← Chapters

အခန်း ၁၄၀

Vol. 7 Ch. 140

အခန်း ၁၄၀

Vol. 7 Ch. 140

အပိုင်း(၁၄၀) အပြစ်များ

ချန်းရီက အားကစားကွင်းအလယ်ရှိ ထူးဆန်းသောအရာနှစ်ကောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။

ကြီးမားလှသော မျက်လုံးကြီးတစ်လုံးနှင့် အရပ် ဆယ်ပေကျော်မြင့်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

လက်ထဲရှိ ဖုန်းက ငြိမ်သက်နေပြီး ချန်းရီ၏လက်က ဖုန်းစင်လေးတစ်ခုအလား ဖြစ်နေသည်။ သူက ထိုနှစ်ကောင်၏ တိုက်ခိုက်မှုမြင်ကွင်း အားလုံးကို မှတ်တမ်းတင်ထားရန် ရည်ရွယ်ထား၏။

ဤအဆင့်ရှိ ထူးဆန်းသောအရာများ၏ တိုက်ခိုက်မှုကို ဆယ်နှစ်နေလျှင်ပင် တစ်ကြိမ်ကြုံတွေ့ရနိုင်မည် မဟုတ်ပေ။

"ခေါင်းဆောင်ချူ... ဒီတစ်ခေါက် ဘယ်သူနိုင်မယ်လို့ ထင်လဲ"

ချန်းရီက ချူချယ်ကို အသံတိုးတိုးဖြင့် မေးသည်။

ချူချယ်က ခေါင်းခါယမ်းပြသည်။ "မသိဘူး... ဒါပေမဲ့ ဒီတစ်ခေါက် တိုက်ခိုက်မှုက စမ်းသပ်တာ သက်သက်ပဲ ဖြစ်မယ်... ဝူကျန့်ရှန်းပဲဖြစ်ဖြစ် ထူးဆန်းတဲ့အရာပဲဖြစ်ဖြစ် ဒီတိုက်ပွဲရဲ့ အတိုင်းအတာကို ထိန်းချုပ်ထားကြလိမ့်မယ်"

"ဒါပေမဲ့ ဒီပွဲအပြီးမှာတော့ အကြီးအကျယ် တိုက်ပွဲဖြစ်လာနိုင်တယ်... ငါတို့ ကြိုတင် ပြင်ဆင်ထားမှ ရမယ်"

ချူချယ်၏ မျက်နှာက အလွန်တရာ လေးနက်တည်ကြည်နေ၏။

ချန်းရီက ဖုန်းကိုမြှောက်ကာ ရိုက်ကူးနေရင်း စိတ်ထဲမှလည်း ချူချယ်၏ အမြင်ကို သဘောတူလက်ခံမိသည်။

ဤတစ်ကြိမ်တွင် မည်သို့ပင် တိုက်ခိုက်ကြစေကာမူ အနာဂတ်တွင် စစ်ပွဲကြီးတစ်ရပ် ဆင်နွှဲရတော့မည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ကြည့်ရတာ... ဒီတစ်ခေါက်တော့ တကယ် ထွက်သွားရတော့မယ့်ပုံပဲ။

ထူးဆန်းသောအရာများက ဤလူတစ်ရာကျော်ကို အလွယ်တကူ လက်လွှတ်ပေးမည် မဟုတ်ပေ။

ဝူကျန့်ရှန်းနှင့် ပတ်သက်၍မူ သူ၌ မည်သည့် ရည်ရွယ်ချက်ရှိနေကြောင်းကို ချန်းရီ မသိပါချေ။

သို့သော် စောစောက စကားပြောဆိုမှုများအရ တစ်ချိန်က "ညီအစ်ကိုကောင်း" ဖြစ်ခဲ့ဖူးသော ဝူကျန့်ရှန်းသည် လမ်းမှားပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

အကယ်၍ ထွက်မသွားပါက ခြေရှစ်ချောင်း လူ့မျက်နှာ ပြောခဲ့သလိုမျိုး ဝူကျန့်ရှန်း၏ "စားသောက်" ခြင်းကို ခံရနိုင်ချေရှိသည်။

