်ရသူတစ်ဦး ဖြစ်နေပြီး သူနှင့် ချန်းရီတို့ ရင်းနှီးကြောင်းကို လူတိုင်း သိထားကြသည်။
ထို့ကြောင့် အစ်ကိုကြီးကောင်းက ရွှီနန်ကို အမြတ်မထုတ်ရဲဘဲ အချိန်တန်လျှင် သဘောတရားအရ အနည်းငယ်သာ ယူမည်ဟု ပြောပြခဲ့သည်။ ရွှီနန်က ဘာမှ ပြန်မပြောခြင်းမှာ သဘောတူလိုက်သည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
ဦးလေးအားပေါင်က အသံချဲ့စက်ကို ကိုင်ကာ အရှေ့ဆုံးတွင် ရပ်နေ၏။
"အားလုံးပဲ... ဒီတစ်ကြိမ် ရိက္ခာထွက်ရှာရမယ့်ကိစ္စက တော်တော်လေး အန္တရာယ်များတယ်... အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ အားလုံးလည်း သိထားပြီးသား ဖြစ်မှာပါ"
"နေ့ဘက်ဆိုပေမဲ့လည်း... အားလုံး လုံးဝ ပေါ့ဆလို့ မရဘူးနော်"
"မရဏနတ် ဂိုဏ်းက မိတ်ဆွေတွေပေးတဲ့ သတင်းအရ... ဒုတိယ မူလတန်းကျောင်း အနီးတစ်ဝိုက်မှာ ဘာရိက္ခာမှ မရှိတော့ဘူး... ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ နည်းနည်း ခရီးဝေးဝေး သွားရလိမ့်မယ်"
"ဒီတစ်ခေါက် အဓိက ရည်ရွယ်ချက်က လောင်စာဆီ ရှာဖွေဖို့ပါပဲ... အခြေအနေက ခွင့်ပြုမယ်ဆိုရင် အသုံးဝင်မယ့် တခြားရိက္ခာတွေကိုလည်း တတ်နိုင်သမျှ များများ စုဆောင်းခဲ့ကြပါ"
"ပြီးတော့... အားလုံးပဲ... လုံးဝ နောက်ကျန်မရစ်ခဲ့စေနဲ့နော်"
"ကောင်းပြီ... ထွက်ကြမယ်"
"အားလုံးရဲ့ ဒီတစ်ခေါက် တာဝန်တွေ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်"
ပြောပြီးသည်နှင့် ဦးလေးအားပေါင်က ကျောင်းဂိတ်ပေါက် နေရာမှ ဖယ်ပေးလိုက်သည်။
ယခုတစ်ကြိမ်တွင် ဦးလေးအားပေါင်သည် တာဝန်တွင် ပါဝင်ဆောင်ရွက်မည် မဟုတ်ပေ။
ဦးလေးအားပေါင်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ဤကဲ့သို့ အေးခဲနေသော ပတ်ဝန်းကျင်တွင် အသက်ရှင်သန်နေထိုင်ရသည်မှာပင် မူလကတည်းက ခက်ခဲလွန်းနေပြီ ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးတွင် သူ ပါဝင်ရန် မလိုအပ်တော့ချေ။
