အခန်း ၁၃၇
Vol. 7 Ch. 137
အပိုင်း(၁၃၇) တွားသွားကောင် ဒီရေလှိုင်း
မီးနဂါး ထွက်ပေါ်လာခြင်းက ပြဿနာကို ခေတ္တမျှသာ ဖြေလျှော့ပေးနိုင်ခဲ့၏။ အဖြူရောင် တွားသွားကောင်များသည် အဖြူရောင် ဒီရေလှိုင်းကြီးသဖွယ် ဖြစ်တည်လာပြီး တစ်လှိုင်းပြီးတစ်လှိုင်း ပြေးဝင်လာကြသည်။
အဆုံးအစမရှိ များပြားလွန်းလှသည်။
တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့်ပင် လူကို မျှော်လင့်ချက်မဲ့သွားစေနိုင်လောက်၏။
ကားတိုင်းမှာ အခက်အခဲကိုယ်စီ ကြုံတွေ့နေကြရသည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားကာ တွားသွားကောင်များ၏ ဝိုင်းရံထားမှုကို ဖောက်ထွက်ပြီး ထွက်ပေါက်တစ်ခု ဖန်တီးလိုက်သည်။
မရေမတွက်နိုင်သော တွားသွားကောင်များက ရှေ့လူလဲလျှင် နောက်လူတက်ကာ ချန်းရီကို ပိတ်ဆို့ရန် ကြိုးစားနေကြသည်။
ကား၏ တစ်ဖက်တစ်ချက်ဆီမှ အဆက်မပြတ် တိုးဝင်လာသော တွားသွားကောင်များမှာ ပို၍ပင် များပြားလာသည်။
ချန်းရီ ရှောင်တိမ်းလှုပ်ရှားနိုင်သော နေရာမှာလည်း ပို၍ပို၍ ကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။
ရှေ့မှ လမ်းကိုလည်း တွားသွားကောင်များက ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်၏။
ချန်းရီက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
မီးခိုးငွေ့များသည် ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လွင့်ပျံသွားပြီးနောက် မီးခိုးတိမ်တိုက်ထဲမှ မီးခိုးငွေ့ဖြင့် ဖွဲ့စည်းထားသော တောခွေးရိုင်း ခုနစ်ကောင် ရုန်းကန်ထွက်ပေါ်လာကာ ရှေ့ရှိ တွားသွားကောင်များဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်သွားကြသည်။
မီးခိုးငွေ့ တောခွေးရိုင်းတစ်ကောင်က တွားသွားကောင်တစ်ကောင်ကို မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ဖိချလိုက်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံစံကိုသာ သာမန်လူတစ်ယောက် ကြုံတွေ့ရပါက ကြောက်လန့်တကြား သေးထွက်ကျသွားလောက်ပေမည်။
သို့သော် ဤတွားသွားကောင်များမှာ မည်သည့် အသိစိတ်မှ ရှိမနေဘဲ မီးခိုးငွေ့ တောခွေးရိုင်းများနှင့် အပြန်အလှန် ကိုက်ဖြတ်နေကြသည်။
မီးခိုးငွေ့ဖြင့် ပုံဖော်ထားသော တောခွေးရိုင်းများသည် အစစ်အမှန် တောခွေးများနှင့် ကွာခြားမှု အနည်းငယ် ရှိသော်လည်း တွားသွားကောင်များကိုတော့ ထိခိုက်ဒဏ်ရာရစေနိုင်စွမ်း ရှိပေသည်။
တစ်ချိန်တည်းမှာပင် ရန်သူ၏ အာရုံကို လွှဲပြောင်းပေးနိုင်သည့် အကျိုးသက်ရောက်မှုလည်း ရှိနေ၏။
နောက်ထပ် တွားသွားကောင် အမြောက်အမြား ထပ်မံ ပြေးဝင်လာကြပြန်သည်။
ထိုတွားသွားကောင်များသည် မီးခိုးငွေ့ တောခွေးရိုင်းများအပေါ် ခုန်အုပ်ကာ ကိုက်ဖဲ့ကြသည်။
မီးခိုးငွေ့ တောခွေးရိုင်းမှာ အူသံပေးရန်ပင် အချိန်မရလိုက်ဘဲ မီးခိုးငွေ့တန်းအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားရလေသည်။
တွားသွားကောင်များမှာ ခေတ္တမျှ ကြောင်အမ်းသွားကြပြီးနောက် ချက်ချင်းပင် လှည့်ကာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဆီသို့ ပစ်မှတ် ပြောင်းလိုက်ကြသည်။
ထိုအချိန်တွင် နောက်ထပ် မီးခိုးငွေ့ တောခွေးရိုင်း အကောင်အနည်းငယ် မီးခိုးငွေ့များထဲမှ ထပ်မံ ရုန်းထွက်လာကြပြန်သည်။
သို့သော် ခဏတွင်းချင်းမှာပင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည်။
မီးခိုးငွေ့ ပုံဖော်ခြင်း၏ ကြောက်စရာအကောင်းဆုံးအချက်မှာ မသေနိုင်ခြင်းပင် ဖြစ်သည်။ ချန်းရီ မသေသရွေ့၊ ချန်းရီ ခွန်အား မကုန်ခမ်းသရွေ့၊ ပြီးတော့ ဆေးလိပ် ရှိနေသရွေ့...
