← Chapters

အခန်း ၁၃၉

Vol. 7 Ch. 139

အခန်း ၁၃၉

Vol. 7 Ch. 139

အပိုင်း(၁၃၉) မရဏနတ်သမီးကို အတုယူမည့် နည်းလမ်း

ချန်းရီ၏ ဝင်တိုက်မှုက ဤမျှလောက်အထိ အင်အားပြင်းထန်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

အသူရာ သွေးမျက်လုံးကြီး ကိုယ်တိုင်ပင်လျှင် ထိုအရာကို မျှော်လင့်ထားခဲ့ပုံ မပေါ်ချေ။

ဧရာမ သွေးမျက်လုံးကြီးက လေးလွှာရှိ ဆရာများရုံးခန်း၏ အပြင်ဘက်နံရံကို တိုက်ရိုက် ဝင်တိုက်မိကာ ပြတင်းပေါက်များကိုပါ တစ်ပါတည်း ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

ဝူကျန့်ရှန်းက သူ၏ လက်နှစ်ဖက်ကို နဖူးပေါ်အထိ မြှောက်ကာ လက်အုပ်ချီထားပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာခြင်း ဝမ်းနည်းခြင်း အရိပ်အယောင်မျှ မရှိဘဲ ဘုရားကျောင်းထဲရှိ ရွှံ့ရုပ်၊ သစ်သားရုပ်တု တစ်ခုကဲ့သို့ ငြိမ်သက်နေ၏။

ထိုအချိန်မှာပင် ဝူကျန့်ရှန်း၏ ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရေရွတ်နေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်တရာ ဆန်းကြယ်သော စွမ်းအားတစ်ခုက ဝူကျန့်ရှန်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝဲပျံလာသည်။

အလွန်တရာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းနှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အရိပ်တစ်ခုက ဝူကျန့်ရှန်း၏ ရှေ့မှောက်တွင် ပေါ်လာ၏။

ထိုဆွဲဆောင်မှုရှိသော အရိပ်လေးက ထိုနေရာတွင် အစကတည်းက ရှိနေခဲ့ပြီး တစ်ခါမျှ ထွက်ခွာသွားခြင်း မရှိခဲ့သည့်အလား ထင်မှတ်ရသည်။

အမြောက်ဆံတစ်လုံးကဲ့သို့ ဝင်ရောက်လာသော သွေးမျက်လုံးကြီးဆီသို့ ထိုအရိပ်လေးက သူမ၏ သွယ်လျသော ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

အမြဲတမ်း မှိတ်ထားလေ့ရှိသော ထိုမျက်လုံးအစုံတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဘယ်သောအခါမျှ အရည်မပျော်နိုင်သည့် ရေခဲတုံးကြီး တစ်တုံးကဲ့သို့ အေးစက်နေသည်။

ထိုသွယ်လျဖြူဝင်းသော ဘယ်ဘက်လက်လေးက သွေးမျက်လုံးကြီးကို ပေါ့ပေါ့ပါးပါးပင် ဖမ်းဆုပ်လိုက်ပြီး စာသင်ဆောင်အပေါ် ကျရောက်မည့် သွေးမျက်လုံး၏ ဖျက်ဆီးမှုများကို အတင်းအဓမ္မ ရပ်တန့်ပစ်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် အလွန်တရာ သဟဇာတမဖြစ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ဝူကျန့်ရှန်းက မိန်းမတစ်ယောက်၏ အနောက်တွင် ပုန်းကွယ်နေပြီး သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမကမူ လုံးပတ် (၁၀) ပေခန့် ရှိသော သွေးမျက်လုံးကြီးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ထားသည်။

ယခုအချိန်တွင် သွေးမျက်လုံး၏ သူငယ်အိမ်က ရူးသွပ်စွာ တဖျပ်ဖျပ် လက်နေလေသည်။

"ဒါက..."

