← Chapters

အခန်း ၁၃၅

Vol. 7 Ch. 135

အခန်း ၁၃၅

Vol. 7 Ch. 135

အပိုင်း(၁၃၅) စတုတ္ထမြောက် သံမဏိစည်းမျဉ်း

"ချန်းချန်း... ရှေ့ကနေ ဘယ်ဘက်ကို ကွေ့ပြီး ဒုတိယမြောက် လမ်းဆုံမှာ ညာဘက်ကို ချိုးပြီး တည့်တည့်သွားလိုက်ရင် အဲဒီဆီဆိုင်ကို တွေ့လိမ့်မယ်"

စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ အသံ ထွက်ပေါ်လာ၏။

"သိပါပြီ"

ဤတစ်ကြိမ်တွင် စကားပြောစက်ထဲမှ ထွက်ပေါ်လာသည်က ရှောင်ယွီ၏ အသံဖြစ်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ဟန် ရှိသည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက်။

ယာဉ်တန်းသည် ဓာတ်ဆီဆိုင်တစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။

ဓာတ်ဆီဆိုင်၏ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ပေါ်တွင် "xxx ဆီဆိုင်" ဟု ရေးသားထားသည်။

ရှေ့မှ စာလုံးနှစ်လုံးမှာမူ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိရတော့ချေ။

ချန်းရီက ကားပေါ်မှ ဆင်းလာပြီး ခါးတွင် ချိတ်ဆွဲထားသော မရဏသွေး ထင်းခုတ်ဓားမ၏ လက်ကိုင်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ ပါးစပ်ထဲမှ ဆေးလိပ်မှာ မငြိမ်းသေးဘဲ မီးခိုးငွေ့များက ပတ်ဝန်းကျင်တွင် လွင့်ဝဲနေ၏။

မီးခိုးငွေ့များထဲမှ တောခွေးရိုင်း ခုနစ်ကောင် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝိုင်းရံကာ သတိဝီရိယဖြင့် စောင့်ကြပ်နေကြသည်။

ချန်းရီ၏ ကြောက်တတ်ပုံကို မည်သူကမျှ လှောင်ပြောင်ခြင်း မရှိကြပေ။

ယခု ဤဓာတ်ဆီဆိုင်သည် ချန်ဝမ်ရပ်ကွက်၏ အစွန်အဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ယံတွင် မီးခိုးရောင်များ ဖုံးလွှမ်းနေဆဲဖြစ်ပြီး နေရောင်ခြည် အနည်းငယ်မျှပင် ဖြာကျလာသည်ကို မမြင်တွေ့ရချေ။

နှင်းပွင့်များက လူတိုင်း၏ ခေါင်းပေါ်နှင့် အဝတ်အစားများပေါ်သို့ တဖြည်းဖြည်း ကျဆင်းလာနေ၏။

"အားလုံးပဲ... မြန်မြန်လှုပ်ရှားကြ"

ဦးလေးအားပေါင် မရှိသည့်အတွက် ယာဉ်တန်းလက်ထောက် ရှောင်ဝမ်က ယာယီ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

သေချာသည်မှာ ထိုသို့ အမိန့်ပေးပိုင်ခွင့်သည် ကျိုးရှောင်ရှောင်၊ ရွှီနန်တို့ကဲ့သို့သော သာမန် အသက်ရှင်ကျန်ရစ်သူများအပေါ်တွင်သာ သက်ရောက်မှု ရှိပေသည်။

ထို့နောက်တွင်တော့ ကိုယ်ပိုင်ကားများ၏ မတူညီမှုများကို စတင် တွေ့ရှိလာရတော့သည်။

ချန်းရီ၏ ကားမှာ ခဏမျှ ဓာတ်ဆီထည့်လိုက်ရုံဖြင့် အပြည့်ဖြစ်သွား၏။

မတတ်နိုင်ပေ၊ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ဆီတိုင်ကီမှာ (၁၆) ဂါလန်သာ ဆံ့ပြီး ၎င်းမှာပင် စနစ်က ယခင်ဆီပုံးနှစ်ပုံးကို အသုံးပြုကာ အဆင့်မြှင့်တင် ပြုပြင်ထားခြင်း ဖြစ်သည်။