ချန်းရီသည် ထောင်သောင်းချီသော တောခွေးရိုင်းများကို ပုံဖော်ဖန်တီးနိုင်ပေသည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အစွမ်းနှင့် မီးခိုးငွေ့ ပုံဖော်ခြင်း၏ အကျိုးသက်ရောက်မှုတို့ကို အားကိုး၍...
အဆုံးတွင်တော့ ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်ခဲ့သည်။
သို့သော် ဤထွက်ပေါက်လမ်းကြောင်းမှာ အလျင်အမြန် ပြန်လည် ပိတ်ဆို့လာနေပြီး ဆယ်စက္ကန့်ပင် ခံနိုင်မည် မထင်ပေ။
လမ်းမပိတ်သွားမီ ဤထွက်ပေါက်မှတစ်ဆင့် မဖြစ်မနေ ဖောက်ထွက်ရမည် ဖြစ်သည်။
မီးခိုးငွေ့များသည် လေထဲတွင် စုစည်းလာကာ လူးလွန့်လိမ်ကောက်သွားသည်။
နောက်ဆုံးတွင်တော့ ကြောက်မက်ဖွယ် ဖိနှိပ်မှု အရှိန်အဝါများ ပါရှိသော ဧရာမ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာလေတော့သည်။
လူမျက်နှာ ကင်းမြီးကောက်။
သဲကန္တာရထဲတွင် ကြုံတွေ့ခဲ့ရသော ထိုလူမျက်နှာ ကင်းမြီးကောက်မှာ ယခုအချိန်အထိ ချန်းရီ အနီးကပ်ဆုံး ကြုံတွေ့ဖူးသည့် ထူးဆန်းသောအရာ ဖြစ်သည်။
ထိတွေ့ခဲ့ရသည့် အချိန်တိုတောင်းပြီး နားလည်မှု သိပ်မရှိလှသော်လည်း...