ချန်းရီက ထိုအနီရောင် အရိပ် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ အကောင်းပကတိ ရှိနေသေးသော ညာဘက်မျက်လုံးကလည်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ဤသည်မှာ မရဏနတ်သမီးသမီး ထွက်ပေါ်လာသည်ကို တတိယအကြိမ်မြောက် မြင်တွေ့ရခြင်းပင်။

သို့တိုင်အောင် အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေဆဲ ဖြစ်သည်။

မရဏနတ်သမီးသမီး ပေါ်လာခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အဖြူရောင် တွားသွားသတ္တဝါများ အားလုံးက သူတို့၏ သဘာဝ ရန်သူကို တွေ့လိုက်ရသကဲ့သို့ နောက်သို့ အသီးသီး ဆုတ်ခွာသွားကြသည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ကျောင်းဂိတ်တံခါးထဲသို့ ထိုးဝင်လာပြီး ဘရိတ်ကို ရုတ်တရက် အပြင်းအထန် နင်းကာ ရပ်တန့်လိုက်သည်။

အနောက်ဘက်မှ ကားအချို့သည်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် လွတ်မြောက်သွားကြပြီး အဖြူရောင် လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ ကျောင်းဂိတ်ပေါက်ထဲသို့ ထိုးဝင်လာကြသည်။

ထိုဘတ်စ်ကားကြီးမှာ ယာဉ်မောင်း၏ ထိတ်လန့်တကြား မောင်းနှင်မှုကြောင့် ကျောင်းဂိတ်ပေါက်တွင် အပြင်းအထန် ပွတ်တိုက်မိသွားပြီး ကားကိုယ်ထည် တစ်ခုလုံး အချိုင့်ကြီး ဖြစ်သွားခဲ့သော်လည်း ကံကောင်းစွာဖြင့် ကျောင်းဂိတ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ကျိုးရှောင်ရှောင်၏ ကားက ကျောင်းထဲသို့ ဝင်လာချိန်တွင် ကားတစ်စီးလုံး တစ်စစီ ပြုတ်ထွက်လုမတတ် ဖြစ်နေပြီး ကားခေါင်းပိုင်းမှ အဖြူရောင် မီးခိုးလုံးကြီးများ အူထွက်နေသည်။

အသက်ရှင်ကျန်ရစ်သူ နှစ်ဦး ဆုံးရှုံးသွားခဲ့ရသည်မှလွဲ၍ ဤတစ်ကြိမ်တွင် အားလုံး သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ကြသည်ဟု ဆိုရမည်။

သို့သော် ကျောင်းထဲရှိ အခြေအနေကို အားလုံး မြင်လိုက်ရသောအခါ လူတိုင်းက ပါးစပ်များကို အသီးသီး ပိတ်လိုက်ကြပြီး အဝေးဆုံးသို့ အမြန်ပုန်းရှောင်သွားကြသည်။

မရဏနတ် ဂိုဏ်းသားများက ထိုဆွဲဆောင်မှုရှိပြီး အလွန်တရာ ညို့ဓာတ်ပြင်းသော အရိပ်ကို မြင်လိုက်ရချိန်တွင် သူတို့ တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲ၌ ရူးသွပ်သော ယုံကြည်ကိုးကွယ်မှုများဖြင့် ပြည့်နှက်နေသည်။

မရဏနတ်သမီးသမီး... ဤအရာကပင် မရဏနတ် ဂိုဏ်း တည်ရှိနေရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။

"ကမ္ဘာဟောင်းကြီး ပျက်စီးယိုယွင်းပြီး နစ်မွန်းသွားချိန်မှာ... ကရုဏာတရားနဲ့ ရိတ်သိမ်းပေးဖို့နဲ့ အမြင့်မြတ်ဆုံး ကယ်တင်ခြင်းကို ပေးသနားဖို့ တောင်းဆိုပါတယ်... ကျွန်တော်တို့ရဲ့ လေးလံလှတဲ့ အပြစ်ဒဏ်တွေကို ခွင့်လွှတ်ပေးတော်မူပါ..."

