← Chapters

အခန်း ၁၃၈

Vol. 7 Ch. 138

အခန်း ၁၃၈

Vol. 7 Ch. 138

အပိုင်း(၁၃၈) ချန်းရီ... မင်း တမင်သက်သက် လုပ်တာ သေချာတယ်

ချန်းရီတို့အဖွဲ့ ပစ္စည်းများ ရှာဖွေရန် အပြင်ထွက်မည့် ကိစ္စက စခန်းတစ်ခုလုံးတွင် သတင်းပြန့်နှံ့နေခဲ့သည်။

ဝူကျန့်ရှန်းပင်လျှင် ဤကိစ္စကို သိရှိနေခဲ့၏။

သို့သော် ချန်းရီတို့ ထွက်ခွာသွားမည်ကို ဝူကျန့်ရှန်းက သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိပေ။

သူတို့ ရောက်ရှိလာမှုကြောင့် ချန်ဝမ်ရပ်ကွက် တစ်ခုလုံး၏ ဟန်ချက်ညီမှုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ရုံမြို့ရှိ ထူးဆန်းသောအရာများ အားလုံးကပင် လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီး ရုံမြို့ရှိ ထူးဆန်းသောအရာ အားလုံးနီးပါးသည် လူတစ်ရာကျော်၏ အသက်ရှင်လျက်ရှိသော လူသားအနံ့ကို ရရှိနေကြပြီ ဖြစ်၏။

ဒုတိယ မူလတန်းကျောင်း ဧရိယာမှလွဲ၍ ကျန်နေရာအားလုံးတွင် ထူးဆန်းသောအရာများက ပြည့်နှက်နေသည်။

ထို့ကြောင့် သူတို့ ထွက်ပြေးလွတ်မြောက်နိုင်မည်လား ဆိုသည်ကို ဝူကျန့်ရှန်းက လုံးဝ စိုးရိမ်မနေခြင်း ဖြစ်သည်။

သေချာသည်မှာ မူလတန်းကျောင်း၏ ပတ်ပတ်လည်တွင် ဝိုင်းရံနေသော ထိုထူးဆန်းသည့် အရာများကိုလည်း ဝူကျန့်ရှန်းက သိပ်ပြီး စိုးရိမ်မနေခဲ့ပေ။

သူ၏ အစီအစဉ်သာ အောင်မြင်သွားပါက ဤထူးဆန်းသည့် အရာများ အားလုံးသည် နောက်ဆုံးတွင် လူစုကွဲသွားကြမည်သာ ဖြစ်သည်။

ထိုအချိန်ရောက်လျှင် အန္တရာယ်များလည်း အလိုအလျောက် ပျောက်ကွယ်သွားပေလိမ့်မည်။

သို့သော် ဝူကျန့်ရှန်းကို အလွန် စိတ်မသက်မသာ ဖြစ်စေသော ကိစ္စတစ်ခုတော့ ရှိနေ၏။

ယခင်က ချန်းရီမှတစ်ဆင့် လူပိုများများကို မရဏနတ် ဂိုဏ်းထဲသို့ ဝင်ရောက်လာစေရန် စည်းရုံးနိုင်ရန်အတွက် သူသည် ချန်းရီကို ရဏနတ်သမီး၏ သွေးမျက်ရည် ဆယ်ပုလင်းပင် ပေးခဲ့သေးသည်။

သို့သော် ယခုအချိန်အထိ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိသူ အနည်းငယ်သာ ရှိနေသေးသည်။

ထိုအရာကလည်း ဆန္ဒရှိရုံ အဆင့်မျှသာ ဖြစ်နေသေး၏။

ဤအချက်က ဝူကျန့်ရှန်းကို အလွန်တရာ စိတ်မသက်မသာ ဖြစ်စေသည်။

"ငါ အလိမ်ခံလိုက်ရတာလား"

"မဖြစ်နိုင်ပါဘူး"

"အခု ငါ့ရဲ့ အနေအထားအရဆိုရင် ငါက သူ့ရဲ့ အရင်းနှီးဆုံး လူဖြစ်နေရမှာ... သူ ငါ့ကို လှည့်စားမှာ မဟုတ်ဘူး"

"သူများ ရိပ်မိသွားတာလား"