ယမန်နေ့က အစီအစဉ်အရ ယနေ့တွင် ဦးဆောင်ကားအဖြစ် အလှည့်ကျ မောင်းနှင်ရမည် ဖြစ်သည်။
ချန်းရီက အရင်စတင်ရမည် ဖြစ်သည်။ စုတ်ပြတ်သတ်နေသော ကားကိုယ်ထည်ပေါ်တွင် တာယာလေးလုံး ချိတ်ဆွဲထားရာ ကမ္ဘာပျက်ကပ်၏ အငွေ့အသက် အပြည့်အဝ ရနေ၏။
စနစ်မှတစ်ဆင့် အဆင့်မြှင့်တင် ပြုပြင်ပြီးနောက်တွင် ကားနောက်ခန်းမှာ တာယာလေးလုံး၏ အလေးချိန် ဆွဲငင်မှုကြောင့် ပြုတ်ထွက်မတတ် ဖြစ်မနေတော့ပေ။
တကယ်ပင် စနစ်မှ ထုတ်ပေးသော ပစ္စည်းများသည် ယုံကြည်စိတ်ချရပေသည်။
သို့သော် ကားအတွင်းရှိ လေပူလေအေးပေးစက်ကိုမူ အသုံးပြု၍ မရသေးပေ။
မနေ့က မူလပါလာသော ပစ္စည်းမဟုတ်သည့် ဤလေပူလေအေးပေးစက်ကို ကားထဲသို့ အတင်းအဓမ္မ တပ်ဆင်လိုက်စဉ်က အနည်းဆုံးတော့ ဖြစ်သလို သုံး၍ရမည်ဟု ထင်မှတ်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ ဤနည်းလမ်းက တကယ်ပင် အလုပ်မဖြစ်ချေ။
သတ်ဖြတ်မှတ်များ လုံလောက်လာပြီး စနစ်ကို ကိုက်ညီအောင် ပြုပြင်ချိန်ညှိခိုင်းရန်သာ စောင့်ဆိုင်းရတော့မည်။
ပစ်ကပ်ကားနောက်တွင် လိုက်ပါလာသူမှာ ခေါင်းဆောင် ချူချယ် ဖြစ်ပြီး၊ ၎င်း၏နောက်တွင်မူ ပန်းရောင်ဆံပင်နှင့်ကောင်မလေး၏ ကားနှင့် တင်းတုံ၏ အမိုးပါ ကုန်တင်ကားလေးတို့ ဖြစ်ကြသည်။
အနောက်ဆုံးတွင်မူ သာမန် အသက်ရှင်ကျန်ရစ်သူများ၏ ကားများ ဖြစ်ကြသည်။
ကျောင်းထဲရှိ နှင်းများကို အနည်းဆုံးတော့ မရဏနတ် ဂိုဏ်းသားများနှင့် ယာဉ်တန်းထဲမှ သာမန်လူများက တာဝန်ယူ ရှင်းလင်းပေးထားကြသည်။
သို့သော် ကျောင်းအပြင်ဘက်ရှိ နှင်းများမှာ မနေ့ကထက် ပို၍ ထူထပ်နေလေပြီ။
ယခုအချိန်အထိ နှင်းများ ရပ်တန့်သွားခြင်း မရှိသေးဘဲ တစ်ခါတစ်ရံ များပြားကာ တစ်ခါတစ်ရံ နည်းပါးသွားခြင်းမျိုးသာ ရှိသည်။
ချန်းရီသည် ကားကလေး အနည်းငယ် တုံ့ဆိုင်းသွားသည်ကို ခံစားလိုက်ရပြီး ပစ်ကပ်ကား၏ အောက်ခံထည်က ထူထဲသော နှင်းပြင်ကြီးကို ဖိကြိတ်မိကာ ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
"ရှဲ... ရှဲ... ရှဲ..."