မရဏနတ် ဂိုဏ်းသားများ အားလုံးက လက်ထဲရှိ အလုပ်များကို ချထားလိုက်ကြပြီး ကြီးမြတ်လှသော ထိုအရိပ်ကြီးကို ဦးတည်ကာ ဒူးထောက်၍ ဆုတောင်းနေကြသည်။

ဆုတောင်းသံများက တစ်ခုပြီးတစ်ခု ပေါင်းဆုံသွားကာ လေထုထဲတွင် အလွန်တရာ ထူးဆန်းသော လှိုင်းလုံးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူ အများစုမှာမူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ခဏတာမျှ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြသည်။

အသက်ရှင်ကျန်ရစ်သူ အချို့ကလည်း မရဏနတ် ဂိုဏ်းသားများကဲ့သို့ပင် မြေပြင်ပေါ်တွင် အလွန်တရာ ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လိုက်ကြပြီး "မရဏနတ်သမီး ကျမ်းစာ" ကို ရွတ်ဆိုနေကြသည်။

အသူရာ သွေးမျက်လုံးကြီးက စာသင်ဆောင်၏ အပြင်ဘက်နံရံမှ ကွာကျသွားပြီး ကျောင်း၏ ကစားကွင်းပေါ်တွင် ပြန်လည် ဝဲပျံနေသည်။

လေးလွှာရှိ ထိုဆရာများရုံးခန်းမှာ သွေးမျက်လုံးကြီး၏ ဝင်တိုက်မှုကြောင့် အခုံးပုံသဏ္ဍာန် အချိုင့်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး စာသင်ဆောင်၏ မျက်နှာစာတွင်လည်း နက်ရှိုင်းသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့သည်။

မရဏနတ်သမီးသမီးက လေးလွှာမှနေ၍ ကျောင်းကစားကွင်းပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လာပြီး သူမ၏ ခြေနှစ်ဖက်က လေထဲတွင် လွင့်မျောနေကာ ဖုန်မှုန့် အနည်းငယ်မျှပင် မကပ်ငြိပေ။

ကောင်းကင်ပေါ်မှ နှင်းပွင့်ကြီးများက ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး ကျောင်းကစားကွင်း တစ်ခုလုံးကို နှင်းကန့်လန့်ကာကြီး တစ်ခုအဖြစ် ဖန်တီးပေးထားသည်။

ဝူကျန့်ရှန်းက ပျက်စီးနေသော ထိုဆရာများရုံးခန်းထဲမှ မှုန်ကုပ်ကုပ် မျက်နှာဖြင့် ထွက်လာပြီးနောက် သုံးလွှာ၊ နှစ်လွှာမှတစ်ဆင့် တစ်လွှာသို့ ဆင်းလာခဲ့သည်။

ဝူကျန့်ရှန်း၏ ဤသို့ ထွက်ပေါ်လာပုံက မရဏနတ်သမီးသမီး၏ ထွက်ပေါ်လာပုံနှင့် အနည်းငယ်မျှ လိုက်ဖက်မှု မရှိလှဟု ဆိုရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် မရဏနတ် ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ဝူကျန့်ရှန်းက ချန်းရီတို့ကို လှည့်မကြည့်ဘဲ ဧရာမ သွေးရောင် သူငယ်အိမ်ကြီးကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

သွေးမျက်လုံးကြီး၏ သူငယ်အိမ်က အဆက်မပြတ် တဖျပ်ဖျပ် လက်နေပြီး တစ်ခါတစ်ရံ ဘယ်ဘက်သို့ ကြည့်လိုက်၊ တစ်ခါတစ်ရံ ညာဘက်သို့ ကြည့်လိုက် လုပ်နေသည့်အပြင် ချန်းရီကိုပင် အကြိမ်အတော်များများ လှမ်းကြည့်နေသေးသည်။

သွေးမျက်လုံးကြီးက ခြေရှစ်ချောင်း လူမျက်နှာ ကဲ့သို့ စကားမပြောနိုင်သော်လည်း ဤမျက်လုံးပြူးကြီးသည်လည်း အလွန်တရာ ကောက်ကျစ်စဉ်းလဲသည့် အရာတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