ထိုအချက်ကို တွေးမိသောအခါ ချန်းရီသည် အနာဂတ်တွင် သူလုပ်ဆောင်မည့် ကိစ္စရပ်များအတွက် စိတ်ထဲ၌ အပြစ်မကင်းသလို ခံစားနေရမှုများ အနည်းငယ် လျော့ပါးသွားခဲ့သည်။

ဆက်လက် ဖြစ်ပေါ်လာသော တိုက်ပွဲက ချန်းရီ၏ မျက်စိကို ပွင့်သွားစေခဲ့၏။

အသူရာ သွေးမျက်လုံးတွင် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း ရှိပုံရပြီး ကျောင်းဝင်းအတွင်းရှိ တွားသွားကောင် အမြောက်အမြားကို ရှေ့တန်းမှနေ၍ တိုက်ခိုက်ရန် ထိန်းချုပ်ထားသည်။

ယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများနှင့် မရဏနတ် ဂိုဏ်းဝင်အချို့ပင်လျှင် လွှမ်းမိုးခံရသည်။

စိတ်အသိက ရှင်းလင်းနေသော်လည်း ခန္ဓာကိုယ်ကမူ ထိန်းချုပ်၍ မရနိုင်တော့ပေ။

အစွမ်းပိုင်ရှင်များကမူ ကြီးမားသော သက်ရောက်မှု မခံရဘဲ ထိုသာမန် အသက်ရှင်ကျန်ရစ်သူများကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ကြသည်။

တွားသွားကောင် အမြောက်အမြားသည် ချန်းရီတို့အပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ပေသည်။

သို့သော် မရဏနတ်သမီးကိုမူ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ပါချေ။

ဝူကျန့်ရှန်းက တိုက်ပွဲတစ်လျှောက်လုံး ဝင်မပါဘဲ မရဏနတ်သမီး၏ အနောက်တွင် ရပ်ကာ "မရဏနတ် ကျမ်းစာ" ကိုသာ ရွတ်ဆိုနေ၏။

မရဏနတ်သမီးက အားကစားကွင်းထဲရှိ ဘတ်စကတ်ဘောစင်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲနှုတ်ကာ လက်နက်အဖြစ် အသုံးပြုပြီး ဖွဖွလေး ရမ်းခါရုံဖြင့် တွားသွားကောင် အမြောက်အမြားကို လဲကျသွားစေသည်။

ဤဖြစ်စဉ်တစ်ခုလုံးတွင် သူ၏ ခြေလှမ်းများကို လုံးဝ ရွှေ့ပြောင်းခြင်း မရှိဘဲ တဟုန်ထိုး ပြေးဝင်လာသော တွားသွားကောင်လှိုင်းလုံးကြီးကို ဖရိုဖရဲ ဖြစ်သွားအောင် ရိုက်နှက်နိုင်ခဲ့သည်။

ချန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ရပ် ရုတ်တရက် ပေါ်ထွက်လာသည်။

မရဏနတ်သမီးသည် ဝူကျန့်ရှန်း၏ နတ်သမီးနှင့် မတူဘဲ ဝူကျန့်ရှန်း၏ လက်ပါးစေ လူမိုက်တစ်ယောက်နှင့် ပို၍ တူနေသည်။

ဝူကျန့်ရှန်းက မရဏနတ် ဂိုဏ်းကို တည်ထောင်ကာ မရဏနတ်သမီးကို ပူဇော်ပသပြီး မရဏနတ်သမီးက ဂိုဏ်းဝင်များကို စောင့်ရှောက်ပေးသည်။

ဤနတ်ကိုးကွယ်ခြင်း လမ်းစဉ်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေ၏။

ထို့နောက် ထိုမျက်လုံးကြီးမှာ ပို၍ နီရဲလာသည်ကို ချန်းရီ မြင်တွေ့ရပြီး ပူပြင်းသော လေပူတစ်ချက်က မျက်နှာဆီသို့ ဖြတ်သန်းတိုက်ခတ်သွားကာ လေထဲရှိ နှင်းပွင့်များကိုပင် မီးလောင်ကျွမ်းသွားစေသကဲ့သို့ ရှိသည်။