"တောက်... ခဏနေ ကျောင်းကို ပြန်ရောက်ရင် ဆီတိုင်ကီ အပိုနည်းနည်းလောက် ဖြုတ်ပြီး တပ်ထားဦးမှပဲ"

ချန်းရီက စိတ်ထဲမှနေ၍ အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

ခေါင်းဆောင်ချူနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့၏ ကားကို ဆီဖြည့်ရသည်မှာမူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ချန်းရီ ဆီဖြည့်ပြီးသွားချိန်တွင် သူတို့မှာ ယခုမှ စတင်နေပုံရသည်။

ကံကောင်းသည်မှာ ဤတစ်ကြိမ် အပြင်ထွက်လာရာတွင် ဦးလေးအားပေါင်က မရဏနတ် ဂိုဏ်းဝင်များထံမှ ဆီပုံးများစွာကို ငှားရမ်းလာခဲ့ခြင်း ဖြစ်သည်။

ယာဉ်တန်းတွင် ယခင်ကတည်းက ရှိနေသော ဆီပုံးအချို့နှင့်ပါ ပေါင်းလိုက်လျှင် ဤဆီပုံးများ အားလုံးကိုသာ အပြည့်ဖြည့်နိုင်ပါက တစ်ယာဉ်တန်းလုံးအနေဖြင့် နောင်လာမည့် အချိန်အတော်ကြာသည်အထိ ဓာတ်ဆီ မလုံလောက်မည့် ပြဿနာကို စိုးရိမ်စရာ မလိုတော့ပေ။

လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် တာဝန်ခွဲဝေမှုများ အသီးသီး ရှိကြသည်။

အချို့က ဓာတ်ဆီဖြည့်သည့် တာဝန်ကို ယူရပြီး အချို့ကမူ ဓာတ်ဆီအပြည့် ဖြည့်ထားသော ဆီပုံးများကို ကားပေါ်သို့ တင်ပေးရသည်။

ယခုလို အချိန်မျိုးတွင် ကျိုးရှောင်ရှောင်ကိုပင် ယောက်ျားတစ်ယောက်ကဲ့သို့ အသုံးချခံနေရ၏။

ထိုကောင်မလေးသည် လက်တစ်ဖက်လျှင် ၈ ဂါလန်ဆံ့ ဆီပုံးတစ်ပုံးစီကို ဆွဲမထားရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော်လည်း လေဟုန်စီးနေသကဲ့သို့ လျင်မြန်စွာ လျှောက်လှမ်းနေဆဲပင်။

အစ်ကိုကြီးကောင်းနှင့် ရွှီနန်တို့ နှစ်ဦးကမူ ဆီပုံးများထဲသို့ ဓာတ်ဆီဖြည့်သည့် တာဝန်ကို ယူထားကြသည်။

ဆီပုံးတစ်ပုံး အပြည့်ဖြည့်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်တစ်ယောက်က နောက်ထပ် ဆီပုံးတစ်ပုံးကို ချက်ချင်း ယူဆောင်လာကာ ဆက်လက် ဖြည့်တင်းလေသည်။

ထို့နောက် ဆီပုံး၏ အဖုံးကို တင်းကျပ်စွာ ပိတ်လိုက်ကြပြီး တစ်စက္ကန့်မျှပင် အချိန်ဖြုန်းတီးခြင်း မရှိကြပေ။

တစ်ချိန်တည်းမှာပင် သူတို့သည် အလုပ်လုပ်နေစဉ်အတွင်း မျက်လုံးများကလည်း ပတ်ဝန်းကျင်သို့ မပြတ် အကဲခတ်နေကြပြီး သူတို့ အမုန်းဆုံးသော အရာများကို မြင်တွေ့ရမည်ကို အလွန်ပင် စိုးရိမ်နေကြ၏။

