အခန်း ၁၃၆
Vol. 7 Ch. 136
အပိုင်း(၁၃၆) အားလုံးပဲ... ကျေးဇူးပြုပြီး အသက်ရှင်အောင် ကြိုးစားကြပါ
"သူတို့... လာနေပြီ"
"အများကြီးပဲ"
"အားလုံးပဲ... ကျေးဇူးပြုပြီး အသက်ရှင်အောင် ကြိုးစားကြပါ"
စကားပြောစက်ထဲမှ ချူချယ်၏ အသံသြသြက ထွက်ပေါ်လာပြီး သူ၏ လေသံက ယခင်က တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်နေ၏။
စကားပြောစက်ထဲတွင် တစ်ဖက်နှင့်တစ်ဖက် တိတ်ဆိတ်သွားကြသည်။
ချန်းရီက သူ၏ သတိကို အမြင့်ဆုံး အနေအထားသို့ ဆွဲတင်လိုက်သည်။
ထူးဆန်းသည့် အရာများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ဖူးပြီး ဖြစ်သော်လည်း ထိုအရာများနှင့် ကြုံတွေ့ရသည့် အကြိမ်တိုင်းတွင် စိုးရိမ်ပူပန်မှုကိုကား ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
ထူးဆန်းသည့် အရာများက အကြိမ်ရေ မရေမတွက်နိုင်အောင် ရှုံးနိမ့်နိုင်သော်လည်း ချန်းရီအတွက်မူ တစ်ကြိမ်လေးမျှပင် ရှုံးနိမ့်ခွင့် မရှိပေ။
ကားထဲတွင် မီးခိုးငွေ့များ ထူထပ်စွာ ဖုံးလွှမ်းနေပြီး အချို့သော မီးခိုးငွေ့များက ကားပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် အပြင်သို့ စိမ့်ထွက်သွားကာ ကားကိုယ်ထည် ပတ်ပတ်လည်တွင် ရစ်ဝဲနေပြီး ထွက်ခွာသွားလိုခြင်း မရှိကြပေ။
ယာဉ်တန်းက တစ်ဖန် အရှိန်တင်လိုက်ပြန်ရာ ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ နှစ်ဦး၏ ကားအင်ဂျင်များမှ ဟိန်းဟောက်သံများကိုပင် ချန်းရီ ကြားနေရသည်။
ချန်းရီကလည်း နောက်ကျမကျန်ရစ်စေရန် လီဗာကို နင်းကာ အရှိန်တင်လိုက်သည်။
ဤအချိန်တွင် ချန်းရီသည် ကားဘီးချော်၍ ယာဉ်တိုက်မှု ဖြစ်မည်ဆိုသည့် ပြဿနာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ကံကောင်းစွာဖြင့် သံမှိုတပ် နှင်းစီးတာယာများက အလွန် အသုံးဝင်ပြီး အရှိန်ကို တည်ငြိမ်စွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
ကျောင်းသို့ အမြန်ဆုံး ပြန်ရောက်မှသာ အသက်ရှင်နိုင်ပေမည်။
ချန်းရီက မျက်လုံးကို အပေါ်သို့ ပင့်ကြည့်လိုက်ရာ ရှေ့နားရှိ လမ်းဘေး လူနေတိုက်ခန်း၏ ခေါင်မိုးပေါ်မှ လူပုံစံ သတ္တဝါတစ်ကောင် တွားသွား၍ ဆင်းလာသည်ကို မြင်လိုက်ရသည်။
ဤလူပုံစံ သတ္တဝါသည် ခေါင်းအောက်စိုက်ကာ ခြေထောက်ကို အပေါ်သို့ ထောင်ထားပြီး အိမ်မြှောင်တစ်ကောင်ကဲ့သို့ အဆောက်အအုံ၏ အပြင်ဘက် နံရံပေါ်တွင် ကပ်လျက် ယာဉ်တန်းရှိရာသို့ တစ်လှမ်းချင်း လာနေသည်။
ဒါ... ဒါက လူတစ်ယောက်ပဲ။
ဆံပင်အရှည်ကြီးများက အောက်သို့ တွဲကျနေပြီး ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို ကြည့်ရသည်မှာ မိန်းမတစ်ယောက် ဖြစ်နေသည်။