ပုံဖော်ဖန်တီးရန်မှာမူ သိပ်ပြီး ပြဿနာ မရှိလှပေ။
လူမျက်နှာ ကင်းမြီးကောက်၏ ကြောက်မက်ဖွယ် လူမျက်နှာနေရာတွင် မီးခိုးငွေ့များ အုံ့ဆိုင်းနေပြီး လူမျက်နှာပုံစံ ပေါ်လာမည့်အချိန်တိုင်းတွင် ပြိုကွဲပျက်စီးသွားတတ်သည်။
ချန်းရီက တိတ်တဆိတ် အကြိမ်များစွာ စမ်းသပ်ကြည့်ခဲ့ဖူးသော်လည်း တစ်ကြိမ်မျှ အောင်မြင်ခဲ့ခြင်း မရှိချေ။
သို့သော် ယခုလို အချိန်မျိုးတွင် ဤတွားသွားကောင်များကို ရင်ဆိုင်ရန်အတွက် လက်ရှိအဆင့် လူမျက်နှာ ကင်းမြီးကောက်ပင်လျှင် လုံလောက်နေပြီ ဖြစ်သည်။
လူမျက်နှာ ကင်းမြီးကောက်က ကြီးမားလှသော လက်မကြီးများကို မြှောက်ကာ ပြေးဝင်လာသော တွားသွားကောင်တစ်ကောင်ကို နှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။
အဆိပ်ဆူးပါသော အမြီးက တစ်ချက် လှုပ်ခတ်သွားပြီး အနောက်ဘက်ရှိ တွားသွားကောင် နှစ်ကောင်ကို အသားကင်တံသဖွယ် တိုက်ရိုက် ထိုးဖောက်လိုက်သည်။
လူမျက်နှာ ကင်းမြီးကောက်၏ ထွက်ပေါ်လာမှုကြောင့် စစ်မြေပြင်မှာ ချက်ချင်းပင် အနည်းငယ် သက်သာရာ ရသွားသည်။
ဝိုင်းရံလာသော တွားသွားကောင်များကို ယာယီ ရှင်းလင်းပစ်နိုင်ခဲ့သည်။
"တော်တော် ဉာဏ်များတာပဲ... ဒီလူလည်ကြီးက ဒီလောက်ထိ ဖွက်ထားနိုင်တယ်ပေါ့"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ရှည်လျားသော ဓားတစ်လက်ကို ဆုပ်ကိုင်လျက် ကားခေါင်မိုးပေါ်တွင် မတ်တတ်ရပ်နေပြီး သူမ၏ မျက်လုံးထဲတွင် အထင်သေးမှုနှင့် အံ့သြမှုတို့ ရောယှက်နေသည်။
သူမ လက်ထဲရှိ ဓားရှည်မှာ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေ၏။
"ဂါး..."
ထယ်ရှီးက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ခုန်ထွက်သွားသည်။
တွားသွားကောင်များသည် ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကိုသာ ပြဿနာပေးနေခြင်း မဟုတ်ဘဲ ထယ်ရှီးနှင့် တင်းတုံတို့၏ ကုန်တင်ကားလေးကိုလည်း ချမ်းသာမပေးခဲ့ကြပေ။
သူတို့ကို ဝိုင်းရံတိုက်ခိုက်နေသော တွားသွားကောင်များက ပို၍ပင် များပြားနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ဤကုန်တင်ကားလေး၏ အရွယ်အစားမှာ အလွန် ကြီးမားနေသဖြင့် ပစ်မှတ်အဖြစ် အလွယ်တကူ သတ်မှတ်ခံရခြင်း ဖြစ်သည်။
(၁၃)ပေခန့် မြင့်မားသော ကြွက်သား လူ့ဘီလူးကြီးက ထိုတွားသွားကောင်များကို မည်သည့် ဖိအားမှ မပေးနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် တွားသွားကောင် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က ထယ်ရှီးဆီသို့ တိုက်ခိုက်လာကြသည်။
အမြဲတမ်း အိပ်ပျော်နေတတ်သော ခွန်ရှီး၏ ခေါင်းက မျက်လုံးပွင့်လာပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
"သေကြစမ်း"
သဲအိတ်အရွယ်အစားခန့်ရှိသော လက်သီးချက်က တွားသွားကောင်တစ်ကောင်ကို သွေးမှုန်များအဖြစ် တိုက်ရိုက် ပေါက်ကွဲသွားစေပြီး ဖြူလွှလွှ နှင်းပြင်ပေါ်သို့ ကျဆင်းကာ လှပဆွေးမြေ့ဖွယ်ရာ ချယ်ရီပန်းပွင့်လေးများအသွင် ဖန်တီးလိုက်သည်။