လူတိုင်းက အလုပ်များနေကြသဖြင့် မည်သူကမျှ စကားတစ်ခွန်းမျှ ပိုမပြောလိုကြပေ။

ဤတစ်ကြိမ် ဓာတ်ဆီများကို စုပေါင်းရယူပြီးနောက် အချိုးကျ ပြန်လည် ခွဲဝေပေးမည် ဖြစ်သည်။

ချန်းရီတို့ကတော့ သဘာဝကျကျပင် အများဆုံး ရရှိမည် ဖြစ်၏။

သို့သော် သာမန် အသက်ရှင်ကျန်ရစ်သူများဆီသို့ အချိုးကျ ခွဲဝေပေးရာတွင်လည်း တစ်ယောက်လျှင် မနည်းမနော ရရှိကြမည်သာ ဖြစ်သည်။

ပုံမှန်အခြေအနေများတွင်မူ ခေါင်းဆောင်ချူသည် ခြေဗလာဖြစ်နေသောကြောင့် နွေးထွေးသော ကားထဲမှ အပြင်သို့ ထွက်လိုစိတ် သိပ်မရှိလှပေ။

သို့သော် ယခုအချိန်တွင် ခေါင်းဆောင်ချူသည် နှင်းပြင်ပေါ်၌ ခြေဗလာဖြင့် ရပ်နေပြီး သူ၏ ခြေထောက်အစုံမှာ အအေးဒဏ်ကြောင့် နီမြန်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

ခေါင်းဆောင်ချူသည် စိုးရိမ်တကြီးဖြင့် အနောက်ဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေ၏။

တင်းတုံ၊ ထယ်ရှီး၊ စွန်းချန်းချန်းနှင့် ချန်းရီတို့ လေးဦးသည်လည်း ကိုယ်စီ နေရာအသီးသီးမှနေ၍ သတိဝီရိယဖြင့် စောင့်ကြပ်နေကြသည်။

သူတို့၏ အနောက်ဘက်တွင်တော့ အလုပ်ကို ပြာယာခတ်စွာ လုပ်ဆောင်နေကြသော အသက်ရှင်ကျန်ရစ်သူများ ရှိနေသည်။

ချန်းရီ၏ ဘေးတွင်မူ မီးခိုးငွေ့များဖြင့် ပုံဖော်ထားသော တောခွေးရိုင်း အကောင်အချို့က ရပ်နေပြီး အလွန်ပင် ခန့်ညားထည်ဝါနေပုံရသည်။

ဤမီးခိုးငွေ့ဖြင့် ပုံဖော်ထားသော တောခွေးရိုင်းများသည် ပုံဖော်ခံရသည့် ပစ်မှတ်ကို ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းကြောင့် တိုက်ခိုက်ရေးစွမ်းရည် သိပ်မမြင့်မားကြောင်းကို ချန်းရီ တစ်ယောက်တည်းကသာ သိထားလေသည်။

သို့သော် အားသာချက်မှာ တစ်ကောင်သေသွားလျှင် ချက်ချင်း အစားထိုးနိုင်ခြင်းပင် ဖြစ်၏။

ဤအချိန်တွင် ချန်းရီက ထိုမရဏနတ်သမီးကို ပြန်လည် သတိရသွားသည်။

ထိတွေ့ရသည့် အခွင့်အရေးက အလွန်ပင် နည်းပါးလွန်းလှသဖြင့် မရဏနတ်သမီးကို ပုံဖော်ရန် အစီအစဉ်မှာ အမြဲတမ်း ရပ်တန့်နေခဲ့ရသည်။

ဤတစ်ကြိမ် ပြန်ရောက်လျှင် ဝူကျန့်ရှန်းနှင့် သေချာပေါက် ဆွေးနွေးတိုင်ပင်ပြီး မရဏနတ်သမီးနှင့် အနီးကပ် ထိတွေ့ခွင့် ရနိုင်မရနိုင် ကြည့်ရမည်။