မရဏနတ်သမီးက တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းကာ လျှပ်တစ်ပြက် ရှောင်တိမ်းသွားသည်။

သို့သော် ထိုအချိန်လေးအတွင်းမှာပင် မရဏနတ်သမီး ရပ်နေခဲ့သော နေရာမှ မီးရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အလွန်တရာ ပူပြင်းလှသော လိမ္မော်ရောင် မီးတောက်တစ်ခုက လေဟာပြင်ထဲမှ ရုတ်ခြည်း လောင်ကျွမ်းလာသည်။

ဘတ်စကတ်ဘောစင်သည် ထိုမီးတောက်နှင့် အနည်းငယ်မျှသာ ထိမိသော်လည်း ချက်ချင်းပင် အရည်ပျော်ပြတ်တောက်သွားပြီး နီရဲနေသော သံရည်ပူများက မြေပြင်ပေါ်သို့ ကျရောက်ကာ နှင်းပွင့်များနှင့် ထိတွေ့ပြီး ကြီးမားသော ရေနွေးငွေ့တိမ်တိုက်ကြီး ပေါက်ကွဲထွက်ပေါ်လာသည်။

မြေပြင်သည်လည်း လိမ္မော်ရောင် မီးတောက်များကြောင့် ခဏတွင်းချင်း ချော်ရည်များအဖြစ်သို့ အရည်ပျော်သွားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ပေရာဂဏန်းခန့် ကွာဝေးသော နေရာရှိ ချန်းရီတို့ပင်လျှင် ထိုအချိန်၌ ပူပြင်းမှုကို ခံစားရသည်။

ချန်းရီက အလွန်အမင်း ထိတ်လန့်သွားပြီး နောက်သို့ တရစပ် ဆုတ်ခွာသွား၏။

တိုက်ပွဲမြေပြင်တွင် ပြောင်းလဲမှု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

မရဏနတ်သမီးက လက်ထဲရှိ ဘတ်စကတ်ဘောစင်ကို လွှင့်ပစ်ကာ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော သွေးရောင် တံစဉ်းကြီးကို ကိုင်ဆောင်ထားသည်။

သွေးမျက်လုံးက ထပ်မံ ကြည့်ရှုလာသည်။

လိမ္မော်ရောင် မီးတောက်တစ်ခု လေဟာပြင်မှ ထပ်မံ လောင်ကျွမ်းလာပြီး မီးတောက်နှင့် အနည်းငယ် နီးကပ်စွာရှိနေသော မရဏနတ် ဂိုဏ်းဝင်တစ်ဦးမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ပြာမည်းများအဖြစ်သို့ ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။ ဤဖြစ်စဉ် တစ်ခုလုံးမှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။

တော်တော် စွမ်းတာပဲ။

ချန်းရီက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဝေးသို့ အလျင်အမြန် မောင်းနှင်သွားပြီး ကျောင်းဝင်းတံတိုင်းအောက်သို့ ရောက်မှသာ ရပ်တန့်လိုက်သည်။

ထယ်ရှီးတို့ကလည်း ထိုနည်းတူပင် ဖြစ်သည်။

အစ်ကိုကြီးကောင်ပင်လျှင် ဉာဏ်လျင်စွာဖြင့် ထိုဘတ်စ်ကားကြီးကို တိုက်ပွဲဗဟိုချက်နှင့် ဝေးရာသို့ မောင်းနှင်သွားခဲ့သည်။

ကျိုးရှောင်ရှောင်သည်လည်း နဂိုက ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ကားအနီးသို့ ကပ်သွားသည်နှင့် ကားမှာ မီးလောင်ကျွမ်းသွားခဲ့သည်။

ကျိုး ညီအစ်မ နှစ်ဦးကို လအတန်ကြာ အဖော်ပြုပေးခဲ့သော ထိုကားလေးသည် ကျိုးရှောင်ရှောင်၏ မျက်မှောက်တွင်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ကျိုးရှောင်ရှောင်မှာ ကြက်သေသေသွားတော့သည်။