နောက်ထပ် တွားသွားကောင် တစ်ကောင်က ရှုပ်ထွေးမှုများကြားတွင် ပုန်းကွယ်နေပြီး ထယ်ရှီး၏ ကျောဘက်ကို ဝင်ရောက် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
ခုန်အုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထယ်ရှီး၏ နောက်သို့ ကန်ထုတ်လိုက်သော ခြေကန်ချက်ကြောင့် တွားသွားကောင်မှာ အမြောက်ဆန်တစ်ခုလို လွင့်စင်ထွက်သွားရလေသည်။
ခေါင်းနှစ်လုံး လူ့ဘီလူးကြီး၏ ခေါင်းနှစ်လုံးမှာ အလှတပ်ထားခြင်း မဟုတ်ပေ။
သာမန်လူတစ်ယောက်အနေဖြင့် ခေါင်းနှစ်လုံး လူ့ဘီလူးကြီးကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ခေါင်းနှစ်လုံးနှင့် မျက်လုံးလေးလုံးက စစ်မြေပြင်၏ အပေါ်၊ အောက်၊ ဘယ်၊ ညာ အားလုံးကို အပြည့်အဝ မြင်တွေ့နေရပြီ ဖြစ်သည်။
၎င်းမှာ လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းပြီးနောက် ရရှိလာသော နောက်ဆက်တွဲ စွမ်းရည်တစ်ခုဟုပင် ဆိုနိုင်၏။
လက်သီးတစ်ချက်၊ ခြေတစ်ချက် ကန်လိုက်တိုင်း တွားသွားကောင်များကို လွင့်စင်ထွက်သွားစေနိုင်သည်။
ရူးသွပ်နေပုံရသော တွားသွားကောင်များသည် တိုက်တန် လမ်းစဉ် အဆင့် (၂) ဖြစ်သော ထယ်ရှီး၏ ရှေ့တွင် တစ်ချက်မျှပင် အလူးအလဲ ခံနိုင်ရည် မရှိကြပေ။
သို့သော် တွားသွားကောင်များ၏ အကြောက်ရဆုံးအချက်မှာ တစ်ကောင်ချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ပေ။
အဆုံးအစမရှိသည့် ဒီရေလှိုင်းကြီးသဖွယ် များပြားလွန်းလှခြင်းပင် ဖြစ်သည်။
ခွန်ရှီးက ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား... မိုက်တယ်... မိုက်တယ်... မိုက်တယ်... မလောက်သေးဘူး... ထပ်လာခဲ့"
ဤကောင်ကြီးသည် အားမရသေးသည့်အလား တွားသွားကောင်များ အများဆုံး စုဝေးနေသည့် နေရာဆီသို့ တိုက်ရိုက် ရယ်မောပြေးဝင်သွားလေသည်။
တိုက်တန် လမ်းစဉ်တွင် မျက်လှည့်ပြသလို ရှုပ်ထွေးလှပသော ကျွမ်းကျင်မှုများနှင့် အစွမ်းများ များများစားစား မရှိပေ။
အထူးသဖြင့် ခေါင်းနှစ်လုံး လူ့ဘီလူးကြီး ဟူသော လမ်းစဉ်ခွဲကို လိုက်ပါလာသူများအတွက် ပို၍ပင် ဖြစ်သည်။
လမ်းစဉ် အဆင့် တစ်ဆင့် တက်သွားတိုင်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဆမတန် တိုးတက်လာတတ်သည်။
ယခုအချိန်တွင် ထယ်ရှီးသည် ကြွက်သားခွန်အားဖြစ်စေ၊ ခန္ဓာကိုယ်၏ ကာကွယ်နိုင်စွမ်းဖြစ်စေ သာမန်လူများထက် အများကြီး ပိုမို သာလွန်နေပြီ ဖြစ်သည်။
သာမန် လမ်းစဉ် အစွမ်းပိုင်ရှင်များပင်လျှင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကို နှိုင်းယှဉ်ပါက တိုက်တန် လမ်းစဉ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
"ထယ်ရှီး... နောက်ကျန်မရစ်စေနဲ့နော်"
တင်းတုံက စတီယာရင်ကို ဆုပ်ကိုင်ထားရင်း ကားအပြင်ဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
ချူချယ်၏ အခြေအနေမှာမူ...