မရဏနတ်သမီး၏ စွမ်းအား (၁) ရာခိုင်နှုန်းကို ရရှိမည်ဆိုလျှင်ပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။

သို့သော် ထိုကောင်က သဘောတူ၊ မတူ ဆိုသည်ကိုတော့ မသိရပေ။

ပန်းရောင်ဆံပင် ကောင်မလေး၏ ပန်းရောင် ဆံပင်များထက်တွင် နှင်းပွင့်များ အပြည့်ကျဆင်းနေပြီး အပေါ်ပိုင်းတွင် ဝတ်ဆင်ထားသော အနက်ရောင် အနွေးထည်ပေါ်တွင်လည်း နှင်းပွင့်များ အများအပြား ရှိနေသည်။

ပန်းရောင်ဆံပင် ကောင်မလေးကမူ တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ လက်ထဲတွင် ဓားရှည်ကို ဆုပ်ကိုင်ထားကာ လှပသော မျက်ဝန်းများတွင် လေးနက်မှုများ အပြည့်ဖြင့် အရှေ့ဘက်ရှိ မှောင်မိုက်နေသော နေရာတိုင်းကို အဆက်မပြတ် အကဲခတ်နေ၏။

ခြေလှမ်းများကို အဆက်မပြတ် ရွှေ့လျားနေသဖြင့် သူမ၏ နောက်ကွယ်တွင် ကျဆင်းနေသော နှင်းပွင့်များမှာ လွင့်ပျံသွားလိုက်၊ ပြန်လည် ကျဆင်းလာလိုက် ဖြစ်နေသည်။

တင်းတုံကမူ နှုတ်ဆိတ်နေပြီး နှင်းပွင့်များကြားတွင် ရုပ်တုတစ်ခုအလား ရပ်နေသည်။

ဤအမျိုးသမီးသည် လူ့လောကနှင့် မသက်ဆိုင်တော့သည့် အငွေ့အသက်မျိုး ပို၍ပို၍ ရရှိလာနေသည်။

ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း ကြည့်လေကြည့်လေ ဆွဲဆောင်မှု ရှိလေလေ ဖြစ်နေ၏။

ထယ်ရှီး ဆိုသည့် လူအ သတ္တဝါကမူ အအေးဒဏ်ဆိုသည်ကို လုံးဝ မသိရှိပုံရသည်။

ယခုအချိန်အထိ ဤကောင်က လက်တိုအင်္ကျီကိုသာ ဝတ်ဆင်ထားဆဲပင်။

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော နှင်းပွင့်တိုင်းမှာ နှင်းရေအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး တစ်ချို့က လက်မောင်းတစ်လျှောက် စီးကျသွားကာ တစ်ချို့ကမူ ဤကောင့်၏ ကိုယ်အပူချိန်ကြောင့် အငွေ့ပျံသွားလေသည်။

ထို့ကြောင့် သူ၏ ကိုယ်ပတ်လည်တွင် ရေနွေးငွေ့များဖြင့် ဖွဲ့စည်းထားသော အကာအကွယ်တစ်ခု ဖြစ်ပေါ်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။

ဂျပန်အာနီမဲ ဇာတ်ကားများထဲမှ အစွမ်းတွေ လျှံကျနေသည့် ထိပ်တန်း ဆရာကြီး တစ်ကောင်နှင့်ပင် တူနေသေးသည်။

"ခေါင်းဆောင်ချူ... ပြီးပြီ"

နောက်ဆုံးတွင် ဤအသံကို ကြားလိုက်ရသောအခါ လူအချို့မှာ သိသိသာသာပင် သက်ပြင်းချနိုင်သွားကြသည်။

"မြန်မြန် သွားကြ"

ခေါင်းဆောင်ချူသည် ပထမဆုံးအကြိမ် ကားထဲသို့ ပြန်ဝင်လာပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ဆိုးရွားနေသည်။

ဤအချိန်တွင် မည်သူကမျှ ခေါင်းဆောင်ချူအား ဘာဖြစ်ခဲ့သလဲဟု မမေးမြန်းရဲကြပေ။

သို့သော် အားလုံး၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လွန်းလှပြီး စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ချေ။