"သွေးမျက်လုံး... မင်း အရမ်းလွန်လာပြီ်"

ဝူကျန့်ရှန်းက မရဏနတ်သမီးသမီး၏ ဘေးတွင် ရပ်နေပြီး အေးစက်စက် အကြည့်များဖြင့် သွေးမျက်လုံးကြီးကို စိုက်ကြည့်နေသည်။

သွေးမျက်လုံးကြီးက စကားမပြောသော်လည်း ဘေးနားရှိ ခြေရှစ်ချောင်း လူမျက်နှာ က ဝင်ပြောလာသည်။

"ဟဲ... ဟဲ... ဟဲ"

"ဝူကျန့်ရှန်း... မင်းတို့ မရဏနတ် ဂိုဏ်းမှာ အသက်ရှင်နေတဲ့ လူတွေ ဒီလောက်များတာ... မင်း တစ်ယောက်တည်း စားလို့ ကုန်နိုင်ပါ့မလား... ငါတို့ကို အယောက်တစ်ရာလောက် ခွဲပေးလိုက်ပါလား... ခွဲပေးရင် ငါတို့ အခုချက်ချင်း ထွက်သွားပေးမယ်"

"အဲ့လိုမှ မဟုတ်ရင်တော့... ဟီးဟီး..."

စကားပြောနေသူမှာ ခြေရှစ်ချောင်း လူမျက်နှာ ထဲမှ ထိုအဘွားအိုပင် ဖြစ်သည်။

အဘွားအို စကားပြောနေသည့် အသံက တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ထားစဉ် ထွက်ပေါ်လာသည့် အသံမျိုး ဖြစ်နေသဖြင့် နားထောင်ရသည်မှာ အလွန်တရာ အဆင်မပြေ ဖြစ်စေသည်။

မရဏနတ် ဂိုဏ်းသားများက ဤစကားများကို ကြားသော်လည်း မည်သို့မျှ မခံစားရပုံ ပေါ်သည်။

သို့သော် ယာဉ်တန်းဘက်မှ အသက်ရှင်ကျန်ရစ်သူများမှာမူ ထိုစကားများကို ကြားပြီးနောက် မျက်နှာများ ဖြူရော်သွားကြသည်။

ကျိုးရှောင်ရှောင်က ခြေတစ်ဖက်ကို ဆွဲကာ ချန်းရီတို့၏ အနောက်သို့ သတိကြီးစွာဖြင့် ရောက်လာသည်။

ရှုလီနာကလည်း ထိုမရဏနတ် ဂိုဏ်းသားများနှင့် အတော်လေး ဝေးဝေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။

"အယောက်တစ်ရာ... အယောက်တစ်ရာပဲလေ... ဟီးဟီး... အဖွား... သမီး သူ့ကို စားချင်တယ်"

ခြေရှစ်ချောင်း လူမျက်နှာ အထဲမှ အသက်ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိမည့် ကောင်မလေးငယ်၏ မျက်နှာက ပါးစပ်ဟကာ စကားပြောလာပြီး သူမ၏ လက်တံကြီးဖြင့် ချန်းရီကို လှမ်းညွှန်ပြလိုက်သည်။

"မြေးလေးရယ်... စားရမယ်... ဘွားဘွား ကျွေးမယ်ကွယ်"

ထိုအဘွားအို၏ မျက်နှာက အလျင်အမြန် ချော့မော့ပြောဆိုလိုက်သည်။ ချန်းရီကို သူတို့က ကြိုတင်မှာယူထားပြီး သူတို့ မိသားစု၏ စားသောက်ခြင်းကို ခံရတော့မည့်အလား ပုံပေါက်နေသည်။

ချန်းရီက ဤဆိုးသွမ်းနေသော ကလေးမကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပစ်ကပ်ကားဘေးတွင် မှီ၍ သောက်နေလိုက်သည်။ ဤကလေးမကို လုံးဝ ဂရုစိုက်ပုံ မပေါ်ပေ။