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသုံးအနှုန်းအရ ဆိုရလျှင် သူကလည်း နောက်ထပ် လူလည်ကြီး တစ်ယောက်ပင်။
ခေါင်းဆောင်ချူသည် မိမိ၏ကားကို ချန်းရီ၊ တင်းတုံနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ ဖန်တီးထားသော အကာအကွယ်နယ်မြေထဲတွင် ပုန်းကွယ်ထားလိုက်သည်။
ထို့ကြောင့် သူ၏ကားမှာ တိုက်ခိုက်ခံရမှု အနည်းဆုံးဖြစ်ပြီး လတ်တလောတွင် ဘေးကင်းသည်ဟု ဆိုနိုင်၏။
ချန်းရီတို့က အကြီးမားဆုံးသော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစွာ ခုခံပေးထားသဖြင့် ကျိုးရှောင်ရှောင်နှင့် ရွှီနန်တို့အပေါ် ကျရောက်မည့် ဖိအားများလည်း များစွာ လျော့ကျသွားခဲ့သည်။
သို့သော် ဖိအား လုံးဝ မရှိတော့ခြင်းတော့ မဟုတ်ပေ။
ကျိုးရှောင်ရှောင်၏ ကားခေါင်မိုးပေါ်တွင် တွားသွားကောင် နှစ်ကောင်က ကားခေါင်မိုးကို အပေါက်ဖောက်ကာ အထဲသို့ ဝင်ရောက်ရန် ရူးသွပ်စွာ ထုရိုက်နေကြသည်။
ကားခေါင်မိုးတစ်ခုလုံး ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
အခြားသော ဘတ်စ်ကား၏ အခြေအနေမှာလည်း အလွန် ဆိုးရွားနေသည်။
တွားသွားကောင်များက ကားထဲသို့ ဝင်ရောက်လာပြီး ညီအစ်ကို နှစ်ယောက်ထဲမှ အစ်ကိုဖြစ်သူကို ကားအပြင်သို့ ဆွဲထုတ်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အစ်ကိုဖြစ်သူမှာ တွားသွားကောင် ဆယ်ကောင်ကျော်၏ ဝိုင်းဝန်း ကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဒေါသထွက်နေသော ညီဖြစ်သူက အစ်ကို့ကို ကယ်တင်ရန် ကြိုးစားသည်။
သို့သော် တွားသွားကောင် နှစ်ကောင်က သူ၏ လည်ပင်းကို အသေအလဲ ကိုက်ထားလိုက်ကြသည်။
ဒေါသထွက်နေသော ညီဖြစ်သူမှာ မျက်လုံးများ ပြူးကျယ်နေပြီး လည်ပင်းမှ သွေးများ မြေပြင်ပေါ်သို့ စီးကျလာကာ ဆောင်းတွင်းဝတ် အနွေးထည်ထဲမှ အမွေးများမှာလည်း နေရာအနှံ့သို့ ပြဲစင်လွင့်ထွက်သွားလေသည်။
ယာဉ်တန်းက လမ်းကွေ့လိုက်ရာ သူတို့ရှေ့ ပေ(၁၀၀၀) မပြည့်တပြည့် အကွာတွင် ကျောင်းတံခါးမကြီးကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ကျောင်းမှာလည်း ဆူညံသံများကြောင့် နိုးကြားနေပြီ ဖြစ်သည်။
လူအများအပြားက စင်္ကြံလမ်းတွင် ရပ်ကာ ဤဘက်သို့ လှမ်းကြည့်နေကြသည်။
စတုတ္ထထပ်ရှိ ဆရာများရုံးခန်း ပြတင်းပေါက်ရှေ့တွင်လည်း တိတ်ဆိတ်ငြိမ်သက်နေသော အရိပ်တစ်ခု ရပ်နေ၏။
ရုံမြို့ ဒုတိယ မူလတန်းကျောင်း၏ ကျောင်းတံခါးမကြီးကို မြင်လိုက်ရသဖြင့်...