ချန်းရီ၏ ဘေးရှိ မီးခိုးငွေ့ဖြင့် ပုံဖော်ထားသော တောခွေးရိုင်း အကောင်အချို့သည်လည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

ကားများ စက်နှိုးကာ လာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွားကြသည်။

ကံကောင်းသည်မှာ ယခင်က ချန်ရစ်ခဲ့သော လမ်းကြောင်းများမှာ နှင်းများဖြင့် လုံးဝ ဖုံးလွှမ်းသွားခြင်း မရှိသေးသဖြင့် ဤတစ်ကြိမ်တွင် သဘာဝလွန်အစွမ်းကို အသုံးပြုပြီး လမ်းဖောက်စရာ မလိုတော့ဘဲ အမြန်နှုန်းမှာ ယခင်ကထက် များစွာ ပိုမြန်နေသည်။

ဤအချက်က လူတိုင်း၏ ရင်ထဲရှိ ကျောက်တုံးကြီးကို အနည်းငယ် ပေါ့ပါးသွားစေသည်။

ယာဉ်တန်းသည် နှင်းကန့်လန့်ကာကြီးကို ထိုးခွဲကာ နှင်းလှိုင်းများကို လိပ်တက်စေလျက် ကျောင်းရှိရာ အရပ်ဆီသို့ ဦးတည် ပြေးနှင်သွားကြသည်။

ခေါင်းဆောင်ချူ၏ မျက်နှာမှာ တင်းမာနေဆဲဖြစ်ပြီး အနည်းငယ်မျှပင် ပြေလျော့သွားခြင်း မရှိချေ။

ကားမောင်းနေသော ယာဉ်တန်းလက်ထောက် ရှောင်ဝမ်သည် ခေါင်းဆောင်၏ မျက်နှာမကောင်းသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား မျက်နှာ ဖြူဖျော့သွားသည်။

ခေါင်းဆောင်၏ မျက်နှာ မကောင်းသည့် အကြိမ်တိုင်း...

မကောင်းသော ကိစ္စရပ်များ အမြဲတမ်း ဖြစ်ပေါ်လာတတ်သည်။

ဤသည်မှာ ယာဉ်တန်း၏ စတုတ္ထမြောက် သံမဏိစည်းမျဉ်းပင် ဖြစ်၏။

ယာဉ်တန်းထဲတွင် အသက်ရှင်ကျန်ရစ်သူများသည် သံမဏိစည်းမျဉ်း တစ်စုကို သတ်မှတ်ထားကြသည်။

ထို့အပြင် ယာဉ်တန်းသို့ အသစ် ဝင်ရောက်လာသူတိုင်းကို ထိုစည်းမျဉ်းများကို ပြောပြလေ့ရှိကြသည်။

ဥပမာအားဖြင့် ပထမစည်းမျဉ်းမှာ - နောက်ကျန်မရစ်စေနဲ့... နောက်ကျန်မရစ်စေနဲ့... လုံးဝ နောက်ကျန်မရစ်စေနဲ့။

ရိက္ခာ မရှိလျှင်ပင် နေပါစေ၊ သို့သော် နောက်ကျန်မရစ်စေနှင့်။

သင့်ထံတွင် ရိက္ခာမရှိသော်လည်း ယာဉ်တန်းရှိ အခြားသူများထံတွင် ရှိသည်။ သင် ပိုင်ဆိုင်သမျှ အရာအားလုံးဖြင့် သွားရောက် လဲလှယ်နိုင်သည်။ ထိုအရာက သင့်၏ ဂုဏ်သိက္ခာ သို့မဟုတ် အခြားအရာပင် ဖြစ်နေပါစေ။