"မဖြစ်နိုင်ဘူး... အားလုံးက လမ်းစဉ် အဆင့် (၁) နဲ့ လမ်းစဉ် အဆင့် (၂) တွေချည်းပဲ... သူတို့ ရိပ်မိနိုင်စရာ အကြောင်းကို မရှိတာ"

ဝူကျန့်ရှန်း၏ အတွေ့အကြုံများအရ ယခုလက်ရှိ သူသည် ချန်းရီ၏ အရင်းနှီးဆုံး ညီအစ်ကို ဖြစ်နေပြီဖြစ်ကာ သူကိုယ်တိုင်က အလွန်အမင်း လွန်ကျူးသော ကိစ္စများကို မလုပ်သရွေ့ တစ်ဖက်လူက သူခိုင်းသမျှကို သဘောတူမည်သာ ဖြစ်သည်။

ချန်းရီကို လူအနည်းငယ်မျှ မရဏနတ်သမီး ဂိုဏ်းထဲသို့ မိတ်ဆက်ပေးခိုင်းခြင်းက သိပ်ပြီး ခက်ခဲသော ကိစ္စတစ်ခု မဖြစ်နိုင်ပေ။

ယခင်ကလည်း လမ်းစဉ် အစွမ်းပိုင်ရှင်များနှင့် တွေ့ကြုံခဲ့ဖူးသည် မဟုတ်လော။

ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးချေ။

မရဏနတ်သမီး၏ သွေးမျက်ရည်များကိုလည်း သူ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

သူ၏ လုပ်ရပ်နှင့် အမူအကျင့် အားလုံးသည်လည်း ချန်းရီ၏ ညီအစ်ကိုကောင်းဟူသော အနေအထားနှင့် လုံးဝ ကိုက်ညီနေခဲ့သည်။

ချန်းရီ ပြန်လာချိန်ကို စောင့်ပြီးမှ သေချာ မေးကြည့်ရတော့မည်။

ဝူကျန့်ရှန်းသည် မကြာသေးမီက အလွန် အလုပ်များနေခဲ့သည်။

အချိန်ပိုမို ရရှိနိုင်ရန်အတွက် ဝူကျန့်ရှန်းသည် နေ့စဉ် မရဏနတ်သမီးရှေ့တွင် ဆုတောင်းသည့်အခါ မရဏနတ်သမီး၏ အငွေ့အသက်အချို့ကို ထုတ်လွှတ်ကာ ကျောင်းပတ်ဝန်းကျင်ရှိ ထူးဆန်းသောအရာများကို ခြောက်လှန့်ထားခဲ့သဖြင့် ကျောင်းဝင်းထဲတွင် မည်သည့် ဆူပူအုံကြွမှုမျှ မဖြစ်ပေါ်သေးခြင်း ဖြစ်သည်။

မရဏနတ်သမီးသာ မရှိခဲ့လျှင် ဤနေရာ၌ အသက်ရှင်နေသော လူသားတစ်ယောက်မျှ ကျန်ရှိနေမည် မဟုတ်ပေ။

ဤရက်ပိုင်းအတွင်း ညတိုင်းညတိုင်း ဝူကျန့်ရှန်းက စတုတ္ထထပ်ရှိ ဆရာများရုံးခန်း၏ ပြတင်းပေါက်ရှေ့တွင် ရပ်နေစဉ် လောဘရမ္မက်များဖြင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံစီကို မြင်တွေ့နေရသည်။

ရူးသွပ်မှု၊ ပုံမှန်မဟုတ်သော ကောက်ကျစ်မှု၊ သွေးဆာမှု၊ မကောင်းဆိုးဝါး အကြံအစည်များ စသည်ဖြင့် ပြည့်နှက်နေ၏။

အမှောင်ထုထဲမှ ချောင်းကြည့်နေသော ထိုမျက်လုံးများကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သာမန်လူတစ်ယောက်အတွက် တစ်လဆက်တိုက် အိပ်မက်ဆိုးများ မက်စေရန် လုံလောက်လှသည်။

ထို့ကြောင့် ညအချိန်ရောက်လျှင် အသက်ရှင်ကျန်ရစ်သူများကို အပြင်ထွက်ခွင့် မပြုကြောင်း ဝူကျန့်ရှန်းက တင်းကျပ်စွာ အမိန့်ထုတ်ထားခဲ့သည်။