ချန်းရီ အလွန် ဝမ်းသာသွားသည်။
သို့သော် မျက်နှာပေါ်ရှိ ဝမ်းသာမှုများ အပြည့်အဝ မပေါ်လွင်လိုက်ခင်မှာပင် ကြီးမားလှသော မျက်လုံးကြီးတစ်လုံးက ကျောင်းတံခါးဝတွင် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရ၏။
အဲဒါ... အသူရာ သွေးမျက်လုံးပဲ။
ထိုကြီးမားလှသော မျက်လုံးကြီးကို မြင်လိုက်ရသည်နှင့် ချန်းရီ၏ စိတ်ထဲတွင် ခုနကမှ သေဆုံးသွားသော လူငယ်လေး၏ သွေးအလိမ်းလိမ်း ဖြစ်နေသည့် မျက်လုံးပေါက်ကြီးကို သွားသတိရမိလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မဖြစ်နိုင်သော အတွေးတစ်ခုက ခေါင်းထဲသို့ ဝင်ရောက်လာသည်။
ဤမျက်လုံးကို သူ၏ ဘယ်ဘက်မျက်လုံးနေရာတွင် တပ်ဆင်လိုက်ပြီး ပျက်စီးနေသော မျက်လုံးအစား ထိုးထည့်လိုက်လျှင်ရော အဆင်ပြေနိုင်မလား။
သေစမ်း... ဒီအချိန်ကြီးမှာ ငါ ဘာတွေ တွေးနေတာလဲ။
ယာဉ်တန်းက နီးကပ်လာသော်လည်း ဤမျက်လုံးကြီးမှာ လုံးဝ ထွက်ခွာသွားမည့်ပုံ မပေါ်ပေ။
လုံးပတ် (၁၀)ပေခန့်ရှိသော နီမှိုင်းမှိုင်း မျက်လုံးကြီးသည် မြေပြင်အထက်တွင် လွင့်မျောနေပြီး သူငယ်အိမ်၏ ပတ်လည်ရှိ ပင့်ကူအိမ်ကဲ့သို့သော အရာများက ဖြည်းညင်းစွာ တုန်ခါနေသည်။
သူငယ်အိမ်၏ အလယ်ဗဟိုတွင် အဆက်မပြတ် လည်ပတ်နေသော အနက်ရောင် ဂါထာမန္တန်များ ရှိနေပြီး မျက်လုံးအဖြူသားနေရာတွင်မူ တွန့်လိမ်လှုပ်ရှားနေသည့် အနက်ရောင် အာရုံကြောမျှင်များဖြင့် ပြည့်နှက်နေ၏။
ချန်းရီသည် သူ၏ မျက်လုံးများကလည်း စတင် တုန်ခါလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့မျက်လုံးများက ကိုယ်ပိုင်အသိစိတ်များ ရရှိလာကာ မျက်လုံးအိမ်ထဲမှနေ၍ အပြင်သို့ ထွက်ပြေးချင်နေသည့်အလား ထင်မှတ်ရသည်။
သူ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။
ချန်းရီက အလျင်အမြန် မီးခိုးငွေ့များကို ထိန်းချုပ်ကာ အရှေ့လေကာမှန်ပေါ်တွင် ထူထဲသော မီးခိုးငွေ့လွှာတစ်ခု ဖုံးအုပ်လိုက်ပြီး နီမှိုင်းမှိုင်း မျက်လုံးကြီး၏ အမြင်အာရုံကို ဖြတ်တောက်လိုက်သည်။
ထိုအခါမှသာ မျက်လုံးများ အတော်လေး ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။
ချန်းရီက အံကြိတ်လိုက်သည်။
နီမှိုင်းမှိုင်း မျက်လုံးကြီး၏ အမြင်အာရုံကို ဖြတ်တောက်လိုက်သော်လည်း သူကိုယ်တိုင်မှာလည်း မျက်ကန်းလမ်းလျှောက်သလို ကားမောင်းနေရသည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်သည်။
ဒီလိုဆိုမှတော့လည်း...
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားရဲ့ ဒုတိယမြောက် စွမ်းရည်ဖြစ်တဲ့ တိုက်ခိုက်ခြင်းကိုပဲ စမ်းကြည့်ရတော့မှာပေါ့။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ချန်းရီ၏ အမိန့်ကို ခံစားသိရှိသွားပြီး ကားကိုယ်ထည်တစ်ခုလုံး အနီရောင်များ သန်းလာတော့သည်။
ယခုအချိန်တွင် ပစ်ကပ်ကားကြီးမှာ ဒေါသထွက်နေသော နွားလားကောင်ကြီး တစ်ကောင်နှင့် တူနေ၏။
ထိုနီမှိုင်းမှိုင်း မျက်လုံးကြီးကမူ ဤကားကို မလှုပ်မယှက် ကြည့်နေပြီး ဤသံတုံးကြီးက ဘာလုပ်ချင်နေမှန်း သိပ်နားမလည်သည့်ပုံပင်။
ဆက်ရန်...