ထူးဆန်းသောအရာ နှစ်ကောင်၏ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

အသူရာ သွေးမျက်လုံးက ၎င်း၏ အစွမ်းကို ထပ်မံ အသုံးပြုရာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော အသက်ရှင်ကျန်ရစ်သူ အချို့၏ မျက်လုံးများက မျက်ခွံများထဲမှ တိုက်ရိုက် ကျွတ်ထွက်သွားပြီး မရပ်မနား အော်ဟစ်နေသော သူတို့သာ ကျန်ရစ်ခဲ့တော့သည်။

ထိုအသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများသည် အသူရာ သွေးမျက်လုံး၏ ထိန်းချုပ်မှုအောက်တွင် တိုက်ပွဲမြေပြင် တစ်ခုလုံးကို အပြည့်အဝ စောင့်ကြည့်နေကြသည်။

တိုက်ပွဲမြေပြင်မှာ တစ်ခဏချင်းအတွင်း သွေးထွက်သံယိုမှုများဖြင့် ပြည့်နှက်သွားတော့၏။

ထိုမျက်လုံးများသည် စောင့်ကြည့်ကင်မရာများသဖွယ်သာ အသုံးဝင်သည်ဟု ချန်းရီ ထင်မှတ်နေချိန်တွင်...

တိုက်ပွဲမြေပြင်၌ ပြောင်းလဲမှုများ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ မရဏနတ်သမီးက ထိုမျက်လုံးများအနီးသို့ ကပ်သွားသည်နှင့် သွေးကြောများ တန်းလန်းပါနေသေးသော ထိုမျက်လုံးများသည် အသီးသီး ပေါက်ကွဲထွက်သွားကြသည်။

ပေါက်ကွဲမှု၏ လေလှိုင်းများက အချိန်မီ မရွှေ့ပြောင်းနိုင်ခဲ့သော ကားများကို တိုက်ရိုက် လွှင့်စင်မှောက်ကျသွားစေသည်။

အားကစားကွင်း၏ မြေပြင်တွင်လည်း ကြီးမားသော တွင်းပေါက်ကြီးများ ချက်ချင်း ပေါ်လာခဲ့သည်။

ချန်းရီတို့မှာ ကြည့်နေရင်း မျက်နှာများ ဖြူဖျော့သွားကြ၏။

ကံကောင်း၍သာ သွေးမျက်လုံးနှင့် ရင်ဆိုင်နေရသူမှာ မရဏနတ်သမီး ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍သာ သူတို့ကဲ့သို့ အစွမ်းပိုင်ရှင်များသာဆိုပါက အနည်းဆုံးတော့ ယခုအချိန်တွင် အကုန်လုံး သေပွဲဝင်သွားလောက်ပြီ ဖြစ်သည်။

၎င်းသာမက သွေးမျက်လုံးသည် တစ်စုံတစ်ရာသော အစွမ်းမျိုးကို အကြိမ်ကြိမ် အသုံးပြုခဲ့ပုံရသည်ကိုလည်း ချန်းရီ သတိပြုမိသည်။

သို့သော် ထိုအစွမ်းများသည် မရဏနတ်သမီးအပေါ် သက်ရောက်မှု မရှိသည့်ပုံပေါ်နေ၏။

သွေးမျက်လုံး၏ အခြားသော မျက်လုံးနှင့် သက်ဆိုင်သည့် အစွမ်းများ ဖြစ်နိုင်သည်ဟု ချန်းရီ ခန့်မှန်းမိသော်လည်း မရဏနတ်သမီးက အစမှအဆုံးတိုင်အောင် မျက်လုံးများကို မှိတ်ထားခဲ့လေသည်။

သွေးမျက်လုံးသည် ဝူကျန့်ရှန်းအပေါ်တွင်ပင် ထူးဆန်းသော အစွမ်းတစ်မျိုးမျိုးကို အသုံးပြုရန် ကြိုးစားခဲ့သေးသည်။

သို့သော် ဝူကျန့်ရှန်း၏ မျက်လုံးများကလည်း မှိတ်ထားလျက်သာ ရှိနေ၏။

မရဏနတ်သမီး၏ အနီးကပ် တိုက်ခိုက်နိုင်စွမ်းက အလွန် အားကောင်းပြီး ခွန်အားများမှာလည်း အကန့်အသတ်မရှိသလို အမြန်နှုန်းကလည်း အလွန် မြန်ဆန်ကာ အာရုံခံနိုင်စွမ်း ထက်မြက်လှသည်။ ထို့ပြင် အချိန်တိုအတွင်း လေထဲတွင် မျောလွင့်နေနိုင်သော အစွမ်းပင် ရှိသေးသည်။