ကားခေါင်းပိုင်းရှိ သံမဏိဘားတန်းက နှင်းများကို တွန်းဖယ်ကာ မောင်းနှင်နေပြီး မကြာမီမှာပင် ကားခေါင်းရှေ့၌ နှင်းပုံကြီး တစ်ပုံ စုပုံလာခဲ့သည်။
ဤကဲ့သို့ အခြေအနေမျိုးဖြင့် ဆက်လက်မောင်းနှင်သွားပါက မကြာခင်မှာပင် ကားထိုးရပ်သွားပြီး ဆက်လက်မောင်းနှင်၍ ရနိုင်တော့မည် မဟုတ်ကြောင်း ယုံကြည်ရပေသည်။
အကယ်၍ အတင်းအဓမ္မ မောင်းနှင်မည်ဆိုလျှင်လည်း မရနိုင်သည်တော့ မဟုတ်ပေ။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဒုတိယမြောက် စွမ်းရည်မှာ ဝင်တိုက်ခြင်းပင် ဖြစ်ရာ ဤမျှလောက်သော အတားအဆီးလေးမှာ တကယ်တော့ ဘာမှမဟုတ်လှချေ။
သို့သော် ဤမျှလောက်လေးနှင့် အစွမ်းကို ထုတ်သုံးလိုက်ရမည် ဆိုပါက တကယ်ပင် နှမြောစရာ ကောင်းလွန်းလှသည်။
အစွမ်းဆိုသည်မှာ အရေးကြီးသော အချိန်အခါမျိုးတွင် အသုံးပြုမှသာ အကြီးမားဆုံးသော တန်ဖိုးကို ရရှိနိုင်မည် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ချန်းရီ၏နောက်မှ လိုက်ပါလာသော လမ်းကြမ်းမောင်းကားများ၏ အခြေအနေမှာ များစွာ ပိုကောင်းမွန်နေသည်။
သူတို့က ချန်းရီ၏ ကားဘီးရာအတိုင်း လိုက်လံ မောင်းနှင်ရုံသာ ဖြစ်သည်။
ကံကောင်းသည်မှာ မနေ့က ချန်းရီသည် သံမှိုစွဲထားသော နှင်းလမ်းသုံး တာယာများကို တပ်ဆင်ထားခဲ့သဖြင့် အနည်းဆုံးတော့ ကားဘီးချော်သည့် အခြေအနေမျိုး မဖြစ်ပေါ်ခဲ့ပေ။
အနည်းငယ် နှေးကွေးရုံသာ ရှိသည်။
ကားအတွင်းရှိ အပူချိန်မှာလည်း အတော်လေး နိမ့်ကျနေ၏။
"ရှဲ... ရှဲ..."
စကားပြောစက်ထဲမှ လျှပ်စစ်လှိုင်းသံများ ထွက်ပေါ်လာသည်။
"ချန်းရီ... အခြေအနေ ဘယ်လိုလဲ"
စကားပြောစက်ထဲမှ ခေါင်းဆောင် ချူချယ်၏ အသံ ထွက်ပေါ်လာသည်။
"အခြေအနေ သိပ်မကောင်းဘူး... ဒါပေမဲ့လည်း ဖြေရှင်းစရာ နည်းလမ်း လုံးဝမရှိတာတော့ မဟုတ်ပါဘူး"
"အေးပါ... ဒါဆိုလည်း မင်းကိုပဲ အားကိုးရတော့မယ်... နာရီဝက်ကြာရင် ထယ်ရှီးနဲ့ တင်းတုံ အလှည့်ကျ ပြောင်းမောင်းရမယ်... အဲဒီနောက်မှာ ချန်းချန်း အလှည့်ပဲ"
"ပြဿနာ မရှိဘူး"
စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့်ကောင်မလေး၏ တက်ကြွရွှင်လန်းနေသော အသံလေး ထွက်ပေါ်လာသည်။
"ဒါနဲ့လေ... ခေါင်းဆောင်၊ ချန်းရီ... ရှင်တို့နှစ်ယောက် ဒီရက်ပိုင်း နည်းနည်း ထူးဆန်းနေသလိုပဲလို့ ကျွန်မ ခံစားနေရတယ်"
ပန်းရောင်ဆံပင်နှင့်ကောင်မလေး၏ အသံ ဆက်လက် ထွက်ပေါ်လာသည်။