အိမ်သာသွားသည့် ကိစ္စများကိုပင် အခန်းထဲ၌သာ ဖြေရှင်းရမည်ဟု သတ်မှတ်ထား၏။

မွန်းလွဲပိုင်း အချိန်သို့ ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ထူးဆန်းသောအရာများ၏ အငွေ့အသက်များ ရူးသွပ်စွာ လှုပ်ခတ်နေကြောင်း ဝူကျန့်ရှန်းက ရုတ်တရက် သတိထားမိလိုက်သည်။

ဝူကျန့်ရှန်း ပြတင်းပေါက်ရှေ့သို့ ရောက်လာသောအခါ မြင်လိုက်ရသည်မှာ ကျောင်းဝင်းထဲတွင် ပုံမှန်မဟုတ်ဘဲ လိမ်ကောက်တွားသွားနေကြသော သတ္တဝါများပင် ဖြစ်သည်။

၎င်းတို့မှာ ရုံမြို့၏ တွားသွားကောင်များ ဖြစ်ကြသည်။

တွားသွားကောင် တစ်ကောင်တည်း၏ စွမ်းအားက သိပ်ပြီး ကြီးမားလှသည် မဟုတ်သော်လည်း အကြောက်ဆုံးအရာမှာ တွားသွားကောင် ဒီရေလှိုင်းကြီးပင် ဖြစ်သည်။

ဝူကျန့်ရှန်း၏ ခန့်မှန်းချက်အရ ရုံမြို့တွင် တွားသွားကောင် အကောင်ရေ သိန်းဂဏန်းမျှ ရှိနိုင်လေသည်။

အကယ်၍ တွားသွားကောင် ဒီရေလှိုင်းကြီးသာ ဖြစ်ပေါ်လာပါက မရဏနတ်သမီးမှလွဲ၍ ခြေလက်ရှစ်ချောင်း လူမျက်နှာ မိစ္ဆာနှင့် အသူရာ သွေးမျက်လုံး မိစ္ဆာတို့ပင်လျှင် သူတို့၏ ရန်မှ ရှောင်ရှားရမည်သာ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ တွားသွားကောင်များမှာ ပိုမို၍ စုရုံးလာကြသည်။

ထို့အပြင် ကျောင်းပတ်ပတ်လည်တွင် ထူးဆန်းပြီး ပုံမှန်မဟုတ်သော အရိပ်များစွာ ရှိနေသည်ကို ဝူကျန့်ရှန်း သတိထားမိလိုက်သေး၏။

ကျောင်းဂိတ်တံခါးဝရှိ မျက်လုံးပြူးကြီး တစ်ခုက ဤကျောင်းဝင်းကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသည်။

ထိုအကြည့်က လူ့လောကရှိ အလွန်တရာ ရှားပါးကောင်းမွန်သော အစားအစာတစ်ခုကို အကဲခတ်နေသည့်အလား ပုံပေါ်နေ၏။

ဤမျက်လုံးပြူးကြီးက မည်သည့်အရာ ဖြစ်သည်ကို ဝူကျန့်ရှန်းက ကောင်းကောင်း သိထားသည်။

၎င်းမှာ ချန်ဝမ်ရပ်ကွက်၏ အကြီးဆုံး ထူးဆန်းသောအရာ သုံးခုထဲမှ တစ်ခုဖြစ်သော အသူရာ သွေးမျက်လုံးပင် ဖြစ်သည်။

သူ၏ စွမ်းရည်မှာ အလွန် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာထက် ပို၍သာလွန်လျှင်သာမည်၊ လုံးဝ မနိမ့်ကျပေ။ ပုံမှန်အားဖြင့် ချန်ဝမ်ရပ်ကွက်ရှိ ယုံရှန်း အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် နေရာယူထားလေ့ ရှိသည်။

အသူရာ သွေးမျက်လုံး၏ စွမ်းရည် အများစုမှာ သူ၏ ရုပ်သွင်ပုံစံနှင့် အလွန် ဆက်စပ်မှု ရှိနေသည်။