ခဏမျှ စဉ်းစားပြီးနောက် ချန်းရီက ထယ်ရှီး၏ ကျောင်းကားဘေးသို့ ပြေးသွားပြီး ကားထဲသို့ တိုးဝင်ကာ တစ်စုံတစ်ရာကို စတင် ရှာဖွေနေတော့သည်။

"အဖွား... သူ... သူက သမီးကို အထင်သေးနေတာ"

ကောင်မလေး၏ မျက်နှာက နှုတ်ခမ်းကို ဆူကာ မကျေမနပ် ပြောလာသည်။

"မမ... ဟီးဟီး... မမ... သူက မမကို အထင်သေးနေတာ"

ဘေးနားရှိ ကောင်လေး၏ မျက်နှာကလည်း စတင် မြှောက်ပေးလာသည်။

ဝူကျန့်ရှန်း၏ အကြည့်များက အေးစက်သွားသည်။

"ချန်အဘိုးကြီး... ဟိုနေ့က ရထားတဲ့ ဒဏ်ရာတွေ သက်သာသွားပြီလား"

ဝူကျန့်ရှန်း ပြောလိုက်သည်မှာ ယခင်က မရဏနတ်သမီးသမီး၏ တံစဉ်းဖြင့် နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းခံခဲ့ရသည့် ကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူမျက်နှာ ရှစ်ခုလုံးက တစ်ပြိုင်နက်တည်း မှုန်ကုပ်သွားပြီး အငြိုးအတေးများဖြင့် ပြည့်နှက်သွားကြသည်။

"ဝူကျန့်ရှန်း... ဒီတစ်ခါ ငါတို့ သရဲတွေ ဒီလောက် အများကြီး လာတာတောင် မင်းကို ကြောက်နေဦးမယ်လို့ ထင်နေတာလား"

"ဒီတစ်ခါ နှင်းကောင်မလေးနဲ့ တခြား ညီအစ်ကိုတွေပါ ပါလာတာ... မင်းရဲ့ စွမ်းရည် ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်ကြည့်ချင်လို့... ဟီးဟီး... တကယ်လို့များ..."

ခြေရှစ်ချောင်း လူမျက်နှာ ပြောသည်မှာလည်း မမှားပေ။ ဤတစ်ကြိမ်တွင် သူတို့က မရဏနတ်သမီးသမီး၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေကြခြင်း ဖြစ်သည်။

မရဏနတ်သမီးသမီးက အားနည်းသည့် လက္ခဏာ တစ်ခုခုကို ပြသလိုက်သည်နှင့် တစ်ပြိုင်နက်...

ထို့နောက်တွင်တော့ မရဏနတ် ဂိုဏ်းနှင့်တကွ လူသားအားလုံး၏ ကမ္ဘာပျက်ကပ် ရောက်ရှိလာတော့မည် ဖြစ်သည်။

ထိုအချိန်မှာပင် ချန်းရီက ကျောင်းကားထဲမှနေ၍ ပန်းသီးတံဆိပ် ဖုန်းဘူး တစ်ဘူးကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

ချန်းရီက အမြန်ဆုံး အမြန်နှုန်းဖြင့် ဖုန်းဘူးကို ဖောက်လိုက်ပြီး ဖုန်းကို ချက်ချင်း ဖွင့်ကာ ကင်မရာကို နှိပ်လိုက်သည်။

ချန်းရီက အမြဲတမ်း မရဏနတ်သမီးသမီးကို အတုယူချင်နေခဲ့သော်လည်း အခွင့်အရေးက သိပ်မများလှပေ။

မရဏနတ် ဂိုဏ်းသို့ ရောက်လာခဲ့သည်မှာ ဤမျှ ကြာမြင့်နေပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် အကြိမ်က ဝူကျန့်ရှန်းက ဂိုဏ်းသားများကို ဦးဆောင်ကာ ဘာသာရေး အခမ်းအနား ပြုလုပ်နေချိန်၌ တစ်ကြိမ်သာ မြင်တွေ့ခဲ့ရဖူးသည်။