ပို၍ ထူးဆန်းသည်မှာ ထိုမိန်းမသည် အထက်မှ အောက်အထိ တစ်ကိုယ်လုံး နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများကအစ အစွန်းအထင်း တစ်စက်မျှ မရှိဘဲ ဖြူလွတ်နေခြင်းပင် ဖြစ်သည်။
သာမန်လူများထက် များစွာ သာလွန်သော အစွမ်းပိုင်ရှင်တစ်ယောက်၏ အမြင်အာရုံသာ မဟုတ်ပါက ဤမျှ ထူးဆန်းသော လူရိပ်ကို အလွယ်တကူ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ဤတစ်ကောင်တည်းသာ မဟုတ်ပေ။
ဘေးနားရှိ မလှမ်းမကမ်းတွင်လည်း နောက်တစ်ကောင် ရှိနေသေး၏။
၎င်းက ယခုတစ်ကောင်ထက် များစွာ ပိုမို တောင့်တင်းသန်မာပုံရပြီး အလေးချိန် ပိဿာ (၆၀) ခန့်ရှိမည့် လူဝကြီး တစ်ယောက်နှင့် တူကာ ၎င်းသည်လည်း တစ်ကိုယ်လုံး ဖြူဖွေးနေသည်။
ချန်းရီ၏ အကြည့်ကို သတိထားမိသွားပုံရကာ ထိုလူဝကြီးက ခေါင်းမော့လာပြီး ချန်းရီရှိရာသို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ထိုပုံစံမှာ လူတစ်ယောက်နှင့် လုံးဝ မတူတော့ဘဲ လူ့အရေခွံ ခြုံထားသော မိစ္ဆာကောင်တစ်ကောင်နှင့်သာ တူနေတော့သည်။
မျက်နှာပေါ်ရှိ အမူအရာက သက်ရှိလူသား တစ်ယောက်၏ အရိပ်အယောင် လုံးဝ မရှိပေ။
မျက်လုံးကို အနည်းငယ် ဝေ့ကြည့်လိုက်ရာ ဆင်တူသည့် အဖြူရောင် လူရိပ် အကောင်ဆယ်ချီခန့် အရပ်မျက်နှာ အသီးသီးမှ စုဝေးရောက်ရှိလာသည်ကို ချန်းရီ မြင်လိုက်ရသည်။
မဟုတ်ဘူး... အကောင်ဆယ်ချီတင် မကဘူး။
ရာနှင့်ချီ၍ ရှိနေပြီး အဆောက်အအုံများ၏ အပြင်ဘက် နံရံများပေါ်တွင် အိမ်မြှောင်များကဲ့သို့ တွယ်ကပ်နေကြသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် လူရိပ်များသည် အဆမတန် တိုးပွားလာနေသည်။
လူတွေက ပို၍ ပို၍ များပြားလာသည်။
ထိုလူနေတိုက်ခန်းများထဲတွင်သာ ရှိနေခြင်း မဟုတ်ပေ။
မြေအောက် ရေဆိုးမြောင်းများ၊ လမ်းဘေးရှိ ကုန်တိုက် စူပါမားကတ်များ၊ ဆေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များထဲတွင်လည်း ပြည့်နှက်နေသည်။
ယခင်က လူသားများ စုဝေးရာ နေရာများ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ဤအဖြူရောင် တွားသွားကောင်များ၏ အသိုက်အမြုံများ ဖြစ်နေခဲ့ပြီတည်း။
ဤလူများအားလုံးတွင် တူညီသော အချက်တစ်ခုတည်းသာ ရှိသည်။
အားလုံးမှာ အဖြူရောင် ဖြစ်နေခြင်းပင်။ သူတို့၏ ဆံပင်များ၊ မျက်ခုံးမွေးများ၊ ကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် မျက်လုံးထဲမှ သူငယ်အိမ်များပင် ပါဝင်သည်။
အားလုံးက ဖြူဖွေးနေကြသည်။
ဤလူများက... မဟုတ်ဘူး... ဤမိစ္ဆာကောင်များက မတ်တတ်ရပ်၍ လမ်းလျှောက်နည်းကို မသိကြတော့ပေ။ နံရံပေါ်တွင် အိမ်မြှောင်ကဲ့သို့ တွယ်ကပ်နေသူများ ဖြစ်စေ၊ မြေပြင်ပေါ်သို့ ရောက်ရှိနေသူများ ဖြစ်စေ...