မရဏနတ်သမီးတွင်လည်း မျက်လုံးနှင့် ပတ်သက်သော စွမ်းရည်များ ရှိသော်လည်း မျက်လုံးစွမ်းရည် သက်သက်ကိုသာ နှိုင်းယှဉ်မည်ဆိုပါက မရဏနတ်သမီး၏ မျက်လုံးစွမ်းရည်သည် အသူရာ သွေးမျက်လုံးကို ယှဉ်နိုင်မည် မဟုတ်ချေ။

အသူရာ သွေးမျက်လုံးက တစ်စုံတစ်ယောက် သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိသွားပုံရပြီး သူ၏ ဧရာမ မျက်လုံးကြီးကို အနည်းငယ် ပင့်မကာ ဝူကျန့်ရှန်းကို လှမ်းကြည့်လိုက်သည်။

ဝူကျန့်ရှန်းက မျက်နှာအမူအရာ မပျက်ဘဲ အသူရာ သွေးမျက်လုံးနှင့် မျက်လုံးချင်း အသေအချာ ဆုံကြည့်နေခဲ့၏။

အသူရာ သွေးမျက်လုံး၏ မျက်အိမ်က အနည်းငယ် တုန်ခါသွားပြီး ဝူကျန့်ရှန်း၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။

မှန်ပြတင်းပေါက် တစ်ချပ် ခြားလျက် သူတို့နှစ်ဦး ရိုးရှင်းစွာ အချင်းချင်း စမ်းသပ် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။

ဝူကျန့်ရှန်းသည် တစ်ရှူးကို ထုတ်ကာ မျက်လုံးမှ သွေးမျက်ရည်များကို သုတ်ဖယ်လိုက်ပြီး အခြားနေရာများသို့ ထပ်မံ ကြည့်ရှုလိုက်သည်။

လေထဲတွင် ရေဘဝဲကောင်ကြီး တစ်ကောင် ပေါလောပေါ်နေပြီး သူ၏ ခြေတံရှစ်ချောင်းက လေထဲတွင် ဖြည်းညင်းစွာ လှုပ်ရှားနေ၏။

ထိုအိုမင်းရင့်ရော်နေသော မျက်နှာကြီးက လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ခိုက်ခဲ့မှုကို ပြန်လည် အမှတ်ရသွားပုံပေါ်ကာ မျက်နှာအမူအရာမှာ အလွန် အဆိပ်ပြင်းပြီး ကောက်ကျစ်ပုံပေါက်နေကာ ဝူကျန့်ရှန်းကို ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်သည်။

ဝူကျန့်ရှန်းကမူ လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။

အသူရာ သွေးမျက်လုံးနှင့် ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာတို့သာမကသေးပေ။

အမှောင်ထောင့်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသော အရိပ်တစ်ခုလည်း ရှိနေသေးသည်။ အရပ်အမောင်း မမြင့်မားဘဲ သာမန် လူသားအမျိုးသမီး တစ်ဦးနှင့် သိပ်မကွာခြားလှပေ။

သို့သော် ဤဖြူဖွေးနေသော အရိပ်တွင် မြေကြီးနှင့် ထိလုမတတ် ရှည်လျားသော ဆံပင်များ ရှိနေသည်။

ဤအရိပ်ကို မြင်လိုက်ရသောအခါ ဝူကျန့်ရှန်း၏ မျက်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားခဲ့၏။

သူမပါ ရောက်လာလိမ့်မည်ဟု ဝူကျန့်ရှန်း လုံးဝ မျှော်လင့်မထားခဲ့ပေ။

"ဒီတစ်ကြိမ်တော့ ပြဿနာ နည်းနည်း ကြီးသွားပြီ"

"မလိုတော့ဘူး... သိပ်မလိုတော့ဘူး... ငါ လမ်းစဉ် အဆင့် (၄) ကို ရောက်သွားတာနဲ့ မင်းတို့လို တစ္ဆေသရဲကောင်တွေ အကုန်လုံး သေကြရမယ်"

"သိပ်မလိုတော့ပါဘူး"

အဖြူရောင် တွားသွားကောင်များသည် ကျောင်းနှင့် နီးကပ်လာသောအခါ အလိုအလျောက် ရှောင်ကွင်းသွားကြသည်။