ထိုမျက်လုံးငယ်များ၏ အနီးကပ် ပေါက်ကွဲမှုကို ခံရလျှင်ပင် ၎င်းအား မည်သို့မျှ ထိခိုက်စေနိုင်ခြင်း မရှိပေ။

၎င်း၏ ကာကွယ်နိုင်စွမ်းမှာလည်း အလွန်တရာ အံ့မခန်း ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။

အထူးသဖြင့် ထိုတံစဉ်းကြီးပင် ဖြစ်သည်။

သွေးမျက်လုံးသည် ထိုတံစဉ်းကြီးကို အလွန် ကြောက်ရွံ့စိုးရိမ်နေပုံ ရ၏။

ထိုတံစဉ်းကြီးနှင့် လုံးဝ မရင်ဆိုင်လိုပေ။

တိုက်ပွဲ ဖြစ်စဉ်တစ်ခုလုံးမှာ ဆယ်မိနစ်ကျော်ခန့် ကြာမြင့်ခဲ့သည်။

သွေးမျက်လုံးက ၎င်းအနေဖြင့် မရဏနတ်သမီး၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်းကို သတိပြုမိသွားပုံရပြီး ထွက်ပြေးရန် ပြင်ချိန်တွင်...

"အသူရာ သွေးမျက်လုံး... ငါ့ကို ကြည့်စမ်း... ငါ့မျက်လုံးက ဘယ်လိုနေလဲ"

ထိုအချိန်မှာပင် ဝူကျန့်ရှန်းက ရုတ်တရက် အော်ဟစ်သည်။

သွေးမျက်လုံးက ဗီဇအရ ဝူကျန့်ရှန်းကို လှမ်းကြည့်၏။

သို့သော် ထိုသို့ တစ်ချက် ကြည့်မိခြင်းပင်။

ဝူကျန့်ရှန်း၏ မျက်လုံးနှစ်လုံးက ပွင့်နေပြီဖြစ်ပြီး သွေးမျက်ရည် နှစ်ကြောင်းက မျက်ခွံများမှတစ်ဆင့် ဖြည်းညင်းစွာ စီးကျလာသည်။

၎င်းသည် ကရုဏာတရားများဖြင့် ပြည့်နှက်နေသော မျက်လုံးအစုံဖြစ်ပြီး နတ်ဘုရားများအလား လူသားများကို သနားကြင်နာနေသကဲ့သို့ ရှိသည်။

နှစ်ဖက်စလုံး အလွန် ဝေးကွာနေသော်လည်း ချန်းရီသည် ထိုမျက်လုံးအစုံကို ချက်ချင်း မြင်တွေ့ရသည်။

အကြောင်းပြချက် မရှိဘဲ ထိုမျက်လုံးအစုံက ချန်းရီ၏ မျက်မှောက်တွင် ပွင့်လာသကဲ့သို့ ဖြစ်နေ၏။

စိတ်ထဲတွင် ရှိနေသော သေးငယ်လှသည့် ကြင်နာမှုလေးက ဤအချိန်တွင် အဆပေါင်း ရာထောင်ချီ၍ အဆုံးအစမရှိ ကြီးမားလာသည်။

ယခင်က လုပ်ခဲ့ဖူးသော ကိုယ်ကျင့်တရားမဲ့သည့် လုပ်ရပ်များကို ယခု ပြန်လည် တွေးတောမိသောအခါ အဆုံးအစမရှိသော နောင်တတရားများ ဖြစ်ပေါ်လာတော့သည်။

ဥပမာအားဖြင့် ယခင်က ကျိုးလန်၏ အမကို မကယ်တင်ခဲ့ခြင်းမျိုး ဖြစ်သည်။

အကယ်၍ အခွင့်အရေး တစ်ကြိမ် ထပ်ရမည်ဆိုပါက ချန်းရီသည် သူမကို အသေအချာ ပြန်လည် ကယ်တင်ပေလိမ့်မည်။

ဘာလို့လဲ... ငါက ဘာလို့ ဒီလောက်တောင် ဆိုးယုတ်နေရတာလဲ။

ပြီးတော့ အရင်က ချန်ရှုရွာမှာတုန်းက ငါက အဲဒီ အဘွားအိုကြီးကို ဒိုင်းကာအဖြစ် သုံးခဲ့သေးတယ်...