"ချန်းရီ... အထူးသဖြင့် ရှင်ပဲ... ကျွန်မ သတိပေးထားမယ်နော်... သူက ကျွန်မရဲ့ ဦးလေးဝမ်းကွဲပဲ... ရှင် ဘာပြဿနာမှ မရှာနဲ့... မဟုတ်ရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
ချန်းရီ ပြီးခဲ့သည့်အကြိမ်က ကုလားအုတ်ယာဉ်တန်းကို ရက်ရက်စက်စက် မျိုချပစ်ခဲ့သည့် ကိစ္စကို ပန်းရောင်ဆံပင်နှင့်ကောင်မလေးသည် ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သည်။
"ဟေး... ချန်းရီ... ရှင် ကြားလား... ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ဘူးနော်"
ပန်းရောင်ဆံပင်နှင့်ကောင်မလေးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်ပြီး သူမ၏ လေသံထဲတွင် စိုးရိမ်မှုနှင့် သတိပေးမှုတို့ ပါဝင်နေသည်။
မည်သို့ပင်ဖြစ်စေ စကားပြောစက် ပိုင်ဆိုင်ထားသူများမှာ အားလုံး ကိုယ့်လူတွေချည်းသာ ဖြစ်သဖြင့် ပန်းရောင်ဆံပင်နှင့်ကောင်မလေးက သူမ၏စကားများကို အခြားသူများ ကြားသွားမည်ကို လုံးဝ စိုးရိမ်ခြင်း မရှိပေ။
"မဟုတ်သေးပါဘူး ချန်းချန်းရဲ့... ငါက အဲဒီလိုလူမျိုးနဲ့ တူနေလို့လား"
"သူက နင့်ရဲ့ ဦးလေးဝမ်းကွဲ ဖြစ်သလို ငါ့ရဲ့ ညီအစ်ကိုလည်း ဖြစ်တယ်လေ... ငါက ဘာမှ ဂရုမစိုက်ဘဲ ဖောက်ပြန်တတ်တဲ့ လူယုတ်မာမျိုး ဖြစ်နေလို့လား... နင်က ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ"
"ပြီးတော့ ပြောရဦးမယ်... ငါက ဘယ်လိုပဲဖြစ်ဖြစ် နင့်ရဲ့ ဦးလေးအရွယ်ပဲ... နင်က ဦးလေးတစ်ယောက်ကို ဒီလိုလေသံမျိုးနဲ့ စကားပြောရသလား"
ချန်းရီက ဘာမှ ထပ်မစဉ်းစားတော့ဘဲ စကားပြောစက်ကို ယူကာ ပြန်ပက်လိုက်သည်။
"ဟွန့်... မဟုတ်ရင် အကောင်းဆုံးပဲ"
စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့်ကောင်မလေး၏ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။
ထို့နောက် တိတ်ဆိတ်သွားလေသည်။
ချန်းရီက လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲမှ ဟွာဇီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ အားပါးတရ ရှိုက်ဖွာလိုက်ပြီး ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဆေးလိပ်ငွေ့များက ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွင့်ထွက်သွားပြီး ကားခေါင်းပိုင်းတွင် ချွန်ထက်သော နှင်းထိုးစက်တစ်ခုအသွင်သို့ အလျင်အမြန် ပုံဖော်သွားသည်။
ပစ်ကပ်ကား ရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော နှင်းထိုးစက်က ကားခေါင်းရှေ့ရှိ နှင်းများကို ဘေးနှစ်ဖက်သို့ တွန်းဖယ်သွားရာ ချန်းရီသည် ကားမောင်းနှင်ရသည်မှာ များစွာ ပေါ့ပါးသွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