အသက်ရှင်ကျန်ရစ်သူများလည်း ထိတ်လန့်သွားကြပြီး စာသင်ခန်းများထဲမှ အသီးသီး ထွက်လာကာ လသာဆောင် လက်ရန်းများဆီသို့ ရောက်လာကြ၏။

မရဏနတ် ဂိုဏ်းမှ ဂိုဏ်းသားများလည်း ဤမျှများပြားလှသော တွားသွားကောင်များကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူရော်သွားသည်အထိ ထိတ်လန့်သွားကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ယာဉ်တန်းထဲမှ အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများကမူ အနည်းငယ် ပို၍ တည်ငြိမ်နေကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် ခရီးသွားလာစဉ် တစ်လျှောက်လုံး အချိန်တိုင်းလိုလိုပင် ထူးဆန်းသောအရာများ၏ သေမင်းတမန် ခြိမ်းခြောက်မှုများကို ခံခဲ့ရသည် မဟုတ်ပါလော။

အဝေးမှ အင်ဂျင်စက်သံများ ထွက်ပေါ်လာသည်။

ဝူကျန့်ရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"သူတို့ ပြန်ရောက်လာပြီလား"

လမ်းထောင့် အကွေ့ဆီမှ အသံများ ထွက်ပေါ်လာသည်။

အသူရာ သွေးမျက်လုံး၏ မျက်အိမ်က လည်ပတ်သွားပြီး သူ၏ အကြည့်ကို အနောက်ဘက်သို့ လှည့်လိုက်သည်။

ထို့အပြင် ကျောဘက်တွင်လည်း နောက်ထပ် မျက်လုံးတစ်လုံး ထွက်ပေါ်လာကာ ဝူကျန့်ရှန်းကို စိုက်ကြည့်နေပြန်၏။

"လာပြီ... လာပြီ"

"ဟဲဟဲ"

"အခုက ကျောင်းဝင်းထဲမှာ မဟုတ်ဘူး... ဝူကျန့်ရှန်း ဆိုတဲ့ကောင်က ငါတို့ကို လာမတားနိုင်တော့ဘူး"

"အသူရာ သွေးမျက်လုံး... ဒီတစ်ခေါက် မျက်လုံးတွေ အားလုံးက မင်းအတွက်... ခေါင်းတွေ အားလုံးက ငါ့အတွက်... ခန္ဓာကိုယ်တွေကိုတော့ နှင်းကောင်မလေးကို ပေးလိုက်မယ်... ဘယ်လိုလဲ"

ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာဆီမှ အဆိပ်ပြင်းပြီး ကောက်ကျစ်သော သက်ကြီးရွယ်အို အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

အသူရာ သွေးမျက်လုံးက စကားပြန်မပြောဘဲ ဆူညံမှုများ ဖြစ်ပေါ်လာရာ နေရာကိုသာ ကြည့်နေ၏။

သစ်ပင်အောက်တွင် ရပ်နေသော ဖြူဖွေးသည့် အရိပ်ကလည်း စကားတစ်ခွန်းမျှ မဟပေ။

လမ်းထောင့်တွင် အလွန် စုတ်ပြတ်နေသော ပစ်ကပ်ကားတစ်စီး ပေါ်လာပြီး ရုပ်ရှင်ကားများထဲမှ အထူးပြုလုပ်ချက်များအလား အရှိန်ပြင်းပြင်းဖြင့် ကွေ့ဝိုက်မောင်းနှင်လာမှုက လူတိုင်းနှင့် ထူးဆန်းသောအရာများ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

ထို့နှင့်အတူ ရေတွက်၍မရနိုင်သော တွားသွားကောင်များစွာလည်း ဝင်တိုက်ခံရပြီး လွင့်စင်ကုန်ကြသည်။

ကားလေကာမှန်နောက်တွင် ဘယ်ဘက်မျက်လုံး အနည်းငယ် ဖြူနေသော လူငယ်တစ်ယောက် ရှိနေသည်။

အသူရာ သွေးမျက်လုံးက သူ၏ စွမ်းရည်ကို စတင် အသုံးပြုလိုက်ချိန်မှာပင် ကား၏ ရှေ့လေကာမှန်ကို မီးခိုးငွေ့တစ်လွှာက ဖုံးလွှမ်းသွားခဲ့၏။