ငါ တကယ့်ကို လူမဆန်ပါလား... တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။

ပြီးတော့...

ဤအချိန်တွင် ချန်းရီသည် မည်သည့်အရာကိုမျှ မလုပ်ချင်တော့ဘဲ သူလုပ်ခဲ့ဖူးသော ဆိုးသွမ်းမှုများ အားလုံးအတွက် တောင်းပန်ပြီး နောင်တရချင်စိတ်သာ ရှိတော့သည်။

"ခေါင်းဆောင်ချူ"

မသိမသာပင် ချန်းရီ၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သူလုပ်ခဲ့ဖူးသော ကိစ္စများအတွက် နောင်တရနေခဲ့သည်။

"ခေါင်းဆောင်ချူ... ငါ တကယ်တောင်းပန်ပါတယ်... အရင်က ဝူကျန့်ရှန်းက ငါ့ကို သွေးမျက်ရည် ဆယ်ပုလင်း ပေးခဲ့တာ... ငါ... ငါ မင်းကို လိမ်ခဲ့တယ်... လေးပုလင်းပဲ ရှိတယ်လို့ ပြောခဲ့မိတာ... ငါက တကယ့်ကို လူမဆန်တဲ့ကောင်ပါကွာ"

"ပြီးတော့ ထယ်ရှီး... မင်းကို အမြဲတမ်း တုံးတယ်လို့ ပြောခဲ့မိတယ်... ငါက... မင်း ဦးနှောက် သိပ်မကောင်းတာကို သိသိကြီးနဲ့ အနိုင်ကျင့်ခဲ့သေးတယ်"

"ချန်းချန်း... ငါက နင့်ခန္ဓာကိုယ်ကိုပဲ တပ်မက်ခဲ့တာ... ငါက အသုံးမကျတဲ့ ယောကျာ်းဆိုးပါ... ငါက အောက်တန်းကျတယ်... ငါ သေသင့်ပါတယ်... အီး... ဟီး... ဟီး... "

ချန်းရီ၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေပြီး မျက်နှာအနှံ့ နောင်တရခြင်း၊ နောင်တနှင့် ဝန်ခံခြင်းများ ပေါ်လွင်နေ၏။

ဤကဲ့သို့သော အခြေအနေမျိုးသာ တိုက်ပွဲမြေပြင်တွင် ဖြစ်ပေါ်လာပါက သုံးစက္ကန့်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

မထင်မှတ်ဘဲ ခေါင်းဆောင်ချူက ခေါင်းလှည့်လာသောအခါ သူ၏ ပုံစံမှာ ပို၍ပင် စိတ်မကောင်းဖွယ် ဖြစ်နေသည်။ မျက်နှာပေါ်တွင် မျက်ရည်များက ရမ်းကားစွာ စီးကျနေပြီး နှပ်ရည်များက နှုတ်ခမ်းကို ဖြတ်ကာ မေးစေ့ပေါ်တွင် ရှည်လျားသော ဆွဲသီးများအလား တွဲလောင်းကျနေ၏။

"အာ... ရပါတယ် ရှောင်ရီ... ငါလည်း မင်းကို တောင်းပန်ပါတယ်... ညတိုင်း ခိုးနားထောင်တဲ့ ရေဒီယိုကို သုံးပြီး မင်းရဲ့ လျှို့ဝှက်ချက်လေးတွေကို ခိုးနားထောင်ခဲ့တယ်... ငါ... ငါ တကယ့်ကို လူမဆန်ပါဘူးကွာ"

"တင်းတုံ... မင်း ရုပ်ဆိုးတာကို ငါသိပေမဲ့ မင်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါဘူးကွာ"