သို့သော် နောက်ကျန်ရစ်ခဲ့မည် ဆိုပါက... သေဆုံးခြင်း တစ်ခုတည်းသာ ရှိပေလိမ့်မည်။

ဒုတိယအချက် - နောက်ကျန်မရစ်ရန် သေချာစေပြီးနောက် ရိက္ခာပစ္စည်းများကို တတ်နိုင်သမျှ များများ စုဆောင်းပါ။

တတိယအချက် - တရားမျှတမှု။ တရားမျှတမှုသည် ယာဉ်တန်း၏ အခြေခံ အုတ်မြစ် ဖြစ်သည်။

စတုတ္ထအချက် - ခေါင်းဆောင်ချူ မျက်နှာမကောင်းသည့် အချိန်တိုင်းသည် မကောင်းသော ကိစ္စရပ်များ ဖြစ်ပေါ်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယခုအချိန်တွင်မူ ခေါင်းဆောင်ချူ၏ မျက်နှာမှာ အလွန် ဆိုးရွားနေလေပြီ။

"ခေါင်းဆောင်... ဒီလမ်းကနေ ညာဘက်ကို ကွေ့လိုက်ရင် ဈေးဝယ်စင်တာကြီး တစ်ခု ရှိတယ်လို့ မန်မန် ပြောတာ ကြားဖူးတယ်... သူတို့လည်း အဲဒီနေရာကို မရှာရသေးဘူးတဲ့... ကျွန်မတို့ သွားကြည့်ကြမလား"

စကားပြောစက်ထဲမှ ပန်းရောင်ဆံပင် ကောင်မလေး၏ အသံ ထွက်ပေါ်လာသည်။

ခေါင်းဆောင်ချူက တုံဆိုင်းခြင်း အလျဉ်းမရှိဘဲ စကားပြောစက်ကို ကောက်ကိုင်ကာ တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။ "အမြန်ဆုံး အမြန်နှုန်းနဲ့ ကျောင်းကို ပြန်မောင်းကြ"

စကားပြောစက်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပန်းရောင်ဆံပင် ကောင်မလေး၏ အသံက တုံ့ပြန်လာသည်။ "သိပါပြီ"

"မန်မန် ဆိုတာ ဘယ်သူလဲ"

စကားပြောစက်ထဲမှ ချန်းရီ၏ အသံ ထွက်ပေါ်လာသည်။

"မန်မန် ဆိုတာ မရဏနတ် ဂိုဏ်းဝင်လေ"

ကောင်မလေး၏ အသံက ပြန်လည် ဖြေကြားလိုက်သည်။

"မထင်ရဘူးနော်... နင်တောင် သတင်းလှည့်ပတ် မေးတတ်နေပြီပဲ"

"ဒါပေါ့... ကျွန်မက အစ်ကို့လို နေ့တိုင်း ဘာမှမလုပ်ဘဲ နေတယ်လို့ ထင်နေလို့လား"

ကောင်မလေး၏ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။

"ကျစ်... နင့်လို ကောင်မလေးက ဘာသိလို့လဲ... ငါက နေ့တိုင်း အလုပ်များနေတာကွ... ဘာမှမလုပ်တဲ့သူဆိုလို့ ထယ်ရှီး တစ်ယောက်ပဲ ရှိတာ"

"ငါ... ငါလည်း အလုပ်များပါတယ်ကွာ"

ထယ်ရှီး၏ တုံးအအ အသံက စကားပြောစက်ထဲမှ ထွက်ပေါ်လာသည်။

"နေပါဦး... ရှင်တို့က ယဉ်ကျေးမှုရော ရှိကြရဲ့လား"

တင်းတုံကလည်း ရှားရှားပါးပါး စကားတစ်ခွန်း ဝင်ပြောကာ ထယ်ရှီးအတွက် မခံမရပ်နိုင် ဖြစ်ပေးရှာသည်။

လေထုက အရမ်းကို ဖိစီးနေ၍လားမသိ၊ စကားပြောစက်ထဲတွင် တစ်ယောက်တစ်ခွန်း ဝင်ရောက် ပြောဆိုနေကြသည်။