စကားပြောစက်ထဲမှ ချူချယ်၏အသံ မကြာခဏ ထွက်ပေါ်လာပြီး ချန်းရီသည် ထယ်ရှီး၏ လမ်းညွှန်ချက်အတိုင်း ရုံမြို့၏ လမ်းမများထက်တွင် ဖြတ်သန်း မောင်းနှင်နေသည်။
သို့သော် အမြန်နှုန်းမှာ အလွန် နှေးကွေးနေဆဲပင်။
မြေပြင်နေရာ အတော်များများတွင် နှင်းပြင်အောက်၌ ထူထဲသော ရေခဲလွှာတစ်လွှာ ရှိနေသေးသဖြင့် သံမှိုစွဲ နှင်းလမ်းသုံး တာယာများ တပ်ဆင်ထားစေကာမူ ကားများမှာ သတိထား၍သာ မောင်းနှင်နေရသည်။
ယခင်က လီဗာတစ်ချက်နင်းရုံဖြင့် သွားနိုင်သော အကွာအဝေးကို ယခုအခါတွင်မူ အဆပေါင်းများစွာ အချိန်ယူ၍ သွားနေရသည်။
ကံကောင်းသည်မှာ ယခုအချိန်သည် နံနက်ခင်းသာ ရှိသေးသဖြင့် တာဝန်ထမ်းဆောင်ရန် အချိန်အလုံအလောက် ရှိနေခြင်းပင်။
ခေါင်းဆောင် ချူချယ်က ဤမြို့တော်အတွင်းရှိ ထူးဆန်းသောအရာများကို အဆက်မပြတ် အာရုံခံနေသည်။
မနေ့ညက ကျောင်းအနီးတစ်ဝိုက်တွင် ထူးဆန်းသောအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
၎င်းမှာ ချူချယ် အာရုံခံမိသော ထူးဆန်းသည့်အရာ အများဆုံး အကြိမ်များထဲမှ တစ်ကြိမ်ပင် ဖြစ်သည်။
ယခုတစ်ကြိမ် တာဝန်သည် လုံးဝ ချောမွေ့မည် မဟုတ်ဘဲ ထိုထူးဆန်းသောအရာများ မည်သည့်အချိန်တွင် ပေါ်လာမည်နည်း ဆိုသည်ကသာ ကွာခြားချက် ဖြစ်ပေမည်။
တစ်မြို့လုံးတွင်လည်း ဤကားအနည်းငယ်မျှသာ သွားလာလှုပ်ရှားနေကြသည်။
ကမ္ဘာကြီးတစ်ခုလုံးမှာလည်း ဆီးနှင်းများဖြင့် ဖြူဖွေးနေ၏။
လူသားများ ပျောက်ကွယ်သွားခြင်းက လူသားများကိုယ်တိုင်အပေါ်သာ အကျိုးသက်ရောက်မှု ရှိပုံရသည်။
လူသားများ ပျောက်ကွယ်သွားသည့်အတွက် ဤကမ္ဘာကြီးသည် ဝမ်းနည်းပူဆွေးနေခြင်း မရှိသည့်အပြင် လမ်းဘေးရှိ သစ်ပင်များပင် ပိုမို စိမ်းလန်းစိုပြည်လာကာ လေထုမှာလည်း ပို၍ သန့်စင်လတ်ဆတ်လာခဲ့သည်။
ကျောင်းအနီးတစ်ဝိုက်ရှိ ဈေးဝယ်စင်တာများနှင့် စူပါမားကတ်များကဲ့သို့ ရိက္ခာရှာဖွေနိုင်မည့် နေရာတိုင်းကို မရဏနတ် ဂိုဏ်းသားများက အကုန်အစင် ရှာဖွေ သိမ်းကျုံးထားပြီး ဖြစ်သည်။
အနီးအနားရှိ ဓာတ်ဆီဆိုင် အနည်းငယ်ကိုပင် မရဏနတ် ဂိုဏ်းသားများက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝင်ရောက်မွှေနှောက်ထားခဲ့ကြသည်။
ထို့ကြောင့် ဓာတ်ဆီဆိုင်များကို ရှာဖွေတွေ့ရှိလိုပါက ယာဉ်တန်းသည် ပိုမိုဝေးကွာသော နေရာများသို့ သွားရောက်ရမည် ဖြစ်သည်။