ထို့ပြင် ဝူကျန့်ရှန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမ ဝင်ရောက် တိုက်ခိုက်သည်ကို တစ်ကြိမ် မြင်တွေ့ခဲ့ရဖူးသည်။

ဖုန်းဆိုသည့် အရာက အုတ်ခဲတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ စား၍လည်း မရ၊ သောက်၍လည်း မရသည့်အပြင် အအေးဒဏ်ကို ကာကွယ်ပေးနိုင်သော ပစ္စည်းတစ်ခုအဖြစ်လည်း လဲလှယ်၍ မရနိုင်ပေ။

ရိက္ခာများ လိုက်လံ စုဆောင်းချိန်တွင်ပင် တန်ကြေး တစ်သောင်းကျော်၊ နှစ်သောင်းကျော် တန်သော ထိုဖုန်းများကို တွေ့လျှင် မည်သူကမျှ တစ်ချက်လေးတောင် လှည့်ကြည့်မည် မဟုတ်ချေ။

လူတိုင်း ထွက်ပြေးလွတ်မြောက်လာချိန်တွင် ရိက္ခာပစ္စည်းများကို ပိုမို သယ်ဆောင်နိုင်ရန်အတွက် ဖုန်းများကို စွန့်ပစ်ခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

တစ်ယောက်ယောက်က သိမ်းဆည်းထားခဲ့လျှင်တောင် အားကုန်ပြီး ပိတ်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

ထယ်ရှီး ထံတွင်သာ မဖောက်ရသေးသော ဖုန်းအချို့ ကျန်ရှိနေသေးခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရှားပါးလှသော အခွင့်အရေးမျိုး ရလာချိန်တွင် ချန်းရီက လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။

မရဏနတ်သမီးသမီး၏ တိုက်ခိုက်မှု မြင်ကွင်းကို ဗီဒီယို ရိုက်ကူးထားပြီး အားသည့်အချိန်တွင် သေချာ ပြန်လည် လေ့လာကြည့်မည်ဆိုပါက မရဏနတ်သမီးသမီးကို တကယ်ပင် အတုယူနိုင်ကောင်း အတုယူနိုင်ပေလိမ့်မည်။

အနည်းဆုံးတော့ မရဏနတ်သမီးသမီးကို အတုယူထားသော တိုက်ခိုက်ရေး စွမ်းအားကိုတော့ မြှင့်တင်နိုင်မည် မဟုတ်ပါလော။

ကျစ်... အခုချိန်ရောက်မှ ဒီနည်းလမ်းကို စဉ်းစားမိရတယ်လို့... ငါ့ဦးနှောက်ကတော့ တကယ်ကို အလုပ်မလုပ်တော့တာပဲ။

ဤမျှလောက် အချိန်ကြာမြင့်လာသည့်တိုင်အောင် ဦးနှောက်ထဲတွင် ပြည့်နှက်နေသည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသော ထွက်ပြေးလွတ်မြောက်ရေး ဘဝများအကြောင်းသာ ဖြစ်နေသည်။

ယခင်က ငြိမ်းချမ်းခဲ့သော ဘဝဆိုသည်မှာ လွန်ခဲ့သော ဘဝက ကိစ္စတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့ချေပြီ။

ထို့ကြောင့် ယမ်းငွေ့များဖြင့် ပြည့်နှက်နေသော ဤနေရာ၊ ကစားကွင်း၏ ဘေးတစ်ဖက်တွင် ဆေးလိပ်ကို ကိုက်ထားသော လူငယ်တစ်ယောက်က ကင်မရာကို မြှောက်ကာ ကစားကွင်း အလယ်ဗဟိုသို့ ချိန်ရွယ်နေခြင်းမှာ အနည်းနှင့်အများဆိုသလို လိုက်ဖက်မှု မရှိလှပေ။

ဆက်ရန်...

All Chapters