သို့သော် အမှန်တကယ်တွင်မူ ဤတစ်ခေါက် ခရီးစဉ်သည် အေးချမ်းလိမ့်မည် မဟုတ်ကြောင်းကို လူတိုင်း ကိုယ်စီ သတိပြုမိနေကြ၏။

အားလုံးက ဟာသလုပ်ပြီး ဖိအားများကို လျှော့ချနေကြခြင်းသာ ဖြစ်သည်။

သူတို့၏ ပျော်ရွှင်မှုသည် အတုအယောင်မျှသာ။

သို့သော် ယာဉ်တန်းအနောက်ဘက်ရှိ ဘတ်စ်ကားထဲတွင်မူ အမှန်တကယ် ပျော်ရွှင်နေကြသည်။

မသိသူများက မကြောက်တတ်ဆိုသည်မှာ သူတို့ကို ဆိုလိုခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် ခေါင်းဆောင်ချူ၏ ဆိုးရွားနေသော မျက်နှာကြီးကို မမြင်လိုက်ရ၍လည်း ဖြစ်နိုင်လေသည်။

ဤတစ်ကြိမ်တွင် အကြီးအကျယ် အကျိုးအမြတ် ရရှိခဲ့သည်ဟု ဆိုရမည်။

ဓာတ်ဆီတစ်ခုတည်းသာ ဖြစ်သော်လည်းပေါ့။

သို့သော် ဓာတ်ဆီများဖြင့် ကောင်းမွန်သော ပစ္စည်းများကို အများအပြား လဲလှယ်နိုင်သည်။

ထို မရဏနတ် ဂိုဏ်းဝင်များ၏ လက်ထဲတွင် ရိက္ခာပစ္စည်းများစွာ ရှိနေသည် မဟုတ်ပါလော။

"အစ်ကိုကြီးကောင်း... ဒီတစ်ခေါက်တော့ ဓာတ်ဆီတွေ အများကြီး ခွဲရလိမ့်မယ်နော်"

"ဟုတ်တယ်... ခေါင်းဆောင်ချူက အတရားမျှတဆုံးပဲ... သူ ကတိပေးထားပြီးပြီဆိုရင် နောက်ဆုံးကျရင် သေချာပေါက် လုပ်ပေးတာချည်းပဲ"

"ရွှီနန်... ဒီတစ်ခေါက် မင်း ဘာသွားလဲမလို့လဲ"

"ငါ ချောကလက် နည်းနည်း သွားလဲမလို့"

"အဲဒါက ဈေးမပေါဘူးနော်... မင်း တစ်ကယ် လဲမလို့လား"

ရွှီနန်၏ အဖြေကို ကြားလိုက်ရသောအခါ အချို့မှာ နားမလည်နိုင် ဖြစ်သွားကြသည်။

ချောကလက်က ကောင်းသော်လည်း သွားရောက် လဲလှယ်မည်ဆိုပါက တန်ဖိုးက အလွန် ကြီးမြင့်ပေလိမ့်မည်။

"ဟုတ်တယ်... ငါ့ညီမလေးက အဲဒါစားရတာ ကြိုက်လို့လေ... နည်းနည်းလောက် လဲပြီး သိမ်းထားမလို့... နောက်ပိုင်းကျရင် ဒီပစ္စည်းတွေက ပိုပိုပြီး ရှားလာတော့မှာ"

"မင်း ညီမလေးကို ရှာမတွေ့သေးဘူးလား"

"ဟင့်အင်း"

"မင်းလည်း သိပ်ပြီး စိတ်မပူပါနဲ့... မနက်ဖြန်လောက်ကျရင် မင်းညီမလေးကို ရှာတွေ့ချင်လည်း တွေ့မှာပေါ့"

ရွှီနန် သူ၏ညီမလေးကို ရှာဖွေနေသည့် ကိစ္စမှာ ယာဉ်တန်းထဲတွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်ပေ။

ထိုသတင်းသည်ပင်လျှင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တစ်စုံတစ်ယောက်က သတင်းအချက်အလက် တစ်ခုခု ရုတ်တရက် သိလာမည်ကို ရည်ရွယ်၍ ရွှီနန်က တမင်သက်သက် သတင်းဖြန့်ထားခြင်း ဖြစ်သည်။