နာရီဝက်ကြာပြီးနောက်။
ထယ်ရှီး ဦးဆောင်ရမည့် အလှည့်သို့ ရောက်လာသည်။
အမိုးပါ ကုန်တင်ကားလေးက ချန်းရီကို ကျော်တက်သွားပြီး ယာဉ်တန်း၏ အရှေ့ဆုံးနေရာတွင် ရပ်တန့်လိုက်သည်။
ချန်းရီက ထယ်ရှီးဟူသော ထိုလူသန်ကြီး ကားပေါ်မှဆင်းလာပြီး ယာဉ်တန်း၏ အရှေ့ဆုံးသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။
ဤလူသန်ကြီးများ သေးပေါက်ချင်နေ၍လားဟု ချန်းရီ သံသယဝင်နေစဉ်မှာပင်။
ထယ်ရှီး၏ လက်နှစ်ဖက်က လိမ်ယှက်ပေါင်းစည်းသွားပြီး သွေးသားအမြောက်စင်တစ်ခု ပေါ်လာသည်။
အမြောက်စင်၏ ဗိုက်က ပူတင်းငါးတစ်ကောင်လို ဖောင်းကားလာသည်။
"ဝုန်း"
ဖောက်ထွင်းမြင်ရသော လေအမြောက်တစ်ချက် တိုက်ရိုက် ပစ်ခတ်လိုက်သည်။
လေအမြောက်က လမ်းတစ်လျှောက်ရှိ နှင်းများကို ထိုးခွဲသွားပြီး ရှည်လျားသော လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်သည်။
ဆီးနှင်းများက ထိုလမ်းမထက်တွင် ဖရိုဖရဲ လွင့်စင်သွားကြသည်။
လမ်းသစ်တစ်ခုသို့ ရောက်တိုင်း ဤလူသန်ကြီးက ထိုသို့ တစ်ခါလုပ်တတ်သဖြင့် ချန်းရီမှာ ကြည့်ရင်း ဘာပြောရမှန်းပင် မသိတော့ချေ။
ဒီအရူး... တကယ်လို့များ ထူးဆန်းတဲ့အရာတွေနဲ့ တွေ့ရင် မင်း ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
ဒါက ထယ်ရှီးပင် ဖြစ်သည်။ အသင်းဖော်များက ခိုင်းစေသမျှကို ဤအရူးက ဘာကြောင့်လဲဟူ၍ တစ်ခါမျှ ပြန်မတွေးတတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ချန်းရီမှာမူ နာရီဝက် ပြည့်သွားသည်နှင့် တစ်စက္ကန့်လေးပင် ပိုမလုပ်ခဲ့ချေ။
ထယ်ရှီးက တင်းတုံ၏ အပိုင်းကိုပါ လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့်ကောင်မလေး ဦးဆောင်ရမည့် အလှည့်သို့ ရောက်လာသောအခါ။
ကောင်မလေးက ဓားပျံပညာရပ်ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။
နံပါတ်စဉ် သုံးထောင်ကျော်ရှိသော ထိုသဘာဝလွန် ဓားရှည်ကြီးက ကားရှေ့တွင် လေထဲ၌ ရပ်တန့်နေပြီး ဓားရှည်ပေါ်တွင် မီးရှူးမီးပန်းများကဲ့သို့ အရောင်ဖျော့ဖျော့ အနီရောင်အလင်းတန်း တစ်ခုက ရစ်ပတ်နေသည်။
နှင်းများက တဖြည်းဖြည်း အရည်ပျော်ကျသွားကြသည်။
ထယ်ရှီး ရှင်းလင်းသွားသလောက် မပြောင်စင်သော်လည်း ကားမောင်းနှင်ရန်အတွက်မူ လုံးဝ ပြဿနာ မရှိပေ။
ချန်းရီအနေဖြင့် ဤဓားရှည်ကြီး၏ အစွမ်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ဤကောင်မလေးတွင်လည်း ဖုံးကွယ်ထားသော လျှို့ဝှက်ချက်အချို့ ရှိနေပုံရသည်။
ဆက်ရန်...