"ချန်းချန်း... နင်... ငါလည်း နောက်ကွယ်မှာ နင့်ကို ယောက်ကရှာရုပ်ပေါက်နေလို့ ဘယ်သူမှ ယူမှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်... ငါ တကယ် မလုပ်သင့်ပါဘူးကွာ... ငါက အရူးပါ"

"ပြီးတော့ နင်နဲ့ ချန်းရီတို့ရဲ့ ကိစ္စလေးကို ယာဉ်တန်းထဲမှာ ဖြန့်ခဲ့တာ ငါပါကွာ... ငါ တကယ့်ကို ပါးစပ်ဖွာလွန်းပါတယ်... မလုပ်သင့်ပါဘူး"

"ပြီးတော့ မင်း ထယ်ရှီး... ငါ... ငါ... မင်းမှာ ခွေးဦးနှောက်ရှိတယ်လို့ မပြောသင့်ပါဘူး... မင်းကို တောင်းပန်ပါတယ်... ခွေးတွေကိုလည်း တောင်းပန်ပါတယ်ကွာ... အီး... ဟီး... ဟီး... "

ချန်းရီနှင့် ချူချယ်တို့ နှစ်ဦး၏ ကြီးမားသော စိတ်ခံစားမှု အပြောင်းအလဲများနှင့် နှိုင်းယှဉ်ပါက အခြားသူများမှာမူ စိတ်ခံစားမှု ပြောင်းလဲခြင်း သိပ်မရှိလှပေ။

အခြားသူများ လုပ်ခဲ့ဖူးသော မကောင်းမှုများက ထိုမျှလောက် မများပြား၍လည်း ဖြစ်နိုင်ပေသည်။

ဥပမာအားဖြင့် ထယ်ရှီးနှင့် တင်းတုံတို့ ဖြစ်သည်။ သူတို့နှစ်ဦးမှာ ထိုသွေးမျက်လုံးကို မြင်တွေ့ရသောအခါ ကြောက်စရာကောင်းပြီး ထူးဆန်းသည်ဟုသာ ခံစားရပြီး အခြား ထူးခြားသည့် ခံစားချက်မျိုး မရှိကြချေ။

သို့သော် စွန်းချန်းချန်း၏ နဖူးပေါ်ရှိ သွေးကြောများက ထောင်ထနေပြီး ဒေါသထွက်လွန်း၍ အထွတ်အထိပ်သို့ ရောက်နေကြောင်း သိသာနေသည်။

တင်းတုံ၏ မျက်နှာကလည်း ဆယ်နှစ်တိတိ မီးဖိုထားသော မြေအိုးဖင်ကဲ့သို့ မည်းမှောင်နေ၏။

ထယ်ရှီးကမူ "ဟီး... ဟီး... ချန်းရီ... ခေါင်းဆောင်... ရပါတယ်ကွ... ငါက အစကတည်းက ဉာဏ်မကောင်းတာပါ... မင်းတို့ မငိုကြပါနဲ့တော့... ငါ ဘာမှမဖြစ်ပါဘူး"

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... ဒီမရဏနတ်သမီးနဲ့သွေးမျက်လုံးတို့ရဲ့တိုက်ပွဲက ဘယ်လိုဖြစ်သွားမလဲ၊ ချန်းရီရဲ့သူ့ရဲ့ကန်းခါနီးမျက်လုံးကို အဲ့ဒီသွေးမျက်လုံးနဲ့အစားထိုးမယ့်အကြံကရော တစ်ကယ်အကောင်အထည်ပေါ်လာမလား၊ ချန်းရီရဲ့လမ်းစဉ်ကရော အဆင့်၂ကို တက်သွားမလား၊ သူတို့အဖွဲ့ဒီကျောင်းကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား၊ ကျန်တဲ့ နှင်းကောင်မလေးနဲ့ ခြေလက်ရှစ်ဖက်ရေဘဝဲမိစ္ဆာတို့က ချန်းရီတို့ကို အလွတ်ပေးပါ့မလား၊ ဝူကျန့်ရှန်းကရော ဘာတွေကြံစီနေလဲ စတာတွေကို ဆက်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

All Chapters