အားလုံးက ခြေလက် လေးဖက်ထောက်ကာ မြေပြင်ပေါ်တွင် လျင်မြန်စွာ တွားသွားနေကြသည်။
၎င်းတို့က ပြည့်နှက်ကြပ်ညပ်နေပြီး ဒီရေလှိုင်းများကဲ့သို့ ယာဉ်တန်းရှိရာသို့ ဝိုင်းရံလာကြသည်။
ယခု လက်ရှိ မြင်ကွင်းမှာ ဖုတ်ကောင် ရုပ်ရှင်များထဲမှ မြင်ကွင်းများနှင့် တစ်ထပ်တည်း ကျနေ၏။
"ဒါ... ဒါတွေက တွားသွားကောင်တွေပဲ"
"မရဏနတ် ဂိုဏ်း က လူတွေ ပြောဖူးတယ်... ဒီလူတွေ အားလုံးက အရင်တုန်းက ရုံမြို့ က ဒေသခံတွေတဲ့"
စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ စိုးရိမ်တကြီး ပြောလိုက်သော အသံ ထွက်ပေါ်လာသည်။
"ဒေသခံတွေ အားလုံးဟုတ်လား"
ချန်းရီ၏ မျက်နှာမှာ အလွန်တရာ ပျက်ယွင်းသွားသည်။
အကယ်၍ အားလုံးက ဒေသခံတွေသာ ဖြစ်မည်ဆိုပါက ရုံမြို့ တစ်ခုလုံးရှိ အမြဲတမ်း နေထိုင်သူ လူဦးရေနှင့် အပြင်မှ လာရောက်လည်ပတ်သူ လူဦးရေ အားလုံး ပေါင်းလိုက်လျှင်...
လူဦးရေ သန်းနှင့်ချီ၍ ကျော်လွန်နေပြီ မဟုတ်ပါလော။
ရုံမြို့မှာ တကယ်တော့ ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ။
"တောက်... ဒါဆိုရင် ထူးဆန်းတဲ့ အရာတွေ သန်းနဲ့ချီပြီး ရှိနေတာပေါ့"
ချန်းရီ၏ အသံမှာ ခြောက်ကပ်ပြီး အက်ကွဲနေ၏။
"ရှဲ... ရှဲ"
စကားပြောစက်ထဲမှ လျှပ်စစ်လှိုင်းသံများ ထွက်ပေါ်လာသည်။
ထို့နောက်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ထိတ်လန့်တကြား အသံကို ကြားလိုက်ရသည်။
"ချန်းရီ... ပြီးတော့... အားလုံးပဲ... ကျေးဇူးပြုပြီး... မဖြစ်မနေ အသက်ရှင်အောင် ကြိုးစားကြပါနော်"
စကားပြောစက်ထဲမှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချန်းရီက စတီယာရင်ကို ချိုးကွေ့ကာ ယာဉ်တန်းမှ တိုက်ရိုက် ခွဲထွက်လိုက်သည်။ ကားနောက်ခန်းမှ မီးခိုးငွေ့များက နှင်းထိုးစက်သဏ္ဍာန် ဖြစ်ပေါ်လာပြီး တူးဆွလွှင့်စင်သွားသော နှင်းပွင့်များက ချန်းရီ၏ အနောက်ဘက်တွင် ရေတံခွန်တစ်ခုအလား ဖြစ်ပေါ်နေသည်။
မူလက ရှေ့ဆုံးမှ ဦးဆောင်မောင်းနှင်နေသော ကားမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဖြစ်သည်။
မိမိကို ကျော်တက်ကာ ရှေ့ဆုံးကားအဖြစ်သို့ ပြောင်းလဲသွားသော ချန်းရီ၏ ကားကို ကြည့်ရင်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ချန်းရီသည် တွားသွားကောင်များ သူတို့ကို ဝိုင်းရံမလာမီ အချိန်လေးအတွင်း ကျောင်းသို့ ပြန်ရောက်ရန် ရည်ရွယ်ထားသည်။
ကျန်တဲ့လူတွေ အတွက်ကတော့...
ငါ တကယ်ကို လိုက်မကူညီနိုင်တော့ဘူး။
"သေစမ်း... ဒီ... ဒီခွေးကောင်"
"ရှောင်ယွီ... မြန်မြန်လုပ်... သူ့ကို ကျော်တက်လိုက်"
"အမဝမ်းကွဲ..."