အစွမ်း သုံးစွဲမှု ကျရှုံးသွားခဲ့သည်။

"ဒီကောင်လေးရဲ့ တုံ့ပြန်မှုက တော်တော် မြန်တာပဲ"

ခြေရှစ်ချောင်း လူမျက်နှာ မိစ္ဆာ၏ အလယ်အလတ်အရွယ် အမျိုးသမီး မျက်နှာဆီမှ အလွန် ရက်စက်ကြမ်းကြုတ်သော အသံ ထွက်ပေါ်လာသည်။

အသူရာ သွေးမျက်လုံးက အစွမ်းသုံးစွဲမှု ကျရှုံးသွားခြင်းကြောင့် ထိုစုတ်ပြတ်နေသော ကားကို ရှောင်ဖယ်သွားခြင်း မရှိပေ။

ဝူကျန့်ရှန်းလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူ၏ နဖူးတွင် ချွေးစေးများ ပျံလာခဲ့သည်။

အသူရာ သွေးမျက်လုံး၏ စွမ်းအားကို သူ အလွန် ရှင်းလင်းစွာ သိထားသည်။ သာမန်ကားတစ်စီး ဆိုသည်မှာ မဆိုထားနှင့် ကုန်တင်ကားကြီး ဆိုလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

"ချန်းရီ... မင်းလို အရူးကောင်ကတော့ သေလမ်းကို ကိုယ့်ဘာသာ ရှာနေတာပဲ"

ဝူကျန့်ရှန်းက အံကြိတ်ကာ ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။

သူက ချန်းရီ အန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်နေခြင်းတော့ မဟုတ်ပေ။

ချန်းရီ သေသွားပါက သူ၏ အစီအစဉ်များ ထိခိုက်နစ်နာသွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်၏။

"ဒုန်း"

ဝူကျန့်ရှန်း၏ မျက်စိရှေ့တွင်ပင် ထိုစုတ်ပြတ်နေသော ပစ်ကပ်ကားနှင့် အသူရာ သွေးမျက်လုံးတို့ တိုက်မိသွားကြလေသည်။

မျှော်လင့်ထားသကဲ့သို့ ပစ်ကပ်ကားလေး သံတိုသံစအဖြစ် ပြောင်းလဲသွားသည့် အခြေအနေမျိုး ဖြစ်ပေါ်မလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုဧရာမ မျက်လုံးကြီးမှာ ရိုက်ခတ်ခံလိုက်ရသော ဂေါက်သီးတစ်လုံးအလား ပစ်ကပ်ကား၏ ဝင်တိုက်မှုကြောင့် တန်းတန်းမတ်မတ် လွင့်စင်ထွက်သွားခဲ့၏။

လွင့်စင်သွားသော လမ်းကြောင်းမှာ စတုတ္ထထပ်ရှိ ဆရာများရုံးခန်းဆီသို့ပင် ဖြစ်သည်။

သူ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ကြီးမားလာသော သွေးမျက်လုံးကြီးကို ကြည့်ရင်း ဝူကျန့်ရှန်း တစ်ကိုယ်လုံး မလုံမခြုံ ဖြစ်သွားခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ချန်းရီ... ခွေးမသား... ဒီကောင် တမင်သက်သက် လုပ်လိုက်တာ သေချာတယ်"

ဤသည်ကား ဝူကျန့်ရှန်း၏ နောက်ဆုံး တွေးလိုက်မိသော အတွေးပင် ဖြစ်သည်။

စတုတ္ထထပ်ဆီသို့ သူကိုယ်တိုင် တိုက်ထုတ်လိုက်သော သွေးမျက်လုံးကြီးကို ကြည့်ရင်း ချန်းရီလည်း ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

"ဒါပေမဲ့... အဲဒီနေရာက ဝူကျန့်ရဲ့ အခန်း ဖြစ်နေမလား"

"ဝူကျန့်... ငါ့ကို အပြစ်မတင်နဲ့နော်... ငါလည်း ဒီလိုဖြစ်ချင်တာ မဟုတ်ပါဘူး"

ဆက်ရန်...

All Chapters