လူအများကလည်း အခြားအကြောင်းအရာများကို စတင် ပြောဆိုလာကြသည်။

သို့သော် သူတို့၏ စကားလမ်းကြောင်းက ပို၍ပို၍ လွဲချော်လာကာ အရိုင်းအစိုင်းဘက်သို့ပင် ရောက်ရှိလာတော့သည်။

ယာဉ်တန်းဆိုသည်မှာလည်း လူ့အသိုင်းအဝိုင်း အသေးစားလေး တစ်ခုပင် မဟုတ်ပါလော။

ရိက္ခာပစ္စည်းများကိုသာ ပေးချေနိုင်မည်ဆိုပါက အချို့သော ကိစ္စရပ်များတွင် ကမ္ဘာပျက်ကပ် မတိုင်မီကထက်ပင် ပိုမို ပွင့်လင်းလွတ်လပ်နေသေးသည်။

ဤကဲ့သို့သော အခြေအနေမျိုးကိုမူ ဦးလေးအားပေါင်က အလွန်အမင်း တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း မရှိပေ။

ထို့အပြင် ဤသည်မှာလည်း ရိက္ခာပစ္စည်းများကို ခွဲဝေပေးသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ဤအချိန်တွင် ကျိုးရှောင်ရှောင်သည်လည်း အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေပြီး ကားထဲရှိ စပီကာကို ဖွင့်ကာ သီချင်း ဖွင့်ထားလိုက်သည်။

ယခင်က ခေါင်းဆောင်ချူ၏ ခွဲဝေမှု အစီအစဉ်အရဆိုလျှင် သူမအနေဖြင့် ဓာတ်ဆီ အများအပြား ရရှိနိုင်ပေသည်။

ဤဓာတ်ဆီများကိုသာ ရရှိထားမည်ဆိုပါက သူမသည် အချိန်အတော်ကြာသည်အထိ စိုးရိမ်စရာ မလိုတော့ပေ။

ခေါင်းဆောင်ချူ တစ်ယောက်တည်းသာ မျက်နှာမှာ ပို၍ပို၍ ညှိုးနွမ်းလာနေသည်။

သူ၏ အာရုံခံစားမှုထဲတွင် ရုံမြို့ တစ်မြို့လုံးရှိ ထူးဆန်းသည့် အရာများ အားလုံးသည် လှုံ့ဆော်ခံလိုက်ရသည့်အလား ဖြစ်နေသည်။

မရေမတွက်နိုင်သော ထူးဆန်းသည့် အရာများက ယာဉ်တန်းရှိရာဘက်သို့ အုပ်စုလိုက်ကြီး ပြေးနှင်လာနေကြ၏။

ဤအချိန် ဤအခိုက်အတန့်တွင် ခေါင်းဆောင်ချူမှာ ပျားအုံကို တုတ်နှင့်ထိုးမိသကဲ့သို့ ခံစားနေရလေသည်။

အစ်ကိုကြီးကောင်းတို့ကမူ ပျော်ရွှင်စွာဖြင့် စကားပြောနေကြဆဲဖြစ်ပြီး ကျောင်းနှင့် အကွာအဝေးမှာလည်း မိုင်ဝက်ကျော်ကျော်မျှသာ ကွာဝေးတော့သည်။

နောက်ထပ် လမ်းဆုံတစ်ခုကိုသာ ကွေ့လိုက်မည်ဆိုပါက ဒုတိယ မူလတန်းကျောင်း တည်ရှိရာ လမ်းပေါ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

"ရွှီနန်... မင်း... မင်း ဟိုဘက်ကို တစ်ချက် ကြည့်လိုက်ပါဦး... နှင်းပြင်ပေါ်မှာ လူတစ်ယောက် မှောက်နေတာ မဟုတ်ဘူးလား"

ဆက်ရန်...

All Chapters