ရှောင်ယွီ စကားပြောရန် အချိန်ပင် မရလိုက်မီ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ကားတစ်စီးလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး ကားခေါင်မိုးပေါ်သို့ တစ်စုံတစ်ရာ တွားတက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်ခုံးများ ပင့်တက်သွားပြီး လက်ဖြင့် ဓားမန္တန်ကို ဖော်ထုတ်ကာ...
"သွားစမ်း"
ဓားရှည်က မီးတောက်မီးလျှံ အနည်းငယ်နှင့်အတူ ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ တိုက်ရိုက် ထွက်ပေါ်သွားလေသည်။
ဤအချိန်တွင် ချန်းရီ၏ ခြေထောက်သည် လီဗာကို အဆုံးထိ နင်းထားပြီး ဖြစ်သည်။
သို့သော် ချန်းရီ၏ ကားသည် အလွန် တည်ငြိမ်စွာ ထိန်းချုပ်မောင်းနှင်ခြင်း ခံနေရပြီး ဤအချိန်တွင် ချန်းရီ၌ လူနှင့် ကား တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။
ဤခံစားချက်မှာ အလွန် ထူးဆန်းလှပြီး ကားတွင် ဖြစ်ပေါ်နေသော မည်သည့် အသေးအဖွဲ အခြေအနေကိုမဆို သူက အလွန် လျင်မြန်စွာ အာရုံခံ သိရှိနိုင်နေသည်။
ဤကားကို ချန်းရီ၏ လက်ထဲတွင် ရာစုနှစ်တစ်ခုစာခန့် မောင်းနှင်ခဲ့ဖူးသကဲ့သို့ ဖြစ်နေပြီး ကား၏ ဝက်အူရစ်တိုင်းကိုပင် သူက အသေးစိတ် သိရှိနားလည်နေ၏။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား ၏ စွမ်းရည်များသည် ဤအချိန်တွင် အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် ပါးလွှာသော ရေခဲလွှာ တစ်ခု ဖုံးလွှမ်းနေသော်လည်း သံမှိုတပ် နှင်းစီးတာယာများက မြေပြင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ကားဘီးချော်ထွက်တော့မည့် အချိန်တိုင်းတွင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် ချန်းရီ၏ ထိန်းချုပ်မှုအောက်၌ အန္တရာယ်ကြားမှပင် ကားကို တည့်မတ်အောင် ပြန်လည် ထိန်းကျောင်းနိုင်ခဲ့သည်။
"ဝုန်း..."
နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော တွားသွားကောင် တစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏ ပစ်မှတ်မှာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားပင် ဖြစ်သည်။
ချန်းရီကလည်း ကြိုတင် သတိထားမိနေသကဲ့သို့ပင်။
ကားကိုယ်ထည်ကို အနည်းငယ် ကွေ့ရှောင်လိုက်ပြီး ပိဿာ (၆၀) ခန့် အလေးချိန်ရှိသော ဤလူဝကြီး တွားသွားကောင်ကို တိုက်ရိုက် ရှောင်ကွင်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ တွားသွားကောင်များမှာ ပို၍ ပို၍ များပြားလာသည်။
ချန်းရီသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ စွမ်းရည်များကို အားကိုး၍ တွားသွားကောင်များကြားတွင် ဘယ်ညာ ကွေ့ရှောင်ကာ လမ်းပိတ်ဆို့နေသော ထိုတွားသွားကောင်များကို ရှောင်ကွင်းနိုင်ခဲ့သည်။
တွားသွားကောင် တစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံရမည်ဆိုပါက တစ်စက္ကန့်မျှသာ ကြာပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော တွားသွားကောင်များ၏ ဝိုင်းရံခြင်းကို ခံရပေတော့မည်။
ထိုအချိန်ရောက်လျှင် သေချာပေါက် သေလမ်းသာ ရှိတော့သည်။
ချန်းရီမှာမူ လတ်တလောတွင် ဆက်လက် တောင့်ခံထားနိုင်ဆဲပင်။
ချန်းရီ၏ နောက်မှ လိုက်ပါလာသော ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာမူ အခက်တွေ့နေပြီ ဖြစ်သည်။
ချန်းရီ ရှောင်ကွင်းသွားသော တွားသွားကောင်များ အားလုံးမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားနှင့် ဝင်တိုက်မိကုန်ကြသည်။
တွားသွားကောင် တစ်ကောင်တည်းကမူ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ရှေ့ဆက်သွားမည့် လမ်းကို မတားဆီးနိုင်ပေ။
သို့သော် နှစ်ကောင်၊ သုံးကောင်မှသည် ဆယ်ကောင်ကျော်မျှ ရှိသော ဖြူဖွေးသည့် အရိပ်များက ဝိုင်းရံလာသောအခါ အဆင့်မြှင့်တင်ထားသော ဤလမ်းကြမ်းမောင်းကားကို ရပ်တန့်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ကားသာ ရပ်တန့်သွားမည်ဆိုပါက နောက်ဆက်တွဲ အခြေအနေမှာ အသေအရှင် ခန့်မှန်း၍ ရနိုင်တော့မည် မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ချန်းရီ၏ ကားက တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်နေမိသည်။
ကောင်မလေးက အံကြိတ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှာ မြေခွေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာဖြင့် ဖွင့်ထားသော ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ တိုက်ရိုက် တိုးထွက်သွားသည်။
ကောင်မလေး၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် လှပကျော့ရှင်းကြောင်း ဝန်ခံရပေမည်။ ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် တစ်စုံတစ်ရာ နှောင့်နှေးကြန့်ကြာမှု လုံးဝ မရှိခဲ့ပေ။
"ရှောင်ယွီ... ကားကို သေချာ မောင်းထားနော်"
"မီးတောက်နီ... သွား"
ကောင်မလေးသည် ကားခေါင်မိုးပေါ်တွင် ရပ်နေပြီး ဓားရှည်က သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အထက်အောက် ပျံဝဲနေကာ အနီရောင် မီးရောင်က ကောင်မလေး တစ်ကိုယ်လုံးကို ဂျပန်အာနီမဲဇာတ်လမ်းများထဲမှ ဇာတ်လိုက်မင်းသမီး တစ်ဦးအလား ရောင်ပြန်ဟပ်နေစေသည်။
ကောင်မလေး၏ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးထဲမှ မန္တန်စကားများကို ရွတ်ဆိုနေပြီး မန္တန်တစ်ကြောင်း ထွက်ပေါ်လာတိုင်း...
သူမ၏ ပတ်လည်ရှိ ဓားရှည်ပေါ်မှ မီးတောက်နီများက တစ်ဆင့်ပြီးတစ်ဆင့် ကြီးမားလာသည်။
ချန်းရီမှာ နောက်ကြည့်မှန်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရသည့် အမူအရာဖြင့်...
ဓားရှည်သည် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမြတ်လှသော မီးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မီးနဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကိုပင် ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
မီးနဂါးကြီးသည် ကားပတ်လည်တွင် ဝိုင်းရံနေသော အဖြူရောင် တွားသွားကောင်များထံသို့ ခုန်အုပ်သွားလေသည်။
မီးနဂါးနှင့် ဤတွားသွားကောင်များ ဆုံတွေ့မှုသည် ပြင်းထန်သော နေရောင်ခြည်နှင့် ပထမဆုံး နှင်းပွင့်များ ဆုံတွေ့သကဲ့သို့ပင်။
ထိုအဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားသည် ဝိုင်းရံနေသော တွားသွားကောင်များကြားမှ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုးထွက်လာခဲ့သည်။
မီးနဂါးက ကားခေါင်မိုးပေါ်တွင် ရစ်ပတ်နေပြီး ကားက ဝိုင်းရံထားသည့် စက်ကွင်းထဲမှ ဖောက်ထွက်လာသည်။
မူလနေရာတွင်တော့ မည်းနက်တူးခြစ်နေသော အလောင်းပုံကြီးသာ ကျန်ရစ်ခဲ့တော့သည်။
လေပြေလေး တစ်ချက် တိုက်ခတ်သွားသည်နှင့် ထိုတူးခြစ်နေသော အလောင်းများမှာ ချက်ချင်း ပြိုကျသွားကာ အမည်းရောင် ပြာပုံကြီး တစ်ပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ချန်းရီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး...
"သေစမ်း... ဒီမိန်းမ... ဒီမိန်းမက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် အစွမ်းတွေ ဖွက်ထားတာလား"
နှမြောစရာ ကောင်းသည်မှာ အန္တရာယ်က ပြီးဆုံးသွားခြင်း မရှိသေးပေ။
ဆက်ရန်...